← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း ၄၉ - သစ်ပင်အိမ်၏ အသုံးဝင်သော လုပ်ဆောင်ချက်များ

ရွှီရှင်းသည် သစ်ပင်ပေါ်တွင် ထိုင်ရင်း အောက်က တောဝက်အုပ်ကို စိုးရိမ်တကြီး ကြည့်နေမိသည်။

သူ့တွင် အဝေးပစ်တိုက်ခိုက်နိုင်သော နည်းလမ်းမရှိသဖြင့် အောက်က ဝက်များကို ဘာမှမလုပ်နိုင်ချေ။

အောက် ဆင်းချပြီး ထိပ်တိုက်ရင်ဆိုင်ရန်မှာလည်း ပျမ်းမျှ ကီလိုဂရမ် ၂၀၀ ရှိသော ဝက်အုပ်ကြီးနှင့် ယှဉ်လျှင် ရူးသွပ်ရာ ရောက်ပေလိမ့်မည်။

သစ်ပင်ပင်စည်ကို ဖက်ထားရင်း အောက်မှ ဝက်များ ဝင်တိုက်သံ၊ မြေကြီးတူးသံနှင့် အမြစ်များကို ကိုက်ခဲသံများကို ရွှီရှင်း အထင်းသား ကြားနေရသည်။

"မဖြစ်နိုင်ပါဘူး... ဒီပင်စည်က မီတာဝက်လောက် တုတ်တာပဲ။ အမြစ်ကနေ ကျွတ်ထွက်သွားဖို့တော့ မဖြစ်နိုင်ပါဘူး။"

ကံကောင်းထောက်မစွာဖြင့် တောဝက်များမှာ စိတ်ရှည်လှသည်တော့ မဟုတ်ချေ။

နာရီဝက်ခန့် ကြာသောအခါ ဝက်အချို့ စတင် ထွက်ခွာသွားကြသည်။

မကြာမီမှာပင် အမွေးနက်တောဝက်များမှာ တစ်ကောင်ပြီးတစ်ကောင် ထွက်သွားကြရာ၊ ရွှီရှင်းရှိနေသည့် သစ်ပင်အောက်တွင် မြေကြီးကို ဇွတ်အတင်း တူးနေသော ဝက်တစ်ကောင်တည်းသာ ကျန်တော့သည်။

သစ်ပင်အမြစ်တွေကို လှမ်းကြည့်လိုက်ရာ မြေကြီးတွေ အကုန်ပွင့်ထွက်ပြီး အမြစ်တွေ ပေါ်နေပြီဖြစ်သည်။

အကယ်၍ ဝက်အုပ်ကြီးသာ ဆက်ပြီး တူးနေမည်ဆိုလျှင် သစ်ပင် လဲကျသွားဖို့ အခွင့်အရေး တကယ် ရှိပေသည်။

ရွှီရှင်းသည် အောက်က တောဝက်ကို စိုက်ကြည့်ရင်း ကျောပိုးအိတ်ထဲမှ ကျောက်လှံ ကို ထုတ်လိုက်သည်။

"ဝက်ကြီးရာ... မင်းမှ မပြန်ချင်တာ၊ ဒီမှာပဲ ငါနဲ့ အဖော်လုပ်ဖို့ ကျန်ခဲ့တော့!"

သူ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ အခြားတောဝက်များကို မမြင်ရတော့ချေ။

ဝက်ဝံနက်ကို အမဲလိုက်ခဲ့သည့် ပထမဆုံးအကြိမ်ကဲ့သို့ပင်၊ ရွှီရှင်းသည် ကျောက်လှံ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မြေကြီးတူးနေသော တောဝက်၏ ဦးခေါင်းနောက်စေ့ကို ချိန်ရွယ်လိုက်သည်။

ထို့နောက် အသက်ကို ပြင်းပြင်းရှူကာ သစ်ပင်ပေါ်မှ ခုန်ချလိုက်တော့သည်။

"စွပ်"

ဘာပြသာနာမှ မရှိဘဲ ထက်မြက်လှသော ကျောက်လှံ သည် တောဝက်မည်းကြီး၏ ဦးခေါင်းနောက်စေ့သို့ တည့်တည့် စိုက်ဝင်သွားသည်။

တောဝက်မှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကာ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရင်နေတော့သည်။

ခဲခဲ လည်း တောဝက်ပေါ်သို့ ခုန်တက်ကာ ၎င်း၏လက်သည်းလေးများဖြင့် အချက်အနည်းငယ် ကုတ်ခြစ်လိုက်သေးသည်။

ရွှီရှင်းသည် ကျောက်လှံ ကို ပြန်ဆွဲထုတ်ကာ ဝက်၏ဦးခေါင်းကို နောက်ထပ် အကြိမ်အနည်းငယ် သေချာအောင် ထပ်ထိုးလိုက်သည်။

လုံးဝ မလှုပ်တော့မှသာ သူ၏ အသားခွဲဓား ကို ထုတ်လိုက်တော့သည်။

[ တောဝက်သားရေ (အစိမ်းရောင်အဆင့်) ၁၊ တောဝက်သား (အစိမ်းရောင်အဆင့်) ၁၆၀ ကီလိုဂရမ်၊ တောဝက်အကြော (အစိမ်းရောင်အဆင့်) ၁၊ တောဝက်အရိုး (အစိမ်းရောင်အဆင့်) ၁ ရရှိခဲ့သည်။]

နောက်ထပ် သားရဲ အကြော တစ်ချောင်း ရပြီ။

မြှားသေနတ်အတွက် အကြော တစ်ချောင်း လိုအပ်ပြီး၊ သစ်ပင်အိမ်၏ အလိုအလျောက် မြှားပစ်စက်အတွက် နှစ်ချောင်း လိုအပ်သည်။

အကယ်၍ ရွှီရှင်း နောက်ထပ် တစ်ကောင်သာ အမဲလိုက်နိုင်လျှင် လက်ကိုင် မြှားသေနတ် ရော၊ သစ်ပင်အိမ် ကာကွယ်ရေး လက်နက်ကိုပါ နှစ်မျိုးလုံး လုပ်နိုင်တော့မည်။

ဒါပေမဲ့ ဒီဝက်သားတွေက... တော်တော်များနေတာ။

ဝက်နှစ်ကောင်ပေါင်းဆိုလျှင် ၃၄၀ ကီလိုဂရမ် ရှိပြီး ကျောပိုးအိတ်ထဲမှာတင် ၇၀ ကီလိုဂရမ်ခန့် ရှိနေပြီဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှာ အကြိမ်ကြိမ် သန်မာလာခဲ့သော်လည်း ဤအလေးချိန်က သူ၏ လှုပ်ရှားမှုကို အနှောင့်အယှက် ပေးပေလိမ့်မည်။

ဝက်သားမှာ အလွန်တန်ဖိုးရှိသော အရင်းအမြစ် မဟုတ်သော်လည်း ဒီအတိုင်း ပစ်ထားခဲ့ရန်မှာလည်း ရွှီရှင်းအတွက် မဖြစ်နိုင်ချေ။

ရုတ်တရက် ရွှီရှင်းသည် သူ၏နာရီရှိ အရောင်းအဝယ် လုပ်ဆောင်ချက်ကို သတိရသွားပြီး ဝက်သားများကို အရောင်းအဝယ် ကဏ္ဍတွင် တင်ရန် ကြိုးစားကြည့်သည်။

သူသည် အစိမ်းရောင်အဆင့် နှင့် အထက်ရှိသော အခြေခံ အရင်းအမြစ်များနှင့်သာ လဲလှယ်လိုကြောင်း သတ်မှတ်လိုက်သည်။

သို့သော် အရောင်းအဝယ် စင်မြင့်သည် အရောင်းအဝယ် မအောင်မြင်မချင်း ပစ္စည်းကို သိမ်းဆည်းမထားပေးသဖြင့် ဝက်သားများမှာ မြေပြင်ပေါ်တွင်သာ ရှိနေဆဲပင်။

ရွှီရှင်းသည် စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် စာရေးလိုက်သည်။

"ဟေ့... ဝက်သား လိုချင်တဲ့လူ ရှိလား"

လူတိုင်းတွင် နာရီရှိပြီး အချိန်မရွေး ဆက်သွယ်နိုင်သဖြင့် အဖွဲ့ထဲမှ ချက်ချင်း ပြန်ဖြေကြသည်။

ကျောက်ရှောင်ချွမ်း : "တောဝက်သားလား။ ခေါင်းဆောင်ကြီး အမဲလိုက်ထွက်နေတာလား"

ရွှီရှင်း : "ဟုတ်တယ်၊ အခုပဲ တစ်ကောင် သတ်လိုက်တာ။ စိတ်ဝင်စားတဲ့လူ ရှိလား"

ဝမ်လေ့ : "တောဝက်သားလား ခေါင်းဆောင်။ ကျွန်တော် လိုချင်တယ်။ ဈေးကွက်ထဲမှာ ရှိတာတွေက သားရဲတွေ ကိုက်ခဲထားတဲ့ အသေကောင်တွေချည်းပဲ။ စားဖို့ စိတ်မပါဘူး။ ခေါင်းဆောင် ကိုယ်တိုင် အမဲလိုက်ထားတာဆိုရင်တော့ ကျွန်တော် ယူမယ်။ အစိမ်းရောင်အဆင့် အရင်းအမြစ်တွေနဲ့ လဲမယ်ဗျာ။"

ရွှီရှင်း : "ဝက်သား ပေါင် ၆၀၀ ကျော် ရှိတယ်၊ အကုန် ယူမလား။"

ဝမ်လေ့ : "... ခေါင်းဆောင်၊ ကျွန်တော့်ကို အစားနဲ့ သတ်မလို့လားဗျာ"

ရွှီရှင်း သဘောပေါက်သွားသည်မှာ အကယ်၍ သူသာ အကုန်လုံး လဲလှယ်လိုက်လျှင်ပင် ပြန်ရလာမည့် အရင်းအမြစ်များမှာ သူ သယ်ဆောင်နိုင်သည့် ပမာဏထက် ကျော်လွန်နေပေလိမ့်မည်။

သူ သေချာ စဉ်းစားပြီးနောက် ကျိချောင်းယန်၏ ကိုယ်ပိုင်စာကို ရှာကာ စာပို့လိုက်သည်။

"မင်း သစ်ပင်အိမ်နားမှာ ရှိလား"

