← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း ၂၇ - အတည်ပြုခြင်း

ကျီရွှမ်းစုနှင့် လမ်းခွဲပြီးနောက် ကျန်းယွဲ့လုသည် အိမ်သို့ချက်ချင်းပြန်မသွားဘဲ ယွီကျူးတောင်သို့ သွားခဲ့သည်။ သူမပြန်လာသည့်အချိန်မှာ မွန်းတည့်နေပြီဖြစ်သည်။

ကျောက်စိမ်းနေပြည်တော်က ယွီရှုတောင်ထွတ်မှာရှိသော်လည်း ယွီကျူးတောင်ထွတ်က ၎င်းနှင့်ညီနောင်တောင်ထွတ်ဖြစ်သည်။ တောင်ထွတ်နှစ်ခုကြားမှာ ချိန်းကြိုးများဖြင့်ချိတ်ဆက်ထားသည့် နားနေစရာ ၃၆ ခုပါသော ကြိုးတံတားတစ်စင်းရှိနေသည်။

ကျင့်ကြံမှုအဆင့်မြင့်မားသူများက ယွီရှုတောင်ထွတ်ကနေ ယွီကျူးတောင်ထွတ်သို့ ပျံသန်းနိုင်ကြသည်။ ကျင့်ကြံမှုနယ်ပယ်နိမ့်ကျသူများကတော့ ကြိုးတံတားကိုသုံးပြီး တံတားပေါ်ကနေ ဖြတ်လျှောက်ရမည်ဖြစ်သည်။ ခွန်လွင်တောင်ထွတ်မှာ လေက အရိုးခိုက်အောင်အေးစက်နေသည်။ ကျင့်ကြံမှုမရှိလျှင် လူတစ်ယောက်၏ နှုတ်ခမ်းများနှင့် မျက်နှာက အေးစက်မှုဖြင့် ပြာနှမ်းသွားနိုင်သည်။ ဒါ့အပြင် ကြိုးတံတားက ခန့်မှန်းမရအောင်ယိမ်းထိုးနေပြီး ဖြတ်သန်းသွားလာဖို့ အင်မတန်ခက်ခဲလေသည်။

ကျန်းယွဲ့လုသည် ကြိုးတံတားကို ပထမဆုံးအကြိမ်ဖြတ်ခဲ့သည့်အချိန်ကို အမှတ်ရနေသေးသည်။ သူမ၏ ခြေဖဝါးအောက်မှာ သတ္တုချိန်းကြိုးများက လေနှင့်အတူ ယိမ်းနွဲ့နေခဲ့သည်။ သတ္တုချိန်းကြိုးများ၏ အောက်ဘက်မှာ အဆုံးမဲ့ချောက်နက်ရှိနေပြီး သူမတွေ့မြင်သမျှသည် တောင်နံရံဘေးဘက်များမှာ လွင့်မျောနေသည့် တိမ်စိုင်များသာဖြစ်သည်။

ထိုအချိန်တုန်းက ကျန်းယွဲ့လုသည် ကြောက်လန့်လွန်းပြီး ဣန္ဒြေပျက်ယွင်းကာ အခြားသူများအတွက် ရယ်စရာဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမသည် ကြိုးတံတားပေါ်မှာ ဖြတ်လျှောက်ခြင်းကို သူမ၏ စိတ်ကို ကြံ့ခိုင်စေမည့် နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ပြီး သူမ၏ အခက်အခဲများကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။

အရင်တုန်းက ကျန်းယွဲ့လုသည် ကြောက်လန့်လွန်းပြီး ကြိုးတံတားပေါ်မှာ ရှေ့ကို နည်းနည်းချင်းစီသာ တိုးနိုင်ခဲ့သည်။ ယခုအခါမှာတော့ သူမသည် လက်ရန်းအဖြစ် သတ္တုချိန်းကြိုးများကိုသုံးပြီး ကြောက်ရွံ့မှုများစွာမရှိတော့ဘဲ တံတားပေါ်မှာ ယုံကြည်မှုရှိရှိလျှောက်လှမ်းနိုင်နေပြီဖြစ်သည်။

ယွီကျူးတောင်ထွတ်ပေါ်မှာ နေထိုင်သောလူများရှိသော်လည်း သူတို့သည် များသောအားဖြင့် ခြိုးခြံချွေတာကျင့်ကြံသူများဖြစ်ကြသည်။ ယွီကျူးတောင်ထွတ်သည် ၎င်း၏ မူလပုံစံကို အတော်လေးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျိုးတိုးကျဲတဲလိုဏ်ဂူတချို့သာရှိ၍ မည်သည့်ဝင်္ကပါအခင်းအကျင်းမှ မရှိပေ။ ထို့ကြောင့် တောင်ထိပ်ပေါ်မှာ အော်မြည်တိုက်ခတ်နေသည့် အေးစက်လေက ၎င်းကို နန်းဆောင်များနှင့် အဆောက်အအုံများစွာရှိသော ယွီရှုတောင်ထွတ်နှင့် ကွဲပြားခြားနားနေစေသည်။

အစကတော့ ကျန်းယွဲ့လုသည် မိတ်ဆွေတစ်ယောက်ဆီကို အလည်သွားဖို့ ရည်ရွယ်ပြီး ယွီကျူးတောင်ထွတ်ကို ရောက်လာခဲ့သည်။ သို့သော်လည်း အနားကိုရောက်ပြီးမှ သူမက ရုတ်တရက်တွေ့ချင်စိတ်မရှိတော့ဘဲ ယွီရှုတောင်ထွတ်သို့ လာလမ်းအတိုင်းပြန်လှည့်လာခဲ့သည်။ သူမသည် ယွီကျူးတောင်ထွတ်သို့ ခဏတစ်ဖြုတ်သာသွားပြီး စိတ်မပါသောကြောင့် ပြန်လှည့်လာခဲ့သည်။

ကျန်းယွဲ့လု၏ မိဘများက ကျောက်စိမ်းနေပြည်တော်မှာ နေထိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူမ၏ ဝေယျာဝစ္စကိစ္စများကို ကူညီဆောင်ရွက်ပေးမည့် သက်ကြီးပိုင်းမောင်နှံနှင့်အတူ သူမ၏ စံအိမ်မှာသာ နေထိုင်သည်။

ပုံမှန် ရှေးတော်ဝင်မိသားစုများ၏ အခြားသောအစေခံများနှင့်မတူဘဲ ဤတာအိုမောင်နှံကို တာအိုဂိုဏ်းတော်ကနေ ငှားရမ်းပေးထားခြင်းဖြစ်ကာ သူတို့မှာ အခြေခံ ခံစားခွင့်များရှိကြသည်။ တာအိုဂိုဏ်းတော်သည် အစေခံများကို ညှင်းပန်းနှိပ်စက်ခြင်းမပြုဖို့ တားမြစ်ထားပြီး မနာခံသူများက ပြင်းပြင်းထန်ထန်အပြစ်ပေးခံရတတ်သည်။ ယခင်က အစေခံတစ်ဦးကို နိုင်လွန်မင်းထက်ပြုမူခဲ့သည့် တတိယအဆင့်တာအိုဆရာတစ်ဦး၏အမှု ရှိခဲ့ပြီး ရလဒ်အနေဖြင့် ထိုသူသည် ရာထူးကနေလျှောချခံရပြီး အဆင့် -၃ ကနေ အဆင့် -၄ သို့ ပြုတ်ကျသွားခဲ့သည်။

များသောအားဖြင့် တာအိုဂိုဏ်းတော်တွင် ဂုဏ်သိက္ခာကြီးမားသောမိသားစုများမှ တပည့်များတွင် သူတို့သွားလေရာလိုက်ပါမည့် ယုံကြည်စိတ်ချရသောအစေခံများ ရှိတတ်ကြသည်။ သို့သော်လည်း ကျန်းယွဲ့လုသည် ထိုကဲ့သို့ နာမည်ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခုမှ မဟုတ်ပေ။

သူမ၏ မျိုးရိုးနာမည်က ကျန်းဖြစ်သော်လည်း ကျန်းမိသားစု၏ ပင်မမျိုးဆက်မှ မဟုတ်ဘဲ အတော်လေးသွေးဝေးလေသည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်သည် ကျန်းယွဲ့လုအတွက် ဝေယျာဝစ္စကိစ္စများဆောင်ရွက်ပေးရန် အစေခံများကို စီစဉ်ပေးထားသည်။ မည်သို့ပင်ဆိုစေ ပေချန်ခန်းမ၏ ကြီးကြပ်ရေးမှူးတစ်ဦး သို့မဟုတ် လက်ထောက်ခန်းမသခင်တစ်ဦး လုပ်ရခြင်းက လွယ်ကူသည်မဟုတ်ဘဲ သူတို့ကို အသေးအဖွဲကိစ္စများနှင့် အချိန်ကုန်မနေစေရန် စီစဉ်ပေးထားရမည်ဖြစ်သည်။

