အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း ၂၁ - စွန်းယုံဖုန့်
လှည်းသည် နန်ဟွားနန်းတော်၏ ဂိတ်တံခါးရှေ့မှာ ရပ်တန့်လိုက်သည်နှင့် ချီရွှမ်းစုသည် လှည်းပေါ်ကနေဆင်းပြီး မြို့ကွက်ထဲ ခြေချလိုက်သည်။
ကျောက်စိမ်းနေပြည်တော်သည် ရှေးဟောင်းမြို့ကွက်များ၏ ဖွဲ့စည်းပုံကို တုပထားသော်လည်း ၎င်းမှာ ဈေးနှင့် ရပ်ကွက်ကို ပိုင်းခြားထားသည့်စနစ် မရှိပေ။ ထို့ကြောင့် ရပ်ကွက်များကြားမှာ မည်သည့် အတားအဆီးမျှ မရှိပေ။ ဤနေရာမှာ ညမထွက်ရ အမိန့်များ သို့မဟုတ် ရပ်ကွက်ဝင်းတံခါးကို စောင့်ကြပ်နေသည့် အစောင့်တပ်သားများ မရှိကြပေ။
ချီရွှမ်းစုသည် နန်ဟွားအကွက်သို့ ဝင်ရောက်၍ မေးမြန်းစုံစမ်းမှုတချို့ ပြုလုပ်ပြီးနောက် စွန်းယုံဖုန့်၏ ဂေဟာကို အလျင်အမြန် ရှာတွေ့သွားသည်။
အထက်ပိုင်းမြို့ကွက် ရှစ်ကွက်ထဲက တစ်ကွက်အနေဖြင့် နန်ဟွားအကွက်မှာရှိသော မြေတစ်လက်မချင်းစီက ရွှေကဲ့သို့ တန်ဖိုးရှိသည်။ ဤရပ်ကွက်ထဲမှာ ခြံဝင်းတစ်ခုနှင့် နေထိုင်ဖို့အတွက် အနည်းဆုံး အဆင့် (၃) တာအိုအကြီးအကဲတစ်ဦး ဖြစ်နေရပေမည်။ အဆင့်အတန်း ပိုမိုမြင့်မားသော ခြံဝင်းများကို သူတော်စင်များအတွက် ထိန်းသိမ်းထားသည်။
စွန်းယုံဖုန့်သည် အဆင့် (၄) ကျိကျိုးတာအိုအကြီးအကဲတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် သူ့ဂေဟာသည် ဒုတိယထပ်မှာ အိပ်ခန်းများ ပါရှိသည့် လမ်းဘက်ကို မျက်နှာမူထားသော နှစ်ထပ်တိုက်တစ်လုံးဖြစ်သည်။
ချီရွှမ်းစုသည် သူ၏ အင်္ကျီရင်ဘတ်ကြားကို လက်နှိုက်ပြီး သူ့ကို အစ်မချီ ပေးထားသည့် တစ်ပတ်ရစ် အိတ်ဆောင်နာရီကို ထုတ်ယူလိုက်သည်။ သူက အဖုံးကိုဖွင့်ပြီး အချိန်ကို ကြည့်လိုက်၏။
အချိန်က မွန်းလွဲပိုင်း ၃ နာရီ ၁၅ မိနစ် ရှိနေပြီဖြစ်၍ ကြီးကြပ်ရေးမှူးသည် ထျန်ကန်းခန်းမကနေ ပြန်ရောက်နေလောက်လေပြီ။
ချီရွှမ်းစုသည် အိတ်ဆောင်နာရီကို ပြန်သိမ်းပြီး တံခါးရှေ့မှာရှိသော လှေကားထစ် သုံးဆင့်ကို တက်လှမ်းလိုက်သည်။ ထို့နောက် ကြေးခေါင်းလောင်းနှင့် ချိတ်ဆက်ထားသော ကြိုးကို ဆွဲလိုက်သည်။
ခဏနေပြီးနောက် အထဲမှာ ရှိသော တံခါးက ပွင့်သွားပြီး ဆံပင်ကို နှစ်ဖက်ခွဲကာ ထုံးထားသည့် ငယ်ရွယ်သော မိန်းကလေးတစ်ဦးက ချီရွှမ်းစု၏ ရှေ့မှာ ပေါ်ထွက်လာသည်။ သူမသည် စူးစမ်းလိုသော အကြည့်ဖြင့် ချီရွှမ်းစုကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မေးလိုက်သည်။
“ရှင့် ဘယ်သူလဲ။”
ချီရွှမ်းစုက သူ၏ အမည်ကတ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးရင်း ပြောလိုက်သည်။
“ကျုပ်က ချီရွှမ်းစုပါ။ ပညာရှိ စွန်းဆီကို အလည်လာတာ။ ကျုပ်ရောက်ရှိကြောင်း ခင်ဗျားသခင်ကို သတင်းသွားပေးလို့ ရမလား။”
အဆင့် (၄) ကျိကျိုးတာအိုအကြီးအကဲတစ်ဦးကို လေးစားသမှုဖြင့် ခေါ်ဆိုရသည့် ဘွဲ့က ‘ပညာရှိ’ ဖြစ်သည်။ ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးကို ‘သူတော်စင်’ ဟု ခေါ်ဆိုရသလိုပင်။
အိမ်ဖော်မိန်းကလေးက သာမန်သစ်သားဖြင့် ပြုလုပ်ထားသည့် အမည်ကတ်ကို တစ်ချက်မျှသာကြည့်ပြီး နေရာကနေ ရွေ့ခြင်း မရှိပေ။ ချီရွှမ်းစုက နားလည်သဘောပေါက်သွားပြီး ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကို ထုတ်ယူကာ မိန်းကလေးကို ကမ်းပေးလိုက်သည်။
“ကျေးဇူးပြုပြီး ခဏစောင့်ပေးပါရှင်။”
ထို့နောက် အိမ်ဖော်မိန်းကလေးသည် ချီရွှမ်းစုထံမှ အမည်ကတ်ကို ယူပြီး သူမ၏ သခင်ကို သတင်းပို့ရန် ထွက်သွားသည်။
ခဏနေပြီးနောက် အိမ်ဖော်မိန်းကလေးက ပြန်ရောက်လာပြီး တံခါးနှစ်ချပ်စလုံးကို ဖွင့်ကာ ဘေးမှာ ရပ်လိုက်သည်။
“ပညာရှိက ရှင့်ကို အထဲကိုလာဖို့ ဖိတ်လိုက်ပါတယ်။”
ချီရွှမ်းစုက နှစ်ထပ်တိုက် အဆောက်အအုံထဲသို့ ဝင်ရောက်လာသည်နှင့် အိမ်ဖော်မိန်းကလေးက သူ့နောက်မှာရှိသော တံခါးကို ပိတ်ပြီးနောက် သူ့ကို ဧည့်ခန်းရှိရာသို့ ဦးဆောင်ကာ ခေါ်သွားသည်။
ဤနေရာသည် အဆင့် (၄) တာအိုအကြီးအကဲတစ်ဦး၏ ဂေဟာဖြစ်သော်ကြောင့် ဧည့်ခန်းက အတော်လေး ကျယ်ဝန်းသည်။ စကျင်ကျောက် အုပ်ထားသော တမလန်းသားစားပွဲကို မြောက်ဘက်နံရံရှေ့မှာ ခင်းကျင်းပြီး စားပွဲ၏ တစ်ဖက်တစ်ချက်စီမှာ ပန်းပုလက်ရာများ ထွင်းထုထားသည့် တမလန်းသား ထိုင်ခုံနှစ်လုံးကို ချထားသည်။
အရှေ့ဘက်နံရံနှင့် အနောက်ဘက်နံရံများ တစ်လျှောက်မှာလည်း တမလန်းသား ခုံများနှင့် လက်ဖက်ရည်စားပွဲလေးစုံကို ချခင်းထားသည်။ အထူးခြားဆုံး ဖြစ်သည်မှာ စကျင်ကျောက်များဖြင့် ခင်းထားသည့်ကြမ်းခင်းဖြစ်သည်။ ကျောက်ပြား တစ်ချက်ချင်းစီမှာ သွေးကျောက်အပိုင်းအစများကို ထည့်သွင်းမြှုပ်နှံစီခြယ်ထားသည်။
တစ်ချိန်တည်းမှာပင် သာမန်ကာလျှံကာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် စုထားသော ခေါက်ယပ်တောင်ကို ကိုင်ပြီး လှေကားကနေ ဆင်းလာသည်။