ခေတ္တအကြာတွင် ကျိချောင်းယန်က ပြန်ဖြေသည်။

"မရှိဘူး၊ ငါလည်း အမဲလိုက်ထွက်နေတာ၊ မင်းစာ မြင်ပါတယ်။ အသားတွေ များလွန်းလို့ မသယ်နိုင်တာလား။ တိုက်ရိုက် လဲလှယ်တာက ပိုအဆင်ပြေတယ်နော်။"

တစ်ဖက်လူလည်း အလားတူ အခြေအနေမျိုး ကြုံနေရပုံပေါ်သည်။

ကံကောင်းသည်မှာ သူ မသယ်နိုင်သည့် အသားများကို ထိုနေရာမှာတင် တိုက်ရိုက် လဲလှယ်နိုင်သော နည်းလမ်း ရှိနေခြင်းပင်။

ရွှီရှင်းက ပြန်ဖြေသည်။

"အိုကေလေ၊ ရပြီ။ ဆက်လုပ်တော့။"

"အင်း။"

သူသည် လီဝမ်ရှီးထံသို့ ကိုယ်ပိုင်စာ ပို့လိုက်သည် "မင်း သစ်ပင်အိမ်နားမှာ ရှိလား"

လီဝမ်ရှီးက ချက်ချင်း ပြန်ဖြေသည်။

"ရှိတယ်၊ ဝက်သား ဝယ်ခိုင်းမလို့လား"

ရွှီရှင်း အဖွဲ့ထဲ ပို့ထားသည့် စာကို သူမ မြင်ပုံရသည်။

သူမ သစ်ပင်အိမ်မှာ ရှိနေခြင်းက ကိစ္စကို ပိုလွယ်ကူစေသည်။

ရွှီရှင်း : "ငါ မင်းဆီ ဝက်သားတွေ လွှဲပေးလိုက်မယ်၊ ငါ့အတွက် ခဏ သိမ်းပေးထားပါ။ ငါ ပြန်ရောက်မှ ပြန်ပေးပေါ့။ မင်းကို ဆယ်ပုံတစ်ပုံ ပေးမယ်၊ ဘယ်လိုလဲ"

လီဝမ်ရှီး ခဏတိတ်သွားပြီးမှ ပြန်မေးသည်။

"ရှင် အဲဒီနေရာကနေ လှမ်းပြီး လဲလို့ ရလို့လား"

ကျိချောင်းယန်လည်း သိပြီးသားမို့ ရွှီရှင်းက ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။

"ရတယ်၊ ငါ့နာရီက ခရမ်းရောင်အဆင့် မို့ လှမ်းပြီး လဲလို့ ရတယ်။"

"အိုး... မိုက်လှချေလား"

တစ်ဖက်လူက အမှန်ပင် အားကျသွားပုံရသည် "ရတာပေါ့၊ ဆယ်ပုံတစ်ပုံက ကျွန်မ အတွက်နော်၊ ခဏလေးစောင့်...ကျွန်မ သစ်ပင်အိမ်အောက်မှာ သစ်ပင်စိုက်နေလို့"

ဤသူဌေးမလေးက သူ၏ ဝက်သားများကို လိမ်ယူသွားမည်ဟု ရွှီရှင်း မစိုးရိမ်ချေ။

သူမ လက်ထဲက သတ္တုတွင်းတွေက ဝက်သားထက် အများကြီး ပိုတန်ဖိုးရှိသည် မဟုတ်ပါလား။

"ဒီ ခရမ်းရောင်အဆင့် နာရီက တကယ်ကို အသုံးဝင်တာပဲ။ ဒီနည်းလမ်းနဲ့ဆိုရင် ပစ္စည်းတွေကို နေရာမှာတင် လွှဲပြောင်းနိုင်ပြီ"

ရွှီရှင်း သူ၏ စိတ်ကူးကို ကျေနပ်နေမိသည်။

ဤကမ္ဘာတွင် သူတစ်ယောက်တည်းသာ ဤနည်းကို သုံးနိုင်ပြီး၊ ယုံကြည်ရသော လူတစ်ယောက်ရှိရန်သာ လိုအပ်သည်။

လီဝမ်ရှီးနှင့် အရောင်းအဝယ် လုပ်ပြီးနောက် ရွှီရှင်း ကိုယ်လက် ပေါ့ပါးသွားသည်။

ဝမ်လေ့ကတော့ အဖွဲ့ထဲမှာ ဆက်မေးနေဆဲပင်။

ဝမ်လေ့ : "ခေါင်းဆောင်၊ ဘယ်မှာလဲဗျ။ ဝက်သား ရောင်းဦးမှာလား။ ကျွန်တော့်ကို ၁၀ ပိဿာလောက် ရောင်းပါဦး။"

ကျောက်ရှောင်ချွမ်း : "တော်စမ်းပါ ဝမ်လေ့ရာ၊ ခေါင်းဆောင်က မင်းကို အဖက်မလုပ်တာ သိသာနေတာပဲ။"

ဝမ်လေ့ : "ငါ ဝက်သား စားချင်လို့ပါကွာ။"

ရွှီရှင်း မပြုံးဘဲ မနေနိုင်တော့ဘဲ အဖွဲ့ထဲတွင် ပြန်ဖြေလိုက်သည်။

"ဒီည ငါ ပြန်ရောက်မှ ဆွေးနွေးကြတာပေါ့။"

ဝမ်လေ့ : "ဟုတ်ကဲ့ပါ ခေါင်းဆောင်"

ရွှီရှင်း : "ငါ့ကို ခေါင်းဆောင်လို့ ခေါ်နေစရာ မလိုပါဘူး၊ ရွှီရှင်း လို့ပဲ ခေါ်ပါ။"

ဝမ်လေ့: "ဟုတ်ကဲ့ပါ ခေါင်းဆောင် ရွှီရှင်းခင်ဗျာ"

သူ၏ နာရီဖန်သားပြင် ကို ပိတ်လိုက်ပြီး၊ ရွှီရှင်း လိုဏ်ဂူဘက်သို့ လှည့်ကြည့်လိုက်ရာ ရင်ခုန်သံ မြန်လာသည်။

ဒါ တကယ်ပဲ ဆားတွင်းလား။

သူ လိုဏ်ဂူထဲသို့ လမ်းလျှောက်ဝင်သွားရာ ကြမ်းပြင်တစ်ခုလုံး အဖြူရောင် ပုံဆောင်ခဲများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရ၏။

သူသည် အသားခွဲဓား ကို ထုတ်ကာ မြေပြင်မှ အဖြူရောင် ပုံဆောင်ခဲတစ်တုံးကို ခွာယူလိုက်သည်။

[ ဆားပုံဆောင်ခဲ: ဆားဓာတ် ကြွယ်ဝသော ပုံဆောင်ခဲဖြစ်ပြီး၊ စားသုံးဖို့ဆား ရရှိရန်အတွက် ထုတ်ယူနိုင်သည်။]

"အမိုက်စားပဲဟေ့" ရွှီရှင်း စိတ်လှုပ်ရှားသွားသည်။

နောက်ဆုံးတော့ သူ ဆား ရှာတွေ့ခဲ့လေပြီ။

သူဟာ တောဝက်တစ်ကောင်လိုပဲ အဲဒီဆားတွေကို အားပါးတရ လျက်ပစ်ချင်စိတ် ပေါက်နေသည်။

ဤဆားတွင်းမှာ အလွန်တန်ဖိုးရှိလှသည်။

တောအုပ်ထဲတွင် အစားအစာ မရှားသော်လည်း လူ့ခန္ဓာကိုယ်အတွက် ဆားသည် မရှိမဖြစ် လိုအပ်သော အရင်းအမြစ်ဖြစ်ပြီး ရှင်ကျန်သူများ အားလုံးတွင်လည်း ပြတ်လပ်နေသည့်အရာ ဖြစ်သည်။

လူတွေက ဒါကိုရဖို့အတွက် အရေးကြီးတဲ့ အရင်းအမြစ်တွေနဲ့ သေချာပေါက် လဲလှယ်ကြလိမ့်မည်ဖြစ်သည်။

ရွှီရှင်းသည် သူကိုယ်တိုင် ဆားသူဌေးကြီး ဖြစ်တော့မည်ဟု ခံစားနေရသည်။

"အခု ဒါကို ဘယ်လို ထုတ်ယူရမလဲ ကျိုချက်ရမလား ဖန်တီးတဲ့စားပွဲမှာ ဆားထုတ်တဲ့ ကိရိယာတွေ လုပ်လို့ရမလားတော့ မသိဘူး၊ ထားလိုက်ပါတော့လေ... အရင်ဆုံး သယ်သွားတာပေါ့။"

ရွှီရှင်းသည် ကျောက်တူးတံ ကို ထုတ်ကာ ဆားများကို စတင် တူးဖော်တော့သည်။

လိုဏ်ဂူထဲတွင် ဆားများ ပြည့်နှက်နေသဖြင့် အကုန်တူးရန်မှာ မဖြစ်နိုင်ချေ။

ရွှီရှင်းသည် ကီလိုဂရမ် ၂၀ ခန့် တူးပြီးနောက် ရပ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဆားတွင်းက ဘယ်မှ ထွက်မပြေးပါဘူး။

အရင်ဆုံး အနည်းငယ် ယူသွားပြီး စမ်းကြည့်ရမည်။

စီးစရာသတ္တဝါ ရပြီဆိုမှတော့ အကွာအဝေးက ပြဿနာ မဟုတ်တော့ချေ။

ဆားတွင်းမှ ထွက်လာပြီးနောက်၊ ရွှီရှင်းသည် တောင်ကုန်းများ၏ အတွင်းဘက်သို့ တစ်ဖန် လှည့်ကြည့်လိုက်သည်။

မြေပုံပေါ်တွင် အနီစက်များ ထူထပ်စွာ ရှိနေဆဲပင်။

အခြေအနေကို ပိုမို ရှင်းလင်းစွာ မြင်နိုင်ရန်အတွက် အနီစက်မရှိသော တောင်ကုန်းလေးတစ်ခုပေါ်သို့ တက်ကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။

"သွားရအောင် ခဲခဲ တောင်ပေါ် တက်ကြမယ်။"

မီတာ တစ်ရာခန့် မြင့်သော တောင်ကုန်းလေးကို ရွေးချယ်ကာ၊ ရွှီရှင်းသည် ချုံပုတ်များနှင့် သစ်ပင်များ ဖုံးလွှမ်းနေသော လျှောစောက်အတိုင်း တက်လာခဲ့သည်။

ခဲခဲ ကတော့ ရွှီရှင်း၏ ပုခုံးပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သည်။

