အခန်း (၆၇)
Vol. 7 Ch. 67
အခန်း ၆၇
“... ?!”
ဆူဟီး အံ့အားသင့်သွားပြီး မျက်လုံးများ ဝိုင်းစက်သွားသည်။
သူမ နားကြားမှားနေတာများလား။ မြောင်ဟွန်းက သူ့မျက်နှာကို ရှုံ့တွထားသည်။ ထိုအမူအရာက သူပြောလိုက်သည့် စကားလုံးများနှင့် ကိုက်ညီနေ၏။
“ကျွန်တော် အရင်က လူမိုက်တစ်ယောက်လို လုပ်ခဲ့သမျှတွေအတွက် တောင်းပန်ပါတယ်။ အဲဒါကို ပြောဖို့ ဒီကို လာခဲ့တာပါ။”
ဆူဟီး မယုံနိုင်အောင် ဖြစ်နေမိသည်။ ထိုမျှလောက် ခေါင်းမာလှသည့် မြောင်ဟွန်းက ခွင့်လွှတ်ဖို့ တောင်းပန်နေသည်တဲ့လား။ ဒီအခြေအနေကို သူမ ဘယ်လို လက်ခံရမှန်း မသိတော့ပေ။
“ဒီလို စကားတစ်ခွန်းတည်းနဲ့ အရာအားလုံး ပြေလည်သွားမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်က တကယ်ကို မကောင်းတဲ့ကောင် ဖြစ်ခဲ့တာပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”
မြောင်ဟွန်းက ခေါင်းမော့လိုက်ပြီး ဆူဟီးကို ကြည့်သည်။ သူက အံ့သြတုန်လှုပ်နေသော ဆူဟီးကို ကြည့်ရင်း ထပ်ပြောလိုက်၏။
“ကျွန်တော် ဘာမှ ထပ်မပြောတော့ပါဘူး။ မင်း ကျွန်တော့်ကို လူကောင်းတစ်ယောက်လို့ မြင်လာတဲ့အထိ ကျွန်တော် ကြိုးစားသွားမှာပါ။ တစ်ခုချင်းစီ ပြင်ဆင်သွားပါ့မယ်။”
ဆူဟီး ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။ မြောင်ဟွန်းက ခွက်ထဲတွင် ကျန်နေသော ကော်ဖီကို တစ်ငုံတည်း မော့ချလိုက်ပြီး ထရပ်လိုက်သည်။ ထွက်ပေါက်ဆီသို့ လျှောက်သွားရင်း သူက ဖြည့်စွက်ပြောလိုက်သေးသည်။
“မင်း စိတ်ပျက်အောင် ကျွန်တော် မလုပ်တော့ပါဘူး။”
မြောင်ဟွန်း၏ ပုံရိပ်က အနားယူခန်းထဲမှ ပျောက်ကွယ်သွားသည်။ ဆူဟီးကတော့ တံခါးဝကို ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေဆဲ။
‘သူ ဘာဖြစ်သွားတာလဲ?’
သူက တကယ်ပဲ ခွင့်လွှတ်ဖို့ တောင်းပန်နေတာလား? ဆူဟီး အခုထိ မသေချာသေးပါ။ သူမသည် မြောင်ဟွန်း၏ ဆိုးသွမ်းသော ဘက်ပေါင်းစုံကို ရင်ဆိုင်ခဲ့ရဖူးသူမို့ စကားတစ်ခွန်းတည်းနှင့် ယုံကြည်လိုက်ဖို့က ခက်ခဲလွန်းနေသည်။
“အဖွဲ့ခေါင်းဆောင်၊ ဘာဖြစ်လို့လဲဟင်?”
“အာ... ဟေမီ?”