သူသည် သက်သောင့်သက်သာဖြင့် ရှင်သန်နေထိုင်သော ထျန်ကန်းခန်းမ၏ ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ပြီး အသက် ၄၀ ဝန်းကျင်အရွယ်မှာ ရှိသည့်ပုံပေါ်သည်။
တာအိုဆရာများ၏ ဓလေ့ထုံးတမ်း ဝတ်စားဆင်ယင်ပုံမှာ ကန့်သတ်ချက်များရှိသည်။ အဓိကအားဖြင့် ဦးဆောင်း၊ ဝတ်ရုံနှင့် ဖိနပ် ဟူသော အစိတ်အပိုင်းသုံးခု ဖြစ်သည်။
ဓလေ့ထုံးတမ်း ဝတ်စားဆင်ယင်ပုံအရ တာအိုဆရာများသည် ‘ဟဲချန်’ ဟူသော ဝတ်ရုံကို ဝတ်ဆင်ရန် လိုအပ်သည်။ ၎င်းသည် ကျယ်ပြန့်သော အင်္ကျီလက်အိုးနှင့် ရှည်လျားသော ဝတ်ရုံဖြစ်ပြီး လက်နှစ်ဖက်ကို ဖြန့်ထားသည့်အခါ ကြိုးကြာတောင်ပံများနှင့် ဆင်တူသည့်ပုံ ရှိသည်။
ရှေးခေတ် ဟဲချန်ဝတ်ရုံသည် အင်မော်တယ်သက်ရှိများ၏ ဝတ်စားဆင်ယင်ပုံဖြစ်ပြီး ၎င်းကို ကြိုးကြာငှက်မွေးများကနေ ပြုလုပ်ထားသည်။ ယခု တွေ့မြင်ရလေ့ရှိသော ဟဲချန်ဝတ်ရုံသည် ကျယ်ပြန့်သော အင်္ကျီလက်စနှစ်ဖက်နှင့် ရင်စေ့ကြိုးသိုင်းပုံစံဝတ်ရုံအဖြစ် ပြောင်းလဲလာသည်။ သူတို့ကို ကြိုးကြာငှက်မွေးများကနေ ပြုလုပ်ထားခြင်း မဟုတ်တော့ဘဲ အမျိုးမျိုးသော ချည်သားများကနေ ပြုလုပ်လာကြသည်။
ဟဲချန်ကို တစ်နှစ်ပတ်လုံး ဝတ်ဆင်နိုင်ပြီး နွေဦး၊ ဆောင်းဦးနှင့် ဆောင်းတွင်းကာလများမှာ အနွေးဓာတ်ကို ရရှိနိုင်သည်။ ထိုဝတ်ရုံကို အဆင့်မြင့် တာအိုဆရာများကလည်း သဘောကျကြသည်။ ဟဲချန်ဝတ်ရုံသည် ခြေကျင်းဝတ်ထိ ရောက်သောကြောင့် တာအိုဆရာများ၏ ဖိနပ်နှင့် မညိစေရန် သူတို့သည် ဝတ်ရုံအနားစကို မတင်ပေးထားမည့် ထိပ်ချွန်အပြားကော့ ဖိနပ်ကို စီးကြရသည်။
အမျိုးသားစီး ဖိနပ်များက လေးထောင့်စပ်စပ် ထိပ်ချွန်အပြားကော့ဖြစ်ပြီး အမျိုးသမီးစီး ဖိနပ်များက ထိပ်ဝိုင်းပုံစံ ဖြစ်သည်။
ဓလေ့ထုံးတမ်း တာအိုဝတ်စုံများ၏ အရေးကြီးဆုံး အစိတ်အပိုင်းက ဦးဆောင်း ဖြစ်သည်။ တာအိုဂိုဏ်းတော် ပြန်လည်ဆန်းသစ်လာပြီးနောက် အမျိုးမျိုးသော ရိုးရာဦးဆောင်းပုံစံများကို ပယ်ဖျက်ခဲ့သည်။ သူတို့သည် အဆင့်တန်းပေါ် အခြေခံပြီး သတ်မှတ်ထားသည့် ဦးဆောင်း ဆောင်းရမည့် စည်းမျဉ်းစည်းကမ်းအသစ်များကို ထုတ်ပြန်ခဲ့ကြသည်။
ချွမ်ကျန်းဂိုဏ်း၏ မဟာသူတော်စင်က ငါးမြီးပုံစံသရဖူကို ဆောင်းပြီး ကျန်းရီဂိုဏ်း၏ မဟာသူတော်စင်က ခေါင်ရမ်းပန်းပုံစံသရဖူကို ဆောင်းသည်။ ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်က ယူယီသရဖူကို ဆောင်းသည်။
အခြားသော မဟာသူတော်စင်များနှင့် သူတော်စင်များသည် ကြာပန်းပုံစံသရဖူများကို ဆောင်းကြသည်။
အဆင့် (၃) တာအိုအကြီးအကဲများက တောင်ထွတ်ငါးခုသရဖူကို ဆောင်းကြသည်။ ၎င်းပေါ်မှာ တောင်ငါးတောင်၏ အစစ်အမှန်ပုံစံမြေပုံ ရှိသောကြောင့် ၎င်းသည် တောင်ထွတ်ငါးခု အစစ်အမှန်မြေပုံသရဖူဟုလည်း ကျော်ကြားသည်။
အဆင့် (၄) တာအိုဆရာများက ‘ချွန်းယန်’ ဦးဆောင်းများကို ဆောင်းပြီး အဆင့် (၅) တာအိုဆရာများက ‘ဟွမ်းယွမ်’ ဦးဆောင်းကို ဆောင်းကြသည်။ အဆင့် (၆) တာအိုဆရာများက ‘နန်ဟွား’ ဦးဆောင်းကို ဆောင်းပြီး အဆင့် (၇) တာအိုဆရာများက ‘ရှောင်းယောင်’ ဦးဆောင်းကို ဆောင်းကြသည်။ အဆင့် (၈) တာအိုဆရာများက “ဟောင်ယန်” ဦးဆောင်းကို ဆောင်းပြီး အဆင့် (၉) တာအိုဆရာများက ‘ထိုက်ကျိ’ ဦးဆောင်းကို ဆောင်းကာ အလုပ်သင် တာအိုဂိုဏ်းသားများက ‘ပေါင်’ခေါင်းပေါင်းများကို ဆောင်းကြသည်။
သို့သော်လည်း ယခုက ဓလေ့ထုံးတမ်း အခမ်းအနားတစ်ခု မဟုတ်သောကြောင့် စွန်းယုံဖုန့်ဖြစ်စေ ချီရွှမ်းစုဖြစ်စေ ဟဲချန်ဝတ်ရုံ သို့မဟုတ် ဦးဆောင်းများကို ဆောင်းထားကြခြင်း မရှိပေ။ ချီရွှမ်းစုသည် ထိပ်ပြားဖိနပ်ရှည်ကိုပင် စီးထားသည်။
“ကျုပ် အညတရတပည့်ဂိုဏ်းသား ချီရွှမ်းစု.. ပညာရှိကို အရိုအသေ ပေးပါတယ်။”
ချီရွှမ်းစုက ခါးကိုင်းကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ရှေးခေတ်များတုန်းက ဦးညွှတ်နှုတ်ဆက်ခြင်းသည် တခမ်းတနားအနိုင်ဆုံး နှုတ်ဆက်သည့်ပုံစံဖြစ်သည်။ သို့သော်လည်း ထိုပုံစံသည် တာအိုအဖွဲ့အစည်းအတွင်းမှာ သာမန်ယဉ်ကျေးမှု တစ်ခုမျှသာဖြစ်ပြီး ကြီးကျယ်ခမ်းနားလွန်းခြင်း မရှိသလို ဒူးထောက်ရန်လည်း မလိုအပ်ပေ။
စွန်းယုံဖုန့်က ညင်သာစွာ ခေါင်းညိတ်၍ ဧည့်ခန်းထဲသို့ လျှောက်လှမ်းသွားကာ အလယ်စားပွဲ၏ ဘယ်ဘက်ခုံမှာ ထိုင်ချပြီး သိနေပြီးသားပုံစံဖြင့် မေးလိုက်သည်။
“မင်းက ထျန်ကန်းခန်းမကို ဝင်ရောက်ချင်လို့လား။”
“ဟုတ်ပါတယ်ခင်ဗျာ။”
ချီရွှမ်းစုက မတ်တပ်ရပ်နေလျက်နှင့် ပြန်ဖြေလိုက်သည်။
စွန်းယုံဖုန့်သည် ကုလားထိုင်နောက်ကျောကို မှီပြီး သူ့လက်ထဲက ခေါက်ယပ်တောင်ကို ဖြည်းဖြည်းချင်း ဖြန့်ကာ သာမန်ကာလျှံကာ ပြောလိုက်သည်။
“မင်းရဲ့ အခြေအနေကို ငါသိပြီးပါပြီ။ ဒီလိုမျိုး အရေးကြီးတဲ့အရွယ်မှာ မင်းရဲ့ အနာဂတ်က ဘယ်လောက်ထိ ခရီးပေါက်မလဲဆိုတာ နောက်လာမယ့် နှစ်နှစ်အပေါ် လုံးဝ မူတည်နေတယ်။”
