← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း ၂၉ - နှုတ်ပိတ်ခြင်း

ထိုက်ဖျင်ခေတ် ၄၁ ခုနှစ်မှာ ရွှမ်အရှင်မြတ်သည် ရွှေနန်းမြင့်မျှော်စင် ကွပ်ကဲရေးအဖွဲ့နှင့် တွေ့ဆုံသော အစည်းအဝေးမှာ တရားမဝင် အသင်းအဖွဲ့များ အားလုံးကို ပိတ်ပင်တားစီးဖို့ အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကို အကောင်အထည်ဖော်ဖို့ လက်ရှိ ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင် လီတုံဟွမ်က တာဝန်ပေးခြင်း ခံထားရသည်။

ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ဗုဒ္ဓဂိုဏ်းတို့ကလည်း ထိုထုတ်ပြန်ချက်ကို နာခံကြောင်း တုံ့ပြန်ခဲ့ကြသည်။

ထို့နောက် တာအိုဂိုဏ်းတော်၏ ဦးဆောင်မှုအောက်မှာ ဘာသာရေးအဖွဲ့အစည်းသုံးခုက နှိမ်နင်းရေးကို စတင်ခဲ့ကြသည်။ သူတို့သည် တရားမဝင် အသင်းအဖွဲ့များ အားလုံးကို ဖြိုခွဲခြင်း၊ ဖိနှိပ်ခြင်းနှင့် ချေမှုန်းသုတ်သင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့သို့ဖြင့် ထိုအသင်းအဖွဲ့များသည် မြေအောက်လောကသို့ ရောက်ရှိသွားပြီး လျှို့ဝှက်ပူးပေါင်းကာ ဥပဒေမဲ့ လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်ခဲ့ကြသည်။

ချင်းဖျင်အသင်းတော်သည် ဤလျှို့ဝှက် အသင်းအဖွဲ့များကြားမှာ အင်အားကြီး ထိပ်သီး ဖြစ်သည်။ တည်းခိုခန်းကလည်း သူတို့ထဲမှ တစ်ဖွဲ့ဖြစ်သည်။

တာအိုဂိုဏ်းတော်၏ ဖိနှိမ်မှုအောက်မှာ သူတို့၏ ရှင်သန်ရပ်တည်မှုနှင့် ကြီးထွားမှုက မတူကြတော့ပေ။ ချင်းဖျင်အသင်းတော်က တာအိုဂိုဏ်းတော်နှင့် ရစ်ပတ်ချည်နှောင်မှုများ ထားရှိပြီး ချီရွှမ်းစု၏ တာအိုအဆင့်ကို ထိန်းချုပ်ပြခဲ့ခြင်းက သက်သေဖြစ်သည်။

တစ်ဖက်မှာတော့ တည်းခိုခန်းသည် အင်ပါယာနန်းတော်နှင့် နက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှုများ ရှိနေသည်။

ထို့ကြောင့်ပင် တည်းခိုခန်းသည် အင်ပါယာနန်းတော်နှင့် ပတ်သက်ဆက်စပ်နေသော ကိစ္စများကို မကိုင်တွယ်လိုခြင်း ဖြစ်သည်။ ထို့ကြောင့် အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးကိုပင် ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ရဲသော တည်းခိုခန်းသည် ဖီးနစ်စိမ်းတပ်ဖွဲ့မှ အဆင့်-၇ ခရိုင်ဝန်တစ်ဦးကို ကယ်ထုတ်ပေးဖို့ ငြင်းဆန်ခဲ့၏။

ထို့ကြောင့် ပြဿနာကို ပြောဆိုဆွေးနွေးဖို့အတွက် တည်းခိုခန်းသို့ အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးကို စေလွှတ်ခြင်းက လုံလောက်လိမ့်မည် မဟုတ်ပေ။ ထို့အစား ဖီးနစ်စိမ်းတပ်ဖွဲ့မှ ဒုစစ်ကဲတစ်ဦးက ပို၍ ထိရောက်မှု ရှိပေလိမ့်မည်။ ဤသည်မှာ တစ်ဦးချင်း၏ ရာထူးအဆင့်အတန်းနှင့် မသက်ဆိုင်တော့ဘဲ အဖွဲ့အစည်းကြီးများကြား ပတ်သက်ဆက်နွယ်မှုနှင့် ပို၍ သက်ဆိုင်နေသည်။

ကောင်းကင်က လင်းထိန်နေစဉ် မြင်းစီးလူတစ်အုပ်စုက ဖုန်ထိုက်ခရိုင်သို့ ဦးတည်လာကြသည်။

ထိုအုပ်စု၏ ခေါင်းဆောင်က ဝက်ဝံအမှတ်သား တံဆိပ်ကို ပန်းထိုးထားသည့် အစိမ်းရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်သည်။

မဟာရွှမ်မင်းဆက်၏ စည်းမျဥ်းစည်းကမ်းများအရ အဆင့်မတူသော အရာရှိများသည် မတူညီသော အမှတ်အသားများကို တပ်ဆင်ထားရသည်။ နယ်စားကြီးများ၊ နယ်စားများ၊ သားမက်တော်များနှင့် မြို့စားများသည် သူတို့က အရပ်ဘက်အရာရှိဖြစ်စေ၊ စစ်ဘက်ဆိုင်ရာ အရာရှိဖြစ်စေ၊ ဒဏ္ဍာရီလာတောကောင်ရုပ်ပုံများ ပန်းထိုးထားသည့် ဝတ်စုံများကို ဝတ်ဆင်ကြရသည်။

အင်ပါယာနန်းတော်၏ အရပ်ဘက်ဆိုင်ရာ အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများမှာ သူတို့၏ အဆင့်အတန်းပေါ် မူတည်၍ မတူညီသော ပန်းထိုးပုံစံ အမှတ်အသားများ ကိုယ်စီ ရှိကြသည်။

အရပ်ဘက်ဆိုင်ရာ အရာရှိများ၏ နန်းတွင်းဝတ်ရုံများပေါ်မှာ တိုးတက်မှုကို နိမိတ်ဆောင်သည့် ငှက်ရုပ်များကို ပန်းထိုးထားကြသည်။ ပထမအဆင့်အရာရှိများအတွက် ကြိုးကြာ၊ ဒုတိယအဆင့်အရာရှိများအတွက် ရွှေရစ်ငှက်၊ တတိယအဆင့်အရာရှိများအတွက် ဒေါင်း၊ အဆင့်-၄ အရာရှိများအတွက် ငန်းရိုင်း၊ အဆင့်-၅ အရာရှိများအတွက် ငွေရစ်ငှက်၊ အဆင့်-၆ အရာရှိများအတွက် ဗျိုင်း၊ အဆင့်-၇ အရာရှိများအတွက် ဟင်္သာဘဲ၊ အဆင့်-၈ အရာရှိများအတွက် ရွှေဝါငှက်နှင့် အဆင့်-၉ အရာရှိများအတွက် ငုံးငှက်တို့ ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ အရာရှိများ၏ နန်းတွင်းဝတ်ရုံများမှာ ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်စားပြုသည့် တောကောင်ရုပ်ပုံများကို ပန်းထိုးထားကြသည်။ ပထမအဆင့် အရာရှိများအတွက် ချီလင်၊ ဒုတိယအဆင့် အရာရှိများအတွက် စွမ်နီ၊ တတိယအဆင့် အရာရှိများအတွက် ကျားသစ်၊ အဆင့် -၄ အရာရှိများအတွက် ကျား၊ အဆင့်-၅ အရာရှိများအတွက် ဝက်ဝံ၊ အဆင့်-၆ အရာရှိများအတွက် ကျားသစ်နက်၊ အဆင့်-၇ အရာရှိများနှင့် အဆင့်-၈ အရာရှိများအတွက် ကြံ့နှင့် အဆင့်-၉ အရာရှိများအတွက် ပင်လယ်နတ်မြင်းတို့ ဖြစ်သည်။

ဒါ့အပြင် ဧကရာဇ်မင်းကနေ ဂုဏ်ပြုချီးမြှင့်ပေးသည့် စပါးအုံးနှင့် တိုက်ပွဲဝင်နွားလားကဲ့လို အခြားသော အမှတ်သားပုံစံများ ရှိနေသေးသည်။

‘လူဝတ်စုံနှင့် တောကောင်များ’ဟူသော စကားက ထိုကနေစခဲ့သည်။ ၎င်းသည် ပညာတတ်သည့်ပုံ ပေါ်သော်လည်း အကျင့်စာရိတ္တ ပျက်ပြားနေသည့်သူများကို ရည်ညွှန်းခေါ်ဆိုခြင်း ဖြစ်သည်။

မဟာရွှမ်မင်းဆက်သည် မြောက်ဘက်ကနေ ဆင်းသက်လာခဲ့ပြီး ရေဓာတ်၏ သန့်စင်မွန်မြတ်မှုကို ကိုးကွယ်ကြသည်။ သာမန်ရဲမက်များ အပါအဝင် အဆင့်အားလုံးတွင် စစ်ဘက်ဆိုင်ရာ အရာရှိများအတွက် တရားဝင်နန်းတော်ဝတ်စုံမှာ အနက်ရောင်က အဓိကအားဖြင့် ပါဝင်နေသည်။ ထို့ကြောင့် ဝတ်ရုံနက်များဟူသော စကားလုံး ပေါ်ထွက်လာခဲ့သည်။

သို့သော်လည်း စစ်ဘက်ဆိုင်ရာ အရာရှိများကြားမှာ ခြွင်းချက်တစ်ခုအနေဖြင့် ဖီးနစ်စိမ်းတပ်ဖွဲ့ ရှိနေသည်။

