← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း ၄၆ - သံချပ်ကာအစုံ (အပြာရောင်)

"စာပို့ပြီး ပြောနေစရာ လိုလို့လား၊ ရှက်နေတာလား" ရွှီရှင်း ရယ်မောလိုက်၏။

ထို့နောက် သူသည် လက်ထဲက သံတုံး (အပြာရောင်အဆင့်) ၈ တုံးကို ငုံ့ကြည့်လိုက်သည်။

ဤအဆင့်မြင့် သံတုံးများကို အသုံးပြုရန်ပင် သူ နှမြောနေမိသည်။

သူသည် လီဝမ်ရှီးထံ စာတစ်စောင် ပို့လိုက်သည်။

"ပစ္စည်းတွေက အရမ်းများနေပြီ၊ ငါ မင်းရဲ့ အရင်းအမြစ်တွေကိုပဲ အလကား ထိုင်စားနေသလို ဖြစ်နေတော့မယ်။"

ပြန်စာက ချက်ချင်း ရောက်လာသည်။ "မဖြစ်နိုင်တာ၊ အဆင့် ၁ ရထားတဲ့ လူစွမ်းကောင်းကြီးက ဒီလောက် အရင်းအမြစ်လေးကိုပဲ မျက်စိကျနေမှာလား"

ဒီလောက် အရင်းအမြစ်လေး။

အေးလေ... ထားပါတော့။

သူသည် ဤသူဌေးမလေးနှင့်တော့ ယှဉ်လို့မရသည်မှာ အမှန်ပင်။

ရွှီရှင်းသည် လက်နက်နှင့် ချပ်ဝတ်တန်ဆာ ဖန်တီးရာ စားပွဲဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ပြီး၊ လီဝမ်ရှီး ပေးထားသော သံတုံးများကို အသုံးပြုကာ အပြာရောင်အဆင့် သံချပ်ကာ နှစ်စုံကို ဖန်တီးလိုက်သည်။

[သံကြေးခွံချပ်ဝတ် (အပြာရောင်အဆင့်): ဧရာမ သားရဲကြီးများ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်။ အဆင့်မြင့် ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသဖြင့် သံပြားများမှာ ပိုမိုပါးလွှာသော်လည်း ကာကွယ်ရေးစွမ်းရည်မှာ ပိုမို မြင့်မားသည်။]

[သံခြေစွပ်ချပ်ဝတ် (အပြာရောင်အဆင့်): သံချပ်ကာ ဖြစ်သော်လည်း အဝတ်ဖြင့် ပြုလုပ်ထားသော ချပ်ဝတ်ကဲ့သို့ ပေါ့ပါးလှသည်။]

[သံဦးထုပ် (အပြာရောင်အဆင့်): အမြင်အာရုံကို အဟန့်အတား မဖြစ်စေသလို ခေါင်းလှုပ်ရှားမှုကိုလည်း အနှောင့်အယှက် မပေးနိုင်သော ပြီးပြည့်စုံသည့် ဒီဇိုင်းဖြစ်သည်။]

[သံဖိနပ် (အပြာရောင်အဆင့်): ဤဖိနပ်ကို စီးထားခြင်းက သင့်ကို ပိုမို မြန်မြန် ပြေးနိုင်သကဲ့သို့ ခံစားရစေလိမ့်မည်။]

အညွှန်းများမှာ ပြောင်းလဲသွားခဲ့ပြီ။

သံချပ်ကာ၏ အကြီးမားဆုံး အားနည်းချက်ဖြစ်သော လေးလံမှုမှာ အပြာရောင်အဆင့် တွင် မရှိတော့ချေ။

တစ်ချိန်တည်းမှာပင် ရွှီရှင်းသည် ပစ္စည်းတစ်ခုချင်းစီ၏ အညွှန်းအောက်တွင် စာသားလေး တစ်ကြောင်းကို သတိပြုမိလိုက်သည်။

[သံချပ်ကာအစုံ (အပြာရောင်အဆင့်) လေးပိုင်းစလုံး ဝတ်ဆင်ပါက: ခွန်အားကို မြှင့်တင်ပေးသည်။]

အပြာရောင်အဆင့် အစုံလိုက် ဝတ်ဆင်လျှင် အထူးအာနိသင် ပါရှိနေသည်။

၎င်းမှာ ရွှီရှင်း အလိုအပ်ဆုံးဖြစ်သည့် ခွန်အားပင် ဖြစ်သည်။

အလေးချိန် လျော့ကျသွားရုံတင်မကဘဲ ဝတ်ဆင်သူ၏ ခွန်အားကိုပါ တိုးမြင့်ပေးသဖြင့် အပြာရောင်အဆင့် သံချပ်ကာနှင့် တကယ်ကို ထိုက်တန်လှသည်။

ရွှီရှင်းသည် လီဝမ်ရှီးထံသို့ တစ်စုံ လဲလှယ်ပေးလိုက်ပြီး ကျန်တစ်စုံကို သူကိုယ်တိုင် ဝတ်ဆင်လိုက်သည်။

လေးလံသည့် ခံစားချက် လုံးဝ မရှိချေ။ သံချပ်ကာအစုံ၏ အလေးချိန်မှာ မျှော်လင့်ထားသည်ထက် များစွာ ပေါ့ပါးလှသည်။

လေးပိုင်းစလုံး ဝတ်ပြီးသောအခါ ရွှီရှင်းသည် အစပြုသူဝတ်စုံကို ဝတ်ထားစဉ်ကထက်ပင် ပိုပြီးပေါ့ပါးဖျတ်လတ်နေသည်ဟု ခံစားရသည်။

"ဒါက အပြာရောင်အဆင့် အစုံလိုက်ရဲ့ အာနိသင်လား။" ရွှီရှင်း အလွန် ကျေနပ်သွားသည်။

အခုဆိုရင် သူဟာ သားရဲတစ်ကောင်ချင်းစီကို ထိပ်တိုက်ရင်ဆိုင်နိုင်သလို၊ ရတနာသေတ္တာ စောင့်တဲ့ သတ္တဝါတွေကိုတောင် ယှဉ်နိုင်ပြီလို့ ခံစားနေရ၏။

သို့သော် သံချပ်ကာတွင် ပြဿနာတစ်ခုတော့ ရှိသည်၊ ၎င်းမှာ လမ်းလျှောက်သည့်အခါ သံချင်း ထိသံ "ဂျိမ်းဂျိမ်း" ဟု ထွက်ပေါ်နေသဖြင့် ချောင်းမြောင်း တိုက်ခိုက်ရန် ခက်ခဲစေသည်။

ဒါပေမဲ့ ဒါက ပြဿနာကြီး မဟုတ်ပေ၊ သံချပ်ကာ ဝတ်ထားတယ်ဆိုကတည်းက သားရဲတွေကို ထိပ်တိုက်တွေ့ဖို့ပဲ မဟုတ်လား။

ရွှီရှင်းသည် အနောက်မြောက်ဘက်ရှိ ထူထပ်လှသော အနီစက်များကို သတိရလိုက်သည်။

သစ်ပင်အိမ်၏ ကာကွယ်ရေးနယ်မြေ ကျယ်ပြန့်သွားပြီဖြစ်ရာ ထိုနေရာမှာ ယခုအခါ ရွှီရှင်း သွားလာနိုင်သည့် အကွာအဝေးအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"မနက်ဖြန်က အနားယူရမယ့်နေ့၊ ပြီးတော့သံချပ်ကာလည်း ရပြီဆိုတော့ အဲဒီနေရာကို ငါ သွားကြည့်ရမယ်။"

ရွှီရှင်းသည် မနက်ဖြန်တွင် ထိုနေရာသို့ သွားကာ သားရဲအချို့ကို အမဲလိုက်ရန် စီစဉ်လိုက်သည်။