ချီရွှမ်းစုသည် အရေးပါသော အပြောင်းအလဲများနှင့် ဘဝ၏ အနိမ့်မြင့် အတက်အကျများကို တွေ့ကြုံထားဖူးသည်။ သူသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိအောင် ဘယ်လိုနေရမလဲ သင်ယူထားပြီးသား ဖြစ်သည်။ ယခုအချိန်မှာ သူက မာန်မာနကို ချိုးနှိမ်ပြီး ရိုကျိုးခယသော ပုံစံဖြင့် ပြောလိုက်သည်။
“မှန်ပါတယ် ပညာရှိ။ ကျုပ်အရင်တုန်းက ရူးမိုက်စွာနဲ့ အချိန်တွေ အများကြီး ဖြုန်းခဲ့မိပါတယ်။”
စွန်းယုံဖုန့်က ယပ်တောင်ကို ပေါ့ပါးစွာ ခတ်ပြီး ပြောလိုက်သည်။
“တာအိုဂိုဏ်းတော်က လူငယ်တွေကို အမြဲတမ်း တန်ဖိုးထားတယ်။ မင်းက အသက် ၃၀ ပြည့်လို့မှ အဆင့် (၇) တာအိုဆရာတစ်ဦးပဲ ဖြစ်နေဦးမယ်ဆို ခန်းမကိုးဆောင်က မင်းကို လက်ခံမှာမဟုတ်ဘူး။ မင်းက ဒေသဆိုင်ရာ တာအိုဌာနတစ်ခုမှာပဲ နေရာရလိမ့်မယ်။ မင်းနဲ့ ရွယ်တူတန်းတူတွေက ဘိုးဘေးကျောင်းတော်မှာ ထွန်းတောက်လာတဲ့အချိန် မင်းက တောကြုံအုံကြားက ဌာနခွဲတစ်ခုမှာ ကျန်ရစ်ခဲ့လိမ့်မယ်။ မင်းအဲ့ဒါကို လက်ခံနိုင်လား။”
ချီရွှမ်းစုက ပြန်ဖြေလိုက်သည်။
“ကျုပ် ဘယ်လက်ခံနိုင်ပါ့မလဲ။ ကျုပ်အရင်ကတည်းက ဘိုးဘေးကျောင်းတော်ကို ဝင်ရောက်ဖို့ ကြံဆနေခဲ့တာပါ။ ကံဆိုးစွာနဲ့ပဲ ကျုပ်က လူမှန်နေရာမှန်ကို ရှာမတွေ့ခဲ့ဘူး။”
စွန်းယုံဖုန့်က သူ၏ ခေါက်ယပ်တောင်ကို ဆတ်ခနဲပိတ်ပြီး ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
“ခေါင်းမပါတဲ့ယင်ကောင်က ဦးတည်ချက်မရှိဘဲ လျှောက်သွားနေမယ်ဆိုရင် ဘယ်လိုအောင်မြင်မှုကို ရနိုင်မှာလဲ။ အခုလို အရေးကြီးတဲ့အချိန်မှာ မင်းအတွက် ပြောပေးဆိုပေးမယ့် ဩဇာညောင်းတဲ့ ပုဂ္ဂိုလ်တွေကို လိုအပ်တယ်။ မဟုတ်ရင် မင်းက ဝက်တစ်ကောင်လုံးယူလာပြီး ပူဇော်ပသမယ်ဆိုရင်တောင် ဘိုးဘေးကျောင်းတော်မှာ ခြေချနိုင်မှာမဟုတ်ဘူး”
ချီရွှမ်းစုက အချိန်ကျပြီဆိုတာကို သိရှိလိုက်သည်။ သူသည် အင်္ကျီလက်အိုးအိတ်ကပ်ထဲကနေ ငွေစက္ကူအတန်ကြီးနှစ်ရွက်ကို အလျင်အမြန်ထုတ်ယူပြီး ရှေ့သို့တက်လှမ်းကာ စွန်းယုံဖုန်း၏ဘေး တမလန်းသား စားပွဲခုံပေါ် တင်လိုက်သည်။
ထို့နောက် ချီရွှမ်းစုက ခပ်တိုးတိုးပြောလိုက်သည်။
“ဒါကြောင့်လည်း ကျုပ်ရဲ့ အဆင့်မှန်ကယ်တင်ရှင် ပညာရှိကို အရိုအသေပေးဖို့ ကျုပ်က ဒီကို ရောက်လာတာပါ။”
စွန်းယုံဖုန်းသည် သူ၏ မျက်လုံးထောင့်ကနေ စားပွဲပေါ်ရှိ ငွေစက္ကူနှစ်ရွက်ကို တစ်ချက်ကြည့်၍ ညင်သာစွာ ခေါင်းညိတ်ပြီး သူ၏ နှုတ်ခမ်းဖျားပေါ်မှာ အပြုံးတစ်ခု ခိုတွဲလာသည်။ သူက အောက်ဘက်မှာရှိသော ထိုင်ခုံကို လက်ညှိုးထိုးပြလိုက်သည်။
“သိပ်ကောင်းတယ် လူငယ်လေး.. ကဲ ထိုင်စမ်းပါဦး”
တစ်ချိန်လုံး မတ်တပ်ရပ်နေခဲ့ရသော ချီရွှမ်းစုသည် နောက်ဆုံး ဧည့်ခန်း၏ ဘယ်ဘက်ခြမ်းမှာရှိသော ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ စွန်းယုံဖုန်းက ခေါက်ယပ်တောင်ဖြင့် သူ့လက်ဖဝါးကို ခပ်ဖွဖွခေါက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“လူငယ်လေး ငါ့ကိုငါ ဩဇာညောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ မပြောရဲဘူး။ ဒါပေမဲ့ မင်းရဲ့ပြဿနာကို ငါဖြေရှင်းမပေးနိုင်ဘူးဆိုရင် အဲ့ဒါက မင်းရဲ့ ကံဆိုးမှုလို့ပဲ လက်ခံရလိမ့်မယ်။”
ချီရွှမ်းစုက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ် ပညာရှိ။”
စွန်းယုံဖုန့်က ဆက်ပြောသည်။
“ဒီတစ်ခေါက် ထျန်ကန်းခန်းမက လက်ထောက်ခန်းမသခင် အသစ်တစ်ဦးကို ခန့်အပ်လိမ့်မယ်။ အဲ့ဒါကြောင့် ငါတို့တွေက ကြီးကြပ်ရေးမှူးနှစ်ဦး၊ တာဝန်ခံခြောက်ဦးနဲ့ တခြားအမှုထမ်းတွေကို လိုအပ်နေတယ်။ မဟာသူတော်စင်က လက်ထောက်ခန်းမသခင်ကို ရွေးချယ်ပြီးသွားပြီ။ ကြီးကြပ်ရေးမှူးတွေကို ခန်းမသခင်က ရွေးချယ်လိမ့်မယ်။ တာဝန်ခံတွေကိုတော့ လက်ထောက်ခန်းမသခင်က ရွေးချယ်လိမ့်မယ်။”
“အခုအချိန်မှာ နေရာတစ်ခုကို အရယူဖို့က မင်းအတွက် အခွင့်အရေးတစ်ခုပဲ။ အသေးစိတ် အချက်အလက်တွေ ဒါမှမဟုတ် မင်းက ဘယ်လိုတာဝန်ထမ်းဆောင်ရမယ် ဆိုတာကို ပူပန်မနေနဲ့။ အားလုံး နောက်ကျရင် နေရာတကျ ဖြစ်သွားလိမ့်မယ်။”
ချီရွှမ်းစုက သူ၏ လက်သီးနှင့်လက်ဝါးကို ထိ၍ ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
“ပညာရှိစွန်း... ကျုပ်ခင်ဗျားကို အားကိုးပါရစေ။”
“မင်းက အကူအညီတောင်းဖို့ ရောက်လာတယ်ဆိုမှတော့ ငါက မင်းကို တတ်နိုင်သမျှ ကူညီပေးရမှာပေါ့။ ဒါပေမဲ့ မင်းအောင်မြင်လိမ့်မယ်လို့တော့ ငါအာမမခံနိုင်ဘူး။ မင်းကို လက်ထောက်ခန်းမသခင်က ရွေးချယ်မလားဆိုတာကတော့ မင်းရဲ့အစွမ်းအစပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေလိမ့်မယ်။”
စွန်းယုံဖုန့်သည် မည်သည့် ကတိကဝတ်ကိုမှ မပေးလိုဘဲ ချီရွှမ်းစုကို စောင့်ကြည့်နေသည်။
