← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း ၂၃ - ထိုက်ချင်းရင်ပြင်

ကျောက်စိမ်းနေပြည်တော် တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။

ကျောက်စိမ်းနေပြည်တော်သည် အေးစက်၍ အပြင်လူများကို တွန်းထုတ်နေသည်ဟု ထင်ရသော်လည်း ထိုက်ချင်းရင်ပြင်ကတော့ တစ်ခုတည်းသော ခြွင်းချက်ဖြစ်ပြီး အမျိုးမျိုးသော ဈေးဆိုင်များနှင့် ကြီးမားသော လူအုပ်ကြီးနှင့်အတူ ပျားပန်းခပ်မျှ စည်ကားနေသည်။

ထိုက်ချင်းရင်ပြင်ကို ရောက်လာပြီးနောက် ချီရွှမ်းစု၏ အမြင်အာရုံကို ဖမ်းစားသွားသည့် ပထမဆုံးအရာမှာ ရှေးဦးမူလတာအိုဘိုးဘေး၏ ငွားငွားစွင့်စွင့်မြင့်မားသော ရုပ်တုကြီးဖြစ်သည်။ ရှေးဦးမူလ တာအိုဘိုးဘေး၏ ပေတစ်ရာမြင့်မားသော ရုပ်တုသည် ရှန်ချင်းလမ်းနှင့် ယုချင်းလမ်း ဆုံရာနေရာမှာ တည်ရှိနေသည်။ ၎င်းသည် ထိုက်ချင်းရင်ပြင်၏ အချက်အချာနေရာဖြစ်ပြီး ကျောက်စိမ်းနေပြည်တော် တစ်ခုလုံး၏ အလယ်ဗဟိုလည်း ဖြစ်လေသည်။

အစကတော့ ဤနေရာမှာ ရွှမ်အရှင်မြတ်၏ ရုပ်တုကို စိုက်ထူဖို့ အဆိုပြုခဲ့သော်လည်း ထိုအဆိုပြုချက်ကို ရွှမ်အရှင်မြတ်ကိုယ်တိုင်က ငြင်းဆန်ခဲ့သည်။ ထိုသို့ဖြင့် သူတို့သည် ရှေးဦးမူလ တာအိုဘိုးဘေး၏ ရုပ်တုကို စိုက်ထူဖို့ ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ထိုသည်မှာ ရှေးဦးမူလတာအိုဘိုးဘေးကို မလေးမစား ပြုမူခြင်း မဟုတ်ပေ။ ကျောက်စိမ်းနေပြည်တော် တစ်ဝန်းလုံးမှာ သူ၏ ရုပ်တုက အရေအတွက်ထောင်ချီမရှိလျှင်တောင် အနည်းဆုံး ရာနှင့်ချီ ရှိနေသည်။ သို့သော်လည်း ရွှမ်အရှင်မြတ်က သူ၏ ရုပ်တုကို မထားရှိဖို့ ဆုံးဖြတ်ထားသည်။ ထိုသို့ဖြင့် ထိုက်ချင်းရင်ပြင် သို့မဟုတ် ကျောက်စိမ်းနေပြည်တော်တစ်ခုလုံးမှာပင် ရွှမ်အရှင်မြတ်၏ ရုပ်တုမရှိပေ။ ရွှေနန်းမြင့်မျှော်စင်နှင့် ခရမ်းရောင်စံအိမ်တော်မှာသာ ရွှမ်အရှင်မြတ်၏ ပန်းချီကားများသာ ရှိနေသည်။ ထို့ကြောင့် သူတော်စင်များနှင့် မဟာသူတော်စင်များသာလျှင် ရွှမ်အရှင်မြတ်၏ အစစ်အမှန်ပုံစံကို တွေ့မြင်နိုင်ကြသည်။

ယခုအချိန်မှာ ကောင်းကင်က တဖြည်းဖြည်း မှောင်လာပြီး ရောင်စုံမီးအိမ်များကို စတင်၍ ထွန်းညှိလာကြသည်။

ပန်းပွားများ ချိတ်ဆွဲထားသည့် မီးအိမ် ၂၄ အိမ်သည် ရှေးဦးမူလ တာအိုဘိုးဘေး၏ ရုပ်တုဘေးပတ်လည်မှာ လွင့်မျောနေသည်။ မီးအိမ်တစ်ခုချင်းစီက ရေစည်ပိုင်းလောက်ကြီးမားပြီး သူတို့သည် ထူးခြားသော လမ်းကြောင်းတစ်ခုဖြင့် ရုပ်တုကို လှည့်ပတ်ခါ ထိုက်ချင်းရင်ပြင်တစ်ခုလုံးကို အလင်းရောင်ပေးနေသည်။

ညရောက်လာပြီးနောက် ထိုက်ချင်းရင်ပြင်သည် ဓလေ့ထုံးစံဝတ်ရုံများကနေ ချီရွှမ်းစုလို သာမန်ကာလျှံကာဝတ်စုံများအထိ ဝတ်စားဆင်ယင်ထားသော ဝင်ထွက်သွားလာနေသည့် လူများနှင့်အတူ အလွန်တရာ စည်ကားသက်ဝင်နေသည်။ ရင်ပြင်၏ ဘေးပတ်လည်မှာ ဓားများ၊ ကျောက်စိမ်းပစ္စည်းများ၊ စိတ်ဝိညာဉ်ပစ္စည်းများ၊ အဆောင်လက်ဖွဲ့များ၊ စာရေးကိရိယာများ၊ ဆေးဝါးများ၊ ဆေးလုံးများ၊ အဝတ်အစားများ၊ ခြံထွက်သီးနှံများနှင့် ပစ္စည်းအဟောင်းများ စသည်တို့ကို ရောင်းချသည့် ဈေးဆိုင်များ၊ အမျိုးမျိုးသော စားသောက်ဆိုင်များနှင့် တည်းခိုခန်းများ ရှိနေသည်။ မှောင်လာပြီးနောက် ဤဆိုင်များအားလုံးသည် မီးအိမ်တစ်လုံးမက ထွန်းထားကြသည်။ အပေါ်စီးကနေ ကြည့်လျှင် ထိုက်ချင်းရင်ပြင်တစ်ခုလုံးကို မီးအိမ်များဖြင့် စီခြယ်ထားသည့်အလား ထင်ရသည်။

ကံဆိုးစွာနှင့် ကျောက်စိမ်းနေပြည်တော်မှာ တားမြစ်ပိတ်ပင်ချက်တစ်ခု ရှိနေသည်။ ဒုတိယအဆင့်အောက်မှာရှိသော တာအိုဆရာများသည် ပျံသန်းခွင့်မရှိပေ။ ထို့ကြောင့် သူတော်စင်များနှင့် မဟာသူတော်စင်များသာလျှင် ဤမြင်ကွင်းကို အပေါ်စီးကနေ ကြည့်ရှုနိုင်ပေသည်။ ထိုက်ချင်းရင်ပြင်တွင် မရှိသည့်အရာဟူ၍ ဆောင်ကြာမြိုင်များနှင့် လောင်းကစားရုံများသာ ဖြစ်သည်။ တာအိုဂိုဏ်းတော်သည် ဤကဲ့သို့ မကောင်းသော အကျင့်စရိုက်များကို တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားသည်။ ဒါ့အပြင် ပြည့်တန်ဆာများနှင့် ပျော်တော်ဆက်များကိုလည်း ကျောက်စိမ်းနေပြည်တော်သို့ ဝင်ရောက်ခွင့် ပေးမထားပေ။

ချီရွှမ်းစုသည် လက်နှစ်ဖက်ကို အောက်ချပိုက်ကာ ထိုက်ချင်းရင်ပြင်အစပ်တွင် မတ်တတ်ရပ်နေသည်။ သူသည် ကောင်းကင်ထက်မှာ လွင့်မျောနေသော မီးအိမ်များကို ကြည့်ပြီး ဤနေရာကို သူပထမဆုံး ရောက်ရှိခဲ့သည့်အကြောင်း ပြန်ပြောင်းစဉ်းစားနေမိသည်။ မီးအိမ်များ၊ ဘေးပတ်ဝန်းကျင်မှာရှိသော ဖယောင်းတိုင်များ၊ ရှေးဦးမူလ တာအိုဘိုးဘေးရုပ်တုနှင့် စည်ကားသိုက်မြိုက်နေသော လူအုပ်ကြီးက သူ့ကို ရုတ်တရက် မွမ်းကျပ်လာစေသည်။

သူသည် ယုချင်းလမ်းအတိုင်း ထိုက်ချင်းရင်ပြင်၏ အနောက်ဘက်ကနေ ဝင်ရောက်လာသည်။ ထိုစဉ်မှာပင် ကျန်းယွဲ့လုသည် ရှန်ချင်းလမ်းအတိုင်း ရင်ပြင်၏ မြောက်ဘက်ကနေ ချဥ်းကပ်လာသည်။

