← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း ၂၅ - သေရည်မူးတဲ့ည

မျက်လုံးများအားလုံးက ကျန်းယွဲ့လုအပေါ် ရောက်ရှိလာသည်။ စားပွဲထိုးက ခဏမျှတုံ့ဆိုင်းပြီးနောက် လှည့်ထွက်သွားသည်။

ရှောင်ကျိုးသည် ပေါင်းခံထားသော သေရည်အပြင်းစားတစ်မျိုးဖြစ်သည်။ သူ့နာမည်အတိုင်းပင် ခပ်ပြင်းပြင်းအနံ့ရှိပြီး တစ်ကျိုက်သောက်ပြီးသည်နှင့် ပူပြင်းတောက်လောင်သောခံစားချက်ကို ရရှိမည်ဖြစ်သည်။ ၎င်းသည် ရာသီဥတုအေးစက်ကြမ်းတမ်းသော လျောင်တုန်ဒေသမှာ နာမည်ကြီးပြီး ၎င်းနှင့်အနွေးဓာတ်ကို ထိန်းထားဖို့ သင့်လျော်သည်။

ဤသေရည်သည် စစ်သည်ရဲမက်များကြားမှာလည်း လူကြိုက်များသည်။ ဤသေရည်ကို လျောင်တုန်ဒေသမှ တစ်ယောက်ယောက်က တောင်းဆိုမည်ဆိုလျှင် အဓိပ္ပာယ်ရှိပေလိမ့်မည်။ ချီရွှမ်းစုက ရှောင်ကျိုးသောက်ချင်သည်ဆိုလျှင်တောင် လူအများစုက လက်ခံကြပေလိမ့်မည်။ သို့သော်လည်း ကျန်းယွဲ့လုက ၎င်းကို တောင်းဆိုလိုက်သည့်အတွက် လူတချို့က မျက်ခုံးပင့်သွားရသည်။

ပထမအချက် သောက်စားတတ်သော အမျိုးသမီးများကို တွေ့မြင်ရလေ့ သိပ်မရှိဘဲ သေရည်အပြင်းစား ကြိုက်နှစ်သက်သည့် အမျိုးသမီးများက ပို၍ပင်ရှားပါးသည်။ ဒုတိယအချက် ကျန်းယွဲ့လု၏ အနည်းငယ်ဝဲနေသော ကျန်းနန်လေသံက သူမသည် လျောင်တုန် ဒေသကမဟုတ်ကြောင်း ပြသပေးနေသည်။

ချီရွှမ်းစုပင်လျှင် သူမကို တစ်ချက်လှမ်းကြည့်လိုက်ရသည်။

“ရှောင်ကျိုးလား”

“ဟုတ်တယ်… ရှောင်ကျိုး”

ကျန်းယွဲ့လုက အတည်ပြုပေးလိုက်သည်။

ချီရွှမ်းစုက ခပ်တိုးတိုးပြောလိုက်၏။

“ပုံမှန်ဆိုရင် တကယ့်အရက်သမားတွေပဲ ရှောင်ကျိုးကြိုက်ကြတာ… မင်းကိုကြည့်ရတာ အဲဒီလိုပုံစံမျိုး မဟုတ်ပါဘူး”

“ဆန်ဝါအရက်က ကျွန်မအတွက် နည်းနည်းပျော့တယ်… အဲဒါက အရှိန်တက်တာ ကြာတယ်”

ကျန်းယွဲ့လုသည် သူမအပေါ်ကျရောက်လာသည့် စူးစမ်းလိုသော အကြည့်များကို ဂရုစိုက်ခြင်းမရှိသည့်ဟန်ဖြင့် ပြောလိုက်သည်။ သူမသည် ချီမင်နန်းတော်မှာတုန်းကပင် လက်ထောက်ခန်းမသခင်သုံးဦး၏ ထင်မြင်ချက်များကို လစ်လျူရှုထားခဲ့နိုင်သည်။

သူမက မောက်မာသည်ဆိုခြင်းထက် သူမ၏ ပင်ကိုယ်စရိုက်ဖြစ်ပုံရသည်။ သူမသည် လူတိုင်းကို တန်းတူရည်တူဆက်ဆံသည်။ လက်ထောက်ခန်းမသခင်သုံးဦးဖြစ်စေ၊ ချီရွှမ်းစုဖြစ်စေ၊ သို့မဟုတ် သူတော်စင်များဖြစ်စေ သူမသည် ရိုကျိုးခယလွန်းခြင်းမရှိဘဲ သူမ၏ ပုံမှန်ရည်မွန်မှုကိုသာ ထိန်းထားပေလိမ့်မည်။

ချီရွှမ်းစုက စကားမဆိုတော့ဘဲ သူမကို တိတ်တဆိတ်အကဲခတ်ကြည့်နေ၏။ သူမသည် ထူးချွန်ထက်မြက်သည့် မိန်းကလေးတစ်ဦး ဖြစ်ပုံရသော်လည်း ရိုးရှင်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဒါတောင် သူမထံမှ သာမန်ထက်အားကောင်း၍ ယုံကြည်မှုရှိသော အရှိန်အဝါက ဖြာထွက်နေသည်။

သိပ်မကြာခင် ဂုဏ်ပြုစားသောက်ပွဲကို တရားဝင် စတင်လိုက်ကြသည်။ နျူအာဟုန်အပြင် ကျန်းယွဲ့လုမှာထားသည့် လီတာဝက်ခန့် ရှောင်ကျိုးအရက်အိုးလေးတစ်လုံးလည်း ရှိနေသည်။

ဤအမျိုးသမီးငယ်သည် စိတ်ကိုအလိုလိုက်နေခြင်း ဖြစ်မည်ဟုသာ စားပွဲထိုးများက တွေးလိုက်ကြသည်။ သို့မဟုတ် သူမသည် ပြဿနာတချို့နှင့် ကြုံတွေ့နေပြီး သောကဖြေဖို့ သေရည်ကို လိုနေခြင်းဖြစ်နိုင်သည်။ သူမက တကယ့်အရက်သမားတစ်ဦး ဖြစ်မည်ဟုတော့ သူတို့မထင်ကြပေ။

သို့သော်လည်း သူမဘေးမှာ လူငယ်အမျိုးသားနှင့် အပြန်အလှန်စကားပြောဆိုနေစဉ် သူမ၏ ဣန္ဒြေရသော သွင်ပြင်ဟန်ပန်ကို ကြည့်ပြီး သူမသည် စိတ်ထွက်ပေါက်ရှာဖို့ သေရည်ကို သောက်မည့်ပုံဟု သူတို့မထင်ကြတော့ပြန်ပေ။ မည်သို့ပင်ဆိုစေ စားပွဲထိုးက ရှောင်ကျိုးအရက်များစွာကို တည်ခင်းဧည့်ခံပေးခြင်းမရှိပေ။ သေရည်မူးလွယ်သော သူများသည် တစ်ခွက်နှစ်ခွက်သောက်ပြီးသည်နှင့် မှောက်သွားတတ်သောကြောင့် သေရည်များစွာကို တည်ခင်းပေးခြင်းက ဖြုန်းတီးရာကျပေလိမ့်မည်။

ကျန်းယွဲ့လုက သေရည်အိုးကို မယူပြီး အဆို့ကို ဖြုတ်လိုက်သည်။ ချက်ချင်းပင် ပြင်းထန်သောအနံ့က ထောင်းခနဲထလာပြီး နှာဝကို စပ်ဖျင်းဖျင်းဖြစ်သွားစေနိုင်သည်။ လူတချို့သည် ဤသေရည်၏ အနံ့ကို ရှူရုံမျှနှင့် မူးသွားနိုင်သည်ဟုဆိုလျှင် ချဲ့ကားရာကျလိမ့်မည်မဟုတ်ပေ။

ကျန်းယွဲ့လု၏ မျက်လုံးက ဝင်းလက်သွားပြီး ရှောင်ကျိုးကို ခွက်တစ်ခွက်တည်းသို့ လောင်းထည့်ကာ တစ်ကျိုက်စုပ်သောက်လိုက်သည်။

ဤသည်ကိုကြည့်ပြီး ချီရွှမ်းစုသည် ဖော်မပြတတ်စွာဖြင့် စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။ ကျန်းယွဲ့လုသည် တကယ့်ယစ်ထုပ်များလို သေရည်ကို အိုးလိုက်မော့ပြီး နှုတ်ခမ်းမှာပေနေသော သေရည်များကို အင်္ကျီလက်စဖြင့် သုတ်လိုက် အသားကိုကိုက်လိုက် လုပ်နေမည်ကို သူက အမှန်တကယ်စိုးရိမ်နေခဲ့သည်။ ကျန်းယွဲ့လုလို ရည်မွန်သော မိန်းကလေးတစ်ဦးက ထိုကဲ့သို့ပြုလုပ်လာမည်ကို သူဘယ်လိုမှ စဉ်းစားကြည့်လို့မရပေ။