ချီရွှမ်းစုက ရိုကျိုးကြောက်ရွံ့သော အမူအရာကို တမင်ထုတ်ဖော်ထားပြီး ပြောလိုက်သည်။
“ဟုတ်ပါတယ် ပညာရှိစွန်း။”
စွန်းယုံဖုန့်က သူ၏ အင်္ကျီလက်စထဲကနေ စာအိတ်တစ်အိတ်ကို ထုတ်ယူပြီး ချီရွှမ်းစုကို ကမ်းပေးလိုက်သည်။
“ဒါက မင်းရဲ့ အထောက်အထားပဲ။ ၈ လပိုင်း ၁၆ ရက်နေ့ နဂါးနာရီအချိန် ထျန်ကန်းခန်းမမှာ ဒီအထောက်အထားကို လာပြရမယ်။”
(နဂါးနာရီ - မနက် ၇ နာရီကနေ ၉ နာရီအထိ။)
ချီရွှမ်းစုက စာအိတ်ကို လက်နှစ်ဖက်ဖြင့် လက်ခံယူပြီး အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်မှာ အိမ်ဖော်မိန်းကလေးက အနားကို ညင်သာစွာ ချဉ်းကပ်ပြီး လက်ဖက်ရည်ဗန်းကို စားပွဲပေါ် ချလိုက်သည်။ ထို့နောက် သူမသည် တောက်ပသောကြေးကရားကို မယူပြီး ကိုင်ဝမ်ခွက် အဖုံးကို လှပ်၍ အထဲသို့ ရေနွေးကို လောင်းထည့်လိုက်သည်။ အစိမ်းရောင် လက်ဖက်ခြောက်က ကိုင်ဝမ်ခွက်ထဲမှာ ဒေါင်လိုက်အနေအထားဖြင့် ဖြည်းဖြည်းချင်း မျောနေသည်။
စွန်းယုံဖုန့်က ခေါက်ယပ်တောင်ကို ချ၍ ကိုင်ဝမ်ခွက်ကို ကောက်ယူလိုက်သော်လည်း မသောက်သေးပေ။ သူက ချီရွှမ်းစုကို ထွက်သွားဖို့ အမူအယာပြနေခြင်း ဖြစ်သည်။
ချီရွှမ်းစုက မတ်တပ်ထရပ်၍ နှုတ်ဆက်လိုက်သည်။
“ပညာရှိစွန်း ကျေးဇူးတင်ပါတယ်။ ကျုပ်အခု ပြန်လိုက်ပါဦးမယ်။”
စွန်းယုံဖုန့်က သူ့ခုံမှာ ဆက်ထိုင်နေပြီး အသိအမှတ်ပြု ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
အတိအလင်း ထုတ်ဖော်ပြောဆိုမထားသည့် ဤစည်းမျဉ်းစည်းကမ်းများကို ချီရွှမ်းစုက အလိုလို တတ်မြောက်နေခြင်း မဟုတ်ပေ။ ဤနှစ်များမှာ အစ်မချီက သူ့ကို သင်ကြားပေးထားခဲ့ခြင်း ဖြစ်သည်။ ဤစည်းမျဉ်းစည်းကမ်းများကို သင်ယူခြင်းကနေ ချက်ချင်းလက်ငင်း အကျိုးအမြတ်မရသော်လည်း သူတို့က လက်တွေ့တွင် အသုံးဝင်သည်မှာ ငြင်းဆန်မရပေ။ ထိုသို့ဖြင့် ချီရွှမ်းစုသည် အခြားသူတစ်ဦးကို မတော်တဆ စော်ကားမိတော့မည် မဟုတ်ပေ။
ချီရွှမ်းစုသည် စွန်းယုံဖုန့်၏ ဂေဟာကနေ ထွက်လာပြီး စာအိတ်ကို ဖွင့်ကာ သူ့အမည်နှင့် ဆီလျော်သော သတင်းအချက်အလက်များ ပါဝင်သည့် စက္ကူအမာသားတစ်ချပ်ကို ဆွဲထုတ်လိုက်သည်။ ပညာရှိစွန်းက ၎င်းကို ကြိုတင်ပြင်ဆင်ပေးထားသည်မှာ သိသာနေသည်။
လူတချို့သည် သူ့ကို အောင်မြင်အောင် ကူညီပေးနိုင်ချင်မှ ကူညီပေးနိုင်မည် ဖြစ်သော်လည်း သူ့ကို ပျက်စီးထိခိုက်အောင် အလွယ်တကူ ပြုလုပ်နိုင်ကြသည်။ ထို့ကြောင့် ထိုက်ဖျင်ဒင်္ဂါး ၂၀၀ ကို မလွဲမသွေ ပေးဆောင်ရမည် ဖြစ်သည်။ မဟုတ်ပါက ချီရွှမ်းစုသည် သူ့အသက်နှင့်ရင်းပြီး အခြားသူများကို သတ်ဖြတ်ခြင်းကနေ ရရှိထားသည့် သူ့၏ ငွေကြေးများကို အလွယ်တကူ ထုတ်ပေးလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အစ်မချီပြောသည်မှာ မှန်သည်။ ချီရွှမ်းစုသည် လက်ရှိမှာ အလိုက်သင့်မျှောချဖို့ ပိုကောင်းသည့် နေရာတစ်ခုကို ရောက်ရှိနေသည်။ သူက စိတ်ထဲမှာ ဘယ်လိုပင် ခံပြင်းသည် ဖြစ်စေ လောလောဆယ်မှာ အဲ့ဒါကို သည်းခံရမည်။
ဒါ့အပြင် ဤအခြေအနေ၏ အဓိကအချက်အချာက ချီရွှမ်းစုကိုယ်တိုင် မဟုတ်ဘဲ ချင်းဖျင်အသင်းတော် ဖြစ်သည်။ အဆင့် (၇) တာအိုဆရာတစ်ဦးအတွက် ထိုက်ဖျင်ဒင်္ဂါး ၂၀၀ မှာ အတော်လေးများပြားသည့် ပမာဏဖြစ်သည်။ သို့သော်လည်း တကယ်တမ်းမေးရမည့် မေးခွန်းမှာ အဆင့် (၄) တာအိုအကြီးအကဲတစ်ဦးအနေဖြင့် ဤမျှ ငွေကြေးပမာဏလောက်ကို လက်ခံယူပြီး ဆောင်ရွက်ပေးဖို့အတွက် သူ့ကို ဘယ်အရာက လိပ်ပြာလုံစေတာလဲ။ ဤကိစ္စမှာ ချင်းဖျင်အသင်းတော်က ဘယ်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတာလဲ။
ချင်းဖျင်အသင်းတော်သည် ချီရွှမ်းစုအတွက် တံခါးများကို ဖွင့်ပေးပြီး သူ့စိတ်ရှိတိုင်း လျှောက်လှမ်းနိုင်မည့် အခွင့်လမ်းတစ်ရပ်ကို သူ့အား ပေးလာသည်။ ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ဤဒုတိယဆုလာဘ်သည် အဆောင်လက်ဖွဲ့ ကျည်ဆန် ၂၀ နှင့် နတ်နဂါးပစ္စတိုထက် တကယ်ပင် များစွာသာလွန်နေသည်။
ချင်းဖျင်အသင်းတော်၏ လွှမ်းမိုးနိုင်စွမ်းက တကယ်ပင် ကျယ်ပြန့်သည်။ ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်ကနေ ရုန်းထွက်ချင်သော်လည်း ထိုအဖွဲ့အစည်းက သူ့အတွက် တကယ်ပင် တောင့်တင်းခိုင်မာသည့် နောက်ခံတစ်ခု ဖြစ်သည်ကို မငြင်းပယ်နိုင်ပေ။ ထိုအဖွဲ့အစည်းသည် သူ့ကို အဆင့် (၇) တာအိုဆရာတစ်ဦးထက် ပိုမိုသော ယုံကြည်မှုကို ရရှိစေသည်။
ချီရွှမ်းစုမှာ ထည့်တွက်ရမည့် နောက်ထပ် လက်တွေ့ကျသောပြဿနာတစ်ခု ရှိနေသည်။ ၈ လပိုင်း ၁၆ ရက်နေ့ကို ရောက်ဖို့ တစ်လလိုနေသေးသည်။ ဝေဟင်ပျံသင်္ဘောများ၏ လက်မှတ်ခ ဈေးကြီးပုံအရ ချီရွှမ်းစုသည် ကျောက်စိမ်းနေပြည်တော်ကနေ လောလောဆယ်မှာ ထွက်ခွာမသွားနိုင်ပေ။
