← Chapters

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း ၇၀

သတင်းထွက်လာပြီး ၁ နာရီခန့်အကြာ...

ဟီတဲမီဒီယာ တစ်ခုလုံးလည်း သတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အရင်ဆုံး သိလိုက်ရသူကတော့ အမှုဆောင်ကိုယ်တိုင်ပင်။

“အခုချက်ချင်း! ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စာချုပ်ရအောင်ချုပ်!”

သူသည် ဂယွန်းဆူ နှင့် ဂျောင်ဂု တို့ကို အော်ဟစ်နေတော့သည်။ ထိုနှစ်ယောက်မှာတော့ ခေါင်းငုံ့ပြီး ငြိမ်နေကြ၏။ လွန်ခဲ့သော ၁၀ မိနစ်ခန့်ကမှ စာချုပ်ချုပ်ဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့် အဆူခံထားရသော်လည်း အခုတော့ အခြေအနေက တစ်မျိုးပြောင်းသွားပြီဖြစ်သည်။

“စာချုပ်ချုပ်လိုက်စမ်း! အကောင်းဆုံး အခွင့်အရေးတွေ ပေးလိုက်! တကယ့်ကို အကောင်းဆုံးတွေ!”

“အမှုဆောင်... ဘယ်လိုမျိုးလဲခင်ဗျာ...?”

“ငါ့ကို ပြန်မေးနေတာလား! ရာခိုင်နှုန်းကို ၁၅ ရာခိုင်နှုန်းထိတိုးပေးလိုက်!”

“အမှုဆောင်...!”

ဂျောင်ဂု နှင့် ဂယွန်းဆူ တို့ ဆွံ့အသွားကြသည်။ စာအုပ်လောကတွင် ၁၅ ရာခိုင်နှုန်းဆိုသည်မှာ အလွန်ရှားပါးလှသည်။ အမြတ်ထွက်ရန်အတွက် စာအုပ်အုပ်ရေ ၁၀,၀၀၀ ကျော် ရောင်းရမည်ဖြစ်၏။

“မဆိုးပါဘူး! အခုက အခြေအနေချင်း မတူတော့ဘူး။ ငါတို့မှာ အီးဘွတ်တွေလည်း ရှိနေပြီပဲ။ အဲဒီကနေ ပိုက်ဆံရမှာဆိုတော့ စာချုပ်သာ ရအောင်ချုပ်ခဲ့။ သူ အလိုရှိသလောက် ကြိုတင်ငွေ လည်း ပေးလိုက်!”

ဂယွန်းဆူ က သတိထားပြီး ပါးစပ်ဟလိုက်သည်။

“ဟို... အမှုဆောင်ခင်ဗျာ... ကျွန်တော်က စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ခေတ်သစ်လူငယ် စာပေပြိုင်ပွဲဆု ဆိုတာက ကျွန်တော်တို့ ထုတ်ဝေတဲ့စာအုပ်အမျိုးအစား နဲ့ လုံးဝကွဲပြားနေတာလေ။ စာဖတ်သူတွေချင်းလည်း မတူကြဘူး။ အဲဒါကြောင့်... အား!”

ဂယွန်းဆူ စကားရပ်သွားသည်။

ဘေးက ဂျောင်ဂု က သူ့ကို လှမ်းတွတ်လိုက်ခြင်းပင်။ အမှုဆောင် ဘာတွေးနေသလဲဆိုသည်ကို ဂျောင်ဂု ရိပ်မိသည်။ အမှုဆောင်က ဒေါသတကြီး ဆက်ပြော၏။

“ပတ်... မင်းက တစ်ခုပဲသိပြီး နှစ်ခုမသိဘူး။ စာရေးဆရာဟာ ဘာဖြစ်သွားတော့မလဲဆိုတာ မင်းမသိဘူးလား? သူ့ဆီကို ကမ်းလှမ်းမှုတွေ တသီတတန်းကြီး ရောက်လာတော့မှာ! သူက အခြားစာပေအမျိုးအစား စာအုပ်တွေပဲ ရေးမယ်ဆိုပြီး မာန်တက်သွားရင် ငါတို့ စာအုပ်အမျိုးအစားတွေ ရေးပေးတော့မှာ မဟုတ်ဘူး။ အဲဒီကျရင် ဘယ်လိုလုပ်မလဲ?!”