ဧကရာဇ်ကို အနီးကပ်စောင့်ရှောက်ဖို့ တာဝန်ယူထားသော သက်တော်စောင့်များအနေဖြင့် ဖီးနစ်စိမ်းတပ်ဖွဲ့သည် ယခင် ဝေမင်းဆက်မှာ ဝတ်ရုံစိမ်းများအဖြစ် လူသိများခဲ့သည်။ နောက်ပိုင်းမှာ သူတို့သည် ဧကရာဇ်၏ အခမ်းအနားဆိုင်ရာ လုပ်ငန်းဆောင်တာများကို တာဝန်ယူထားသော အခမ်းနားဆိုင်ရာ ကွပ်ကဲရေးရုံးနှင့် ပေါင်းစည်းသွားခဲ့သည်။ သူတို့သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ကြသောကြောင့် နောက်ပိုင်းမှာ ဖီးနစ်စိမ်းတပ်ဖွဲ့ဟူ၍ နာမည်ရလာခဲ့သည်။

မဟာရွှမ်မင်းဆက်၏ အစောပိုင်းနှစ်များမှာ ဧကရာဇ် ကောင်းကျူသည် တပ်မ ၅ ခု အုပ်ချုပ်ရေးရုံး၊ အမျိုးမျိုးသော ဒေသဆိုင်ရာ တပ်များနှင့် သားစဉ်မြေးဆက် စစ်မှုထမ်းစနစ်ကို ပယ်ဖျက်ခဲ့သည်။ သို့သော်လည်း သူသည် ဖီးနစ်စိမ်းတပ်ဖွဲ့ကို ဆက်ထိန်းထားခဲ့လေသည်။

ထို့ကြောင့် ဤမြင်းစီးစစ်သည်အုပ်စုကို ခွဲခြားသိရှိဖို့ လွယ်ကူသည်။ သူတို့သည် အဆင့်-၅ ဒုစစ်ကဲတစ်ဦး ဦးဆောင်လာသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ဖီးနစ်စိမ်းတပ်ဖွဲ့ပင်ဖြစ်သည်။ အဆင့်-၅ သည် အမြင့်ဆုံး မဟုတ်သော်လည်း အတော်လေး အရေးပါအရာရောက်သော ဩဇာအာဏာကို ကိုင်စွဲထားသည်။

ဖီးနစ်စိမ်းတပ်ဖွဲ့၏ ရာထူးဂုဏ်သိမ် အဆင့်ဆင့်အရ ပကတိတတိယအဆင့်မှာ စစ်သေနာပတိ တစ်ဦး၊ စဦးတတိယအဆင့်မှာ လက်ထောက်စစ်သေနာပတိ ၂ ဦး၊ ပကတိအဆင့်-၄ မှာ စစ်ကဲချုပ် ၂ ဦး၊ စဦးအဆင့် ၄ မှာ စစ်ကဲ ၂ ဦးနှင့် ပကတိအဆင့်-၅ မှာ ဒုစစ်ကဲ အယောက် ၂၀ ရှိကြသည်။ ဤ ၂၇ ဦးသည် ဖီးနစ်စိမ်းတပ်ဖွဲ့မှာ လွှမ်းမိုးနိုင်စွမ်းကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ပြီး အထင်သေး၍ မရနိုင်ပေ။

ယခု ဦးဆောင်လာသူ ဒုစစ်ကဲသည် စစ်သည်ပေါင်း ၁၀၀၀ ကို တာဝန်ယူထားပြီး ပြည်နယ်မြို့တော်မှာ စခန်းချနေထိုင်သည်။ ယခု သူသည် ဖုန်ထိုက်ခရိုင်ကို ကိုယ်တိုင်ရောက်ရှိလာသည့်အတွက် သူ့မှာ ကိုင်တွယ်ဖို့ အရေးပါသောကိစ္စ ပါလာပေလိမ့်မည်။

ဤလူအုပ်စုက လမ်းလေးခွဆုံတစ်ခုကို ရောက်ရှိသောအခါ ဒုစစ်ကဲက မြင်းကို တန့်လိုက်၏။ သူ့နောက်ဘက်မှ ဖီးနစ်စိမ်းတပ်သားများကလည်း ရပ်တန့်လိုက်ကြ၏။ နောက်ကနေ ကပ်ပါလာသော လီစန်ရှင်းက အသံနှိမ့်ကာ ပြောလိုက်၏။

“အရာရှိမင်း ခင်ဗျာ... ညာဘက်ကလမ်းက ခရိုင်ကို သွားတာပါ… ဘယ်ဘက်က လမ်းကတော့ တည်းခိုခန်းကို သွားတာပါ”

ဒုစစ်ကဲက အသက် ၅၀ ကျော်အရွယ်လောက် ဖြစ်၍ နားထင်စပ်မှာ ဆံပင်များက မီးခိုးရောင် သန်းနေပြီး မျက်နှာက လောကဓံပါးဝနေသည်။ သူ့မျက်နှာပေါ်ရှိ စစ်မှုထမ်းဘဝ၏ ထင်ရှားပေါ်လွင်သော အငွေ့အသက်များသည် သူသည် တစ်ခါက ဝတ်ရုံနက်များထဲမှ တစ်ဦး ဖြစ်ခဲ့ဖူးကြောင်း ညွှန်ပြပေးနေသည်။

အင်ပါယာနန်းတော်က တာအိုဂိုဏ်းတော်နှင့် ပတ်သက်ဆက်စပ်ရသလို ဖီးနစ်စိမ်းတပ်ဖွဲ့သည် ဝတ်ရုံနက်များနှင့် အမြဲတမ်း ပတ်သက်ဆက်စပ်နေရသောကြောင့် ထိုသည်မှာ အံ့အားသင့်စရာ မရှိပေ။

ဒုစစ်ကဲသည် ခဏမျှ နှုတ်ဆိတ်ပြီးနောက် သူ့မြင်းကို ဘယ်ဘက်သို့ နှင်လိုက်၏။

ခရိုင်ဝန်တစ်ဦးနှင့် လက်ထောက်တပ်မှူးတစ်ဦး သေဆုံးခြင်းက သူနှင့် ကျန်းပျဲယွင်၏ အစီအစဉ်မှာ သိပ်ပြီး အရေးမပါပေ။ တကယ်တမ်း အရေးပါသည်မှာ မထင်မှတ်ထားစွာ ပြောင်းလဲ၍ သူ့ကို ဖုန်ထိုက်ခရိုင်သို့ ကိုယ်တိုင်မဖြစ်မနေ ရောက်ရှိလာစေသည့် နောက်ဆက်တွဲ ဆင့်ကဲပြောင်းလဲမှုများဖြစ်သည်။

ဖီးနစ်စိမ်းတပ်ဖွဲ့၏ သမ္ဘာရင့်အဖွဲ့ဝင်တစ်ဦး အနေဖြင့် ဒုစစ်ကဲ၏ ပထမဆုံးတုံ့ပြန်မှုမှာ တည်းခိုခန်းကို သွားရောက်စစ်ဆေးဖို့ ဖြစ်သည်။ ဤလူသည် တည်းခိုခန်းမှာ ပေါ်ထွက်လာပြီးမှ ဖုန်ထိုက်ခရိုင်သို့ သွားရောက်ခဲ့သည်ဆိုလျှင် ထိုနေရာမှာ သဲလွန်စတချို့ ကျန်ရစ်ခဲ့ပေလိမ့်မည်။

ဖီးနစ်စိမ်းတပ်ဖွဲ့သည် သိပ်မကြာခင် ဈာပနရုံ၏ ဝင်းတံခါးရှေ့သို့ ရောက်ရှိလာကြသည်။ ထိုနေရာက ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။

ဒုစစ်ကဲက မြင်းပေါ်ကနေဆင်းပြီး ဈာပနရုံရှိရာသို့ လျှောက်လှမ်းသွားသည်။

လီစန်ရှင်းနှင့် လက်အောက်ငယ်သားတချို့သည် ဒုစစ်ကဲ၏ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာကြပြီး အခြားသူများကတော့ နေရာတစ်ခွင် ပတ်ပတ်လည်မှာ ဖြန့်ကြက်လိုက်ကြ၏။

စင်္ကြံလမ်းရှည်ကို ဖြတ်ကျော်လာပြီးနောက် သူတို့သည် တည်းခိုခန်း၏ မြေအောက် ဧည့်ခန်းမဆောင်ကို ရောက်ရှိလာကြသည်။ သို့သော်လည်း မဝင်ရောက်ခင်မှာပင် ပြင်းထန်သော သွေးနံ့ကို ရှူရှိုက်မိလိုက်ကြသည်။

ဖီးနစ်စိမ်းတပ်ဖွဲ့၏ တပ်သားများအနေဖြင့် သူတို့သည် ဤကဲ့သို့သော မြင်ကွင်းများနှင့် စိမ်းသက်မနေပေ။ လူတိုင်း၏ မျက်နှာအမူအရာက သုန်မှုန်လာခဲ့သည်။

ဒုစစ်ကဲသည် ကျေနပ်အားရမှု သို့မဟုတ် အမျက်ဒေါသ မည်သည့်အရာကိုမှ မပြသဘဲ မှင်သသေမျက်နှာထားဖြင့် တည်းခိုခန်း၏ ဧည့်ခန်းမဆောင်ရှိရာသို့ တိတ်တဆိတ်ဝင်ရောက်သွား၏။

