← Chapters

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း ၆၆

“မင်းက ရုရှားမျိုးစပ်အမလေးလား? ဟင်းးး မင်းရဲ့သခင်ကကော ဘယ်မှာလဲ?”

ထိုအမျိုးသမီးမှာ ဆောင့်ကြောင့်ထိုင်ပြီး ရီခါကို မျက်စိတစ်ဖက်မှိတ်ပြကာ စနေသည့် ဒါဆော ပင်ဖြစ်သည်။

ဂျယ်ဂန်း တစ်စုံတစ်ခုက ဆွဲငင်နေသကဲ့သို့ သူမအနားသို့ တိုးသွားမိသည်။ ရိပ်ခနဲကျလာသော အရိပ်ကြောင့် ဒါဆောက ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။

“အာ... စာရေးဆရာ!”

ဒါဆောက ဝမ်းသာအားရ ပြုံးပြလိုက်၏။ သူမ မျက်နှာမှာ မိတ်ကပ်တစ်စက်မှ မရှိပေ။ ထိုကဲ့သို့ လှပပြီး တက်ကြွနေသော မျက်နှာလေးကို ကြည့်ရင်း ဂျယ်ဂန်းလည်း အလိုလိုပြုံးမိသွားသည်။

“ဘာလုပ်နေတာလဲ? ဘယ်လိုလဲ... အဆင်ပြေရဲ့လား?”

“ရသွားပြီ။”

“ရှင်? ဘာရတာလဲ?”

“မင်းအကြောင်းကို အခြေခံပြီး ရေးထားတဲ့ ဝတ္ထုလေ... အဲဒါ စာပေဆု ရသွားပြီ။”

ဒါဆော၏ အပြုံးလေး ခဏတာ ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံနေသော်လည်း ထိုဆူညံမှုများကြားတွင် သူတို့နှစ်ဦးမှာ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိကြ၏။

“မြောင်...”

ရီခါက ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး သူတို့နှစ်ဦးကြားထဲ တိုးဝင်လိုက်သည်။ သူတို့နှစ်ယောက်လုံး၏ အကြည့်များက ရီခါထံ ရောက်သွားကြ၏။

“ဘာလို့ ဖုန်းပိတ်ထားတာလဲ?”

“အာ... ဖုန်းမှန်ကွဲသွားလို့လေ။”

ဒါဆောက မတ်တတ်ရပ်ရင်း ပြန်ဖြေသည်။

“နည်းနည်း ရမ်းကားတဲ့ ဧည့်သည်နဲ့ တိုးတာ။ ကျွန်မက မက်ဆေ့ခ်ျတစ်စောင် ရေးပြီး စားပွဲပေါ် တင်ထားတာကို သူက စားပွဲကို တွန်းထုတ်လိုက်တော့ ဖုန်းက ပြုတ်ကျသွားတာ။ ဒါပေမဲ့ လျော်ကြေးတော့ ရလိုက်ပါသေးတယ်။”

“ဪ... အဲလိုလား။”

ဒါဆောက ပြုံးရင်း သူ့အနားသို့ တိုးကပ်လာသည်။ သူမက ဂျယ်ဂန်းကို မော့ကြည့်ရင်း ခေါင်းလေးစောင်းကာ မေးလိုက်၏။

“အဲဒါဆို... ကျွန်မကို လာရှာတာက အဲဒီသတင်းကို ပြောပြဖို့အတွက်လား?”

“မင်းကြောင့် ရေးနိုင်ခဲ့တာမို့လို့ပါ။”

“ဘာတွေ ပြောနေတာလဲ... စာရေးဆရာက တော်လို့ ရတာပါနော်။”

“အလုပ်မသွားဘူးလား?”