“တောင်းပန်ပါတယ် အမှုဆောင်။ ကျွန်တော် အဲဒီအထိ မစဉ်းစားမိလိုက်လို့ပါ။”

ဂယွန်းဆူ ခေါင်းငုံ့သွားတော့မှ အမှုဆောင်က အသံကို ပြန်လျှော့လိုက်ပြီး၊

“ဆုပေးပွဲကို တက်ပါ။ သူ့အနားက မခွာနဲ့။ သူ့ကို စိတ်ရှုပ်ထွေးအောင်လုပ်ရမယ်ဆိုလည်းလုပ်ပြစ်၊ ငါတို့နဲ့ ဆက်ဆံရေးသာမပြတ်စေနဲ့။”

“ဟုတ်ကဲ့ပါ အမှုဆောင်။”

“သူ့အိမ်ကို လက်ဆောင် ဘာပို့လိုက်လဲ?”

“ဆူဝမ် က အမဲသားအစုံလိုက်နဲ့ ဗီတာမင်တွေ ပို့ထားပါတယ်ခင်ဗျာ။”

“နည်းသေးတယ်။ ထပ်ပို့လိုက်ဦး။ ဒါပေမဲ့ အလွန်အကျွံတော့ မဖြစ်စေနဲ့။ သူက ထမင်းဖိုးကို သူ့ဘာသာရှင်းသွားတယ်ဆိုတော့ ငါတို့နဲ့ လမ်းခွဲချင်နေတဲ့ သဘောပဲ။ အဲဒီကြိုးကို အပြတ်မခံနဲ့၊ သိလား?!”

“ဟုတ်ကဲ့! နားလည်ပါပြီ အမှုဆောင်!”

“အေး... ငါ မင်းတို့ကို ယုံတယ်။ သွားကြတော့။”

ဂျောင်ဂု နှင့် ဂယွန်းဆူ ထွက်သွားကြတော့သည်။ အမှုဆောင်သည် ခေါင်းကို ကုတ်ရင်း ‘ငါကိုယ်တိုင်လည်း ဆုပေးပွဲ တက်ရမလား’ ဟု တွေးတောနေတော့သည်။

“ဟူး...။”

မြောင်ဟွန်း ကီးဘုတ်ရိုက်နေခြင်းကို ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

သူ့အတွက် နက်ဇွန် ကုမ္ပဏီက သီးသန့်နေရာလေးတစ်ခု ပေးထားခြင်းဖြစ်သည်။ သူသည် ဂိမ်းဇာတ်ညွှန်းရေးဆရာအဖြစ် နေ့တိုင်း ရုံးတက်နေ၏။ အာရုံစိုက်ဖို့ ကောင်းသလို ဆက်သွယ်ရလည်း လွယ်ကူသည်ဟု သူက အကြောင်းပြထားသည်။

ဒါပေမဲ့ တကယ့်အဓိက အကြောင်းရင်းကတော့ ဆူဟီး ပင်ဖြစ်သည်။

သူတို့ကြားက ဆိုးရွားလှသော ပတ်သက်မှုကို ပြန်လည်ပြုပြင်ရန်နှင့် သူမကို အထင်ကြီးလာအောင် လုပ်ဆောင်ရန်ဖြစ်သည်။ ထို့ကြောင့်ပင် အိမ်က သက်သောင့်သက်သာရှိသော စာကြည့်ခန်းကို ထားခဲ့ပြီး ဤကျပ်တည်းလှသော ရုံးခန်းထဲ လာထိုင်နေခြင်းဖြစ်၏။

‘ဘာလို့ စာတွေက မထွက်တာလဲ။’

မြောင်ဟွန်း မော်နီတာကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ စာလုံးတွေက ရပ်တန့်နေပြီး တိုင်ပင်ရိုက်သည့်ကာဆာ လေးကသာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။ သူသည် ရိုက်ထားသမျှကို စာဖျက်ကီးခလုတ်နှင့် တစ်လုံးချင်းစီအကုန်ပြန်ဖျက်ပစ်လိုက်သည်။

‘အာရုံစိုက်စမ်းပါ... အိုမြောင်ဟွန်း။’

ဒီနေ့ သူ စိတ်မကြည်မလင် ဖြစ်နေသည်။ ဘာကြောင့်လဲဆိုသည်ကို သူသိသော်လည်း ထိုအကြောင်းကို မတွေးမိအောင် ကြိုးစားနေရသည်။ တစ်မနက်လုံး ဇာတ်ညွှန်းရေးဖို့ အပြင်းအထန် အာရုံစိုက်နေသော်လည်း...