"မင်းကတော့ ပျင်းလိုက်တဲ့ ကောင်လေး။"

"အီးးး"

ခဲခဲ က ကိုယ်နေဟန်ထား ပြင်လိုက်သည်။ ရွှီရှင်း၏ သံချပ်ကာ ပုခုံးသားမှာ မာကျောသဖြင့် နေရသည်မှာ သိပ်တော့ သက်သောင့်သက်သာ ရှိပုံမရချေ။

မကြာမီမှာပင် ရွှီရှင်းသည် တောင်ထိပ်သို့ ရောက်ရှိသွားပြီး အခြားတစ်ဖက်ကို လှမ်းကြည့်လိုက်သည်။

"ဟင်"

တောင်ကုန်း၏ အခြားတစ်ဖက်တွင် တောရိုင်းတိရစ္ဆာန်များစွာ ရှိနေသည်။

ဤနေရာမှာ တောင်ပတ်လည် ဝန်းရံထားသော ချိုင့်ဝှမ်းတစ်ခုနှင့် တူပြီး၊ အလယ်ဗဟိုမှာ အလွန်ညီညာကာ ရေအိုင်ငယ်လေး တစ်ခုလည်း ရှိနေသည်။

တောရိုင်းတိရစ္ဆာန် အမျိုးမျိုးမှာ ထိုနေရာတွင် သွားလာနေကြ၏။

ထို့အပြင် ဤနယ်မြေတစ်ခုလုံးမှာ အစိမ်းရောင်အဆင့် အလင်းများ နေရာအနှံ့ ထွက်ပေါ်နေပြီး၊ အပြာရောင်အဆင့် အစက်အပြောက် အချို့ကိုလည်း တွေ့ရသည်။

"အရင်းအမြစ် နယ်မြေအသစ်ပဲ"

ရွှီရှင်း၏ မျက်လုံးများ တောက်ပသွားသည်။

"ကြည့်ရတာ ဒီနယ်မြေတစ်ခုလုံးက သစ်ပင်အိမ်ရဲ့ ကာကွယ်ရေး နယ်မြေထဲမှာပဲ ရှိနေပုံရတယ်"

"နေပါဦး... အဲဒါ ဘာကြီးလဲ"

ခပ်လှမ်းလှမ်းကို စူးစိုက်ကြည့်လိုက်ရာ၊ ပိုမိုထင်ရှားသော အပြာရောင်အဆင့် အလင်းများ ထွက်ပေါ်နေသော နေရာတစ်ခုကို ရွှီရှင်း မြင်လိုက်ရသည်။

ထိုအပြာရောင်အလင်းများ၏ ရှေ့တွင် ကြီးမားသော သစ်ပင်ကြီးအချို့ ရှိနေသဖြင့် မီတာတစ်ရာအမြင့်က ကြည့်နေသော ရွှီရှင်းပင်လျှင် အသေအချာ မမြင်ရချေ။

ကြီးမားသော ကျောက်တိုင်ကြီးများ ရှိနေပုံရပြီး တစ်တိုင်ချင်းစီ၏ ထိပ်တွင် ကျောက်သားဖြင့် ထွင်းထုထားသော ရုပ်တုများ ရှိနေသည်။

ထိုရုပ်တုများမှာ တိရစ္ဆာန်ပုံစံများ ဖြစ်ဟန်တူသော်လည်း အလွန်ဝေးကွာသဖြင့် အသေအချာ မမြင်ရချေ။

"ဒါက တစ်ခုခု ထူးခြားတဲ့ အဆောက်အဦးလား"

ထိုကဲ့သို့ ထင်ရှားသော အလင်းရောင်မျိုးကို ဝက်ဝံနက် လိုဏ်ဂူနှင့် သူ၏ သစ်ပင်အိမ်မှာသာ မြင်ဖူးခဲ့ခြင်းဖြစ်သည်။

လိုဏ်ဂူမှာ အစိမ်းရောင်အဆင့် အလင်းထွက်ပြီး သစ်ပင်အိမ်မှာ ခရမ်းရောင်အဆင့် အလင်း ထွက်ခြင်းဖြစ်သည်။

ထိုနေရာသည် သေချာပေါက် ထူးခြားသော နေရာတစ်ခု ဖြစ်ရပေမည်။

"အခြား ရှင်ကျန်သူတွေ ရဲ့ သစ်ပင်အိမ်လား"

ရွှီရှင်း စဉ်းစားကြည့်ပြီးမှ ပြန်ပယ်ဖျက်လိုက်သည်။

"မဖြစ်နိုင်ပါဘူး၊ ဒီနယ်မြေမှာ တောရိုင်းတိရစ္ဆာန်တွေ ပြည့်နေတာပဲ။ ပြီးတော့ ဒါက သိသိသာသာကို ကျောက်သား အဆောက်အဦး တစ်ခုပဲ။"

ငါ သွားကြည့်သင့်လား။

---

အခန်း (၄၉) ပြီး။

အခန်း (၅၀) - မြွေဆိုး

ရွှီရှင်းသည် အစောပိုင်းက တောဝက်အုပ်ကြီး နားနေခဲ့သည့် တောင်ကုန်းအောက်ခြေသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

အရှေ့ဘက် မီတာတစ်ရာခန့် အကွာတွင် သန်မာထွားကြိုင်းသည့် နွားအုပ်ကြီးတစ်အုပ် ရှိနေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော နွားချိုကြီးများနှင့် ဧရာမခန္ဓာကိုယ်ကြီးများမှာ တောဝက်များ၏ အစွယ်ထက်ပင် ပို၍ ထိတ်လန့်စရာ ကောင်းလှသည်။

တောအုပ်အတွင်းမှ တောသမင်အချို့နှင့် မြေခွေးအချို့ကိုလည်း ခပ်ရေးရေး မြင်နေရသည်။

ထို့အပြင် တောအုပ်ထဲမှ ရုတ်တရက် ခုန်ထွက်လာသည့် လိမ္မော်ရောင် ကျားကြီးတစ်ကောင်ကိုလည်း ရွှီရှင်း လှမ်းမြင်လိုက်ရ၏။

ခပ်လှမ်းလှမ်းတွင်လည်း ဝံပုလွေများ၏ အူသံကို တစ်ချက်တစ်ချက် ကြားနေရသည်။

"ထားလိုက်ပါတော့လေ။"

ရွှီရှင်း လက်လျှော့လိုက်သည်။

၎င်းမှာ အလွန် အန္တရာယ်များလှသည်။

အနည်းဆုံးတော့ အိမ်ပြန်ပြီး မြှားသေနတ် ကို အရင်လုပ်ကာ အဝေးပစ်တိုက်ခိုက်နိုင်သည့် နည်းလမ်းရှိမှသာ ဤနယ်မြေထဲသို့ ဝင်ရန် စဉ်းစားသင့်သည်။

သားရဲများနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် တစ်ကောင်ချင်းစီဆိုလျှင် ဖြစ်နိုင်သေးသော်လည်း၊ ဤမျှများပြားသော သားရဲများကြားတွင် အမှားအယွင်းတစ်ခုကြောင့် တစ်ပြိုင်တည်း အများကြီးကို ဆွဲဆောင်မိပါက သံချပ်ကာ ဝတ်ထားသော်လည်း ရွှီရှင်း တောင့်ခံနိုင်မည် မဟုတ်ချေ။

ဤနယ်မြေထဲသို့ အနက်ရှိုင်းဆုံး မဝင်လိုသော်လည်း ရွှီရှင်း ချက်ချင်းကြီးတော့ ပြန်မလှည့်ချင်သေးချေ။

သားရဲ အကြော များနှင့် သားရေများကို ပိုမိုရရှိရန်အတွက် နောက်ထပ် သားရဲအချို့ကို သူ ထပ်မံ အမဲလိုက်ချင်သေးသည်။

လက်ရှိ သူ့တွင်ရှိသော ကုန်ကြမ်းများမှာ နည်းပါးလွန်းနေသေးသည်။

တောဝက်များသည် အမဲလိုက်ရန်အတွက် အသင့်တော်ဆုံး ပစ်မှတ်များ ဖြစ်ကြသည်။

အကယ်၍ တစ်ကောင်တည်းရှိသော ဝံပုလွေတစ်ကောင်ကို တွေ့ရလျှင် ပို၍ပင် ကောင်းဦးမည်။

သံချပ်ကာ၏ အကာအကွယ်ဖြင့် ဝံပုလွေတစ်ကောင်တည်းဆိုလျှင် ရွှီရှင်းကို ဘာမှ ဒုက္ခမပေးနိုင်ချေ။

အကယ်၍ ကံကောင်းလျှင် စီးစရာသတ္တဝါ အဖြစ် အသုံးပြုရန် ဝံပုလွေတစ်ကောင်ကို ရှာတွေ့နိုင်သည်။

သူ၏ စီးစရာသတ္တဝါ စာချုပ်လည်း ကို အမြဲတမ်း ကိုယ်နှင့်မကွာ သယ်ဆောင်ထားသည်။

ဝံပုလွေများသည် တစ်ကောင်ချင်း တိုက်ခိုက်မှုစွမ်းရည် အနည်းငယ် အားနည်းသော်လည်း၊ ဇွဲမှာ အလွန်ကောင်းမွန်လှသည်။

၎င်းတို့သည် သိုးအုပ် နှင့် သမင်အုပ်များကို သားကောင် မောပန်းသွားသည်အထိ လိုက်လံ အမဲလိုက်လေ့ရှိသဖြင့်၊ ခရီးဝေးသွားရန်အတွက် အလွန်သင့်တော်ပြီး စီးစရာသတ္တဝါ အဖြစ် အသုံးပြုရန် အကောင်းဆုံးပင် ဖြစ်သည်။

သူသည် အောက်ဘက်ရှိ သားရဲများနှင့် မြေပုံပေါ်က အနီစက်များကို လေ့လာကြည့်သော်လည်း တစ်ကောင်တည်းရှိသော ဝံပုလွေကို မတွေ့ရချေ။

တောဝက်များမှာလည်း အဖော်တစ်ကောင် ဆုံးရှုံးသွားရသဖြင့် တစ်အုပ်တည်း စုနေကြပုံရပြီး တစ်ကောင်တည်း ခွဲထွက်နေခြင်း မရှိပေ။

