တင့်ဆန်းမြို့စားစံအိမ်
Vol. 8 Ch. 80
ဤအခိုက်အတန့်တွင် တောင်တံခါးမြို့ အခြားတစ်နေရာ၌…။
လျိုရှောင်ယွီသည် တင့်ဆန်းမြို့စားစံအိမ်တွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့ပြီးနောက်၊ အမြဲတမ်း စိုးရိမ်ပူပန်မှုများ ရှိနေသဖြင့်၊ အပြင်သို့ ထွက်ပြီး ညီမဖြစ်သူကို လိုက်လံ ရှာဖွေလိုစိတ် ပြင်းပြနေသည်။
သူမသည် ကျင်းဟွာမြစ်ထဲမှ ရွှေငါးကြင်းတစ်ကောင် ဖြစ်ပြီး၊ တစ်မျိုးနွယ်လုံးတွင် တန်ခိုးစွမ်းအားကို ပထမဆုံး ကျင့်ကြံရရှိသူ ဖြစ်သော်လည်း၊ လူယောင်ဖန်ဆင်းနိုင်လောက်အောင် အစွမ်းမရှိသေးပေ။
မမျှော်လင့်ဘဲ ထိုနေ့က ညီမဖြစ်သူနှင့်အတူ အပြင်ထွက်ကစားရင်း၊ အသီးနှစ်လုံးပါသော နက်ရှိုင်းပင်လယ် ရွှေကြာပန်းနှင့် မတော်တဆ တွေ့ဆုံခဲ့ခြင်း ဖြစ်၏။ သူမသည် ညီမဖြစ်သူကို အကြီးဆုံး တစ်ပွင့်ကို စားခိုင်းပြီး၊ သူမကမူ အသေးတစ်ပွင့်ကို စားခဲ့သည်။
ထိုသို့ဖြင့် ညီမအစ်မနှစ်ယောက်လုံး လူယောင်ဖန်ဆင်းနိုင်သော တန်ခိုးစွမ်းအားများကို ရရှိခဲ့ကြခြင်းပင် ဖြစ်ချေသည်။
သို့သော်၊ ရွှေကြာပန်းကို စားပြီးပြီးချင်းမှာပင်၊ လိပ်အိုကြီးတစ်ကောင် ပေါ်လာပြီး သူတို့ကို စားရန် ကြိုးစားခဲ့သဖြင့်၊ ထွက်ပြေးရင်းနှင့် လူကွဲသွားခဲ့ကြခြင်း ဖြစ်၏။
သူမသည် ယခင်က ညီမဖြစ်သူကို တောင်တံခါးမြို့တွင် ပြန်လည် ဆုံတွေ့ရန် ပြောခဲ့ဖူးသဖြင့်၊ ယခုအခါ မြို့ထဲသို့ စောစောစီးစီး ရောက်ရှိကာ စောင့်နေခဲ့ခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ၊ တောင်တံခါးမြို့အပြင်ဘက်ရှိ လီမိသားစုစံအိမ်အနီးသို့ လျှောက်လာစဉ်၊ သူမသည် ချောမောခန့်ညားသော လူငယ်လေးတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ သူသည် မြို့စားစံအိမ်မှ သခင်လေး ရှအန်း ဖြစ်ကြောင်း သိခဲ့ရပြီး၊ သူသည် အလွန်ပင် ယဉ်ကျေးပျူငှာစွာဖြင့် သူမ၏ အမည်ကို မေးမြန်းခဲ့သည်။
သူမသည် သူမ၏ အမည်မှာ လျိုရှောင်ယွီ ဖြစ်ပြီး၊ မြစ်ကမ်းနားမှ တံငါသည်၏ သမီးဖြစ်ကာ၊ ညီမဖြစ်သူနှင့် လူကွဲသွားခဲ့သဖြင့် မြို့ထဲတွင် လိုက်လံ ရှာဖွေနေခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။
ထိုလူငယ်လေးမှာမူ၊ သူမကို စံအိမ်တွင် ခဏတာ လာရောက် နေထိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး၊ မြို့စားစံအိမ်၏ အင်အားကို အသုံးပြု၍ ညီမဖြစ်သူကို ရှာဖွေပေးမည်ဖြစ်ကြောင်း၊ သူမ တစ်ယောက်တည်း ရှာဖွေနေခြင်းထက် ပိုမို မြန်ဆန်လိမ့်မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