ကျန်းယွဲ့လုသည် သေရည်ကို ခွက်ထဲငှဲ့ထည့်ပြီး ဣန္ဒြေရရသောက်နေသည်မှာ တော်သေးသည်။

တကယ်တော့ ထိုမြင်ကွင်းကိုကြည့်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်မှာ ချီရွှမ်းစုတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။ ကျန်းယွဲ့လုသည် သောက်စားချင်ရုံမျှသာဖြစ်သည့် ရည်မွန်သော အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို ကြည့်ပြီး သူတို့ဝမ်းသာသွားကြသည်။

သူမက ရှောင်ကျိုးတစ်ခွက်သောက်ပြီးနောက် မျက်နှာက အနည်းငယ်နီမြန်းလာသည်။ သူမက ချီရွှမ်းစုကိုကြည့်ပြီး ခွက်ကိုမြှောက်ကာ မေးလိုက်သည်။

“ရှင်ရော သောက်မကြည့်ချင်ဘူးလား”

ချီရွှမ်းစုက ငြင်းဆန်မည်ကို စိုးပြီး သူမက အလျင်အမြန်ထပ်ပြောလိုက်သည်။

“အဲဒါက တကယ့်အရသာရှိတာနော်”

ချီရွှမ်းစု၏ အပြုံးက တစ်နည်းတစ်ဖုံအားဖြင့် အသက်မပါသော်လည်း သူက မည်သို့ပင်ဆိုစေ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပြီလေ”

ကျန်းယွဲ့လုက သေရည်အိုးကို မယူပြီး ချီရွှမ်းစု၏ ခွက်ထဲကို အပြည့်ဖြည့်ထည့်ပေးလိုက်သည်။ ၎င်းသည် သေရည်ခွက်ငယ်မဟုတ်ဘဲ ဒေါက်သုံးချောင်းပါသည့် ရှေးဟောင်းရွှေကလပ်ခွက်ဖြစ်သည်။

ကလပ်ခွက်အပြည့်သည် အနည်းဆုံး မီလီလီတာ ၆၀ လောက်ဆံ့သည်။

ကျန်းယွဲ့လုက သူမ၏ ခွက်ကိုလည်းဖြည့်ပြီး ပြောလိုက်သည်။

“လူတွေက သောက်တယ်ဆိုတာ မူးချင်လို့ပဲ… အဲဒါကြောင့် သေရည်အရှိန်ကို ခုခံဖို့ ရှင့်ရဲ့ချီကို မသုံးနဲ့… အဲလိုလုပ်မယ်ဆိုရင် သေရည်ကောင်းကို ဖြုန်းတီးရာကျတယ်… အဲလိုလုပ်မယ့်အစား မသောက်တာကမှ ကောင်းဦးမယ်”

ချီရွှမ်းစုက သူ့ခွက်ကိုမြှောက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“ကဲ ဟုတ်ပါပြီလေ… ကျုပ်ဘဝနဲ့ရင်းပြီး ခင်ဗျားနဲ့သောက်ပေးမယ်”

သူတို့သည် ခွက်ချင်းတိုက်ပြီး တစ်ကျိုက်တည်းမော့သောက်လိုက်ကြသည်။ သေရည်အရှိန်ကို ခုခံဖို့ မည်သူကမှ ချီကို အသုံးပြုခြင်းမရှိကြပေ။

ချီရွှမ်းစုသည် သူ့၏ ရင်ထဲမှာ ပူပြင်းတောက်လောင်သော ခံစားချက်ကို ချက်ချင်းပင် ရရှိလိုက်သည်။ အပူက ပါးစပ်ထဲကနေ လည်ချောင်းထဲထိ စီးဝင်သွားပြီး သူ့၏ အစာအိမ်ထဲထိ ပျံ့နှံ့ကာ အတန်ကြာသည့်အထိ ရစ်ဝဲနေသည်။

ထို့နောက် သေရည်အရှိန်က သူ့၏ ဖုန့်ချီသွေးကြောအမှတ်ဆီ တန်းတန်းမတ်မတ် တိုးဝင်လာသည်။ ချီရွှမ်းစုသည် ခေါင်းထဲမှာ ချာချာလည်သွားသည်ဟု ခံစားလိုက်ရပြီး ကုလားထိုင်လက်တန်းကို ခပ်တင်းတင်းဆုပ်လိုက်ရသည်။

တစ်ဖက်မှာတော့ ကျန်းယွဲ့လုသည် မျက်နှာအနည်းငယ်နီနေသည်ကလွဲလျှင် ခုံပေါ်မှာ ဣန္ဒြေရစွာဖြင့် ထိုင်နေသည်။

မည်သို့ပင်ဆိုစေ သူတို့၏ ကျင့်ကြံမှုအဆင့် ကွာဟချက်က သိသာထင်ရှားနေသည်။ ခန္ဓာကိုယ်ပေါ် ကျင့်ကြံမှု၏ သက်ရောက်မှုကို လစ်လျူမရှုနိုင်ပေ။ ကောင်းကင်ဘုံသက်ရှိတစ်ဦးသည် သေရည်အရှိန်ကို တမင်သက်သက်ခုခံထားခြင်း မရှိလျှင်တောင် ခွက်ပေါင်းတစ်ထောင်သောက်လို့ မူးလိမ့်မည်မဟုတ်ပေ။

စားသောက်ပွဲပြီးဆုံးချိန်မှာ ကျန်းယွဲ့လုသည် အရက်ရှိန်တက်ပြီး ထွေနေသော ချီရွှမ်းစုကိုတွဲကာ ဖီးနစ်မျှော်စင်ကနေ ထွက်ခွာ၍ ထိုက်ချင်းရင်ပြင်ရှိရာသို့ လျှောက်လှမ်းသွားကြသည်။

သူတို့နှစ်ယောက်သည် ရှောင်ကျိုးလီတာဝက်ကို မျှသောက်ခဲ့ကြသည်။ ကျန်းယွဲ့လုက ၃၀၀ မီလီလောက်သောက်ခဲ့ပြီး ချီရွှမ်းစုက ရှောင်ကျိုး ၂၀၀ မီလီခန့်နှင့် နျူအာဟုန် ၁၃၀ မီလီခန့်ကို သောက်ခဲ့သည်။ ကျန်းယွဲ့လု၏ မျက်နှာက အနည်းငယ်နီနေရုံသာဖြစ်ပြီး ချီရွှမ်းစုကတော့ အတော်လေးမူးနေပြီဖြစ်သည်။

ချီရွှမ်းစုသည် မသောင်းကျန်းတတ်သည့် အမူးသမားကောင်းတစ်ယောက်ဖြစ်သည်။ သူသည် အရက်မူးနေသည်ကို အခွင့်ကောင်းယူကာ ကျန်းယွဲ့လုကို အသားယူခြင်းလည်း မရှိပေ။ သို့သော်လည်း သူက မူးလာသည့်အခါ အာချောင်တတ်သည်။ သူက တစ်ယောက်တည်းတတွတ်တွတ် ရေရွတ်ပြောဆိုနေသည်။

“တကယ်တော့ ကျုပ်က နျူအာဟုန်ကို ပိုပြီးကြိုက်တာဗျ၊ ဒါပေမဲ့ သူ့နာမည်က ဘာလို့ သားတွေအတွက်မဟုတ်ဘဲ သမီးတွေအတွက် ဖြစ်နေတာလဲ ကျုပ်နားမလည်နိုင်ဘူး”

ကျန်းယွဲ့လုက ရယ်မိကာ ရှင်းပြလိုက်သည်။

“တကယ်တော့ သားတွေအတွက် ရည်ရွယ်ထားတဲ့ ကျွမ်းယွမ်ဟုန်ဆိုတဲ့ သေရည် တကယ်ပဲရှိတယ်… အဲဒါက ကျန်းနန်ဒေသရဲ့ ဓလေ့တစ်ခုပဲ… သားယောက်ျားလေးတစ်ယောက် မွေးဖွားလာတဲ့အခါ မိသားစုက အဲဒီသေရည်ကို ကြိုချက်ပြီး မြေအောက်ခန်းထဲမှာ မြှုပ်ထားလိမ့်မယ်… အဲဒါက ၁၀ နှစ်ကနေ နှစ် ၂၀ အထိကြာမယ်… သူတို့ရဲ့သားက စာပေပညာရှင်တစ်ဦး ဖြစ်လာမှပဲ အောင်ပွဲခံဖို့အတွက် အဲဒီသေရည်ကို တူးဖော်ပြီးသောက်ကြလိမ့်မယ်”