သူသည် မနက်ကတည်းက အင်တာနက်လည်း မသုံးသလို၊ ဖုန်းကိုလည်း တစ်ချက်ကလေးမှ ထုတ်မကြည့်ခဲ့ပေ။

“ဟို... စာရေးဆရာ အိုမြောင်ဟွန်းရှင့်။”

မြောင်ဟွန်း ခေါင်းမော့ကြည့်လိုက်သည်။ ၎င်းမှာ ဝန်ထမ်းမလေး ဟေမီ ပင်ဖြစ်သည်။

မြောင်ဟွန်း၏ စူးရှသော အကြည့်ကြောင့် ဟေမီ တစ်ချက်တုန်သွားမိသည်။

“ဘာကိစ္စလဲ?”

“ရှင် ဘာမှ ပြန်မပြောသေးလို့ပါ။ အဖွဲ့ခေါင်းဆောင်က ဇာတ်ညွှန်းမူကြမ်းက ဘယ်တော့လောက် ပြီးမလဲဆိုတာ မေးခိုင်းလိုက်လို့ပါ။”

ဟေမီမှာ ကြောက်လန့်နေပုံရသည်။ ၎င်းမှာလည်း အဆန်းတော့ မဟုတ်ပေ။ ယခင်က မြောင်ဟွန်း၏ ရိုင်းစိုင်းသော စကားလုံးများကြောင့် သူမ စိတ်ဒဏ်ရာရခဲ့ရဖူးသည်။ ထိုစဉ်က သူမ ငိုတောင် ငိုခဲ့ရသေးသည် မဟုတ်ပါလား။

“ဟင်း...”

မြောင်ဟွန်းက သူ့ပုခုံးကို သူ ပြန်ဖိရင်း စဉ်းစားလိုက်သည်။ ဘာစာတစ်လုံးမှ မရှိသေးသည့် အဖြူရောင် စာမျက်နှာကို တစ်ချက်ကြည့်ပြီးနောက် သူက ပြတ်ပြတ်သားသား ပြောလိုက်၏။

“နောက် ခဏနေရင် ကျွန်တော် အဖွဲ့ခေါင်းဆောင်ဆီ လာခဲ့ပါ့မယ်။”

“ဟုတ်ကဲ့ပါ။”

ဟေမီသည် ချက်ချင်းပင် လှည့်ထွက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် မြောင်ဟွန်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်လုံးများ ဝင်းခနဲ ဖြစ်သွားကာ—

“နေဦး... ဟေမီ။”

ဟေမီမှာ လှည့်ထွက်လက်စတန်းလန်းဖြင့် တောင့်ခဲသွားသည်။ မြောင်ဟွန်း ထရပ်လိုက်၏။ သူသည် အရပ်ပုပုလေးနှင့် ဟေမီကို ငုံ့ကြည့်ရင်း ရှင်းလင်းသောအသံဖြင့် ပြောလိုက်သည်။

“အရင်တုန်းက ကိစ္စတွေအတွက် တောင်းပန်ပါတယ်။”

“... ရှင်?”

“အရင်က ကျွန်တော် လုပ်ခဲ့သမျှတွေအတွက် တောင်းပန်တာပါ။ အလုပ်လုပ်တဲ့အခါ ကျွန်တော်က အရမ်း စိတ်ဆတ်တတ်တော့ တခြားသူတွေရဲ့ ခံစားချက်ကို သိပ်ငဲ့ညှာလို့ မရခဲ့ဘူး။ အဲဒါကြောင့် စော်ကားသလိုမျိုး ဖြစ်ခဲ့မှန်း၊ စိတ်နာအောင် လုပ်ခဲ့မှန်း ကျွန်တော် သိပါတယ်။ နောက်ကို အဲလိုမဖြစ်အောင် ကြိုးစားပါ့မယ်။ မင်းကိုရော၊ ကျန်တဲ့ အဖွဲ့သားတွေကိုရောပါ။”

“ဪ... ရ... ရပါတယ်... ကျွန်မ ဘာမှ မဖြစ်ပါဘူး...”