ထိုသို့ဖြင့် သစ်ပင်အိမ်၏ မြှားပစ်စက် နှင့် သူ၏ မြှားသေနတ် အတွက် လိုအပ်သော သားရဲ [

အကြော များကို ရရှိနိုင်မလားဟု သူ မျှော်လင့်နေသည်။

အဝေးပစ် လက်နက် မရှိဘဲ နောက်ထပ်လာမည့် သားရဲလှိုင်းကို ရင်ဆိုင်ရန်မှာ ပို၍ ခက်ခဲပေလိမ့်မည်။

သံချပ်ကာကို ပြန်ချွတ်ပြီးနောက် ရွှီရှင်းသည် ကိုယ်လက်သန့်စင်ကာ ကုတင်ပေါ်တွင် လှဲလိုက်သည်။

သူသည် နှစ်ရက်နှင့် တစ်ညတိုင်တိုင် မအိပ်ရသေးချေ။

လိမ္မော်သီး၏ စွမ်းအင်ကြောင့် စိတ်ကြည်လင်နေသော်လည်း ခန္ဓာကိုယ်၏ ပင်ပန်းမှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။

သူ့ဘေးတွင် ခွေနေသော ခဲခဲ ၏ ခေါင်းလေးကို ပုတ်ပေးရင်း ရွှီရှင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။

"မနက်ဖြန်ကျရင် ငါ မင်းကို ရေချိုးပေးမယ်နော်... ဒီနေ့တော့ ငါ အရမ်း ပင်ပန်းနေလို့ အိပ်တော့မယ်..."

...

ရွှီရှင်းသည် လက်ကောက်ဝတ်ရှိ တုန်ခါမှုကြောင့် နိုးလာခဲ့သည်။

သူ ထထိုင်ကာ မျက်လုံးများကို ပွတ်လိုက်ပြီး လက်ကောက်ဝတ်ကို မြှောက်ကြည့်လိုက်ရာ ပုံရိပ်ယောင် ဖန်သားပြင်တစ်ခု ထွက်ပေါ်လာသည်။

"၇ နာရီ ကျော်နေပြီပဲ... ငါ့ကို စူးစမ်းရှာဖွေသူများ အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်ထားတာလား။ဒါက ဘာလဲ..."

ရွှီရှင်းသည် အိပ်ချင်မူးတူးဖြင့် ဖျက်မိတော့မည့် အချိန်တွင်မှ သတိဝင်လာသည်။

"ဒါ ကျိချောင်းယန် ပြောတဲ့ အဖွဲ့အစည်း ဖြစ်ရမယ်"

သေချာ ကြည့်လိုက်သောအခါ ၎င်းမှာ ကျိချောင်းယန်ထံမှ ဖိတ်ခေါ်ချက် ဖြစ်နေသည်။

ရွှီရှင်းသည် လက်ခံရန် ခလုတ်ကို ချက်ချင်း နှိပ်လိုက်သည်။

ဝမ်လေ့ : "ကြိုဆိုပါတယ် ရွှီရှင်း၊ ငါတို့ရဲ့ စူးစမ်းရှာဖွေသူများ အဖွဲ့ထဲကို ရောက်လာတာ ဝမ်းသာပါတယ်။"

ကျောက်ရှောင်ချွမ်း : "ကြိုဆိုပါတယ် ရွှီရှင်း"

ဝမ်ကွေ့ရှင်း : "ရွှီရှင်း၊ မင်းနဲ့ ကျိချောင်းယန် ဘယ်သူက ပိုသန်မာလဲ"

ရွှီရှင်း ဝင်ဝင်ချင်းမှာပင် အဖွဲ့စကားပြောခန်းထဲတွင် စာများစွာ ပေါ်လာသည်။

အဖွဲ့ထဲတွင် ယခုဆိုလျှင် ၇ ယောက် ရှိနေပြီဖြစ်ရာ ကျိချောင်းယန် ပြောခဲ့သည့် ၉ ယောက် ပြည့်ရန် ၂ ယောက်သာ လိုတော့သည်။

ရွှီရှင်း အဖွဲ့ဝင်စာရင်းကို ကြည့်လိုက်သည်။

သူနှင့် ကျိချောင်းယန် အပြင် အဆင့် ၃ မှ ဝမ်ကွေ့ရှင်း၊ အဆင့် ၅ မှ ဝမ်လေ့၊ အဆင့် ၇ မှ ကျောက်ရှောင်ချွမ်း နှင့် နာမည်ဆင်တူသော ညီအစ်ကိုများ ဖြစ်ဟန်တူသည့် အဆင့် ၆ နှင့် ၉ မှ ချင်ယွန်လုံ၊ ချင်ယွန်ဟု တို့ ဖြစ်ကြသည်။

ကျိချောင်းယန် ပြောခဲ့သလိုပင် အဆင့် ၃၊ ၅ နှင့် ၇ မှ လူများမှာ သူနှင့် ရင်းနှီးသူများ ဖြစ်ကြသည်။

"အားလုံးပဲ မင်္ဂလာပါဗျာ။" ရွှီရှင်းက အသံဖြင့် စာရိုက်လိုက်သည်။

ကျိချောင်းယန် : "ငါက နောက်ဆုံး လူစုံမှ မင်းကိုခေါ်မလို့ စီစဉ်ထားတာ၊ ဒါပေမဲ့ အဆင့် ၄ က လီဝမ်ရှီးက မင်းဝင်မှ သူဝင်မယ်လို့ ပြောနေတာနဲ့။ နောက်ပြီး အဆင့် ၈ က ချီရွှယ်ဖေးကိုလည်း ဆက်သွယ်လို့ မရသေးဘူး။"

"ငါ လီဝမ်ရှီးကို သိပါတယ်၊ ငါ သူမကို ခေါ်လိုက်မယ်။"

ရွှီရှင်းက ပြောရင်း လီဝမ်ရှီးကို ဖိတ်ခေါ်လိုက်သည်။

ကျိချောင်းယန် : "မင်းတို့ သိကြမှာလို့ ငါ ထင်သားပဲ။ ငါ သူမကို ပြောတုန်းက ငါ့စကားတောင် အဆုံးထိ နားမထောင်ဘူး ရွှီရှင်းကိုပဲ ဖိတ်ခိုင်းလိုက်ပါ ဆိုပြီး ဖုန်းချသွားတာ။"

ရွှီရှင်း : "အော်... ဒီအဖွဲ့အစည်းအကြောင်း သူမကို ငါ အရင်က ပြောပြထားဖူးလို့ပါ။"

[လီဝမ်ရှီး သည် စူးစမ်းရှာဖွေသူများ အဖွဲ့သို့ ဝင်ရောက်လာပါပြီ]

လီဝမ်ရှီး : "ဟယ်လို... အားလုံးပဲ မင်္ဂလာပါ"

ဝမ်ကွေ့ရှင်း : "နောက်ဆုံးတော့ မိန်းကလေး တစ်ယောက် ရောက်လာပြီပဲ။ ယောကျ်ားတွေချည်းပဲ ရှိတဲ့ အဖွဲ့ထဲမှာ ငါ တော်တော် စိတ်ညစ်နေတာ။"

ကျောက်ရှောင်ချွမ်း : "ဟယ်လို ညီမလေး။ ဒါနဲ့ ဝမ်ကွေ့ရှင်း... ယောကျ်ားလေးတွေ ဖြစ်နေတာ ဘာဖြစ်လို့လဲ။ချောမောတဲ့ လူငယ်တွေ ဝန်းရံနေတာ ကောင်းတာပဲ မဟုတ်လား။"