ချီရွှမ်းစုက နားလည်သဘောပေါက်စွာဖြင့် ပြောလိုက်သည်။

“ကျုပ်သိပြီ… မိန်းကလေးတစ်ယောက် မွေးလာတဲ့အခါ သူ့ရဲ့မိဘတွေက သေရည်ကို မြှုပ်ထားပြီး သူလက်ထပ်တဲ့အချိန်မှာ သောက်ကြလိမ့်မယ်… အဲဒါကြောင့် အဲဒါကို နျူအာဟုန်လို့ ခေါ်တာပေါ့လေ”

ကျန်းယွဲ့လုက ရယ်ချင်စိတ်ကိုထိန်းပြီး ချီးကျူးလိုက်သည်။

“ဟုတ်တာပေါ့ လူကြီးမင်းရယ်… ရှင်က တော်တော်ဗဟုသုတကြွယ်တာပဲ”

“ခင်ဗျား ကျုပ်ကို ထျန်းယွမ်လို့ ခေါ်လို့ရတယ်… အဲဒါက ကျုပ်ရဲ့အများခေါ်နာမည်ပဲ”

ချီရွှမ်းစုက လက်မြှောက်ကာ ပြောလိုက်သည်။ ဤအချိန်မှာ သူသည် အတော်လေးမူးနေပြီဖြစ်ပြီး သူဘာပြောနေသည်ကို ကောင်းကောင်းမစဉ်းစားနိုင်တော့ပေ။

“ဒါပေမဲ့ ကျုပ်မှာ နောက်ထပ်မေးစရာရှိသေးတယ်… ၃ နှစ်တိုင်း ခရိုင်တစ်ခုလုံးမှာ ထိပ်တန်းစာပေပညာရှင်တစ်ဦးပဲ ပေါ်ထွက်လာမယ်… သူတို့ရဲ့သားက စာပေပညာရှင်တစ်ဦး ဖြစ်မလာဘူးဆိုရင် အဲဒီသေရည်က အလကားဖြစ်သွားမှာမလား”

ကျန်းယွဲ့လုက တခစ်ခစ်ရယ်မောကာ ပြောလိုက်သည်။

“အဲဒါက အမည်သက်သက်ပဲလေ… သူတို့သား လက်ထပ်တဲ့အချိန်မှာလည်း အဲဒါကို သောက်လို့ရတာပဲ”

ချီရွှမ်းစုသည် ညဘက်တိုက်ခတ်လာသော လေပြည်မှာ ရီဝေလာပြီး ပို၍ပင်မူးလာသည်ဟု ခံစားရသည်။

“စောစောက သောက်တဲ့ နျူအာဟုန်က ၁၀ နှစ်သက်တမ်းရှိတယ်… ဆယ်စုနှစ်ချီ သက်တမ်းရှိတဲ့ နျူအာဟုန်တွေလည်း ရှိတယ်လို့ ကျုပ်ကြားထားတယ်… ဒါနဲ့ ကျန်းနန်ဒေသက မိန်းကလေးတွေက လက်မထပ်ကြဘူးလား”

ကျန်းယွဲ့လုက သူမ၏ ရယ်ချင်စိတ်ကို ဆက်လက်၍ထိန်းမထားနိုင်တော့ပေ။ သူမက အားရပါးရရယ်မောလိုက်ပြီး မျက်ရည်များပင် ထွက်ကျလာသည်။

“ဟုတ်တယ် ဟုတ်တယ်... ကျွန်မလိုမျိုးပေါ့… ကျွန်မတို့တွေက အိမ်ထောင်ပြုကြမှာမဟုတ်ဘူး… ကျွန်မတို့ရဲ့ဘဝတွေကို တာအိုဂိုဏ်းတော်ဆီမှာပဲ မြှုပ်နှံထားတာ”

ချီရွှမ်းစုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ခင်ဗျားရဲ့ဘဝကို တာအိုဂိုဏ်းတော်မှာ မြှုပ်နှံထားတယ်ပေါ့လေ… ဒါဆို ခင်ဗျားက ဉာဏ်ပညာဓားကို ကိုင်စွဲဖို့ ရည်မှန်းထားတာထင်တယ်”

ထိုခိုက်အတန့်တွင် သူတို့၏ နောက်ဘက်မှာ ခေါ်သံတစ်သံကို ကြားလိုက်ရသည်။ ကျန်းယွဲ့လုက သူမ၏ ခြေလှမ်းကို ရပ်တန့်ပြီး ချီရွှမ်းစုကို တွဲထားရင်း ဘယ်သူလိုက်လာသလဲ လှည့်ကြည့်လိုက်၏။

သူတို့ကို မင်္ဂလာပွဲဖိတ်ကြားခဲ့သည့် တပည့်မက လက်ဆောင်ပုံးနှစ်ပုံးကို ကိုင်ပြီး သူတို့နောက်ကို အမီလိုက်လာသည်။ သူမက လက်ဆောင်ပုံးများကို ကမ်းပေးရင်း ပြောလိုက်သည်။

“ဒါတွေက ဧည့်သည်တစ်ဦးချင်းစီအတွက် ကျွန်မတို့ ပြင်ဆင်ပေးထားတဲ့ မုန့်ပုံးလေးတွေပဲ… ရှင်တို့ အဲဒါကို ကြိုက်နှစ်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်”

ကျန်းယွဲ့လုက မုန့်ပုံးများကို လက်ခံယူပြီး သူမကို ကျေးဇူးတင်စကား ပြောလိုက်သည်။

တပည့်မက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် ကောင်းကင်ထက်က လမင်းကိုကြည့်ကာ ပြုံး၍ပြောလိုက်၏။

“ရှင်တို့တွေ ဒီလိုသာယာလှပတဲ့ ညခင်းလေးကို အလဟဿမလုပ်ပစ်သင့်ဘူး… ကဲ ကျွန်မ ရှင်တို့ကို ဆက်ပြီးမနှောင့်ယှက်တော့ပါဘူး”

ကျန်းယွဲ့လုက နည်းနည်းကလေးမျှ ရှက်ကိုးရှက်ကန်းဖြစ်မနေဘဲ ညင်သာစွာပြုံးနေသည်။ ထိုတပည့်မ ထွက်သွားပြီးနောက် ကျန်းယွဲ့လုသည် ချီရွှမ်းစုကို ဆက်တွဲပြီး ရှေးဦးမူလတာအိုဘိုးဘေး ရုပ်တုရှိရာသို့ လျှောက်လှမ်းသွားကြ၏။

ရှေးဦးမူလတာအိုဘိုးဘေး၏ ရုပ်တုကို ကြီးမားသော သုံးဆင့်ကျောက်ခုံပေါ်မှာ စိုက်ထူထားလေသည်။ ကျန်းယွဲ့လုသည် ချီရွှမ်းစုကို ကျောက်ခုံ၏ ပထမအဆင့်မှာ ထိုင်စေပြီး မေးလိုက်သည်။

“ရှင် ဘယ်မှာနေတာလဲ… ကျွန်မ ရှင့်ကို အိမ်လိုက်ပို့ပေးမယ်”

“အိမ်…”

ချီရွှမ်းစုသည် ခဏမျှမှင်သက်သွားပြီးနောက် အနည်းငယ်အမူးပြေသွားသည်။ အတန်ကြာပြီးနောက် သူက လေးတွဲ့စွာသက်ပြင်းချ၍ ပြောလိုက်သည်။

“ကျုပ်မှာ ပြန်စရာအိမ်မရှိဘူး”

ကျန်းယွဲ့လုက နှုတ်ဆိတ်သွားပြီး ချီရွှမ်းစု၏ ဘေးမှာ ထိုင်ချလိုက်သည်။ သူတို့က တစ်ပေလောက်သာကွာပြီး သူမက ကောင်းကင်ထက်က လမင်းကိုမော့ကြည့်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ရှင် ဒီလောက်ထိ အမူးလွယ်လိမ့်မယ်လို့ ကျွန်မထင်မထားဘူး”

နောက်ထပ် လေပြည်တစ်ချက်တိုက်ခတ်သွားပြီး ချီရွှမ်းစုက ပို၍ပင်အမူးပြေသွားသည်။ သူက အမူးလွန်ပြီး စိတ်က ရှင်းလင်းလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ချီရွှမ်းစုက ခါးသီးစွာပြုံး၍ ပြောလိုက်သည်။