ဟေမီ မျက်နှာလေး နီမြန်းသွားပြီး တိုးတိုးလေး ပြန်ပြောသည်။

‘ထင်တဲ့အတိုင်းပဲ၊ တကယ့်ကို ရိုးအပြီး ကိုင်တွယ်ရလွယ်တဲ့ မိန်းကလေးပဲ’ ဟု မြောင်ဟွန်း တွေးလိုက်သည်။ သူက ဆက်ပြောလိုက်၏။

“အဲဒါကြောင့် တောင်းပန်တဲ့အနေနဲ့ မင်းကို ညစာ ဝယ်ကျွေးချင်ပါတယ်။”

“ည... စာ...?”

“မင်းအတွက် အရမ်း အားနာစရာ ဖြစ်နေရင်လည်း တခြားသူတွေကို ခေါ်လာလို့ ရပါတယ်၊ ဒါပေမဲ့...”

မြောင်ဟွန်း စကားကို ခေတ္တရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် ဟေမီ အနားသို့ တိုးကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်၏။

“ကျွန်တော် တကယ်ကို အလေးအနက် တောင်းပန်ချင်ဆုံးက ဟေမီ့ကိုဆိုတာတော့ သိစေချင်ပါတယ်။”

“အာ... ဟုတ်... ဟုတ်ကဲ့... အာ... ဟုတ်ကဲ့ပါ...”

ဟေမီမှာ ပူအိုက်မနေပါဘဲ ပါးပေါ်သို့စီးကျလာသည့် ချွေးတွေကို သုတ်နေမိသည်။ အမှန်အတိုင်း ပြောရလျှင် မြောင်ဟွန်းတွင် ဟေမီ သဘောကျလောက်သည့် အရည်အချင်းတွေ အများကြီးရှိသည်။ သူက ရုပ်ဖြောင့်သည်၊ ဝတ်စားပုံကလည်း စမတ်ကျပြီး ခေတ်ဆန်သည်၊ ပြီးတော့ ကိုရီးယားမှာ အကြီးဆုံးစာပေတိုက်ပိုင်ရှင်ရဲ့ သားလည်း ဖြစ်နေသေးသည် မဟုတ်ပါလား။

“ကျွန်မ... ကျွန်မ တကယ် ဘာမှမဖြစ်တော့ပါဘူး စာရေးဆရာအို...”

သူ့အပေါ် ထားခဲ့သည့် မကောင်းသော ခံစားချက်တွေမှာ လွင့်စင်ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အရင်က မနှစ်မြို့မှုလေးမှာတော့ အခုဆိုကလေးမလေးတစ်ယောက်ရဲ့ ရင်ခုန်သံတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

“ဒါဆို... ကျွန်မ သွားတော့မယ်နော်...”

“ကောင်းပါပြီ။”

ဟေမီသည် သူမ၏ နေရာသို့ ပြန်မသွားဘဲနားနေခန်း ဘက်သို့ ဦးတည်သွားတော့သည်။ မြောင်ဟွန်းကတော့ သူ့ဘာသာ ခပ်တိုးတိုး ရယ်မောလိုက်၏။ သူမ စိတ်အေးအောင် ခနသွားနေမှန်း သိသာလှသည်။

‘ကောင်းပြီ။ သူ့ကို လိုအပ်လာမယ့် အချိန်ရှိလာနိုင်တယ်။ အသိဉာဏ်နည်းတဲ့ မိန်းကလေးတွေက ထိန်းချုပ်ရတာ လွယ်တာပဲ။’

ဆူဟီးက သူမရဲ့ ဝန်ထမ်းတွေကို ဘယ်လောက်ချစ်မှန်း သူသိသည်။ ထို့ကြောင့် ဝန်ထမ်းတွေနှင့် ရင်းနှီးအောင် လုပ်ထားခြင်းမှာ အကျိုးရှိပေမည်။ ဟေမီကို တောင်းပန်လိုက်ခြင်းက ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။

