အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
အခန်း (၅၂) - သံမဏိ အရောင်းအဝယ်
ဗိုက်ကားအောင် စားသောက်ပြီးနောက် ရွှီရှင်းသည် လီဝမ်ရှီးထံသို့ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်လိုက်သည်။
ခေါ်ဆိုမှုမှာ ချက်ချင်းပင် ပွင့်လာသော်လည်း သူမသည် သစ်ပင်အိမ်ထဲတွင် ရှိမနေဘဲ နာရီမှတစ်ဆင့် လက်ခံလိုက်ခြင်းဖြစ်သည်။
"ရှင်ပြန်ရောက်ပြီလား။ ကျွန်မ ဒီမှာ အလုပ်လေးလက်စသတ်ပြီးရင် အပေါ်တက်ပြီး ဝက်သားတွေ ပြန်ပေးမယ်နော်။ မနက်က သဘောတူထားတဲ့အတိုင်း ဆယ်ပုံတစ်ပုံကို ကျွန်မ လှီးထားပြီးသားပါ"
လီဝမ်ရှီး၏ မျက်နှာမှာ ပေကျံနေပြီး လက်ထဲတွင် သံတူးတံတစ်ချောင်းကို ကိုင်ထားသည်။
သူမ၏ ပတ်ဝန်းကျင်မှာ မှောင်မည်းနေသဖြင့် လိုဏ်ဂူတစ်ခုထဲတွင် သတ္တုတူးနေပုံရသည်။
သံတူးတံတောင် အဆင့်မြှင့်ထားပြီးပြီလား။
အိမ်မှာ သံသတ္တုတွင်းရှိတဲ့ သူဌေးမလေးဆိုတော့လည်း မဆန်းပါဘူးလေ။
"ရပါတယ်၊ တကယ်လို့ မင်းအသားတွေ ပိုယူချင်ရင် သံသတ္တုရိုင်းတွေနဲ့ လဲလို့ရတယ်နော်"
"မလိုပါဘူး၊ မလိုပါဘူး။ ဒီဆယ်ပုံတစ်ပုံတောင် ကျွန်မ အကုန်ကုန်အောင် စားနိုင်မှာ မဟုတ်ဘူး"
လီဝမ်ရှီးသည် ခေါင်းခါယမ်းလိုက်ပြီး ကင်မရာကို သူမ၏မျက်နှာမှ ခွာလိုက်သည်။
"ဒါဆို ကျွန်မ ဖုန်းချလိုက်တော့မယ်နော်၊ သတ္တုတူးနေတာဆိုတော့ တစ်ကိုယ်လုံး ပေရေနေလို့ ကြည့်မကောင်းဘူး"
"အိုကေလေ။"
ဖုန်းချပြီးနောက် ရွှီရှင်းသည် အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်သဖြင့် မနက်ဖြန် အစီအစဉ်အတွက် ခွန်အားချွေတာရန် ဆုံးဖြတ်လိုက်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ပျင်းရိခြင်း ကို လက်ခံလိုက်ခြင်းပင်။
သူသည် ကုတင်ပေါ်တွင် လှဲလျက်၊ အိပ်ငိုက်နေသော ခဲခဲ ကို ပွတ်သပ်ပေးရင်း နာရီမှတစ်ဆင့် ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို ဖတ်ကြည့်နေသည်။
ဤအချိန်တွင် ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာ စည်ကားနေဆဲပင်။
အစပြုသူကာကွယ်စောင့်ရှောက်မှုကာလ ကုန်ဆုံးသွားပြီဖြစ်သဖြင့် တောအုပ်ထဲတွင် သားရဲများ ပြန်လည်ရောက်ရှိလာကာ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
အစားအသောက်နှင့် ရေ လုံလောက်မှုရှိသော သူအများစုမှာ သစ်ပင်အိမ်ထဲ၌သာ အောင်းနေကြရန် ရွေးချယ်ကြသည်။
ရွှီရှင်းသည် ဆက်သွယ်ရေးလိုင်းရှိ လူဦးရေကို ကြည့်လိုက်ရာ ၆၉၉၈ ဦးသာ ရှိတော့သည်။ ခုနစ်ထောင်ပင် မပြည့်တော့ချေ။
မနေ့က လူ ၅၀ ကို ဖယ်ရှားပြီးတာတောင် ခုနစ်ထောင်ကျော် နေသေးတာ မဟုတ်လား။
"သူငယ်ချင်းတို့... သတိထားမိလား၊ ဒီနေ့ ပတ်ဝန်းကျင်မှာ သားရဲတစ်ကောင်မှ မရှိဘူးဗျ"
"မင်းကတော့ သိတာ နောက်ကျလိုက်တာ ဒီနေ့မနက်ကတည်းက ခေါင်းဆောင် ကျိချောင်းယန်က ပြောထားပြီးသားလေ။ ကုန်ကြမ်းတွေ ထွက်ရှာဖို့တောင် သူက အကြံပေးထားသေးတယ်"
"ဟင် ငါကတော့ မနက်စောစောကတည်းက အပြင်ထွက်တာ၊ တစ်နေ့လုံး ထိတ်လန့်နေခဲ့ရတာ။ အရင်ဆုံး ဆက်သွယ်ရေးလိုင်းကို ဖတ်ကြည့်သင့်တာ"
" ကြင်နာတတ်သော ဆေးဆရာများ အဖွဲ့ကနေ ဒီနေ့ ရှာတွေ့ထားတဲ့ သွေးတိတ်မြက် တွေကို အရောင်းအဝယ် စင်မြင့်မှာ တင်ထားတယ်နော်။ သွားကြည့်ကြဦး"
" ဘာအဖွဲ့လဲဒါက။ အဖွဲ့အသေးလေး တစ်ခုပဲကို နာမည်က ကြီးကြီးကျယ်ကျယ် ပေးထားလိုက်တာ"
"မနက်ဖြန် အစီအစဉ်အသစ် စတော့မယ်၊ ပြင်ဆင်ဖို့ တစ်ရက်ပဲ အချိန်ပေးတာပဲ..."