တာအိုမောင်နှံသည် ယခင်က ပေချန်ခန်းမမှာ အမှုထမ်းခဲ့ကြသည်။ ကျန်းယွဲ့လုက ပေချန်ခန်းမကနေ ထျန်ကန်းခန်းမသို့ ရွှေ့ပြောင်းခံရပြီးနောက် တာအိုမောင်နှံကလည်း သူမနှင့်အတူ လိုက်ပါကာ ကျောက်စိမ်းနေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ ထိုမောင်နှံသည် လစာအဖြစ် ထျန်ကန်းခန်းမကနေ တစ်လလျှင် ထိုက်ဖျင်ဒင်္ဂါး ၃ ပြား ရရှိကြသည်။

ကျန်းယွဲ့လုက မောက်မာတတ်သောလူ မဟုတ်ပေ။ မကြာသေးခင်ကမှ ဆုံတွေ့ခဲ့သည့် ချီရွှမ်းစုနှင့်အတူ သောက်စားခဲ့ခြင်းက ထိုအချက်ကို သက်သေပြပေးနေသည်။ သူမသည် အစေခံများကို နိုင်လွန်မင်းထက်ပြုမူသူ မဟုတ်ပေ။ ထို့ကြောင့် သူမက တာအိုမောင်နှံကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည်။ ကလေးမရှိသောသက်ကြီးပိုင်းမောင်နှံသည် ကျန်းယွဲ့လုကို သူတို့၏ ကလေးအဖြစ်သဘောထားပြီး ကောင်းကောင်းဂရုစိုက်ပေးတတ်၏။

သူမက တစ်မှေးလောက်မှေးမည်ကြံနေစဉ် သက်ကြီးပိုင်းတာအိုအမျိုးသမီး အန်တီဟယ်က အပြေးအလွှားရောက်ရှိလာ၏။ အန်တီဟယ်သည် ကျန်းယွဲ့လုထံမှ သေရည်နံ့ကို အဝေးကနေပင် ရရှိသွားပြီး မေးလိုက်သည်။

“သခင်မလေး… ရှင်သောက်လာတာလား”

ကျန်းယွဲ့လုက သေရည်ခွက်ကို ဝှေ့ယမ်းနေသယောင်လုပ်ပြပြီး ပြုံး၍ပြောလိုက်သည်။

“နည်းနည်းလေးပါပဲ”

“လောကမှာ သခင်မလေးလို ညနက်တဲ့အထိ တစ်ယောက်တည်းထွက်သောက်တဲ့ မိန်းကလေးမျိုး ရှိမှာမဟုတ်ဘူး”

ဒေါ်လေးဟယ်သည် ယခင်မျိုးဆက်၏ ရှေးရိုးစဥ်လာယုံကြည်မှုများကို ကိုင်စွဲထားဆဲဖြစ်သည်။

“ဒီသတင်းသာပြန့်သွားရင် သခင်မလေးရဲ့နာမည်ဂုဏ်သတင်းကို ထိခိုက်စေမှာမလား”

ကျန်းယွဲ့လုက စိတ်ထဲမှာမထားဘဲ ပြောလိုက်သည်။

“ကျွန်မက ဂိုဏ်းတော်မှာ အဆင့် -၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦး ဖြစ်နေပြီ… အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ ဗိုင်းကောင်းကျောက်ဖိမိန်းကလေး မဟုတ်ဘူး… နဲနဲလေးသောက်တာပဲ ဘာမှမဖြစ်ပါဘူး… ကျောက်စိမ်းနေပြည်တော်မှာ အရက်ဆိုင်ကောင်းကောင်းမရှိတာ နှမြောစရာပဲ… မဟုတ်ရင် ကျွန်မသွားကြည့်ချင်သေးတယ်”

ဒေါ်လေးဟယ်က အလောတကြီး ပြောလိုက်သည်။

“သခင်မလေးကတော့ ပြောလေဆိုးလေပါလား… ကဲ… ဒီအကြောင်းနဲ့ပတ်သက်ပြီး မပြောတော့တာကောင်းမယ်”

စကားပြောရင်းဆိုရင်း ဒေါ်လေးဟယ်က ကျန်းယွဲ့လုကို သေရည်အနံ့ပျောက်သွားစေရန် အဝတ်အစားများ ကူလဲပေးနေသည်။

ကျန်းယွဲ့လုက ကိုယ်ကျပ်အောက်ခံအင်္ကျီတစ်ထည်ကို လဲဝတ်ပြီး အပေါ်ကနေ နှင်းပွင့်ကွက် လက်ပြတ်အတိုတစ်ထည်ကို ထပ်ဝတ်လိုက်သည်။

ဒေါ်လေးဟယ်က ကျန်းယွဲ့လု၏ အဝတ်ဟောင်းများကိုကိုင်ပြီး ပြောလိုက်သည်။

“ဒါနဲ့ မနေ့ညနေက သခင်မလေးမရှိတုန်း အဆင့် -၄ ကြီးကြပ်ရေးမှူးတစ်ဦးက စာတွဲတစ်ခုလာပို့သွားတယ်… အဲ့ဒါက ပထမအသုတ်လျှောက်ထားသူတွေရဲ့စာရင်းလို့ပြောတယ်… ကျွန်မ အဲ့ဒါကို ရှင့်ရဲ့စာကြည့်ခန်းထဲမှာ တင်ပေးထားတယ်… ၈ လပိုင်း ၁၅ ရက်နေ့နောက်ဆုံးထားပြီး ဒုတိယအသုတ်လျှောက်ထားသူစာရင်းကို ပို့ပေးမယ်လို့လည်း သူပြောသွားသေးတယ်”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြီး စာကြည့်ခန်းရှိရာသို့ လျှောက်လှမ်းသွား၏။

သူမ၏ စာကြည့်ခန်းက အတော်လေးကျယ်ဝန်းပြီး နံရံ လေးဖက်ကို မတူကွဲပြားစွာ အသုံးချထားသည်။

နံရံတစ်ဖက်က စာအုပ်စင်များဖြင့် ပြည့်နှက်နေပြီး အခြားတစ်ဖက်က သံပတ်ပေးကြေးနာရီ၊ အဝေးကြည့်မှန်ပြောင်းတစ်လက်နှင့် ပုံစံငယ်သင်္ဘောတစ်စင်းအပါအဝင် အဖိုးတန်ရတနာများစွာဖြင့် ပြည့်နှက်နေသည်။ နေထွက်ရာဖက်ကို မျက်နှာမူထားသောနံရံမှာ တံခါးတစ်ချပ်နှင့် ပြတင်းပေါက်တစ်ချပ်ပါပြီး ၎င်းနှင့် ဆန့်ကျင်ဖက်နံရံမှာ စန္ဒကူးသားစားပွဲရှည်တစ်လုံးနှင့် ရှေးဟောင်းဓားတစ်လက်တင်ထားသည် ဓားစင်တစ်ခုရှိနေသည်။

စားပွဲပေါ်မှာ စုတ်တံခွက်၊ စုတ်တံဒေါက်နှင့် မင်သွေးကျောက်တို့အပါအဝင် ပုံမှန်အသုံးပြုနေကျ စာရေးကိရိယာများအပြင် စောစောကဒေါ်လေးဟယ်ပြောသည့် အမည်စာရင်းပါသော ခပ်ထူထူစာတွဲတစ်ခုလည်းရှိနေသည်။

ကျန်းယွဲ့လုက စားပွဲ၏ နောက်မှာထိုင်ပြီး စာတွဲကို ကောက်ယူကြည့်လိုက်သည်။

သူမ၏ အကြည့်က ချီရွှမ်းစုဟူသောနာမည်ကိုတွေ့မြင်ရချိန်မှာ ရပ်တန့်သွားသည်။

သူမက တွေးလိုက်သည်။

'ဒါက ဟိုလူနဲ့ တစ်ယောက်တည်းပဲလား ဒါမှမဟုတ် နာမည်တူတာပဲလား’

ကျန်းယွဲ့လုသည် ချီရွှမ်းစု၏ အသေးစိတ်အချက်အလက်များဖော်ပြထားသည့် စာမျက်နှာကို အလျင်အမြန်ရှာဖွေလိုက်သည်။

အမည် - ချီရွှမ်းဆု

မှတ်ချက် - အများခေါ်နာမည် - ထျန်းယွမ်။

အသက် - ၂၄ နှစ်

မှတ်ချက် - မွေးစားရက်စွဲသည် ဝမ်ရှန်းတာအိုကျောင်းတော်၏ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာတွင် မှတ်တမ်းတင်ထားသော စွန့်ပစ်ခံရသည့်ရက်စွဲအပေါ် အခြေခံထားသည်။

ရာထူးအဆင့် - အဆင့် (၇) တာအိုဆရာ။

မှတ်ချက် - လွန်ခဲ့သည့် သုံးနှစ်တာ အကဲဖြတ်မှတ်တမ်း - အလယ်အလတ်အထက်၊ အလယ်အလတ်အထက်၊ အလယ်အလတ်အထက်။

နောက်ခံ - ဝမ်ရှန်းတာအိုကျောင်းတော်၊ ပင်းကျီနှစ်၊ အတန်း (က)။

မှတ်ချက် - ထူးချွန်သောစွမ်းဆောင်ရည်ဖြင့် ကျောင်းဆင်းခဲ့သည်။

ဆရာ - ချီဟောက်ရန်။

မှတ်ချက် - အဆင့် (၄) ကျိကျိုးတာအိုအကြီးအကဲ၊ မတော်တဆမှုကြောင့် ကွယ်လွန်ဆုံးပါးသွားပြီ။