ရှေးခေတ်တုန်းက မြို့များသည် အမြဲတမ်းလိုလို တောင်ဘက်ကို မျက်နှာမူထားပြီး ကျောက်စိမ်းနေပြည်တော်၏ မြောက်ဘက်ခြမ်းက ရွှမ်မြို့တော် ဖြစ်သည်။

ကျန်းယွဲ့လုသည် လက်ထောက်ခန်းမသခင်တစ်ဦးအဖြစ် ယခုတင် ရာထူးတိုးမြှင့်ပေးခြင်း ခံထားရသော်လည်း သူမသည် ကောင်းမွန်သော စိတ်အခြေအနေမှာ ရှိမနေပေ။ တာအိုဂိုဏ်းတော်၏ အထက်ပိုင်းအလွှာကြား ကြိတ်ပုန်းခုတ် ယှဉ်ပြိုင်မှုများနှင့် ဖုံးကွယ်ထားသော နိုင်ငံရေးကစားကွက်များက သူမကို အလွန်တရာ မနှစ်မမြို့ ခံစားရစေသည်။ သူမပင်လျှင် ရွေးချယ်စရာမရှိဘဲ ထိုအရှုပ်ထွေးမှာ ပါဝင်ပတ်သက်လာရသည်။

ထိုသို့ဖြင့် ပထမဆုံးအကြိမ်အနေနှင့် ကျန်းယွဲ့လုသည် အတွင်းမြို့တော်ဟု ကျော်ကြားသော ရွှမ်မြို့တော်ကနေ ထွက်ခွာပြီး စိတ်ပြေလက်ပျောက်ဖြစ်ဖို့ အပြင်မြို့တော်သို့ ရောက်လာသည်။

စွန်းယုံဖုန့်နှင့် ကျန်းယွဲ့လု နှစ်ဦးစလုံးသည် အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲများ ဖြစ်သော်လည်း ကျန်းယွဲ့လု၏ အဆင့်အတန်းက များစွာပိုမို မြင့်မားသည်။ အထူးသဖြင့် သူမသည် လက်ထောက်ခန်းမသခင်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်း ခံထားရပြီး အင်မော်တယ်တစ်ပိုင်းပစ္စည်းကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုသို့ဖြင့် ကျန်းယွဲ့လုသည် ရွှမ်မြို့တော်မှာ ဝင်းနှစ်ထပ်ပါသော စံအိမ်တစ်လုံးကို ခံစားခွင့်ရသည်။ ဒါ့အပြင် ထိုက်ချိခန်းမသည် သူမကို နှစ်သုံးဆယ်စာ နေထိုင်ခွင့် ပေးထားပြီး ကျန်းယွဲ့လုအတွက် ငှားရမ်းခကိုလည်း ကင်းလွတ်ခွင့် ပေးထားသည်။

တာအိုဂိုဏ်းတော်တွင် ပါရမီရှင်များဟု သာမန်လူများ သတ်မှတ်ထားသည့်သူများ နည်းပါးမနေပေ။ ထိုသို့ဖြင့် သူတို့သည် အဆင့်ကိုးဆင့်စနစ်ကို တည်ဆောက်ထားသည်။ တာအိုဂိုဏ်းတော်တွင် လစ်လပ်နေသည်မှာ နတ်သက်ကြွေအင်မော်တယ်များ ဖြစ်ကြသည်။

တာအိုဂိုဏ်းတော်၏ အင်အားအရ သူတို့သည် ဒုက္ခိတတစ်ဦးကို သာမန်လူတစ်ဦးအဖြစ် သို့မဟုတ် သာမန်လူတစ်ဦးကို နတ်သက်ကြွေအင်မော်တယ်တစ်ဦးအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း နတ်သက်ကြွေအင်မော်တယ်တစ်ဦးအဖြစ် ပြောင်းလဲပေးရသည့် ကုန်ကျစရိတ်က အရမ်းကို များပြားလွန်းသည်။

ဒါ့အပြင် သူတော်စင်များနှင့် မဟာသူတော်စင်များကလည်း အရင်းအမြစ်များစွာကို သုံးစွဲနေကြသည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်သည် သဘာဝအလျောက် မွေးဖွားလာသော နတ်သက်ကြွေအင်မော်တယ်များကို အလွန်တရာ တန်ဖိုးထားသည်။

နတ်သက်ကြွေအင်မော်တယ်တစ်ဦးကို အတင်းအကျပ် ဖန်တီးရသော ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်လျှင် ကျန်းယွဲ့လုကို အင်မော်တယ်တစ်ပိုင်းပစ္စည်း ချီးမြှင့်ပေးပြီး ရွှမ်မြို့တော်မှာ စံအိမ်တစ်ခု ခံစားခွင့်ပေးခြင်းက သေချာပေါက် များစွာပိုမို သက်သာသည်။

ကျန်းယွဲ့လုက ထိုက်ချင်းရင်ပြင်မှာ တစ်ယောက်တည်း လမ်းလျှောက်နေသည်။ သူမမှာ ကျော်ကြားသော နာမည်ဂုဏ်သတင်းရှိသော်လည်း သူမကို အမှန်တကယ် ကိုယ်တိုင်တွေ့မြင်ဖူးသူ များစွာမရှိပေ။ ဒါ့အပြင် ယခုအချိန်မှာ သူမသည် အဆင့်အတန်းကို ပြသသည့် မည်သည့်အဆောင်အယောင်ကိုမှ ဆင်မြန်းမထားဘဲ ရိုးရှင်းသော တာအိုဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။

ဒါ့အပြင် ယခုက ညအချိန်ဖြစ်သည်။ မီးအိမ်များက တောက်ပနေသည်ဆိုလျှင်ပင် သူတို့သည် နေ့အလင်းရောင်ကို အစားမထိုးနိုင်ပေ။ ထိုသို့ဖြင့် ကျန်းယွဲ့လုသည် စိတ်အနှောင့်အယှက်များစွာကို မရရှိပေ။

ကျန်းယွဲ့လုသည် လက်နက်များကို အထူးတလည် ရောင်းချသည့် ဆိုင်တစ်ဆိုင်ထဲသို့ သာမန်ကာလျှံကာ ဝင်ရောက်လာသည်။ ယေဘုယျအားဖြင့် သေနတ်များကို အထင်သေးသော တာအိုဆရာများ အသုံးပြုလေ့ရှိသည်မှာ ဓားများသာ ဖြစ်သည်။

သို့သော်လည်း ဤဆိုင်က ထိုသတ်မှတ်ချက်ကို ဆန့်ကျင်နေသည်။ ဤဆိုင်သည် ဓားတစ်လက်ကိုမျှ ရောင်းချခြင်း မရှိဘဲ အဓိကအားဖြင့် သေနတ်များနှင့် တမူထူးခြားဆန်းပြားသော လက်နက်များကို ရောင်းချနေသည်။

သမုဒ္ဒရာ၏ ကျယ်ပြောမှုကို တွေ့မြင်ထားဖူးသော သူက စမ်းချောင်းများလောက်ကို စိတ်ဝင်စားတော့မည် မဟုတ်ပေ။ ကျန်းယွဲ့လုသည် ဓားသိုင်းမှာ အမှန်တကယ်ပင် ကျွမ်းကျင်သော်လည်း အင်မော်တယ်တစ်ပိုင်းပစ္စည်းတစ်ခုကို ရရှိပြီးနောက် သူမသည် သာမန်ဓားများ သို့မဟုတ် စိတ်ဝိညာဉ်အရည်အသွေးရှိသော ပစ္စည်းများကိုပင် စိတ်ဝင်စားမှု လျော့ကျသွားသည်။ ထိုသို့ဖြင့် သူမသည် ထူးဆန်း၍ တိုင်းတစ်ပါးကလာသော ဤပစ္စည်းများကို စိတ်ဝင်စားမိလာသည်။

ဆိုင်ရှင်သည် ပစ္စည်းကိရိယာများနှင့် မွေ့လျော်ပြီး သေနတ်များကို စိတ်ဝင်စားသော အဆင့်-၆ တာအိုဆရာတစ်ဦး ဖြစ်သည်။ သူသည် ယခင်က ထန်ကျိခန်းမမှာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း လုံလောက်သည့် အရင်အနှီးကို စုဆောင်းခဲ့ပြီးနောက် ဤဆိုင်ကိုဖွင့်ခဲ့သည်။

ဆိုင်ထဲသို့ ကျန်းယွဲ့လု ဝင်ရောက်လာသောအခါ သူက နှုတ်ဆက်ဖို့ကို အလောတကြီး ရှိမနေဘဲ သူမကို စိတ်ကြိုက် ကြည့်ရှုခွင့်ပေးထားသည်။