ဆူဟီး ကိုယ်ကို အမြန်မတ်လိုက်သည်။ ဟေမီ သူမရှေ့မှာ ရောက်နေတာကိုတောင် သတိမထားမိခဲ့ပေ။
“ကျွန်မ ဝင်လာတာ အတော်ကြာပြီကို အစ်မ မသိဘူးလား? တော်တော် ပင်ပန်းနေပုံရတယ်။ စောစော ပြန်နားသင့်တယ်နော်။”
“အဲဒါ ကောင်းမယ် ထင်ပါတယ်။ ဖုန်းတစ်ချက် ဆက်ပြီးရင် ပြန်တော့မယ်။”
“ဟုတ်ကဲ့၊ ကျွန်မလည်း သွားတော့မယ်နော်။”
ဟေမီ အခန်းထဲက ထွက်သွားသည်။ ဆူဟီး သူမရဲ့ ဖုန်းကို ကောက်ကိုင်လိုက်၏။ ဂျယ်ဂန်း၏ ဖုန်းနံပါတ် နောက်ဆုံးဂဏန်းကို နှိပ်ခါနီးမှာပင် သူမရဲ့ လက်ချောင်းလေးတွေ ရပ်တန့်သွားသည်။ တည်ငြိမ်တဲ့ အသံနဲ့ စကားပြောနိုင်ဖို့ သူမမှာ သတ္တိမရှိတော့ပေ။
သူမသည် စားပွဲပေါ် လက်နှစ်ဖက်တင်ကာ ခေါင်းမှောက်ချလိုက်တော့သည်။
စားသောက်ဆိုင်အတွင်းမှာတော့ ဆူညံနေသည်။
ပတ်ချာလည် ပို့ဆောင်ရေးပတ်လမ်းစားပွဲပေါ်မှာ ဆူရှီပန်းကန်လေးတွေ စီတန်းပြီး ရွေ့လျားနေ၏။ ဂျယ်ဂန်းနှင့် ဒါဆောတို့ နေရာထိုင်ခင်း ရသွားကြသည်။
“ဝါး... မိုက်လိုက်တာ! ဆူရှီမစားရတာ တော်တော်ကြာပြီ။”
“ဒီနေ့ အဝစားနော်။”
“ကျွန်မက တော်တော်စားနိုင်တာနော် သိလား။ ရှင့်ပိုက်ဆံအိတ်တော့ ပြားတော့မှာပဲ။ အာ... ပုစွန်လေး!”
ဒါဆောက ပုစွန်ဆူရှီတစ်ခုကို အမြန်လှမ်းယူပြီး သူမရှေ့ရှိပန်းကန်ပေါ်မှာ တင်လိုက်သည်။ ပြီးနောက် ဝါဆာဘီ ကို ထည့်လိုက်၏။
“ပုစွန်က တကယ်ကောင်းတယ် မဟုတ်လား? တခြားဟာတွေ ငြီးငွေ့ရင်တောင် ပုစွန်ကိုတော့ မငြီးငွေ့ဘူး။”
“ဟုတ်တယ်၊ အဲဒါကြောင့် ကျွန်တော်လည်း အဲဒါကို အကြိုက်ဆုံးပဲ။”
“ရှင်က တကယ့် အစားအသောက်ကျွမ်းကျင်သူပဲ။ ရော့... ဒီမှာ ဆော့လေးလည်း ယူဦး။”
“ကျေးဇူးပဲ။ ကဲ... စားကြရအောင်။”
သူတို့နှစ်ဦး အားရပါးရ စားသောက်ရင်း စကားစမြည် ပြောဖြစ်ကြသည်။ သာမန်အကြောင်းအရာလေးတွေ ပြောရင်း ဒါဆောက တဟားဟား ရယ်မောနေတတ်ပြီး သူမကို ကြည့်ရင်း ဂျယ်ဂန်းလည်း စိတ်ချမ်းသာနေမိသည်။
“အား... ဗိုက်ကားသွားပြီ။”
၁၀ ပန်းကန်မက စားပြီးနောက် ဒါဆောက ခုံကို နောက်ဆုတ်လိုက်သည်။ ဂျယ်ဂန်းလည်း သူ့အတိုင်းအတာထက် ပိုစားမိသွားပြီ။ လှမ်းကြည့်လိုက်တော့ ဒါဆောရဲ့ ပါးပြင်လေးတွေမှာ ချွေးစက်လေးတွေ စိုနေတာကို တွေ့လိုက်ရ၏။
“ဂျာကင်ကို ချွတ်လိုက်လေ။ ဒီထဲမှာ နည်းနည်း ပူနေသလိုပဲ။”
ဒါဆောက ခေါင်းခါပြသည်။
“မချွတ်တော့ပါဘူး။”
“ဘာလို့လဲ?”