"ဟူး... ဒီအစီအစဉ်အပြီးမှာရော လူတွေကို ထပ်ပြီး ဖယ်ရှားဦးမလား မသိဘူး"
"အစီအစဉ်အပြီးမှာ ဖယ်ရှားခံရတာကမှ ကံကောင်းဦးမယ်။ ငါ့ရဲ့ ပထမဆုံး သူငယ်ချင်းက မနေ့က ကြေးရတနာသေတ္တာ ရပြီး အဆင့် ၁၀၀၀ ထဲတောင် ပါသေးတယ်။ ဒါပေမဲ့ သတ္တဝါတစ်ကောင်နဲ့ တိုက်ခိုက်ရင်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာ၊ ဒီမှာက ကုသပေးနိုင်မယ့်သူ မရှိတော့... ဒီနေ့ သူ့နာမည်လေး မီးခိုးရောင် ပြောင်းသွားပြီ"
"ဘုရားရေ သေမယ့်နေ့ကို ထိုင်စောင့်နေရတာ တကယ် ကြောက်စရာကြီးပဲ"
"ဒါကြောင့် အားလုံးကို ပြောချင်တာက ကိုယ်မနိုင်တဲ့အလုပ်ကို ဇွတ်မလုပ်ကြပါနဲ့၊ ဒဏ်ရာပြင်းပြင်းထန်ထန် မရအောင် နေကြပါ။ အဆင့် ၁၀၀၀ ထဲ ပါနေလည်း မင်းကို မကယ်နိုင်ဘူး"
"ငါ သွေးတိတ်မြက် အချို့ ဝယ်ထားမှ ဖြစ်မယ်"
ကြည့်ရသည်မှာ စူးစမ်းရှာဖွေသူများ အပြင် အခြားသော အဖွဲ့အစည်းငယ်လေးများလည်း စုစည်းနေကြပုံရသည်။ သို့သော် စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်များကတော့ လူအများကြားတွင် စကားမပြောကြချေ။
ဖြစ်နိုင်သည်မှာ သူတို့ လူမစုံသေးသောကြောင့် ဖြစ်ပေလိမ့်မည်။
အဆင့်သတ်မှတ်ချက်တွင် နာမည်အရင်း ပေါ်နေသော်လည်း၊ ဒေသတွင်း ဆက်သွယ်ရေးလိုင်းတွင် နာမည်ဝှက်၍ စကားပြောနိုင်သေးသည်။
ထို့ကြောင့် ရွှီရှင်းက နာမည်ဝှက်ဖြင့် မေးလိုက်သည်။
"တကယ်ပဲ ဘယ်သူ့နားမှာမှ သားရဲတွေ မရှိကြဘူးလား"
"ဟုတ်တယ်၊ တစ်ယောက်ဆိုရင် နယ်နိမိတ်အထိ သွားတာတောင် ဘာသားရဲမှ မတွေ့ဘူးတဲ့"
ရွှီရှင်း စဉ်းစားကြည့်သည်။ သူသည် ၃ ကီလိုမီတာ အကွာအဝေးအထိ သွား၍ အမဲလိုက်ခဲ့ခြင်းဖြစ်သည်။
သူ၏ သစ်ပင်အိမ် ၃ ကီလိုမီတာ ပတ်လည်တွင်တော့ သားရဲများ မရှိသည်မှာ အမှန်ပင်ဖြစ်ကြောင်း မြေပုံကို ကြည့်ရုံနှင့် သိနိုင်သည်။
ရေအိုင်အလယ်က အသားစားငါး များမှလွဲ၍ပေါ့။
ကြည့်ရသည်မှာ ဒီနေ့က တကယ်ကို အနားယူရမည့်နေ့ ဖြစ်ပုံရသည်။
ကျိချောင်းယန်လည်း ၃ ကီလိုမီတာ အပြင်ဘက်ကို သွား၍ အမဲလိုက်နေခြင်း ဖြစ်ပေလိမ့်မည်။
ဒီနေ့ လူအချို့ ဘာကြောင့် သေဆုံးသွားရသလဲဆိုသည်ကိုလည်း သူ နားလည်သွားသည်။
အချို့မှာ ကုသ၍မရသော ပြင်းထန်သည့် ဒဏ်ရာများကြောင့် ဖြစ်နိုင်ပြီး၊ အချို့မှာမူ စိတ်ရူးပေါက်ကာ ဘေးကင်းနယ်မြေ ပြင်ပသို့ ထွက်သွားသောကြောင့် ဖြစ်ပေလိမ့်မည်။
"လောလောဆယ် ပြင်းထန်တဲ့ ဒဏ်ရာတွေကို ကုသနိုင်မယ့် နည်းလမ်း မရှိသေးဘူး။ ဒါကြောင့် စူးစမ်းရှာဖွေတဲ့အခါ ဒဏ်ရာပြင်းပြင်းထန်ထန် မရအောင် အထူး သတိထားရမယ်"
ထိုသို့ တွေးရင်း သူ လိုအပ်မည့် အရာများ ရှိမလားဟု အရောင်းအဝယ် စင်မြင့်ကို ဖွင့်ကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် အရောင်းအဝယ် စင်မြင့်တွင် အပြာရောင်အဆင့် အရင်းအမြစ်များ မရှိချေ။
၎င်းတို့ကို များသောအားဖြင့် သီးသန့်သာ လဲလှယ်ကြလေ့ရှိပြီး၊ အပြာရောင်အဆင့် ရရှိနိုင်သူ အများစုမှာလည်း သူနှင့် အဖွဲ့တစ်ခုတည်းမှ လူများ ဖြစ်ကြသည်။
သို့သော်လည်း အစိမ်းရောင်အဆင့် အရင်းအမြစ် အတော်များများ ရှိနေပြီး၊ အချို့မှာ သူ မရရှိသေးသည့် အရာများ ဖြစ်နေသည်။
"တောတရုတ်နံနံ ဒါဟင်းသီးဟင်းရွက်ပဲ၊ ဝယ်လိုက်မယ်။ ဒီ ထူးဆန်းတဲ့ စားလို့ရတဲ့ မှိုတွေက ဘာလဲဟ ဝယ်လိုက်မယ်။ ဟော... ကန္တာရဆူးပင်တောင် ပါနေပါလား၊ ဒါတွေက တောဟင်းရွက်တွေပဲ၊ ဝယ်လိုက်မယ်။"