ကျန်းယွဲ့လု၏ အကြည့်သည် ကျိုးရှီခေတ်၏ ၃၆ ခုနှစ်မှာ နတ်ဘုရားလက်နက်တိုက်ကနေ ထုတ်ခဲ့သော နတ်နဂါးပစ္စတို အပါအဝင် အမျိုးမျိုးသော သေနတ်များပေါ် ကျရောက်သွားသည်။ နောက်ဆုံးမှာတော့ သူမ၏ အကြည့်က ဆေးတံတစ်တံပေါ် ရောက်ရှိသွားသည်။

ကျန်းယွဲ့လုက ဘယ်လိုပင် ပါရမီအရည်အချင်း ရှိသည်ဖြစ်စေ သူမသည် ငယ်ရွယ်သေးပြီး အတွေ့အကြုံ သိပ်မရှိပေ။ သူမသည် အရာရာမှာ သိမြင်နှံ့စပ်နေဖို့ မဖြစ်နိုင်ဘဲ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“လူကြီးမင်း… ရှင် ဒီလိုနေရာမှာ ဘာလို့ ဆေးတံတွေကိုပါ ရောင်းနေတာလဲ”

ဆိုင်ရှင်က ခပ်ပေါ့ပေါ့ ပြုံးကာ ပြောလိုက်သည်။

“ဒါက သာမန်ဆေးတံ မဟုတ်ဘူး… မျက်နှာဖျက်လက်နက်လို့ ခေါ်တဲ့ လက်နက်ဆန်းတစ်ခုပဲ… အပြင်ဘက်မှာ ဓားသွားတွေ ပါတယ်”

ထိုအချိန်မှာ ချီရွှမ်းစုကလည်း ဝင်ရောက်လာပြီး ဆိုင်ရှင်ပြောသည့်စကားကို ကြားလိုက်ရသည်။ သူက ဆေးတံကို ကြည့်ပြီး အစ်မချီသည်လည်း ထိုကဲ့သို့သော ဆေးတံမျိုး တစ်ချိန်လုံး ဆောင်ထားတတ်သည်ကို သတိရသွားသည်။

သို့သော်လည်း အစ်မချီသည် ၎င်းကို လက်နက်တစ်ခုအဖြစ် ဘယ်တုန်းကမှ အသုံးမပြုခဲ့ပေ။ သူမက ဆေးတံသောက်ဖို့အတွက်သာ ၎င်းကို အသုံးချသည်။ အစ်မချီသည် ရံဖန်ရံခါ တိုက်ခိုက်သည့်အခါ သူမ၏ လက်နှစ်ဖက်ကိုသာ အသုံးပြုလေ့ရှိသည်။ သူမ၏ မြန်ဆန်မှု၊ တိကျမှုနှင့် ရက်စက်ကြမ်းကြုတ်မှုမှာ သူမ၏ ပြိုင်ဘက်များက တုံ့ပြန်ချိန်ပင် မရခဲ့ပေ။

သူမ၏ လက်ဝါးရိုက်ချက်များက အစစ်အမှန် ဓားသွားများထက် ပိုမိုထက်ရှပြီး ချီရွှမ်းစုအနေဖြင့် သူမ၏ ကျင့်ကြံမှု အတိမ်အနက်ကို ခန့်မှန်းဖို့ မလွယ်ကူခဲ့ပေ။

ကျန်းယွဲ့လု၏ အကြည့်သည် မျက်နှာဖျက်လက်နက်ကနေ ချီရွှမ်းစုထံသို့ ရွှေ့ပြောင်းရောက်ရှိသွားသည်။

ကွေ့ကျန်းအဆင့်မှာရှိသော နတ်သက်ကြွေအင်မော်တယ်တစ်ဦးအနေဖြင့် ကျန်းယွဲ့လုသည် နိုးထဝိညာဉ်နယ်ပယ်ကို ရောက်ရှိနေပြီဖြစ်ပြီး လေလွင့်ကျင့်ကြံသူတစ်ဦး၏ မြင့်မြတ်သန္ဓေလောင်းနယ်ပယ်နှင့် ဆင်တူမှုရှိသည်။

အမည်များအရ ကြည့်လျှင်ပင် ထိုနယ်ပယ်နှစ်ခုသည် မတူညီသော တာအိုလမ်းစဉ်များ ဖြစ်သော်လည်း အမှန်တကယ်တမ်းမှာ ဆင်တူမှုများစွာ ရှိသည်ကို နားလည်သိရှိဖို့ မခက်ခဲပေ။

လေလွင့်ကျင့်ကြံသူများ၏ လမ်းစဉ်သည် သမိုင်းမှာ အတော်လေးစိတ်ဝင်စားစရာကောင်းသည်။ သူတို့သည် အခြားသောလမ်းစဥ်များမှ နယ်ပယ်အတော်များများကိုယူပြီး အတူတကွပေါင်းစပ်ကာ နတ်သက်ကြွေအင်မော်တယ်လမ်းစဥ်ကို တုပထားသည့် ပုံစံတစ်ခုကို ဖန်တီးခဲ့ကြသည်။ အနှစ်ချုပ်အားဖြင့် နတ်သက်ကြွေအင်မော်တယ်များသည် အရာရာမှာ ကျွမ်းကျင်နှံ့စပ်သလို လေလွင့်ကျင့်ကြံသူများကလည်း နှံ့စပ်ကြသည်။ သို့သော်လည်း သူတို့က အပေါ်ယံမျှသာဖြစ်သည်။

ထို့ကြောင့် လေလွင့်ကျင့်ကြံသူများကို တစ်ခါတစ်ရံမှာ အဆင့်နိမ့်နတ်သက်ကြွေအင်မော်တယ်များဟု ခေါ်ဆိုလေ့ရှိကြသည်။ သို့သော်လည်း ထိုခေါ်ဝေါ်မှုမှာ ချီးကျူးလိုမှုထက် နှိမ့်ချလိုမှုက ပိုများသည်။

လေလွင့်ကျင့်ကြံသူများ၏ လမ်းစဉ်သည် နတ်သက်ကြွေအင်မော်တယ်များကို အများအပြား မွေးထုတ်ဖို့ တာအိုဂိုဏ်းတော်၏ ကြိုးပမ်းမှုတစ်ခု ဖြစ်သည်ဟူသော ထင်မြင်ယူဆချက်တစ်ခုပင် ရှိသည်။ သို့သော်လည်း ထိုစမ်းသပ်ချက်က ကျရှုံးသွားခဲ့သည်။

တာအိုဂိုဏ်းတော်သည် နတ်သက်ကြွေအင်မော်တယ်များကို တုပနိုင်သော်လည်း သူတို့ကို အများအပြား မွေးထုတ်ဖို့က မဖြစ်နိုင်ပေ။

နတ်သက်ကြွေအင်မော်တယ်တစ်ဦးကို တုပရသည့် ကုန်ကျစရိတ်က များပြားလွန်းသည်။ ကျင့်ကြံထားသော နတ်သက်ကြွေအင်မော်တယ်က အရွယ်မတိုင်ခင် မသေဆုံးလျှင်တောင် တာအိုဂိုဏ်းတော်သည် သုံးစွဲရသော အရင်းအမြစ်များကို ပြန်ကာမိလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြင့် ရှေးဟောင်းလမ်းစဉ် ၅ ခုအပြင် လေလွင့်ကျင့်ကြံသူလမ်းစဉ်ဟူ၍ ထပ်မံပေါ်ထွက်လာခဲ့သည်။

တာအိုဂိုဏ်းတော်၏ အထက်ပိုင်းအလွှာမှာ ထွန်းတောက်လာသော ကြယ်တစ်ပွင့်အနေဖြင့် ဤထင်မြင်ယူဆချက်က ကောလာဟလမျှသာ မဟုတ်ဘဲ လက်တွေ့ကျသော အမှန်တရားတစ်ခု ဖြစ်သည်ကို ကျန်းယွဲ့လု ကောင်းကောင်းသိရှိထားသည်။ တာအိုဂိုဏ်းတော်သည် အရင်တုန်းက ကွန်ဖြူးရှပ်ဝါဒီများ၏ တိုးတက်မှုရပ်တန့်သွားခြင်းနှင့် ငါသာအမှန်ဟူသော အတ္တမာနကနေ သင်ခန်းစာယူခဲ့ကြသည်။

ရွှမ်အရှင်မြတ် ခေတ်ကစပြီး လူငယ်ပါရမီရှင်များကို တန်ဖိုးထားလာခြင်းအပြင် တာအိုဂိုဏ်းတော်သည် အမျိုးမျိုးသော တီထွင်ဆန်းသစ်မှုများကိုလည်း အားသွန်ခွန်စိုက် ပြုလုပ်နေခဲ့ကြသည်။