သို့သော်လည်း ကျောက်စိမ်းနေပြည်တော်မှာ နေထိုင်ရသည့် ကုန်ကျစရိတ်က မြင့်မားသည်။ ကျောက်စိမ်းနေပြည်တော်က တည်းခိုခန်းများသည် တစ်နေ့တာအတွက် ထိုက်ဖျင်ဒင်္ဂါး တစ်ပြား ကျသင့်သည်ကို သူမှတ်မိနေသည်။ ဤသည်မှာ နေဖို့ထိုင်ဖို့အတွက်သာလျှင် ဖြစ်သည်။ အခြားသော ကုန်ကျစရိတ်များလည်း ရှိနေသေးသည်။
ထိုက်ဖျင်ဒင်္ဂါး ၂၀၀ ပင် မကျန်တော့သည့် သူ့အနေဖြင့် တည်းခိုခန်းမှာ တစ်လသာ တည်းခိုနေထိုင်ဖို့က ကုန်ကျစရိတ် များလွန်းနေသည်။ ချီရွှမ်းစုသည် လမ်းဘေးမှာ မတ်တပ်ရပ်ပြီး အတန်ကြာသည့်အထိ ငေးငိုင်နေမိသည်။ နောက်ဆုံးမှာတော့ သူနေခဲ့ဖူးသော ဟိုင်ချန်မြို့ကွက်ကို သွားရောက်ဖို့ စိတ်ပိုင်းဖြတ်လိုက်လေသည်။
အခန်း ၂၂ - အတိတ်
ယေဘုယျအားဖြင့် ပြောရလျှင် ကျောက်စိမ်းနေပြည်တော်မှာ မည်သူကမှ အိမ်တစ်လုံးကို အမှန်တကယ် မဝယ်ယူနိုင်ပေ။ ကျောက်စိမ်းနေပြည်တော်ရှိသော အိမ်ရာများနှင့် နန်းတော်များအားလုံးကို တာအိုဂိုဏ်းတော်ကနေ ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ သူတို့ကို အင်ပါယာနန်းတော်မှာဆိုလျှင် လုပ်ငန်းရေးရာဌာနနှင့် တူသော ထန်ကျိခန်းမက ထိန်းချုပ်ထားသည်။
မဟာသူတော်စင်အပါအဝင် လူတိုင်းသည် အိမ်ရာ ခြံမြေများကို အသုံးပြုခွင့်သာရှိပြီး ပိုင်ဆိုင်ခွင့် မရှိပေ။ ထို့ကြောင့် လူတိုင်းသည် ဂေဟာတစ်ခုကို ငှားရမ်းရုံသာ တတ်နိုင်ကြသည်။ ငှားရမ်းချိန်က ကာလရှည် ကြာမြင့်ပြီး အရှည်ကြာဆုံးအချိန်က နှစ်တစ်ရာထိ ဖြစ်သည်။ ဤကဲ့သို့ ကာလရှည်ကြာ ငှားရမ်းမှုကိုပင် တာအိုအဖွဲ့အစည်းအတွင်းမှာ ပိုင်ဆိုင်မှုအဖြစ် ဝယ်ယူခြင်းဟု ပြောလေ့ပြောထရှိသည်။
ဤသည်မှာ လောကီဘုံရှိ ‘ခြံတစ်ကွက် ပိုင်ရှင်နှစ်ဦး’ ဟူသော သဘောတရားနှင့် ဆင်တူမှုရှိသည်။ ‘ခြံတစ်ကွက် ပိုင်ရှင်နှစ်ဦး’ ဆိုသည်မှာ မြေကြီးကို ပိုင်ဆိုင်သော အစစ်အမှန် မြေပိုင်ရှင်နှင့် မြေပြင်ပေါ်မှာ ဆောက်လုပ်ထားသော အဆောက်အဦနှင့် ခြံထွက်ကို ပိုင်ဆိုင်သော မြေရာဥစ္စာပိုင်ဆိုင်သူကို ရည်ညွှန်းသည်။
ဆင်တူစွာပင် ကျောက်စိမ်းနေပြည်တော်တွင် နေထိုင်သူများမှာ သူတို့ကိုယ်ပိုင်အိမ်များ မရှိသော်လည်း သူတို့သည် ထိုအိမ်များကို ငှားရမ်းခြင်းနှင့် လွှဲပြောင်းခြင်းများ လွတ်လပ်စွာ ပြုလုပ်နိုင်ကြသည်။ တာအိုဂိုဏ်းတော်က အိမ်တစ်လုံးကို ပြန်လည်သိမ်းယူချင်သည်ဆိုလျှင် သူတို့သည် သက်ဆိုင်ရာ ငှားရမ်းခကို ပြန်လည်ပေးဆောင်ရပေလိမ့်မည်။
အရင်တုန်းက ချီရွှမ်းစု၏ ဆရာသည် ဟိုင်ချန်အကွက်မှာ ခြံဝင်းငယ်တစ်ခုကို နှစ် ၂၀ စာ ငှားရမ်းခဲ့ပြီး ထိုက်ဖျင်ဒင်္ဂါး တစ်ထောင်ကျသင့်ခဲ့သည်။ ငှားရမ်းစာချုပ်မှာ ၁၀ နှစ်တာကာလ ကျန်နေသေးပြီး တာအိုဂိုဏ်းတော်က ၎င်းကို ယခုအချိန်ထိ ပြန်သိမ်းမယူရသေးပေ။
ချီရွှမ်းစုသည် ထိုနေရာမှာ ယာယီအားဖြင့် တစ်လတာ နေထိုင်နိုင်သည်။ ၎င်းသည် သူ၏ ဝမ်းနည်းစရာ ကောင်းသော မှတ်ဉာဏ်များကို ပြန်လည်တူးဆွပေးမည့် နေရာတစ်ခု ဖြစ်သော်လည်း ချီရွှမ်းစုသည် ယခုအချိန်မှာ ထိုအရာနှင့် ပတ်သက်၍ စိတ်ခံစားချက် သိပ်ထားမနေတော့ပေ။ ရှင်သန်နေထိုင်မှုအတွက် ပေးလာသော ဖိအားကြောင့် ဤစိတ်ခံစားချက်များကို ခေတ္တခဏ ဘေးဖယ်ထားပြီး သူ၏ နေရာထိုင်ခင်း ပြဿနာကို ဖြေရှင်းရမည် ဖြစ်သည်။
ထျန်ကန်းခန်းမသို့ သူ၏ လျှောက်ထားမှုက အောင်မြင်မည်ဆိုလျှင် ထျန်ကန်းခန်းမသည် သူ့ကို ကျောက်စိမ်းနေပြည်တော်မှာ နေထိုင်ဖို့ နေရာရွှေ့ပြောင်း ခံစားခွင့်ပေးပေလိမ့်မည်။ သူ့ကို လက်ထောက်ခန်းမသခင်အသစ်က မရွေးချယ်ဘူးဆိုလျှင်လည်း သူ့အနေဖြင့် ကျောက်စိမ်းနေပြည်တော်မှာ ဆက်လက်၍ နေစရာမလိုတော့ပေ။ သူသည် ဝေဟင်ပျံသင်္ဘော မစီးဘဲ ခြေကျင်ပြန်ပြီး လမ်းခရီးမှာ ရှုခင်းများကိုပင် ခံစားနိုင်မည် ဖြစ်သည်။
နန်ဟွားအကွက်ကနေ ဟိုင်ချန်အကွက်သို့ အနီးဆုံး လမ်းကြောင်းမှာ ထိုက်ချင်းရင်ပြင်ကို ဖြတ်ပြီး အရှေ့တောင်ဘက်ကို ဦးတည်သွားဖို့ ဖြစ်သည်။
ဤတစ်ခေါက်မှာ ချီရွှမ်းစုသည် ဆိတ်လှည်းတစ်စီး သို့မဟုတ် နွားလှည်းတစ်စီးကို ငှားရမ်းခြင်း မရှိဘဲ လမ်းတစ်လျှောက် ရှုခင်းများကို ခံစားရင်း ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည်။ လမ်းတစ်လျှောက် ရှုခင်းက ရင်းနှီးနေကျ အရာများနှင့် အသစ်အဆန်းများနှင့်အတူ သူ၏ အတိတ်ကို ပြန်လည်နှိုးဆွပေးနေသည်။
နေဝင်ဆည်းဆာအချိန်မှာ ဝင်တော့မည့်နေက ကောင်းကင်ထက်မှာ ပုစွန်ဆီရောင်ကို ဖျန်းပက်ထားသည်။ နေရောင်သည် ယုချင်းလမ်းမအတိုင်း အနောက်ကနေ အရှေ့သို့ အလျားလိုက် ဖြာဆင်းနေသည်။ နေရောင်က ချီရွှမ်းစု၏ ကိုယ်ပေါ်သို့ ကျရောက်ပြီး နောက်ဘက်မှာ ရှည်လျားသော အရိပ်ကို ထင်ဟပ်နေစေသည်။
ချီရွှမ်းစုက ရုတ်တရက် အနည်းငယ် အထီးကျန်သလို ခံစားလာရသည်။