အရောင်းအဝယ် စင်မြင့်တွင် ခေတ္တမျှ ရှာဖွေပြီးနောက် အလွန်တန်ဖိုးရှိသည့် အရာများတော့ မတွေ့ရချေ။
သူသည် ပိုနေသော အစိမ်းရောင်အဆင့် သစ်သားအချို့နှင့် ထိုတောဟင်းရွက်များကို လဲလှယ်လိုက်သည်။
အသားချည်းပဲ အမြဲစားနေခြင်းက ကျန်းမာရေးအတွက် မကောင်းသဖြင့် ဟင်းသီးဟင်းရွက်များလည်း စားပေးသင့်သည် မဟုတ်ပါလား။
ရွှီရှင်း သူ၏ အဖွဲ့စကားပြောခန်းကို ကြည့်လိုက်ရာ စူးစမ်းရှာဖွေသူများ မှာ ငြိမ်သက်နေကြသည်။
အားလုံးက စကားအပိုပြောတတ်သူများ မဟုတ်ကြချေ။
ထိုအချိန်တွင် လီဝမ်ရှီးက သူ့ထံသို့ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်လာသည်။
ဖုန်းကိုင်လိုက်သောအခါ သူမသည် ပေရေနေသည့် သတ္တုတူးသမား မဟုတ်တော့ဘဲ၊ ဆံပင်များပင် စိုနေသေးသဖြင့် ရေချိုးပြီးပုံရ၏။
"ကျွန်မ အသားတွေ ပြန်လွှဲပေးတော့မယ်နော်၊ ကျွန်မ အတွက် ဆယ်ပုံတစ်ပုံ ချန်ထားခဲ့တယ်"
"အိုကေ။"
ရွှီရှင်း လဲလှယ်မှုကို လက်ခံလိုက်ပြီး၊ မိမိစားရန် အချို့ကို ချန်ကာ ကျန်ရှိသော ဝက်သားများကို အရောင်းအဝယ် စင်မြင့်တွင် တင်လိုက်သည်။
"ဒါနဲ့... ကျွန်မ မေးချင်တာ တစ်ခုရှိတယ်၊ ရှင့် ရဲ့ သစ်ပင်အိမ် ပတ်ဝန်းကျင်မှာ ဘာလို့ သားရဲတွေ ရှိနေတာလဲ။ ကျွန်မ ပတ်ဝန်းကျင်မှာတော့ ဘာမှ မတွေ့ဘူး"
လီဝမ်ရှီးက စပ်စုလိုက်သည်။
"ရှင့်ရဲ့ ရွှေရတနာသေတ္တာ နဲ့ ပတ်သက်နေတာလား"
"အင်း... ငါ့ရဲ့ သွားလာနိုင်တဲ့ နယ်မြေက မင်းတို့ထက် ပိုကျယ်လို့ပါ"
"မိုက်လိုက်တာ၊ ကျွန်မ လည်း သားရဲတွေ အမဲလိုက်ချင်တယ်၊ သားရဲ အကြော မရှိရင် အလိုအလျောက် မြှားပစ်စက် လုပ်လို့ မရဘူးလေ။ ရှင့် ဆီမှာ အပိုရှိလား အရင်းအမြစ်တွေနဲ့ လဲမယ်လေ"
ရွှီရှင်း ခေါင်းခါပြလိုက်သည်။
"မရှိဘူး၊ ငါ့အတွက်ပဲ အကုန် သုံးလိုက်ရတယ်"
"အော်... အိုကေလေ။" လီဝမ်ရှီး အနည်းငယ် စိတ်ပျက်သွားပုံရသည်။
"မနက်ဖြန် အစီအစဉ်မှာ သားရဲတွေ ရှိလာမှာပါ။ မင်းမှာ သံချပ်ကာ ရှိနေပြီဆိုတော့ သူတို့ကို ကိုင်တွယ်နိုင်မှာပဲဟာ"
"ဟုတ်သားပဲ ငါ မင်းဆီက သံတုံးတွေ ထပ်ယူချင်လို့ သစ်သားတွေနဲ့ လဲမလား။ မင်းဆီမှာ အများကြီး ရှိသေးတယ် မဟုတ်လား"
"အများကြီးပဲ၊ ဆက်တူးဖို့တောင် စိတ်မပါတော့ဘူး"
လီဝမ်ရှီးသည် သန့်စင်ပြီးသား သံတုံးများကို ထုတ်ယူကာ သူနှင့် လဲလှယ်လိုက်သည်။
ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးသွားချိန်တွင် မိုးချုပ်နေပြီ ဖြစ်သည်။
ရွှီရှင်းသည် ခဲခဲ ကို ဖက်ကာ ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။
ရွှီရှင်းသည် သူ၏လက်ကောက်ဝတ်ရှိ တုန်ခါမှုကြောင့် နိုးလာခဲ့၏။
၎င်းမှာ ကျိချောင်းယန်ထံမှ အသံဖြင့် ခေါ်ဆိုမှု ဖြစ်သည်။
အချိန်ကို ကြည့်လိုက်ရာ ည ၁၀ နာရီခွဲ ရှိနေပြီ ဖြစ်ရာ ရွှီရှင်း ဖုန်းကိုင်လိုက်သည်။
"ဘာကိစ္စလဲ၊ ဒီလောက် ညဉ့်နက်မှ ခေါ်ရလား"
"ညဉ့်နက်တယ်...မင်း အိပ်နေတာလားဟ။ အဖွဲ့ထဲမှာ လူစုံနေပြီ၊ လာပြီး မျက်နှာပြဦးလေ"
ကျိချောင်းယန်က အစီအစဉ် မစတင်မီ ညတွင် ရွှီရှင်း ဤမျှ စောစော အိပ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
"အော်... ဟို နောက်ဆုံး တစ်ယောက်ကော၊ နာမည်က ဘယ်လို.."