လျိုရှောင်ယွီမှာမူ မိစ္ဆာတစ်ကောင် ဖြစ်သော်လည်း၊ မြစ်ထဲတွင်သာ နေထိုင်ခဲ့သဖြင့် လူ့လောက၏ အတွေ့အကြုံများ မရှိလှပေ။ ထို့ကြောင့် သခင်လေး၏ စကားအချို့ဖြင့်ပင်၊ သူမသည် မြို့စားစံအိမ်သို့ လိုက်ပါသွားခဲ့မိတော့သည်။
သူစိမ်းနယ်မြေတွင်၊ ထိုလူငယ်လေးမှာ အလွန်ပင် ဂရုစိုက်ပြီး ကြင်နာတတ်သဖြင့်၊ သူမသည် ဒဏ္ဍာရီထဲမှ လူ့လောကသို့ ရောက်ရှိလာစဉ် ကြင်နာတတ်သော လူသားနှင့် တွေ့ဆုံခဲ့ရသည့် မိစ္ဆာမလေး တစ်ဦးကဲ့သို့ပင်၊ ရင်ထဲတွင် ကြည်နူးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ သူမသည် ညီမဖြစ်သူကို ရှာတွေ့ပြီးပါက၊ သူနှင့်အတူ လက်ထပ်ပြီး ပျော်ရွှင်သော ဘဝကို ဖြတ်သန်းရန်ပင် စိတ်ကူးမိခဲ့ဖူးသည်။
သို့သော်၊ ရက်အနည်းငယ် ကြာပြီးနောက်၊ သူမသည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ သခင်လေးမှာ နေ့စဉ် စောစောထွက်ပြီး ညမိုးချုပ်မှ ပြန်လာလေ့ရှိကာ၊ သူမကို ခဏတာမျှသာ လာတွေ့လေ့ရှိသဖြင့်၊ ညီမဖြစ်သူ၏ သတင်းမှာလည်း ဘာမျှ မသိရသေးပေ။
သူမသည် သခင်လေး၏ စကားကို သံသယ မဖြစ်သေးသော်လည်း၊ ညီမဖြစ်သူမှာမူ အပြစ်ကင်းပြီး လူ့လောကအကြောင်း မသိသဖြင့်၊ သူမကဲ့သို့ 'လူကောင်း' နှင့် မတွေ့ဘဲ ဒုက္ခရောက်နေမည်ကို စိုးရိမ်မိသည်။
ထို့ကြောင့် သူမသည် ဆက်လက် မစောင့်နိုင်တော့ဘဲ၊ သခင်လေးကို ရှာဖွေရန် ထွက်လာခဲ့သည်။ သူမသည် ညီမဖြစ်သူကို ကိုယ်တိုင် သွားရောက် ရှာဖွေလိုကြောင်း ပြောရန် စိတ်ကူးထားခြင်း ဖြစ်၏။
စံအိမ်ထဲရှိ အစေခံများမှာ သူမကို ရင်းနှီးနေပြီ ဖြစ်၍၊ သူမသည် သခင်လေး၏ စာကြည့်ခန်းရှေ့အထိ လွယ်ကူစွာ ရောက်ရှိလာခဲ့ပြီး၊ အတွင်းထဲတွင် မီးလင်းနေသည်ကို တွေ့ရသဖြင့် သူ ရှိနေမည်မှာ သေချာလှသည်။
လျိုရှောင်ယွီသည် စာကြည့်ခန်းအနီးသို့ ရောက်ရှိလာစဉ်၊ အတွင်းထဲမှ စကားပြောသံများကို ကြားလိုက်ရသည်။
စာကြည့်ခန်းအတွင်း၌...။
သခင်လေး ရှအန်းသည် စားပွဲပေါ်ရှိ ရှေးဟောင်းပုံစံ စောင်းကြီးကို ကိုင်တွယ်ရင်း အံ့သြစွာ ပြောလိုက်သည်။ "ရှေးဟောင်း သစ်မွှေးအနှစ်နဲ့ လုပ်ထားတာပဲ... ဒါကို မှော်ဝင်ပစ္စည်းတစ်ခုအဖြစ် သန့်စင်လိုက်မယ်ဆိုရင်၊ အရမ်း အစွမ်းထက်မှာ သေချာတယ်... ဒါကိုမှ အသုံးမဝင်တဲ့ စောင်းတစ်ခုအဖြစ် လုပ်ထားတာကတော့၊ တကယ့်ကို နှမြောစရာပဲ..."