ဝမ်ကွေ့ရှင်း : "ချောတဲ့လူတွေ..မင်းကလား။ ဒီထဲမှာဆိုရင် ကျိချောင်းယန် တစ်ယောက်ပဲ အတော်လေး ကြည့်ကောင်းတာပါ။"

ဝမ်လေ့ : "ငါ့ရဲ့ ကျန်းမာသန်စွမ်းတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ တည်ကြည်တဲ့ အကြည့်တွေကို ကြည့်ဦးလေ၊ ဒါက မချောဘူးလား။"

လီဝမ်ရှီး : "ဟီးဟီး၊ ရှင် တို့တွေက တကယ့်ကို ရယ်ရတာပဲ"

ထိုအချိန်တွင် ငြိမ်နေသော ချင်ယွန်လုံက စကားစလာသည်။

"ရွှီရှင်း၊ မင်းနဲ့ ကျိချောင်းယန်က ငါတို့အတွက် သံချပ်ကာနဲ့ သံလက်နက်တွေကို တကယ် ပေးနိုင်တာလား"

ရွှီရှင်း စကားမပြောသေးချေ။

ကျိချောင်းယန်က သူတို့ကို ဘယ်လို အာမခံထားသလဲဆိုတာ သူ မသေချာသလို၊ တန်ဖိုးရှိသည့် အရာတစ်ခု ပြန်မရဘဲ ဒီအတိုင်း ပေးရန်လည်း သူ စိတ်ကူးမရှိချေ။

ပြဿနာ မဖြစ်စေရန် ကျိချောင်းယန် ပြန်ဖြေသည်ကို သူ စောင့်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ကျိချောင်းယန်က တိုက်ရိုက် ပြန်ဖြေသည်။

"မင်းတို့က ငါတို့နဲ့ လဲလှယ်လို့ ရသလို၊ မင်းတို့ဆီမှာ ကုန်ကြမ်းရှိရင်လည်း ငါတို့ ကူညီပြီး လုပ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ အခကြေးငွေတော့ ပေးရမှာပေါ့။ ငါတို့က အဖွဲ့ဝင်တွေကြားမှာပဲ အရောင်းအဝယ်ကို ဖွင့်ပေးမှာ ဖြစ်ပေမယ့် အလကား ပေးမှာတော့ မဟုတ်ပါဘူး။"

ရွှီရှင်းကလည်း "ငါ့ရဲ့ ဆိုလိုရင်းကလည်း အဲဒါပါပဲ။" ဟု ဆိုလိုက်သည်။

"နားလည်ပါပြီ။" ချင်ယွန်လုံက ပြန်ဖြေပြီးနောက် ဘာမှ ထပ်မပြောတော့ချေ။

ကျိချောင်းယန် : "ကဲ... အခုထိ ဆက်သွယ်လို့ မရသေးတဲ့လူ တစ်ယောက် ကျန်သေးတယ်။ စောစောက ဆွေးနွေးထားတာတွေကို ခဏ ဘေးဖယ်ထားကြရအောင်။ မင်းတို့အားလုံး အဆင့် ၈ က ချီရွှယ်ဖေးကို ဆက်သွယ်ကြည့်ကြပါဦး။ အကယ်၍ ဒီညအထိ သူမ ဝင်မလာသေးရင်တော့ နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့်တွေကို ဆွေးနွေးကြတာပေါ့။"

"နားလည်ပါပြီ။"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

ရွှီရှင်း ခဏမျှ စဉ်းစားပြီးနောက် အဖွဲ့ထဲတွင် မေးလိုက်သည်။

"မင်းတို့ထဲက တစ်ယောက်ယောက် သားရဲ အကြော တွေ ရထားတာ ရှိလား"

ကျောက်ရှောင်ချွမ်း : "ရွှီရှင်း ပြောတာက လေးတွေနဲ့ မြှားသေနတ်တွေ လုပ်ဖို့ ကုန်ကြမ်းကို ပြောတာလား။ ငါ တစ်ခါက သားရဲ အသေကောင် တစ်ကောင် တွေ့ခဲ့ဖူးပေမယ့် အကြော တော့ မရခဲ့ဘူး။"

ဝမ်လေ့ : "ငါကတော့ သားရဲ အသေကောင်တောင် မမြင်ဖူးဘူး၊ အဲဒီညက သစ်ပင်အိမ်ထဲမှာပဲ ပုန်းနေတာ။"

ဝမ်ကွေ့ရှင်း : "ငါ ဝံပုလွေ တစ်ကောင် သတ်ခဲ့ဖူးပေမယ့် အကြော တော့ မထွက်ခဲ့ဘူး။"

ကျိချောင်းယန် : "ငါလည်း အကြော မရခဲ့ဘူး။ နောက်ပိုင်း တခြားသူတွေကို မေးကြည့်တော့လည်း ဘယ်သူမှ သားရဲ အသေကောင်ကနေ အကြော ကို ထုတ်နိုင်တဲ့သူ မရှိဘူး။ ဖြစ်နိုင်တာက အဲဒီနေ့က ငါတို့ကို အဝေးပစ် လက်နက်တွေ စောစောစီးစီး မရစေချင်လို့ သားရဲတွေဆီကနေ အကြော မထွက်အောင် လုပ်ထားတာ ဖြစ်နိုင်တယ်။"

ရွှီရှင်းက "အိုကေ၊ နားလည်ပါပြီ။" ဟု ပြန်ဖြေလိုက်ကာ နာရီပေါ်က ဖန်သားပြင်ကို ပိတ်ပြီး ကုတင်ပေါ်မှ ထထိုင်လိုက်သည်။

"အီးးး..." သူ့ဘေးက ပန်ဒါလေး ခဲခဲ လည်း နိုးလာခဲ့၏။

ရွှီရှင်း၏ ဒီနေ့အတွက် အစီအစဉ်မှာ အနောက်မြောက်ဘက်ရှိ ထူထပ်လှသော အနီစက်များရှိရာ နယ်မြေကို စူးစမ်းရန်ပင် ဖြစ်သည်။

သံချပ်ကာလည်း ရှိနေပြီဖြစ်သဖြင့် သူသည် တစ်ကောင်တည်း ရှိနေသော အလယ်အလတ်စား သားရဲများကို ရင်ဆိုင်နိုင်စွမ်း ရှိသည်။

ထိုနေရာသို့ သွားကာ သားရဲအချို့ကို အမဲလိုက်မည်ဖြစ်ရာ၊ သားရဲ အကြော များနှင့် အရေခွံများကို ရရှိနိုင်မလားဟု သူ စမ်းသပ်ကြည့်ချင်နေသည်။

---

အခန်း ၄၆ ပြီး။

အခန်း (၄၇) - သားရဲတောင်ကုန်းနှင့် တစ်ကောင်တည်းသော သားရဲ

ရွှီရှင်းသည် အရင်ဆုံး ခဲခဲ ကို ရေချိုးကန်ထဲထည့်ကာ သေချာရေချိုးပေးလိုက်သည်။

အံ့သြစရာကောင်းသည်မှာ ခဲခဲ သည် ရက်အတော်ကြာ ရေမချိုးရသေးသော်လည်း တစ်ကိုယ်လုံး ညစ်ပတ်မနေဘဲ အလွန်သန့်ရှင်းနေခြင်းပင်။

ရေချိုးပြီးသွားသော်လည်း ကျန်ခဲ့သည့်ရေမှာ ရွှီရှင်းကိုယ်တိုင် ရေချိုးစဉ်ကထက်ပင် ပို၍ကြည်လင်နေသေးသည်။

"မင်းက ဘယ်လိုလုပ်လို့ အမြဲသန့်ရှင်းနေရတာလဲ ကောင်မလေးရာ" ရွှီရှင်း အားကျမိသွားသည်။