တည်းခိုခန်းသည် အနိဋ္ဌာရုံမြင်းကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းသည် ရုန်းကန်ခဲ့သည့် သို့မဟုတ် ခုခံခဲ့သည့် မည်သည့်လက္ခဏာမှမရှိဘဲ သူတို့၏ နောက်ဆုံး အခိုက်အတန့်ကအတိုင်း သူတို့၏ ခုံများပေါ်မှာ အေးစက်တောင့်တင်းစွာ ရှိနေကြ၏။ သူတို့အပေါ် ကျရောက်ခဲ့သည့် သေခြင်းတရားကို သတိမမူမိခဲ့သည့် အလားပင်။

ဆိုင်ပိုင်ရှင်က ကောင်တာနောက်မှာ မတ်တပ်ရပ်နေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းက ရှေ့ကို ကိုင်းညွှတ်နေပြီး အနည်းငယ် ဦးညွှတ်ထားသည်။

သူ၏ မျက်ခုံးနှစ်ဖက်ကြားမှာ ထိုက်ဖျင်ဒင်္ဂါးတစ်ပြားက စိုက်ဝင်နေပြီး တစ်ဝက်ခန့် နစ်မြုပ်နေ၏။ ပေါ်နေသော ဒင်္ဂါးတစ်ခြမ်းမှာ တည်ငြိမ်အေးချမ်းမှုကို ရည်ညွှန်းသည့် ‘ထိုက်ဖျင်’ဟူသော စကားလုံးကို တွေ့မြင်နိုင်သည်။

ဒုစစ်ကဲက ဆိုင်ရှင်၏ အလောင်းနားကို ချဉ်းကပ်ပြီး ထိုသူ၏ နဖူးမှာ စိုက်ဝင်နေသော ဒင်္ဂါးပြားကို ကြည့်ကာ တီးတိုးရည်ရွတ်လိုက်၏။

“ဘယ်လောက်တောင် ကျွမ်းကျင်ပိုင်နိုင်လိုက်လဲ...”

ဒုစစ်ကဲ၏ ဘေးမှာ ရှိနေသော လီစန်ရှင်းက ရင်ထဲမှာ ထိတ်ခနဲ ခံစားသွားရသည်။

ဒုစစ်ကဲသည် သူ့ကျင့်ကြံမှု၏ အထွတ်ထိပ်မှာ ရှန်းထျန်သက်ရှိတစ်ဦး ဖြစ်ခဲ့သည်။ သူ၏ အထက်လူကြီး ကျန်းပျဲယွင်နှင့် ယှဉ်လျှင်ပင် တစ်မူထူးခြားသည်ဟု ဆိုနိုင်သည်။ ဒုစစ်ကဲပင် ချီးကျူးရသည်ဆိုလျှင် လူသတ်သမား၏ ကျင့်ကြံမှုက ဘယ်အဆင့်မှာ ရှိနေတာလဲ။

လူသတ်သမားက ကွေ့ကျန်းအဆင့် ရှန်းထျန်သက်ရှိတစ်ဦးလား သို့မဟုတ် ရှားရှားပါးပါး တွေ့မြင်ရခဲသော ကောင်းကင်ဘုံသက်ရှိတစ်ဦးပေပဲလား။

ဒုစစ်ကဲ၏ အကြည့်သည် ဆိုင်ပိုင်ရှင်အလောင်းမှ ဖယ်ခွာပြီး ကောင်တာရှေ့မြေပြင်ပေါ်ကို ကျရောက်သွားသည်။

လီစန်ရှင်းကလည်း သူ့အကြည့်အတိုင်း လိုက်ပါကြည့်ရှုလိုက်၏။

မြေပြင်ပေါ်မှာ ထင်ရှားသော ခြေရာနှစ်ခု ရှိနေပြီး ဖိနပ်အောက်ခံပြား၏ သိသာထင်ရှားသော အကွက်များကို တွေ့မြင်နေရသည်။ အထူးခြားဆုံးမှာ ဖိနပ်အောက်ခံပြား အကွက်၏ အလယ်တွင် စတုရန်းပေါက်ပါသော ကြေးဒင်္ဂါးပြားတစ်ပြား၏ ပုံစံမျိုး ရှိနေခြင်းဖြစ်သည်။

အရွယ်အစားအရ ၎င်းသည် အမျိုးသမီးတစ်ဦး၏ ခြေရာ ဖြစ်ပုံရသည်။

အလောင်းများ စစ်ဆေးခြင်းမှာ တာဝန်ယူထားသော ဖီးနစ်စိမ်းတပ်သားက အစီရင်ခံ တင်ပြလိုက်သည်။

“အရာရှိမင်း ခင်ဗျာ... ဒီလူတွေက ထက်ရှပြီး ပါးလွှာတဲ့ ချည်မျှင်တစ်မျိုးနဲ့ သတ်ဖြတ်ခံထားရတာပါ။”

အတိတ်ကို ခြေရာကောက်ဖို့ ကမ္ဘာမြေချီပြန်ခေါ် နည်းစနစ်ကို အသုံးပြုခြင်းမရှိလျှင်ပင် လူသတ်သမားက ဤနေရာမှာ လူတိုင်းကို မည်သို့မည်ပုံ သုတ်သင်သတ်ဖြတ်ခဲ့သလဲ သူတို့က စဉ်းစားကြည့်နိုင်သည်။

တည်းခိုခန်းက ခါတိုင်းလိုပင် လည်ပတ်နေခဲ့ပေလိမ့်မည်။ ခပ်မှောင်မှောင်ကောင်တာပေါ်မှာ ငွေရောင်ထိုက်ဖျင်ဒင်္ဂါးတစ်ပြားက လည်နေပေမည်။

ဆိုင်ပိုင်ရှင်က ညာဘက်လက်ဖြင့် မေးထောက်၍ ကောင်တာနောက်မှာ မတ်တပ်ရပ်ပြီး လည်နေသော ထိုက်ဖျင်ဒင်္ဂါးကို ငေးကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်မှာ ကောင်တာကို အမျိုးသမီးတစ်ဦး ရောက်လာပြီး ခြေရာနှစ်ခုကို ကျန်ရစ်ခဲ့စေသည်။

ဆိုင်ပိုင်ရှင်က လက်လှမ်း၍ လည်နေသော ထိုက်ဖျင်ဒင်္ဂါးကို ရပ်တန့်တော့မည့် ဆဲဆဲမှာ အမျိုးသမီးက ကောင်တာကို လက်ဖြင့် ညင်သာစွာ ပုတ်ခဲ့သည်။ လည်နေသော ဒင်္ဂါးပြားသည် ထိုအင်အားဖြင့် ကန်တက်ပြီး ဆိုင်ရှင်၏ နဖူးမှာ သွားစိုက်ခဲ့၏။

ချက်ချင်းဆိုသလိုပင် လုပ်ကြံသတ်ဖြတ်သူများနှင့် လူဆိုးလူမိုက်များဖြစ်သော တည်းခိုခန်းမှာ ရှိနေသည့် ဧည့်သည်များသည် ရုတ်တရက် ပေါ်ထွက်လာသော ပါးလွှာသည့် ချည်မျှင်တစ်ခုဖြင့် သူတို့၏ လည်ပင်းများက လှီးဖြတ်ခံလိုက်ရသည်။

ပါးလွှာသော ဤချည်မျှင်များသည် ပင့်ကူအိမ်များကဲ့သို့ ခန်းမဆောင်တစ်ခုလုံးမှာ ဖြန့်ကျက်နေပြီး အတွေ့အကြုံရှိ သတ်ဖြတ်သူများသည် ပြန်လည်တိုက်ခိုက်ဖို့ တုံ့ပြန်ချိန်ပင် မရခဲ့ပေ။ သူတို့၏ နောက်ဆုံးအချိန်မှာပင် ဘယ်လိုသေသွားခဲ့သလဲပင် သိမသွားခဲ့ရှာပေ။

ဤသည်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်သည်။

တည်းခိုခန်းကို ရောက်လာသည့် သူများက လူကောင်းများ မဟုတ်သောကြောင့် ဤလူများ၏ သေဆုံးမှုနှင့်ပတ်သက်၍ ဒုစစ်ကဲမှာ စာနာသနားမှု လုံးဝမရှိပေ။ သူတို့သည် သေဖို့ထိုက်တန်သော ကြေးစားများနှင့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ သေဆုံးမှုက ကိစ္စမရှိပေ။ သတ်ဖြတ်သူတစ်ဦး သတ်ဖြတ်ခံရခြင်းမှာ အရေးလုပ်နေစရာ ဘာမှမရှိပေ။

သို့သော်လည်း တည်းခိုခန်းနှင့် ဖီးနစ်စိမ်းတပ်ဖွဲ့ကြား ပတ်သက်ဆက်နွယ်မှုအရ ဆိုင်ရှင်သေဆုံးမှုကို ဖီးနစ်စိမ်းတပ်ဖွဲ့က သည်းမခံနိုင်ပေ။ ထိုနေရာမှာ လုပ်ကြံသတ်ဖြတ်သူက စည်းကျော်လာခဲ့သည်။

ဒုစစ်ကဲက မေးလိုက်သည်။

“တည်းခိုခန်းမှာ အသုံးဝင်တဲ့ စာရွက်စာတမ်း ဘယ်လောက်များများ ကျန်ခဲ့လဲ”

ဖီးနစ်စိမ်းတပ်သားတစ်ဦးက ပြန်ဖြေလိုက်၏။

“အရာရှိမင်း... စာရွက်စာတမ်းတွေ အားလုံးက ဖျက်ဆီးခံထားရပြီ… ငွေသားစက္ကူတွေကိုလည်း အကုန်လုံး ယူသွားတယ်”