“ကျွန်မ ပြောသားပဲ၊ ဘီယာထွက်ဝယ်ရင်းနဲ့ ကြုံသလို ဝတ်လာတာဆိုတော့ အထဲမှာက...”
ဂျယ်ဂန်းက ပြုံးလိုက်ပြီး၊
“ဘာဖြစ်လဲဗျာ။ ဒီမှာရှိတဲ့လူတွေက နောက်တစ်ခါမှ ပြန်တွေ့ရမှာမှ မဟုတ်တာ။ ပြီးတော့ အဝတ်စုတ်ကြီး ဝတ်ထားတာမှ မဟုတ်ပဲ၊ ချွတ်လိုက်ပါ။”
ဒါဆောက မျက်မှောင်လေးကြုတ်ပြီး ရယ်လိုက်သည်။ ပြီးနောက် ဂျယ်ဂန်းရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်၏။
“ကျွန်မ အထဲမှာ ဘရာစီယာတောင် ဝတ်မလာဘူးဆိုရင်ကော?”
“... ?!”
ဂျယ်ဂန်းမှာ မျက်နှာကြီး နီမြန်းသွားပြီး အိုးတိုးအောင့်တောင့်ဖြစ်ကာ အကြည့်လွှဲပြီး ချောင်းဟန့်လိုက်မိသည်။ ဒါဆောကတော့ ချက်ချင်းပဲ လက်ခုပ်တီးပြီး တဟားဟား ရယ်တော့တာပါပဲ။ သူမ ရယ်သံက ကျယ်လွန်းလို့ ဘေးကလူတချို့တောင် လှမ်းကြည့်ယူရသည်။
“နောက်တာပါ... နောက်တာ။ ကျွန်မက အဲလောက်အထိတော့ မဆိုးပါဘူး။”
ဒါဆောက ဂျမ်ပါအင်္ကျီကို ချွတ်လိုက်သည်။ အထဲမှာတော့ ရိုးရှင်းတဲ့ အနက်ရောင် တီရှပ်အင်္ကျီလေး တစ်ထည် ရှိ၏။
သူမရဲ့ ဖြူဝင်းနေတဲ့ လည်တိုင်နဲ့ အနက်ရောင် အင်္ကျီလေးက တကယ့်ကို လိုက်ဖက်လွန်းလှသည်။ သူမရဲ့ လည်တိုင်အလှက တကယ်ကို လှပတာပဲလို့ ဂျယ်ဂန်း တွေးမိသွားသည်။
‘သူမက မျက်နှာလေးလှတော့ ဘာဝတ်ဝတ် လှနေတာပဲ ဖြစ်မှာပါ။’
ထိုအချိန်မှာ ဂျယ်ဂန်းက ဆူဟီးရဲ့ မျက်နှာကိုလည်း ပြန်မြင်ယောင်မိသွားသည်။ ဆူဟီးကတော့ သူသိသမျှ မိန်းကလေးတွေထဲမှာ အလှဆုံးပါပဲ။ ကမ္ဘာ့အဆင့် အလှမယ်တွေနဲ့ ယှဉ်ရင်တောင် ဆူဟီးက ရှုံးမှာမဟုတ်ဘူးလို့ သူ အမြဲတမ်း တွေးခဲ့ဖူးသည်။
“အခု ဘာဆက်လုပ်ကြမလဲ?”