"ဒါက နည်းနည်း ဒုက္ခများတာပဲ။ ငါ့မှာသာ အဝေးပစ်လက်နက်ရှိရင် အပြင်ကို တစ်ကောင်လောက် ဆွဲထုတ်လို့ ရမှာ။ အခုတော့ ဒီသံချပ်ကာနဲ့ လှံကိုပဲ အားကိုးပြီး ဇွတ်ဝင်ရတော့မှာပဲ" ဟု ရွှီရှင်း ညည်းတွလိုက်သည်။

စိတ်ထဲတွင် တွန့်ဆုတ်နေပြီးမှ ရွှီရှင်း သွားကိုကြိတ်ကာ ဤအရင်းအမြစ်နယ်မြေ၏ အစွန်အဖျားသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် အတွင်းပိုင်းအထိ မဝင်ဘဲ ပတ်ပတ်လည်တွင် အခွင့်အရေးရှိမလားဟုသာ ဝဲကြည့်မည်ဖြစ်သည်။

ကုန်ကြမ်း တစ်ခုတည်း လိုနေခြင်းက တကယ်ကို စိတ်ပျက်စရာ ကောင်းလှသည်။

ရွှီရှင်းသည် မသိမသာ ဆင်းမသွားဘဲ၊ တောဝက်အုပ်နှင့် ဝေးကွာသော နေရာတစ်ခုကို ရွေးချယ်ကာ တောင်ကုန်းပေါ်မှ လမ်းလျှောက်ဆင်းပြီး အရင်းအမြစ်နယ်မြေထဲသို့ ဝင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် သတိထားနေလည်း အပိုပင်၊ သူ၏ ချပ်ဝတ် များက အသံထွက်နေမည်သာ ဖြစ်သည်။

တောင်ကုန်းပတ်လည် ဝန်းရံထားသော အတွင်းပိုင်းတွင်လည်း တောအုပ်တစ်ခု ရှိနေကာ ရွှီရှင်းရှိရာဘက်နှင့် မတူဘဲ ဤတောအုပ်မှာ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကာ တောရိုင်းတိရစ္ဆာန် အမျိုးမျိုး သွားလာနေကြသည်။

ဤဘက်အခြမ်းမှာ တကယ့် တောနက်ကြီးနှင့် ပိုတူလှသည်။

ရွှီရှင်းသည် ယခင်က မတွေ့ဖူးခဲ့သော သားရဲများစွာကို မြင်တွေ့ရ၏။

ယုန်တစ်ကောင်သည် သူ၏ရှေ့မှ ရုတ်တရက် ဖြတ်ပြေးသွားပြီး မြက်တောထဲတွင် ပျောက်ကွယ်သွားသည်။

ထိုယုန်မှာ အလွန်ပင် ဆူဖြိုးလှသဖြင့် ရွှီရှင်း တံတွေးပင် မြိုချလိုက်မိသည်။

"မြှားသေနတ် လုပ်ပြီးရင် အဲဒီယုန်ကိုပဲ ပစ်မှတ်ထားပြီး လေ့ကျင့်ရမယ်"

"အီးးး" ခဲခဲ က ရုတ်တရက် ရွှီရှင်းကို သူ၏လက်ကလေးဖြင့် ပုတ်လိုက်ပြီး၊ ဘယ်ဘက် ရှေ့တည့်တည့်ရှိ နေရာတစ်ခုကို ညွှန်ပြသည်။

ရွှီရှင်း လှမ်းကြည့်လိုက်ရာ၊ ခဏမျှ စူးစိုက်ကြည့်ပြီး ခဲခဲ ညွှန်ပြနေသည့် အရာကို သူ မြင်လိုက်ရသည်။

ကျောက်တုံးပေါ်တွင် လက်သုံးလုံးခန့် တုတ်သော မြွေတစ်ကောင်သည် ခွေလျက် ရှိနေပြီး၊ ၎င်း၏ အရောင်မှာ ကျောက်တုံးနှင့် တစ်သားတည်း ဖြစ်နေသဖြင့် ရောနှောနေ၏။

အကယ်၍ ခဲခဲ သာ သတိမပေးလျှင် ရွှီရှင်း လုံးဝ သတိထားမိမည် မဟုတ်ချေ။

ရေအိုင်ထဲက ဧရာမမြွေကြီးကြောင့် ရွှီရှင်းသည် ယခုအခါ မြွေများကို အတော်လေး အာရုံခံစားလွယ်နေပြီး ဗီဇအရ ရှောင်သွားချင်မိသည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင် သူသည် သံချပ်ကာ ဝတ်ထားသဖြင့် ဤမြွေသည် သူ၏ အကာအကွယ်ကို ဖောက်နိုင်ရန် မလွယ်ကူချေ။

" ခဲခဲ၊ ဒီမှာပဲ နေခဲ့။ ငါ အဲဒီမြွေကို သွားတွယ်လိုက်ဦးမယ်" ဟု ရွှီရှင်းက ခဲခဲ ကို အသာအယာ သတိပေးလိုက်သည်။

မြွေအရေခွံ၊ မြွေအဆိပ်၊ မြွေသည်းခြေတို့သည် အလွန်တန်ဖိုးရှိသော အရင်းအမြစ်များ ဖြစ်ကြသည်။

"အီးးး" ဟု ခဲခဲ က အသာအယာ ပြန်ထူးပြီးနောက်၊ အနီးရှိ သစ်ပင်တစ်ပင်ပေါ်သို့ လျင်မြန်စွာ တက်သွားကာ သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်၍ သူ့ကို ကြည့်နေတော့သည်။

ဤကောင်လေးသည် အစောပိုင်းက ဧရာမတောဝက်ကြီးများကို မကြောက်သော်လည်း၊ မြွေများကိုတော့ အတော်လေး ကြောက်ပုံရသည်။

ရွှီရှင်းကတော့ ပြောင်းပြန်ပင်။

တောဝက်များက သူ့ကို အန္တရာယ် ပေးနိုင်သော်လည်း၊ မြွေများကတော့ သူ့ကို အမှန်တကယ် မထိခိုက်နိုင်ချေ။

သူသည် မြွေကို သတိမထားမိသည့်အလား ဟန်ဆောင်ကာ ၎င်းပုန်းနေသည့် ကျောက်တုံးဘေးမှ လမ်းလျှောက်သွားလိုက်သည်။

သံချပ်ကာမှ အသံများ ထွက်ပေါ်နေပြီး၊ ရွှီရှင်း၏ မျက်လုံးထောင့်မှ ကြည့်လိုက်ရာ ကျောက်တုံးနှင့်တူသော မြွေမှာ အနည်းငယ် လှုပ်ရှားသွားပြီးနောက် ရုတ်တရက် ခုန်အုပ်လိုက်၏။

လာပြီဟေ့။

ရွှီရှင်းသည် သူ၏လက်ဖြင့် ကာရန် မကြိုးစားချေ။

အကြောင်းမှာ သူ၏လက်တွင် အကာအကွယ် မရှိဘဲ ကျန်နေရာများတွင်သာ သံချပ်ကာ ရှိသောကြောင့် ဖြစ်သည်။

ကျောက်တုံးမြွေသည် သူ၏ခြေထောက်ကို ရစ်ပတ်လိုက်ပြီး ရွှီရှင်း၏ သံခြေစွပ်ချပ်ဝတ် ကို အားကုန် ကိုက်လိုက်ရာ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် သွားကျိုးသွားသည့် အသံနှင့်အတူ မြွေမှာ တွန့်လိမ်လျက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နာကျင်စွာဖြင့် လူးလှိမ့်နေတော့သည်။

မြွေ၏ သွားများသည် သံချပ်ကာနှင့် တိုက်မိပြီး ကျိုးသွားခြင်းသာ ဖြစ်သည်။

ရွှီရှင်းသည် သံဖိနပ် စီးထားသော သူ၏ခြေထောက်ကို အမြန်မြှောက်ကာ၊ မြွေ၏ ခုနစ်လက်မ နေရာကို အားကုန် နင်းချလိုက်သည်။

ခုနစ်လက်မ နေရာဆိုသည်မှာ အမှန်စင်စစ် နှလုံးရှိရာ နေရာပင် ဖြစ်သည်။

မြွေ၏နှလုံးမှာ ဦးခေါင်း၏ အောက်နားလေးတွင် ရှိသည်ဟု ရွှီရှင်း ကြားဖူးထား၏။

သူသည် ခြေတစ်ဖက်ဖြင့် ထိုနေရာကို နင်းထားပြီး၊ ကျန်ခြေတစ်ဖက်ဖြင့် မြွေ၏ဦးခေါင်းကို အားရပါးရ နင်းချလိုက်သည်။

မြွေ၏ခန္ဓာကိုယ်မှာ ခြေထောက်အောက်တွင် ပြင်းထန်စွာ တွန့်လိမ်နေပြီး ရွှီရှင်း၏ ခြေထောက်ကို ရစ်ပတ်ထားသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။

ရွှီရှင်းသည် အကျင့်အတိုင်း မြွေ၏ဦးခေါင်းနှင့် ခုနစ်လက်မ နေရာကို နောက်ထပ် နှစ်ကြိမ်ခန့် ထပ်နင်းလိုက်ပြီး၊ ကျောက်လှံ ကို ထုတ်ကာ နောက်ထပ် အကြိမ်အနည်းငယ် ထပ်ထိုးလိုက်သည်။

"သံချပ်ကာ ဝတ်ပြီး ဒီလို သတ္တဝါလေးတွေကို ကိုင်တွယ်ရတာက ကြက်သတ်ရသလောက်တောင် မခက်ပါလား။"

လက်သုံးလုံးခန့် တုတ်သော မြွေ သေသွားပြီဟု အတည်ပြုပြီးနောက်၊ ရွှီရှင်းသည် အသားခွဲဓား ကို ထုတ်လိုက်သည်။

ခွေနေစဉ်က သိပ်မရှည်ပုံရသော်လည်း၊ ရွှီရှင်း ဆွဲဆန့်ကြည့်လိုက်သောအခါ နှစ်မီတာခွဲနီးပါး ရှိနေပြီး လက်သုံးလုံးခန့် တုတ်သော ၎င်း၏ကိုယ်လုံးမှာ အတော်လေး ကြောက်စရာ ကောင်းလှသည်။

ခဲခဲ ကတော့ သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး မြွေအသေကောင်ကို သူ၏လက်ကလေးဖြင့် စပ်စုကာ တို့ကြည့်နေသည်။

"သွားမဆော့နဲ့ဦး။ မသေသေးဘဲ ထခုန်ပြီး ကိုက်လိုက်ဦးမယ်" ဟု ရွှီရှင်းက နောက်ပြောင်လိုက်သည်။