နတ်သက်ကြွေအင်မော်တယ်များကို တုပခြင်းသည် သူတို့၏ အစောပိုင်း တီထွင်စမ်းသပ်မှုများထဲမှ တစ်ခုမျှသာ ဖြစ်သည်။

အင်မော်တယ်တစ်ပိုင်းပစ္စည်းများ ဆိုသည်မှာလည်း အင်မော်တယ်ပစ္စည်းများကို တုပသော တာအိုဂိုဏ်းတော်၏ ကြိုးပမ်းမှုများမှ ရလဒ်တစ်ခုဖြစ်သည်။

လေလွင့်ကျင့်ကြံသူများသည် နတ်သက်ကြွေအင်မော်တယ်များကနေ ဆင်းသက်လာခြင်း ဖြစ်သောကြောင့် သူတို့ကြားမှာ မသိသာသော ချိတ်ဆက်မှုတစ်ခု ရှိနေသည်။ ၎င်းသည် တူညီသော လမ်းစဉ်အတွင်း ကျင့်ကြံမှုနယ်ပယ် ပိုမိုမြင့်မားသော သူများက ကျင့်ကြံမှုနယ်ပယ် နိမ့်ကျသူများ၏ ခွန်အားနှင့် အားနည်းချက်ကို အလွယ်တကူ ထွင်းဖောက်မြင်နိုင်သည်နှင့် ဆင်တူသည်။

ထို့ကြောင့် ကျန်းယွဲ့လုသည် ချီရွှမ်းစု၏ တည်ရှိမှုကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။ အတွင်းအမြုတေနယ်ပယ်တွင် ခွန်လွင်အဆင့် လေလွင့်ကျင့်ကြံသူတစ်ဦးဟူသော သူ၏ ကျင့်ကြံမှုနယ်ပယ်ကပင် သူမ၏ စိတ်အာရုံကနေ မလွတ်မြောက်နိုင်ပေ။

ဤသည်က အထွေအထူး ပြောနေစရာတော့ မဟုတ်ပေ။ ကျန်းယွဲ့လု၏ စိတ်အာရုံကို အမှန်တကယ် ဖမ်းစားမိသည့်အရာမှာ ချီရွှမ်းစုထံမှ ဖြာထွက်နေသည့် သတ်ဖြတ်ခြင်းအော်ရာဖြစ်သည်။

ဤသတ်ဖြတ်ခြင်းအော်ရာသည် လူတစ်ယောက်နှစ်ယောက် သတ်ဖြတ်ရုံမျှနှင့် စုဆောင်းရရှိနိုင်သော အရာမဟုတ်ပေ။ ၎င်းသည် အစေခံတချို့ကို သတ်ဖြတ်ခြင်းကနေ အသိုင်းအဝိုင်းကြီးသော မိသားစုများမှ သခင်လေးများ ရရှိနိုင်သော အရာလည်း မဟုတ်ပေ။ စစ်မြေပြင်မှာ တိုက်ခိုက်နေသော စစ်သည်အများစုမှာပင် ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသော သတ်ဖြတ်ခြင်းအော်ရာမျိုး မရှိတတ်ပေ။

ကျန်းယွဲ့လု၏ ဝမ်းတွင်းအသိစိတ်နှင့် ပေချန်ခန်းမမှာ သူမ ရရှိထားသော အတွေ့အကြုံသည် ဤလူငယ်က ကျောက်စိမ်းနေပြည်တော်မှ ဒေသခံတစ်ဦးမဟုတ်သည်ကို ပြောပြပေးနေသည်။ သူသည် အခြားသော တာအိုစီရင်စုများမှ လာခြင်း ဖြစ်ဖို့များသည်။

ကျောက်စိမ်းနေပြည်တော်လို တည်ငြိမ်အေးချမ်းသော ပန်းခင်းထဲမှာ ပြုစုပျိုးထောင်ပေးထားသည့် တာအိုဆရာများသည် လေဒဏ်နှင့် မိုးဒဏ်ကို ခံနိုင်ရည်မရှိဟု ထျန်ကန်းခန်းမသခင်က ပြောခဲ့ဖူးသည်။ ထို့ကြောင့် ထျန်ကန်းခန်းမသည် ဒေသဆိုင်ရာ တာအိုစံအိမ်များမှ တာအိုဆရာများကို ခေါ်ယူစုဆောင်းရသည်။

ထို့ကြောင့်လည်း ထျန်ကန်းခန်းမက အမြဲတမ်း လူအင်အားကို လိုအပ်နေခြင်းဖြစ်သည်။

ထိုအခြေအနေကို ဘာလို့မပြောင်းလဲရတာလဲဟု ကျန်းယွဲ့လုက ခန်းမသခင်ကို တစ်ခါမေးခဲ့ဖူးသည်။

ခန်းမသခင်၏ အဖြေစကားက ရိုးရှင်းသည်။ ဤပန်းခင်းကို ပျိုးထောင်ထားသည့် ဥယျာဉ်မှူးသည် လက်ရှိအခြေအနေနှင့် အသားကျကျေနပ်နေသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၎င်းကို ပြောင်းလဲခွင့်မပေးပေ။

ဤအဖြေက ရေရာသေချာမှုမရှိဘဲ ခန်းမသခင်၏ မဝံ့မရဲ အဖြေစကားသည် သူပြောသော ဥယျာဉ်မှူးဆိုသူ၏ အဆင့်အတန်းက သူ့အထက်မှာ ရှိနေကြောင်း သွယ်ဝိုက်၍ ညွှန်ပြနေသည်။

ကျန်းယွဲ့လု စဉ်းစားတွေးတောနေစဉ် ချီရွှမ်းစုသည် ဆိုင်ထဲမှာရှိသော လက်နက်များ၏ ဈေးနှုန်းကို မေးမြန်းစုံစမ်းနေပြီဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကာကွယ်မည့် လက်နက်တစ်ခု ဖြစ်နိုင်လျှင် သေနတ်တစ်လက်ဝယ်ဖို့ ရည်ရွယ်ထားသည်။ သို့သော်လည်း ထိုက်ဖျင်ဒင်္ဂါး ရာချီရှိနေသော ဈေးနှုန်းများမှာ သူက လန့်ဖျန့်သွားပြီး ဆိုင်ထဲကနေ ပြတ်သားစွာဖြင့် လှည့်ထွက်လိုက်သည်။

ကျန်းယွဲ့လုကလည်း စိတ်ဝင်စားမှု မရှိတော့ဘဲ ဆိုင်ထဲကနေ ထွက်လာခဲ့သည်။

သူတို့နှစ်ယောက် ဆိုင်ထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာစဉ် ငယ်ရွယ်သော တာအိုဂိုဏ်းသားတပည့်မတစ်ဦးက သူတို့အနားသို့ ချဥ်းကပ်လာပြီး လက်ထပ်မင်္ဂလာဖိတ်စာနှစ်စောင်ကို ကမ်းပေးကာ စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်သည်။

“ရှင်တို့နှစ်ယောက် အခမ်းအနားပွဲကို ဂုဏ်ပြုတက်ရောက် ချီးမြှင့်ပေးနိုင်မလား”

ကျန်းယွဲ့လုနှင့် ချီရွှမ်းစု နှစ်ယောက်စလုံး အံ့အားသင့် မှင်သက်သွားကြသည်။ ထိုအခါမှသာ မလှမ်းမကမ်း မြို့စောင့်နတ် ဘုရားကျောင်းမှာ စုဝေးနေသော လူအုပ်ကြီးကို သူတို့ သတိထားမိသွားကြသည်။

လက်ထပ်မင်္ဂလာပွဲတစ်ခု ကျင်းပနေသလို ပတ်ဝန်းကျင်က စည်ကားနေသည်။

ဓလေ့ထုံးတမ်းအရ ညနေခင်းဆည်းဆာတွင် ကျင်းပသောမင်္ဂလာပွဲအတွက် သတို့သားသည် သတို့သမီးကို မနက်ပိုင်းမှာ သူမ၏ နေအိမ်သို့ သွားကြိုရမည်ဖြစ်သည်။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် သူတို့၏ အိတ်ဆောင်နာရီများကို တစ်ပြိုင်နက်တည်း ထုတ်ယူပြီး အဖုံးကို ဖွင့်ကြည့်လိုက်ကြသည်။

အချိန်က ၇ နာရီ ၁၅ မိနစ် ကွက်တိ ဖြစ်နေသည်။

အခန်း ၂၄ - မိန်းမပျိုထန်ထိုက်

မြို့တော်၏ နတ်ဘုရား သို့မဟုတ် မြို့တော်၏ အရှင်ဟု ကျော်ကြားသော မြို့စောင့်နတ်သည် တာအိုအဖွဲ့အစည်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကိုးကွယ်ကြသော အရေးပါအရာရောက်သည့် နတ်များထဲမှ တစ်ပါးဖြစ်သည်။ ထိုနတ်သည် အများလူထုကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ထင်ရှားကျော်ကြားသည့် သူရဲကောင်းများနှင့် အရာရှိများ၏ ပြယုဂ်လည်းဖြစ်သည်။