ချီရွှမ်းစုသည် အရင်တုန်းက ဤစိတ်ခံစားချက်များကို သမင်သက်သက် ဖိနှိပ်ထားခဲ့သည်မှာ အထီးကျန်ခံစားချက်သည် အားနည်းခြင်း တစ်မျိုးဖြစ်သည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။ အမှန်တကယ် သန်မာသော သူများသည် အထီးကျန်မှုကို ခံစားဖို့ နေနေသာသာ ဂရုစိုက်တတ်ခြင်းပင် မရှိပေ။ သူတို့သည် တစ်ယောက်တည်းနေရခြင်းကို သဘောကျပြီး အခြားသူများ အနားသို့ ချဉ်းကပ်လာခြင်းကိုပင် ငြင်းဆန်ထားကြပေလိမ့်မည်။
သို့သော်လည်း ဤတစ်ခေါက်မှာ ချီရွှမ်းစုသည် ဤစိတ်ခံစားချက်ကို တကူးတက ဖိနှိမ်မထားတော့ပေ။ သူက စိတ်ကိုအပြည့်အဝ လွှတ်ချလိုက်ပြီး သူ၏ ဝမ်းနည်းမှုမှာ နစ်မျောသွားသည်။ ထိုသို့ဖြင့် သူ့စိတ်အနက်ပိုင်းထဲမှာ မြှုပ်နှံထားသည့် မှတ်ဉာဏ်များက တဖြည်းဖြည်း ထင်ဟပ်လာသည်။
တာအိုဂိုဏ်းတော်၏ တစ်ပြေးညီ သင်ကြားမှုနှင့် ဥပဒေသများကို သင်ယူလေ့လာနိုင်သော ဝမ်ရှန်းတာအိုနန်းတော်ကနေ ထွက်လာပြီးနောက် လူတစ်ယောက်၏ အဆင့်အတန်းသည် တာအိုအလုပ်သင်တစ်ဦးကနေ အဆင့်-၉ တာအိုဆရာတစ်ဦးအဖြစ် အလိုလို ပြောင်းလဲသွားလိမ့်မည်ဟု အစ်မချီ ပြောခဲ့ဖူးသည်။ ထို့နောက် သူတို့သည် ၃ နှစ်တာ အစမ်းခန့်ကာလကို ဖြတ်ကျော်ရပေမည်။
၃ နှစ်တာ အစမ်းခန့်ကာလကို မသွားခင် ဝမ်ရှန်းတာအိုနန်းတော်က ဘာလဲဆိုတာ အရင်ဆုံးရှင်းပြဖို့ လိုပေလိမ့်မည်။
ထိုနေရာသည် ဧကရီမင်ခုန်း တည်ထောင်ခဲ့သော ဝမ်ရှန်းဂမ္ဘီရနန်းတော်ကနေ ဆင်းသက်လာခဲ့သည်။ နောက်ပိုင်းမှာ ၎င်းကို ကွန်ဖြူးရှပ်ဝါဒီများက ပြန်လည်မွမ်းမံပြီး ဝမ်ရှန်းတက္ကသိုလ် ဖြစ်လာခဲ့သည်။
ရွှမ်အရှင်မြတ် ဦးဆောင်သော တာအိုဂိုဏ်းတော်သည် ကွန်ဖြူးရှပ်ဝါဒီများကို အနိုင်ယူ၍ တရားဝင်အုပ်ချုပ်သူအဖွဲ့အစည်း ဖြစ်လာပြီးနောက် ကွန်ဖြူးရှပ်ဝါဒီများသည် ဝမ်ရှန်းတက္ကသိုလ်ကို တာအိုဂိုဏ်းတော်ထံ ပေးအပ်လိုက်ရသည်။ ထို့နောက် တာအိုဂိုဏ်းတော်သည် ၎င်းကို ဝမ်ရှန်းတာအိုနန်းတော်အဖြစ် ပြန်လည်တည်ဆောက်ခဲ့သည်။
ဝမ်ရှန်းတာအိုနန်းတော်မှာ အထက်ပိုင်းနန်းတော်နှင့် အောက်ပိုင်းနန်းတော်ဟူ၍ ရှိသည်။ အောက်ပိုင်းနန်းတော်မှာ လုပ်ဆောင်ချက်နှစ်ခုရှိသည်။ ပထမ လုပ်ဆောင်ချက်မှာ မိဘမဲ့ကလေးများနှင့် စွန့်ပစ်ခံရသော ကလေးများကို ခေါ်ယူစောင့်ရှောက်ခြင်း ဖြစ်သည်။ သူတို့သည် ကလေးများကို အရွယ်ရောက်သည့်အထိ ပရဟိတသဘောမျိုး ပြုစုပျိုးထောင်ပေးပေလိမ့်မည်။
မိမိတို့၏ ကလေးများကို ပြုစုပျိုးထောင်ဖို့ မတတ်နိုင်သော လူများ သို့မဟုတ် အခြားသော အကြောင်းရင်းများကြောင့် သူတို့၏ ကလေးများကို သူတို့အနားမှာ မထားလိုသော လူများသည် ကလေးသူငယ်များကို ဝမ်ရှန်းတာအိုနန်းတော်ဆီ လွှဲပြောင်းပေးမည့် အမျိုးမျိုးသော တာအိုဘုရားကျောင်းများထံ သူတို့၏ ကလေးများကို ပို့ဆောင်ကြသည်။
ဤရှုထောင့်ကနေ ကြည့်မည် ဆိုလျှင် ဝမ်ရှန်းတာအိုနန်းတော်သည် ပရဟိတဂေဟာတစ်ခု သို့မဟုတ် မိဘမဲ့ဂေဟာတစ်ခုနှင့် ဆင်တူသည်။
ဤအချက်ကြောင့် တာအိုအဖွဲ့အစည်းအတွင်းမှာ ရှိသော လူများစွာတွင် မိဘများ မရှိတတ်ကြပေ။ သူတို့သည် တာအိုအဖွဲ့အစည်းအတွင်းမှာ မွေးဖွားလာကြ၊ ပြုစုပျိုးထောင်ခံရ၊ သေဆုံးသွားကြရပြီး သူတို့၏ တစ်ဘဝလုံးကို တာအိုဆရာများအဖြစ် အရိုးထုတ်သွားခဲ့ကြသည်။ ချီရွှမ်းစုသည်လည်း ထိုကဲ့သို့သော လူများထဲမှာ တစ်ဦးဖြစ်သည်။
ထို့ကြောင့် မိဘများ ရှိသည့် ခံစားချက်က ဘာနှင့်တူသည်ကို အမှန်တကယ် သူ နားမလည်ပေ။ သူ၏ မှတ်ဉာဏ်ထဲမှာ ဝမ်ရှန်းတာအိုနန်းတော်တွင် အခြားသော ကလေးများနှင့်အတူ ဆော့ကစားခဲ့၊ နေထိုင်ခဲ့၊ လေ့လာသင်ယူခဲ့သည်များသာရှိသည်။ ထိုနေရာမှာ သူတို့၏ ရှင်သန်နေထိုင်မှုကို တာဝန်ယူပေးထားသည့် အသက်ကြီးကြီး အမျိုးသမီးတာအိုတပည့်ဂိုဏ်းသားတစ်ဦးသာရှိသည်။
ပွင့်လင်းစွာ ပြောရလျှင် ထိုအမျိုးသမီးတာအိုတပည့်ဂိုဏ်းသားသည် လူကောင်းတစ်ယောက်ဖြစ်၍ မိခင်စိတ်ရှိသူ ဖြစ်သည်။ သို့သော်လည်း သူမသည် ကလေးအယောက် ၅၀ ကို တစ်ယောက်တည်း ထိန်းသိမ်းစောင့်ရှောက်ပေးနေရပြီး သူမ၏ ချစ်ခြင်းမေတ္တာကို ကလေးများအားလုံးထံ မျှဝေပေးထားရသည်။
အောက်ပိုင်းနန်းတော်၏ ဒုတိယ လုပ်ဆောင်ချက်မှာ ဤမိဘမဲ့ကလေးများနှင့် စွန့်ပစ်ခံကလေးများကို တာအိုဂိုဏ်းတော်၏ ပါရမီရှင်များနှင့် မျိုးဆက်သစ်များ ဖြစ်လာစေဖို့ ပြုစုပျိုးထောင်ပေးရခြင်းဖြစ်သည်။
ဝမ်ရှန်းတာအိုနန်းတော်သည် တစ်ပြေးညီသင်ကြားမှုကို ကျင့်သုံးပြီး များသောအားဖြင့် ဆရာတစ်ယောက်တည်းက ကလေးများစွာကို လမ်းညွှန်ပြသပေးကာ အိမ်ကျောင်းတစ်ကျောင်းနှင့် ဆင်တူသည်။ သို့သော်လည်း အတိုင်းအတာက ပိုမိုကျယ်ပြန့်သည်။