"အီးးး" ခဲခဲ လန့်သွားသဖြင့် ရွှီရှင်း၏ ပုခုံးပေါ်သို့ ခုန်တက်သွားရာ သူ ရယ်မောမိတော့သည်။

ဓားချက်အနည်းငယ်နှင့်ပင် မြွေ၏ခန္ဓာကိုယ်ကို ရှင်းလင်းလိုက်သည်။

[အဆင့်မြင့်မြွေသားရေ (အပြာရောင်အဆင့်) ၁၊ အဆိပ်အိတ် (အစိမ်းရောင်အဆင့်) ၁၊ မြွေသား ၁၅ ကီလိုဂရမ်၊ မြွေသည်းခြေ (အစိမ်းရောင်အဆင့်) ၁၊ မြွေအကြော (အစိမ်းရောင်အဆင့်) ၁ ရရှိခဲ့သည်။]

တကယ့်ကို အဖိုးတန်တဲ့ ရလဒ်ပဲ။

ဝက်ဝံလက်ဝါးပြီးရင် နောက်ထပ် အပြာရောင်အဆင့် အရင်းအမြစ်တစ်ခု ထပ်ရပြီ။

ဒါ အပြာရောင်အဆင့် သားရဲသားရေပဲ။

သားရဲသားရေကို ယခုအခါ အဓိကအားဖြင့် ကျောပိုးအိတ် နှင့် သားရေချပ်ဝတ်များ ပြုလုပ်ရာတွင် အသုံးပြုသည်။

ဖန်တီးသည့်စားပွဲ၏ စာရင်းကို ကြည့်စဉ်က သားရေချပ်ဝတ် ပြုလုပ်ရန် သားရဲသားရေနှင့် သားရဲအရိုးများ လိုအပ်သည်ကို သူ မြင်တွေ့ခဲ့ရသည်။

သူ့တွင် အပြာရောင်အဆင့် သံချပ်ကာ ရှိနေပြီဖြစ်သဖြင့် သားရေချပ်ဝတ် မလိုအပ်ဟု ရွှီရှင်း ယူဆခဲ့သော်လည်း၊ ယနေ့ အတွေ့အကြုံအရ သံချပ်ကာမှာ ထိပ်တိုက်ရင်ဆိုင်မှုများအတွက်သာ သင့်တော်သည်။

အကယ်၍ သူသည် သတိကြီးပြီး လျင်မြန်လှသော သမင်၊ သိုး နှင့် ယုန်ကဲ့သို့သော အပင်စားသတ္တဝါများကို အမဲလိုက်လိုလျှင် အသံမထွက်ဘဲ ချဉ်းကပ်လို့မရကာ သံချပ်ကာမှာ အနှောင့်အယှက် ဖြစ်လာပေလိမ့်မည်။

ဖြစ်နိုင်လျှင် အပြာရောင်အဆင့် သားရေချပ်ဝတ် တစ်စုံကိုလည်း သူ ဖန်တီးချင်မိသည်။

သို့သော် လောလောဆယ်တွင်မူ ဤ အပြာရောင်အဆင့် သားရဲသားရေကို အပြာရောင်အဆင့် ကျောပိုးအိတ် တစ်ခု အရင်ဖန်တီးရန် အသုံးပြုသင့်သည်။

ရွှီရှင်းသည် ကျန်ရှိသော ကုန်ကြမ်းများကို အာရုံစိုက်ကြည့်လိုက်သည်။

[အဆိပ်အိတ် (အစိမ်းရောင်အဆင့်): မြွေဆိုး၏ အဆိပ်များ အားလုံး ပါဝင်ပြီး၊ အဆိပ်မြှားများ သို့မဟုတ် အဆိပ်လက်နက်များ ဖန်တီးရာတွင် အသုံးပြုနိုင်သည်။]

[မြွေသည်းခြေ (အစိမ်းရောင်အဆင့်): မြွေဆိုး၏ သည်းခြေဖြစ်ပြီး၊ ဆေးဝါးဖော်စပ်ခြင်း၊ အရက်စိမ်ခြင်း သို့မဟုတ် တိုက်ရိုက်စားသုံးခြင်းတို့ ပြုလုပ်နိုင်သည်။ ၎င်းမှာ အလွန်တန်ဖိုးရှိသော ကုန်ကြမ်းဖြစ်သည်။ အာနိသင် မပျက်ပြယ်စေရန် အမြန်ဆုံး စီမံဆောင်ရွက်ရမည်။]

အဆိပ်အိတ် ကို အဆိပ်မြှားတွေ လုပ်ဖို့ သုံးလို့ရတာပဲ။ အဆိပ်မြှားတွေက တကယ့်ကို ကြောက်စရာကောင်းတဲ့ လက်နက်တွေပဲ။

သာမန် မြှားသေနတ် တစ်ခုက သားရဲ၏ အသက်ရှူလမ်းကြောင်း သို့မဟုတ် အချက်အချာနေရာကို မထိလျှင် အန္တရာယ် သိပ်မရှိနိုင်သော်လည်း၊ အဆိပ်မြှားကတော့ အရေခွံကို ထိရုံနှင့်ပင် သားရဲ၏ လှုပ်ရှားမှုကို အနည်းဆုံးတော့ ဟန့်တားနိုင်ပေလိမ့်မည်။

ရွှီရှင်းအနေဖြင့် မြှားသေနတ် ပင် မလုပ်ရသေးမီမှာပင် သူ၏ စွမ်းဆောင်ရည်မှာ တိုးတက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

မြွေသည်းခြေ က ဆေးဖက်ဝင်ပုံရသော်လည်း ဘာအတွက် သုံးရမှန်း သူ သေချာမသိချေ။

အလွန်တန်ဖိုးရှိသည်ဟုသာ သူ ကြားဖူးသည်။

လောလောဆယ် သူ့တွင် စိမ်ရန် အရက်မရှိသဖြင့် ပြန်ရောက်လျှင် အခြောက်ခံကာ သိမ်းဆည်းထားမည်ဖြစ်သည်။

နေလှန်းကာ မြွေသည်းခြေ ခြောက်အဖြစ် သိမ်းဆည်းထားနိုင်သည်ဟု သူ ကြားဖူးထား၏။

တောနက်ပိုင်းကို လှမ်းကြည့်ရင်း ရွှီရှင်း ရှေ့ဆက်မတိုးရန် ဆုံးဖြတ်လိုက်သည်။

ယခုဆိုလျှင် သားရဲ အကြော သုံးချောင်းနှင့် အပြာရောင်အဆင့် သားရဲသားရေ တစ်ခု ရရှိထားပြီဖြစ်သည်။

ဤအမဲလိုက်ခရီးစဉ်မှာ အတော်လေး အကျိုးရှိခဲ့ပြီဖြစ်ရာ၊ နောက်ထပ် စွန့်စားမှုများ ထပ်မလုပ်ချင်တော့ချေ။

---

အခန်း (၅၀) ပြီး။

အခန်း (၅၁) - အစီအစဉ်မစတင်မီ ပြင်ဆင်မှုများ

သူ နောက်ပြန်လှည့်လိုက်စဉ်မှာပင် မလှမ်းမကမ်းရှိ အခြားအရပ်မျက်နှာတစ်ခုမှ အပြာရောင်အဆင့် အလင်းဖျော့ဖျော့လေး ထွက်ပေါ်နေသည်ကို သတိပြုမိလိုက်သည်။

ထိုနေရာတွင် အပြာရောင်အဆင့် အရင်းအမြစ်များ ရှိနေသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ အနီးအနားတွင် တောရိုင်းတိရစ္ဆာန်များ မရှိသဖြင့် သူ လမ်းလျှောက်သွားလိုက်၏။

၎င်းမှာ အပြာရောင်အဆင့် မိုးမခပင် တစ်ပင် ဖြစ်နေသည်။

"တကယ့် အတွေ့ကောင်းပဲ။ အပြာရောင်အဆင့် သစ်သားတွေ ကုန်ခါနီးနေတာနဲ့ အတော်ပဲ။"

ရွှီရှင်းသည် ထိုမိုးမခပင်ကို ပျော်ရွှင်စွာ ခုတ်လှဲလိုက်သည်။

အသစ်ရရှိလာသော အဆင့်မြင့်သစ်သား (အပြာရောင်အဆင့်) ကို သိမ်းဆည်းပြီးနောက်၊ ရွှီရှင်းသည် စောစောက ကျောက်တိုင်ကြီးများ မြင်ခဲ့ရသည့် အရပ်သို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာမှာ ထူထပ်လှသော တောအုပ်ကြောင့် ဖုံးကွယ်နေသော်လည်း အစိမ်းရောင်အဆင့် အလင်းများကြားတွင် ရောနှောနေသော အပြာရောင်အဆင့် အလင်းဖျော့ဖျော့များကို မြင်နေရဆဲပင်။

"ဒီနေ့တော့ အဲဒီကို သွားဖို့ လက်လျှော့လိုက်ဦးမယ်။ အိမ်ပြန်ပြီး မြှားသေနတ် နဲ့ အလိုအလျောက် မြှားပစ်စက် လုပ်ဖို့က ပိုပြီး အရေးကြီးတယ်။"

ရွှီရှင်းသည် သူ၏ ကျောပိုးအိတ် ထဲရှိ ကုန်ကြမ်းပုံကြီးကို တစ်ချက်ကြည့်ကာ ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ဤအရင်းအမြစ်နယ်မြေကို တောင်ကုန်းများက ဝန်းရံထားသော်လည်း တောင်ကုန်းနှစ်ခုကြားရှိ မြေပြင်ပေါ်တွင် ထွက်ပေါက်တစ်ခု ရှိနေသည်။

ရွှီရှင်းသည် အနီးဆုံးထွက်ပေါက်ကို လှမ်းကြည့်လိုက်ရာ မြေပုံပေါ်တွင် အနီစက်များ ပြည့်နှက်နေသဖြင့် ၎င်းမှာ တောဝက်များ အခြေချရာနေရာ ဖြစ်နိုင်ခြေ များလှသည်။

ထားလိုက်ပါတော့လေ၊ တောင်ကုန်းပေါ်ကပဲ ကျော်တက်သွားတာ ပိုကောင်းပါတယ်၊ တောဝက်အုပ်ကြီးနဲ့ ထိပ်တိုက် မတွေ့ချင်တော့ဘူး။