ကျောက်စိမ်းနေပြည်တော်ကလည်း မြို့တော်တစ်မြို့ဖြစ်ပြီး ထိုက်ချင်းရင်ပြင်မှာ သက်ဆိုင်ရာ မြို့စောင့်နတ်ဘုရားကျောင်းကို ထားရှိသည်။ ထိုဘုရားကျောင်းမှာ တာအိုဂိုဏ်းတော်၏ ဒုတိယမျိုးဆက် မဟာအကြီးအကဲကို ပူဇော်ပသထားသည်။

ဤမဟာအကြီးအကဲသည် ဩဇာအာဏာကို သိပ်ကြာကြာမယူခဲ့ဘဲ ရွှမ်အရှင်မြတ် သို့မဟုတ် တတိယမျိုးဆက် မဟာအကြီးအကဲလောက် ထင်ရှားကျော်ကြားခဲ့ခြင်းမရှိသော်လည်း သူတာဝန်ထမ်းဆောင်သည့် သက်တမ်းအတွင်းမှာ ရွှမ်အရှင်မြတ် ချမှတ်ခဲ့သည့် အုတ်မြစ်အပေါ်အခြေခံပြီး ကျောက်စိမ်းနေပြည်တော်၏ အခင်းအကျင်းကို တိုးတက်အောင် ပြုလုပ်ပေးခဲ့သည်။

ထို့ကြောင့် သူ့ကို ကျောက်စိမ်းနေပြည်တော်၏ အစောင့်အရှောက်နတ်အဖြစ် သတ်မှတ်ပြီး အမွှေးနံ့သာများဖြင့် ပူဇော်ပသကြသည်။

ကျောက်စိမ်းနေပြည်တော်မှာ နေရာများက တန်ဖိုးကြီးမားပြီး အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲများ၏ ဂေဟာများကပင် နှစ်ထပ်အဆောက်အအုံငယ်များသာ ဖြစ်ကြသည်။ သာမန်တာအိုဆရာများနှင့် တာအိုယုံကြည်သူများသည် ကြီးမားသော အခမ်းအနားပွဲများ ကျင်းပဖို့နှင့် များပြားသောဧည့်သည်များကို လက်ခံထားဖို့ မတတ်နိုင်ကြပေ။

ဒါ့အပြင် လူများစွာသည် မိဘဆွေမျိုးများမရှိကြသည့် မိဘမဲ့များဖြစ်ကြသည်။ ထို့ကြောင့် နောက်ပိုင်းမှာ မြို့စောင့်နတ်ဘုရားကျောင်းတွင် မင်္ဂလာဧည့်ခံပွဲများ ကျင်းပသည့် ဓလေ့တစ်ခု ပေါ်လာခဲ့သည်။

ထိုသို့ဖြင့် အသစ်စက်စက် ဇနီးမောင်နှံသည် အကြီးအကဲတစ်ဦးကို ကိုယ်စားပြုသည့် မြို့စောင့်နတ်ကို အရိုအသေပေးနိုင်မည်ဖြစ်သည်။ လူများစွာသည် မိဘဆွေမျိုးများမရှိကြသည့် မိဘမဲ့များဖြစ်သောကြောင့် မင်္ဂလာပွဲကို ပိုမိုစည်ကားစေရန် မင်္ဂလာပွဲကျင်းပသူများသည် ဖြတ်သွားဖြတ်လာများကို တက်ရောက်ဖို့ ဖိတ်ကြားသည့် ဓလေ့တစ်ခု ပေါ်လာသည်။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် မင်္ဂလာပွဲကို တက်ရောက်ဖို့ ဖိတ်စာကို ယခုတင် လက်ခံရရှိလိုက်ကြသည်။ များသောအားဖြင့် ဖိတ်ကြားခံရသော ဧည့်သည်များသည် ငြင်းဆန်ကြမည်မဟုတ်ဘဲ ဂုဏ်ပြုချီးမြှင့် တက်ရောက်ပေးကြပေလိမ့်မည်။

ချီရွှမ်းစုက မင်္ဂလာဖိတ်စာကို အရင်ယူပြီး ဂုဏ်ပြုစကား ပြောကြားလိုက်သည်။

ကျန်းယွဲ့လုကလည်း ဖိတ်စာကို လက်ခံယူပြီး ပေါ့ပါးစွာ ပြုံးပြလိုက်သည်။

“ဤမင်္ဂလာဇနီးမောင်နှံ… ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲတမ်း ဖြတ်သန်းနိုင်ပါစေ”

အမျိုးသမီးတပည့်မ၏ မျက်နှာပေါ်ရှိအပြုံးက ပိုမိုတောက်ပလာပြီး သူတို့ကို မြို့စောင့်နတ်ဘုရားကျောင်းဆီ ဖိတ်ခေါ်ကာ အခြားသော လမ်းသွားလမ်းလာများကို ဆက်လက်၍ ဖိတ်ကြားနေသည်။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက အကြည့်ချင်းဖလှယ်ပြီး မြို့စောင့်နတ်ဘုရားကျောင်းရှိရာသို့ အတူတကွ လျှောက်လှမ်းသွားကြသည်။

မြို့စောင့်နတ်ဘုရားကျောင်းမှာ ကျယ်ဝန်းသောခန်းမသုံးဆောင်၊ ကြီးကျယ်ခမ်းနားသော ဗိသုကာလက်ရာနှင့် လှပသေသပ်သော အမိုးစွန်းများရှိနေကာ ကျောက်စိမ်းနေပြည်တော်မှာ အထင်ကြီးစရာအကောင်းဆုံး ဘုရားကျောင်းဖြစ်ကြောင်း ပြသပေးနေသည်။ ဝင်ပေါက်ဝရှိ တိုင်လုံးများပေါ်မှာ ကဗျာစာသားများကို ရေးထိုးထားသည်။

အပေါ်တွင် ရေးထားသောစာသားမှာ “ဆီးနှင်းစီးနင်း လေစွမ်းပကား ကွင်းပြင်များအား သိမ်းပိုက်ထား” ဟူ၍ဖြစ်သည်။

အောက်တွင်ရှိသော စာသားမှာ “တိမ်လွှာစီးနင်း မိုးရေအဟုန် မိုးနှင့်မြေကို သိမ်းပိုက်ကုန်” ဟူ၍ဖြစ်သည်။

ခန်းမတစ်ခုလုံးက လင်းထိန်ပြီး ကောင်းကင်ယံထက်က နန်းတော်တစ်ခုနှင့် ဆင်တူကာ မြို့စောင့်နတ်ဘုရားကျောင်းက အစွမ်းကုန်တောက်ပနေသည်။

စောစောက ဈေးဆိုင်ထဲမှာရှိခဲ့စဉ် ကျန်းယွဲ့လုသည် ချီရွှမ်းစုကို ကျောပေးထားခဲ့သည်။ ဆိုင်ထဲကနေ ထွက်လာပြီးတော့လည်း သူတို့အပေါ် အမှောင်ရိပ်ကျနေပြီး မြို့စောင့်နတ်ဘုရားကျောင်း၏ အလင်းရောင်အောက်ရောက်မှသာ ချီရွှမ်းစုသည် ကျန်းယွဲ့လု၏ မျက်နှာကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။

ခပ်ဖျော့ဖျော့ အလင်းရောင်အောက်မှာ မီးအိမ်၏ ရောင်ပြန်ဟပ်မှုတွင် ကျန်းယွဲ့လု၏ မျက်နှာက နီမြန်း၍ ရွှင်ပြနေပြီး သူမ၏ ညှို့ငင်ဓာတ်ကို ပိုတိုးနေစေသည်။

ကျန်းယွဲ့လု၏ ပင်ကိုယ်သဘာဝဆွဲဆောင်မှုရှိသော မျက်နှာက ချီရွှမ်းစုကို တစ်နည်းတစ်ဖုံ မှင်သက်သွားစေသော်လည်း အလွန်အမင်း အံ့အားသင့်ရလောက်အောင်အထိ မဟုတ်ပေ။

တစ်ချိန်ထဲမှာပင် ကျန်းယွဲ့လုကလည်း ချီရွှမ်းစု၏ မျက်နှာကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။