အသက် ၁၀ နှစ် မတိုင်ခင်မှာ ကလေးများသည် စာပေ၊ ဂဏန်းသင်္ချာနှင့် အခြားသော ဘာသာရပ်များနှင့်အတူ အခြေခံအကျဆုံး အသက်ရှူခြင်း နည်းစနစ်များကို သင်ကြားရသည်။ အသက် ၁၀ နှစ်ပြည့်ပြီးနောက် ကလေးများသည် အကဲဖြတ်စစ်ဆေးမှုတစ်ခုကို ဖြတ်ကျော်ရသည်။ အကဲဖြတ် စစ်ဆေးမှုကို ဖြတ်ကျော်နိုင်သော ထိုသူများသည် တာအိုအလုပ်သင်များ ဖြစ်လာပြီး တာအိုဝါဒ၊ ဗုဒ္ဓဝါဒ၊ ကွန်ဖြူးရှပ်ဝါဒ၊ မိုဝါဒနှင့် ဥပဒေဝါဒ ကဲ့သို့ အမျိုးမျိုးသော အတွေးအခေါ် ပညာရပ်ကျမ်းစာများကို စတင်သင်ယူရသည်။
သူတို့သည် နက္ခတ္တဗေဒ၊ ပထဝီဝင်၊ စက်ယန္တရား၊ အဆောင်လက်ဖွဲ့နှင့် ကျင့်ကြံမှု နည်းလမ်းများမှာ အခြေခံကိုလည်း စတင်သင်ယူရပေလိမ့်မည်။ အကဲဖြတ်စစ်ဆေးမှုမှာ ကျရှုံးသွားသော ကလေးများသည် သာမန် တာအိုယုံကြည်သူများ ဖြစ်လာပြီး အမျိုးမျိုးသော လက်မှုပညာများကို စတင်သင်ယူရပေလိမ့်မည်။
အသက် ၁၈ မှာ ကလေးများသည် နောက်ထပ် အကဲဖြတ် စစ်ဆေးမှုတစ်ခုကို ဖြတ်ကျော်ရပေလိမ့်မည်။ အကဲဖြတ် စစ်ဆေးမှုကို အောင်မြင်သော တာအိုအလုပ်သင်များသည် ဝမ်ရှန်းတာအိုနန်းတော်ကနေ ထွက်ခွာပြီး တာအိုဂိုဏ်းတော်သို့ ဝင်ရောက်ကာ အဆင့်-၉ တာအိုဆရာများ ဖြစ်လာပေမည်။
အကဲဖြတ် စစ်ဆေးမှုမှာ ကျရှုံးသွားသော သူများသည် မအောင်မချင်း ထပ်မံ၍ သင်ယူလေ့လာဖို့ ဝမ်ရှန်းတာအိုနန်းတော်မှာ ဆက်နေရပေလိမ့်မည်။ သို့သော်လည်း သူတို့သည် ၃ နှစ်တာ အစမ်းခန့်ကာလကို ထပ်မံ၍ မရရှိတော့ဘဲ သူတို့အနေဖြင့် အဆင့်-၄ တာအိုအကြီးအကဲများ ဖြစ်လာဖို့ အင်မတန် ခဲယဉ်းသွားပေတော့မည်။
သူတို့ကြား ကွာဟချက်သည် ကျင်းရှီစာပေပညာရှင်နှင့် ကျူးရန်စာပေပညာရှင်ကြား ကွာဟချက်နှင့် တူသည်။ ထိုစာပေပညာရှင်နှစ်မျိုးစလုံးသည် တော်ဝင်စာမေးပွဲကို ဖြေဆိုပြီး နန်းတွင်းအရာရှိများ ဖြစ်လာသည်ဟု ဆိုနိုင်သော်လည်း ကျင်းရှီပညာရှင်များသည် တော်ဝင်စာမေးပွဲ၏ အမြင့်ဆုံးအဆင့်ကနေ ဖြတ်ကျော်လာခဲ့သောကြောင့် သူတို့က အထင်ကြီးလေးစားခံရသည်။ သူတို့သည် ပုံမှန်အားဖြင့် အဆင့်-၇ ခရိုင်ဝန်တစ်ဦးအဖြစ်ကနေ စတင်၍ တာဝန်ထမ်းဆောင်ရပေလိမ့်မည်။
တစ်ဖက်မှာတော့ ကျူးရန်စာပေပညာရှင်များသည် အဆင့်-၈ ခရိုင်ဝန်တစ်ဦး အဖြစ်ကနေသာ စတင်ရသည်။ သူတို့ကြားမှာ အဆင့်တန်း ကွာဟချက် ရှိနေသည်။ ချီရွှမ်းစုသည် ပထမအမျိုးအစားမှာ ပါဝင်ပြီး တာအိုအဖွဲ့အစည်းအတွင်းမှာ ကျင်းရှီပညာရှင်နှင့် တူညီသည်။ သူသည် ထူးချွန်သော ရလဒ်များနှင့်အတူ ဝမ်ရှန်းတာအိုနန်းတော်ကနေ ထွက်ခွာပြီး အဆင့်-၉ တာအိုဆရာတစ်ဦးအဖြစ် တာအိုဂိုဏ်းတော်သို့ ဝင်ရောက်ခဲ့သည်။
ထို့နောက် အစမ်းခန့်ကာလ ၃ နှစ်အတွင်း သူသည် အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦး၏ တပည့်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။
သူ့ဆရာ၏ အကူအညီနှင့်အတူ ချီရွှမ်းစုသည် အဆင့်-၈ တာအိုဆရာတစ်ဦးအဖြစ် လျင်မြန်စွာ တက်လှမ်းလာခဲ့သည်။ သူ့၏ အနာဂတ်သည် အတောက်ပဆုံး မဟုတ်သော်လည်း အတော်လေး ချောမွေ့ပြေပြစ်နေခဲ့သည်။
သို့သော်လည်း သူ့ဆရာ မသေခင်အချိန်ထိသာ ဖြစ်ခဲ့သည်။
ချီရွှမ်းစုသည် သူ့ဆရာ၏ သေဆုံးမှုအကြောင်း တွေးမိတိုင်း သူ့၏ ရင်ထဲမှာ ပြင်းထန်လေးလံသော နာကျင်မှုတစ်ခုကို ခံစားရသည်။ ထိုသည်မှာ စိတ်ခံစားချက်မျှသာမဟုတ်ဘဲ အစစ်အမှန် ကိုယ်ကာယနာကျင်မှု ဖြစ်သည်။ ချီရွှမ်းစုသည် ယုချင်းလမ်းအတိုင်း လျှောက်လှမ်းရင်း သူ၏ ရင်ဘတ်ကို လက်ဖြင့် အုပ်ထားသည်။ သူက ထိုမှတ်ဉာဏ်များကို ကျော်လွှားပြီး သူ၏ လူငယ်ဘဝကို ပြန်လည်စဉ်းစားလိုက်သည်။
ချီရွှမ်းစုသည် သူ့ဆရာနာမည်၏ နောက်ဆုံးစာလုံး ‘ချီ’ ကို ယူထားခြင်း ဖြစ်သည်။
တာအိုအဖွဲ့အစည်းအတွင်းမှာ လူများစွာသည် ဂိုဏ်းတော်၏ ပြုစုပျိုးထောင်ပေးခြင်း ခံရသောကြောင့် သူတို့သည် တာအိုအဖွဲ့အစည်းကို သူတို့၏ နေအိမ်အဖြစ် ရှုမြင်ထားကြသည်။ သွေးရင်းသားရင်း မိသားစုသဘောတရားကပင် မှိန်ဖျော့သွားပေလိမ့်မည်။
နောက်ပိုင်းမှာ တာအိုဂိုဏ်းတော်တွင် မိသားစုတစ်စု ရွေးချယ်သော ဓလေ့တစ်ခု ဖြစ်ပေါ်လာသည်။ ဆရာများသည် သူတို့တပည့်များ၏ ဖခင်များနှင့် တူသည်။ တာအိုဂိုဏ်းတော်အတွင်းမှာ လူများစွာသည် လက်ထပ်ထိမ်းမြားခြင်း သို့မဟုတ် ကလေးယူခြင်း မရှိကြဘဲ သူတို့၏ သင်ကြားပြသမှုကို လက်ဆင့်ကမ်းအမွေပေးဖို့ သူတို့၏ ကလေးများအဖြစ် တပည့်များ မွေးယူကြသည်။
သဘောတရားက ရိုးရှင်းသည်။ သူတို့ မွေးဖွားမည့် ကလေးများကို မရွေးချယ်နိုင်သော်လည်း သူတို့၏ တပည့်များကို စိတ်တိုင်းကျ ရွေးချယ်နိုင်သောကြောင့် ဖြစ်သည်။
ချီရွှမ်းစု၏ ဆရာသည် ထိုကဲ့သို့သော လူမျိုးဖြစ်ပြီး သူ့ကို မှီခိုနေသည့် မိဘများ၊ ကလေးများ သို့မဟုတ် ဇနီးမယား မရှိပေ။ အသက် ၄၀ အရွယ်မှာ ချီရွှမ်းစု၏ ဆရာသည် သူ့ကို တပည့်အဖြစ် လက်ခံပြီး သူ့ကို နာမည်ပြန်မှည့်ပေးခဲ့သည်။
သူ့နာမည်က စာလုံးနှစ်လုံး ရွှမ်းနှင့် စုမှာ လေးနက်သော အဓိပ္ပာယ်များစွာ ရှိသော်လည်း တိုက်ရိုက်အဓိပ္ပာယ်မှာ အနက်နှင့် အဖြူဟူ၍ ဖြစ်သည်။