"သခင်လေးအတွက်တော့ နှမြောစရာ ဖြစ်ပေမဲ့၊ စောင်းကို မြတ်နိုးတဲ့သူတွေအတွက်တော့ ဒါဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပါပဲ..." စံအိမ်၏ အမှုဆောင်တစ်ဦးက မြှောက်ပင့်ပြီး ပြောလိုက်သည်။ "သခင်ကြီးကလည်း ဒီစောင်းကို ရဖို့ တော်တော် အရင်းအနှီး စိုက်ထုတ်ခဲ့ရတာ... သူ့ရဲ့ စေတနာကို အလဟဿ မဖြစ်စေနဲ့လို့ မှာလိုက်ပါတယ်..."
"သခင်ကြီးကလည်း နန်းတွင်းက ထွက်လာတဲ့ လျှို့ဝှက်သတင်းကို ကြားလို့ပါ... တောင်ပိုင်းဂီတမျှော်စင်က ရှန်ချင်းယန်ဟာ အိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော် ဖြစ်လာနိုင်ချေ ရှိတယ်တဲ့... ရွှဲ့လင်းရွှယ်က သူမနဲ့ ရင်းနှီးတော့... တကယ်လို့ သူမသာ ကျုပ်တို့ စံအိမ်ထဲ ဝင်လာနိုင်ရင်... သခင်လေးရဲ့ အနာဂတ်က သေချာသွားပြီပေါ့... သခင်လေးက မိန်းကလေးတွေကို ကျအောင်လုပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီးသားပဲလေ... အသုံးချဖို့ အကောင်းဆုံး အချိန်ပဲ..." အမှုဆောင်က မြှောက်ပင့်ပြောဆိုလိုက်လေသည်။
"ပြောပုံက ငါက မိန်းမထမီနား ခိုစားမယ့်ကောင် ကျနေတာပဲ..." ရှာအန်းက သူ့ကို စောင်းကြည့်လိုက်ပြီး ပြောလိုက်၏။ "အဲဒီ ရွှဲ့လင်းရွှယ်ကလည်း ကမ္ဘာကျော် အလှမယ်မို့လို့သာ... မဟုတ်ရင် ငါ လုံးဝလက်ခံမှာ မဟုတ်ဘူး..."
တောင်ပိုင်းဂီတမျှော်စင်မှ ပင်မတပည့်များမှာ၊ ပုံမှန်အားဖြင့် ဤအချိန်တွင် အချစ်ရေးကိစ္စများကို ထုတ်ဖော်လေ့ မရှိကြသော်လည်း၊ လျှို့ဝှက်စွာ တွဲနေကြသူများမှာမူ မနည်းလှပေ။
ရှအန်းသည် ရွှဲ့လင်းရွှယ်ကို ရယူရန် လုံးဝ ယုံကြည်ချက် ရှိနေပုံ ရသည်။
ထိုကဲ့သို့သော အမျိုးသမီးမျိုးမှာ လူတိုင်းအတွက် လက်လှမ်းမမီသော နတ်သမီးတစ်ပါး ဖြစ်သော်လည်း၊ သူကဲ့သို့သော တော်ဝင်မျိုးနွယ် သခင်လေးအတွက်မူ၊ လုံးဝ မဖြစ်နိုင်သော ကိစ္စ မဟုတ်ပေ။
အရာအားလုံး ဖြစ်နိုင်ခြေ ရှိသည် မဟုတ်ပါလော...။
"ဒါနဲ့… ကျုပ် အဖေကို စီးပွားရေးကိစ္စတွေ ပြောပြပြီးပြီလား..." ရှအန်းက မေးလိုက်သည်။
"သူက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး အသက်ရှည်ချင်နေတာ… ဒါပေမဲ့ စံအိမ်ရဲ့ အရင်းအမြစ်တွေကလည်း ကန့်သတ်ချက် ရှိတယ်လေ... အကယ်၍ အရှေ့ပင်လယ်ဘက်က လမ်းကြောင်းသာ ပြတ်တောက်သွားရင်၊ သူလည်း အေးအေးဆေးဆေး ကျင့်ကြံနိုင်တော့မှာ မဟုတ်ဘူး..."