ပြောရမည်ဆိုလျှင် ချီရွှမ်းစုကိုယ်တိုင်ကလည်း ထက်ရှသောမျက်ခုံး၊ တောက်ပသောမျက်လုံးများနှင့် အတော်အတန် ကြည့်ကောင်းသည့်ပုံရှိသည်။ သူ၏ အတွေ့အကြုံကြောင့် အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သည့်ပုံပင် ပေါ်နေပြီး ၎င်းသည် သူ၏ လူငယ်သဘာဝဖြူစင်မှုကို တိုက်စားကာ သက်တူရွယ်တူများကြားတွင် တစ်မူထူးခြားစွာ ကွဲထွက်နေစေသည်။

ချီရွှမ်းစုအပေါ် ကျန်းယွဲ့လု၏ ပထမဆုံးထင်မြင်ချက်က သိပ်မဆိုးပေ။

ချီရွှမ်းစုက ခပ်ပေါ့ပေါ့ပြုံးကာ ပြောလိုက်သည်။

“ကျုပ်နာမည်က ချီရွှမ်းစုပါ… အဲဒါက ကွဲလွဲဆန့်ကျင်နေတဲ့ အင်အားနှစ်ခု ထိတွေ့ရိုက်ခတ်ပြီး မတူညီတဲ့လမ်းကြောင်းတွေဆီ ဦးတည်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပဲ။”

ကျန်းယွဲ့လုက ခဏမျှတာဝေပြီးနောက် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

“ကျွန်မနာမည်က ထန်ထိုက်ချုး… အဲဒါက အရာအားလုံးရဲ့ စတင်မှုဆိုတဲ့သဘောပဲ”

ဤနာမည်သည် ကျန်းယွဲ့လု၏ အတုအယောင်နာမည်မဟုတ်ဘဲ သူမ၏ နောက်ထပ်နာမည်တစ်ခုဖြစ်သည်။ ထန်ထိုက်သည် သူမအမေအပျိုဖြစ်စဉ်က နာမည်ဖြစ်ပြီး ထိုမျိုးရိုးနာမည်သည် ကွန်ဖြူးရှပ်တပည့်ဂိုဏ်းသားတစ်ဦးထံကနေ ဆင်းသက်လာခဲ့သည်။

ထန်ထိုက်မိသားစုသည် ထင်ရှားကျော်ကြားသော ကွန်ဖြူးရှပ်မိသားစုတစ်ခုဖြစ်သော်လည်း သူတို့ကျဆင်းလာပြီးနောက် တာအိုတပည့်ဂိုဏ်းသားများနှင့် စတင်၍ လက်ထပ်ထိမ်းမြားခဲ့ကြသည်။

ကျန်းယွဲ့လု၏ မျိုးရိုးနာမည်သည် တာအိုအဖွဲ့အစည်းရှိ ကျန်းယီဂိုဏ်းမှာ ထင်ရှားကျော်ကြားသော မိသားစုတစ်စု၏ နာမည်ဖြစ်သည်။

ကျန်းယွဲ့လု၏ မိဘနှစ်ပါးသည် သူတို့၏ သမီးကို ဘယ်မျိုးရိုးနာမည် ဆက်ခံခိုင်းမလဲနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြပြီး နာမည်တစ်ခုစီပေးကာ ထန်ထိုက်ချူးဟူသော အမည်ဖြစ်ပေါ်လာသည်။

နောက်ဆုံးမှာတော့ ထိုကိစ္စသည် ကျန်းမိသားစု၏ ဘိုးဘေးခန်းမဆောင်အထိ ရောက်ရှိသွားခဲ့သည်။

ကျန်းယီဂိုဏ်း၏ မဟာသူတော်စင်တစ်ပါးဖြစ်သော ကျန်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်က ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ခဲ့ပြီး သူမ၏ မျိုးရိုးနာမည်က ကျန်းဖြစ်ရမည်ဟု နောက်ဆုံးဆုံးဖြတ်ချက် ချပေးခဲ့သည်။

ထိုမဟာသူတော်စင်သည် သွေးမနီးသော ဆွေမျိုးတစ်ဦး၏ အရေးကိစ္စတွင် ကိုယ်တိုင်ဝင်ပါပေးခဲ့သည်မှာ ကျန်းယွဲ့လုသည် တစ်မူထူးခြားသော ပင်ကိုအရည်အချင်းနှင့် ပါရမီကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

သူမသည် သဘာဝအတိုင်းမွေးဖွားလာသော ရှားရှားပါးပါး နတ်သက်ကြွေအင်မော်တယ်တစ်ပါးလည်းဖြစ်သည်။

ကျန်းယွဲ့လု၏ မူလနာမည်က ကျန်းယွဲ့ရှင်းဖြစ်ခဲ့သော်လည်း မဟာသူတော်စင်သည် ကြယ်တာရာ ၂၈ ခုထဲမှတစ်ခုကို အစွဲပြု၍ သူမ၏ နာမည်ကို ကျန်းယွဲ့လုဟု ပြောင်းလဲပေးခဲ့သည်။

သူမသည် ကြယ်များထံကနေ ဆင်းသက်လာသည်ဟူသော အဓိပ္ပာယ်ဖြစ်ပြီး နတ်သက်ကြွေအင်မော်တယ်တစ်ပါးဟူသော သူမ၏ သရုပ်သကန်နှင့်လည်း လိုက်ဖက်မှုရှိနေသည်။

မဟာသူတော်စင်တစ်ပါး၏ အမိန့်အာဏာကို ဖီဆန်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲများဖြစ်စေသည်ကို နားလည်သဘောပေါက်ထားသော ဉာဏ်ရှိသည့်အမျိုးသမီးတစ်ဦးအနေဖြင့် ကျန်းယွဲ့လု၏ မိခင်သည် ဤဆုံးဖြတ်ချက်ကို အတိုက်အခံမလုပ်ဘဲ အလိုက်သင့်နေခဲ့သည်။

သူတို့၏ သမီးသည် မဟာသူတော်စင်တစ်ပါး၏ အရိပ်အောက်မှာရှိနေပြီးဖြစ်သောကြောင့် သူမ၏ အနာဂတ်က ကြီးကျယ်ခမ်းနားလာဖို့ ကံပါလာပြီးသားဖြစ်သည်။

သူမ၏ မျိုးရိုးနာမည်က ကျန်းဖြစ်စေ ထန်ထိုက်ဖြစ်စေ သို့မဟုတ် သူမ၏ နာမည်က ယွဲ့ရှင်းဖြစ်စေ ယွဲ့လုဖြစ်စေ အသေးအဖွဲကိစ္စသာဖြစ်တော့သည်။

သို့သော်လည်း အလွန်အမင်းကျော်ကြားခြင်းက ကောင်းသောအရာ ဟုတ်ချင်မှဟုတ်ပေမည်။ ကျန်းယွဲ့လုကိုယ်တိုင်က ထန်ထိုက်ချူးဟူသော အမည်ကို ပိုမိုနှစ်သက်ဆဲဖြစ်သည်။

“မိန်းမပျိုထန်ထိုက် တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”

ချီရွှမ်းစုက တည်ငြိမ်ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။

သူတို့ စကားပြောရင်းဆိုရင်း အမျိုးသမီးတပည့်ဂိုဏ်းသားတစ်ဦးက ဧည့်သည်များကို ကြိုဆိုနေသည့် ခန်းမ၏ ဝင်ပေါက်ဝကို ရောက်ရှိလာကြသည်။

ထိုအမျိုးသမီးက ကျန်းယွဲ့လုနှင့် ချီရွှမ်းစု အတူတကွလျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ သူတို့က စုံတွဲတစ်တွဲဖြစ်မည်ဟု ယူဆလိုက်သည်။

ထိုသို့ဖြင့် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုသည် မြို့စောင့်နတ်ဘုရားကျောင်း၏ ဘေးဘက်ခန်းမထဲမှာ အတူတကွနေရာထိုင်ခင်းချပေးခံလိုက်ရသည်။

ယခုအချိန်မှာ အခမ်းအနားကို တက်ရောက်လာသည့် လူအတော်အတန် စုစည်းမိလာပြီဖြစ်သည်။ ဤပွဲသည် ကြိုတင်စီစဉ်ထားသောပွဲတစ်ခုမဟုတ်ဘဲ ကြုံရာကျပန်း ဖိတ်ခေါ်ထားသည့်သူများက ပိုမိုများပြားသောကြောင့် လူတိုင်းက ဓလေ့ထုံးတမ်းအတိုင်း ဝတ်စားမထားကြပေ။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုလို ပုံမှန်သွားလာနေကြအတိုင်း ဝတ်ဆင်ထားသည့်သူများက အတော်လေးများပြားသည်။

အခမ်းအနားဝတ်စုံကိုခြုံ၍ ကြယ်သရဖူကိုဆောင်းထားသော အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးက လက်ထပ်မင်္ဂလာပွဲကို ဦးဆောင်ကျင်းပပေးနေသည်။