"ချီရွှယ်ဖေး၊ အဆင့် ၈ က တစ်ယောက်လေ"
ဖုန်းချပြီးနောက် ရွှီရှင်း စူးစမ်းရှာဖွေသူများ အဖွဲ့စကားပြောခန်းကို ကြည့်လိုက်ရာ အားလုံးက ချီရွှယ်ဖေးကို ကြိုဆိုနေကြသည်ကို တွေ့ရသည်။
ဤ ချီရွှယ်ဖေးမှာ အေးအေးဆေးဆေး နေတတ်သည့် မိန်းကလေးတစ်ဦး ဖြစ်ပုံရပြီး "အားလုံးကို ကျေးဇူးတင်ပါတယ်" ဟုသာ ရိုးရိုးလေး ပြောဆိုသည်။
ကျိချောင်းယန် : "ကဲ... လူစုံပြီဆိုတော့ ငါပြောထားတဲ့ အချက်တွေကို ထပ်ပြောပြမယ်။"
ရွှီရှင်းသည် ကျိချောင်းယန် ရိုက်ပို့နေသည့် အဖွဲ့အစည်း ဖွဲ့ရခြင်း အကြောင်းရင်းနှင့် လုပ်ဆောင်ရမည့် တာဝန်များကို ဖတ်နေရင်း မျက်ခုံးများ လေးလံလာသည်။
ခဲခဲ သည် ရွှီရှင်း၏ လှုပ်ရှားမှုကြောင့် နိုးလာပြီး နာရီမှ ထွက်ပေါ်နေသော ဖန်သားပြင်ကို တစ်ချက်ကြည့်ကာ ကိုယ်ကိုလှည့်၍ ပြန်အိပ်သွားတော့သည်။
"တစ်ယောက်ယောက် မေးစရာ ရှိသေးလား"
"မရှိပါဘူး ခေါင်းဆောင်"
"ကျွန်မမှာ မေးစရာ ရှိတယ်"
ရုတ်တရက် အဖွဲ့ဝင်သစ် ချီရွှယ်ဖေးက စကားစလာသည်။
"ကျွန်မ အခု သံချပ်ကာ တစ်စုံ လိုချင်တယ်။ ရှင် ဒါမှမဟုတ် ရွှီရှင်း ကျွန်မအတွက် လုပ်ပေးနိုင်မလား"
ကျိချောင်းယန် : "မင်းတို့ဆီမှာ ကုန်ကြမ်း ရှိလား အခု သံသတ္တုရိုင်းက ရှားနေတာ၊ ငါ့မှာလည်း အပို မရှိဘူး"
နှစ်ဦးစလုံး တိတ်သွားကြသည်။
ထိုအချိန်တွင် လီဝမ်ရှီးက ရွှီရှင်းထံသို့ ကိုယ်ပိုင်စာ ပို့လာသည်။
" ကျွန်မ သူတို့ကို သံသတ္တုရိုင်းတွေ ပေးလိုက်ရမလား"
ရွှီရှင်း : "မင်း သဘောပါ။"
"ဒါပေမဲ့ နည်းနည်းတော့ ဒုက္ခများတယ်။ ဒီလိုလုပ်ရင်ကော... ကျွန်မ ရှင့်ဆီ သံတုံးတွေ လွှဲပေးမယ်၊ ရှင်က သူတို့အတွက် လုပ်ပေးလိုက်လေ၊ ဘယ်လိုလဲ"
"မင်း သူတို့ကို သံသတ္တုရိုင်းတွေ တိုက်ရိုက် လဲပေးလိုက်လို့ ရတာပဲ"
"ကျွန်မ မှာ သံသတ္တုရိုင်းတွေ အများကြီး ရှိတာကို သူများတွေကို မသိစေချင်ဘူး၊ ရှင် လည်း ကျွန်မ အတွက် လျှို့ဝှက်ထားပေးရမယ်နော်။ ပြီးတော့ ကုန်ကြမ်းကို တိုက်ရိုက်ရောင်းတာထက် ထုတ်ကုန်ကို ရောင်းတာက ပိုပြီး ပုံမှန်ဖြစ်တယ်လေ"
"အင်း... ကျိုးကြောင်းဆီလျော်ပါတယ်။ အိုကေ၊ ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်"
အရင်းအမြစ်တွေ ရှိနေတာကို အသုံးမချဘဲ နေရင် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
လီဝမ်ရှီးနှင့် လဲလှယ်ပြီးနောက် ရွှီရှင်းက အဖွဲ့ထဲတွင် တိုက်ရိုက် ပြောလိုက်သည်။
"ငါ့ဆီမှာ သံသတ္တုရိုင်းတွေ ရှိတယ်၊ မင်းတို့ကို ရောင်းပေးနိုင်တယ်။ ဒါပေမဲ့ ငါ့ကို ကျေနပ်စေမယ့် ဈေးနှုန်းတစ်ခုတော့ ပေးရမယ်"
ချီရွှယ်ဖေး၊ ချင်ယွန်လုံ: "သီးသန့်စာ ပို့လိုက်မယ်"
နောက်တစ်စက္ကန့်တွင် ချီရွှယ်ဖေးက သူ့ထံသို့ ကိုယ်ပိုင်စာ ပို့လာပြီး အရင်းအမြစ်တစ်ခု၏ ဂုဏ်သတ္တိကို ပြသလိုက်သည်။
ထိုအရာကို မြင်လိုက်ရသောအခါ ရွှီရှင်း၏ မျက်လုံးများ ပြူးသွားရသည်။
[သွေးတိတ်မြက် (အပြာရောင်အဆင့်): ပြင်းထန်သော ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနိုင်သည့် အံ့ဖွယ်ဆေးမြက်ပင်။ ပြတ်တောက်သွားသော အင်္ဂါအစိတ်အပိုင်းများကိုတော့ ပြန်လည် မပေါက်စေနိုင်ပါ။]
သူမဆီမှာ အပြာရောင်အဆင့် သွေးတိတ်မြက် ရှိနေတာလား။
"အပြာရောင်အဆင့် သွေးတိတ်မြက် က အရေးပေါ်အချိန်မှာ အသက်ကယ်ပေးနိုင်တဲ့ အရာပဲ။ တစ်ပင်ကို [အစိမ်းရောင်အဆင့်] သံချပ်ကာ တစ်စုံနဲ့ လဲမယ်"
ရိုးရိုးသားသား ပြောရလျှင် ဤအရောင်းအဝယ်မှာ ရွှီရှင်းအတွက် နစ်နာစရာ မရှိချေ။
သူသည် လီဝမ်ရှီးနှင့် လဲလှယ်ရန် အစိမ်းရောင်အဆင့် သစ်သားနှင့် အသီးအနှံများကိုသာ အသုံးပြုရသဖြင့် သူ၏ ရင်းနှီးမြှုပ်နှံမှုမှာ အလွန်နည်းပါးလှသည်။