“အဲဒါက ကျုပ်သောက်ဖူးသမျှထဲ အပြင်းဆုံးရှောင်ကျိုးပဲ… ကျုပ်က သေရည်အရှိန်ကို ခုခံဖို့ ကျုပ်ရဲ့ချီကို မသုံးခဲ့ဘူး… အိုးတစ်ဝက်နီးပါးလောက်ကို ကျုပ်သောက်ခဲ့တယ်… ဒါတောင် ကျုပ်က မမှောက်သွားသေးဘူး… ခင်ဗျားနဲ့စကားတောင် ပြောနိုင်နေသေးတယ်… ဒီအခြေအနေက အတော်လေးမဆိုးဘူး မဟုတ်လား”

ကျန်းယွဲ့လုက ပြောလိုက်သည်။

“ဘယ်လောက်သောက်နိုင်လဲဆိုတာ တခြားသူတွေနဲ့ယှဉ်ကြည့်မှ သိရမှာပေါ့”

ချီရွှမ်းစုက ပြောလိုက်သည်။

“အရက်နာကျတာ ဘယ်လောက်ခံရခက်လဲ ခင်ဗျားသိလား”

“ကျွန်မ မသိဘူး… ဒါပေမဲ့ ရှင်ကတော့ သိပ်မကြာခင် ကောင်းကောင်းသိရတော့မယ်”

ကျန်းယွဲ့လုက ပြုံးစစဖြင့် ပြောလိုက်သည်။

“တကယ်တော့ သောက်ပြီးမူးသွားတာကလည်း မဆိုးပါဘူး… အနည်းဆုံးတော့ ရှင်က သောကတွေကို ခဏလောက် မေ့ပျောက်ထားနိုင်မယ်… မရဏအိပ်မက်လို့ခေါ်တဲ့ သေရည်တစ်မျိုးရှိတယ်တဲ့… သူတော်စင်တွေက ပုံမှန်သေရည်နဲ့ အာနိသင်မပြလို့ သူတို့အတွက် အဲဒါကို အထူးတလည်ပြုလုပ်ပေးထားတာပဲ… သူတော်စင်တစ်ပါးက သေရည်မူးချင်တယ်ဆိုရင် သူတို့က မရဏအိပ်မက်တစ်အိုး သောက်ရလိမ့်မယ်”

ချီရွှမ်းစုက မေးလိုက်သည်။

“အဲဒါကို သာမန်လူတွေ သောက်မယ်ဆိုရင် ဘာဖြစ်သွားမလဲ”

“သာမန်လူတစ်ယောက်က မရဏအိပ်မက်ကို သောက်မယ်ဆိုရင် သူတို့ရဲ့မိဘတွေ၊ ဇနီးမယားတွေ၊ ကလေးတွေ၊ မိတ်ဆွေတွေအပါအဝင် အားလုံးကို မေ့ပျောက်သွားလိမ့်မယ်… သူတို့ကိုသူတို့ပါ မေ့သွားလိမ့်မယ်… အဲဒါကို ဈေးကွက်ထဲမှာ အလွယ်တကူ ရှာမရနိုင်အောင် ထိန်းချုပ်ထားတယ်… ကျွန်မ အဲဒါကို အမြဲတမ်းစမ်းကြည့်ချင်နေတာ… ဒါပေမဲ့ တစ်ခါမှ အခွင့်အရေးမရဘူး”

ချီရွှမ်းစုက ညင်သာစွာပြောလိုက်သည်။

“ခင်ဗျားက အဲဒီ ဉာဏ်အလင်းပွင့်လမ်းစဉ်တွေထဲကနေ ထွက်မလာနိုင်သေးပါလား”

လရောင်က သူတို့အပေါ်ဖြာဆင်းပြီး ရှည်လျားသော အရိပ်နှစ်ခု ပေါ်ထွက်နေသည်။

ခဏမျှနှုတ်ဆိတ်ပြီးနောက် ကျန်းယွဲ့လုက ပြောလိုက်သည်။

“ကဲ နောက်ကျနေပြီ… ကျွန်မရှင့်ကို အိမ်လိုက်ပို့ပေးမယ်”

ချီရွှမ်းစုက သူ့လက်ကိုမြှောက်ပြီး ရေရွတ်လိုက်သည်။

“တောင်တန်းတွေရဲ့ ယိမ်းနွဲ့နေတဲ့ ပန်းခင်းကြား

ဝိညာဉ်နှစ်ဦးသား တစ်ခွက်ပြီးတစ်ခွက်...

ဒီညအတွက်တော့ မူးနေပြီမို့ နှုတ်ဆက်ပါစို့

မနက်မိုးသောက် အလင်းရောက်မှ

ဗျပ်စောင်းလေးပိုက်ကာ ငါ့ကိုလာရှာပါ။”

“ကဲ ကောင်းပြီလေ… ဒါဆိုလည်း နောက်မှပြန်တွေ့ကြတာပေါ့”

ကျန်းယွဲ့လုက ငြင်းဆန်မနေပေ။ သူက မုန့်ပုံးနှစ်ပုံးကိုကိုင်ပြီး မတ်တတ်ထရပ်လိုက်သည်။

ချီရွှမ်းစုက ပြန်ပြောလိုက်၏။

“နောက်မှ ပြန်တွေ့ကြမယ်”

ကျန်းယွဲ့လုက လှည့်ထွက်သွားသည်။

ချီရွှမ်းစုက ကျောက်ခုံပေါ်မှာထိုင်ပြီး ညအမှောင်ထဲ ကျန်းယွဲ့လု တိုးဝင်ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသည်။

သူသည် သေရည်အရှိန်ကို ပယ်ဖျက်ဖို့ သူ၏ ချီကို လှည့်ပတ်ဖို့ လုပ်လိုက်စဉ် ကျန်းယွဲ့လု၏ စကားကို ရုတ်တရက် အမှတ်ရသွားသည်။ ထို့သို့ဖြင့် သူ့ကိုယ်သူ မူးနေသည့်အတိုင်း ထားလိုက်လေသည်။

သူသည် ယနေ့ညမှာ ဤကဲ့သို့ စိတ်ဝင်စားစရာကောင်းသော အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားပေ။ သို့သော်လည်း သူက ထိုအချင်းအရာမှာ သိပ်ပြီးငြိတွယ်မနေပေ။ မည်သို့ပင်ဆိုစေ ကျယ်ပြောသော ဤမြို့တော်ထဲမှာ လူတွေဘယ်လောက်တောင် များပြားသလဲ။ သူတို့က နောက်တစ်ခါ ဘယ်တော့မှ ပြန်မဆုံတော့တာ ဖြစ်နိုင်သည်။

သူတို့သည် ဘဝခရီးမှာ ဖြတ်သွားဖြတ်လာ ဆုံမိရုံသာဖြစ်သည်။ သူတို့၏ ဆုံတွေ့မှုက လျှပ်တပြက်အိပ်မက်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

အခန်း ၂၆ - နေအိမ်ဟောင်းကို ပြန်လာခြင်း

ချီရွှမ်းစုက မူးနေဆဲဖြစ်ပြီး ထိုက်ချင်းရင်ပြင်ကနေ ဒယီးဒယိုင်ဖြင့်ထွက်လာသည်။

သူက မှတ်ဉာဏ်များပေါ်မှီခိုပြီး ဟိုင်ချန်အကွက်ရှိရာသို့ ပြန်သွားသည်။ နောက်ဆုံးမှာ အရုဏ်တက်ခါနီးအချိန်တွင် သူလိုသောနေရာကို ရောက်ရှိလာသည်။

ကံကောင်းထောက်မစွာဖြင့် ကျောက်စိမ်းနေပြည်တော်မှာ ညမထွက်ရအမိန့်များ သို့မဟုတ် ရပ်ကွက်ဝင်းတံးခါးများ ပိတ်ထားခြင်း မရှိပေ။

ချီရွှမ်းစုသည် ဟိုင်ချန်အကွက်တို့ ဝင်ရောက်လာပြီး ကံကောင်းထောက်မစွာဖြင့် လမ်းမှာ ကင်းလှည့်နေသော မည်သည့်စိတ်ဝိညာဉ်တပ်သားများနှင့် မကြုံတွေ့ခဲ့ပေ။ မဟုတ်ပါက သူသည် စစ်ဆေးမေးမြန်းခြင်း ခံရပေမည်။

ညအမှောင်က ဖျော့တော့သွားစဉ် ကောင်းကင်က အပြာရင့်ရောင်အဖြစ်ပြောင်းပြီး မိုးကုပ်စက်ဝိုင်းမှာ အလင်းရောင်သန်းလာသည်။ ထိုအချိန်မှာ ချီရွှမ်းစုသည် ကျောက်စာတိုင်ကို မြင်လိုက်ရသည်။