တောင်ကုန်းပေါ်တွင် တောရိုင်းတိရစ္ဆာန် သိပ်မရှိချေ။

အရင်းအမြစ်နယ်မြေထဲတွင် မဟုတ်သဖြင့် တောင်ကုန်းတစ်ခုလုံးတွင် အစိမ်းရောင်အဆင့် အစက်အပြောက် အနည်းငယ်သာ ရှိပြီး၊ ရွှီရှင်းသည် ရှိသမျှ အစိမ်းရောင်အဆင့် အရင်းအမြစ် အနည်းငယ်ကို အလွယ်တကူပင် ဆွတ်ခူးခဲ့သည်။

တောင်ထိပ်သို့ ပြန်ရောက်သောအခါ ရွှီရှင်းသည် ကျောက်တိုင်ကြီးများရှိရာသို့ တစ်ဖန် လှမ်းကြည့်လိုက်သည်။

"ဟင်..အဲဒီရုပ်တုက ပြောင်းလဲသွားတာလား"

ရွှီရှင်း အနည်းငယ် ဇဝေဇဝါဖြစ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

ရုပ်တုမှာ ဘာပုံစံလဲဆိုတာ အသေအချာ မမြင်ရသော်လည်း ၎င်း၏ ပုံသဏ္ဌာန်မှာ ပြောင်းလဲသွားပုံ၏။

ရွှီရှင်းသည် အလွန်ပင် စပ်စုချင်နေသော်လည်း တုန်လှုပ်နေသော သူ၏စိတ်ကို ထိန်းချုပ်ကာ ထွက်ခွာရန်သာ ရွေးချယ်လိုက်သည်။

ဝက်ဝံနက်လိုဏ်ဂူမှာ အစိမ်းရောင်အဆင့် အလင်းသာ ထွက်သော်လည်း ဝက်ဝံနက်တစ်ကောင် ရှိနေခဲ့သည်။

အပြာရောင်အဆင့် အလင်းထွက်သော နေရာမှာမူ ဝက်ဝံနက်လိုဏ်ဂူထက် အဆပေါင်းများစွာ ပိုမိုအန္တရာယ်ရှိပေလိမ့်မည်။

သူ၏ လက်နက်ကိရိယာများကို အဆင့်မြှင့်တင်ပြီးမှ ပြန်လာတာက ပိုကောင်းသောရွေးချယ်မှုပင်။

"ဟူး... ငါသာ စီးစရာသတ္တဝါ တစ်ကောင်လောက်နဲ့ စာချုပ်ချုပ်နိုင်ရင် ဘယ်လောက်ကောင်းမလဲ။"

ဝေးကွာလှသော အိမ်အပြန်လမ်းကို ကြည့်ရင်း ရွှီရှင်း သက်ပြင်းချလိုက်မိသည်။

ခဲခဲ ကတော့ သူ၏ပုခုံးပေါ်တွင် သက်သောင့်သက်သာ လှဲနေဆဲပင်။

"မင်း ကြီးလာရင် စီးလို့ရမှာလား"

ရွှီရှင်းက ထိုသတ္တဝါလေး၏ ခေါင်းကို ပုတ်ရင်း မေးလိုက်သည်။

"အီးးး အီးး" ခဲခဲ ကတော့ ဇဝေဇဝါ ဖြစ်နေပုံရသည်၊ သူက ဒီလောက်ပဲ ကြီးတာလေ ဆိုသည့်အလား။

တစ်နာရီနီးပါး လမ်းလျှောက်ပြီးနောက် ရွှီရှင်းသည် သစ်ပင်အိမ်သို့ နောက်ဆုံးတွင် ပြန်ရောက်လာခဲ့သည်။

မွန်းလွဲပိုင်း ရောက်နေပြီဖြစ်ရာ ရွှီရှင်း၏ ဗိုက်မှာလည်း ဆာလောင်မှုကြောင့် အသံများ မြည်နေပြီဖြစ်သည်။

သူသည် စားသုံးဖို့ဆား ထုတ်ယူနိုင်မည့် ကိရိယာ ရှိမလားဟု ဖန်တီးသည့်စားပွဲသို့ ကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရွှီရှင်းသည် ဖန်တီးနိုင်သည့် စာရင်းထဲတွင် သံထည်ကိရိယာတစ်ခုကို ရှာတွေ့လိုက်သည်။

[ဆားချက်စက် (အစိမ်းရောင်အဆင့်): ဆားပုံဆောင်ခဲ များနှင့် ရေကိုထည့်ကာ အောက်မှ မီးမြှိုက်ပေးခြင်းဖြင့် သန့်စင်သော ဆားကို ရရှိနိုင်သည်။ လိုအပ်ချက်: သံတုံး (အစိမ်းရောင်အဆင့်) ၂ တုံး၊ သစ်သား (အစိမ်းရောင်အဆင့်) ၅ ခု]

"အမိုက်စားပဲဟ"

ရွှီရှင်းသည် ထိုစက်ကို ချက်ချင်းပင် ဖန်တီးလိုက်သည်။

ဒါဟာ သံထည်ကိရိယာတစ်ခုဖြစ်ပြီး၊ ရွှီရှင်း ရွှေရတနာသေတ္တာ ရရှိပြီးနောက် သော့ပွင့်လာသည့် ပစ္စည်းတစ်ခုဖြစ်သည်။

လောလောဆယ်တွင် သူနှင့် ကျိချောင်းယန်တို့သာ ၎င်းကို လုပ်ဆောင်နိုင်သဖြင့် အခြားသူများ ဆားတွင်းရှာတွေ့လျှင်ပင် သန့်စင်သော ဆားရရန် ဤစက်ကို ဖန်တီးနိုင်မည် မဟုတ်ချေ။

သို့သော်လည်း အချို့လူများမှာ ကိုယ်ပိုင်နည်းလမ်းများဖြင့် ဆားကို သန့်စင်နိုင်သည့် ဖြစ်နိုင်ခြေတော့ ရှိနေပါသေးသည်။

ရွှီရှင်းသည် ဆားပုံဆောင်ခဲ များနှင့် ရေကို စက်ထဲသို့ ထည့်လိုက်ကာ အဖြူရောင်အဆင့် သစ်သားအချို့ကို လောင်စာအဖြစ် ထည့်၍ စက်ကို စတင်လည်ပတ်စေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အပြာရောင်အဆင့် ကျောပိုးအိတ် တစ်ခုကို ဖန်တီးလိုက်၏။

[အဆင့်မြင့်ကျောပိုးအိတ် (အပြာရောင်အဆင့်): အကန့် ၂၀ ပါဝင်သော ကျောပိုးအိတ် ဖြစ်ပြီး၊ အကန့်တစ်ခုစီတွင် ဆံ့ဝင်နိုင်သော ပမာဏမှာ အရင်းအမြစ် အမျိုးအစားပေါ် မူတည်သည်။ အရင်းအမြစ်များ၏ အလေးချိန်ကို မူလအလေးချိန်၏ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည်။]

၎င်းမှာ အစိမ်းရောင်အဆင့် ကျောပိုးအိတ် ထက် အကန့် ၁၀ ကန့် ပိုများပြီး အလေးချိန်ကိုလည်း ထက်ဝက်ခန့် ထပ်မံလျှော့ချပေးနိုင်သည်။

ဒါဟာ ရွှီရှင်းကို ပစ္စည်းများ ပိုမိုသယ်ဆောင်နိုင်စေသည်။

ဆက်လက်၍ ရွှီရှင်းသည် မြှားသေနတ် နှင့် အလိုအလျောက် မြှားပစ်စက် တို့ကိုလည်း ဖန်တီးရန် လိုအပ်သည်။

မြှားသေနတ် နှင့် လေးမြှားတို့အတွက် လိုအပ်သော ကုန်ကြမ်းများမှာ ဆင်တူလှသည်။

[ မြှားသေနတ် (အစိမ်းရောင်အဆင့်): မြှားဦးမှာ သံဖြစ်ပြီး၊ မြှားတံမှာ သစ်သားဖြစ်ကာ၊ မြှားတောင်ပံ တပ်ဆင်ထားသည် - တိကျစွာ ပစ်ခတ်နိုင်သော စံမီမြှား ဖြစ်သည်။ ပြန်လည်အသုံးပြုနိုင်သည်။ မြှားသေနတ် (အစိမ်းရောင်အဆင့်) အစင်း ၂၀ အတွက် လိုအပ်ချက်: သံတုံး (အစိမ်းရောင်အဆင့်) ၂ တုံး၊ သစ်သား (အဖြူရောင်အဆင့်) ၂ ခု၊ ငှက်မွေး (အစိမ်းရောင်အဆင့်) ၂ ခု]။

မြှားများအတွက် ငှက်မွေးများ လိုအပ်ပြီး၊ သူ့တွင် သားရဲပုန်ကန်မှုအပြီး ကောက်ရခဲ့သော ဇီးကွက်မွေး ၄ ခုသာ ရှိသဖြင့် မြှား အစင်း ၄၀ သာ လုပ်နိုင်သည်။

သို့သော် ပြန်လည်အသုံးပြုနိုင်သဖြင့် လောလောဆယ်တွင်တော့ လုံလောက်ပေလိမ့်မည်။

ရွှီရှင်းသည် မြှားများကို ပိုမိုခိုင်ခံ့စေရန် သစ်သား (အစိမ်းရောင်အဆင့်) ကို အသုံးပြု၍ ဖန်တီးလိုက်သည်။

ကြည့်နေရင်းနှင့်ပင် သူ ဖန်တီးနိုင်သော နောက်ထပ် မြှားအမျိုးအစားတစ်ခုကို တွေ့လိုက်ရသည်။

[အဆိပ်မြှားသေနတ်] (အစိမ်းရောင်အဆင့်): မြှားသေနတ် ပေါ်တွင် အဆိပ်သုတ်လိမ်းထားခြင်းဖြင့် အဆိပ်မြှား များကို ရရှိနိုင်သည်။ ထိုအဆိပ်သည် သေးငယ်သော တောရိုင်းတိရစ္ဆာန်များကို သေစေနိုင်သည်။ ပြန်လည်အသုံးပြုနိုင်သော်လည်း ပြန်လည်ကောက်ယူပြီးနောက်တွင် သာမန်မြှားများ ဖြစ်သွားပေလိမ့်မည်။ အဆိပ်မြှား အစင်း ၂၀ အတွက် လိုအပ်ချက်: မြှားသေနတ် (အစိမ်းရောင်အဆင့်) အစင်း ၂၀၊ [အဆိပ်အိတ်] (အစိမ်းရောင်အဆင့်) ၁ အိတ်]