သို့သော် ဖန်တီးနိုင်သည့် နည်းပညာကို လက်ဝယ်ရှိထားသူ ဖြစ်သဖြင့် ဤသံချပ်ကာမှာ အခြားသူများအတွက် မည်မျှ တန်ဖိုးရှိသည်ကို သူ ကောင်းကောင်း သိသည်။
"သွေးတိတ်မြက် သုံးပင်နဲ့ သံချပ်ကာ တစ်စုံ"
"... သုံးပင်က များလွန်းတယ်၊ ဒါက အသက်ကယ်ဆေးနော်။ သံချပ်ကာက အစိမ်းရောင်အဆင့် ပဲ ရှိတာ၊ အများဆုံး နှစ်ပင်ပဲ ပေးနိုင်မယ်"
"အိုကေ၊ သဘောတူတယ်။ သတိပေးချင်တာက သံချပ်ကာက လေးတယ်နော်၊ မင်း ဝတ်ပြီး မလှုပ်နိုင်ဘဲ ဖြစ်နေဦးမယ်"
ရွှီရှင်းသည် အစိမ်းရောင်အဆင့် သံချပ်ကာ တစ်စုံကို ချက်ချင်း ဖန်တီးကာ ချီရွှယ်ဖေးနှင့် လဲလှယ်လိုက်သည်။
တစ်ဖက်လူကလည်း ချက်ချင်း လက်ခံလိုက်သည်။
သူ့လက်ထဲတွင် အပြာရောင်အဆင့် သွေးတိတ်မြက် နှစ်ပင် ရှိနေပြီဖြစ်ရာ၊ အပြာရောင်တောက်နေသော ထိုဆေးမြက်ပင်လေးများကို ကြည့်ရင်း ရွှီရှင်း မပြုံးဘဲ မနေနိုင်တော့ချေ။
အခုဆိုရင် အင်္ဂါအစိတ်အပိုင်း ပြတ်တောက်သွားတာမျိုး မဟုတ်သရွေ့ ဒဏ်ရာရမှာကို သူ မကြောက်တော့ချေ။
တစ်ဖက်မှာလည်း ချင်ယွန်လုံက အပြာရောင်အဆင့် အနီရောင်အသီးကြီး များကို ထုတ်ပြသည်။
ရွှီရှင်းထံတွင်လည်း ထိုအသီးများ ရှိနေပြီး အပင်တစ်ပင်လျှင် အသီး ၃၀ ကျော် ထွက်တတ်သည်ကို သူ သိသည်။
ပန်းသီးပင်၏ သက်တမ်းအရဆိုလျှင် ၁၀ ရက်တစ်ကြိမ်ခန့် ခူးဆွတ်နိုင်မည်ဖြစ်ရာ ၎င်းမှာ အလွန်အမင်းတော့ တန်ဖိုးမကြီးလှချေ။
သို့သော်ငြားလည်း ခဲခဲ ၏ အစာဖြစ်သလို၊ ညဘက်တွင် စွမ်းအင်အတွက် အသုံးပြုရသဖြင့် များလေ ကောင်းလေပင် ဖြစ်သည်။
"အသီး ၅၀ နဲ့ သံချပ်ကာ နှစ်စုံ လဲမယ်"
"၅၀လား.. ဒါတွေက အပြာရောင်အဆင့် အရင်းအမြစ်တွေနော်"
"ငါ့ကို လာမလိမ်နဲ့၊ ငါ့ဆီမှာလည်း ဒါတွေ ရှိတယ်။ အဲဒီအပင်ကသာ တကယ်တန်ဖိုးရှိတဲ့ အပြာရောင်အဆင့် ဖြစ်ပြီး၊ အသီးတွေကတော့ ထွက်ကုန်တွေပဲလေ။ အပင်တစ်ပင်က အသီး ၃၀ ကျော် ထွက်တာဆိုတော့ ၅၀ ဆိုတာ သင့်တော်တဲ့ ဈေးနှုန်းပဲ"
ရွှီရှင်းကို လှည့်စား၍ မရမှန်း တစ်ဖက်လူ သိသွားသဖြင့် လေသံမှာ ပျော့ပြောင်းသွားသည်။
အပြန်အလှန် ညှိနှိုင်းပြီးနောက်၊ ရွှီရှင်းသည် အစိမ်းရောင်အဆင့် သံချပ်ကာ နှစ်စုံကို အနီရောင်အသီးကြီး ၄၀ နှင့် လဲလှယ်လိုက်သည်။
"အိပ်တော့မယ်၊ အိပ်တော့မယ်။ ခွန်အား ပြန်ဖြည့်မှ ဖြစ်မယ်"
အရာအားလုံး ပြီးဆုံးသွားသောအခါ ရွှီရှင်း ကုတင်ပေါ်တွင် လှဲလိုက်ပြီး ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။
---
အခန်း (၅၂) ပြီး။
အခန်း (၅၃) - တောတွင်း အမဲလိုက်ခြင်း အစီအစဉ်
နောက်တစ်နေ့တွင် ရွှီရှင်းသည် မနေ့ညက အိပ်ချိန်များခဲ့သဖြင့် စောစောစီးစီး နိုးလာခဲ့သည်။
"ဝှား.." သူ့ဘေးတွင် ခဲခဲ ကလည်း အမွေးပွကိုယ်လုံးလေးကို ဆန့်ကာ သမ်းဝေနေသည်။
နံနက်စာကို မြိန်ရည်ယှက်ရည် စားသောက်ပြီးနောက်၊ ရွှီရှင်းသည် ဒီနေ့အတွက် လိုအပ်မည့် အရာများကို စတင်ပြင်ဆင်တော့သည်။
သူသည် ယခင်က ကိရိယာအားလုံးကို အဆင့်မြင့်ကျောပိုးအိတ် အပြာရောင်အဆင့် ထဲသို့ ထည့်လိုက်သည်။
ပြီးနောက် မြှားတောင့်ကို ကျောတွင်လွယ်ပြီး မြှားသေနတ် ကို လက်တွင်ကိုင်ကာ၊ သံချပ်ကာကိုလည်း အပြည့်အစုံ ဝတ်ဆင်လိုက်သည်။
ယခုဆိုလျှင် သူသည် လက်နက်အပြည့်အစုံနှင့် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
"ရှင်ကျန်သူများ သတိပြုရန်၊ ဒီနေ့အတွက် အစီအစဉ် စတင်တော့မည် ဖြစ်သည်"