သူက သားသားနားနားဖြင့် တည်ကြည်လေးနက်သည့်ပုံ ပေါက်နေသည်။

တောက်ပသော အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့်စုံတွဲသည် ဘေးဘက်ခန်းမ၏ အလယ်မှာ ရင်ဖိုစိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်နေကြသည်။

ခဏနေပြီးနောက် ဘေးဘက်ခန်းမထဲသို့ နောက်ထပ်လူများ ရောက်ရှိလာပြီး စုစုပေါင်းဧည့်သည်တော် ၂၀၀ ခန့် ရှိလာသည်။

မင်္ဂလာအခမ်းအနားကို တရားဝင်ကြေညာလိုက်သည်။

ကျိကျိုးတာအိုအကြီးအကဲက ကျမ်းစာများကိုရွတ်ဖတ်ပြီး မင်္ဂလာမောင်နှံအတွက် ဆုတောင်းစကားများနှင့် ကောင်းချီးမင်္ဂလာကို ချီးမြှင့်ပေးလိုက်သည်။

ထို့နောက် မိုး၊ မြေနှင့် မြို့စောင့်နတ်ကို ဦးသုံးကြိမ်ချပြီး နောက်ဆုံးမှာ သတို့သားနှင့် သတို့သမီးက တစ်ယောက်ကိုတစ်ယောက် ဂါရဝပြုဦးညွှတ်လိုက်ကြသည်။

အခမ်းအနားပြီးမြောက်ကြောင်း တာအိုဆရာအကြီးအကဲက ထုတ်ပြန်ကြေညာလိုက်ပြီး မြို့စောင့်နတ်၊ တာအိုအကြီးအကဲနှင့် ကြွရောက်လာသောဧည့်သည်များကို သက်သေထားပြီး အဆိုပါစုံတွဲသည် တရားဝင်ဇနီးမောင်နှံ ဖြစ်လာကြသည်။

ဧည့်သည်များကြားမှာ စိတ်ဝိညာဉ်မျက်လုံးနှင့် သဘာဝလွန်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ဂမ္ဘီရဝိဇ္ဇာများ ပါဝင်နေကြသည်။

ဇနီးမောင်နှံထံမှ သန့်စင်ကြည်လင်သော စွမ်းအင်စီးကြောင်းတစ်ခုစီ ပေါ်ထွက်လာပြီး နွယ်ပင်များလို ယှက်လိမ်သွားသည်ကို သူတို့တွေ့မြင်လိုက်ရသည်။

ဤသည်မှာ သူတို့၏ ကံကြမ္မာများ ပေါင်းစည်းသွားသည့်လက္ခဏာဖြစ်သည်။

အဆိုပါဇနီးမောင်နှံသည် ယနေ့မှစ၍ သူတို့၏ ကောင်းခြင်းဆိုးခြင်းများကို မျှဝေခံစားရတော့မည်ဖြစ်သည်။

ချီရွှမ်းစုသည် ဂမ္ဘီရဝိဇ္ဇာများ၏ စိတ်ဝိညာဉ်မျက်လုံးစွမ်းအားကို ပိုင်ဆိုင်မထားသော်လည်း လေလွင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏ ယင်ယန်မျက်လုံးများမှာ ဆင်တူသောအစွမ်းအစများရှိပြီး ဇနီးမောင်နှံ၏ ချီများကို တွေ့မြင်ရသည်။

ထိုစဉ် နိုးထဝိညာဉ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သော ကျန်းယွဲ့လုသည် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို စုဖွဲ့နိုင်ပြီး ၎င်းကို ပိုမိုရှင်းလင်းစွာ တွေ့မြင်ရသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ကျန်းယွဲ့လုက ညင်သာစွာ သက်ပြင်းချလိုက်မိသည်။

ချီရွှမ်းစုက ကျန်းယွဲ့လု၏ ဘေးမှာ ရပ်နေသည့်အတွက် သူမ၏ သက်ပြင်းချသံကိုကြားပြီး ဤအမျိုးသမီးကို တစ်ချက်ကြည့်မိသွားသည်။

ခဏမျှတုံ့ဆိုင်းပြီးနောက် သူက ညင်သာစွာမေးလိုက်မိသည်။

“အမိ ... ဘာလို့ သက်ပြင်းချတာလဲ”

ကျန်းယွဲ့လုက သူ့နှင့် ခပ်စိမ်းစိမ်းမနေဘဲ ညင်သာစွာ တုံ့ပြန်ဖြေဆိုလိုက်သည်။

“ကျွန်မ စိတ်ခံစားချက် နည်းနည်းလွယ်သွားလို့ပါ… ရှင်က သာမန်တာအိုဆရာတစ်ဦးမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်… ရှင်ရဲ့ ဒီလိုမျိုးသန်မာတဲ့ သတ်ဖြတ်ခြင်းအော်ရာနဲ့ဆို ရှင်အနေနဲ့ သာမန်လူတွေလို လက်ထပ်ထိမ်းမြားပြီး ကလေးယူဖို့ ခက်ခဲမှာပဲ… ကျွန်မလည်း သိပ်တော့မကွာပါဘူး… အဲဒါကြောင့် ဒီတာအိုဇနီးမောင်နှံကို တွေ့တဲ့အခါ ကျွန်မ နည်းနည်းစိတ်ခံစားချက်လွယ်သွားတာ”

ချီရွှမ်းစုက ကျန်းယွဲ့လု၏ ပထမစကားမှာ အံ့အားသင့်သွားသော်လည်း နောက်ပိုင်းစကားကို ကြားရပြီးနောက် သူက စိတ်ကိုအနည်းငယ်လျှော့ချကာ မဝံ့မရဲဖြင့် မေးလိုက်သည်။

“အမိ ... ကျုပ်ဘာလုပ်လဲ ခင်ဗျားမသိချင်ဘူးလား”

ကျန်းယွဲ့လုက ခေါင်းခါပြလိုက်သည်။

“လမ်းခရီးမှာ ဆုံရတတ်ပေမဲ့ လူ့သဘောကို မှန်းဆရခက်တယ်… ဒီကနေ့ခွဲခွာပြီးရင် နောက်တစ်ခါ ပြန်ဆုံချင်မှဆုံမယ်… ကံကြမ္မာရဲ့ လျှပ်တပြက်ဆုံတွေ့မှုက လောကဓံမုန်တိုင်းကြားက တစ်ဒင်္ဂအခိုက်အတန့်ပဲ… ဘာလို့ အရေးလုပ်ပြီး မေးမြန်းနေမှာလဲ… ကျွန်မ ရှင့်အကြောင်းကို မမေးဘူး.. ရှင်လည်း ကျွန်မအကြောင်းကို မမေးနဲ့… အဲဒါ အကောင်းဆုံးပဲ”

ချီရွှမ်းစုက သူမ၏ တွေးခေါ်ပုံကို ချီးကျူးလိုက်သည်။

“အမိ… ခင်ဗျားက အရာရာကို ရှင်းရှင်းလင်းလင်း ရှုမြင်ထားတာပဲ”

ကျန်းယွဲ့လုက သူ့ကို တစ်ချက်ကြည့်၍ မေးလိုက်သည်။

“ရှင် ကျွန်မကို မြှောက်ပင့်ပြောနေတာလား”

ချီရွှမ်းစုက ငေးငိုင်သွားပြီးနောက် ခေါင်းခါပြလိုက်သည်။

“ကျုပ်က အမှန်တိုင်းပြောနေတာ”

ကျန်းယွဲ့လုက ပြုံးလိုက်သည်။

“ဒါဆို… ချီးကျူးစကားအတွက် ကျေးဇူးပါပဲ”

ချီရွှမ်းစုက ထပ်မံ၍ မေးလိုက်သည်။

“အမိထန်ထိုက် ... ခင်ဗျားရဲ့လေသံအရဆို ခင်ဗျားက မြှောက်ပင့်ပြောဆိုတတ်တဲ့လူတွေနဲ့ မကြာခဏ ဆုံရတတ်တဲ့ပုံပဲ”

ကျန်းယွဲ့လုက ရယ်မောကာ ပြောလိုက်သည်။

“များသောအားဖြင့် ယောင်္ကျားတစ်ယောက်ဆီကတော့ မဟုတ်ပါဘူး… ဒါပေမဲ့ နာမည်ဂုဏ်သတင်းနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေနဲ့ ကြုံတွေ့တဲ့အခါ မြှောက်ပင့်ပြောဆိုမှုတွေအများကြီးနဲ့ ကျွန်မ တကယ်ပဲကြုံတွေ့ရဖူးတယ်”

ချီရွှမ်းစုက နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“လောကက နိစ္စဒူဝလည်ပတ်နေမှတော့ အံ့ဩစရာတော့ မရှိပါဘူး… ကြည့်ရတာ ခင်ဗျားက ဂုဏ်အရှိန်အဝါကြီးမားတဲ့ ဒါမှမဟုတ် ထင်ရှားကျော်ကြားတဲ့ မိသားစုတစ်ခုက ဖြစ်တဲ့ပုံပဲ”