ကျောက်စာတိုင်ကို တွေ့မြင်သည့်အချိန်မှာပင် အတိတ်ကာလက မှတ်ဉာဏ်များစွာက သူ့စိတ်ထဲမှာ တစ်ဖျပ်ဖျပ်ပေါ်ထွက်လာ၏။ သူသည် ထိုမှတ်ဉာဏ်များမှာ မျောပါသွားပြီး လက်ရှိအချိန်ကို မေ့ပျောက်သွားလေသည်။

လွန်ခဲ့သည့် နှစ်များစွာက လောကအကြောင်း ဘာမှမသိသေးသည့် သာမန်တာအိုဆရာလေးတစ်ဦး ဖြစ်ခဲ့စဉ်အချိန်ကာလကို သူပြန်လည်အမှတ်ရသွားသည်။ ဘဝကိုဖြတ်သန်းခြင်း၊ လက်စားချေခြင်းနှင့် ချင်းဖျင်အသင်းတော်သို့ ဝင်ရောက်ခြင်းက ဝေးကွာသွားသော အိပ်မက်တစ်ခုထက် မပိုတော့ပေ။

ချီရွှမ်းစုက မတ်တပ်ရပ်နေဆဲဖြစ်ပြီး သူ၏ စိတ်ကို ငြိမ်သက်စေလိုက်သည်။

အိပ်မက်ဆန်ဆန် ခံစားချက်များသည် ဒီရေလှိုင်းများလို ပြန်လည်ဆုတ်ခွာသွားပြီး အတိတ်နှင့်ပစ္စုပ္ပန်က နောက်ဆုံးမှာ ကွဲထွက်သွားသည်။

ဟိုင်ချန်အကွက်ကို ပထမဆုံး တည်ဆောက်ခဲ့စဉ်က စိုက်ထူထားသော ကျောက်စာတိုင်ရှိရာသို့ သူလျှောက်လှမ်းသွားသည်။ ၎င်းကို ဤရပ်ကွက်၏ မူလဇစ်မြစ်နှင့် သမိုင်းကြောင်းကို ဖော်ပြပေးနေသည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဟု ဆိုနိုင်သည်။

ကျောက်စာတိုင်၏ ဘေးမှာ တိတ်ဆိတ်ငြိမ်သက်၍ ကျဉ်းမြောင်းသော လမ်းကြားတစ်ခု ရှိနေသည်။ ဟိုင်ချန်အကွက်မှာရှိသော မြေများက နန်ဟွားအကွက်လောက် ဈေးမကြီးသည့်အတွက် ဤနေရာမှာရှိသော လမ်းကြားများအားလုံးသည် သီးခြားအိမ်များဆီ ဦးတည်နေကြသည်။

ဤလမ်းကြားသည် ဘယ်လမ်းကိုမှ မပေါက်သည့် လမ်းပိတ်တစ်ခုဖြစ်သည်။ ချီရွှမ်းစုသည် လမ်းကြားအတိုင်း လျှောက်လှမ်းသွားပြီး အဆုံးမှာ ယိုယွင်းပျက်စီးနေသော ခြံဝင်းတစ်ခုရှိနေသည်။ တံခါးများကို တင်းကျပ်စွာ ပိတ်ထားပြီး တံခါးစောင့် စမကပ်ခွာအများစုက ကွာကျနေကာ လေအဝှေ့မှာ တစ်ဖျပ်ဖျပ်လွင့်နေသည်။

ချီရွှမ်းစုသည် တံခါးပေါ်က စမကပ်ခွာများကို ကြည့်ပြီး ထိုအရာများကို သူ့ဆရာကပ်ခဲ့စဉ်က သူစောင့်ကြည့်နေခဲ့သည့် အချိန်များကို ပြန်လည်အမှတ်ရသွားသည်။ ထိုအချိန်တုန်းက သူက သူ့ဆရာကိုပင် မေးမြန်းခဲ့သည်။

“ဆရာ ခင်ဗျားက ဆိုးယုတ်စိတ်ဝိညာဉ်တွေကို နှိမ်နင်းနိုင်တဲ့ နာမည်ရှိပညာရှိတစ်ဦး ဖြစ်နေမှာတော့ အဲ့ဒီ တံခါးစောင့်ကပ်ခွာတွေကို ဘာလို့ ကပ်နေဦးမှာလဲ…. ကျောက်စိမ်းနေပြည်တော်မှာ ဘယ်လိုနတ်ဆိုးမိစ္ဆာက လာပြီးသောင်းကျန်းရဲမှာလဲ”

ထိုအချိန်တုန်းက သူ့ဆရာက ပြုံးရုံသာပြုံး၍ “ဒါက ထုံးတမ်းစဉ်လာအရပါပဲ”ဟု ပြန်ဖြေခဲ့သည်။

ချီရွှမ်းစုက ရှေ့ကိုလျှောက်လှမ်းပြီး ကွာကျတော့မည့်ဆဲဆဲ တံခါးစောင့် စမကပ်ခွာများကို ပြန်ကပ်ပေးလိုက်သည်။ သို့သော်လည်း သူ့လက်ကို ပြန်ရုပ်လိုက်သည့်အချိန်မှာ အတိတ်ကာလကို ပြန်လည်မရရှိနိုင်တော့သည့်အလား စမကပ်ခွာများက လေအတိုက်မှာ ပြန်ကွာသွားကြသည်။

သူကထပ်ပြီး လုပ်မနေတော့ဘဲ သားရေအိတ်ထဲမှာ နှစ်ပေါင်းများစွာ ဆောင်ထားသည့် သော့ကိုသာ ဆွဲထုတ်လိုက်သည်။ ထို့နောက် တံခါးကိုဖွင့်ပြီး ခြံဝင်းထဲသို့ ဝင်လိုက်၏။

ခြံဝင်းထဲမှာ အနားယူအပန်းဖြေဖို့ သူ့ဆရာစိုက်ထားသည့် နေကာသစ်ပင်တစ်ပင် ရှိနေသည်။ ထိုခိုက်အတန့်မှာ ခြံဝင်းတစ်ခုလုံးကို ကြွေကျနေသော သစ်ရွက်အလွှာများက ဖုံးလွှမ်းထားပြီး တချို့နေရာများက မြေဆွေးများပင် ဖြစ်နေလေပြီ။

ချီရွှမ်းစုက သစ်ရွက်ခြောက်များပေါ် နင်းလျှောက်လိုက်ပြီး သူ့ကိုယ်အလေးချိန်ကြောင့် တချွတ်ချွတ်မြည်နေသည်။

သူက နေကာသစ်ပင်ကို ဖြတ်ကျော်၍ ခဏမျှရပ်တန့်ပြီးနောက် သူ့အခန်းရှိရာသို့ တန်းသွားလိုက်သည်။

အံ့အားသင့်သွားရသည်မှာ သူ့အခန်းက ဖုန်များတက်နေသည်ကလွဲလျှင် အရင်အတိုင်း တူညီစွာ ရှိနေသည်။ ဤအချိန်များအတွင်း မည်သူကမှ ရောက်မလာခဲ့သည်ပုံပင်။ ပြန်လည်စဉ်းစားရင်း သိပ်မထူးဆန်းဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူ့ဆရာက အိမ်မှာသေခဲ့ခြင်းမဟုတ်ဘဲ အပြင်ဘက်မှာ ချောင်းမြောင်းတိုက်ခိုက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကျောက်စိမ်းနေပြည်တော်သည် ပေချန်ခန်းမ၏ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး မြို့တော်ထဲမှာ မည်သူကမှ မဆင်မခြင် လူသတ်မှု ကျူးလွန်ရဲလိမ့်မည် မဟုတ်ပေ။

တစ်ယောက်ယောက်က သတ်ဖြတ်ချင်သည်ဆိုလျှင် မြို့တော်အပြင်ဘက်မှာသာ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထိုစဉ်တုန်းက ချီရွှမ်းစုနှင့် သူ့ဆရာသည် ကျောက်စိမ်းနေပြည်တော်သို့ ပြန်လာရာလမ်းမှာ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရသည်။ အဓိကပစ်မှတ်အနေဖြင့် သူ့ဆရာက ဝိုင်းပတ်ပိတ်ဆို့ခံခဲ့ရသည်။

ထိုအချိန်တုန်းက ချီရွှမ်းစုသည် ရှန်းထျန်သက်ရှိတစ်ဦးပင် မဖြစ်သေးဘဲ သူ့ကို မည်သူကမှ အာရုံမစိုက်ခဲ့ပေ။