သူသာ အမြဲတမ်း ဤသို့သန့်ရှင်းနေမည်ဆိုလျှင် ရေချိုးနေစရာပင် မလိုတော့ချေ။

"အီးးး" ခဲခဲ ကတော့ ထုံးစံအတိုင်း ခေါင်းလေးကို စောင်းကြည့်နေပြန်သည်။

ကိုယ်လက်သန့်စင်ပြီးနောက် ဗိုက်ဝအောင် စားသောက်ပြီး၊ ရွှီရှင်း ချက်ချင်းထွက်မသွားသေးဘဲ သစ်ပင်အိမ်အောက်သို့ အရင်ဆင်းကာ အချိန်တိုအတွင်း ကြီးထွားလာသည့် ဘတ်ချ် သစ်ပင် ၂၀ နှင့် ထင်းရှူးပင် ၂၀ ကို ခုတ်လှဲလိုက်သည်။

[သစ်တုံး (အစိမ်းရောင်အဆင့်): သစ်ပင်အိမ်၏ အတွင်းပိုင်းအလှဆင်ခြင်းနှင့် အပြင်ဘက်ကာကွယ်ရေး ပစ္စည်းများ ပြုလုပ်ရန် လိုအပ်သော သစ်သားကုန်ကြမ်း။]

[အဆင့်မြင့်သစ်သား(အစိမ်းရောင်အဆင့်): သစ်ပင်အိမ်၏ အပြင်ဘက်လက်နက်များနှင့် အချို့သော အထူးလက်နက်များ ပြုလုပ်ရန် လိုအပ်သော သစ်သားကုန်ကြမ်း။]

သစ်ပင်အိမ်အဆင့်မြှင့်တင်ခြင်း မှာ သစ်ပင်အိမ်ဖန်သားပြင်ပေါ်တွင်သာ လုပ်ဆောင်ရခြင်းဖြစ်ပြီး ဖန်တီးသည့်စားပွဲ မလိုအပ်သောကြောင့် ရွှီရှင်းသည် သစ်တုံး ၂ တုံး အသုံးပြုရသည့် သစ်ပင်အိမ်သစ်သားချပ်ဝတ် (အစိမ်းရောင်အဆင့်) ကို အလွယ်တကူပင် ဖန်တီးလိုက်သည်။

လက်ထဲက ပစ္စည်းကို ကြည့်လိုက်ရာ ၎င်းမှာ တစ်စင်တီမီတာခန့် ထူပြီး တစ်မီတာခန့် မြင့်ကာ ဆလင်ဒါပုံစံကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းထားသည့် ပုံစံမျိုး ဖြစ်နေသဖြင့် ရွှီရှင်း ဘယ်လိုသုံးရမလဲဆိုတာကို ဇဝေဇဝါ ဖြစ်သွားသည်။

[သစ်ပင်အိမ်သစ်သားချပ်ဝတ်] (အစိမ်းရောင်အဆင့်): သစ်ပင်အိမ် ပင်စည်ပေါ်တွင် တပ်ဆင်ထားခြင်းဖြင့် သားရဲများ၏ တိုက်ခိုက်မှုကြောင့် သစ်ပင်အိမ် ထိခိုက်ပျက်စီးမှုကို သိသိသာသာ လျှော့ချပေးနိုင်သည်။]

ခဏမျှ စစ်ဆေးကြည့်ပြီးနောက် သူ နားလည်သွားသည်။

သစ်သားချပ်ဝတ် နှစ်ခုကို ပေါင်းလိုက်ပါက သစ်ပင်အိမ်ပင်စည်ကို ပတ်ထားနိုင်သည့် ဆလင်ဒါပုံစံ ဖြစ်သွားပြီး ပင်စည်၏ တစ်မီတာခန့် အမြင့်ကို ကာကွယ်ပေးနိုင်သည်။

ရွှီရှင်း၏ သစ်ပင်အိမ်မှာ မြေပြင်မှ ၁၀ မီတာအကွာတွင် ရှိနေသဖြင့် ပင်စည်တစ်ခုလုံးကို ကာကွယ်လိုပါက သစ်သားချပ်ဝတ် ၂၀ (သစ်တုံး ၄၀) လိုအပ်မည်ဖြစ်သည်။

ရွှီရှင်းသည် ထင်းရှူးပင် ၁၀ ပင်ကို ခုတ်လိုက်ရာ သစ်တုံး ၅၀ ရရှိသဖြင့် ၎င်းတို့အားလုံးကို ချပ်ဝတ်များအဖြစ် ပြောင်းလဲကာ ခိုင်ခံ့သော သစ်ပင်အိမ်ပင်စည်တွင် တပ်ဆင်လိုက်သည်။

တပ်ဆင်ပြီးသွားသောအခါ ထိုသစ်သားချပ်ဝတ်များသည် သစ်ပင်အိမ်ပင်စည်နှင့် တစ်သားတည်းဖြစ်သွားပြီး အရောင်နှင့် ပုံစံများမှာလည်း သစ်ပင်ကြီးနှင့် လိုက်ဖက်အောင် ပြောင်းလဲသွားသည်။

သေချာ အနီးကပ်မကြည့်လျှင် ပင်စည်ပေါ်၌ ချပ်ဝတ်များ တပ်ထားသည်ဟု မထင်ရလောက်ပေ။

"မိုက်တယ်ဟ" ရွှီရှင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူသည် အပေါ်သို့ပြန်တက်ကာ ကျန်ရှိသော ပစ္စည်းများကို ထားခဲ့ပြီး သံချပ်ကာအစုံ (အပြာရောင်အဆင့်) ကို ဝတ်ဆင်လိုက်ရာ ခန္ဓာကိုယ်ထဲတွင် ခွန်အားများ စီးဆင်းလာသလို ခံစားလိုက်ရသည်။

သူသည် ကျောက်လှံ (အပြာရောင်အဆင့်) ကို ဆွဲကိုင်လိုက်စဉ် ခဲခဲ ကလည်း သူ၏ပုခုံးပေါ်သို့ ခုန်တက်လာသည်။

"မင်းလည်း လိုက်ဦးမှာလား"

"အီးးး"

ထို့ကြောင့် ရွှီရှင်းနှင့် ခဲခဲ တို့သည် အနောက်မြောက်ဘက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။

ရေအိုင်ကို ဖြတ်သန်းစဉ် အသားစားငါး များ၏ ကျက်စားရာနယ်မြေမှာ အနည်းငယ် ပိုကျယ်လာသည်ကို ရွှီရှင်း သတိပြုမိလိုက်သည်။

"တစ်ခုခုတော့ မြန်မြန်လုပ်မှ ဖြစ်တော့မယ်။"

သို့သော် ယနေ့၏ အဓိကတာဝန်မှာ အနောက်မြောက်ဘက်ရှိ သားရဲတောင်ကုန်းများတွင် အမဲလိုက်ရန်ဖြစ်သဖြင့် သူ မရပ်နားဘဲ ဆက်လျှောက်လာခဲ့သည်။

၃ ကီလိုမီတာ အကွာအဝေးမှာ သိပ်မဝေးလှသဖြင့် နာရီဝက်အတွင်းမှာပင် သူ ရောက်ရှိသွားသည်။

ယခင်က နယ်နိမိတ်မျဉ်းသို့ သူ ရောက်လာခဲ့ရာ မြေပြင်ပေါ်တွင် လွန်ခဲ့သော နှစ်ရက်က နွယ်ပင် များ ထွက်လာခဲ့စဉ်က ကျန်ခဲ့သော အက်ကြောင်းများနှင့် အပေါက်ငယ်လေးများကို တွေ့နေရဆဲပင်။