ဂျယ်ဂန်း ခေါင်းမော့လိုက်သည်။ ဒါဆောက ကလေးလေးတစ်ယောက်လို ပြုံးနေပြီး၊ စောစောကလိုပဲ သူမရဲ့ ခြေထောက်နှစ်ဖက်ကို ဂျယ်ဂန်းရဲ့ ပေါင်ပေါ် တင်ထားပြန်သည်။
“ရှင်က ဆုရတာဆိုတော့ ဒါလေး ကျွေးရုံနဲ့ တော်ပြီလို့ မတွေးပါနဲ့နော်။”
“သိပါပြီဗျာ... ဘာလုပ်ချင်လဲ? အရင်ဆုံး ခြေထောက်ကို အောက်ချပါဦး။”
“ဘာလို့လဲ? ရှက်လို့လား? ကျွန်မက ဒီလိုနေရတာ ကြိုက်ပါတယ်။”
“ဒါက ဘား မဟုတ်ဘူးလေဗျာ၊ ဒီလို ခုံမျိုးမှာ ထိုင်နေတာကို တခြားဧည့်သည်တွေ မြင်ရင် မကောင်းဘူး။ ချလိုက်ပါဗျ။”
“မချဘူး။”
ဒါဆောက ဇွတ်တိုးသည်။ ဂျယ်ဂန်းကပဲ သူမခြေထောက်တွေကို အောက်သို့ အတင်းချခိုင်းလိုက်ရ၏။
“ဝါး... တကယ်ပဲ။ ရှင်က ဘာလို့ သူများအမြင်ကို အဲလောက်တောင် ဂရုစိုက်နေရတာလဲ?”
“ဂရုစိုက်တာ မဟုတ်ဘူး၊ ဒါက ယဉ်ကျေးမှုလေ။”
“ရပါပြီ... စားလို့ ပြီးပြီဆိုရင် သွားကြစို့။ သွားသောက်ရအောင်။”
ဒါဆောက အရင်ထွက်သွားသည်။ ဂျယ်ဂန်းမှာ ခေါင်းခါရင်း ငွေရှင်းလက်ခံဖြတ်ပိုင်းကို ကိုင်ပြီး ထရပ်လိုက်ရ၏။
“ကျေးဇူးတင်ပါတယ်၊ နောက်လည်း လာခဲ့ပါဦး။”
“ဟုတ်ကဲ့၊ ကျေးဇူးပါ။”
သူတို့နှစ်ဦး လမ်းလျှောက်လာကြသည်။ ဂျယ်ဂန်းက ဖြည်းဖြည်းချင်း လှမ်းလာရင်း မေးလိုက်၏။
“ဒါနဲ့... မင်း ဘာလို့ လည်ဆွဲမဆွဲတာလဲ?”
“ဘာလဲ... ရုတ်တရက်ကြီးပါလား?”
“နားကပ်တော့ ဝတ်ထားတယ်လေ။ များသောအားဖြင့် မိန်းကလေးတွေ အပြင်သွားရင် လက်ဝတ်ရတနာလေးတွေ ဆင်ယင်တတ်ကြတယ် မဟုတ်လား?”
“ဒါဆိုရင် အဲဒီမေးခွန်းကို မဖြေခင် ကျွန်မကို တစ်ခုလောက် အရင်ဝယ်ပေးလေ။”
“ဟင်...?”
ဂျယ်ဂန်းက ဖြည်းဖြည်းချင်း လမ်းလျှောက်လာရင်း နေရာတစ်ခုမှာ ရပ်တန့်လိုက်သည်။ လက်ဝတ်ရတနာ အရောင်းဆိုင်လေးတစ်ခုပင်။
“ဘာလုပ်မလို့လဲ?”
ဒါဆောက လှည့်မေးရင်း သူမရဲ့အကြည့်ကလည်း ဆိုင်ထဲကို ရောက်သွားသည်။ သူမက ဂျယ်ဂန်းအနားကို အပြေးလေးသွားပြီး ပုခုံးကို ခပ်ဖွဖွလေး ပုတ်လိုက်၏။
“နေပါဦး... ကျွန်မက နောက်နေတာပါ။”
“မဟုတ်ဘူး၊ တကယ် ဝယ်ပေးမလို့။”
“အာ... ရပါတယ်။ ကျွန်မ လည်ဆွဲတွေ ဘာတွေ မဆွဲတတ်ပါဘူး။ သွားရအောင်လေ။”
“ဆူရှီကျွေးရုံနဲ့တင် မလုံလောက်ဘူးလို့ ထင်လို့ပါ။ မင်းကို တစ်ခုခု လက်ဆောင်ပေးဖို့ စဉ်းစားထားပြီးသားပဲ။ သွားကြစို့။”
“ဟေ့... ဟေ့... နေဦးလေ!”