ဒုစစ်ကဲက တီးတိုးရေရွတ်လိုက်သည်။

“သတ်တဲ့သူက သတ်တယ်… နောက်ဆက်တွဲ ပြဿနာတွေကို ရှင်းလင်းတဲ့သူက ရှင်းလင်းတယ်… ဒါက လူမိုက်ဂိုဏ်းတစ်ဂိုဏ်း လုပ်နိုင်တဲ့အရာ မဟုတ်တော့ဘူး… အဲ့ဒါက လျှို့ဝှက်အသင်းအဖွဲ့တစ်ခုနဲ့ တူတယ်… ဒါမှမဟုတ် တာအိုဂိုဏ်းတော်က တစ်ယောက်ယောက်များလား”

“အဲ့ဒါ… သူတော်စင်တန်ဟွား ဖြစ်မလား”

လီစန်ရှင်းက သူ့နဖူးက စိုနေသောချွေးများကို လက်ဖြင့်သုတ်ကာ ပြောလိုက်သည်။

သူတော်စင် ၃၆ ပါးကြားမှာ သိသာရှင်းလင်းသော အဆင့်အတန်း ကွာဟချက်မရှိသော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်များက ကွဲပြားကြသည်။ သူတော်စင်တန်ဟွားသည် သူတော်စင်များထဲ အသန်မာဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်။

ဒုစစ်ကဲက တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ပညာရှိကျန်းက မိခင်ကလေးအဆောင်နဲ့ ငါ့ကို ဆက်သွယ်ပြီးသွားပြီ… အဲ့ဒါက သူတော်စင်တန်ဟွားရဲ့ လက်ချက်ဆိုရင် ဒါက ချွမ်ကျန်းဂိုဏ်းရဲ့ အတွင်းရေးအားပြိုင်မှုနဲ့ ပတ်သက်နေလိမ့်မယ်”

လီစန်ရှင်းသည် ထိုက်ဖျင်ဂိုဏ်းမှ တပည့်ဂိုဏ်းသားတစ်ဦးဖြစ်ပြီး တာအိုဂိုဏ်းတော်၏ အတွင်းရေးအားပြိုင်မှုများနှင့် ပတ်သက်၍ ကောင်းကောင်း သိရှိထားသည်။ သူက ရှင်းပြလိုက်၏။

“အရင်တုန်းက ရွှမ်အရှင်မြတ်က စက်ယန္တရားပစ္စည်းတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ချွမ်ကျန်းဂိုဏ်းကို အမိန့်ပေးထားခဲ့တယ်… အဲဒီကစပြီး ဂိုဏ်းအတွင်းမှာ အဖွဲ့အစည်းကြီးနှစ်ခုကို ပေါ်ထွက်လာ‌ခဲ့တယ်… သူတို့တွေက စက်ယန္တရားကို ဦးစားပေးရမလား၊ အဆောင်လက်ဖွဲ့တွေကို ဦးစားပေးရမလားနဲ့ ပတ်သက်ပြီး အမြဲတမ်း အတိုက်အခံ ဖြစ်နေကြတာ… ဒီနေ့အထိကို အဲ့ဒီပြဿနာက ရှိနေတုန်းပဲ။”

ဒုစစ်ကဲကလည်း ဤကိစ္စကို သိရှိထားပြီး သူဘာသာ တီးတိုးရေရွတ်လိုက်သည်။

“ရွှမ်အရှင်မြတ်က လူသားအရေးကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် ထိုက်ဖျင်ဂိုဏ်းကို တာဝန်ပေးထားတယ်… စိတ်ဝိညာဉ်နဲ့ဆိုင်တဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ဖို့အတွက်တော့ ကျန်းယီဂိုဏ်းကို တာဝန်ပေးထားတယ်… အစီအရင်နဲ့ စက်ယန္တရား ပစ္စည်းကိရိယာတွေကို ဖန်တီးဖို့အတွက် ချွမ်ကျန်းဂိုဏ်းကို တာဝန်ပေးထားခဲ့တယ်”

“ထိုက်ဖျင်ဂိုဏ်းက လောကီဘုံနဲ့ အနီးစပ်ဆုံးမို့လို့ ထိုက်ဖျင်ဂိုဏ်းရဲ့ မဟာသူတော်စင်က လောကီဆရာသခင်အဖြစ် ကျော်ကြားတယ်… ကျန်းယီဂိုဏ်းက စိတ်ဝိညာဉ်နယ်ပယ်နဲ့ အနီးစပ်ဆုံးမို့လို့ ကျန်းယီဂိုဏ်းရဲ့ မဟာသူတော်စင်က ကောင်းကင်ဆရာသခင်အဖြစ် ကျော်ကြားတယ်… ချွမ်ကျန်းဂိုဏ်းက မြေအောက်လောကနဲ့ အနီးစပ်ဆုံးမို့လို့ ချွမ်ကျန်းဂိုဏ်းရဲ့ မဟာသူတော်စင်က မြေကမ္ဘာဆရာသခင်အဖြစ် ကျော်ကြားတယ်”

“အဲ့ဒီ ဆရာသခင်သုံးဦးက အင်ပါယာနန်းတော်က ဘယ်အရာရှိထက်မဆို အများကြီး ပိုပြီးစွမ်းအားကြီးမားတယ်… ဒါက သူတော်စင်တန်ဟွားရဲ့ လက်ချက်ဆိုရင် အဲ့ဒါက မြေကမ္ဘာဆရာသခင်နဲ့ ပတ်သက်ဆက်စပ်နေရမယ်… လောကီဆရာသခင်က ဒီကိစ္စကို ဘယ်လိုရှုမြင်ထားမလဲ ငါသိချင်မိတယ်”

လီစန်ရှင်းက မဆင်မခြင်ဝင်ရောက်ပြောဆိုရဲခြင်း မရှိတော့ပေ။

သူ့ကိုယ်တိုင်သည် ရွှမ်အရှင်မြတ်ပေါ်ထွက်ခဲ့ရာ ထိုက်ဖျင်ဂိုဏ်းမှ တပည့်ဂိုဏ်းသားတစ်ဦး ဖြစ်သည်။ ရွှမ်အရှင်မြတ်၏ ဇနီးသည် ဧကရာဇ်ကောင်းကျူ၏ သမီးအကြီး သို့မဟုတ် ဧကရာဇ်ထိုက်ကျုံး၏ အစ်မကြီး ဖြစ်သည်။

တာအိုဂိုဏ်းတော်အတွင်း တရားမဝင် အသင်းအဖွဲ့များကို ဖျက်သိမ်းဖို့ ရွှမ်အရှင်မြတ်၏ တာဝန်ပေးခြင်းခံထားရသည့် ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင် လီတုံဟွမ်သည် ရွှမ်အရှင်မြတ်၏ ဂိုဏ်းတူညီတစ်ဦး သို့မဟုတ် ထိုက်ဖျင်ဂိုဏ်း၏ လီမျိုးနွယ် တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည်။

ထို့ကြောင့် ထိုက်ဖျင်ဂိုဏ်းသည် လောကီရေးရာ ကိစ္စများနှင့် ထဲထဲဝင်ဝင်ပတ်သက်နေပြီး နန်းတွင်းနှင့် ရစ်ပတ်ချည်နှောင်မှုများစွာရှိကာ တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်ကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးနေသည်။

ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်ကို လောကီဆရာသခင်ဟု ခေါ်ဆိုခြင်းက အလကားသက်သက် မဟုတ်ပေ။

ဒုစစ်ကဲက အပြင်ဘက်ကို လျှောက်သွားပြီး အမိန့်ပေးလိုက်သည်။

“ဆီတွေ ပက်ဖျန်းပြီး ဒီနေရာကို မီးရှို့ဖို့ ပြင်လိုက်ကြ… ဘာသဲလွန်စမှ မကျန်ခဲ့စေနဲ့”

လီစန်ရှင်းက နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။

အခြားသော လက်ထောက်တပ်မှူးတစ်ဦးက ထိုအမိန့်ကို ရိုသေလေးစားစွာဖြင့် နာခံလိုက်သည်။

အခန်း ၃၀ - ဂမ္ဘီရစွမ်းရည်များနှင့် သတင်းစာလွှာ

ချီရွှမ်းစုသည် သူဝယ်ယူလာသည့် ရိက္ခာများစွာကို သေသပ်စွာ နေရာချပြီး ဆန်ပြုတ်တစ်အိုးတည်ကာ ဆေးတချို့ကို ကျိုချက်လိုက်၏။

ချီရွှမ်းစုကို တွေ့မြင်သော မည်သူမဆို ဖုန်ထိုက်ခရိုင် အုပ်ချုပ်ရေးရုံးသို့ သတ်ဖြတ်ခြင်းဖြင့် တစ်ယောက်တည်း လမ်းဖောက်ခဲ့သော ရက်စက်ကြမ်းတမ်းသည့်လူ ဖြစ်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်ကြမည် မဟုတ်ပေ။

တကယ်တော့ ချီရွှမ်းစုသည် သတ်ဖြတ်ရသည်ကို သဘောမကျပေ။ သူသည် ၎င်းကို ပြုလုပ်ရမည့် တာဝန်တစ်ခုဟု ရိုးရှင်းစွာ သတ်မှတ်ထားသည်။ ထိုကနေ မည်သည့်ဖိအားနှင့် မည်သည့်မလုံမလဲ ခံစားချက်ကိုမှ ရယူမနေပေ။ ဤသည်မှာ အစ်မချီ၏ သင်ကြားပြသမှုကြောင့် ဖြစ်သည်။