ရွှီရှင်းသည် သတိကြီးစွာဖြင့် ခြေတစ်လှမ်းကို အပြင်သို့ လှမ်းလိုက်သည်။

စနစ်မှ သတိပေးချက် မတက်လာသလို မြေပုံပေါ်တွင်လည်း အနီစက်များ လင်းမလာချေ။

နွယ်ပင် များလည်း မြေကြီးထဲမှ ထွက်မလာတော့သဖြင့် ရွှီရှင်း စိတ်အေးလက်အေးဖြင့် နယ်နိမိတ်အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။

တစ်ကီလိုမီတာပင် မဝေးတော့သော တောင်ကုန်းများနှင့် မြေပုံပေါ်က ထူထပ်လှသော အနီစက်များကို ကြည့်ရင်း ရွှီရှင်း ကျောက်လှံ ကို တင်းတင်းဆုပ်လိုက်၏။

"ပထမဆုံး တစ်ကောင်တည်းရှိတဲ့ သားရဲကိုပဲ စမ်းကြည့်ရအောင်။"

ရွှီရှင်း မြေပုံကို ကြည့်ကာ သားရဲအုပ်နှင့် အဝေးဆုံးမှာရှိသည့် တစ်ကောင်တည်းသော အနီစက်ဆီသို့ ဦးတည်လိုက်သည်။

ထိုအနီစက်မှာ တောင်ကုန်းနယ်မြေ၏ အစွန်းပိုင်းတွင်ရှိပြီး အရင်က ဝံပုလွေများထက် ပိုလင်းကာ အရင်က ဝက်ဝံနက်နှင့် အလင်းအမှောင်ချင်း တူညီသည်။

အလင်းအမှောင်ကို ကြည့်ခြင်းအားဖြင့် သားရဲ၏ အင်အားကို ရွှီရှင်း အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

လက်ရှိ သူ၏ ဝတ်စုံနှင့်ဆိုလျှင် ဝက်ဝံနက်တစ်ကောင်ကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက် ပိုသည်ဟု သူ ခံစားရသည်။

ဝက်ဝံနက်များသည် တောအုပ်၏ အဆင့်အတန်းတွင် အလယ်အလတ်သာရှိပြီး အပင်များကိုသာ အဓိကစားသုံးကာ အသက်ရှင်ကြသူများ ဖြစ်သည်။

အကယ်၍ သူ၏ ထိပ်တန်း အပြာရောင်အဆင့် ကိရိယာများနှင့် ဝက်ဝံတစ်ကောင်ကို မနိုင်ဘူးဆိုလျှင် တကယ့်သားရဲကြီးများနှင့် တွေ့ပါက ဒုက္ခရောက်ပေလိမ့်မည်။

ထိုအနီစက်မှာ တောင်ကုန်းနှစ်ခုကြားတွင် ရှိနေပြီး မကြာမီမှာပင် ရွှီရှင်းသည် ၎င်းရှိရာသို့ နီးကပ်သွားခဲ့သည်။

"အီးးး" ခဲခဲ က လက်ကလေးဖြင့် ရှေ့သို့ ညွှန်ပြကာ အော်ဟစ်လိုက်သည်။

ခပ်လှမ်းလှမ်းမှပင် ရွှီရှင်းသည် ထိုသားရဲကို မြင်လိုက်ရ၏။

၎င်းမှာ လိုဏ်ဂူတစ်ခုထဲတွင် ရှိနေခြင်းဖြစ်သည်။

"ဝက်ဝံနက် မဟုတ်ဘူးပဲ၊ ဒါ... တောဝက်လား"

ရွှီရှင်း မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး တံတွေးကို မြိုချလိုက်မိသည်။

သူ့ရှေ့တွင် ဝက်သားကင်ကြီး တစ်ခုကို မြင်နေရသည့်အလားပင်။

ထိုတောဝက်မှာ လိုဏ်ဂူထဲတွင်ရှိနေပြီး ၎င်း၏ မည်းနက်သော ခန္ဓာကိုယ်မှာ သာမန်ဝက်များထက် များစွာ ကြီးမားလှသည်။

၎င်းသည် မြေပြင်ပေါ်က အဖြူရောင် ကျောက်တုံးများကို နှာခေါင်းဖြင့် ထိုးမွှေနေသည်။

ရွှီရှင်း ထိုကျောက်တုံးများကို ကြည့်လိုက်စဉ် မျက်လုံးများ ပြူးသွားရသည်။

လိုဏ်ဂူကြမ်းပြင်ပေါ်တွင် အဖြူရောင် အတုံးအခဲများစွာ ပြည့်နှက်နေခြင်းဖြစ်သည်။

"ဒါ... ဆားတွင်းလား" ရွှီရှင်း၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားသည်။

လွန်ခဲ့သော ရက်များအတွင်း သူ၏ ပါးစပ်မှာ ပေါ့ရွှတ်ရွှတ်ဖြစ်နေခဲ့ရာ၊ ယခု ဆားတွင်းဟု ယူဆရသော အရာကို တွေ့လိုက်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။

"ကောင်းပြီ ဟင်းချက်စရာရော၊ အမွှေးအကြိုင်ရော အကုန် အဆင်သင့်ပဲ"

ရွှီရှင်းသည် ရှေ့က အမွေးနက်တောဝက်ကြီးကို အသေအချာ အာရုံစိုက်လိုက်သည်။

သူသည် တောဝက်ကို လုံးဝ အထင်မသေးရဲချေ။

၎င်း၏ အန္တရာယ်ပြုနိုင်စွမ်းမှာ ဝက်ဝံနက်တစ်ကောင်ထက် မလျော့ပါးသည့်အပြင် အဝေးကနေ အရှိန်ပြင်းပြင်းနှင့် ပြေးတိုက်ခြင်းမှာ ဝက်ဝံနက်ထက်ပင် ပို၍ အသက်အန္တရာယ် စိုးရိမ်ရသည်။

တောဝက်တစ်ကောင်၏ အလေးချိန်မှာ ဝက်ဝံနက်ထက်ပင် ပိုလေးနိုင်ပြီး ထိုအစွယ်ကြီးများမှာ ကစားစရာ မဟုတ်ချေ။

ရှေးလူကြီးများ ပြောစကားအရ "ဝက်တစ်၊ ဝက်ဝံနှစ်၊ ကျားသုံး" ဆိုသည်မှာ တိုက်ခိုက်ရေးစွမ်းရည်ကို ပြောခြင်းမဟုတ်ဘဲ လူသားတွေအတွက် ပေးနိုင်သည့် အန္တရာယ်ကို ဆိုလိုခြင်းဖြစ်သည်။

တောဝက်များသည် အလွယ်တကူ စိတ်ရူးပေါက်တတ်ပြီး မြင်သမျှကို တိုက်ခိုက်တတ်သဖြင့် ဝက်ဝံနှင့် ကျားတို့ထက်ပင် လူကို ပို၍ အန္တရာယ်ပေးနိုင်သည်။

သံချပ်ကာ ဝတ်ထားသော်လည်း ရွှီရှင်းအနေဖြင့် တောဝက်၏ တိုက်ရိုက် ပြေးတိုက်ခြင်းကိုတော့ မခံချင်ချေ။

သံချပ်ကာက ခံနိုင်ရည်ရှိလျှင်ပင် သူ၏ ခန္ဓာကိုယ်ကတော့ လွင့်ထွက်သွားနိုင်သည် မဟုတ်ပါလား။

ရွှီရှင်းသည် မသိမသာ ချဉ်းကပ်ရန် ကြိုးစားသော်လည်း အရေးကြီးသည့် အချက်တစ်ခုကို သူ သတိရသွားသည်။

