အခန်း (၆၅)
Vol. 7 Ch. 65
အခန်း ၆၅
“ဟုတ်ကဲ့ စာရေးဆရာကန်၊ ကျွန်တော် ဂွမ်တဲဝမ်ပါ။ ‘မိစ္ဆာဘုရင် ဒုတိယအကြိမ် သက်ဆင်းခြင်း’ က အခြေအနေ တော်တော်ကောင်းနေတယ်။ ဒီအတိုင်းပဲ ဆက်သွားရင်အဆင်ပြေပါတယ်။ ဇာတ်ကြောင်းကို သွေဖည်မသွားဖို့ပဲလိုတာပါ။ အဓိကဇာတ်ကောင်ကိုလည်း အခုအတိုင်းပဲ ပုံဖော်သွားပေးပါ။”
“မင်္ဂလာပါ စာရေးဆရာယန်၊ ရယ်မောခြင်းစာပေ က ရှင်ဒုံမင်း ပါ။ ဟုတ်ကဲ့၊ ဝတ္ထုကြည့်ရှုသူ ၆၀၀၀ ကျော်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ရှင့်။ လာမယ့်သောကြာနေ့မှာ အခပေးအခန်းတွေ စတင်ထုတ်ဝေသွားပါ့မယ်။”
ရယ်မောခြင်းစာပေ ရဲ့ ဝန်ထမ်းနှစ်ဦးစလုံး အလုပ်တွေ တော်တော်လေး များနေကြသည်။
ပရောဂျက်အသစ် နှစ်ခု ရောက်ရှိလာခဲ့တာပါ။ ကန်မင်းဟိုရဲ့ ‘မိစ္ဆာဘုရင် ဒုတိယအကြိမ် သက်ဆင်းခြင်း’ နဲ့ ယန်ဟောင်ဂယွန်းရဲ့ ‘သတ်ဖြတ်ခြင်း’ တို့ပဲ ဖြစ်ပါတယ်။ ဒီပရောဂျက်နှစ်ခုလုံးက ပျမ်းမျှထက် အဆင့်အတန်း ပိုမြင့်နေပါတယ်။ ဒါဟာ တစ်ပတ်တစ်ခါ ဂျယ်ဂန်းဆီကနေ ရရှိတဲ့ အကြံဉာဏ်ကောင်းတွေကြောင့်လည်း ပါတာပေါ့။
ဇန်နဝါရီလရဲ့ နေ့တစ်နေ့မှာ...
ဒီနေ့တွင်လည်း ဂျယ်ဂန်းထိုစာရေးဆရာနှစ်ဦးနှင့်အတူ ရုံးခန်းထဲမှာပဲရှိနေပါတယ်။ သူက သူတို့ရဲ့စာတွေကို ကြည့်ပေးရင်းဖြင့် လွတ်နေတဲ့ ကွန်ပျူတာတစ်လုံးမှာ သူ့ရဲ့ကိုယ်ပိုင်စာမူကိုလည်း ရေးသားနေခဲ့သည်။
‘တစ်ပတ်တစ်ခါ ဒီလိုမျိုး ပတ်ဝန်းကျင် ပြောင်းလဲလိုက်တာကလည်း စိတ်အပန်းပြေစေတာပဲ’ လို့ ဂျယ်ဂန်း တွေးလိုက်မိသည်။
မင်းဟို တို့ ဟောင်ဂယွန်း တို့နဲ့ မဆုံခင်အထိ သူဟာ အခြားစာရေးဆရာများဖြင့် အတူတူ စာမရေးဖူးပါ။ ဒါဟာ ခံစားချက်အသစ်တစ်ခုပါပဲ။ စကားပြောရင်းနဲ့လည်း အတွေးသစ်တွေ ထွက်လာတတ်ပါတယ်။
“၅ နာရီတောင် ထိုးပြီပဲ စာရေးဆရာဟာ။ ဗိုက်မဆာသေးဘူးလား? တစ်ခုခု စားကြမလား?”
“ရပါတယ်၊ ကျွန်တော် အဆင်ပြေတယ်။ ခင်ဗျားတို့ စားချင်တာသာ မှာလိုက်ကြပါ။”
ဂျယ်ဂန်းက ကီးဘုတ်ပေါ်မှလက်ကိုမခွာဘဲပြန်ဖြေလိုက်သည်။
ဒီနေ့ စာရေးလို့ တကယ်ကောင်းတဲ့ နေ့တစ်နေ့ပါ။ သူကတော့ ခဏလောက် ထပ်ရေးပြီးနောက် ညစာစားပြီးမှ ပြန်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဆရာကြီး ဆုဂန်းဝိုရဲ့ လက်ပ်တော့ မဟုတ်တဲ့အတွက် စာရိုက်ရတာ နည်းနည်း နှေးနေပေမဲ့ ဒါဟာ ပြဿနာတစ်ခုမဟုတ်ပါဘူး။
တီ!