အဆိပ်အိတ် တစ်အိတ်နဲ့ မြှား အစင်း ၂၀ ကို အဆိပ်သုတ်နိုင်တာပဲ။

ရွှီရှင်းသည် အဆိပ်မြှား အစင်း ၂၀ ကို ချက်ချင်းပင် ဖန်တီးလိုက်ရာ မြှားဦးများပေါ်တွင် အစိမ်းဖျော့ရောင် အလွှာလေး ဖုံးအုပ်သွားသဖြင့် သာမန်မြှားများနှင့် အလွယ်တကူ ခွဲခြားနိုင်သည်။

ယခုဆိုလျှင် သူ၏လက်ထဲတွင် သာမန်မြှား ၂၀ နှင့် အဆိပ်မြှား ၂၀ ရှိနေပြီဖြစ်သည်။

မြှားသေနတ် အတွက် သစ်သား (အစိမ်းရောင်အဆင့်) ၅ ခု၊ သံတုံး (အစိမ်းရောင်အဆင့်) ၂ တုံး၊ သားရဲ အကြော (အစိမ်းရောင်အဆင့်) ၁ ချောင်း လိုအပ်သည်။

ရွှီရှင်း၏ အတွေ့အကြုံအရ အပြာရောင်အဆင့် ကိရိယာများမှာ အဓိကကုန်ကြမ်းတွင် အပြာရောင်အဆင့် ပါဝင်ရန် လိုအပ်သည်။

သူ၏လက်ထဲတွင် အပြာရောင်အဆင့် သားရဲ အကြော မရှိသဖြင့် လောလောဆယ်တွင် အစိမ်းရောင်အဆင့် မြှားသေနတ် ကိုသာ ဖန်တီးနိုင်ခဲ့သည်။

အစိမ်းရောင်အဆင့် မြှားသေနတ် ဖြစ်သော်လည်း ကိုင်ကြည့်လိုက်သောအခါ အတော်လေး လေးလံလှသည်။

"နောက်ဆုံးတော့ ငါ့မှာ အဝေးပစ်တိုက်ခိုက်နိုင်တဲ့ နည်းလမ်း ရပြီ" ဟု ရွှီရှင်း ရေရွတ်လိုက်သည်။

သူသည် သာမန်မြှားတစ်စင်းကို မြှားသေနတ် ပေါ်တင်ကြည့်ရာ မြှားကြိုးတင်ရန်မှာ အတော်လေး အားစိုက်ရသည်ကို တွေ့ရ၏။

"ဒါက ကြိုးတင်တဲ့ နည်းလမ်းမဟုတ်ဘူး ထင်တယ်"

ရွှီရှင်း အသေအချာ လေ့လာကြည့်ရာ မြှားသေနတ် ၏ အရှေ့ဘက်ထိပ်တွင် ခြေထောက်တင်နိုင်သည့် နေရာတစ်ခုကို သတိပြုမိလိုက်သည်။

သူသည် မြှားကို ပြန်ဖြုတ်ကာ မြှားသေနတ် ၏ အရှေ့ဘက်ကို မြေပြင်ပေါ်ချ၍ ခြေထောက်ဖြင့် နင်းကာ ကြိုးကို အပေါ်သို့ ဆွဲတင်ကြည့်သည်။

ဤတစ်ကြိမ်တွင်မူ အရင်ကထက် မြှားတင်ရသည်မှာ ပို၍ လွယ်ကူသွားသည်။

"ခြေထောက်နဲ့ နင်းပြီးမှ ကြိုးတင်ရတာကိုး။ ကြိုးတင်ရတာ ဒီလောက်ခက်နေမှတော့ ဒါက တော်တော်လေး အားပြင်းမှာ သေချာတယ်"

ရွှီရှင်းသည် ပြတင်းပေါက်နားသို့ သွားကာ၊ အပြင်ဘက်ရှိ မိုးမခပင်တစ်ပင်၏ ပင်စည်ကို ချိန်ရွယ်၍ ခလုတ်ကို ဆွဲလိုက်သည်။

"ရှူးးး"

"ဖောက်"

မြှားမှာ ပစ်မှတ်ကို တိကျစွာ ထိမှန်သွားပြီး ပင်စည်ထဲသို့ တစ်ဝက်ကျော်ခန့် မြုပ်ဝင်သွားကာ မြှားအမြီးမှာ တဆတ်ဆတ် တုန်ခါနေဆဲပင်။

"တကယ် အစွမ်းထက်တယ်"

ရွှီရှင်းသည် မြှားသေနတ် ၏ ပစ်အားကို အလွန်ကျေနပ်သွားသည်။

သူသည် အောက်သို့ဆင်းကာ ပစ်လိုက်သော မြှားကို ပြန်ကောက်ပြီး၊ ဖန်တီးသည့်စားပွဲတွင် သစ်သားမြှားတောင့် အသေးလေးတစ်ခုကို ဖန်တီးလိုက်သည်။

ထိုမြှားတောင့်ထဲတွင် မြှား အစင်း ၁၀၀ ဆံ့သဖြင့် ရွှီရှင်းသည် ရှိသမျှမြှားအားလုံးကို ထည့်ကာ ဘေးတွင် ချိတ်ဆွဲထားလိုက်သည်။

နောက်တစ်ဆင့်အနေဖြင့် သစ်ပင်အိမ်၏ အပြင်ဘက်တွင် အလိုအလျောက် မြှားပစ်စက် ကို တပ်ဆင်ရန် အချိန်ကျပြီဖြစ်သည်။

အလိုအလျောက် မြှားပစ်စက် ကို သစ်ပင်အိမ် တည်ဆောက်ရေးစာရင်းမှ တိုက်ရိုက် ပြုလုပ်ရခြင်းဖြစ်သည်။

ရွှီရှင်းသည် ဖန်သားပြင်ပေါ်ရှိ သစ်ပင်အိမ် အဆင့်မြှင့်တင်ခြင်း ကို နှိပ်လိုက်ရာ သံဖြင့်ပြုလုပ်ထားသော အလိုအလျောက် မြှားပစ်စက် အသစ်တစ်ခု စာရင်းထဲတွင် ပေါ်လာခဲ့သည်။

[သံဖြင့်ပြုလုပ်ထားသော အလိုအလျောက် မြှားပစ်စက် (အစိမ်းရောင်အဆင့်): ရန်လိုသော အရာများကို အလိုအလျောက် တိုက်ခိုက်နိုင်ပြီး ပိုမိုအားပြင်းကာ အကွာအဝေး ပိုရောက်သည်။ တစ်ကြိမ်လျှင် မြှား ၅ စင်း တင်ထားနိုင်သည်။ လိုအပ်ချက်: အဆင့်မြင့်သစ်သား (အစိမ်းရောင်အဆင့်) ၁၀ ခု၊ သံတုံး (အစိမ်းရောင်အဆင့်) ၅ တုံး၊ သားရဲ အကြော (အစိမ်းရောင်အဆင့်) ၂ ချောင်း]

[ မြှားပစ်စက်သုံး သံမြှားကြီး (အစိမ်းရောင်အဆင့်): လေးလံပြီး ထက်မြက်သော သံမြှားကြီးများ ဖြစ်ကာ ၎င်းတို့၏ အလေးချိန်ကြောင့် သားရဲ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းနိုင်သည်။ ပြန်လည်အသုံးပြုနိုင်သည်။ လိုအပ်ချက်: အဆင့်မြင့်သစ်သား (အစိမ်းရောင်အဆင့်) ၂ ခု၊ သံတုံး (အစိမ်းရောင်အဆင့်) ၁ တုံး]

ယခင် သစ်သားလက်နက်များနှင့် ယှဉ်လျှင် သံလက်နက်များမှာ သိသိသာသာ ပိုမိုသန်မာလှသည်။

ရွှီရှင်းသည် ဝန်လေးမနေဘဲ သံဖြင့်ပြုလုပ်ထားသော အလိုအလျောက် မြှားပစ်စက် ကို ဖန်တီးရန် ရွေးချယ်လိုက်သည်။

[အလိုအလျောက် မြှားပစ်စက် တပ်ဆင်မည့် နေရာကို ရွေးချယ်ပေးပါ။]

သစ်ပင်အိမ်၏ ပုံကြမ်းတစ်ခု ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး၊ သစ်ပင်ထိပ်၏ အတွင်းဘက်နံရံတွင် မည်သည့်နေရာ၌ တပ်ဆင်နိုင်သည်ကို ပြသထားသည်။

"နည်းနည်းလောက် နိမ့်တဲ့နေရာမှာ တပ်လို့မရဘူးလား။ နံရံပေါ်မှာ တပ်ထားရင် ကွယ်နေတဲ့ နေရာတွေ အများကြီး ရှိနေမှာပဲ" ဟု ရွှီရှင်း ကိုယ့်ဘာသာ ရေရွတ်ရင်း နောက်ဆုံးတွင် ပထမထပ်၌သာ တပ်ဆင်ရန် ရွေးချယ်လိုက်သည်။

အကြောင်းမှာ ပထမထပ်သည်ပင် အတော်လေး မြင့်နေပြီဖြစ်သောကြောင့် ဖြစ်သည်။

ဒီထက် ပိုမြင့်သွားလျှင် တိကျမှုအပိုင်းတွင် အားနည်းသွားမည်ကို သူ စိုးရိမ်မိသည်။

အောက်ထပ်မှ "ဂျိန်း" ခနဲ အသံတစ်ခု ကြားလိုက်ရသဖြင့် အလိုအလျောက် မြှားပစ်စက် တပ်ဆင်ပြီးသွားကြောင်း သိလိုက်ရသည်။

ရွှီရှင်းသည် မြှားပစ်စက်သုံး သံမြှားကြီး ၅ စင်းကို ဖန်တီးကာ ပထမထပ်သို့ ဆင်းလာခဲ့သည်။

အလိုအလျောက် မြှားပစ်စက် ရှိရာ အတွင်းဘက်နံရံတွင် ပြတင်းပေါက်ငယ်လေး တစ်ခုရှိပြီး၊ ထိုပြတင်းပေါက်၏ အောက်တွင် သံမြှားကြီးထက် အနည်းငယ် ပိုကြီးသော အပေါက်ငယ်လေး တစ်ခု ရှိသည်။

ထိုအပေါက်၏ ဘေးတွင် ရိုးရှင်းသော မောင်းတံ တစ်ခုလည်း ရှိသည်။

ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ၊ ပြတင်းပေါက်အောက်တွင် တပ်ဆင်ထားသည့် အလျားနှင့် အနံ နှစ်မီတာခန့်ရှိသော ဧရာမ အလိုအလျောက် မြှားပစ်စက် ကြီးကို ရွှီရှင်း မြင်လိုက်ရသည်။