၎င်းမှာ သူ၏ သံချပ်ကာ အားနည်းချက်ပင်။

လမ်းလျှောက်လိုက်တိုင်း သံချင်းထိသည့် "ဂျိမ်းဂျိမ်း" မြည်သံမှာ တောဝက် သတိထားမိရန် လုံလောက်နေသည်။

မှန်ပေသည်၊ ရွှီရှင်း အနားမရောက်မီမှာပင် တောဝက်သည် ထိုအသံကြောင့် ခေါင်းမော့လာခဲ့သည်။

လိုဏ်ဂူ၏ အလင်းရောင်ဖျော့ဖျော့အောက်တွင် ၎င်း၏ ကောက်ချိတ်နေသော အစွယ်ကြီးနှစ်ခုမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။

ရွှီရှင်း နေရာမှာတင် ရပ်လိုက်ပြီး လက်ထဲက ကျောက်လှံ ကို တင်းတင်းဆုပ်လိုက်သည်။

ဤကောင်ကြီးမှာ အလေးချိန် ကီလိုဂရမ် ၂၀၀ ကျော်မှာ သေချာလှသည်။

တကယ်ကြီးသည့် ပြိုင်ဘက်ပင်။

သူ့အား စိုက်ကြည့်နေသော တောဝက်ကို မြင်ရသောအခါ ရွှီရှင်း ၏ နှလုံးခုန်သံ မြန်လာသည်။

"ဝက်ကြီးရာ... စိတ်မလောပါနဲ့ဦး၊ မင်းရဲ့ ဆားတွင်းကိုပဲ ဆက်ပြီး တူးနေပါဦး..."

သို့သော် မမျှော်လင့်သည့်အရာများ အမြဲဖြစ်တတ်သည် မဟုတ်ပါလား။

ရုတ်တရက် ထိုတောဝက်မည်းကြီးမှာ နှာခေါင်းကို အားပါးတရ မှုတ်ထုတ်လိုက်ပြီး အစွယ်များကို ရွှီရှင်းဘက်သို့ ချိန်ရွယ်ကာ၊ နောက်ခြေထောက်များဖြင့် မြေကြီးကို ကုပ်၍ အရှိန်အဟုန်ဖြင့် ပြေးတိုက်လာပါတော့သည်။

"သောက်ကျိုးနည်း...ဒီဝက်ရူးကတော့။"

---

အခန်း (၄၇) ပြီး။

အခန်း (၄၈) - တောဝက်များ၏ တိုက်စစ်

သံချပ်ကာ ဝတ်ဆင်ထားသော်လည်း ရွှီရှင်းသည် တောဝက်၏ တိုက်ရိုက်ပြေးတိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲပေ။

ကံကောင်းထောက်မစွာဖြင့် ပတ်ဝန်းကျင်တွင် သစ်ပင်များစွာ ရှိနေရာ ရွှီရှင်းသည် ခိုင်ခံ့သော မိုးမခပင်ကြီးတစ်ပင်၏ နောက်သို့ အမြန်ပုန်းလိုက်သည်။

သန်မာထွားကြိုင်းပြီး အမွေးနက်များ ဖုံးလွှမ်းနေသော တောဝက်ကြီးသည် သူပုန်းနေသော သစ်ပင်ကို သီသီလေး ဖြတ်ကျော်သွားသည်။

၎င်း၏ အစွယ်များမှာ သစ်ပင်ကို "ဂျိမ်း" ခနဲ ခြစ်မိသွားပြီး နက်ရှိုင်းသော အရာကြီး ထင်ကျန်ရစ်ခဲ့ရာ ရွှီရှင်းမှာ အံ့သြတုန်လှုပ်သွားရသည်။

ဒါက တော်တော်လေး အားပြင်းတာပဲ။

သူ့အနေဖြင့် ဤကမ္ဘာရှိ သားရဲများသည် သူ၏ မူလကမ္ဘာက သားရဲများထက် များစွာ ပိုမိုသန်မာကြောင်းကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။

တောဝက်ကြီးသည် သူ့ကို ကျော်ဖြတ်သွားပြီးနောက် ခပ်လှမ်းလှမ်းတွင် အရှိန်သတ်လိုက်ပြီး၊ ချက်ချင်းပင် လှည့်၍ ရွှီရှင်းရှိရာသို့ ဒုတိယအကြိမ် ပြန်လည်ပြေးတိုက်ပြန်သည်။

"ဒီဝက်က တကယ့်အရူးပဲ။" ရွှီရှင်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် တောဝက်မှာ သူနှင့် ပိုနီးကပ်နေသဖြင့် အရှိန်ကို အစွမ်းကုန် မမြှင့်နိုင်တော့ချေ။

ထို့ကြောင့် ရွှီရှင်းအတွက် ရှောင်တိမ်းရန် လုံလောက်သော အကွာအဝေးတွင် ရှိနေသည်။

သူသည် ကျောက်လှံ ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး တောဝက် သူ့ကို တိုက်မိခါနီးအချိန်တွင် ဘေးသို့ ရုတ်တရက် ရှောင်လိုက်ကာ လှံဖြင့် ထိုးနှက်လိုက်တော့သည်။

တောဝက်ကြီး သူ့ဘေးမှ ဖြတ်သွားစဉ် ကျောက်လှံ ကြောင့် ၎င်း၏ကိုယ်ပေါ်တွင် နက်ရှိုင်းသော သွေးစွန်းသည့် ဒဏ်ရာကြီး တစ်ခု ထင်ကျန်ခဲ့သည်။

၎င်းမှာ ကျောက်လှံဖြစ်သော်လည်း အပြာရောင်အဆင့် လက်နက်ဖြစ်သဖြင့် ၎င်း၏ ထက်မြက်မှုမှာ သံသယဖြစ်ဖွယ် မရှိချေ။

အမွေးနက်တောဝက်ကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်သော်လည်း နာကျင်မှုနှင့် သွေးနံ့ကြောင့် နောက်ဆုတ်မသွားဘဲ၊ ၎င်း၏ မျက်လုံးများမှာ သွေးရောင်လွှမ်းလာကာ ရွှီရှင်းကို ပိုမိုရူးသွပ်စွာ ထပ်မံပြေးတိုက်တော့သည်။

ရွှီရှင်းသည် ယခင်ဗျူဟာအတိုင်းပင် သစ်ပင်နောက်သို့ ပြန်ပုန်းလိုက်ပြီး တောဝက်ကြီး ဖြတ်သွားစဉ် နောက်တစ်ကြိမ် ထပ်မံထိုးလိုက်ပြန်သည်။

တောဝက်ကြီးက အရှိန်ပြင်းပြင်းနှင့် လှုပ်ရှားနေသဖြင့် ရွှီရှင်းအနေဖြင့် နက်နက်ရှိုင်းရှိုင်း မထိုးနိုင်ခဲ့ဘဲ သွေးစွန်းသော ဒဏ်ရာတစ်ခုသာ ထပ်မံပေးနိုင်ခဲ့သည်။

"အီးးး" ခဲခဲ သည် ရွှီရှင်း၏ ပုခုံးပေါ်မှ ရုတ်တရက် ခုန်ဆင်းလိုက်ပြီး ဘေးမှ ဖြတ်သွားသော တောဝက်မည်းကြီး၏ ကျောပေါ်သို့ ကွက်တိ ကျရောက်သွားသည်။

"ခဲခဲ" ရွှီရှင်း မျက်နှာပျက်သွားသည်။

သူ၏ အဖိုးတန် ပန်ဒါလေး ဒဏ်ရာရမှာကို သူ လုံးဝ မလိုလားပေ။

ခဲခဲ သည် တောဝက်၏ ဦးခေါင်းကို ကုပ်တွယ်ထားပြီး၊ ရွှီရှင်းရှေ့တွင် တစ်ခါမှ ထုတ်မပြဖူးသော ထက်မြက်သည့် လက်သည်းများဖြင့် တောဝက်၏ ဦးခေါင်းရေခွံကို အားကုန်ကုတ်ခြစ်ကာ ၎င်း၏နားရွက်ကို ကိုက်ခဲထားတော့သည်။