လက်ရှိရာထူး - မရှိ။

မှတ်ချက် - လှည့်လည်သွားလာနေသော လေလွင့်တာအိုကျင့်ကြံသူ။

နေရပ်လိပ်စာ - အမှတ် ၁၈၊ ကျောက်စာတိုင်လမ်းကြား၊ ချန်ကျန်းလမ်း၊ ဟိုင်ချန်အကွက်။

မှတ်ချက် - ပုံမှန်အားဖြင့် ခရီးထွက်နေလေ့ရှိပြီး ဤနေရပ်လိပ်စာတွင် နေထိုင်လေ့မရှိ။

မျိုးဆက်/လမ်းစဉ် - လေလွင့်ကျင့်ကြံသူ။

ကျင့်ကြံမှုအဆင့် - ခွန်လွန်အဆင့်၊ ရှန်ထျန်းသက်ရှိ။

မှတ်ချက် - လေလွင့်ကျင့်ကြံမှု၏ အတွင်းအမြုတေနယ်ပယ်။

နောက်ခံအဖွဲ့အစည်း - ကျန်းယီဂိုဏ်း။

မှတ်ချက် - တရားဝင် မည်သည့်လမ်းစဉ်ကိုမှ ဝင်ရောက်ထားခြင်းမရှိ။

ကြင်ဖော် - မရှိ။

မှတ်ချက် - တရားဝင်ဘွဲ့ ခံယူထားခြင်းမရှိသေးသဖြင့် လွတ်လပ်စွာ လက်ထပ်ထိမ်းမြားနိုင်သည်။

သားသမီး/တပည့် - မရှိ။

မှတ်ချက် - တပည့်လက်ခံရန် အရည်အချင်း မပြည်မီသေး။

ပြစ်မှုမှတ်တမ်းဟောင်း - မရှိ။

ဂုဏ်ပြုမှတ်တမ်းဟောင်း - မရှိ။

အလုံးစုံ အကဲဖြတ်အရည်အချင်း - အဆင့် (ခ)။

မှတ်ချက် - အဆင့်လေးဆင့် ခွဲခြားထားသည်။

ကြီးကြပ်ရေးမှူး၏ ထင်မြင်ချက် - ခန့်အပ်ရန် ထောက်ခံသည်။

လက်ထောက်ခန်းမသခင်၏ ထင်မြင်ချက် - (ကွက်လပ်)။

ဤသည်က ပဏာမထောက်ခံချက်သာဖြစ်သည်။ ၈ လပိုင်း ၁၆ ရက်နေ့ လူတွေ့စစ်ဆေးပြီးမှ နောက်ဆုံးဆုံးဖြတ်ချက်ကို ချပေလိမ့်မည်။ သို့သော်လည်း ကျန်းယွဲ့လုက လျှောက်ထားသူတစ်ဦးကို ကြိုတင်အသိပြုပေးထားမည်ဆိုလျှင် လူတွေ့စစ်ဆေးမှုကို ကျော်နိုင်သည်။

ကျန်းယွဲ့လုက ဤစာမျက်နှာကို ပြုံးစစဖြင့်ကြည့်နေသည်။ သူမသည် စုတ်တံခွက်ထဲက ဟင်္သပဒါးရောင်ကလောင်တံကိုထုတ်ယူပြီး လက်ထောက်ခန်းမသခင်၏ ထင်မြင်ချက်နေရာတွင် 'အတည်ပြုသည်’ ဟူသောစကားလုံးကို ရေးသားလိုက်လေသည်။

…..

“ဟက်… ချိုး…”

ချီရွှမ်းစုက နိုးနိုးချင်းမှာ နှာချေမိသွားသည်။ ထိုသည်က ထူးဆန်းနေသည်။ ရှန်းထျန်သက်ရှိတစ်ဦးဖြစ်လာပြီးနောက် ပုံမှန်ဖျားနာခြင်းများက မဝင်ရောက်နိုင်တော့ပေ။

သူက တွေးလိုက်သည်။

'ငါအအေးမိသွားတာလား… ဒါမှမဟုတ် ဖုန်ထိုက်ခရိုင်မှာတုန်းက ရခဲ့တဲ့ဒဏ်ရာက ပြန်ပေါ်လာတာလား… ဒါမှမဟုတ် တစ်ယောက်ယောက် ငါ့အကြောင်းပြောနေတာလား… အဲ့ဒါ အစ်မချီများ ဖြစ်နေမလား’

ဤအကြောင်းကိုစဉ်းစားရင်း ချီရွှမ်းစုက အစ်မချီပေးထားသည့် တစ်ပတ်ရစ်အိတ်ဆောင်နာရီကိုထုတ်ယူကာ အချိန်ကိုကြည့်လိုက်သည်။

အချိန်က မနက်ပိုင်းမဟုတ်တော့ဘဲ ၁၂ နာရီခွဲကို ရောက်နေပြီဖြစ်သည်။

ချီရွှမ်းစုသည် နေ့လည်ပိုင်းမှာ ခြံဝင်းတစ်ခုလုံးကို ရှင်းလင်းဖို့ ရည်ရွယ်ထားသည်။

ကြွေကျသစ်ရွက်အလွှာများ အထပ်ထပ်ဖြင့်ပြည့်နေသည့် ခြံဝင်းကိုရှင်းလင်းရသည်က လွယ်ကူသည့်အလုပ်တစ်ခု မဟုတ်ပေ။ အောက်ပိုင်းအလွှာများက ဗွက်ပေါက်နေပြီဖြစ်ပြီး သေသပ်အောင်ရှင်းလင်းဖို့ အချိန်တစ်ချို့ယူရပေလိမ့်မည်။

သူ့ရန်သူ ချန်ယွိဇူက သေသွားပြီဖြစ်ပြီး လူသေပြီးနောက် အငြိုးအတေးများအားလုံး ပျောက်ပျက်သွားတတ်သည်။ ချန်မိသားစုဝင်များသည် ချန်ယွိဇူအတွက် လက်စားချေပေးလိုမည်ဖြစ်သော်လည်း သူတို့သည် သူ၏ အခြားသောကိစ္စများကို အရေးလုပ်နေမည် မဟုတ်ပေ။

ချန်ယွိဇူသည် ချင်းဖျင်အသင်းတော်၏ လက်ထဲမှာ သေခဲ့ရသည်ဟု ပေချန်ခန်းမက ကောက်ချက်ချပေးခဲ့သည်။ ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်နှင့် သူ၏ ပတ်သက်ဆက်နွယ်မှုကို မပေါက်ကြားစေသရွေ့ သူ့ကို ချန်ယွိဇူ၏သေဆုံးမှုနှင့် မည်သူကမှ ဆက်စပ်မိလိမ့်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ချန်ယွိဇူမှာ ရန်သူများစွာရှိခဲ့သည်။ ချန်ယွိဇူ၏ အဆင့်အတန်းသည် ကောင်းကောင်းမြင့်မားခြင်းမရှိပဲ ချန်မိသားစုက သူ့၏ ရန်သူများအားလုံးကို စုံစမ်းပေးနေလိမ့်မည် မဟုတ်ပေ။

ချီရွှမ်းစုသည် သူ့ဆရာနေအိမ်သို့ ပြန်မလာလိုသည်မှာ နာကျင်ရသောမှတ်ဉာဏ်များကြောင့်ဖြစ်သည်။ သို့သော်လည်း သူ၏ ငွေကြေးချို့တဲ့မှုက သူ့ဆရာ၏ သေဆုံးမှုမှာ သူ၏ ပူဆွေးဝမ်းနည်းမှုကို လုယူသွားခဲ့သည်။ တစ်ခါတစ်ရံမှာ ရှင်သန်ဖို့အတွက် ရုန်းကန်ရတတ်သည်။

အဲ့ဒါက ရိုးအီနေသောစကားဖြစ်သော်လည်း အမှန်တရားတချို့ရှိနေဆဲဖြစ်သည်။ အချိန်က မွန်းလွဲပိုင်းဖြစ်ပြီး နေသာ၍ အေးအေးလူလူရှိနေသည်။

ချီရွှမ်းစုက သူ၏ အင်္ကျီလက်နှစ်ဖက်ကို လိပ်တင်ပြီး ခြံဝင်းသန့်ရှင်းရေးကို စတင်လိုက်၏။

ထိုစဉ် ကျန်းယွဲ့လုက သူမ၏ စားပွဲနောက်မှာထိုင်ပြီး လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်များကို ပျင်းရိစွာ လှန်လှောကြည့်ရှုနေသည်။

ချီရွှမ်းစုကလွဲလျှင် အခြားမည်သည့်လျှောက်ထားသူကမှ ကျန်းယွဲ့လု၏ စိတ်အာရုံကို မဖမ်းစားနိုင်တော့ပေ။ ချီရွှမ်းစုက ကျန်းယွဲ့လု၏ စိတ်အာရုံကို ရရှိခဲ့သည်မှာ မနေ့ညက သူတို့ဆုံခဲ့သောကြောင့်ဖြစ်သည်။