အမည်မသိ နံပါတ်တစ်ခုဆီကနေ ဖုန်းဝင်လာသည်။
“ဟယ်လို။”
ဂျယ်ဂန်း ဖုန်းဖြေလိုက်ပေမဲ့ မော်နီတာပေါ်တွင် စာကြောင်းများကတော့ ဆက်လက် ပေါ်ထွက်နေဆဲဖြစ်သည်။
- ဟယ်လို၊ စာရေးဆရာ ဟာဂျယ်ဂန်းလားရှင့်?
“ဟုတ်ကဲ့၊ ဘယ်သူပါလဲ?”
- ကျွန်မက ခေတ်သစ်လူငယ်စာပေ ရဲ့ မန်နေဂျာ ဂျိုစီဂယွန်း ပါ။
သူ၏လက်များ ရုတ်တရက် ရပ်တန့်သွားပါသည်။ ဂျယ်ဂန်း ဖုန်းကိုင်ထားသည့်လက်ကို ကျန်လက်တစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
- ဟယ်လို? စာရေးဆရာ ဟာဂျယ်ဂန်းရှင့်?
“ဟုတ်... ဟုတ်ကဲ့၊ ပြောပါ။ ကျွန်တော် နားထောင်နေပါတယ်ခင်ဗျာ။”
သူ့အသံတွေ တုန်ရီနေသည်။ နှလုံးကလည်း တဒိတ်ဒိတ်နဲ့ ခုန်နေသလို၊ ဦးခေါင်းတစ်ခုလုံးလည်း ပူထူလာပါတယ်။
- ဂုဏ်ယူပါတယ်ရှင်။ စာရေးဆရာဟာဂျယ်ဂန်း ခေတ်သစ်လူငယ်စာပေပြိုင်ပွဲမှာ ဝင်ပြိုင်ထားတဲ့ ပရောဂျက်က ဆုရရှိသွားပါတယ်ရှင့်။
ဂျယ်ဂန်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
မန်နေဂျာဆိုသည့် အသံကို ကြားလိုက်ကတည်းက သူ ကြိုတင်ခန့်မှန်းထားပြီးသားပါ။ တစ်နှစ်မှ တစ်ဦးတည်းကိုသာ ရွေးချယ်ပြီး ဖုန်းဆက်အကြောင်းကြားတတ်သည် မဟုတ်ပါလား။
‘ငါ... ငါ တကယ်ပဲ ဆုရပြီပေါ့...!’
ပြိုင်ဆိုင်မှု အလွန်ပြင်းထန်လှသည့်၊ စာပေလောကတစ်ခုလုံးတွင်တောင် ဂုဏ်သိက္ခာမသေးငယ်သည့် ခေတ်သစ်လူငယ် စာပေပြိုင်ပွဲဆု။ ထိုဆုကို သူ ဆွတ်ခူးနိုင်ခဲ့ပြီဆိုသည့် အချက်က သူ့ကို အံ့ဩ ဆွံ့အသွားစေသည်။
“စာရေးဆရာဟာ ဘာဖြစ်သွားတာလဲ? သတင်းဆိုးများ ကြားလိုက်ရလို့လား?”
“ရှူး... တိုးတိုးနေစမ်းပါ။”
မင်းဟိုနှင့် ဟောင်ဂယွန်းတို့သည် အခြေအနေကို ကြည့်ပြီး အခြားအခန်းထဲသို့ ခဏရှောင်ပေးလိုက်ကြသည်။ ဂျယ်ဂန်းကတော့ သူတို့ ထွက်သွားသည်ကိုပင် သတိမပြုမိတော့ပေ။
- ဆုရရှိတဲ့အကြောင်းကို တရားဝင် ကြေညာဖို့ အချိန်နည်းနည်း လိုပါသေးတယ်။ ဒါကြောင့် အဲဒီအချိန်အထိတော့ လူမသိအောင် လျှို့ဝှက်ထားပေးစေချင်ပါတယ်ရှင်။ ပြီးတော့ ဆုလက်ခံတဲ့အခါ ပြောရမယ့် မိန့်ခွန်းလေးလည်း ပြင်ဆင်ထားပေးပါဦး၊ စာလုံးရေ ပမာဏကတော့...