ဒါဆောက သူမဝတ်ထားသည့် ဂျမ်ပါအင်္ကျီနှင့် ဂျင်းဘောင်းဘီကို ငုံ့ကြည့်ရင်း ထိတ်လန့်သွားသည့်ဟန်ဖြင့် ပြန်ဖြေသည်။

“ဒီပုံစံနဲ့ ဘယ်လိုလုပ် အလုပ်လုပ်လို့ ရမှာလဲ? အလုပ်မသွားတာ တစ်ပတ်တောင် ရှိပြီ။ နှစ်သစ်ကူးလည်း ဖြစ်နေတယ်လေ။”

“ဟုတ်သားပဲ... ဒါဆို အခု ဘာလုပ်စရာရှိလဲ?”

“ဘာမှမရှိပါဘူး၊ အဲဒါကြောင့် ဘီယာထွက်ဝယ်မလို့။”

“အဲဒါဆိုရင်တော့ ကောင်းတာပေါ့။”

“ဘာကိုလဲ?”

“မင်းကို တစ်ခုခု ကျွေးမယ်ဆိုတဲ့ ကတိကို တည်လို့ရသွားပြီလေ။”

ဒါဆောက “ဖူး” ခနဲ တစ်ချက်ရယ်လိုက်သည်။ ဂျယ်ဂန်းလည်း လိုက်ပြုံးမိ၏။

“အဲဒီကတိက ဘယ်လောက်တောင် ကြာနေပြီလဲ? အတိုးတွေတောင် အများကြီး တက်နေလောက်ပြီနော်။”

“ဘယ်လောက်ပဲဖြစ်ဖြစ် ကျွန်တော် အဆင်ပြေပါတယ်။”

“ဒါဆိုရင်တော့ အရိုးထိအောင် ဝါးစားပစ်မှာနော်။”

“ရပါတယ်ဗျာ။”

ဒါဆောက ဂျယ်ဂန်းအနား တိုးကပ်သွားပြီး သူ့လက်ကို ချိတ်လိုက်သည်။ သူတို့နှစ်ဦးမှာ ငယ်သူငယ်ချင်းများ သို့မဟုတ် ချစ်သူရည်စားများကဲ့သို့ပင် ရင်းနှီးလွန်းနေသော်လည်း ဂျယ်ဂန်းကတော့ သူမ၏ စရိုက်ကို သိထားသဖြင့် သိပ်ပြီး အံ့သြမနေတော့ပေ။

“ဒါနဲ့ ကြောင်လေးကကော? ကြောင်ပေးမဝင်တဲ့ ဆိုင်တွေ အများကြီး ရှိတယ်လေ။”

“ရှိမှာပါ၊ မဟုတ်ရင်လည်း အိမ်ပြန်ပို့ပြီးမှ ပြန်လာလို့ရတယ်၊ သိပ်မဝေးဘူး။ အရင်ဆုံး ကားပေါ်တက်လိုက်ပါ။”

ဂျယ်ဂန်းက ဒါဆောကို ကားဆီသို့ ခေါ်ဆောင်သွားသည်။ ဒါဆောက ကားကိုကြည့်ပြီး အံ့သြတကြီး မျက်လုံးပြူးသွား၏။

“ရှင် တော်တော် ပိုက်ဆံရှိတာပဲလား? ကားတောင် ရှိနေပြီပဲ။”

“အရမ်းကြီး မဈေးကြီးပါဘူး။ တက်ပါ။”

သူတို့နှစ်ဦးနှင့် ရီခါတို့ ပါဝင်သော ကားလေးမှာ မောင်းထွက်သွားတော့သည်။ ရီခါကတော့ သူတို့နှစ်ဦးကြားတွင် ထိုင်နေရင်း ဘာကိုမှန်းမသိသော်လည်း မျက်လုံးလေးများမှာ အရောင်တောက်နေ၏။

“စာရေးဆရာ အိုမြောင်ဟွန်းကိုပဲ ထပ်သုံးဦးမှာလား?”

Nexon ကုမ္ပဏီရုံးခန်းထဲတွင်...