တစ်မှေးလောက်မှေးမည်ဟု စဉ်းစားတွေးတောနေစဉ်မှာပင် နောက်ထပ်လျှောက်ထားသူတစ်ဦး၏ အချက်အလက်က သူမ၏ စိတ်အာရုံကို ဖမ်းစားမိသွားသည်။ ချီရွှမ်းစု၏ နည်းပါးလွန်းသော သတင်းအချက်အလက်နှင့် မတူဘဲ ဤလျှောက်ထားသူ၏ အချက်အလက်က စာတွဲထဲတွင် စာမျက်နှာနှစ်မျက်နှာတိတိ ယူထားလေသည်။

အမည် - ရှုခို

မှတ်ချက် - အမည်ပြောင် - ယမမင်းလေး။

အသက် - ၃၀ နှစ်။

ရာထူးအဆင့် - အဆင့် (၆) တာအိုဆရာ။

မှတ်ချက် - လွန်ခဲ့သည့် သုံးနှစ်တာ အကဲဖြတ်မှတ်တမ်း - အလယ်အလတ်အောက်၊ အမြင့်၊ အနိမ့်။

နောက်ခံ - ဖီးနစ်စိမ်းတပ်ဖွဲ့။

မှတ်ချက် - မျိုးရိုးစဉ်ဆက် ဖီးနစ်စိမ်းတပ်ဖွဲ့ဝင် မိသားစုမှ ဆင်းသက်လာသည်။

ဆရာ - မရှိ။

မှတ်ချက် - ယခင်က ဖီးနစ်စိမ်းတပ်တွင် တပ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

လက်ရှိရာထူး - ချီကျိုးတာအိုစံအိမ်မှ တာအိုဆရာ။

မှတ်ချက် - ချီကျိုး တာအိုစံအိမ်မှ ထောက်ခံပေးထားသည်။

နေရပ်လိပ်စာ - မသိရှိရ။

မှတ်ချက် - ချီကျိုး၊ ပေဟိုင်စီရင်စုတွင် နေထိုင်သူ။

မျိုးဆက်/လမ်းစဉ် - ကိုယ်ခံပညာသိုင်းသမား။

ကျင့်စဉ်အဆင့် - ယွီရှုအဆင့်၊ ရှန်ထျန်းသက်ရှိ။

မှတ်ချက် - ကိုယ်ခံပညာသိုင်းကျင့်ကြံသူ၏ အသွေးအသားနယ်ပယ်။

နောက်ခံအဖွဲ့အစည်း - ထိုက်ဖျင်ဂိုဏ်း။

ကြင်ဖော် - ဇနီးတစ်ဦး။

မှတ်ချက် - တာအိုအဖွဲ့အစည်းမှ မဟုတ်၊ ကွယ်လွန်ခဲ့ပြီး။

သားသမီး/တပည့် - မရှိ။

မှတ်ချက် - တပည့်လက်ခံရန် အရည်အချင်း မပြည့်မီသေး။

ပြစ်မှုမှတ်တမ်းဟောင်းများ -

- အကျဉ်းသားများကို နှိပ်စက်သတ်ဖြတ်မှုကြောင့် အဆင့် (၆)သို့ ရာထူးလျှောချခံခဲ့ရဖူးသည်။

အထက်အမိန့်ဖီဆန်မှုကြောင့် ပြစ်တင်ကြိမ်းမောင်းခံခဲ့ရဖူးသည်။

- စိတ်လိုက်မာန်ပါပြုမူပြီး နတ်ဆိုးတစ်ကောင်ကို လွတ်မြောက်စေခဲ့ခြင်းကြောင့် ပြင်းထန်စွာ အပြစ်ပေးခံခဲ့ရဖူးသည်။

- တာအိုဆရာအချင်းချင်း ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး လက်နက်ဖြင့် တိုက်ခိုက်ကာ ဒဏ်ရာရစေမှုကြောင့် အဆင့် (၇) သို့ ရာထူးလျှောချခံခဲ့ရဖူးသည်။

- အထက်အမိန့်ဖီဆန်မှုနှင့် အထက်လူကြီးကို စော်ကားမှုကြောင့် အဆင့် (၈)သို့ ရာထူးလျှောချခံခဲ့ရဖူးသည်။

မှတ်ချက် - ဤသည်မှာ အကျဉ်းချုပ်ဖြစ်သည်။ အသေးစိတ်ကို သက်ဆိုင်ရာ ပူးတွဲစာရွက်စာတမ်းများတွင် ဆက်လက်ကြည့်ရှုနိုင်သည်။

ဂုဏ်ပြုမှတ်တမ်းဟောင်း -

- ချင်းဖျင်အသင်းမှ ခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းဆီးရမိခဲ့သဖြင့် 'ရွှမ်' အကျိုးဆောင်မှု ရရှိကာ အဆင့် (၅)သို့ ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည်။

- ပေဟိုင်စီရင်စုရှိ မိစ္ဆာဝါဒဖြန့်မှုကို ဖော်ထုတ်နိုင်ခဲ့သဖြင့် 'ဟွမ်' အကျိုးဆောင်မှု ရရှိကာ အဆင့် (၇)သို့ ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည်။

- ခွန်လွန်အဆင့်ရှိ နတ်ဆိုးကျင့်ကြံသူ လေးဦးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် 'ဟွမ်' အကျိုးဆောင်မှု ရရှိကာ အဆင့် (၆)သို့ ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည်။

မှတ်ချက် - ဤသည်မှာ အကျဉ်းချုပ်ဖြစ်သည်။ အသေးစိတ်ကို သက်ဆိုင်ရာ ပူးတွဲစာရွက်စာတမ်းများတွင် ကြည့်ရှုနိုင်သည်။

စုစုပေါင်း သုံးသပ်ချက် - အဆင့် (ဂ)။

မှတ်ချက် - အဆင့်လေးဆင့် ခွဲခြားထားသည်။

ကြီးကြပ်ရေးမှူး၏ ထင်မြင်ချက် - သတိထား၍ အသုံးပြုရန် အကြံပြုသည်။

လက်ထောက်ခန်းမသခင်၏ ထင်မြင်ချက် - (ကွက်လပ်)

တာအိုအဖွဲ့အစည်းအတွင်း နှစ်စဉ်အကဲဖြတ်စစ်ဆေးမှုနှင့် ထူးခြားသောရာထူးတိုးမြင့်ပေးခြင်းအပြင် အကျိုးဆောင်မှုနှင့် ပြစ်မှုဟူသော စနစ်တစ်ခုလည်းရှိသည်။

ပြစ်မှုစနစ်မှာ ဆူပူကြိမ်းမောင်းခံရခြင်း၊ အပြင်းအထန်အပြစ်ပေးခံရခြင်း၊ ရာထူးကနေလျှောချခံရခြင်းနှင့် တာအိုအဖွဲ့အစည်းကနေ ထုတ်ပယ်ခံရခြင်းတို့ပါဝင်သည်။ ဥပမာအားဖြင့် အစေခံများကို ညှင်းပန်းနှိပ်စက်ခဲ့သော တတိယအဆင့်တာအိုအကြီးအကဲသည် ရာထူးကနေလျှောချခံခဲ့ရသည်။

အကျိုးဆောင်စနစ်ကို ကောင်းကင်၊ မြေကြီး၊ ရွှမ်နှင့် ဟွမ်ဟူ၍ အဆင့်လေးဆင့်ခွဲခြားထားသည်။ ကောင်းကင်ကအမြင့်ဆုံးအကျိုးဆောင်မှုဖြစ်ပြီး ဟွမ်ကအနိမ့်ဆုံးဖြစ်သည်။

အကျိုးဆောင်မှုနှင့် ပြစ်မှုတို့ကို စုထား၍လည်းရသည်။ သေးငယ်သော အကျိုးဆောင်မှုများကို ကြီးမားသော အကျိုးဆောင်မှုများအဖြစ် စုဆောင်းထားနိုင်ပြီး အဆင့်တိုးမြှင့်ပေးခြင်းခံရနိုင်သည်။ သေးငယ်သောပြစ်မှုများကို ကြီးမားသောပြစ်မှုများအဖြစ် စုထားပြီး ရာထူးကနေလျှောချခြင်းကို ပြုလုပ်နိုင်သည်။

ကျန်းယွဲ့လုသည် လက်ထဲမှာ ဟင်္သပဒါးစုတ်တံကိုလှည့်ပြီး စဉ်းစားတွေးတောနေမိသည်။

‘သူက ထက်မြက်တယ်… ဒါပေမယ့် နှစ်ဖက်သွားဓားတစ်လက်ပဲ။’

နောက်ဆုံးမှာတော့ ကျန်းယွဲ့လုသည် လက်ထောက်ခန်းမသခင်၏ ထင်မြင်ချက်နေရာတွင် “အတည်ပြုသည်” ဟူသောအနီတောက်တောက်စာသားကို ရေးသားလိုက်လေသည်။