မန်နေဂျာက တစ်ဖက်မှ ပြောနေသော်လည်း ဂျယ်ဂန်း၏ နားထဲသို့ ထိုစကားလုံးများ တစ်လုံးမှ ဝင်မလာတော့ပေ။
- ဒါဆိုရင် နောက်မှ ထပ်ပြီး အသေးစိတ် ဆက်သွယ်လိုက်ပါ့မယ်ရှင်။
“ဟုတ်ကဲ့... ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။”
ဂျယ်ဂန်းသည် မျက်နှာကြက်ကို ငေးကြည့်ရင်း ဟာလာဟင်းလင်း ဖြစ်နေမိသည်။ ခဏအကြာတွင်တော့ မျက်နှာကြက်၏ ပုံရိပ်လွှာများကြားတွင် မိန်းကလေးတစ်ဦး၏ မျက်နှာ ပေါ်လာ၏။
‘သူမကို တွေ့မှဖြစ်မယ်...!’
ဂျယ်ဂန်း ချက်ချင်းထရပ်ကာ ကုတ်အင်္ကျီကို ကောက်စွပ်လိုက်သည်။ ဒီသတင်းကို ထိုလူတစ်ယောက်တည်းကိုသာ အရင်ဆုံး ပြောပြချင်သည်။ သူမသာ မရှိခဲ့လျှင် သူသည် ဤဝတ္ထုကို ရေးသားနိုင်ခဲ့လိမ့်မည် မဟုတ်ပါ။
“စာရေးဆရာကန်၊ စာရေးဆရာယန်။ အားနာပါတယ်ဗျာ၊ ကျွန်တော် အခု သွားစရာလေး အရေးကြီးလို့။”
“ဘာ... ဘာဖြစ်လို့လဲဗျ? အရေးကြီးတဲ့ ကိစ္စရှိလို့လား?”
“မဟုတ်ပါဘူး၊ အဲလိုမျိုး မဟုတ်ပါဘူး။ ဒါဆိုရင် နောက်မှ ပြန်ဆက်သွယ်လိုက်မယ်နော်။”
ဂျယ်ဂန်းသည် ရီခါကို ချီကာ ကားဆီသို့ အပြေးသွားပြီး စက်နှိုးလိုက်သည်။ ပြီးနောက် ဒါဆော ဆီသို့ ဖုန်းဆက်ရန် ကြိုးစားလိုက်၏။
- လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့်...
“တောက်...!”
ဂျယ်ဂန်း ဖုန်းကို ဘေးသို့ ပစ်ချလိုက်မိသည်။ ဘာဖြစ်လို့များ ဒီလိုအရေးကြီးတဲ့ အချိန်ကျမှ ဖုန်းက ပိတ်ထားရတာလဲ။
ဘက်ထရီ လဲနေတာများလားဟု တွေးရင်း မိနစ်အနည်းငယ် စောင့်ကာ ထပ်ခေါ်သော်လည်း ပိတ်ထားဆဲပင်။
‘ငါ အစကတည်းက သူမ ဘယ်မှာ နေလဲဆိုတာ မေးထားခဲ့သင့်တာ။’
ဂျယ်ဂန်း လီဗာကို နင်းလိုက်သည်။ သူမ ထိုနေရာမှာ အလုပ်လုပ်နေတုန်း ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။ ခရီးက သိပ်မဝေးတာကြောင့် မကြာခင်မှာပင် သူ ရောက်သွား၏။ ကာရာအိုကေ ဘား၏ မီးဆိုင်းများမှာ တလက်လက် တောက်ပနေဆဲ။
သူသည် ဓာတ်လှေကားကိုပင် မစောင့်နိုင်တော့ဘဲ လှေကားမှ ပြေးတက်သွားသည်။ ဖုန်းကို နောက်တစ်ကြိမ် ထပ်ခေါ်သော်လည်း အကြောင်းပြန်မှု မရှိခဲ့ပေ။
“ဟယ်လို... ဘယ်သူရှိလဲဗျ?”
မိတ်ကပ်အထူကြီး လိမ်းထားသည့် ဆိုင်ရှင်အမျိုးသမီးက ဂျယ်ဂန်းကို ဆီးကြိုနှုတ်ဆက်သည်။ ဂျယ်ဂန်းက ခေါင်းညိတ်ပြရင်း မေးလိုက်၏။
“မင်္ဂလာပါ။ ကျွန်တော့်ကို မှတ်မိသေးရဲ့လား?”
“ဟင်? အင်း... အော်!”
ဆိုင်ရှင်က လက်ခုပ်တစ်ချက် တီးလိုက်သည်။
“စာရေးတဲ့လူ မဟုတ်လား?”
“ဟုတ်ကဲ့၊ မှတ်မိသားပဲ။ တခြားတော့မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က တွေ့ခဲ့တဲ့ ဒါဆော ကို ပြန်ရှာချင်လို့ပါ။ သူမဖုန်းက ပိတ်ထားလို့ ဘယ်လိုသွားတွေ့ရမှန်း မသိဖြစ်နေတာ။ တကယ် အရေးကြီးလို့ပါဗျာ။”
“သူမကို မတွေ့ရတာ ကြာပြီလေ။”
“ဗျာ? ဘာဖြစ်လို့လဲဟင်?”