တောဝက်မည်းကြီးမှာ သေခါနီးဝက်တစ်ကောင်ကဲ့သို့ နာကျင်စွာ အော်ဟစ်ရင်း ဦးခေါင်းကို ရူးသွပ်စွာ ခါယမ်းပြီး အနီးရှိ သစ်ပင်တစ်ပင်ဆီသို့ ပြေးဝင်သွားသည်။

ရွှီရှင်းသည် ကျောက်လှံ ကို ကိုင်စွဲကာ အပြေးလိုက်သွားရင်း အံ့သြတုန်လှုပ်စွာ အော်လိုက်သည်။

"ခဲခဲ၊ အမြန်ဆင်းခဲ့တော့"

တောဝက်ကြီး သစ်ပင်ကို ဝင်တိုက်ခါနီး အချိန်မှာပင် ခဲခဲ သည် ဖျတ်လတ်စွာ ခုန်ဆင်းလိုက်ပြီး ရွှီရှင်း၏ ဘေးနားသို့ အမြန်ပြေးလာခဲ့သည်။

"ဝုန်း"

တောဝက်မည်းကြီးသည် ခိုင်ခံ့သော မိုးမခပင်ကြီးကို အရှိန်နှင့် ဝင်တိုက်မိသဖြင့် သစ်ပင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သစ်ရွက်များ ကြွေကျကုန်သည်။

တောဝက်ကြီးမှာမူ မူးဝေသွားသည့်အလား ဟိုယိုင်ဒီယိုင် ဖြစ်သွားတော့သည်။

"အခွင့်ကောင်းပဲ"

ရွှီရှင်းသည် ကျောက်လှံ ဖြင့် ပြေးဝင်သွားပြီး တောဝက်၏ ကိုယ်ထဲသို့ မညှာမတာ ထိုးစိုက်လိုက်တော့သည်။

"ဖောက်"

ကျောက်လှံ မှာ တည့်တည့် တိုးဝင်သွားပြီး တောဝက်ကြီးမှာ နာကျင်စွာ အော်ဟစ်လျက် ရုန်းကန်လှုပ်ရှားတော့သည်။

ရွှီရှင်းသည် သတိမထားမိဘဲ တောဝက်အစွယ်နှင့် အတိုက်ခံလိုက်ရသဖြင့် သူ၏ သံချပ်ကာပေါ်တွင် စူးရှသော ခြစ်သံကြီး ထွက်ပေါ်လာ၏။

ကျောက်လှံ ကို လျင်မြန်စွာ ပြန်ဆွဲထုတ်လိုက်ရာ ဝက်သွေးများမှာ သူ၏ သံချပ်ကာပေါ်သို့ စင်ထွက်ကုန်သည်။

သူသည် တောဝက်၏ ဦးခေါင်းကို ချိန်ရွယ်ကာ အားကုန် ထိုးလိုက်ပြန်သည်။

ထက်မြက်သော ကျောက်လှံ သည် တောဝက်၏ မျက်လုံးကို ကွက်တိ ထိမှန်သွားပြီး ၎င်း၏ ဦးခေါင်းထဲသို့ အတားအဆီးမရှိ ထိုးဝင်သွားတော့သည်။

တောဝက်၏ အော်ဟစ်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး နှစ်စက္ကန့်ခန့် ငြိမ်သက်သွားကာ၊ ကီလိုဂရမ် နှစ်ရာကျော်ရှိသော ၎င်း၏ ကိုယ်ကြီးမှာလည်း "ဝုန်း" ခနဲ မြေပြင်ပေါ်သို့ လဲကျသွားပြီး အနည်းငယ် တုန်ခါနေတော့သည်။

ရွှီရှင်းသည် စိတ်မချသေးသဖြင့် ၎င်း၏ ဦးခေါင်းကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်ထိုးလိုက်သည်။

အမှန်တကယ် သေဆုံးသွားပြီဟု သေချာမှသာ သူ သက်ပြင်းချရင်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။

သူ့ဘေးက ခဲခဲ ၏ ခေါင်းလေးကို ပုတ်ပေးရင်း ပြုံးလိုက်သည်။

"ကောင်လေးရာ၊ မင်းက တော်တော်လေး စွမ်းတာပဲ"

"အီးးး" ခဲခဲ ကလည်း လူကဲ့သို့ ခေါင်းလေးကို မော့ပြသည်။

ရွှီရှင်းက လိမ္မော်သီးတစ်လုံး ပေးလိုက်ရာ ခဲခဲ က ချက်ချင်းပင် ပျော်ရွှင်စွာ ပွေ့ပိုက်၍ စားတော့သည်။

"ငါ့မှာသာ မြှားသေနတ် ရှိရင် ဒီလောက် ဒုက္ခခံနေစရာ မလိုဘူး။"

ရွှီရှင်းသည် တောဝက်အစွယ်နှင့် အခြစ်ခံလိုက်ရသော သူ၏ သံချပ်ကာ နေရာကို ကြည့်လိုက်ရာ အစင်းရာဖျော့ဖျော့လေးသာ ထင်ကျန်ခဲ့သည်။

" အပြာရောင်အဆင့် သံချပ်ကာက တကယ်ကို မာတာပဲ"

သူသည် အသားခွဲဓား ကို ထုတ်ကာ မြေပြင်ပေါ်က တောဝက်အသေကောင်ကို စတင် ရှင်းလင်းတော့သည်။

အသားခွဲဓား အပြာရောင်အဆင့် မှာ တောဝက်ကို ခွဲစိတ်ရာတွင် အလွန်ပင် ချောမွေ့နေဆဲဖြစ်ပြီး မကြာမီမှာပင် တောဝက်ထံမှ ကုန်ကြမ်းများကို သူ ရရှိလိုက်သည်။

[တောဝက်သားရေ (အစိမ်းရောင်အဆင့်) ၁ ၊ တောဝက်သား (အစိမ်းရောင်အဆင့်) ၁၈၀ ကီလိုဂရမ်၊ တောဝက်အကြော (အစိမ်းရောင်အဆင့်) ၁၊ တောဝက်အရိုး (အစိမ်းရောင်အဆင့်) ၁ ရရှိခဲ့သည်။]

တောဝက် အကြောပါလား ဒါ ငါရှာနေတဲ့ သားရဲ အကြောပဲ။

[တောဝက်အကြော (အစိမ်းရောင်အဆင့်): သားရဲ အကြော အမျိုးအစားတစ်ခုဖြစ်ပြီး အချို့လက်နက်များ ဖန်တီးရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။ သေချာချက်ပြုတ်၍လည်း စားသုံးနိုင်သည်။]

သားရဲ အကြော ကို မြင်လိုက်ရသောအခါ ရွှီရှင်း မျက်ခုံးပင့်သွားသည်။

"တစ်ချောင်းပဲလား။ ဒီ အကြော ကို ငါ့ရဲ့ လက်နက်အတွက် အရင်သုံးရမယ်။ ပြန်ရောက်တာနဲ့ မြှားသေနတ် လုပ်မယ်"

သူ မျှော်လင့်နေတဲ့ အဝေးပစ်လက်နက် ရတော့မည့်အရေးကို တွေးပြီး ရွှီရှင်း မပြုံးဘဲ မနေနိုင်တော့ချေ။

"ပြန်ပြီးတော့ အရင်လုပ်လိုက်ရမလား"

ထိုအတွေးမှာ ရွှီရှင်း၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် ချက်ချင်းပင် ပြန်ဖျောက်လိုက်သည်။