အခန်း ၂၈ - ရှင်ဘယ်သူလဲ

လျှောက်ထားသူ အမည်စာရင်းပါသည့် ဤစာတွဲသည် အမှန်တကယ်တမ်းမှာ ကတ်ထူအမာချပ်နှစ်ခုကို ညှပ်တစ်ခုဖြင့်တွဲပြီး အလယ်မှာ စာရွက်များ ညှပ်ထားသည့် စာရင်းချုပ်တစ်ခုဖြစ်သည်။ နောက်ထပ် စာရွက်များကို အချိန်မရွေး ထပ်ပေါင်းထည့်နိုင်သည်။

ကျန်းယွဲ့လုသည် ညှပ်ကိုဖြုတ်၍ ချီရွှမ်းစုနှင့် ရှုခို၏ ကိုယ်ရေးအချက်အလက်များကို ဆွဲထုတ်ကာ စားပွဲပေါ်မှာ ဘေးချင်းယှဉ်ချလိုက်၏။

ကျန်းယွဲ့လုသည် ဤမျှငယ်သော အသက်အရွယ်မှာ သူတော်စင်များနှင့် မဟာသူတော်စင်များ၏ အသိမှတ်ပြုမှုကို ရရှိပြီး ရာထူးအမြင့်ပိုင်းတစ်နေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်မှာ သူမ၏ မွေးရာပါအရည်အချင်းနှင့် ကျင့်ကြံမှုအဆင့်ကြောင့်သာလျှင် မဟုတ်ပေ။ လူတစ်ယောက်က ကျင့်ကြံမှုကိုသာ ပိုင်ဆိုင်ထားမည်ဆိုလျှင် သူတို့သည် စိတ်ဝိညာဉ်တပ်သားများ၏ အဆင့်များကြားမှာသာ ရှိနေပေလိမ့်မည်။ ကျန်းယွဲ့လု၏ စေ့စပ်သေချာသော တွေးခေါ်ပုံနှင့် သူမ၏ ဇွဲနပဲကြီးသော စိတ်ဓာတ်ကသာ ရာထူးများ ထပ်တလဲလဲ တိုးမြှင့်ပေးခံရခြင်း၏ အဓိကအခရာဖြစ်သည်။

စာတွဲနှစ်တွဲကို ယှဉ်ကြည့်ပြီး ကျန်းယွဲ့လုသည် တစ်ခုခုလွဲမှားနေသည်ဟု ချက်ချင်းပင် ခံစားမိလိုက်၏။

ရှုခို၏ စာတွဲက တစ်နည်းတစ်ဖုံအားဖြင့် အမြင်မလှသော်လည်း အချက်အလက်များက အတော်လေး အသေးစိတ်ပါနေသည်။ ပြီးခဲ့သည့်နှစ်အတွင်း ရှုခို ဘယ်လိုလှုပ်ရှားခဲ့သလဲ အကြမ်းဖျင်း ဆုံးဖြတ်နိုင်ပြီး သူ၏ ရာထူးတိုးပေးခံရခြင်းနှင့် လျှောချခံရခြင်းတို့ကို ခြေရာကောက်၍ ရနိုင်သည်။

သို့သော်လည်း ချီရွှမ်းစုက မတူပေ။ သူက မထူးခြားဟု ထင်ရသော်လည်း သူ၏ ကိုယ်ရေးအချက်အလက်က အတော်လေး သံသယဝင်စရာကောင်းနေ၏။ ၎င်းက ရှင်းလင်းလွန်းနေခြင်းဖြစ်သည်။

ချီရွှမ်းစု၏ ကိုယ်ရေးအချက်အလက်က ထူးထူးခြားခြားပင် ရှင်းလင်းလွန်းနေသည်။ သူ့နာမည်၊ သူ့ဆရာ၊ အသက်၊ နောက်ခံအဖွဲ့အစည်းနှင့် ကျင့်ကြံမှုနယ်ပယ်ကဲ့သို့ အခြေခံကျသော သတင်းအချက်အလက်များကလွဲလျှင် အခြား မည်သည့်အသေးစိတ်မှ မပါဝင်ပေ။ သူ၏ ယခင်အောင်မြင်ရရှိမှုများ သို့မဟုတ် ပြစ်မှုများနှင့်ပတ်သက်၍ မည်သည့်မှတ်တမ်းမှ မရှိပေ။

သူ့မှာ မိသားစုဝင်များ၊ အပေါင်းအသင်းများ သို့မဟုတ် မိတ်ဆွေများ မရှိပေ။ သူသည် ဘိုးဘေးကျောင်းတော်မှာ မနေထိုင်ခဲ့သလို ဒေသဆိုင်ရာ တာအိုစံအိမ်တစ်ခုမှာ ရာထူးတစ်ခုခု ရယူထားခဲ့ခြင်းလည်းမရှိပေ။

သူသည် အမြဲတမ်း တာအိုအဖွဲ့အစည်း၏ အပြင်ဘက်မှာ ကျက်စားနေခဲ့သည်ဟု ထင်ရသည်။ ထိုသို့ဆိုလျှင် သူက အဆင့်-၇ထိ ဘယ်လိုမြှင့်တင်ပေးခံခဲ့ရတာလဲ။

ကျန်းယွဲ့လု၏ အကြည့်က စာရွက်ပေါ်ရှိ ချီရွှမ်းစု၏ အမည်ပေါ် ကျရောက်သွားပြီး သူမက စဉ်းစားတွေးတောနေမိသည်။

ဝန်ခံရလျှင် ပြီးခဲ့သည့်ညမှာ ချီရွှမ်းစုအပေါ် ကျန်းယွဲ့လုက ကောင်းမွန်သောထင်မြင်ချက်တစ်ခု ရှိထားသော်လည်း သူမသည် သူနှင့်ပတ်သက်သည့် သံသယဝင်စရာများကို လျစ်လျူရှုပစ်မည်ဟု မဆိုလိုပေ။

ကျန်းယွဲ့လုပထမဆုံးတွေးမိသည်မှာ ချီရွှမ်းစုက ဤစာရင်းထဲ ဘယ်လိုဝင်ရောက်လာသလဲ ကြီးကြပ်ရေးမှူး စွန်းယုံဖုန့်ကို သွားရောက်မေးမြန်းဖို့ဖြစ်သည်။

ချီရွှမ်းစုက ကိုယ်တိုင်လျှောက်လွှာတင်သွင်းခဲ့တာလား။ ပညာရှိစွန်းက သူ့ကို ရှာတွေ့သွားခဲ့တာလား။ သို့မဟုတ် ချီရွှမ်းစုကို အခြားတစ်ယောက်က ထောက်ခံပေးထားတာလား။ ထိုသို့ဆိုလျှင် သူ့ကိုဘယ်သူက ထောက်ခံပေးထားတာလဲ။

လက်ထောက်ခန်းမသခင်တစ်ဦး၏ လက်အောက်က အမှုထမ်းများနှင့် ပတ်သက်ဆက်စပ်နေသည့် အချက်အလက်စာရင်းဆိုသည်မှာ ညတွင်းချင်း အပြီးသတ်လုပ်နိုင်သောအရာ မဟုတ်ပေ။ အမှုထမ်းခေါ်ယူမည့်သတင်းက ပျံ့နှံ့သွားပြီး လူတချို့က ကြိုတင်သိရှိထားမည်ဆိုလျှင် အံ့အားသင့်စရာမရှိပေ။ သို့သော်လည်း ကျောက်စိမ်းနေပြည်တော်မှာပင် ရှိမနေခဲ့သော အဆင့်-၇ တာအိုဆရာတစ်ဦးက အတွင်းသတင်းကို ရယူဖို့ လက်လှမ်းမီမည် မဟုတ်ပေ။

ချီမင်နန်းတော်မှ အစည်းအဝေးကို မကြာသေးခင်ကမှ ပြုလုပ်ခဲ့ပြီး တရားဝင်ထုတ်ပြန်ချက်ကို ယခုမှထုတ်ပြန်ထားခြင်းဖြစ်သည်။ ဘိုးဘေးကျောင်းတော်နှင့် ကျောက်စိမ်းနေပြည်တော်မှာ ပြီးခဲ့သည့်နှစ်များအတွင်း ရှိမနေခဲ့သော အဆင့်-၇ တာအိုဆရာတစ်ဦးက ထျန်ကန်းခန်းမသို့ လက်ထောက်ခန်းမသခင်အသစ်တစ်ဦး ရောက်ရှိလာမည်ကို ဤမျှအချိန်တိုအတွင်း ဘယ်လိုလုပ် ရှာဖွေတွေ့ရှိသွားတာလဲ။

သူက ဤကဲ့သို့သော အခွင့်အလမ်းကျရောက်မည့်အချိန်တွင် ကျောက်စိမ်းနေပြည်မှာ ဘယ်လိုလုပ် အချိန်ကိုက် ပေါ်ထွက်လာတာလဲ။

ဖြစ်နိုင်ခြေက နှစ်ခုသာရှိလေသည်။ ၎င်းသည် တိုက်ဆိုင်မှုတစ်ခု ဖြစ်လျှင်ဖြစ်၊ မဟုတ်လျှင် ချီရွှမ်းစုမှာ နောက်ထပ် သတင်းအချက်အလက် စီးဆင်းရာလမ်းကြောင်းတစ်ခု ရှိနေသောကြောင့် ကြိုတင်ပြင်ဆင်လာခြင်း ဖြစ်ပေမည်။