သတ်ဖြတ်ခြင်းသည် အဆုံးသတ်မှု တစ်ခုမျှသာဖြစ်ပြီး ရည်မှန်းချက် ပန်းတိုင်မဟုတ်ဟု သူမက အလေးပေး ပြောဆိုခဲ့၏။

သူမသည် လူများကို ဓားများဖြင့် မကြာခဏ နှိုင်းယှဉ်ပြတတ်သည်။ သူတို့သည် လိုအပ်သည့်အချိန်မှာ ဓားအိမ်ထဲကနေ ထွက်ပေးရပြီး ဘယ်အချိန်မှာ ဓားအိမ်ထဲ ပြန်ဝင်ရမလဲ သင်ယူထားသင့်သည်။

အစ်မချီသည် ချီရွှမ်းစုကို စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု သို့မဟုတ် မိစ္ဆာကျင့်ကြံမှုတို့ စိတ်တိမ်းညွှတ်မှု မရှိစေရန် နှစ်စဉ်နှစ်တိုင်း အသေးစိတ်ကျသော အကဲဖြတ်စစ်ဆေးမှု တစ်ခုကို ပြုလုပ်ပေးသည်။

တာအိုဂိုဏ်းတော်ကလည်း ဤကဲ့သို့ အကဲဖြတ် စစ်ဆေးမှုများကို ပြုလုပ်ပေးတတ်သည်။ သို့သော်လည်း တာအိုဂိုဏ်းတော်ရှိ တပည့်များ အားလုံးကို မဟုတ်ပေ။ ပြင်ပရေးရာကိစ္စများနှင့် သွားလာလှုပ်ရှားနေရသော ပေချန်ခန်းမနှင့် ထျန်ကန်းခန်းမမှ တပည့်ဂိုဏ်းသားများကို အထူးတလည် စစ်ဆေးပေးသည်။

ဤအကဲဖြတ်စစ်ဆေးမှုကို အဆင့် (က)၊ အဆင့် (ခ)၊ အဆင့် (ဂ)နှင့် အဆင့် (ဃ)ဟူ၍ လေးမျိုးလေးစား ခွဲခြားထားသည်။

အဆင့် (က)သည် မည်သည့်ပြဿနာမှ အလျှင်းမရှိဟု ညွှန်ပြနေသည်။ အဆင့် (ခ) မှာ မဆိုစလောက် ချို့ယွင်းချက် အနည်းငယ် ရှိသည်ဟု ပြသနေသည်။

ထိုတပည့်ဂိုဏ်းသားများသည် အချိန်တစ်ခုကြာအောင် အနားယူဖို့သာ လိုအပ်သည်။ အဆင့် (ဂ)သည် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်မညီမှုများ ဖြစ်ပေါ်နေပြီး သူတို့ကို ပြန်လည်နေရာချထားပေးဖို့နှင့် ကာလရှည်ကြာ အနားပေးဖို့ လိုအပ်ကြောင်း ပြသပေးနေသည်။ အဆင့် (ဃ)သည် ပုံမှန်အတိုင်း ရှင်သန်နေထိုင်ဖို့ မဖြစ်နိုင်တော့ဘဲ ရူးသွပ်သွားနိုင်ခြေ ရှိသည်ဟု ညွှန်ပြပေးနေပြီး ကုသမှုကို ချက်ချင်းခံယူကာ လိုအပ်ပါက ချုပ်နှောင်ထားဖို့ပင် လိုအပ်သည်။

ချီရွှမ်းစုသည် ၃ နှစ်သာ အကဲဖြတ်စစ်ဆေးမှုတွင် အဆင့် (က)ကို ရရှိထားသည်။

ကျန်းယွဲ့လုသည် နိုးထဝိညာဉ်အဆင့် နတ်သက်ကြွေအင်မော်တယ် တစ်ဦး ဖြစ်နေသောကြောင့်သာ ချီရွှမ်းစု၏ သတ်ဖြတ်ခြင်းအော်ရာကို အကဲခတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤနယ်ပယ်မှာ အခြေခံဂမ္ဘီရစွမ်းရည် သုံးမျိုးဖြစ်သော ခရမ်းရောင်ကြယ်တာရာ နက္ခတ်ဗေဒင်၊ နတ်မျက်စိ နည်းစနစ်နှင့် ရုပ်ခွဲနာမ်ခွဲဟူသော အခြေခံ ဂမ္ဘီရစွမ်းရည် သုံးမျိုးကို ရရှိလာသည်။

ကျန်းယွဲ့လုသည် နတ်မျက်စိ နည်းစနစ်ကို အသုံးချပြီး ချီရွှမ်းစုကို လွှမ်းခြုံထားသည့် ခပ်ဖျော့ဖျော့ အနီရောင်အော်ရာကို ထောက်လှမ်းနိုင်ခဲ့သည်။

နတ်သက်ကြွေအင်မော်တယ်၏ ရိုးရှင်းသော ပုံတူတစ်ခုအနေဖြင့် လေလွင့်ကျင့်ကြံသူများမှာ မြင့်မြတ်သန္ဓေလောင်းနယ်ပယ်ဟုခေါ်သည့် နိုးထဝိညာဉ်နယ်ပယ်နှင့် ဆင်တူသော နယ်ပယ်တစ်ခု ရှိလေသည်။ ထိုနယ်ပယ်မှာ သူတို့သည် ဆင်တူသော ဂမ္ဘီရစွမ်းရည်သုံးမျိုး၊ ဂမ္ဘီရ အတွက်အချက်၊ ချီအကဲခတ်နည်းစနစ်နှင့် ဝိညာဉ်ထွက်တို့ကို ရရှိနိုင်သည်။

နည်းစနစ်များ၏ အမည်တိုင်းပင် နိုးထဝိညာဉ်နယ်ပယ်က ပိုမိုအဆင့်မြင့်သည်ကို သိရှိနိုင်သည်။ ဂမ္ဘီရအကဲခတ်နည်းစနစ်သည် အဆင့်မြင့် ကျင့်စဉ်တစ်ခုဖြစ်ပြီး ချီအကဲခတ် နည်းစနစ်ကတော့ အလယ်အလတ်အဆင့်မှာသာ ရှိသည်။

သမိုင်းတစ်လျှောက်မှာ ဉာဏ်အလင်းပွင့်မှုကို ရရှိဖို့အတွက် ကျင့်စဉ်ပေါင်းစုံကို အသုံးပြုခဲ့သော တာအိုကျင့်ကြံသူများစွာ ရှိခဲ့ဖူးသည်။

တာအိုဝါဒအတွင်းမှာ မရေမတွက်နိုင်သော နည်းစနစ်များနှင့် ဂမ္ဘီရစွမ်းရည်များစွာ ရှိခဲ့သည်။ သို့သော်လည်း ဤကျင့်စဉ်များ၏ အတန်းအစားနှင့် ကျွမ်းကျင်ပိုင်နိုင်မှု အဆင့်အလိုက် ကွဲပြားခြားနားမှုများ ရှိနေသည်။

ဤကျင့်စဉ်များကို စဦးထွန်းပေါက်မှု၊ အလယ်အလတ် ထွန်းပေါက်မှု၊ အဆင့်မြင့်ထွန်းပေါက်မှုနှင့် ပကတိထွန်းပေါက်မှုဟူ၍ လေးမျိုးလေးစား ခွဲခြားထားသည်။

စဦးထွန်းပေါက်မှု ကျင့်စဉ်များသည် အလျင်အမြန် တတ်ကျွမ်းမှုကိုသာ ရည်ရွယ်သည်။ အလယ်အလတ် ထွန်းပေါက်မှု ကျင့်စဉ်များသည်လည်း တာအိုကို နားလည်ဆင်ခြင်နိုင်ခြင်း မရှိသေးပေ။ အဆင့်မြင့် ထွန်းပေါက်မှု ကျင့်စဉ်များသည် ကောင်းကင်နှင့် မြေကမ္ဘာ၏ စည်းမျဥ်းစည်းကမ်းများနှင့် လိုက်လျောညီထွေ ရှိလာသည်။ ပကတိကျင့်စဉ်များသည် အင်မော်တယ်ဖြစ်ဖို့နှင့် တက်လှမ်းဖို့ကို ရည်ရွယ်သည်။

အမျိုးမျိုးသော ဂမ္ဘီရစွမ်းရည်များကို ရရှိထားခြင်းက အသုံးဝင်သော်လည်း လူတစ်ယောက်၏ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ခြင်းမရှိပေ။

နတ်မျက်စိနည်းစနစ်နှင့် ဂမ္ဘီရအကဲခတ် နည်းစနစ် နှစ်ခုစလုံးသည် ဂမ္ဘီရစွမ်းရည်ဟူသော ခေါင်းစဉ်တစ်ခု အတွင်းမှာ ရှိနေသည်။

အရင်တုန်းက ရွှမ်အရှင်မြတ်သည် မဟာသူတော်စင်များနှင့် သူတော်စင်များအားလုံးကို စုစည်းပြီး ကျင့်စဉ်များအားလုံးကို ရောနှောပေါင်းစည်းကာ မိစ္ဆာကျင့်ကြံမှုသို့ ကျဆင်းသွားမည့် အန္တရာယ်မရှိဘဲ တက်လှမ်းရာ ကျင့်ကြံရေးလမ်းကြောင်းငါးခုကို ခွဲထုတ်ပေးခဲ့သည်။

ဤပကတိကျင့်စဉ်များသည် လမ်းစဉ်ငါးခု၏ အခြေခံအုတ်မြစ်များ ဖြစ်လာခဲ့သည်။ နောက်ပိုင်းမှာ ပေါ်ထွက်လာသည့် လေလွင့်ကျင့်ကြံသူများပင် ဤပကတိလမ်းစဉ် ငါးခုပေါ် အခြေခံ၍ ဖွံ့ဖြိုးတိုးတက် ပြောင်းလဲအောင် ပြုလုပ်ကြရသည်။