လူနှစ်ဦး ရှိနေသည်။ တစ်ဦးမှာ စီမံကိန်းအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အခြားတစ်ဦးမှာ ဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။

“အခြေအနေက အဲဒီလို ဖြစ်သွားပြီ။ အမှုဆောင် ပတ် ပြန်ရောက်လာရင် သူ့ကိုပဲ သွားဆွေးနွေးလိုက်ပါတော့။”

ဆူဟီးသည် နှုတ်ဆိတ်သွားပြီး အောက်ကို ငုံ့ကြည့်နေမိသည်။ Nexon သည် နောက်ထပ် Mobile Game အသစ်တစ်ခုကို ဖန်တီးနေခြင်းဖြစ်သည်။

၎င်းမှာ Free-roaming RPG အမျိုးအစားဖြစ်ပြီး ဇာတ်လမ်း၏ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ရာ ကျန်ရှိသော ဇာတ်ညွှန်းများအတွက် စာရေးဆရာတစ်ဦး လိုအပ်နေခြင်းဖြစ်သည်။

“ကျွန်တော်တော့ ဘာမှ ထပ်မပြောတော့ဘူး။ အမှုဆောင်ကိုပဲ သွားမေးပါ။ မနက်ဖြန်ကျရင်တော့ စာရေးဆရာ အိုနဲ့ တွေ့ဆုံဖို့ ရှိတယ်။ ဒါပဲနော်။”

ဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင်မှာ အလျင်အမြန် ထွက်ခွာသွားသည်။ ဆူဟီးသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ကျန်ရစ်ခဲ့ပြီး မည်သို့ ထရမည်မှန်းပင် မသိတော့ပေ။

‘ဘယ်လိုလုပ်ပြီး...? ဂျယ်ဂန်းက မြောင်ဟွန်းထက် ဘာနိမ့်ကျလို့လဲ? ဂျယ်ဂန်းမှာ အောင်မြင်တဲ့ လက်ရာတွေ အများကြီးရှိသလို စာပေဆု တောင် ရထားတာလေ။’

ဖြစ်နိုင်သည်မှာ နောက်ကွယ်မှ အခြားအင်အားစုတစ်ခုခု ပါဝင်နေခြင်းပင်။

ဆူဟီး ဤပရောဂျက်အတွက် ဂျယ်ဂန်းကို စာရေးဆရာအဖြစ် ခန့်အပ်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ယခင်က ပြိုင်ကားဂိမ်းအတွက် ဂျယ်ဂန်း ရေးပေးခဲ့သော ဇာတ်ညွှန်းမှာ အလွန်ကောင်းမွန်ပြီး အဖွဲ့သားအားလုံးကလည်း သူ့အရည်အချင်းကို အသိအမှတ်ပြုထားကြသည်။

သို့သော် ယခုအခါ မြောင်ဟွန်း ဖြစ်သွားပြန်သည်။

မြောင်ဟွန်း၏ စရိုက်မှာ ဤအလုပ်နှင့် မကိုက်ညီကြောင်း ဆူဟီး သိသည်။ သူက စာရေးကောင်းသော်လည်း တစ်ယောက်တည်း ရေးသားခြင်းနှင့် အဖွဲ့အစည်းနှင့် ရေးသားခြင်းမှာ ကွာခြားလှသည်။ သူတစ်ပါးစကားကို နားမထောင်ဘဲ ကိုယ့်ကိုယ်ကိုယ် ကြွားဝါတတ်သော မြောင်ဟွန်းကို သူမ နားမလည်နိုင်ပေ။

“ဟူး... ခေါင်းကိုက်လာပြီ။”

ဆူဟီးသည် နဖူးကို ကိုင်ရင်း ထရပ်လိုက်သည်။ ကော်ဖီတစ်ခွက်လောက် သောက်ရန် လိုအပ်နေပြီ။ သူမသည် ဖိနပ်ပါးလေးကို စီးကာ အနားယူခန်းသို့ သွားခဲ့သည်။ ထိုနေရာတွင် သူမ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရှိနေမည်ကိုတော့ သူမ မသိခဲ့ပေ။

“ကော်ဖီ သောက်မလို့လား?”

“... ?!”