၎င်းသည် တိုက်ဆိုင်မှုတစ်ခု ဖြစ်မည်ဟု ကျန်းယွဲ့လုက မယုံပေ။ ထို့ကြောင့် ချီရွှမ်းစုမှာ နောက်ထပ် သတင်းအချက်အလက် စီးဆင်းရာလမ်းကြောင်းတစ်ခု ရှိနေပြီး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကာ ကျောက်စိမ်းနေပြည်တော်တွင် အချိန်ကိုက်ပေါ်လာသည်ဟူသော ဒုတိယဖြစ်နိုင်ခြေအပေါ်မှာ သူမက အာရုံစိုက်ထားသည်။

ဤသည်မှာ အခြေအမြစ်မရှိသော ခန့်မှန်းချက်တစ်ခု မဟုတ်ပေ။ သူမမှာ သက်သေအထောက်အထား ရှိနေပြီး ၎င်းသည် ချီရွှမ်းစု၏ သုံးနှစ်တာ အကဲဖြတ်မှတ်တမ်းဖြစ်သည်။

ချီရွှမ်းစုသည် ဒေသဆိုင်ရာ တာအိုစံအိမ်တစ်ခုမှာ နေရာတစ်ခု ရယူထားခြင်း သို့မဟုတ် ကျောက်စိမ်းနေပြည်တော်မှာ နေထိုင်ခဲ့ခြင်း မရှိသောကြောင့် သူ့ရဲ့နှစ်စဉ် အကဲဖြတ်မှတ်တမ်းက ဘယ်လို ပေါ်ထွက်လာတာလဲ။ သူက ပြီးခဲ့သည့်သုံးနှစ်အတွင်း သင့်တင့်ကောင်းမွန်သော အဆင့်သတ်မှတ်ချက်များကို ဘယ်လိုရရှိခဲ့တာလဲ။

တာအိုအဖွဲ့အစည်းတွင် နောက်ခံအသိုင်းအဝိုင်းများ ရှိထားတတ်ကြသည်မှာ ပုံမှန်သာဖြစ်သည်။ ဥပမာအားဖြင့် ရှုခိုကို ချီကျိုးတာအိုစံအိမ်က ထောက်ခံပေးထားကြောင်း စာတွဲထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဤအသိအမှတ်ပြုထောက်ခံမှုကို ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ဝန်ခံထားလေသည်။

သို့သော်လည်း ချီရွှမ်းစုကို နောက်ခံပေးထားသည့်သူက ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။ နောက်ခံပေးထားသူသည် သူ၏ တည်ရှိမှုကို အခြားသူများ မသိရှိစေလိုပေ။ ချီရွှမ်းစုကို ဘယ်သူက အတိအကျ နောက်ခံပေးထားတာလဲ။ သူတို့က ဘာလို့လျှို့ဝှက်ပြီး လုပ်နေတာလဲ။ သူတို့က ဘာကိုဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ။

ကျန်းယွဲ့လုက ‘အတည်ပြုသည်’ဟူသော အနီရောင်စာသားကို ကြည့်ပြီး အငြင်းစကားလုံးတစ်လုံး ထပ်ထည့်ရင်ကောင်းမလား စဉ်းစားနေမိသည်။

သို့သော်လည်း သူမသည် ထိုအတွေးစိတ်ကူးကို အလျင်အမြန်ပယ်ချပြီး ချီရွှမ်းစုအကြောင်း စွန်းယုံဖုန့်ကို မေးမြန်းမည့်အတွေးကိုပင် ပယ်ချလိုက်သည်။

စွန်းယုံဖုန့်သည် ထျန်ကန်းခန်းမ၏ ဝါရင့်အမှုထမ်းတစ်ဦးဖြစ်ပြီး တာအိုဂိုဏ်းတော်၏ နိုင်ငံရေးကစားကွက်များနှင့် ယဥ်ပါးနေပြီးသားဖြစ်သည်။ သူ့လိုလူများက ဉာဏ်နီဉာဏ်နက်များပြီး အရှောင်အတိမ်းကောင်းတတ်ကြသည်။

သူက ထိုအတွက် အဖြေတစ်ခုကို ကြိုတင်စဉ်းစားထားပြီးသား ဖြစ်ပေလိမ့်မည်။ သူ့ကို မဆင်မခြင် သွားရောက်မေးမြန်းခြင်းက သူမအတွက် အရေးနိမ့်မှုတစ်ခုပင် ဖြစ်သွားနိုင်သည်။

အရင်စတင်သွားပြောပြီး သူတို့ကို သတိပေးခြင်းထက် မသိချင်ယောင်ဆောင်ကာ သူတို့ဘက်က ကျွံအလာကို စောင့်ဆိုင်းခြင်းက ပိုကောင်းပေလိမ့်မည်။ သူတို့၏ အစစ်အမှန်ပုံစံကို အမှတ်တမဲ့ ထုတ်ဖော်မိကောင်း ထုတ်ဖော်မိလာနိုင်သည်။

ကျန်းယွဲ့လုက ရှုခို၏ စာတွဲကို သူ့နေရာမှာ ပြန်ထားပြီး ချီရွှမ်းစု၏ စာတွဲကိုသာ စားပွဲပေါ်မှာ ဖွင့်လျက်သား ချထား၏။

သူမသည် အတည်ပြုသည်ဟူသော တောက်ပသည့် အနီရောင်စာသားကို ငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

“နင်ဘယ်သူလဲ… ငါကြည့်ချင်သေးတယ်။”

. . . . . .

ကြွေကျသွားသော သစ်ရွက်များကို လှဲနေသည့် ချီရွှမ်းစုက နောက်တစ်ဖန် နှာချေမိသွား၏။ အဲ့ဒါက ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

တစ်ယောက်ယောက်က ငါ့အကြောင်း ဆက်တိုက်ပြောနေတာလား။ အစ်မချီက သူ့ရဲ့ မဟုတ်မတ် အလုပ်တွေမှာ ငါ့ကိုအသုံးချဖို့ တစ်ခုခု ကြံနေတာများလား။

ချီရွှမ်းစုသည် ခေါင်းခါပြီး ထိုအတွေးကို ပယ်ချကာ သစ်ရွက်များကို ဆက်လက်၍ ရှင်းလင်းနေသည်။

ချီရွှမ်းစု ထင်မထားသည်မှာ အစ်မချီက ဤတစ်ခေါက် အတွက်မှားသွားခြင်းဖြစ်သည်။ ကျန်းယွဲ့လုက ဤမျှအထိ စေ့စပ်သေချာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

တကယ်တော့ ချီရွှမ်းစု၏ နောက်ကြောင်းရှင်းသော ကိုယ်ရေးအချက်အလက်သည် ချင်းဖျင်အသင်းတော်၏ လက်ရာဖြစ်သည်။ သူ့ဆရာ ချီဟောက်ရန် သေဆုံးသွားပြီးနောက် ချီရွှမ်းစုသည် အဆင့်-၈ တာအိုဆရာတစ်ဦးအဖြစ်မှာ ရပ်တန့်နေခဲ့သည်။ ချင်းဖျင်အသင်းတော်က တိတ်တဆိတ်လှုပ်ရှားပေးခဲ့ပြီးမှသာ သူက အဆင့်-၇ သို့ တိုးမြှင့်ပေးခံခဲ့ရခြင်းဖြစ်သည်။

ချင်းဖျင်အသင်းတော်၏ လွှမ်းမိုးမှုသည် ရာထူးတိုးမြှင့်ပေးခြင်းများကိုပင် ပြုလုပ်နိုင်သည်။ အထူးသဖြင့် အဆင့်-၄ လောက်ထိ ဖြစ်နိုင်သည်။ သို့သော်လည်း ချင်းဖျင်အသင်းတော်က ဤပြဿနာကိုလည်း သိရှိထား၏။ သူ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းက ဗလာအတိုင်းဆက်ဖြစ်နေမည်ဆိုလျှင် သူတို့သည် ချီရွှမ်းစုကို အဆင့်-၅ အထိ မြှင့်တင်မပေးနိုင်တော့ပေ။

ထို့ကြောင့်ပင် အစ်မချီသည် ချီရွှမ်းစုကို ထျန်ကန်းခန်းမမှာ နေရာတစ်ခု ရယူစေလိုခြင်းဖြစ်သည်။ ထိုသို့ဖြင့် သူသည် အတွေ့အကြုံလည်းရသလို အောင်မြင်ထွန်းပေါက်မှုတချို့ကိုလည်း ရရှိနိုင်သည်။