ယနေ့အချိန်ထိ သူတော်စင်များနှင့် အဆင့်-၉ တာအိုဆရာများအပါအဝင် တာအိုအဖွဲ့အစည်း အတွင်းမှလူတိုင်းသည် ရွှမ်အရှင်မြတ် အတည်ပြုပေးခဲ့သည့် ဤပကတိကျင့်စဉ်များကို အသုံးပြုနေကြသည်။

တိုးတက်ပြောင်းလဲမှု အမြန်နှုန်းကတော့ အရင်းအမြစ်များ ရရှိနိုင်မှု၊ လူတစ်ယောက်၏ ပင်ကိုယ်ပါရမီ အရည်အချင်းနှင့် ကျင့်ကြံမှုတွင် သူတို့ထည့်သွင်းထားသော ကြိုးစားအားထုတ်မှုအပေါ် လုံးလုံးလျားလျား မူတည်နေပေလိမ့်မည်။

ရွှမ်အရှင်မြတ်၏ အမြော်အမြင်နှင့် ရည်မှန်းချက်သည် ယခင်ဘိုးဘေးများနှင့် အကြီးအကဲများထက် များစွာသာလွန်ခဲ့ပြီး တာအိုဂိုဏ်းတော်ကို တကျော့ပြန် ဆန်းသစ်စေကာ လောကပေါ် လက်ရှိလွှမ်းမိုးနိုင်စွမ်းကို ရရှိလာစေခဲ့သည်။

ရွှမ်အရှင်မြတ်သည် ဂမ္ဘီရစွမ်းရည်များကိုလည်း ပြန်လည်တည်ဆောက်ဖို့ စိတ်ကူးရှိခဲ့သည်။ သို့သော်လည်း စီမံကိန်း၏ အလွန်အမင်း ရှုပ်ထွေးမှုနှင့် တာအိုဂိုဏ်းတော်အတွင်း အပြင်းအထန် ကန့်ကွက်မှုတို့ကြောင့် ဤအစီအစဉ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပေ။

ပကတိကျင့်စဉ်များ၊ အဆင့်မြင့်ကျင့်စဉ်များ၊ အလယ်အလတ် ကျင့်စဉ်များနှင့် စဦးကျင့်စဉ်များဆိုသည်မှာ ဂမ္ဘီရစွမ်းရည်များကို ရည်ညွှန်းခြင်း ဖြစ်သည်။ တာအိုအဖွဲ့အစည်းကနေ အသုံးပြုသော စံသတ်မှတ်ချက်နှင့်အညီ ကျင့်စဥ်များသည် ရွှမ်အရှင်မြတ် ပြန်လည်တည်ဆောက်ပေးခဲ့သည့် ပကတိကျင့်စဉ်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုကျင့်စဉ်များကို ဆက်လက်၍ အဆင့်တန်း ခွဲခြားစရာ မလိုတော့ပေ။

တာအိုဂိုဏ်းတော်ကနေ ထောက်ပံ့ပေးထားသည့် ဤဂမ္ဘီရစွမ်းရည်များကို အတိအလင်း ထုတ်ဖော်ထားပြီး တာအိုဂိုဏ်းတော်၏ ပြင်ပမှာပင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီဖြစ်သည်။

မည်သူမဆို ထိုကျင့်စဉ်များနှင့် နည်းစနစ်များကို လုံလောက်သည့် ကျင့်ကြံမှုနယ်ပယ်ကို ရောက်ရှိသည်နှင့် ကျင့်ကြံနိုင်ကြသည်။

လေလွင့်ကျင့်ကြံသူသည် နတ်သက်ကြွေအင်မော်တယ်များ၏ ဂမ္ဘီရစွမ်းရည်များကို သင်ယူနိုင်သော်လည်း သူတို့သည် စိန်ခေါ်မှုများစွာနှင့် မလွဲမသွေရင်ဆိုင်ရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ လမ်းစဉ်တစ်ခုချင်းစီ၏ တာအိုဘိုးဘေးများသည် ဤစွမ်းရည်များကို သူတို့၏ တပည့်ဂိုဏ်းသားများအတွက် အသင့်လျော်ဆုံး ဖြစ်အောင် ပြုပြင်ပြောင်းလဲ မွမ်းမံပေးခဲ့ကြသည်။ ဤလမ်းကြောင်းကနေ သွေဖယ်ခြင်းသည် လူတစ်ယောက်၏ ကိုယ်ပိုင်ခွန်အားသည် တာအိုဂိုဏ်းတော်၏ အတိတ်ကာလ ဘိုးဘေးများ၏ စုပေါင်းအတွေ့အကြုံနှင့် ဉာဏ်ပညာထက် သာလွန်သည်ဟု အထင်ရောက်ရာ ကျပေလိမ့်မည်။ ဤကဲ့သို့သော မောက်မာဝင့်ကြွားသည့် ကျင့်ကြံသူများက ရှေ့ဆက်မတက်နိုင်ဘဲ ရပ်တန့်သွားရစမြဲပင်။

ဒါ့အပြင် နည်းစနစ်တချို့ကို အကျိုးဆောင်မှုများကနေတစ်ဆင့် သို့မဟုတ် သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့် ကိုက်ညီမှသာ ကျင့်ကြံနိုင်ကြသည်။

ကျန်းယီဂိုဏ်းမှ မဟာသူတော်စင်၏ ပကတိမိုးကြိုးငါးစင်း ကောင်းကင်နှလုံးသားကျင့်စဉ်က ဥပမာတစ်ခု ဖြစ်သည်။

ရွှမ်အရှင်မြတ်သည် ဤကျင့်စဉ်ကို လူတိုင်းကျင့်ကြံနိုင်အောင် ချီသန့်စင်သူများ၏ လမ်းစဉ်ထဲသို့ ထည့်သွင်းပေါင်းစည်းပေးခဲ့သော်လည်း ကွေ့ကျန်းအဆင့်ကို ရောက်မှသာ ဤကျင့်စဉ်ကို ကျင့်ကြံနိုင်မည် ဖြစ်သည်။ ကျန်ရှိနေသော ဂမ္ဘီရစွမ်းရည်များကို အတိအလင်း ထုတ်ဖော်မထားဘဲ ကျန်းယီဂိုဏ်း၏ ပင်မတပည့်ဂိုဏ်းသားများသာလျှင် သင်ယူနိုင်ကြသည်။

ထိုက်ဖျင်ဂိုဏ်းနှင့် ချွမ်ကျန်းဂိုဏ်းကလည်း တူညီစွာကျင့်သုံးကြသည်။ ဤဂိုဏ်းများမှာ အပြင်လူများထံ မဖြန့်ဝေပေးသည့် သူတို့မူပိုင် တစ်မူထူးခြားသော ဂမ္ဘီရစွမ်းရည်များ ရှိထားကြသည်။

ချီရွှမ်းစုသည် ထူးခြားသော မည်သည့်ဂမ္ဘီရစွမ်းရည်ကိုမှ ပိုင်ဆိုင်မထားပေ။ သူ့မှာ အခြေခံဂမ္ဘီရစွမ်းရည် သုံးမျိုးသာလျှင် ရှိသည်။

အင်မော်တယ်လမ်းကြောင်းကို ကောင်းကင်ဘုံသက်ရှိ၊ ရှန်းထျန်သက်ရှိနှင့် ဟောက်ထျန်သက်ရှိဟူ၍ အဆင့်ကြီးသုံးဆင့် ခွဲခြားထားသည်။ တာအိုဂိုဏ်းတော်သည် လမ်းစဉ်တစ်ခုချင်းစီ၏ မတူညီသော နယ်ပယ်များအလိုက် ဤအဆင့်သုံးဆင့်ကို ပိုမိုကျဉ်းမြောင်းသော အဆင့်ငယ်များအဖြစ် ထပ်မံ၍ ခွဲခြားထားသည်။

ဟောက်ထျန်သက်ရှိများကို အခြေခံနှင့် ပေါင်တန်ဟူ၍ နှစ်ဆင့်ခွဲထားသည်။ ရှန်းထန်သက်ရှိများကို ခွန်လွင်၊ ယွီရှုနှင့် ကွေ့ကျန်းဟူ၍ သုံးဆင့်ခွဲထားသည်။

ဤအဆင့်ငါးဆင့်သည် လေလွင့်ကျင့်ကြံသူ၏ အခြေတည်၊ ချီသန့်စင်၊ အတွင်းအမြုတေ၊ ယွီတင်းနှင့် မြင့်မြတ်သန္ဓေလောင်းနယ်ပယ်ဟူသော နယ်ပယ်ငါးခုနှင့် ကိုက်ညီမှု ရှိသည်။

ဤနယ်ပယ်ငါးခုသည် နတ်သက်ကြွေအင်မော်တယ်များ၏ ရွှေအမြုတေသန့်စင်၊ ချီဝင်္ကပါ၊ ဝိညာဥ်သန့်စင်၊ ခရမ်းရောင်ချီနှင့် နိုးထဝိညာဉ်နယ်ပယ်ဟူသော နယ်ပယ်ငါးခုနှင့် ကိုက်ညီမှုရှိသည်။