‘ဒီနေ့တော့ အလုပ်ဆက်လုပ်လို့ မရတော့ဘူး။’

ဘာစာတစ်လုံးမှ မထွက်သဖြင့် မြောင်ဟွန်း တစ်ယောက် ရေးလက်စကို ရပ်ပြီး ထရပ်လိုက်သည်။ ထို့နောက် ဆူဟီး ရှိရာဆီသို့ ဦးတည်လျှောက်သွားလိုက်၏။

“ဆူဟီး... မဟုတ်ဘူး၊ အဖွဲ့ခေါင်းဆောင်။”

မြောင်ဟွန်းက သူခေါ်နေကျအတိုင်း မဟုတ်ဘဲ အခေါ်အဝေါ်ကို အမြန်ပြင်လိုက်သည်။ ဆူဟီးက မော်နီတာကို ကြည့်နေရာမှ မြောင်ဟွန်းဘက်သို့ လှည့်ကြည့်လာ၏။ သူမ၏ မျက်နှာတွင် အလွန်တောက်ပသော အပြုံးကြီးတစ်ခု ရှိနေသည်။

“ရှင်... ပြောလေ စာရေးဆရာအို။”

ရုတ်တရက် မြောင်ဟွန်း၏ ရင်ဘတ်ထဲတွင် တစ်ခုခု တိုးထွက်လာသလို ခံစားလိုက်ရသည်။ ရင်ထဲမှာ ဟာခနဲ ဖြစ်သွားပြီး အသက်ရှူပင် မြန်လာ၏။

“ဟုတ်ကဲ့။”

ဆူဟီး၏ လှပသော မျက်နှာလေးမှာ အခုထိ ပြုံးရွှင်နေဆဲ။ အခြားမိန်းကလေး မဟုတ်ဘဲ ဆူဟီး ဖြစ်နေခြင်းက သူ့ကို ပိုရင်ခုန်စေသည်။ သူမက သူ့ကို ကြည့်ပြီး ပြုံးပြနေသည် မဟုတ်ပါလား။ သူမ နောက်ဆုံးအကြိမ် ဘယ်တုန်းက သူ့ကို ပြုံးပြခဲ့ဖူးသလဲဆိုတာတောင် သူ မမှတ်မိတော့ပေ။

“ဟို... ဒီနေ့ ကျွန်တော် နေလို့ သိပ်မကောင်းလို့လေ၊ စောစော ပြန်ခွင့်ပြုပါဦး။”

“ဪ... ဟုတ်လား?”

ဆူဟီးက မော်နီတာပေါ်က တစ်စုံတစ်ခုကို အာရုံစိုက်နေရင်း တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ သူမ ဘာကို ကြည့်နေသလဲဆိုတာ မြောင်ဟွန်း သိချင်စိတ် ပြင်းပြသွား၏။

ထိုစဉ် မြောင်ဟွန်း၏ အကြည့်များ ရပ်တန့်သွားသည်။ ခေါင်းကို ကြီးမားသော သံတူကြီးနှင့် အားပြင်းပြင်း အထုခံလိုက်ရသလို ခံစားချက်မျိုးဖြစ်သည်။ သတိပေးချက်တစ်ခုက သူ့ဦးနှောက်ထဲ ဝင်လာသည်။ သူမ ပြုံးနေတာက သူ့ကို ကြည့်ပြီး ပြုံးနေတာ မဟုတ်ဘူးဆိုတာကိုပင်။

“ဒါဆို မူကြမ်းကို ဘယ်တော့လောက် ပေးနိုင်မလဲဟင်?”

ဆူဟီးက ပြုံးစစ မျက်နှာလေးနှင့်ပင် မေးလိုက်သည်။ မြောင်ဟွန်းမှာတော့ စိတ်ထဲက တုန်လှုပ်မှုကို မထုတ်ပြမိအောင် ထိန်းရင်း ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။

“မနက်ဖြန် အရောက် ပို့ပေးပါ့မယ်။”

“ဟုတ်ကဲ့ပါ စာရေးဆရာအို။ ပင်ပန်းသွားပါပြီ။”

ဆူဟီးက အလုပ်သဘောအရသာ နှုတ်ဆက်လိုက်ပြီး သူမ၏ မျက်နှာကို မော်နီတာထဲ ပြန်မြှုပ်နှံလိုက်သည်။ မြောင်ဟွန်း နောက်ပြန်ဆုတ်ပြီး ထွက်လာခဲ့၏။

‘ငါက ငါပဲ...! ငါ့လမ်းငါ လျှောက်နိုင်တယ်...!’