ချီရွှမ်းစုက ထျန်ကန်းခန်းမမှာ နေရာတစ်ခုကို မရယူလိုဘူးဆိုလျှင် အစ်မချီက သူ့ကို အတင်းအကျပ် တိုက်တွန်းလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း အစ်မချီ ပြောခဲ့သလိုပင် ချီရွှမ်းစုသည် အောက်ခြေလှေခါးထစ် အဆင့်-၇ မှာ ရပ်တန့်နေပေလိမ့်မည်။ အသက်အရွယ်တစ်ခုကို လွန်လာပြီးနောက် သူသည် ရှေ့ကိုတက်လှမ်းဖို့ အခွင့်အရေး ဆက်ရှိတော့မည်မဟုတ်ပေ။ သူက ကံကောင်းမည်ဆိုလျှင် အဆင့်-၄ အထိ တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်မည်ဖြစ်သော်လည်း ဉာဏ်ပညာဓားကို ကိုင်စွဲဖို့ မျှော်လင့်ချက်မရှိတော့ဘဲ အဆင့်-၅ မှာပင် ရပ်တန့်သွားတာလည်း ဖြစ်နိုင်သည်။

တာအိုဂိုဏ်းတော်က တိုးတက်၍ ပြုပြင်ပြောင်းလဲလာသည်နှင့်အမျှ ကျင့်ကြံမှုနယ်ပယ်တစ်ခုတည်းဖြင့် အရာရာကို ဆုံးဖြတ်နိုင်သောခေတ်က ကုန်သွားခဲ့ပြီဖြစ်သည်။ အခါများစွာမှာ ကျင့်ကြံမှုနယ်ပယ် မြင့်မားခြင်းက ရာထူးအဆင့်အတန်း မြင့်မားခြင်းနှင့် တိုက်ရိုက်အချိုးမကျတော့ပေ။ ကောင်းကင်ဘုံသက်ရှိများကသာ သူတော်စင်များဖြစ်လာနိုင်သည်ဟူသော စည်းမျဉ်းစည်းကမ်းက ရှိနေဆဲဖြစ်သော်လည်း သူတော်စင်များကြားမှာပင် ခွန်အားကွာဟချက် ရှိနေသည်။

သူတော်စင်အချို့သည် ကောင်းကင်ဘုံသက်ရှိတစ်ဦး၏ အောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ရုံသာဖြစ်ပြီး တချို့ကတော့ လက်ထောက်မဟာကြီးကဲ ၃ ဦးနှင့် တစ်ဆင့်သာ ကွာတော့လေသည်။

ကျင့်ကြံမှုနယ်ပယ်တစ်ခုတည်းအပေါ် မှီခိုခြင်းဖြင့် ပုံမှန်မဟုတ်သော နည်းလမ်းကနေ သူတော်စင်များဖြစ်လာချင်သည့် သူများသည် အင်မော်တယ်တစ်ပါးနှင့် အင်မတန်နီးစပ်သော ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်ရှိနေဖို့ လိုအပ်သည်။

မဟာသူတော်စင်များ အထူးသဖြင့် တာအိုဂိုဏ်းကြီး ၃ ဂိုဏ်းကို ဦးဆောင်နေသည့် လက်ထောက်မဟာသခင်များအနေဖြင့် လူအများ၏ ထောက်ခံမှုကို ရရှိဖို့က အဓိကကျလေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပင် မြင့်မားနေသည်ဖြစ်စေ အများလူထု၏ ထောက်ခံမှုကို မရရှိပါက ကြိုးစားသမျှ အရာအားလုံးက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

မဟာအကြီးကဲသည် အားလုံး၏ အထက်မှာ ရှိနေသည်။ မဟာသူတော်စင်များ၏ အထက်မှာပင် ရှိပြီး ရှေးဦးမူလတာအိုဘိုးဘေး၏ ကိုယ်စားပြုပြယုဂ်ဖြစ်သည်။ ပထမအဆင့် မဟာသူတော်စင် ၃ ပါးပင်လျှင် တာအိုဂိုဏ်းတော်၏ ခေါင်းဆောင်ဖြစ်သော မဟာအကြီးအကဲထံမှာ ဦးညွှတ်ကြရသည်။

ကျန်းယွဲ့လုသည် တကယ့်ကို တွေ့မြင်ရခဲသည့် ပါရမီရှင်တစ်ဦးဖြစ်လျှင်တောင် သူမအပေါ် လူတိုင်းမျှော်လင့်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် နောက်ဆုံးတွင် သူတော်စင် ၃၆ ပါးထဲ နေရာတစ်ခုကို ဖြည့်စွက်ရယူနိုင်ဖို့သာဖြစ်သည်။ သူမသည် မဟာကြီးကဲတစ်ဦး ဖြစ်လာဖို့နေနေသာသာ မဟာသူတော်စင်တစ်ပါး ဖြစ်လာလိမ့်မည်ဟုပင် မည်သူကမျှ ထင်မထားကြပေ။ ဤနေရာ ၄ ခုကို ရရှိဖို့ ပင်ကိုယ်ပါရမီနှင့် အရည်အချင်းတို့အပြင် ကိုယ်ပိုင်ခွန်အား၊ နောက်ခံနှင့် ကံတရားတို့အပေါ်လည်း မူတည်နေသေးသည်။

နောက်ဆုံးဆည်းဆာရောင်ခြည်က မိုးကုပ်စက်ဝိုင်း၏ အလွန်မှာ တိုးဝင်ပျောက်ကွယ်သွားပြီးနောက် ချီရွှမ်းစုသည် နောက်ဆုံးမှာ အိမ်ဟောင်းကို သန့်ရှင်းရေးပြုလုပ်ခြင်း ပြီးစီးသွား၏။ ထို့နောက် သူက စားစရာတချို့ဝယ်ဖို့ ဈေးထဲသို့ ထွက်သွားလေသည်။

ကျောက်စိမ်းနေပြည်တော်တွင် ဆန်ဈေးက တောင်ခြေမှာရှိသော မြို့များနှင့် များစွာမကွာခြားသည်မှာ ထူးဆန်းနေသည်။ ဆန်ကြမ်း တစ်ပြည်ကို ရူယိုဒင်္ဂါး ၆ ပြားကျသင့်ပြီး ဆန်ချော တစ်ပြည်ကို ရူယိုဒင်္ဂါး ၁၀ ပြား ကျသင့်သည်။ ခွန်လွင်တောင်ထိပ်မှာတည်ရှိသော ကျောက်စိမ်းနေပြည်တော်ကို ရောက်ရှိဖို့ သယ်ယူပို့ဆောင်ခက အတော်လေးမြင့်မားသည်ဟု ဆိုနိုင်သည်။

တကယ်ဆို ဆန်ဈေးက များစွာပိုမိုမြင့်မားပြီး သယ်ယူပို့ဆောင်ခက ဆန်တန်ဖိုးထက်ပင် ပိုကြီးနေနိုင်သည်။ သို့သော်လည်း ကျောက်စိမ်းနေပြည်တော်မှာ ဆန်ဈေးက သယ်ယူပို့ဆောင်ခများကို ဖယ်ထားပုံရလေသည်။ သယ်ယူပို့ဆောင်ခကို တာအိုဂိုဏ်းတော်က စိုက်ပေးထားတာလား သို့မဟုတ် ခွန်လွင်တောင်ပေါ်မှာ တိုက်ရိုက်စိုက်ပျိုးနိုင်သည့် အခြားသောနည်းလမ်းတချို့ ရှိနေသောကြောင့် သယ်ယူပို့ဆောင်ခစရိတ်က သက်သာနေတာလား မပြောတတ်ပေ။

ချီရွှမ်းစုသည် ထိုက်ဖျင်ဒင်္ဂါးအသေးနှစ်ပြားနှင့် တူညီသော ရူယိုဒင်္ဂါး ၂၀၀ ဖြင့် ဆန်ပြည် ၂၀ကို ဝယ်လာခဲ့သည်။

ဒါ့အပြင် သူသည် ရာသီအသီးအနှံတချို့၊ ဟင်းရွက်ဆီ တစ်ပိဿာခွဲ၊ တိရိစ္ဆာန်ဆီ ၃၀ ကျပ်သား၊ ဆားအနု ၅၀ သား၊ အသားခြောက် တစ်ပိဿာခွဲ၊ လက်ဖက်ခြောက်တစ်ထုပ်နှင့် ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်လာခဲ့သည်။

သူသည် အစ်မချီပေးထားသည့် ဆေးညွှန်းအတိုင်း ဆေးပင်ဆေးမြစ်များကို အနီးနားရပ်ကွက်များတွင် တမင်သက်သက် နေရာခွဲကာဝယ်လာခဲ့သည်။ ထိုသို့ဖြင့် သူ ဘာဆေးဖော်စပ်မည်ကို မည်သူကမှ ရိပ်မိတော့မည်မဟုတ်ပေ။

သူသည် စုစုပေါင်း ထိုက်ဖျင်ဒင်္ဂါးတစ်ပြားနီးပါး စုစုပေါင်း ရူယိုဒင်္ဂါး ၉၀၀ ကိုသုံးစွဲခဲ့သည်။

ဤရှုထောင့်ကနေကြည့်မည်ဆိုလျှင် ထောက်ခံပေးဖို့အတွက် စွန်းယုံဖုန့် တောင်းဆိုခဲ့သော ထိုက်ဖျင်ဒင်္ဂါး ၂၀၀ က အတော်လေးများပြားသည့်ပမာဏဟု ဆိုနိုင်သည်။ ထို့ကြောင့်ပင် လီစန်ရှင်းက ထိုက်ဖျင်ဒင်္ဂါး ၁၀၀၀ တန်သော ဓားပျံတစ်လက်ကို ပိုင်ဆိုင်ထားသည့်အတွက် ချီရွှမ်းစုက အံ့အားသင့်သွားခဲ့ရခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အဆင့်-၇ တာအိုဆရာတစ်ဦးက ဤမျှထိ ကြွယ်ဝမနေသင့်ပေ။