"မြို့စားကြီးလည်း သိထားပါတယ်… ဒါပေမဲ့ သူက အဆင့်တက်လှမ်းဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေလို့… ဒီလို အသေးအဖွဲ ကိစ္စတွေကို ဂရုမစိုက်နိုင်သေးဘူး... ဒါကြောင့် သခင်လေးကပဲ အရင်ဆုံး ကိုင်တွယ်ပေးပါဦးတဲ့..." အမှုဆောင်က ပြောလိုက်သည်။
"ဟူး... ပါရမီ ဒီလောက်ပဲ ရှိတာကို… ဘယ်လောက်တောင် အရင်းအမြစ်တွေ သုံးပြီးပြီလဲ... အခုထိ ဆဌမအဆင့် အထွတ်အထိပ်ကိုတောင် မရောက်နိုင်သေးဘူး... အကယ်လို့ ဒီ လူကုန်ကူးတဲ့ စီးပွားရေးသာ မရှိခဲ့ရင်၊ မြို့စားစံအိမ်ကြီးတစ်ခုလုံး သူ့ကြောင့် ပြာဖြစ်သွားလောက်ပြီ... သူက ဘာလို့ လက်မလျှော့နိုင်ရတာလဲ..." ရှအန်းက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
"မြို့စားကြီးသာ လက်လျှော့လိုက်ရင်၊ သက်တမ်းကုန်ဆုံးပြီး သေဆုံးသွားမှာပါ..." အမှုဆောင်က မပြောရဲသဖြင့် ရယ်ရယ်မောမောဖြင့်သာ ပြန်ဖြေလိုက်သည်။ "ကြိုးစားကြည့်ရင်တော့… သတ္တမအဆင့်ကို ရောက်ပြီး လောကကြီးကို ပြောင်းလဲနိုင်မှာပါ..."
"သက်တမ်းကုန်ဆုံးပြီး သေဆုံးသွားမှာ..." ရှအန်းက အေးစက်စွာ ရယ်မောလိုက်သည်။
သူ၏ ရယ်သံထဲတွင်၊ ‘အဲ့ဒီလိုဖြစ်ရင်ကော ဘာဖြစ်လဲ’ ဆိုသည့် အဓိပ္ပာယ်များ ပါဝင်နေသည်။
ဤသားအဖနှစ်ယောက်၏ ဆက်ဆံရေးနှင့် ပတ်သက်ပြီး၊ အမှုဆောင်မှာ မည်သည့်စကားမျှ ဝင်မပြောရဲဘဲ၊ ဟန်ဆောင်ပြီး မကြားချင်ယောင်ဆောင်နေရုံသာ တတ်နိုင်လေသည်။
သူတို့ အခန်းထဲတွင် ပြောဆိုနေကြသော်လည်း၊ အပြင်ဘက်မှ လျိုရှောင်ယွီမှာမူ ရင်ထဲတွင် အေးစက်သွားရသည်။ သူမသည် အပြစ်ကင်းသော်လည်း အရူးမဟုတ်ပေ၊ ရှအန်း၏ စကားများမှာ ဘာကို ဆိုလိုသည်ကို သူမ ကောင်းစွာ နားလည်လိုက်သည်။
မူလက သူမ ထင်ထားခဲ့သော လူကောင်းကြီးမှာ၊ တစ်ခြားတစ်ယောက်ကို လုယူရန် ကြံစည်နေသော လူယုတ်မာ တစ်ဦးသာ ဖြစ်နေချေသည်လော...။
သူမသည် ဤနေရာမှ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်သော်လည်း၊ ကိုယ်ကို လှည့်လိုက်သည်နှင့် တစ်ပြိုင်နက်၊ သူမ၏ နောက်ကွယ်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော လူရိပ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသဖြင့်၊ ထိတ်လန့်တကြား အော်ဟစ်လိုက်မိတော့သည်။
"အား..."
ထိုသူမှာ ပိန်ပိန်ပါးပါးနှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားကာ၊ မျက်နှာမှာ အေးစက်ပြီး အသက်မဲ့နေသဖြင့် သရဲတစ်ကောင်နှင့် တူလှသည်။
"ဟီးဟီး..." လျိုရှောင်ယွီ သူမကို တွေ့ရှိသွားသည်ကို မြင်သောအခါ၊ ထိုလူမည်းမှာ အေးစက်စွာ ရယ်မောလိုက်ပြီး၊ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လက်ကို မြှောက်လိုက်ကာ၊ လျိုရှောင်ယွီ၏ ဦးခေါင်းပေါ်သို့ ရိုက်ချလိုက်တော့သည်။
ဘုန်း...