"အစီအစဉ် အကြောင်းအရာများကို မိတ်ဆက်ပေးပါမည်၊ ရှင်ကျန်သူများ သေချာ နားထောင်ကြပါ။ သားရဲများသည် တောအုပ်ထဲသို့ အမှန်တကယ် ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ ဒီနေ့မှစ၍ တောအုပ်အတွင်း သားရဲများ ပြည့်နှက်နေပေလိမ့်မည်။ သင်တို့သည် သားရဲများကို အမဲလိုက်နိုင်စွမ်းနှင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိနေကြပြီဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်၊ ထို့ကြောင့် အမဲလိုက်ခြင်းကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပါ"
"ဤအစီအစဉ်မှာ တောတွင်း အမဲလိုက်ခြင်း အစီအစဉ် ဖြစ်သည်။ လာမည့် နှစ်ရက်အတွင်း သားရဲများကို အမဲလိုက်ပြီး အမှတ်များ စုဆောင်းကြပါ။ သင် အမဲလိုက်သော သားရဲအမျိုးအစားပေါ် မူတည်၍ ရရှိမည့် အမှတ်များ ကွဲပြားပါလိမ့်မည်။ အစီအစဉ်ပြီးဆုံးပါက ထိုအမှတ်များကို အသုံးပြု၍ ကန့်သတ်ထားသော ရိက္ခာများနှင့် လဲလှယ်နိုင်မည် ဖြစ်သည်။"
"အကြံပြုချက် - သစ်ပင်အိမ်၏ ကာကွယ်ရေးနယ်မြေ ပြင်ပသို့ စူးစမ်းရှာဖွေခြင်း မပြုပါနှင့်၊ မဟုတ်ပါက ကြောက်မက်ဖွယ်ရာများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤဆုလာဘ် အစီအစဉ်သည် ယနေ့ နံနက် ၈:၀၀ နာရီမှ မနက်ဖြန် ညနေ ၁၈:၀၀ နာရီအထိ ကြာမြင့်မည် ဖြစ်သည်။"
"ပျင်းရိမနေကြပါနှင့် အစီအစဉ်အတွင်း နယ်မြေတစ်ခုစီ၌ အမှတ်အနည်းဆုံး ရရှိသည့် နောက်ဆုံး ရှင်ကျန်သူ ၅၀ သည် ဤလှပသော ကမ္ဘာကြီးမှ ထာဝရ ထွက်ခွာသွားရမည် ဖြစ်သည်။ ရှင်ကျန်သူများကို သားရဲအသေကောင်များပေါ်တွင် ရပ်လျက်၊ ဤတောအုပ်၏ ဘုရင်များ ဖြစ်လာသည်ကို မြင်တွေ့ရန် ကျွန်ုပ်တို့ မျှော်လင့်နေပါသည်"
"တောတွင်း အမဲလိုက်ခြင်း အစီအစဉ် ယခု စတင်ပါပြီ"
သားရဲတွေ တောအုပ်ထဲ ပြန်ရောက်လာပြီလား။
ရွှီရှင်းသည် မြေပုံကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
အမှန်ပင်၊ သူ၏ သစ်ပင်အိမ် ၆ ကီလိုမီတာ ပတ်လည်တွင် အနီစက်များစွာ ရောက်ရှိနေပြီ ဖြစ်သည်။
ပထမဆုံးနေ့က သားရဲကျူးကျော်မှုလောက် မများသော်လည်း အရေအတွက်မှာ အတော်လေး များလှသည်။
သားရဲများသည် အနောက်မြောက်ဘက်ရှိ သားရဲစုဝေးရာ နယ်မြေမှ တရဟော စီးဝင်လာနေကြခြင်း ဖြစ်သည်။
သစ်ပင်အိမ် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ၊ ရွှီရှင်းသည် သစ်ပင်အိမ် အနီးအနားတွင် တိရစ္ဆာန်ငယ်လေး အမျိုးမျိုးကို မြင်တွေ့နေရသည်။
မလှမ်းမကမ်းရှိ မိုးမခပင်ထိပ်များပေါ်တွင် ဆော့ကစားနေသည့် မျောက်အချို့ကိုပင် တွေ့ရ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် အလိုအလျောက် မြှားပစ်စက် ကို အလိုအလျောက် ပစ်ခတ်သည့်စနစ် မဖွင့်ထားခဲ့ချေ။
မဟုတ်ပါက မျောက်များကို လိုက်ပစ်နေသည်မှာ ရယ်စရာ ဖြစ်နေပေလိမ့်မည်။
ရွှီရှင်းသည် လောလောဆယ် သစ်ပင်အိမ်ထဲ၌သာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
သားရဲများ ပိုမို စုဝေးလာချိန်တွင် သစ်ပင်အိမ်၏ ကာကွယ်ရေးလက်နက်ကို အသုံးပြု၍ အချို့ကို အရင်ရှင်းလင်းပြီးမှသာ အပြင်သို့ ထွက်ရန် စီစဉ်လိုက်သည်။
ယခုအချိန်တွင် ခဲခဲ မှာ ပြတင်းပေါက်သို့ ခုန်တက်ကာ အပြင်က သားရဲများကို ဘာမှမဖြစ်သလို ငေးကြည့်နေသည်။
ပြန်စဉ်းစားကြည့်လျှင် ယခုအခြေအနေမှာ သူတို့ ရှင်ကျန်သူများ မရောက်လာခင်က တောအုပ်၏ မူလအခြေအနေ ဖြစ်ပေလိမ့်မည်။
"သတိထားဦး၊ ပြုတ်ကျသွားဦးမယ်" ဟု ရွှီရှင်းက သတိပေးလိုက်သည်။
"ဝှား" ဟု ခဲခဲ က ပြန်ထူးကာ ပြတင်းပေါက်တွင် ဆက်လက် လှဲနေမြဲပင်။
ရုတ်တရက် ဧရာမ လင်းတကြီးတစ်ကောင်သည် သစ်ပင်အိမ်ထိပ်မှ ရှူး ခနဲ အသံနှင့်အတူ ပျံသန်းသွားသည်။
၎င်း၏ တောင်ပံဖြန့်ထားသည့် အကျယ်မှာ ငါးမီတာနီးပါး ရှိသဖြင့် ပြတင်းပေါက်နားက ခဲခဲ လန့်သွားကာ နောက်သို့ ခုန်ဆုတ်လိုက်မိသည်။
"အီးးး အီးးး အီးးး"