ချီရွှမ်းစုသည် သူ့၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းမှိတ်ပြီး ထိုနေ့က ဖြစ်ပျက်ခဲ့သည့်အရာကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။ ထိုသည်မှာ သူဘယ်တော့မှ မမေ့ဖျောက်နိုင်မည့် မြင်ကွင်းဖြစ်သည်။

သူ့ဆရာသည် ဒဏ်ရာများနဲ့အတူ သွေးများဖြင့် စိုရွှဲနေပြီး ဝိုင်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်ကာ ချီရွှမ်းစုကို အပြင်ဘက်သို့ ကိုင်ပစ်ထုတ်ပြီး ထွက်ပြေးဖို့ လှမ်းအော်ပြောသည်။

ထိုစဉ်တုန်းက ချီရွှမ်းစုသည် သွေးထွက်သံယိုများကို မမြင်ဖူးသည့် ကလေးသာသာ လူငယ်တစ်ဦးသာ ဖြစ်ခဲ့သည်။ ထိုစဉ်တုန်းက သူသည် မျက်တောင်တစ်ချက်မခတ်ဘဲ ဖီးနစ်စိမ်းတပ်သား ၁၀ ဦးကျော်ကို သတ်ဖြတ်နိုင်သည့် ချင်းဖျင်အသင်းတော်သားတစ်ဦး မဖြစ်သေးပေ။ သူက ထိတ်လန့်ကြောက်ရွံ့နေပြီး ဘာကိုမှမတွေးနိုင်ဘဲ ခြေဦးတည့်ရာ ထွက်ပြေးခဲ့သည်။

ချီရွှမ်းစုက အစွမ်းကုန်ဖြင့် ပြေးလွှားနေစဉ် ပြင်းထန်သော သူ့အသက်ရှူသံနှင့် နှလုံးခုန်သံကိုပင် ကြားနေခဲ့ရသည်။

ချောင်းမြောင်းတိုက်ခိုက်သည့် လုပ်ကြံသတ်ဖြတ်သူများသည် ငယ်ရွယ်သော ချီရွှမ်းစုကို သိပ်အာရုံမစိုက်ဘဲ သူ့နောက်ကိုလိုက်ဖို့ လူတစ်ယောက်ကိုသာ စေလွှတ်ခဲ့သည်။

ထိုလူက ရှန်းထျန်သက်ရှိတစ်ဦးဖြစ်ပြီး ချီရွှမ်းစုလို ဟောက်ထျန်သက်ရှိတစ်ဦးကို ဖမ်းဆီးဖို့က သူ့အတွက် အရမ်းကိုလွယ်ကူနေသည်။

သို့သော်လည်း သူသည် တစ်ခါတည်း သတ်ဖြတ်ရမည့်အစား ကြောင်က ကြွက်ကိုကစားသလို ချီရွှမ်းစုနောက်ကို အေးအေးဆေးဆေး လိုက်လာခဲ့သည်။ ဇွဲကောင်းသော ချီရွှမ်းစု ခြေကုန်လက်ပန်းကျပြီး ဆက်မပြေးနိုင်တော့သည်အထိ သူက စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။

ထိုအခါမှသာ လုပ်ကြံသတ်ဖြတ်သူသည် ချီရွှမ်းစုကို တစ်ခါတည်း လက်စသတ်ဖို့ ပြင်လိုက်သည်။

ချီရွှမ်းစုက မြေပြင်ပေါ် လဲကျသွားပြီး ပြန်လည်တိုက်ခိုက်ချင်သော်လည်း သူ့၏ ခွန်အား တစ်စိုးတစ်စိကိုမျှ မထုတ်ဖော်နိုင်တော့ပေ။ သူ့အမြင်အာရုံက မှောင်ကျသွားပြီး လုပ်ကြံသတ်ဖြတ်သူက ဓားမြှောင်ဖြင့် ထိုးစိုက်သတ်ဖြတ်လာမည်ကို သူက ကူကယ်ရာမဲ့စွာ စောင့်နေခဲ့ရသည်။

သူ သတိလစ်တော့မည့်ဆဲဆဲမှာ ဓားကိုဆွဲထုတ်နေသော လုပ်ကြံသတ်ဖြတ်သူက ရုတ်တရက် တောင့်တင်းသွား၏။

လုပ်ကြံသတ်ဖြတ်သူသည် သူ့၏ နောက်ကျောကနေ ရင်ဘတ်ရှေ့ထိ ကျွံထွက်လာသော လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ခေါင်းငုံ့ကာ ကြည့်လိုက်၏။ ၎င်းသည် အမျိုးသမီးတစ်ဦး၏ လက်ဖြစ်ပြီး ဖြူဖွေးနူးညံ့သော်လည်း ဖော်မပြတတ်စွာ ထက်ရှနေသည်။

ထို့နောက် မျက်နှာဝိုင်းဝိုင်းနှင့် ကြော့ရှင်းတင့်တယ်သော အမျိုးသမီးတစ်ဦးက လုပ်ကြံသတ်ဖြတ်သူ၏ နောက်ကနေ ပေါ်ထွက်လာ၏။

အစ်မချီသည် ချီရွှမ်းစု၏ ဘဝမှာ ထိုကဲ့သို့သောပုံစံဖြင့် ပထမဆုံး ပေါ်လာခဲ့သည်။

နောက်ပိုင်းမှာတော့ သူတို့ပြောသည်ကိုသာ သူပြန်ကြားခဲ့ရသည်။ အစ်မချီသည် ဒဏ်ရာများကြောင့် သေအံ့ဆဲဆဲအနေအထားဖြင့် သတိလစ်သွားသော ချီရွှမ်းစုကို ခေါ်ထုတ်သွားခဲ့သည်။ ထို့နောက် ချင်းဖျင်အသင်းတော်က သူ့၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲပေးခဲ့၏။

သူတို့သည် သူ့အသက်ကို ကယ်တင်ပေးခဲ့ရုံသာမက သူ့၏ ခန္ဓာကိုယ်ကို တမူထူးခြားစွာ မာကျောအောင်လည်း ပြုလုပ်ပေးခဲ့သည်။ ထို့ကြောင့်သာ ကျူးကောရုံမင်၏ ထိုးချက်များမှာ သူက မသေခဲ့ခြင်းဖြစ်သည်။

ချီရွှမ်းစုနိုးလာသည့်အချိန်မှာ သူ့ဆရာကို ကယ်တင်ပေးဖို့ အစ်မချီကို ငိုယိုတောင်းပန်ခဲ့သော်လည်း သူမသည် သူ့ဆရာ၏ ရုပ်အလောင်းကိုသာ ပြန်ယူလာခဲ့သည်။

ထိုအချိန်ကစပြီး ချီရွှမ်းစုသည် လုပ်ကြံသတ်ဖြတ်သူများကို လက်စားချေဖို့ ကျိန်ဆိုခဲ့သည်။

အစ်မချီ မကြာခဏ ပြောလေ့ရှိသည်မှာ ချင်းဖျင်အသင်းတော်သည် ကြီးမားသော စွမ်းအားများရှိပြီး ဘယ်အရာကိုမဆို တတ်နိုင်သည်ဟူ၍ ဖြစ်သည်။

ချီရွှမ်းစု၏ အမြင်အရလည်း ချင်းဖျင်အသင်းတော်က တကယ်ပင် ထိုသို့ဖြစ်သည်။

ချင်းဖျင်အသင်းတော်သည် ကံစပ်သော လူတစ်ဦး၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပြီး အလဲအထပ်အားဖြင့် သူတို့၏ ခန္ဓာနှင့် ဝိညာဉ်ကို ပြန်လည်ပေးအပ်ရလေသည်။

သတိလစ်နေစဉ် ချင်းဖျင်အသင်းတော်ကနေ အသွင်ပြောင်းလဲပေးလိုက်သော ခန္ဓာပိုင်ရှင် ချီရွှမ်းစုသည် ထိုကဲ့သို့ ကံစပ်သော လူတစ်ဦး ဖြစ်ခဲ့သည်။

ထိုစဉ်တုန်းက ချီရွှမ်းစုမှာ လက်စားချေဖို့ အတွေးသာရှိပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ချင်းဖျင်အသင်းတော်ထံ သူ့ကိုယ်သူ ရောင်းချခဲ့သည်။