ချီရွှမ်းစုသည် ယခု အတွင်းအမြုတေနယ်ပယ်မှာ ဖြစ်သည်။

အခြေတည်နယ်ပယ်မှာ မည်သည့်ဂမ္ဘီရစွမ်းရည်မှ မရှိပေ။ ချီသန့်စင်နယ်ပယ်မှာ ချီသန့်စင်သူ၏ လမ်းစဉ်ကနေ ဆင်းသက်လာသည့် စဦးထွန်းပေါက်မှု ကျင့်စဉ်ဖြစ်သော ချီဒိုင်းကာကို ကျင့်ကြံနိုင်သည်။ ၎င်းသည် ချီသန့်စင်သူ၏ အလယ်အလတ်ထွန်းပေါက်မှုကျင့်စဉ် ကြယ်တာရာချီဒိုင်းကာ သို့မဟုတ် နတ်သက်ကြွေအင်မော်တယ်များ၏ အဆင့်မြင့်ထွန်းပေါက်မှုကျင့်စဉ်ဖြစ်သော ဒြပ်စင်ငါးမျိုးချီဒိုင်းကာတို့ထက် နိမ့်ကျသည်။

အတွင်းအမြုတေနယ်ပယ်မှာ လူတစ်ယောက်သည် ဂမ္ဘီရစွမ်းရည်နှစ်မျိုးဖြစ်သော.. စဦးထွန်းပေါက်မှုကျင့်စဉ် ယင်ယန်မျက်လုံးနှင့် အလယ်အလတ်ထွန်းပေါက်မှုကျင့်စဉ် စိတ်ဝိညာဉ်မျက်လုံးများကို ကျင့်ကြံနိုင်ကြသည်။

ထိုကျင့်စဉ်များက ဂမ္ဘီရဝိဇ္ဇာများ၏ လမ်းစဉ်မှဖြစ်သည်။ ယင်ယန်မျက်လုံးများက တစ္ဆေသရဲများနှင့် စိတ်ဝိညာဉ်များကိုသာ ထောက်လှမ်းနိုင်ပြီး စိတ်ဝိညာဉ်မျက်လုံးကတော့ သူတို့ကို လှုပ်ရှားမရအောင် ပြုလုပ်နိုင်သည်။

နောက်တစ်မျိုးမှာ အလယ်အလတ်ထွန်းပေါက်မှု ဓားထိန်းချုပ်နည်းစနစ် ဖြစ်သည်။ ၎င်းသည် အစစ်အမှန် ဓားပျံတစ်လက်ကို လိုအပ်သောကြောင့် ချီသန့်စင်သူများ၏ အဆင့်မြင့်ထွန်းပေါက်မှုကျင့်စဉ် ဓားပဲ့ထိန်း နည်းစနစ်ထက် နိမ့်ကျသည်။

ဓားပဲ့ထိန်းနည်းစနစ်နှင့် ဓားပျံတစ်လက်ကို အသုံးပြုနိုင်သော်လည်း သတ်မှတ်ထားသည့် ကျင့်ကြံမှုအဆင့်တစ်ခုကို ရောက်ရှိပြီးနောက် သာမန်ဓားတစ်လက်နှင့်ပင် ဤကျင့်စဉ်ကို အသုံးချနိုင်သည် ။

ရေတိုမှာ လေလွင့်ကျင့်ကြံသူသည် အခြားသော လမ်းစဉ် ငါးခုမှာ ဂမ္ဘီရစွမ်းရည်များကို ကျင့်ကြံနိုင်သည့် အားသာချက်ရှိသော်လည်း အားနည်းချက်မှာ သူတို့သည် အချိုးအစားတိုင်းမှာ နိမ့်ကျနေခြင်းဖြစ်သည်။

အတွင်းအမြုတေနယ်ပယ်ပြီးလျှင် ယွီတင်းနယ်ပယ်လာပြီး ထိုနယ်ပယ်မှာ အလယ်အလတ်ထွန်းပေါက်မှု ကျင့်စဥ်နှစ်ခုကို ကျင့်ကြံနိုင်ကြသည်။

အလယ်အလတ်ထွန်းပေါက်မှု ကျင့်စဥ်များထဲမှ တစ်ခုမှာ အစာဖြတ်နည်းစနစ်ဖြစ်ပြီး လက်တွေ့တိုက်ပွဲမှာ များစွာအသုံးဝင်ခြင်းမရှိပေ။

ကျင့်ကြံမှုအဆင့်ပေါ်မူတည်၍ တစ်နေ့လျှင်တစ်ကြိမ်ကနေ သုံးရက်မှာတစ်ကြိမ်ထိ အစာအာဟာရမှီဝဲခြင်းကို ဖြတ်တောက်နိုင်သည်။

အခြားသောကျင့်စဥ်တစ်ခုမှာ သေဘေးနှင့် ရင်ဆိုင်ရချိန်တွင် မိမိနေရာမှာ ခန္ဓာအတုတစ်ခုကို ယာယီဖန်တီးထားခဲ့သည့် ပုစဥ်းအခွံလဲနည်းစနစ်ဖြစ်ပြီး အလွန်တရာ လက်တွေ့ဆန်ကာ အသုံးဝင်လွန်းသော အသက်ကယ် ဂမ္ဘီရစွမ်းရည်တစ်ခုဖြစ်သည်။

ဤနည်းစနစ်သည် နတ်သက်ကြွေအင်မော်တယ်များ၏ ပုံရိပ်ယောင်ခန္ဓာနည်းစနစ်ကနေ ဆင်းသက်လာခဲ့သည်။

ပုစဥ်းအခွံလဲနည်းစနစ်သည် သာမာန်ဓားချက်များနှင့် ဂါထာမန္တန်တိုက်ခိုက်မှုများကိုသာ ရှောင်လွှဲနိုင်ပြီး အောက်လမ်းမှော် သို့မဟုတ် စိတ်ဝိညာဥ်ဖိနှိမ်ခြင်းကဲ့သို့ နည်းစနစ်များကို မရှောင်လွှဲနိုင်ပေ။

တစ်ဘက်မှာတော့ နတ်သက်ကြွေအင်မော်တယ်များ၏ ပုံရိပ်ယောင်ခန္ဓာနည်းစနစ်သည် သွေးနှင့်အမြုတေကိုသုံးပြီး နဂိုမူလကနေ ခွဲခြားမရနိုင်သည့် သက်ဝင်လှုပ်ရှား အစားထိုးခန္ဓာတစ်ခုကို ဖန်တီးနိုင်သည်။ ထိုသို့ဖြင့် ၎င်းသည် ဂါထာမန္တန်ကျိန်စာများနှင့် စိတ်ဝိညာဥ်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည်။

၎င်းကို အဆင့်မြင့်ထွန်းပေါက်မှုကျင့်စဥ်တစ်ခုဟု ဆိုနိုင်သည်။

ဤနည်းစနစ်မှာ ကျွမ်းကျင်ပိုင်နိုင်သောဆရာများသည် တခြားအဖိုးတန်သော ပစ္စည်းများနှင့် ကျင့်ကြံမှု၏ တစ်စိတ်တစ်ပိုင်းကို ပေါင်းစည်းကာ ကောင်းကင်ဘုံကိုလှည့်စားပြီး ကောင်းကင်ဘုံကပ်ဘေးများကိုပင် ကျော်လွှားနိုင်ကြသည်။ ထိုသို့ဖြင့် ဤနည်းစနစ်မှာ ကပ်ဘေးစတေးနည်းစနစ်ဟူသော နောက်ထပ်နာမည်တစ်ခုပါ ထပ်မံရရှိလာသည်။

ဤသည်မှာ လေလွင့်ကျင့်ကြံသူများနှင့် နတ်သက်ကြွေအင်မော်တယ်များကြား ကျယ်ပြန့်သော ကွာဟချက်ကို ပြသပေးနေသည်။ ၎င်းသည် အလွယ်တကူ ရင်ကြားမစေ့နိုင်သည့် ကွာဟချက်တစ်ခု ဖြစ်သည်။

ချီရွှမ်းစုက ယွီတင်းအဆင့်ကို ရောက်ရှိသည်နှင့် သူ့အား ချင်းဖျင်အသင်းတော်၏ တစ်မူထူးခြားသော ဂမ္ဘီရစွမ်းရည်တစ်ခု သင်ကြားပေးမည်ဟု အစ်မချီက ကတိကဝတ် ပေးထားဖူးသည်။ ၎င်းသည် အဆင့်မြင့် ထွန်းပေါက်မှု ကျင့်စဉ်တစ်ခုဖြစ်ပြီး သူမက သူ့ကို အလကား သင်ကြားပေးမည်ဖြစ်သည်။

ချီရွှမ်းစုသည် နောက်ထပ် ထိုက်ဖျင်ဒင်္ဂါး ၃၀၀ ကို သုံးစွဲလိုမည် ဆိုလျှင် အစ်မချီသည် သူ့အား သူမ၏ လခြမ်းကွေးလက်ဝါးလွှသွား နည်းစနစ်ကိုလည်း သင်ကြားပေးလိမ့်မည် ဖြစ်သည်။

၎င်းသည် အလယ်အလတ်ထွန်းပေါက်မှုနည်းစနစ်တစ်ခုသာ ဖြစ်သော်လည်း ဤကျင့်စဉ်ကို အသုံးပြုဖို့ လက်တစ်ဖက်သာလိုသောကြောင့် တိုက်ပွဲထဲမှာ လွန်စွာအသုံးတည့်လှသည်။ ၎င်းသည် ဓားပျံတစ်လက်ပိုင်ဆိုင်မထားဘဲ ဓားပျံထိန်းချုပ်နည်းစနစ်ကို တတ်ကျွမ်းထားသည်နှင့်စာလျှင် များစွာပိုကောင်းသည်။