၎င်း၏ ကိုယ်ထည်မှာ အဓိကအားဖြင့် သစ်သားဖြစ်သော်လည်း အရေးကြီးသည့် အစိတ်အပိုင်းများကို သံဖြင့် ပြုလုပ်ထားသဖြင့် ဖျက်ဆီးနိုင်စွမ်း မြင့်မားကာ ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနေသည်။

ရွှီရှင်းသည် ပြတင်းပေါက်အောက်က အပေါက်ကို ကြည့်လိုက်သည်။

"ဒါက မြှားတင်တဲ့ နေရာဖြစ်ရမယ်"

သူသည် သံမြှားကြီးတစ်စင်း၏ မြှားဦးကို အပေါက်ထဲသို့ ထိုးထည့်ကြည့်ရာ အတားအဆီးတစ်ခုနှင့် တွေ့ရ၏။

သူ အားစိုက်၍ ထပ်တွန်းလိုက်သောအခါ သံမြှားကြီးမှာ အထဲသို့ လုံးဝ ဝင်သွားပြီး အပြင်ဘက်မှ မြှားကြိုး တင်းသွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

အပေါက်ကို ပြန်ကြည့်လိုက်ရာ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် နောက်ထပ် မြှားများ ထပ်တင်နိုင်သေးကြောင်း သိလိုက်ရသည်။

အလိုအလျောက် မြှားပစ်စက် တွင် တစ်ကြိမ်လျှင် မြှား ၅ စင်း တင်ထားနိုင်သဖြင့် ရွှီရှင်းသည် မြှား ၅ စင်းစလုံးကို ထိုးထည့်လိုက်သည်။

နောက်ဆုံးတစ်စင်းတွင်မူ မြှားအမြီးမှာ အပေါက်ဝတွင် မြင်နေရဆဲဖြစ်သဖြင့် ထပ်မံ မြှားတင်၍ မရတော့ကြောင်း သိလိုက်ရသည်။

"ဒါကို ဘယ်လို ပစ်ရမလဲ ဒီမောင်းတံနဲ့လား" ရွှီရှင်းသည် မောင်းတံကို ကိုင်ကြည့်လိုက်သည်။

[ မြှားပစ်စက် မောင်းတံ]: အလိုအလျောက် မြှားပစ်စက် ၏ ဦးတည်ရာကို ထိန်းချုပ်ပေးသည်။ အပြင်သို့ ဆွဲလိုက်ပါက ပစ်ခတ်မည်ဖြစ်ပြီး၊ အတွင်းသို့ ဖိထားပါက အလိုအလျောက် စနစ်ဖြင့် လုပ်ဆောင်မည် ဖြစ်သည်။]

သူ၏ ပစ္စည်းခွဲခြားနိုင်သည့် စွမ်းရည်မှာ တကယ့်ကို အသုံးဝင်လှသည်။

ရွှီရှင်းသည် အပြင်ဘက်ရှိ အဖြူရောင်အဆင့် မိုးမခပင်တစ်ပင်ကို ချိန်ရွယ်ကာ မောင်းတံကို အပြင်သို့ ဆွဲလိုက်သည်။

သံမြှားကြီးမှာ လျင်မြန်စွာ ပြေးထွက်သွားပြီး သူချိန်ထားသည့် နေရာကို တိကျစွာ ထိမှန်သွားသည်။

"ဂျိမ်း" ခနဲ အသံကြီးနှင့်အတူ မိုးမခပင်၏ ပင်စည်ကို တိုက်ရိုက် ဖောက်ထွက်သွားပြီး သစ်ပင်ကြီးမှာ အပိုင်းပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"တကယ့်ကို အံ့မခန်းပဲ ဒီလောက် ဖျက်ဆီးအားနဲ့ဆိုရင် ဘယ်သားရဲမှ အထိမခံနိုင်လောက်ဘူး"

သို့သော်လည်း အလိုအလျောက် မြှားပစ်စက် တွင် ပြဿနာတစ်ခု ရှိသည်၊ ၎င်းမှာ တပ်ဆင်ပြီးသွားပါက နေရာရွှေ့၍ မရခြင်းပင်။

ဆိုလိုသည်မှာ ၎င်း၏ တိုက်ခိုက်နိုင်သည့် အကွာအဝေးမှာ ဤအရပ်မျက်နှာ တစ်ခုတည်းမှာသာ ရှိနေပြီး သစ်ပင်အိမ်၏ အောက်ဘက်နှင့် အနောက်ဘက်များမှာ လွတ်နေပေလိမ့်မည်။

ဤပြဿနာကို ဖြေရှင်းရန်အတွက် နောင်တွင် အလိုအလျောက် မြှားပစ်စက် များကို ထပ်မံ ဖန်တီးရန် လိုအပ်ပေလိမ့်မည်။

ပစ်လိုက်သော သံမြှားကြီးများကို ပြန်လည်ကောက်ယူ၍ တပ်ဆင်ပြီးနောက်၊ ရွှီရှင်းသည် အလိုအလျောက် မြှားပစ်စက် ကို အလိုအလျောက် စနစ်တွင် မထားခဲ့ချေ။

အကယ်၍ သားရဲငယ်လေး အနည်းငယ် ရောက်လာလျှင် ၎င်းတို့ကို အလိုအလျောက် ပစ်ခတ်နေခြင်းက မြှားများကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

တတိယထပ်သို့ ပြန်ရောက်သောအခါ သန့်စင်သော ဆားများမှာ ပုံဆောင်ခဲအဖြစ် ဖြစ်ပေါ်နေပြီဖြစ်သည်။

ရွှီရှင်းက အနည်းငယ် မြည်းကြည့်လိုက်ရာ ထုပ်ပိုးထားသော ဆားများနှင့် ဘာမှ မခြားနားသည်ကို တွေ့ရသည်။

"ထမင်းစားရအောင်"

"အီးးး" သူ့ဘေးတွင် အိပ်ငိုက်နေသော ခဲခဲ မှာ ထမင်းစားမည်ဟူသော စကားကြားသည်နှင့် တက်ကြွသွားကာ ချက်ချင်း ပြေးလာတော့သည်။

"မင်းလေးကတော့နော်။"

ရွှီရှင်းက ခဲခဲ ကို ပန်းသီးတစ်လုံး ပေးလိုက်ရာ ၎င်းက အားရပါးရ စတင် စားတော့သည်။

ရွှီရှင်းမှာလည်း ထပ်မံ မစောင့်နိုင်တော့ချေ။

သူသည် ကျန်ရှိနေသော ဝက်ဝံသား အနည်းငယ်ကို လှီးဖြတ်လိုက်ပြီး၊ ကျန်နေသော အသားများကို ၅ ကီလိုဂရမ်စီ ခွဲကာ အရောင်းအဝယ် စင်မြင့်တွင် တင်လိုက်သည်။

ဘာပဲဖြစ်ဖြစ် နှစ်ရက်ကျော်နေပြီဖြစ်ရာ ထပ်ထားလျှင် ပုပ်သွားနိုင်သောကြောင့် ဖြစ်သည်။

သူသည် မြွေသည်းခြေ ကို သစ်ပင်အိမ် ပြတင်းပေါက်တွင် ချိတ်ဆွဲထားလိုက်ပြီး၊ မြွေသားများကို ထုတ်ယူကာ ပေါင်အနည်းငယ် လှီးဖြတ်လိုက်သည်။

ဝက်ဝံသား၊ ကြာစွယ်နှင့် မှိုများကို ရောနှောကာ သန့်စင်သော ဆားအနည်းငယ် ဖြူးပြီး ကင်လိုက်တော့သည်။

မကြာမီမှာပင် ဆီပွက်သံနှင့်အတူ အသားကင်နံ့ မွှေးမွှေးကြီး ထွက်ပေါ်လာရာ၊ အသား သိပ်မကြိုက်သော ခဲခဲ ပင်လျှင် ပန်းသီးစားနေရင်းမှ "အီးးး" ဟု အသံပြုကာ ရပ်ကြည့်နေတော့သည်။

"နည်းနည်း မြည်းကြည့်မလား" ရွှီရှင်းက ခဲခဲ ကို ပြုံး၍ မေးလိုက်သည်။

"အီးးး" ပထမဆုံးအကြိမ်အဖြစ် ခဲခဲ သည် အသားအပေါ် စိတ်ဝင်စားမှုကို ပြသခဲ့၏။

အသားကင်အချို့ကို ခဲခဲ နှင့် ခွဲဝေစားသောက်ရင်း ရွှီရှင်းမှာလည်း အားရပါးရ တစ်ကိုက် ကိုက်လိုက်သည်။

"အင်း... တကယ်ကို ကောင်းလိုက်တာ"

ဆား၏ အရသာကြောင့် အသားကင်၏ အရသာမှာ အဆင့်အတန်း တစ်ခုသို့ မြင့်သွားသဖြင့် ရွှီရှင်း အလွန်ပင် ကျေနပ်သွားမိသည်။

ဒါ တကယ့် အသားကင်စစ်စစ်ပဲ။

အခုဆိုရင် ဆားမပါဘဲ သူ မနေနိုင်တော့ချေ။

ခဲခဲ သည်လည်း အသားကင်များကို သူ၏ ပါးစပ်လေးဖြင့် ကိုက်ခဲစားသောက်နေပြီး ကြားထဲတွင် ကျေနပ်သည့်အသံလေးများ ထွက်ပေါ်နေသဖြင့် အရသာကို အမှန်ပင် နှစ်သက်နေပုံရသည်။

"အခုဆို ဆားလည်း ရပြီ၊ အသားလည်း ရှိပြီ၊ ဟင်းသီးဟင်းရွက်လည်း အဆင်သင့်ပဲဆိုတော့... နောက်တစ်ဆင့်က ဆန်၊ ဂျုံနဲ့ တခြား ငရုတ်သီးလိုမျိုး အမွှေးအကြိုင်တွေကို ရှာဖို့ပဲ။"

အခြားသူများမှာ ရှင်သန်ရန် ရုန်းကန်နေရချိန်တွင် ရွှီရှင်းမှာမူ အခြေခံ ရှင်သန်မှုအဆင့်ကို ကျော်လွန်ကာ အစားအစာ၏ အရည်အသွေးကို ရှာဖွေနေလေပြီ။

---

အခန်း (၅၁) ပြီး။

All Chapters