တစ်ချက်တည်းနှင့်တင်၊ လျိုရှောင်ယွီမှာ ချက်ချင်း သတိလစ်သွားလေတော့သည်။ သူမတွင် နှစ်ပေါင်း ရာချီသော ကျင့်ကြံခြင်း စွမ်းအားများ ရှိနေသော်လည်း၊ ထိုသူ၏ ရှေ့တွင်မူ မည်သို့မျှ ပြန်လည် မခုခံနိုင်ခဲ့ပေ။
စာကြည့်ခန်းအတွင်းမှ သခင်လေး ရှအန်းမှာ အသံကြားသဖြင့် ထွက်လာပြီး မေးလိုက်သည်။
"ဆရာလု... ဘာဖြစ်တာလဲ..."
"သခင်လေး... ဒီမိန်းကလေးက အပြင်မှာ ခိုးနားထောင်နေလို့.. ကျုပ် ဖမ်းလိုက်တာပါ..." ဆရာလုဟု ခေါ်သော အနက်ဝတ်လူက အေးစက်စွာ ပြန်ဖြေလိုက်သည်။
"သူမ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ..." ရှအန်းက မေးလိုက်သည်။
"အတော်လေး ကြာနေပြီ ထင်တယ်..." ဆရာလုက ဖြေလိုက်သည်။
"ဟူး..." သခင်လေးက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "နှမြောစရာပဲ... ကြည့်ရတာ သူမကို ဆက်ထားလို့ မရတော့ဘူး... သူမက နုံအတော့ အချစ်စစ်လေး တစ်ပုဒ်လောက် ဖန်တီးကြည့်မလို့ စိတ်ကူးထားတာ... တကယ် နှမြောစရာပဲ..."
"ဒါဆိုရင် ကျုပ် သတ်လိုက်မယ်..." ဆရာလု၏ လေသံမှာ အလွန်ပင် သဘာဝကျလှပြီး၊ သူ၏ ညာလက်ကို လျိုရှောင်ယွီ၏ ဦးခေါင်းပေါ်သို့ တင်လိုက်ပြန်သည်။
"နေဦး... မဖြုန်းတီးနဲ့..." ရှအန်းက လက်ကာပြလိုက်သည်။ "သူမကို မြို့ပြင်က လှေထဲကို ခေါ်သွားလိုက်၊ နောက်တစ်သုတ် ကုန်ပစ္စည်းတွေနဲ့အတူ ရောင်းပစ်လိုက်တော့..."
"ကောင်းပြီ..." ဆရာလုက လက်ပြန်ရုတ်လိုက်ပြီး၊ လျိုရှောင်ယွီကို ဆွဲမလိုက်ကာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ရှာအန်းသည် ဆရာလု ပျောက်ကွယ်သွားပြီး ခဏအကြာ ဝေးလောက်ပြီဟု ထင်မှ၊ နှုတ်ခမ်းမဲ့လိုက်ပြီး ပြောလိုက်၏။ "ဘာကောင်မှန်းလည်း မသိဘူး... မိန်းမတွေအပေါ် ဘယ်တုန်းကမှ စိတ်မဝင်စားဘဲ... မိန်းမ သတ်ရမယ်ဆိုရင်တော့ ထိပ်ဆုံးက..."
"ဟဲဟဲ..." သခင်လေးက ကွယ်ရာတွင် အတင်းပြောနေခြင်းကို အမှုဆောင်က ကျင့်သားရနေပြီ ဖြစ်၍၊ ရယ်မောပြီး ထောက်ခံလိုက်လေသည်။
"ဆရာလုက ကောင်းကင်ကြယ်ထူးအတတ် ခုနစ်ထွေသတ်ဖြတ်ခြင်းကြယ် လမ်းစဉ်ကမို့... ခံစားချက်ကင်းမဲ့တာ ဖြစ်လောက်ပါတယ်... ကျုပ်တို့စံအိမ်အပေါ် သစ္စာရှိရင် ပြီးတာပါပဲ..."
"ခုနစ်ထွေသတ်ဖြတ်ခြင်း..."
သခင်လေးက တံခါးဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်၏။ "သူ့ကို သင်ပေးခိုင်းတော့လည်း... ငါ့မှာ ကံပါရမီ မရှိဘူးချည်း ပြောနေတာ... ဘာ အဖိုးတန်ပညာရပ်မို့လို့လဲ... ဟမ့်..."