ဆူဟီး လန့်သွားကာ ဟန်ချက်ပင် ပျက်မတတ် ဖြစ်သွားသည်။

မြောင်ဟွန်းသည် ပြတင်းပေါက်နားက ကုလားထိုင်တွင် တစ်ယောက်တည်း ထိုင်နေခြင်းဖြစ်သည်။ သူ့လက်ထဲတွင် ကော်ဖီခွက်တစ်ခု ရှိနေ၏။

“ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ?”

သူနှင့် တွေ့ဆုံပွဲမှာ မနက်ဖြန်မှ မဟုတ်လား။ ဒီနေ့ ဒီနေရာမှာ သူ့ကို တွေ့ရစရာ အကြောင်း မရှိပေ။

“ကော်ဖီ အတူတူ သောက်ရအောင်လေ။”

မြောင်ဟွန်းက ထိုသို့ပြောရင်း ကော်ဖီစက်ဆီသို့ သွားကာ ကော်ဖီထုပ်တစ်ခုကို ယူလိုက်သည်။ ဆူဟီးကတော့ စူးရှအေးစက်သော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

“ရှင် ဘာတွေလုပ်လိုက်တာလဲ?”

“ဘာလုပ်လို့လဲ?”

“စာရေးဆရာ ဂျယ်ဂန်းက ဒီနေရာမှာရှိနေတာလေ။ ဒါပေမဲ့ ဂိမ်းစီမံကိန်းက ဖျက်သိမ်းခံလိုက်ရပြီး အခု ပရောဂျက်အသစ်မှာကျတော့ ဘာအစည်းအဝေးမှလည်း မလုပ်ဘဲ ရှင်က ဘယ်လိုလုပ် ဇာတ်ညွှန်းရေးဆရာ ဖြစ်လာရတာလဲ? အခုက ဘယ်သူ့အဆက်အသွယ်နဲ့ ဒီကိုရောက်လာတာလဲ?”

မြောင်ဟွန်းက ကော်ဖီစက်ထဲကနေ စီးကျနေတဲ့ ကော်ဖီတွေကို ကြည့်ရင်း တိတ်ဆိတ်နေသည်။ ကော်ဖီစီးသံ ရပ်သွားတော့မှ သူ ပါးစပ်ဟလိုက်၏။

“သတင်းတွေကြောင့် ဖြစ်မှာပေါ့။ ကျွန်တော့်ဝတ္ထုကို ဒရာမာ ရိုက်တော့မယ်လေ။”

မြောင်ဟွန်းက ဘာခံစားချက်မှမပါဘဲ အေးအေးဆေးဆေး ပြောနေသည်။

“Nexon နဲ့ Content Jinhyungwon ကြားမှာ တစ်ခုခု ပြောဆိုထားတာ ရှိနိုင်တာပေါ့။ မင်း ဘာတွေတွေးနေလဲတော့ မသိပေမဲ့ ကျွန်တော်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ခဲ့ပါဘူး။”

မြောင်ဟွန်း လှည့်လိုက်ပြီး ကော်ဖီခွက်ကို ဆွဲထုတ်လိုက်သည်။ ဆူဟီးကတော့ ကော်ဖီခွက်ကို လှမ်းမယူဘဲ သူ့မျက်နှာကိုသာ စိုက်ကြည့်နေမိ၏။

‘ဒါက ဘာလဲ?’

ဆူဟီး သိချင်နေသည်။ မြောင်ဟွန်းက ပုံမှန်နဲ့မတူဘဲ ထူးထူးခြားခြား တည်ငြိမ်နေ၏။ အမြဲတမ်း စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ဒေါသထွက်လွယ်တဲ့ မြောင်ဟွန်းနဲ့ အခုမြင်နေရတဲ့ပုံစံက လုံးဝကို ကွာခြားနေသည်။

“ရော့... ယူလိုက်လေ။ ပူတုန်းသောက်တာ ပိုကောင်းတယ်။”