“မသိဘူးလေ။ ဒီမှာမရှိရင် မရှိတာပဲပေါ့။ ဘာလဲ? ဖုန်းပိတ်ထားလို့လား? ရှင့်ဆီက ပိုက်ဆံတွေဘာတွေ ချေးထားလို့လား?”
ဆိုင်ရှင်က သံသယမျက်လုံးများဖြင့် မေးသည်။ ဂျယ်ဂန်းသည် နဖူးကိုလက်ဖြင့်အုပ်ကာ ခေါင်းခါပြလိုက်၏။
“မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ?”
“အင်း... တစ်ပတ်လောက်ရှိပြီ ထင်တယ်။”
“အဲဒါဆို... သူမတို့ အလုပ်အေဂျင်စီရုံးခန်းကနေတစ်ဆင့် ဆက်သွယ်ပေးလို့ မရဘူးလားခင်ဗျာ?”
ဂျယ်ဂန်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးသော်လည်း ဆိုင်ရှင်က ခေါင်းခါပြပြန်သည်။
“အဲဒါတော့ လုပ်ပေးလို့မရဘူးကွဲ့။ နောက်ပိုင်း ပြဿနာတွေ တက်လာနိုင်တယ်လေ။ နားလည်တယ်မလား?”
“... ဟုတ်ကဲ့၊ နားလည်ပါတယ်ခင်ဗျာ။”
“စောင့်ကြည့်ပါဦး။ ဖုန်းပျက်နေတာလည်း ဖြစ်နိုင်တာပဲ။”
ဆိုင်ရှင်က ဂျယ်ဂန်း၏ စိုးရိမ်နေသောမျက်နှာကိုကြည့်ကာ နှစ်သိမ့်စကားဆိုသည်။ ဂျယ်ဂန်းသည် ခပ်နွမ်းနွမ်းလေး ခေါင်းညိတ်ပြပြီး ဘားထဲမှ ထွက်လာခဲ့တော့သည်။
“ဟူး... ရီခါရာ။ ငါ သူမကို ဘယ်မှာသွားရှာရမလဲ?”
ဖြတ်သန်းသွားလာနေသည့် လူအုပ်ကြီးကိုကြည့်ရင်း ဂျယ်ဂန်း တစ်ယောက်တည်း ရပ်နေမိသည်။ သူက ရီခါကို မေးနေခြင်းလည်း ဖြစ်၏။
“တကယ်တော့ ဒါက ဝမ်းနည်းဖို့ကောင်းတယ်ကွာ။ သူမက ထမင်းအတူတူစားဖို့ ဖုန်းတွေ အကြိမ်ကြိမ်ခေါ်ခဲ့ပေမဲ့ ငါ တစ်ခါမှ မကိုင်ခဲ့ဘူး။ ငါပဲ ပြန်ဆက်သွယ်ပါ့မယ်လို့ ပြောခဲ့ပြီးတော့လည်း ဘာမှမလုပ်ခဲ့မိဘူး။”
နောင်တတွေက လှိုင်းလုံးတွေလို သူ့ဆီ ရိုက်ခတ်လာသည်။ ဒါဆော၏ မျက်နှာကတော့ သူ့စိတ်ထဲမှာ ထင်ထင်ရှားရှား ရှိနေဆဲ။
“မြောင်... မြောင်...”
သူ့ရင်ခွင်ထဲက ရီခါက ရုန်းကန်လိုက်ပြီး အောက်သို့ ခုန်ဆင်းသွားသည်။ လူတွေ အရမ်းများနေသောကြောင့် ဂျယ်ဂန်း စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်၏။
“ရီခါ! အဝေးကြီး မသွားနဲ့လေ၊ ဒီကိုလာ!”
ရီခါကတော့ တည်ငြိမ်လှပသော ခြေလှမ်းများဖြင့် အဆောက်အဦးတစ်ခုဆီသို့ လျှောက်သွားသည်။ ပြီးနောက် မိန်းကလေးတစ်ဦး၏ ဖိနပ်ရှေ့တွင် ရပ်လိုက်၏။
“အို... ဟေး... မင်းလေးက ချစ်စရာလေးပဲ။ နာမည်က ဘယ်သူလဲဟင်?”
“...?!”
ဂျယ်ဂန်း မျက်လုံးနှစ်လုံး ပြူးသွားသည်။
သူ အသည်းအသန် ရှာနေသည့် ထိုမိန်းကလေး၏ မျက်နှာက သူ့မျက်စိရှေ့မှာတင် ပေါ်လာခဲ့ပြီဖြစ်သည်။