ဓာတ်လှေကားထဲ ရောက်သောအခါ မြောင်ဟွန်း ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးနေမိသည်။ သူ ဖုန်းကို ထုတ်ပြီး အင်တာနက်ထဲ ဝင်ကြည့်လိုက်သည်။ ဒါက ဖုံးကွယ်ထားလို့ ရမည့်ကိစ္စ မဟုတ်တော့ပါ။ ဆူဟီး ဘာကြောင့် ပြုံးနေရသလဲဆိုတာ သူ သိဖို့ လိုအပ်သည်။

သူသည် ရှာဖွေရေးဘား တွင် ‘ခေတ်သစ်လူငယ်စာပေပြိုင်ပွဲ’ ဟု ရိုက်ထည့်လိုက်သည်။ ရှာဖွေလိုက်သည်နှင့် သတင်းတွေက တသီတတန်းကြီး တက်လာတော့၏။

၃၁ ကြိမ်မြောက် ခေတ်သစ်လူငယ် စာပေပြိုင်ပွဲဆုရှင် စာရေးဆရာ ဟာဂျယ်ဂန်း၊ သမိုင်းတစ်လျှောက် အငယ်ဆုံးဆုရှင် ဖြစ်လာ...

ဝန်ထမ်းတစ်ဦး၏ ပင်ပန်းခက်ခဲသော နေ့စဉ်ဘဝကို ဝမ်းနည်းဖွယ်ကောင်းသော်လည်း စိတ်ဝင်စားစရာ ကောင်းလှစွာ ရေးသားထား...

သူသည် ယခင်ကလည်း ဒစ်ဂျစ်တယ်စာပေဆုပြိုင်ပွဲ တွင် ဆုများစွာကို တစ်ယောက်တည်းသိမ်းပိုက်ခဲ့သူလည်း ဖြစ်ပြီး...

မြောင်ဟွန်း ဖုန်းကို စိုက်ကြည့်ရင်း မျက်လုံးများ နီမြန်းလာသည်။ သူ့ကိုယ်သူ ထိန်းချုပ်ထားသမျှ အကုန်ပြိုလဲသွား၏။ သတင်းထဲမှာ မြင်လိုက်ရတဲ့ အပြုံးကို သူ တကယ် မုန်းတီးမိသည်။

‘အဲဒီ...! နုံအတဲ့ စာပေသမားခေါင်းစဉ်တပ်ထားပြီး အသုံးမကျတဲ့ကောင်တွေ!’

မြောင်ဟွန်း လက်သီးကို တင်းတင်းဆုပ်ထားရင်း တစ်ကိုယ်လုံး တုန်ရီလာသည်။ ဟာဂျယ်ဂန်း နှင့် ဖြောင်ချွန်းယူ က လူတစ်ယောက်တည်း ဖြစ်နေခြင်းက သူ့ရဲ့ အောင်မြင်မှုကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ဒါက တကယ့်ကို အပြည့်အဝရှုံးနိမ့်ခြင်းပါပဲ။

‘လီဆူဟီး...!’

ဆူဟီး၏ ပြုံးရွှင်နေသော မျက်နှာက မြောင်ဟွန်း၏ မျက်စိထဲက မထွက်ပေ။ ယခုတော့ ထိုအပြုံးက သူ့ကို အဆိုးရွားဆုံး နာကျင်စေသည့် ရက်စက်သော အပြုံးတစ်ခု ဖြစ်နေသည်။

ဓာတ်လှေကားထဲတွင် တစ်ယောက်တည်း ရှိနေသော မြောင်ဟွန်းသည် ရှိသမျှအားကုန်သုံးကာ အော်ဟစ်လိုက်တော့သည်။ ကျားနာတစ်ကောင်ကဲ့သို့ ကျယ်လောင်လှသော အော်သံကြီးတစ်ခု ဓာတ်လှေကားအတွင်း ပဲ့တင်ထပ်သွားလေသည်။

All Chapters