ဒါ့အပြင် အစ်မချီသည် သူ့အား ယင်သတ်ဖြတ်နည်းစနစ်နှင့် ပိုးချည်မျှင်ရစ်ပတ်နည်းစနစ်ကိုလည်း သင်ကြားပေးနိုင်သည်။ ယင်သတ်ဖြတ်နည်းစနစ်သည် လခြမ်းကွေးလက်ဝါးလွှသွားနည်းစနစ်လို အလယ်အလတ်ထွန်းပေါက်မှုကျင့်စဉ်တစ်ခုဖြစ်ပြီး ကိုယ်ခံပညာသိုင်းသမားလမ်းစဉ်မှဖြစ်သည်။ ပိုးချည်မျှင်ရစ်ပတ်နည်းစနစ်ကတော့ ချီသန့်စင်သူလမ်းစဉ်မှ ဆင်းသက်လာပြီး အဆင့်မြင့်ကျင့်စဉ်တစ်ခုဖြစ်သည်။

ဤနည်းစနစ်များသည် တစ်ခုလျှင် ထိုက်ဖျင်ဒင်္ဂါး ၅၀၀ ကျသင့်ပြီး စုစုပေါင်း ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်တန်လေသည်။ အစ်မချီ၏ သားတစ်ယောက်လိုဖြစ်နေသော ချီရွှမ်းစုပင်လျှင် ထိုဈေးနှုန်းကို ညှိနှိုင်း၍မရပေ။

ချီရွှမ်းစုက စဉ်းစားရင်း သက်ပြင်းချလိုက်သည်။

တကယ်တော့ ချီရွှမ်းစုသည် သူ့ကျင့်ကြံမှုကို မြှင့်တင်နိုင်မည့် နည်းစနစ်များနှင့် ဆေးလုံးများကို အစ်မချီကနေတစ်ဆင့် ချင်းဖျင်အသင်းတော်ထံမှ သူ၏ အကျိုးဆောင်အမှတ်များနှင့် လဲလှယ်ရယူနိုင်သည်။ ဤစနစ်သည် တာအိုဂိုဏ်းတော်၏ အကျိုးဆောင်စနစ်နှင့် အတော်လေးဆင်တူသည်။ သို့သော်လည်း ချီရွှမ်းစုသည် အကျိုးဆောင်မှတ် ၉၀၀၀ ကို စုဆောင်းကာ ချင်းဖျင်အသင်းတော်ကနေ ထွက်ခွာနိုင်ဖို့ မျှော်လင့်ထားဆဲဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ ကျင့်ကြံမှုက အတော်လေးနှေးကွေးနေခြင်းဖြစ်သည်။

ထို့နောက် ချီရွှမ်းစုသည် ဆန်ပြုတ်တစ်ပန်းကန်ထည့်ပြီး စားရင်းသောက်ရင်း စောစောက သူဝယ်ယူလာသည့် သတင်းစာလွှာကို ဖတ်ရှုလိုက်သည်။

သတင်းစာလွှာများသည် အင်ပါယာနန်းတော်ကနေ ဆင်းသက်လာခြင်းဖြစ်သည်။ အစကတော့ ဧကရာဇ်အမိန့်ပြန်တမ်းများနှင့် ဝန်ကြီးရုံးများ အသနားခံတင်ပြစာများကို မိတ္တူကူးပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးများက ဖြန့်ဝေခဲ့သည်။ ဤသတင်းစာလွှာများကြောင့် အများလူထုသည် အုပ်ချုပ်သူအဖွဲ့အစည်းများအကြောင်း ပိုမိုသိရှိလာကြသည်။

တာအိုဂိုဏ်းတော်သည် သူတို့၏ လည်ပတ်ပုံကို စနစ်တကျ ပြင်ဆင်ဖွဲ့စည်းပြီးနောက် အမျိုးမျိုးသော မူဝါဒများနှင့် စိတ်ဝင်စားဖွယ်ကောင်းသော အဖြစ်အပျက်များကို ပုံနှိပ်ရိုက်နှိပ်ကာ တစ်စောင်လျှင် ရူယီဒင်္ဂါးငါးပြားဖြင့် အများလူထုကို ရောင်းချပေးလေသည်။ သို့သော်လည်း ဤသတင်းစာလွှာများကို ကျောက်စိမ်းနေပြည်တော်နှင့် တာအိုစံအိမ်ကြီးများမှာသာ ဝယ်ယူရရှိနိုင်သည်။

ယနေ့ သတင်းစာလွှာမှာ အဓိကအားဖြင့် အနောက်ဘက်ဒေသမှာ သောင်းကျန်းနေသည့် မိစ္ဆာများအကြောင်း ဖော်ပြထားသည်။ ဤသောင်းကျန်းမှုသည် နှစ်လတာကြာမြင့်ခဲ့ပြီး ဤအချိန်အတောအတွင်း ကုန်သည်အသင်းအဖွဲ့ငါးသင်း တိုက်ခိုက်ခံခဲ့ရသည်။ သို့သော်လည်း အနောက်ဘက်ဒေသ တာအိုစံအိမ်သည် နတ်ဆရာဂိုဏ်းနှင့် ပဋိပက္ခဖြစ်ကာ ဗျာများနေပြီး သူတို့သည် ဘိုးဘေးကျောင်းတော်ထံ အကူအညီလှမ်းတောင်းရလေသည်။

နတ်ဆရာဂိုဏ်းသည် ရှေးဟောင်းဝူဝါဒ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သည်။ ဝူဝါဒကျရှုံးသွားပြီးနောက် နတ်ဆရာဂိုဏ်းသည် မြက်ခင်းလွင်ပြင်ဒေသသို့ ပြောင်းရွှေ့ကာ ရွှေပြည်သစ်၏ နိုင်ငံတော်ဘာသာဖြစ်လာခဲ့သည်။ သူတို့၏ အင်အားကို လျှော့တွက်၍ မရနိုင်ပေ။

အနောက်ဘက်ဒေသ တာအိုစံအိမ်သည် နတ်ဆရာဂိုဏ်းနှင့် မကြာခဏ ထိတွေ့မှုဖြစ်ပွားပြီး အသည်းအသန်တိုက်ခိုက်နေရသည်။ အနောက်ဘက်ဒေသတာအိုစံအိမ်သည် အမြဲတမ်း လူအင်အားကို လိုအပ်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။

ချီရွှမ်းစုသည် သတင်းစာလွှာကို ဆက်ဖတ်နေသည်။ နောက်ထပ်အစီရင်ခံစာသည် အမျိုးမျိုးသောဒေသများမှ လျှို့ဝှက်အသင်းအဖွဲ့များကို နှိမ်နင်းရမည်ဟူသော မဟာသူတော်စင်လွင်ကျစ်၏ အမိန့်ပြန်တမ်းအကြောင်းနှင့် ဒေသဆိုင်ရာတာအိုစံအိမ်အသီးအသီးက ချမှတ်ထားသည့် မူဝါဒများကို တင်းတင်းကျပ်ကျပ်လိုက်နာဖို့လိုအပ်ကြောင်း ဖော်ပြထားသည်။

နောက်ထပ်အစီရင်ခံစာသည် ခန်းမကိုးဆောင်မှ ပတ်သက်ဆက်စပ်နေသော နောက်ဆုံးရသတင်းအချက်အလက်များအကြောင်းဖြစ်သည်။ စီကျိခန်းမ၏ မဟာသူတော်စင်သည် ဗုဒ္ဓဂိုဏ်းမှ သံတမန်များနှင့် တွေ့ဆုံခဲ့သည်။ တူကျစ်ခန်းမသည် ပထမနှစ်ဝက်၏ ဘဏ္ဍာရေးစာရင်းအနှစ်ချုပ်နှင့် ဒုတိယနှစ်ဝက်၏ အသုံးစရိတ်လျာထားချက်ကို ထုတ်ပြန်ခဲ့သည်။

ကျိဝေခန်းမသည် ဤနွေဦးနှင့်နွေရာသီမှာ နည်းလမ်းရှစ်သွယ်အကဲဖြတ်စစ်ဆေးမှု၏ ပဏာမရလဒ်များကို ထုတ်ပြန်ပြီး ရာထူးတိုးမြှင့်ပေးထားသော တာအိုဆရာများနှင့် လျှော့ချထားသော တာအိုဆရာများ၏ စာရင်းကို ကြေညာထားသည်။ ပေချန်ခန်းမသည် ဆောင်းနှောင်းမှာ ကွပ်မျက်သုတ်သင်ရမည့် ရာဇဝတ်သားများစာရင်းကို သူတို့ကျူးလွန်ထားသည့် ပစ်မှုများ၏ အသေးစိတ်ဖော်ပြချက်များနှင့်အတူ ထုတ်ပြန်ပြီး အခြားသော ရာဇဝတ်သားများကို ခြိမ်းခြောက်နိုင်ဖို့ မျှော်လင့်ထားကြသည်။

ချီရွှမ်းစုသည် ဆန်ပြုတ်တစ်ပန်းကန်သောက်ပြီးနောက် သတင်းစာလွှာကိုချကာ ရုတ်တရက် ရွှမ်အရှင်မြတ်၏ အဆိုမိန့်တစ်ခုကို အမှတ်ရသွား၏။

“ငါတို့တွေက တရားဝင်အုပ်ချုပ်သူအဖွဲ့အစည်းဖြစ်တယ်ဆိုမှတော့ ငါတို့ရဲ့ အပြုအမူတွေက ပွင့်လင်းမြင်သာမှုရှိရမယ်... အဲဒါမှ ငါတို့ရဲ့ ကြိုးစားအားထုတ်မှုကို လောကက သိမြင်နိုင်မယ်။” ဟူ၍ ဖြစ်လေသည်။

All Chapters