တစ်ယောက်ယောက်က လီစန်ရှင်းအား ဤဓားပျံကို ငှားရမ်းခဲ့ခြင်းဖြစ်မည်ဟု ချီရွှမ်းစု ထင်မြင်မိသည်။ လီစန်ရှင်းသည် ရွှမ်ကျောက်စိမ်းကို မရခဲ့သည့်အပြင် ဓားပျံကိုပါ ဆုံးရှုံးခဲ့သောကြောင့် ပြန်ရောက်သည့်အခါ သေချာပေါက် အပြင်းအထန် အပြစ်ပေးခံရပေလိမ့်မည်။ သူ့မှာ နလန်ပြန်ထူဖို့ အခွင့်အရေးမရှိတော့တာပင်ဖြစ်နိုင်သည်။

ဈေးဝယ်ပြီးနောက် ချီရွှမ်းစုသည် ဤပစ္စည်းများကို အိမ်သို့ပြန်သယ်ဖို့ ဆိတ်လှည်းတစ်စီး ငှားလိုက်၏။ ခရီးက မီတာ ၅၀၀ ပင် မရှိဘဲ ရူယိုဒင်္ဂါး ၁၀ ပြား ကျသင့်သည်။

ဆိတ်လှည်းက ပစ္စည်းများကို တင်ဆောင်သွားပြီး ချီရွှမ်းစုကတော့ နောက်ကနေ ခြေကျင်လိုက်လာခဲ့သည်။ လမ်းမှာ သူသည် ယခင် အိမ်နီးချင်းဟောင်းတစ်ဦးနှင့် ဆုံမိသွား၏။ ထိုသူက သူ့ဆရာ ချီဟောက်ရန်ထက် တစ်ဆင့်နိမ့်သော ချွမ်ကျန်းဂိုဏ်းမှ အဆင့်-၅ တာအိုသီလရှင်တစ်ဦးဖြစ်သည်။

ချီဟောက်ရန် အသက်ရှင်စဉ်တုန်းက သူသည် အိမ်နီးချင်း ထိုသီလရှင်နှင့် အတော်လေး ရင်းနှီးမှုရှိပြီး မကြာခဏ ဆုံတွေ့တတ်လေသည်။

သီလရှင်က ချီရွှမ်းစုကို တွေ့မြင်သည့်အခါ အတော်လေး အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ထျန်းယွမ်… မင်းဘယ်တုန်းက ပြန်ရောက်လာတာလဲ”

“မကြာသေးပါဘူး”

ချီရွှမ်းစုက အပြုံးနှင့်အတူ ပြန်ဖြေလိုက်သည်။

သီလရှင်စွေ့၏ အပြုံးက အနည်းငယ် မပီမသ ဖြစ်နေသည်။

“မင်းပြန်လာတာ ကောင်းတယ်… ဒါနဲ့ မင်းဆရာရဲ့ အမှုကိစ္စ ဘယ်လိုဖြစ်သွားလဲ”

ချီရွှမ်းစုက သက်ပြင်းချသော်လည်း ပြန်မဖြေပေ။

သီလရှင်စွေ့က စကားလမ်းကြောင်း အလျင်အမြန် ပြောင်းလိုက်သည်။

“အို စိတ်မကောင်းပါဘူးကွယ်… ငါအမြဲတမ်း အဲ့လိုပဲ လျှောက်ပြောတတ်တာ… မင်း ခဏတဖြုတ်နေဖို့ ပြန်လာတာလား… ဒါမှမဟုတ်…”

ချီရွှမ်းစုက သူမကို သံသယလုံးဝမထားဘဲ မှန်မှန်ကန်ကန်ပင် ပြန်ဖြေလိုက်၏။

“ကျုပ် ဒီတစ်ခေါက် ကံကောင်းပြီး ကျောက်စိမ်းနေပြည်တော်မှာ နေရာတစ်ခု ရထားတယ်”

“ဘယ်နေရာလဲ…”

သီလရှင်စွေ့က မေးလိုက်သည်။

“ထျန်ကန်းခန်းမမှာလေ… မကြာသေးခင်တုန်းက သူတို့တွေက လက်ထောက်ခန်းမသခင်အသစ်တစ်ဦး ခန့်အပ်ထားတယ်… သူတို့က လိုအပ်တဲ့ အမှုထမ်း ၁၀၀ ကျော်လောက်ကို ခေါ်ယူနေတာ… ကျုပ်လည်း ငွေကြေးတချို့ စုဆောင်းမိထားတာနဲ့ ထျန်ကန်းခန်းမက ကြီးကြပ်ရေးမှူးတစ်ဦးနဲ့ အချိတ်အဆက်လုပ်နိုင်ခဲ့တယ်… အဲ့ဒါက တကယ့်ကို ကောင်းတဲ့ အခွင့်အရေးတစ်ခုပဲ”

ချီရွှမ်းစုက ရှင်းပြလိုက်သည်။

“ဟုတ်တာပေါ့…”

သီလရှင်စွေ့က ခေါင်းညိတ်ပြလိုက်သည်။

“ထျန်ကန်းခန်းမမှာ လုပ်ရတဲ့တာဝန်တွေက ကြမ်းတမ်းပြီး မကြာခဏခရီးထွက်ရတတ်ပေမယ့် သူတို့က အမှုထမ်းတွေကို ခံစားခွင့်ကောင်းကောင်းပေးထားတယ်… အဲဒါက ခန်းမဆောင်ကိုးခုကြားမှာလည်း ထိပ်တန်းမှာရှိတယ်… နောက်ပြီး တာအိုဂိုဏ်းတော်က မကြာသေးခင်နှစ်တွေထဲ ထျန်ကန်းခန်းမကို မြင့်မြင့်မားမားသတ်မှတ်လာတယ်… အဲဒါက နာမည်ကြီး ခန်းမဆောင်တစ်ခုပဲ… သူတို့နဲ့အချိတ်အဆက်လုပ်နိုင်တာ ကောင်းတယ်”

“ဟုတ်တယ်ဗျာ… အဲ့ဒါကြောင့်လည်း ကျုပ်ကံကောင်းတယ်လို့ ပြောတာပေါ့”

ချီရွှမ်းစုက ပြုံး၍ ပြောလိုက်သည်။

“မင်း… လူရိုသေ ရှင်ရိုသေနေရာတစ်ခုရပြီး ငွေကြေးတချို့စုဆောင်းမိတာနဲ့ အိမ်ထောင်ပြုဖို့ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ မိန်းမချောလေးတစ်ယောက်ရှာပေါ့… အဲလိုဆိုရင် အားလုံးက ပြီးပြည့်စုံသွားလိမ့်မယ်”

သီလရှင်စွေ့က သူ့ကိုအကြံပေးတိုက်တွန်းလိုက်သည်။

သီလရှင်စွေ့က ပြောရင်းနှင့် ပို၍ပင်အားပါလာသည်။

“ထျန်းယွမ်ရေ… ပြောရမယ်ဆိုရင် ဒီလောက်နှစ်တွေအကြာကြီး မင်းခရီးတွေသွားနေခဲ့တာ အခုချိန်ထိ သင့်လျော်တဲ့သူ ရှာမတွေ့သေးဘူးလား… မင်းတွေ့ထားတယ်ဆိုရင်လည်း အိမ်ကိုခေါ်လာခဲ့ဦး… ငါမင်းအတွက် အကဲခတ်ပေးမယ်”

ချီရွှမ်းစု၏ အပြုံးက တဖြည်းဖြည်းတောင့်တင်းသွားပြီး သူက ချောင်းအနည်းငယ် ဆိုးသွားသည်။

“ထျန်းယွမ်… ယောင်္ကျားတွေနဲ့မိန်းမတွေ အိမ်ထောင်ပြုကြတယ်ဆိုတာ သဘာဝပဲ… ဘာမှရှက်နေစရာမရှိဘူးကွဲ့”

သီလရှင်စွေ့က ပြုံး၍ပြောလိုက်သည်။

ချီရွှမ်းစုက ရှေ့မှာရပ်သွားပြီဖြစ်သော ဆိတ်လှည်းကို အလျင်အမြန်လက်ညှိုးထိုးကာ အကြောင်းပြချက်ပေးလိုက်၏။

“ဒေါ်လေးစွေ့… သူတို့ကျုပ်ကို စောင့်နေကြပြီ… လှည်းပေါ်က ပစ္စည်းတွေချဖို့ ကျုပ်သွားလိုက်ဦးမယ်”

“အေးအေး.. သွားသွား.. နောက် အားတဲ့အခါ အချိန်မရွေးလာလည်ပေါ့”

သီလရှင်စွေ့က အိမ်လည်လာဖို့ ဖိတ်ခေါ်လိုက်သည်။

“ဟုတ်ပြီဗျာ… ကျုပ်လာခဲ့ပါ့မယ်။”

All Chapters