သူ့ဆရာက သူ့ကို အများခေါ်နာမည်တစ်ခု ထျန်းယွမ်ဟုလည်း ပေးခဲ့သည်။ ထျန်း၏ အဓိပ္ပာယ်က ကောင်းကင်ဖြစ်ပြီး ယွမ်၏ အဓိပ္ပာယ်က ချောက်နက်ဖြစ်သည်။ ဤသည်မှာ အနက်နှင့် အဖြူ၏ အဓိပ္ပာယ်ကို ဆောင်သော ရွှမ်နှင့် စု၏ ကွဲလွဲဆန့်ကျင်မှုလိုပင် ကောင်းကင်နှင့် ငရဲကြား ခြားနားမှုတစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။
ထိုအချိန်တုန်းက ချီရွှမ်းစုနှင့် သူ့ဆရာသည် ဟိုင်ချန်အကွက်၏ ခြံဝင်းငယ်ထဲမှာ နေထိုင်ခဲ့ကြသည်။ ချီရွှမ်းစုအတွက်တော့ ထိုခြံဝင်းသည် ဝမ်ရှန်းတာအိုနန်းတော်ထက်ပို၍ အိမ်နှင့် တူသည်ဟု ခံစားခဲ့ရသည်။ ကံဆိုးစွာနှင့် သူ့အတွက် အိမ်က သိပ်ကြာကြာ မတည်တံ့ခဲ့ပေ။
ချီရွှမ်းစုသည် ထိုမှတ်ဉာဏ်များကို ပြန်လည်စဉ်းစားသည့်အခါ အမျက်ဒေါသထက် ဝမ်းနည်းမှုကိုသာ ပို၍ ခံစားရတော့သည်။
အကြောင်းရင်းမှာ သူသည် ချင်းဖျင်အသင်းတော်ကို နောက်ခံထားပြီး ကိုယ်တိုင် လက်စားချေကာ နောက်ပိုင်းပြဿနာများကို အစ်မချီက ရှင်းလင်းပေးခဲ့ပြီဖြစ်သောကြောင့်ပင်။
လက်စားချေဖို့အတွက် ချီရွှမ်းစု ပြန်ပေးဆပ်ရသည့် တန်ဖိုးမှာ သူသည် ချင်းဖျင်အသင်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခြင်းပင်။
သူသည် သူတို့၏ အမိန့်ကို နာခံရပြီး သဘောမကျလျှင်တောင် ငြင်းဆန်ခွင့်မရှိဘဲ လုပ်ဆောင်ပေးရသည်။
ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်သို့ ဝင်ရောက်စဉ်မှစ၍ သူသည် စစ်တုရင်ခုံပေါ်က နောက်မဆုတ်နိုင်သော နယ်ရုပ်တစ်ရုပ်လို ဖြစ်နေခဲ့သည်။ ကံကောင်းမှုတစ်ခုမှာ သူသည် မြစ်ကို ဖြတ်ကျော်လာသော နယ်ရုပ်တစ်ရုပ်လို ဘယ်ညာ ရွှေ့နိုင်သေးခြင်း ဖြစ်သည်။
အန္တရာယ်နှင့် တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့သည့်အခါ သူ့အနေဖြင့် ထိုကပ်ဘေးကို ရှောင်နိုင်ကောင်း ရှောင်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုသို့ဖြင့် ချီရွှမ်းစုသည် သူ့နဂိုလမ်းကြောင်းကနေ တဖြည်းဖြည်း လွဲချော်ပြီး လမ်းကြောင်းအသစ်ပေါ်သို့ ရောက်ရှိလာသည်။
တကယ်ဆို သူ့ဆရာအသက်ရှင်စဉ်က ချီရွှမ်းစုမှာ ရှင်းလင်းသော ရည်မှန်းချက်များ ရှိခဲ့သည်။ သို့သော်လည်း လက်စားချေပြီးနောက် သူ့မှာ တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားခဲ့ရသည်။
ဤအချိန်တောအတွင်း အစ်မချီသည် သူ့ဆရာ၏ နေရာကို တဖြည်းဖြည်း အစားဝင်ယူလာခဲ့သည်။ သူမသည် သူ့ကို လမ်းညွှန်သင်ကြားပြသပေးပြီး သူအသက်ရှင်ဖို့အတွက် အကြောင်းပြချက်ကို တဖြည်းဖြည်း ပြန်လည်ရရှိလာစေသည်။ မည်သို့ပင်ဆိုစေ သူက ငယ်ရွယ်သေးပြီး ဘဝမှာ ရှေ့သို့ ဆက်ရဦးမည် ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ချင်းဖျင်အသင်းတော်ကနေ ထွက်ခွာဖို့ အစီအစဉ်များကို စတင်ချမှတ်ခဲ့သည်။
ချင်းဖျင်အသင်းတော်ကလည်း သူ့ကို အခက်တွေ့အောင် မလုပ်ပေ။ ချင်းဖျင်အသင်းတော်ကနေ ထွက်ခွာဖို့ဆိုလျှင် ချီရွှမ်းစုသည် သူ၏ တင်နေသော အကြွေးများကို ဖြေရှင်းဖို့ အကျိုးဆောင်မှတ် ကိုးထောင်ကို စုဆောင်းရမည်သာ ဖြစ်သည်။
အကျိုးဆောင်မှတ်များသည် ချင်းဖျင်အသင်းတော်မှာ အလုပ်တာဝန်၏ ခက်ခဲမှုအတိုင်းအတာပေါ် အခြေခံထားသည့် တစ်မူထူးခြားသော ရေတွက်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ အကျိုးဆောင်မှတ်များက ပိုမိုမြင့်မားလေ ထိုတာဝန်မှာ အန္တရာယ်က ပိုမိုကြီးမားလေဖြစ်သည်။ ဥပမာအားဖြင့် ချီရွှမ်းစုသည် မကြာသေးခင်က ဖုန်ထိုက်ခရိုင်မှာ ထမ်းဆောင်ခဲ့သော တာဝန်ကနေ အကျိုးဆောင်မှတ် ၃၀၀ ကို ရရှိခဲ့သည်။ ဤသည်မှာ အစောပိုင်းနှစ်များတွင် သူစုဆောင်းခဲ့သော အကျိုးဆောင်မှတ်များအားလုံးနှင့် တူညီသည်။
သို့သော်လည်း ဤတစ်ခေါက်မှာ သူသည် ကျူးကောယုံမင်၏ လက်ထဲတွင် သေလုမတတ် ဖြစ်ခဲ့ရသည်။ အစ်မချီပေါ်ထွက်လာခဲ့သည်ဆိုလျှင်ပင် အစ်မချီပြောသော အဆင့်-၄ တာအိုအကြီးအကဲက ဝင်ရောက်စွပ်ဖက်ခဲ့ခြင်း မရှိသည်မှာ ချီရွှမ်းစု၏ ကံကောင်းမှုသက်သက် ဖြစ်သည်။ ထိုအဆင့်-၄ တာအိုအကြီးအကဲကသာ ဝင်ရောက်တိုက်ခိုက်ခဲ့မည်ဆိုလျှင် ထိုစဉ်ကတည်းက သူ့ဘဝက အဆုံးသတ်သွားခဲ့ရပေလိမ့်မည်။
ဖုန်ထိုက်ခရိုင် အမှုအခင်းသည် ဖိနစ်စိမ်းတပ်ဖွဲ့၊ ချွမ်ကျန်းဂိုဏ်း၊ ကျန်းယီဂိုဏ်း၊ အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးနှင့် ထိုက်ဖျင်ဂိုဏ်းမှ သူတော်စင်တစ်ပါးနှင့်ပင် ပတ်သက်နေသောကြောင့် ချင်းဖျင်အသင်းတော်သည် ဤတာဝန်အတွက် ချီရွှမ်းစုကို အကျိုးဆောင်မှတ် ၃၀၀ ပေးခဲ့သည်။ ထိုအမှုအခင်းသည် ကျူးကောယုံမင်နှင့်သာ ပတ်သက်နေမည် ဆိုလျှင် ချီရွှမ်းစုသည် အကျိုးဆောင်မှတ် ၁၀၀ ကိုပင် ရရှိလိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်မှာ ချီရွှမ်းစုသည် ထိုက်ချင်းရင်ပြင်သို့ ရောက်ရှိလာသည်။