ချင်းဖျင်အသင်းတော်သည် ချီရွှမ်းစုရန်သူ၏ နောက်ခံကို အလျင်အမြန် ရှာဖွေဖော်ထုတ်ပေးခဲ့သည်။ ထိုသူသည် ထိုက်ဖျင်ဂိုဏ်း၏ ချန်မျိုးနွယ်မှ ချန်ယွိဇူဖြစ်လေသည်။ သူ့မိသားစုထဲမှာ ချန်ယွိဇူ၏ အဆင့်အတန်းက သာမန်သာဖြစ်ပြီး သူက မိသားစု၏ အရေးပါသောကိစ္စများမှာ ဝင်မပါနိုင်ဘဲ မိသားစုနာမည်ကိုသုံးပြီး သူ့ကိုယ်ပိုင်လုပ်ငန်းတစ်ခု ဖွင့်ထားသည်။

လွန်ခဲ့သည့်သုံးနှစ်က ဂိုဏ်းတော်အရေးကိစ္စတချို့မှာ ချန်ယွိဇူသည် ချီရွှမ်းစုဆရာနှင့် အတိုက်အခံဖြစ်ပြီး အငြိုးအတေးထားခဲ့သည်။ ထို့နောက် ချီရွှမ်းစု၏ ဆရာ ကျောက်စိမ်းနေပြည်တော်ကနေ ထွက်သည်နှင့် သတ်ဖြတ်ရန် သူက လုပ်ကြံသတ်ဖြတ်သူများကို ငှားရမ်းထားခဲ့သည်။ ငှားရမ်းထားသော လုပ်ကြံသတ်ဖြတ်သူများသည် တည်းခိုခန်းဟုခေါ်သော လျှို့ဝှက်အဖွဲ့အစည်းတစ်ခုမှ ဖြစ်သည်။

ထို့နောက် ချီရွှမ်းစုကို ကိုယ်တိုင်လက်စားချေနိုင်အောင် ချင်းဖျင်အသင်းတော်က စီစဥ်ပေးခဲ့ပြီး နောက်ပိုင်းပြဿနာများကို ကိုင်တွယ်ဖို့ အစ်မချီကို တာဝန်ပေးခဲ့သည်။

ချီရွှမ်းစုသည် ထိုညကို ကောင်းကောင်းမှတ်မိနေသေးပြီး ချန်ယွီဇူသည် ကျင်းလင်စီရင်စုရှိ စံအိမ်တစ်ခုထဲမှာ သောက်စားနေခဲ့သည်။ သူသောက်သောသေရည်ထဲမှာ ချင်းဖျင်အသင်းတော်မှ ထူးခြားသောဆေးဝါးတစ်မျိုးပါဝင်ပြီး သူ၏ ချီများကို ပျံ့လွင့်စေသည်။ ထိုသို့ဖြင့် သူ့ကျင့်ကြံမှု၏ သုံးဆယ်ရာခိုင်နှုန်းထက်ပို၍ စုစည်းနိုင်မည် မဟုတ်ပေ။

ချန်ယွိဇူသည် ထိုညက ပြည့်တန်ဆာတစ်ဦးနှင့် ပျော်ပါးနေခဲ့သည်။ သူရှိသည့်နေရာကို မည်သူကမှ မသိဟုထင်ပြီး သူကပေါ့ဆခဲ့သောကြောင့် ဆေးခတ်ခံခဲ့ရခြင်းဖြစ်သည်။ သူ့အနားမှာ သက်တော်စောင့်များရှိသော်လည်း ချန်ယွိဇူမသိခင်မှာပင် သက်တော်စောင့်များက သတိလစ်နေပြီဖြစ်သည်။ ချင်းဖျင်အသင်းတော်သည် လွန်ခဲ့သည့်တစ်လကတည်းက သူ့နောက်ကိုလိုက်နေခဲ့ခြင်းဖြစ်သည်။

ထိုညက ချီရွှမ်းစုသည် ဓားတစ်လက်နှင့်အတူ ချန်ယွိဇူ၏ အခန်းထဲကို ဝင်ရောက်သွားခဲ့သည်။ နောက်ဆုံးအချိန်မှာ ချန်ယွိဇူက နိုးထလာပြီး ချီရွှမ်းစု၏ ရင်ဘတ်ကို ကန်ခဲ့သော်လည်း အသွင်ပြောင်းလဲထားသော သူ့ခန္ဓာကိုယ်က ထိုကန်ချက်ကို ခုခံနိုင်ခဲ့သည်။ ထို့နောက် ချီရွှမ်းစုသည် ချန်ယွိဇူ၏ ရင်ဘတ်ကို ဓားဖြင့်ထိုးစိုက်ပြီး သူ့နှလုံးနှင့်အဆုတ်ကို ပေါက်သွားစေခဲ့သည်။

ချီရွှမ်းစုသည် ပထမဆုံးအကြိမ် လူသတ်ခဲ့ဖူးခြင်းဖြစ်သည်။ လက်စားချေဖို့က ထိုမျှအထိမြန်ဆန်ပြီး ပြတ်သားမှုရှိခဲ့လိမ့်မည်ဟု ချီရွှမ်းစုထင်မှတ်မထားခဲ့ပေ။ သူသည် လက်စားချေဖို့ ဆယ်နှစ်မပြောနှင့် ဆယ်လပင် မစောင့်ခဲ့ရပေ။

ထို့နောက် ပြည့်တန်ဆာမိန်းမ အော်ဟစ်နေစဥ် ချီရွှမ်းစုက အလျင်အမြန်ပြန်ထွက်လာခဲ့သည်။

ယနေ့အချိန်ထိ ချန်ယွိဇူ၏ မိသားစုနှင့် မိတ်ဆွေများသည် လုပ်ကြံသတ်ဖြတ်သူနှင့်ပတ်သက်ပြီး သဲလွန်စရှာမရခဲ့ပေ။ ငွေစက္ကူများနှင့် စိတ်ဝိညာဥ်ပစ္စည်းများ အပါအဝင် စုစုပေါင်း ထိုက်ဖျင်ဒင်္ဂါးသုံးထောင်လောက် ပါသွားသောကြောင့် လူဆိုးလူမိုက်တစ်ဦးသည် ငွေကြေးအတွက် သူ့ကိုသတ်ဖြတ်ခြင်းဖြစ်မည်ဟု သူတို့တွေးခဲ့ကြသည်။

ထိုပစ္စည်းဥစ္စာများကို လက်စဖျောက်ခဲ့သည်က အစ်မချီလက်ချက်ဖြစ်မည်ဟု ချီရွှမ်းစုထင်မြင်မိသည်။ သို့သော်လည်း အစ်မချီက အပြင်းအထန်ငြင်းဆန်ပြီး သူမကို စော်ကားပြောဆိုသည်ဟု ချီရွှမ်းစုကို စွပ်စွဲခဲ့သည်။ သူမသည် ရထားသောပစ္စည်းများထဲမှ သူ့ကို ဘာတစ်ခုမှ ပြန်ခွဲပေးခဲ့ခြင်းမရှိပေ။

ချန်ယွိဇူ၏ ဆွေမျိုးများနှင့် မိတ်ဆွေများသည် ထိုလူသတ်မှုအကြောင်း ပေချန်ခန်းမထံ တင်ပြခဲ့သည်။ စုံစမ်းစစ်ဆေးပြီးနောက် ပေချန်ခန်းမသည် တာအိုဂိုဏ်းတော်၏ စောင့်ကြည့်စာရင်းထဲမှာရှိနေပြီးဖြစ်သော လျှို့ဝှက်အဖွဲ့အစည်း ချင်းဖျင်အသင်းတော်ကို သံသယဝင်ခဲ့သည်။ ချင်းဖျင်အသင်းတော်သည် ထိုကဲ့သို့သောကိစ္စမျိုး အရင်တုန်းကလည်း အကြိမ်ပေါင်းများစွာ ပြုလုပ်ထားခဲ့ပြီဖြစ်ပြီး အလွယ်တကူပင်ဝန်ခံခဲ့လေသည်။ ထိုသို့ဖြင့် မည်သူကမှ မေးခွန်းမထုတ်ကြတော့ပေ။

လူသတ်သမားသည် ငယ်ရွယ်၍ ရိုးအသော ချီရွှမ်းစုဖြစ်လိမ့်မည်ဟု မည်သူကမှ စဥ်းစားမိမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ချန်ယွိဇူမှာ ရန်သူများရှားပါးမနေဘဲ အနည်းဆုံး ပြိုင်ဘက်ခုနှစ်ဦးရှိနေသည်။ ချင်းဖျင်အသင်းတော်သည် သူ့ဆရာအတွက် လက်စားချေဖို့ ချီရွှမ်းစု၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပြီး ချီရွှမ်းစုသည် ယနေ့အချိန်ထိ ချင်းဖျင်အသင်းတော်ထံမှာ တာဝန်ထမ်းဆောင်ပေးနေရသည်။