"မဖြစ်သေးဘူး၊ အသွားအပြန်က နှစ်နာရီနီးပါး ကြာမှာဆိုတော့ အချိန်ကုန်လွန်းတယ်။ ထားလိုက်ပါတော့လေ၊ ကျောက်လှံ နဲ့ပဲ ဆက်သွားတာပေါ့။"

ရွှီရှင်းသည် သူ အလိုချင်ဆုံး ဖြစ်သည့် ဆားတွင်း ရှိနိုင်မည့် လိုဏ်ဂူအတွင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"အီးးး အီးးး အီးးး" ခဲခဲ က ရုတ်တရက် စိုးရိမ်တကြီး အော်ဟစ်လိုက်ပြန်သည်။

"ဘာဖြစ်လို့လဲ"

ရွှီရှင်း လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် မှင်တက်သွားတော့သည်။

တောင်ကုန်းများ၏ ခပ်လှမ်းလှမ်းမှနေ၍ တောဝက်မည်းအုပ်ကြီးတစ်အုပ် ဒီဘက်သို့ ပြေးဝင်လာသည်ကို သူ မြင်လိုက်ရသည်။

ဘာမှ စဉ်းစားမနေတော့ဘဲ သူသည် လှံကို ကျောပိုးအိတ် ထဲသို့ အမြန်ထည့်ကာ အမြင့်ဆုံးနှင့် အခိုင်ခံ့ဆုံး မိုးမခပင်ကို ရွေးချယ်၍ အပေါ်သို့ စတင်တက်ရင်း ခဲခဲ ကို ပြောလိုက်သည်။

"မြန်မြန် ခဲခဲ ၊ သစ်ပင်ပေါ် တက်"

"အီးး"

သစ်ပင်တက်ခြင်းမှာ ခဲခဲ အတွက်တော့ အခက်အခဲ မဟုတ်ချေ။

ရွှီရှင်း တစ်ဝက်လောက် ရောက်ချိန်မှာပင် ခဲခဲ က သစ်ကိုင်းတစ်ခုပေါ်တွင် ရောက်နေပြီဖြစ်ပြီး သူ့ကို "ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ" ဟု မေးနေသည့်အလား ခေါင်းလေးစောင်းကြည့်နေသည်။

ရွှီရှင်းမှာ မြို့ပြတွင် ကြီးပြင်းလာခဲ့သော်လည်း ကောင်လေးအများစုကဲ့သို့ပင် ငယ်စဉ်က သစ်ပင်တက်၊ နံရံတက် ဝါသနာပါခဲ့သူဖြစ်သည်။

နှစ်ပေါင်းများစွာ မတက်ဖြစ်သဖြင့် အနည်းငယ် လက်တုန်ခြေတုန် ဖြစ်နေသော်လည်း နောက်ဆုံးတွင် အပေါ်သို့ ရောက်သွားခဲ့သည်။

ဝက်အုပ်ကြီးမှာ သစ်ပင်အောက်သို့ မကြာမီမှာပင် ရောက်ရှိလာခဲ့သည်။

အစောပိုင်းက တောဝက်၏ အော်ဟစ်သံကြောင့် ရောက်လာကြခြင်း ဖြစ်ပေလိမ့်မည်။

တောဝက်မည်းအုပ်ကြီးထံမှ "ဟင်းး ဟင်းး" ဟူသော အသံများမှာ အိမ်မွေးဝက်များထက် ပို၍ ကြမ်းတမ်းစူးရှစွာ ထွက်ပေါ်နေသည်။

သစ်ကိုင်းများကြားတွင် ထိုင်နေရင်း ရွှီရှင်းမှာ အနည်းငယ်မျှပင် မလှုပ်ရဲချေ။

အနည်းငယ် လှုပ်ရှားလိုက်ရုံနှင့် သူ၏ သံချပ်ကာမှ ထွက်လာမည့် အသံကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ဝက်အုပ်ကြီးသူ့ကို ရှာမတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မည်။

သို့သော် မျှော်လင့်သလို ဖြစ်မလာခဲ့ချေ။

လေထဲတွင် သွေးနံ့များ ကျန်ရှိနေသေးသလို၊ ရွှီရှင်း၏ ကိုယ်ပေါ်တွင်လည်း ဝက်သွေးများ စင်နေသဖြင့် ခွေးထက်ပင် အနံ့ခံကောင်းသော တောဝက်များ မသိဘဲ မနေနိုင်ချေ။

ဝက်အုပ်ကြီးမှာ ခိုင်ခံ့သော မိုးမခပင်ကြီးကို ဝိုင်းထားလိုက်ကြပြီး၊ အချက်ပြသံ အချို့အပြီးတွင် တောဝက်အချို့က ရွှီရှင်းရှိနေသည့် သစ်ပင်ကို အားကုန်ပြေးတိုက်ကြတော့သည်။

"ဝုန်း"

သန်မာသော တောဝက်မည်းကြီး အချို့က သစ်ပင်ကို စတင် ဝင်တိုက်ကြပါတော့သည်။

သစ်ပင်ပေါ်တွင် ထိုင်နေသော ရွှီရှင်းမှာ သစ်ကိုင်းများ တုန်ခါနေသည်ကို ခံစားနေရသဖြင့် သစ်ပင်ပင်စည်ကို အတင်းဖက်ထားလိုက်ရာ သူ၏ သံချပ်ကာမှ သတ္တုချင်း ထိခိုက်သံများ ထွက်ပေါ်လာသည်။

ဒါဟာ အောက်က တောဝက်တွေကို ပိုပြီး ရူးသွပ်သွားစေကာ တစ်ကောင်ပြီးတစ်ကောင် သစ်ပင်ကို အလှည့်ကျ ဝင်တိုက်ကြတော့သည်။

အချို့က သစ်ပင်အောက်ခြေကို တူးဆွနေကြပြီး သစ်ပင်ကို လဲကျအောင် လုပ်နေသည့်အလား အမြစ်တွေကို ကိုက်ခဲနေကြသည်။

"သောက်ကျိုးနည်း... သူတို့တွေ တကယ်ကြီး သစ်ပင်ကို လဲအောင် လုပ်နေကြတာလား။ ကံကောင်းလို့ ငါက အခိုင်ဆုံးနဲ့ အမြင့်ဆုံး သစ်ပင်ကို ရွေးထားလို့ပေါ့။"

ရွှီရှင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ဤတောင်ကုန်း နယ်မြေတွင် သစ်ပင်များမှာ ယခင် တောအုပ်ထဲကကဲ့သို့ ထူထပ်မနေဘဲ အကွာအဝေးမှာ အတော်လေး ဝေးလှသည်။

ထို့ကြောင့် သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ကူးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

အောက်က ဝက်တွေ သစ်ပင်ကို တကယ် လဲအောင် မလုပ်နိုင်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မည်။

သစ်ကိုင်းပေါ်တွင် လှဲနေသော ခဲခဲ ကတော့ အန္တရာယ်ရှိနေသည်ကို လုံးဝ သိပုံမရဘဲ အောက်ကို စပ်စုကြည့်နေကာ တစ်ခါတစ်ရံ အောက်က ဝက်တွေကို ကြည့်ပြီး သမ်းဝေနေသေးသည်။

၎င်းကတော့ သစ်ကိုင်းတစ်ခုမှ တစ်ခုသို့ ကူးပြီး အခြားသစ်ပင်ပေါ်မှ လွတ်အောင် ပြေးနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် ၎င်းအတွက်မူ အောက်က တောဝက်များမှာ ပြကွက်တစ်ခု ပြနေသကဲ့သို့ပင် ဖြစ်နေတော့သည်။

---

အခန်း (၄၈) ပြီး။

All Chapters