"ငါ ပြောသားပဲ၊ သတိထားပါလို့" ခဲခဲ ပြုတ်ကျသွားမည်ကို စိုးရိမ်သဖြင့် ရွှီရှင်းသည် ၎င်းကို ပြတင်းပေါက်မှ အမြန် ချီယူလိုက်သည်။
ခုနက လင်းတကြီးမှာ တကယ့်ကို ဧရာမကြီးပင်။ ရွှီရှင်း ပင်အလွန် အံ့အားသင့်သွားရသည်။
လင်းတများသည် အကြီးဆုံး သားရဲကောင်စား ငှက်ကြီးများ ဖြစ်ကြပြီး တောင်ပံအကျယ် ၅ မီတာဆိုသည်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံးစံချိန် နီးပါးတူလှသည်။
"ဒီက သတ္တဝါတွေက အချိုးအစား မမျှအောင် ကြီးမားလှပါလား။ အဲဒီငှက်ကိုသာ ပစ်ချနိုင်ရင် ငှက်မွေးတွေ အများကြီး ရမှာပဲ"
သို့သော် ရွှီရှင်းသည် တွေးကြည့်ရုံသာ ရှိသေးသည်။
ထိုလင်းတ၏ အရှိန်နှင့်ဆိုလျှင် အစာစားနေချိန်ကဲ့သို့ နေရာတစ်ခုမှာ ရပ်မနေလျှင် မြှားသေနတ် နှင့် ပစ်ရန် မလွယ်ကူချေ။
ရင်ခွင်ထဲက ခဲခဲ ၏ အမွေးပွခေါင်းလေးကို ပွတ်ပေးရင်း၊ ရွှီရှင်းသည် ရေအိုင်အလယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သူ စိုးရိမ်ဆုံးအရာမှာ ရေအိုင်ထဲက မြွေကြီး ပင် ဖြစ်သည်။
ပြီးခဲ့သည့် သားရဲကျူးကျော်မှုတုန်းက ထိုမြွေကြီး၏ ကျောက်တုံးနှင့်တူသော ခေါင်းကြီးနှင့် ချောက်နက်ကြီးလို မျက်လုံးများက ရွှီရှင်း၏ စိတ်ထဲတွင် ဖျောက်မရအောင် စွဲထင်နေခဲ့၏။
ကံကောင်းသည်မှာ ယခုတစ်ကြိမ်တွင် ထိုမြွေကြီးကို မတွေ့ရသေးချေ။
မြေပုံပေါ်တွင်လည်း ၎င်း၏ အနီစက် မရှိဘဲ၊ ရေအိုင်ထဲတွင် ကူးခတ်နေသည့် အသားစားငါး များသာ ရှိသည်။
ထိုမြွေကြီးသာ ပေါ်မလာလျှင် ကျန်သည့် သားရဲများမှာ သူ့အတွက် အန္တရာယ် သိပ်မရှိနိုင်ချေ။
ရွှီရှင်းသည် အလိုအလျောက် မြှားပစ်စက် ရှိရာ ပထမထပ်သို့ ဆင်းလာခဲ့သည်။
သူသည် ဝံပုလွေများ၏ အူသံနှင့် အမည်မသိ သားရဲကြီးများ၏ ဟိန်းသံအချို့ကို ကြားနေရပြီ ဖြစ်သည်။
"ဝံပုလွေတွေ ပိုလာပါစေဦး၊ ဒါမှ ငါ စီးစရာသတ္တဝါ တစ်ကောင် ရွေးလို့ရမှာ" ဟု ရွှီရှင်း ကိုယ့်ဘာသာ ရေရွတ်ရင်း အပြင်ကို လှမ်းကြည့်နေသည်။
သစ်ပင်အိမ် အပြင်ဘက်တွင် သတ္တဝါများ တဖြည်းဖြည်း စည်ကားလာပြီး၊ သူ၏ သစ်ပင်အောက်တွင်ပင် မြက်စားနေသော သမင်တစ်ကောင် ရောက်လာသည်။
ရွှီရှင်းကတော့ မျောက်များကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင် အခြေအနေကိုသာ အသေအချာ စောင့်ကြည့်နေသည်။
မလှမ်းမကမ်းရှိ တောအုပ်ထဲမှ ငွေမီးခိုးရောင် ဝံပုလွေတစ်ကောင် ထွက်လာ၏။
"လာပြီဟေ့" ခေါင်းဆောင်ဝံပုလွေ၏ နောက်မှ ဝံပုလွေ အကောင် ၂၀ ကျော် ထွက်လာပြီး အုပ်စုဖွဲ့လိုက်ကြသည်။
" တော်တော်များသားပဲ၊ ဒါကို ငါ ဘယ်လို ကိုင်တွယ်ရမလဲ"
ရွှီရှင်း အနည်းငယ် အခက်တွေ့သွားသည်။
သူသည် ထိုအုပ်ထဲမှ တစ်ကောင်ကို စီးစရာသတ္တဝါ အဖြစ် ရွေးချယ်ချင်နေသေးသည်။
ဝံပုလွေအုပ်ကို အသေအချာ စစ်ဆေးကြည့်ပြီးနောက်၊ ရွှီရှင်း၏ အကြည့်မှာ အမွေးအလှဆုံးနှင့် ကိုယ်လုံးအထွားဆုံး ဝံပုလွေဆီတွင် ရပ်တန့်သွားသည်။
ဤဝံပုလွေသည် အခြားဝံပုလွေများထက် သိသိသာသာ ပိုကြီးမားပြီး ဝက်ဝံနက်တစ်ကောင်နီးပါး လေးပုံရကာ ဝံပုလွေအုပ် တစ်အုပ်လုံး၏ ဗဟိုချက် ဖြစ်နေသည်။
"ဒါက ဝံပုလွေဘုရင်လား။ တကယ်ကို ခန့်ညားတာပဲ"
ရွှီရှင်းသည် ထည်ဝါလှသော ငွေဖြူရောင် ဝံပုလွေဘုရင်ကို ကြည့်ရင်း အကြည့်မခွာနိုင်အောင် ဖြစ်နေရသည်။
ဝံပုလွေအုပ်မှာ သစ်ပင်အိမ်အောက်သို့ စုရုံးလာကြပြီး အောက်က သမင်ကို ပစ်မှတ်ထားနေပုံရသည်။
သို့သော် ဤဝံပုလွေအုပ်မှာ ပိုမို ပါးနပ်ပုံရပြီး ဝိုင်းရံသည့် နည်းလမ်းကို အသုံးပြုနေကြသည်။
ဝံပုလွေ ၂၀ ခန့်မှာ သစ်ပင်အိမ်ကို စက်ဝိုင်းပုံ ဝိုင်းထားလိုက်ကြပြီး သမင်ကို အလယ်မှာ ပိတ်ဆို့ထားလိုက်သည်။
ရွှီရှင်း ချက်ချင်း မပစ်သေးချေ။