မြောင်ဟွန်းက ကော်ဖီခွက်ကို အသာအယာ လှုပ်ယမ်းပြရင်း ကမ်းပေးလိုက်သည်။ ဆူဟီးလည်း ခွက်ကိုယူကာ အနီးဆုံးကုလားထိုင်မှာ ဝင်ထိုင်လိုက်၏။ မြောင်ဟွန်းကလည်း သူမမျက်စိရှေ့က ခုံမှာ ဝင်ထိုင်လိုက်သည်။

ဆူဟီးကတော့ သူ့ကို တည့်တည့်မကြည့်ဘဲ ပြတင်းပေါက်အပြင်ဘက်ကို ငေးရင်း ကော်ဖီကို တစ်ငုံသောက်လိုက်သည်။ သူမ သူ့ကို စကားပြောဖို့ စိတ်မပါပေ။ ခုံပြောင်းထိုင်ရမှာ ပျင်းတာကြောင့်သာ ဒီနေရာမှာပဲ ဆက်ထိုင်နေခြင်း ဖြစ်သည်။

“အမှုဆောင်က ရှင့်ကို တွေ့ဆုံပွဲလုပ်ဖို့ ပြောထားတယ်။”

ကော်ဖီတစ်ဝက်လောက် သောက်ပြီးတော့မှ ဆူဟီးက စကားစလိုက်သည်။ ဒီကိုရောက်နေတုန်း အလုပ်ကိစ္စ ပြောထားလိုက်တာက ပိုကောင်းမည်ဟု သူမ ယူဆလိုက်ပုံရ၏။ သူမ၏အကြည့်ကတော့ ညကောင်းကင်ယံမှာ ပျံသန်းနေတဲ့ လေယာဉ်ပျံဆီမှာပဲ ရှိနေဆဲဖြစ်သည်။

“ရှင် ဘယ်နေ့အားမလဲဆိုတာ ပြောပြပါ အချိန်ညှိပေးမယ်။”

“ဘယ်အချိန်မဆို အဆင်ပြေတယ်။ မင်း အဆင်ပြေသလိုသာ စီစဉ်လိုက်ပါ။”

“ကောင်းပါပြီ။”

အလုပ်ကိစ္စပြီးသွားပြီမို့ ဆူဟီး ကော်ဖီခွက်ကို မော့သောက်လိုက်သည်။ သူမ မြန်မြန်သောက်ပြီး ဒီနေရာကနေ ထွက်သွားချင်သော်လည်း ကော်ဖီက ပူနေသေးသည်။ ကော်ဖီရဲ့အရသာကို ဇိမ်ခံခံစားဖို့ စိတ်လက်ပေါ့ပါးမှုလည်း မရှိပေ။

‘ဂျယ်ဂန်းကို ငါ ဘယ်လိုပြောရမလဲ...’

ဆူဟီး၏ ပခုံးများ တွဲကျသွားသည်။ သူမက ဂျယ်ဂန်းကို ဇာတ်ညွှန်းရေးဆရာအဖြစ် ထားပြီး ဂိမ်းတစ်ခု ဖန်တီးချင်ခဲ့တာပါ။ သူပေးခဲ့တဲ့ ဇာတ်ညွှန်းတွေက တကယ့်ကို အဆင့်မီလွန်းပြီး အပြစ်ပြောစရာ တစ်ကွက်မှမရှိခဲ့ပေ။ ဒါပေမဲ့လည်း အခုတော့ သူက ဖယ်ထုတ်ခံလိုက်ရပြီ။

“ဆူဟီး။”

မြောင်ဟွန်းက ခေါ်လိုက်သည်။ ဆူဟီးက သူ့ကို လှည့်ကြည့်လိုက်၏။

“ပြောလေ။”

ဆူဟီး၏အသံက အေးစက်စပြုနေသည်။ မြောင်ဟွန်းက စားပွဲပေါ်ကို ငုံ့ကြည့်လိုက်ပြီး သက်ပြင်းသဲ့သဲ့လေး ချကာ ဆက်ပြောလိုက်သည်။

“တောင်းပန်ပါတယ် . . .”

All Chapters