“ကျွန်မက ဂုဏ်အရှိန်အဝါမကြီးမားပါဘူး… ထင်ရှားကျော်ကြားတဲ့ မိသားစုတစ်ခုကလည်း မဟုတ်ဘူး.. လူမှုဆက်ဆံရေးတွေက တကယ်ကို ငြီးငွေ့စိတ်ပျက်စရာကောင်းတယ်… ဒါပေမဲ့ ရှောင်လွှဲလို့လည်း မရပြန်ဘူး”

ကျန်းယွဲ့လုက မောက်မာဝင့်ကြွားမှုမရှိဘဲ ခေါင်းခါယမ်းလိုက်သည်။

ထိုစကားက ချီရွှမ်းစုကို ထိမှန်သွားသည်။ စောစောကတင် သူသည် ထျန်ကန်းခန်းမမှာ နေရာတစ်ခုရဖို့အတွက် အဆင့်-၄ ကျိကျိုးတာအိုဆရာအကြီးအကဲတစ်ဦးကို မြှောက်ပင့်ပြောဆိုခဲ့ရသည်။

ချီရွှမ်းစုသည် မိန်းမပျိုထန်ထိုက်၏ စကားများမှာ သံသယဝင်မိသည်။ သူမသည် ထင်ရှားကျော်ကြားသော မိသားစုတစ်ခုက ဖြစ်မည်ဟု သူကောက်ချက်ချမိသည်။

တာအိုအဖွဲ့အစည်းမှာ အတော်များများက မိဘမဲ့ကလေးများဖြစ်ကြသော်လည်း အားလုံးတော့မဟုတ်ပေ။

ရွှမ်အရှင်မြတ် ပေါ်ထွက်မလာခင်ကပင် တည်ရှိခဲ့သော မဟာမိသားစုများမှာ ဆင်းသက်လာသူများလည်း ရှိကြသည်။

ရွှမ်အရှင်မြတ်ကိုယ်တိုင်ပင် ဤကဲ့သို့သော မိသားစုတစ်ခုမှာ ဆင်းသက်လာပြီး ယင်းသည် ပေဟိုင်ဒေသ၏ လီမိသားစုဖြစ်သည်။

ရှန်ချင်းစီရင်စု၏ ကျန်းမိသားစုအဖြစ် လူသိများသော ကျန်းယီဂိုဏ်း၏ ကျန်းမိသားစုသည် လောကရှိ မဟာမိသားစုသုံးစုထဲမှ တစ်စုဖြစ်သည်။

နောက်ထပ် မဟာမိသားစုမှာ နဂါးမြို့တော်၏ ချင်မိသားစုဟု လူသိများသော တော်ဝင်မိသားစုဖြစ်သည်။

တတိယမဟာမိသားစုမှာ ကွန်ဖြူးရှပ်၏ တိုက်ရိုက်မျိုးဆက်များဖြစ်သည်။

ရှန်ရှင်းစီရင်စု၏ ကျန်းမိသားစုနှင့် ပေဟိုင်ဒေသ၏ လီမိသားစုသည် တာအိုအဖွဲ့အစည်းအတွင်းမှာ တောင်ပိုင်းကျန်းများနှင့် မြောက်ပိုင်းလီများဟူ၍ ခေါ်ဆိုခံရလေ့ရှိသည်။

ဤမိသားစုနှစ်ခုသည် ရှည်လျားသောသမိုင်းကြောင်းမှာ အတူပူးပေါင်းမှုများနှင့် ယှဉ်ပြိုင်မှုများရှိခဲ့ပြီး မိတ်ဆွေဟောင်းများဖြစ်သလို ပြိုင်ဘက်ဟောင်းများလည်း ဖြစ်ခဲ့ကြသည်။

ထင်ရှားကျော်ကြားသော ဤမိသားစုများမှ ကလေးများက မိဘမဲ့များမဟုတ်ကြပေ။

ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက တိုးတိုးတိတ်တိတ် စကားပြောဆိုနေစဉ် လက်ထပ်မင်္ဂလာပွဲက ပြီးဆုံးသွားသည်။

အသစ်စက်စက် ဇနီးမောင်နှံသည် ဂုဏ်ပြုစားသောက်ပွဲကို တက်ရောက်ဖို့ မြို့စောင့်နတ်ဘုရားကျောင်းနှင့် မလှမ်းမကမ်းမှာရှိသော ဖီးနစ်မျှော်စင်သို့ ဧည့်သည်များအားလုံးကို ဖိတ်ခေါ်လိုက်သည်။

ထိုသည်မှာ အခမ်းအနားပွဲကို တက်ရောက်ချီးမြှင့်ပေးသည့် ဧည့်သည်များကို ကျေးဇူးတုံ့ပြန်သည့် အပြုအမူတစ်ခုဖြစ်သည်။

ဖီးနစ်မျှော်စင်သည် ကျောက်စိမ်းနေပြည်တော်မှာ အတော်လေး ထင်ရှားကျော်ကြားသည်။

၎င်း၏ အမည်သည် လာဘ်လာဘပေါကြွယ်ဝခြင်းနှင့် အောင်နိုင်ခြင်းနိမိတ်ကိုဆောင်ပြီး မြို့စောင့်နတ် ဘုရားကျောင်းနှင့် ဓားလွယ်ခုတ်မှာ အခန့်သင့်တည်ရှိသည်။

ထို့ကြောင့် လက်ထပ်မင်္ဂလာပွဲကျင်းပသူများသည် ဂုဏ်ပြုစားသောက်ပွဲကို ထိုနေရာမှာ ကျင်းပလေ့ရှိကြသည်။

ဖီးနစ်မျှော်စင်မှာ အထပ်လေးထပ်ရှိပြီး သာမန်ခန်းမများထက် များစွာပိုမိုကျယ်ဝန်းသည်။

ပထမထပ်သည် တင်ဆက်ဖို့ ငှားရမ်းထားသော အတီးအမှုတ်ကျွမ်းကျင်သူ တာအိုယုံကြည်သူများရှိရာ သာမန်ကာလျှံကာ တည်ခင်းဧည့်ခံသည့် ခန်းမဖြစ်သည်။

ဒုတိယထပ်မှာ သီးသန့်အခန်းငယ်များပါဝင်ပြီး တတိယထပ်မှာ ပိုမိုကျယ်ဝန်းသော သီးသန့်ခန်းများရှိသည်။

စတုတ္ထထပ်မှာ အဆင့်အတန်းအမြင့်မားဆုံး သီးသန့်ခန်းများကို ထားရှိသည်။

မင်္ဂလာဇနီးမောင်နှံအတွက် ဂုဏ်ပြုစားသောက်ပွဲကို တတိယအထပ်မှာ စီစဉ်ထားပြီး စားပွဲတစ်ဝိုင်းကို ထိုက်ဖျင်ဒင်္ဂါ နှစ်ပြားလောက် ကျသင့်သည်။

တတိယထပ်သို့ ဧည့်သည်များ ရောက်ရှိလာသောအခါ ဧည့်ကြိုတာဝန်ကိုယူထားသည့် အမျိုးသမီးသည် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုကို လက်ထပ်ပြီးသားဇနီးမောင်နှံအဖြစ် အထင်မှားသွားသည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်ကို အတူတကွ နေရာချပေးလိုက်သည်။

သူတို့ကလည်း အဲ့ဒါကို စိတ်ထဲမှာ ထည့်မနေဘဲ ငြင်းဆန်ခြင်း မရှိကြပေ။

နေရာထိုင်ခင်းချပေးပြီးနောက် စားပွဲထိုးတစ်ဦးရောက်လာပြီး လက်ထပ်မင်္ဂလာပွဲအတွက် မရှိမဖြစ် နျူအာဟုန်သေရည်အပြင် တခြားဘာများ သုံးဆောင်ချင်သလဲဟု မေးလိုက်သည်။

ကျန်းယွဲ့လုက စားပွဲထိုးကို ‘ရှောင်ကျိုး’အရက်ရှိသလားဟု မေးလိုက်သဖြင့် လူတိုင်းက အံ့အားသင့်သွားကြသည်။

(နျူအာဟုန်ဆိုသည်မှာ လက်ထပ်မင်္ဂလာပွဲများတွင် ရိုးရာအရ တည်ခင်းဧည့်ခံရသော သေရည်တစ်မျိုးဖြစ်ပြီး သတို့သမီးကို ရည်ညွှန်းသည်။)

(ရှောင်ကျိုးသည် တကယ့်အရက်သမားများ သောက်လေ့ရှိသော ပေါင်းခံအရက်ဖြူအပြင်းဖြစ်သည်။)

All Chapters