ဂျယ်ဂန်းက ဆိုင်ထဲကို အရင်ဝင်သွားတော့သည်။ ဒါဆောကတော့ အိုးတိုးအန်းတန်းနဲ့ပဲ နောက်ကနေ လိုက်ဝင်သွားရ၏။
“ဝင်ခဲ့လေ။”
ဆိုင်အတွင်းမှာတော့ လက်ဝတ်ရတနာတွေက မီးရောင်အောက်မှာ တလက်လက် တောက်ပနေသည်။ ဂျယ်ဂန်းက တံခါးဝမှာ ရပ်နေတဲ့ ဒါဆောကို လက်ရိပ်ပြလိုက်၏။
“လာပါ၊ လှတာလေးတွေ အများကြီးပဲ။”
“အာ... တကယ် ရပါတယ်ဆိုမှ။ ကျွန်မက...”
ဒါဆောက ခေါင်းငုံ့ပြီး ဂျယ်ဂန်းဘေးမှာ ကပ်ရပ်လိုက်သည်။ ဂျယ်ဂန်းက အမျိုးမျိုးသော လက်ဝတ်ရတနာတွေကို ညွှန်ပြရင်း သူမ အကြိုက်ကို မေးတော့၏။
“ဒါလေး ဘယ်လိုလဲ? ပန်းပွင့်ပုံစံလေး။”
“ဈေးကြီးမယ့်ပုံပဲ။”
“ဈေးကို စိတ်မပူပါနဲ့။ ဒါကော?”
“ဒါက ပိုတောင် ဈေးကြီးဦးမယ်။”
ဂျယ်ဂန်းက သူမကို စိုက်ကြည့်လိုက်ပြီး၊
“ဈေးနှုန်းကို ဂရုမစိုက်ပါနဲ့လို့ ပြောထားတယ်လေ။ မင်းက ဒါမျိုးရဖို့ ထိုက်တန်အောင် ကျွန်တော့်ကို ကူညီပေးခဲ့တာပါ။ ပြီးတော့ ကျွန်တော့်မှာ ဒါကို လက်ဆောင်ပေးနိုင်တဲ့ အင်အားလည်း ရှိပါတယ်။”
“အင်တာဗျူးတုန်းကလည်း ပိုက်ဆံတွေ အများကြီး ရခဲ့တာပဲဟာ။”
“အဲဒါက တခြား၊ ဒါက တခြားလေ။ ဒါက ကျွန်တော့်ရဲ့ စေတနာမို့လို့ အားမနာစေချင်ဘူး။ ကြည့်ပါဦး... လာပါ။”
ဂျယ်ဂန်းက ထပ်ခါတလဲလဲ တိုက်တွန်းနေတော့မှ ဒါဆောက ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လာသည်။
“ဒါလေးကော?”
“အဲဒါက နည်းနည်း ကြီးလွန်းသလိုပဲ...”
“နောက်ဆုံးတော့ ဈေးနှုန်းအကြောင်း မပြောတော့ဘူးပဲ။ ကောင်းပြီ။ ဒါလေးကော?”
“အင်း... အဲဒါလေးတော့ စမ်းဝတ်ကြည့်ချင်တယ်။”
“နေဦး... အစ်မ၊ ဒါလေး ခဏလောက် ထုတ်ပေးလို့ ရမလားခင်ဗျာ?”
“ဟုတ်ကဲ့ ရပါတယ်ရှင်။”
ဒါဆောက အာရုံစိုက်ပြီး ရွေးနေသလို ဂျယ်ဂန်းကလည်း ကူကြည့်ပေးနေသည်။ ထိုအချိန်မှာ သူ့အိတ်ကပ်ထဲက ဖုန်းလေး တုန်ခါနေတာကိုတော့ သူ သတိမထားမိခဲ့ပေ။