ဤသည်က အပေးအယူလုပ်ခြင်းဖြစ်ပြီး ချီရွှမ်းစုက အကြွေးယူသူ ဖြစ်ခဲ့သည်။ ချင်းဖျင်အသင်းတော်ကနေ ထွက်ခွာဖို့အတွက် သူသည် အကျိုးဆောင်မှတ် ကိုးထောင်ကို စုဆောင်းခြင်းဖြင့် သူ့၏ တင်ရှိနေသော အကြွေးကို ရှင်းလင်းနိုင်မည်ဖြစ်သည်။

သူသည် ယခုအချိန်ထိ အကျိုးဆောင်မှတ် ခြောက်ရာကိုသာ စုဆောင်းထားနိုင်ပြီး လိုအပ်သော ပမာဏ၏ ဆယ်ပုံတစ်ပုံကိုပင် မရရှိသေးပေ။ ချီရွှမ်းစုသည် အတွေးရေယာဉ်ကြော မျောပါနေရာကနေ သတိပြန်ကပ်လာပြီး ရေခပ်ဖို့အတွက် ခြံဝင်းထဲသို့ ထွက်သွားသည်။

ကျောက်စိမ်းနေပြည်တော်သည် ခွန်လွင်တောင်ထိပ်မှာ တည်ရှိသောကြောင့် ရေတွင်းတူးဖို့က မဖြစ်နိုင်ပေ။ မြို့တော်ထဲမှာ အသုံးပြုနေသော ရေသည် မြင့်မားသော တောင်တန်းများကနေ လာသည့် အရည်ပျော်ကျလာသော နှင်းများ ဖြစ်သည်။

ထိုနှင်းရေများသည် ပြွန်ပိုက်များကနေတစ်ဆင့် ကျောက်စိမ်းနေပြည်တော်ထဲကို ရောက်ရှိလာသည်။ ထိုနှင်းရေများသည် ကျောက်စိမ်းနေပြည်တော်ထဲသို့ စက်ယန္တရားပစ္စည်းများကနေတစ်ဆင့် ဝင်ရောက်လာသလား သို့မဟုတ် အစီအရင်ဝင်္ကပါများကနေ ဝင်ရောက်လာသလား မည်သူကမှ မသိရပေ။

သူတို့က ကောင်းကောင်း လျှို့ဝှက်ထားသော်လည်း တာအိုဂိုဏ်းတော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုသည် အဖွဲ့နှစ်ဖွဲ့အဖြစ် ကွဲထွက်သွားလိမ့်မည်ဟူသော ကောလာဟလများ ရှိနေသည်။

အဖွဲ့တစ်ဖွဲ့သည် စက်ယန္တရားပစ္စည်းများ၏ အရေးပါမှုကို ထောက်ခံပြောဆိုပြီး အခြားတစ်ဖွဲ့က အဆောင်လက်ဖွဲ့နှင့် အစီအရင်ဝင်္ကပါကို ပိုမိုလိုလားကြသည်။ ထိုအဖွဲ့နှစ်ဖွဲ့က လူများသည် ဘယ်နည်းလမ်းကိုပိုပြီး ဦးစားပေးသင့်သလဲ အမြဲတမ်းငြင်းခုံနေခဲ့ကြသည်။

ဥပမာအားဖြင့် ထိုက်ဖျင်တောင်ပေါ်မှာ ချီရွှမ်းစု မြင်တွေ့ခဲ့သော အာကာသလှည်းဘီးသည် စက်ယန္တရားအဖွဲ့၏ လက်ရာဖြစ်ပြီး တိမ်စိုင်များကြား ပျံသန်းသော ဝေဟင်ပျံသင်္ဘောသည် အစီအရင်ဝင်္ကပါအဖွဲ့၏ လက်ရာဖြစ်သည်။

ထိုသို့ဖြင့် လောက၏ ဖွံ့ဖြိုးတိုးတက်မှုက အတော်လေး ထူးခြားပြီး တစ်သမတ်တည်း ရှိမနေပေ။

၎င်းသည် ပန်းချီကား၏ ဘယ်ဘက်ခြမ်းက အနောက်တိုင်းဆီဆေးဖြစ်ပြီး ညာဘက်ခြမ်းက အရှေ့တိုင်းမင်ဆေး ဖြစ်နေသော ပန်းချီကားတစ်ချက်နှင့် တူသည်။ နှစ်ခုစလုံးကို ပန်းချီလက်ရာဟု ဆိုနိုင်သော်လည်း သူတို့၏ ပုံစံများက လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

ဤသဘောတရားက တာအိုအဖွဲ့အစည်းအတွင်းမှာ အတော်လေး ပျံ့နှံ့လာသည်။ လူတချို့သည် သတ်ဖြတ်ဖို့အတွက် သေနတ်များကို စသုံးလာကြပြီဖြစ်ပြီး တချို့ကတော့ လေးနှင့်မြားကို ကိုင်စွဲနေကြဆဲ ဖြစ်သည်။

ခြေလျင်တပ်သားများသည် ကျည်ထိုးသေနတ်များနှင့် လက်ပစ်ဗုံးများကို အများအပြား စသုံးလာကြပြီ ဖြစ်သော်လည်း မြင်းတပ်များသည် ဓားလှံလက်နက်များနှင့်အတူ စစ်မြေပြင်မှာ ဖြုံလောက်စရာ အင်အားတစ်ရပ် ဖြစ်နေဆဲပင်။

အဆောင်လက်ဖွဲ့များဖြင့် စီမံထားသော သူတို့၏ ချပ်ဝတ်တန်ဆာများသည် အမြှောက်ဆံဖြင့် တည့်တည့်မထိမှန်သ၍ မထိမခိုက်ရှိနိုင်သောကြောင့် ဖြစ်သည်။

တာအိုဂိုဏ်းတော်သည် နဂါးအရိုးများကနေ ဝေဟင်ပျံသင်္ဘောများကို တည်ဆောက်ခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းသွားလာနိုင်အောင် စီစဉ်ပေးခဲ့သည်။

အင်ပါယာရေတပ်ကတော့ သတ္ထုများကနေ စစ်သင်္ဘောများကို တည်ဆောက်ကာ ပင်လယ်ပြင်မှာ စိုးမိုးထားကြသည်။

ဒါ့အပြင် နတ်နဂါးပစ္စတိုလို နှစ်ဦးနှစ်ဖက် ပူးပေါင်းပြုလုပ်ထားသည့် လက်ရာလည်း ရှိသည်။

အကာအကွယ် ကျည်ဒိုင်းကာကို ထိုးဖောက်နိုင်သော အစီရင်များဖြင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့် ၎င်းကို စက်ယန္တရားအဖွဲ့၏ ပြောင်မြောက်သော လက်ရာတစ်ခုဟု ဆိုနိုင်သည်။

ဆက်ပြီး ပြောရလျှင် ပြီးဆုံးတော့မည်မဟုတ်ပေ။

နောက်ဆုံးမှာ ဘယ်အဖွဲ့က အသာစီးရပြီး ဤယှဉ်ပြိုင်မှုကနေ အောင်နိုင်သူအဖြစ် ပေါ်ထွက်လာမလဲ သို့မဟုတ် နောက်ဆုံးမှာ တစ်သားတည်းကျ ပေါင်းစည်းမသွားခင်အထိ နှစ်ဦးနှစ်ဖက်သည် စင်ပြိုင်အဖြစ် ဆက်ပြီး ရှိနေမလား ပြောဖို့ခက်သည်။

သို့သော်လည်း ချီရွှမ်းစုသည် ဤကိစ္စများကို ဂရုစိုက်မနေပေ။ သူသည် တာအိုဂိုဏ်းတော်တွင် ဆုံးဖြတ်ချက်ချနိုင်သော လူများထဲမှာ မပါဝင်သည့် အဆင့်-၇ တာအိုဆရာတစ်ဦးမျှသာ ဖြစ်သည်။

ရေခပ်ပြီးနောက် အရင်ဆုံး အခန်းကို သန့်ရှင်းရေးလုပ်၍ ရေနွေးတစ်အိုးကျိုလိုက်သည်။ ထို့နောက် ရေနွေးဖြူဖြင့်သာ မင်္ဂလာဧည့်ခံပွဲကနေ ပေးလိုက်သော မုန့်များကို ထုတ်စားလိုက်သည်။

ထို့နောက် ချီရွှမ်းစုသည် ကုတင်ပေါ် လှဲချလိုက်ပြီး နောက်ဆုံးလက်ကျန် အရက်ရှိန်ဖြင့် အိပ်မောကျသွားတော့သည်။

All Chapters