ဝံပုလွေတွေ အစာစားချိန်ရောက်မှ အလစ်အငိုက် တိုက်ခိုက်ရန် စီစဉ်ထားပြီး၊ အထူးသဖြင့် ဝံပုလွေဘုရင်ကို ထိတ်လန့်သွားအောင် လုပ်မည်ဖြစ်သည်။
သူ၏ အလယ်အလတ် စီးစရာသတ္တဝါစာချုပ် (အပြာရောင်အဆင့်) တွင် စာချုပ်မချုပ်မီ သတ္တဝါ ရရှိထားသော ဒဏ်ရာအားလုံးကို ကုသပေးနိုင်သည့် စွမ်းရည် ပါရှိသဖြင့်၊ ဝံပုလွေဘုရင်ကို မသေရုံတမည် တိုက်ခိုက်လျှင်ပင် ပြဿနာ မရှိနိုင်ချေ။
ထိတ်လန့်သွားသော သမင်မှာ ဦးတည်ချက်မရှိ ထွက်ပြေးရန် ကြိုးစားသော်လည်း နေရာမှာတင် အကိုက်ခံရ၍ သေဆုံးသွားပြီး၊ ၎င်း၏ သွေးများမှာ ရွှီရှင်း၏ သစ်ပင်အိမ်အောက်ရှိ မြေပြင်ပေါ်တွင် စွန်းထင်သွားတော့သည်။
ဝံပုလွေအုပ်မှာ အဆင့်အတန်း ခွဲခြားမှုရှိသည့်အတိုင်း ဝံပုလွေဘုရင် အရင်ဆုံး စားသောက်သည်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ဝံပုလွေဘုရင်မှာ ရှေ့သို့ တိုးလာပြီး စတင် စားသောက်တော့သည်။
ကျန်ဝံပုလွေများမှာမူ ပတ်ဝန်းကျင်ကို အကဲခတ်လျက် ကာကွယ်ပေးနေကြသည်။
"အခုက အချိန်ကောင်းပဲ"
ရွှီရှင်း၏ လက်မှာ အလိုအလျောက် မြှားပစ်စက် ၏ မောင်းတံဆီသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
---
အခန်း (၅၃) ပြီး။
အခန်း (၅၄) - ဝံပုလွေဘုရင်နှင့် ဝက်ဝံညို
ရွှီရှင်းသည် သစ်ပင်အောက်တွင် အစာစားနေသော ဝံပုလွေဘုရင်ကို ကြည့်ရင်း ခေတ္တမျှ တွန့်ဆုတ်နေမိသည်။
ရွှီရှင်း၏ ရည်မှန်းချက်မှာ ဝံပုလွေဘုရင်ကို စီးစရာသတ္တဝါ အဖြစ် ထားရှိရန် ဖြစ်သောကြောင့် သူ၏ ပထမဆုံး အလစ်အငိုက် ပစ်ချက်မှာ ဝံပုလွေဘုရင်ကို ဦးတည်ရမည် ဖြစ်သည်။
သို့သော် သူသည် သစ်ပင်ကိုပင် ဖောက်ထွက်နိုင်သော အလိုအလျောက် မြှားပစ်စက် ၏ အစွမ်းကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်ရာ၊ အကယ်၍ ဝံပုလွေဘုရင်ကိုသာ တိုက်ရိုက် သေဆုံးစေခဲ့လျှင် မဖြစ်သေးပေ။
သူ၏ အလယ်အလတ် စီးစရာသတ္တဝါစာချုပ် (အပြာရောင်အဆင့်) က ဒဏ်ရာများကို ကုသပေးနိုင်သည်မှာ မှန်သော်လည်း၊ အကယ်၍ ၎င်းမှာ သေဆုံးသွားလျှင် ဒါမှမဟုတ် အင်္ဂါအစိတ်အပိုင်းများ ပြတ်တောက်သွားလျှင်မူ ကုသနိုင်မည် မဟုတ်ချေ။
ဝံပုလွေဘုရင်၏ အစာစားနှုန်းမှာ နှေးကွေးသွားပြီ ဖြစ်သဖြင့် ရွှီရှင်း သွားကို တင်းတင်းကြိတ်လိုက်ကာ
"ထားလိုက်တော့၊ သူ အစာစားပြီး ထွက်သွားတာကို ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူး။ အရင် ပစ်လိုက်မယ်၊ သေသွားရင်လည်း နောက်တစ်ကောင် ရှာတာပေါ့"
ထိုသို့ တွေးပြီး ရွှီရှင်းသည် အလိုအလျောက် မြှားပစ်စက် ကို အစာစားနေသော ဝံပုလွေဘုရင်၏ နောက်ကျောဘက်သို့ ချိန်ရွယ်လိုက်ပြီး၊ ချက်ချင်း သေဆုံးနိုင်ခြေ လျော့နည်းစေရန် ဦးတည်ချက်ကို အနည်းငယ် ညှိလိုက်သည်။
"အီးးး"
သူ အသက်ကို ပြင်းပြင်းရှူကာ မြှားလွှတ်ရန် မောင်းတံကို ဆွဲတော့မည့် အချိန်မှာပင်၊ ခဲခဲ က ရုတ်တရက် အော်ဟစ်လိုက်ပြီး ရွှီရှင်း၏ အဝတ်ကို ဆွဲကာ လက်ကလေးဖြင့် တစ်နေရာသို့ ညွှန်ပြသည်။
"ဘာဖြစ်လို့လဲ" ရွှီရှင်း သူ၏ လှုပ်ရှားမှုကို ရပ်လိုက်သည်။
ဝံပုလွေအုပ်၏ အစွန်အဖျားတွင် ရှိနေသော ဝံပုလွေအချို့မှာ ရုတ်တရက် စူးစူးဝါးဝါး အူလိုက်ကြသည်။
ထိုအသံမှာ တစ်စုံတစ်ခုကို သတိပေးနေသည့်အလားပင်။
အစာစားနေသော ဝံပုလွေဘုရင်ပင်လျှင် ရပ်လိုက်ပြီး ခေါင်းမော့ကြည့်သည်။
ရွှီရှင်း ထိုအရပ်သို့ လှမ်းကြည့်လိုက်ရာ အသက်ရှူပင် မှားသွားတော့သည်။
"ရား...."
တောအုပ်၏ အရိပ်ထဲမှ ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
တကယ့် အကောင်ကြီးပဲ။ တကယ့်ကို ဧရာမကြီး။
ညိုမှောင်သော အမွေးအမျှင်များ၊ ထွားကြိုင်းသော ခန္ဓာကိုယ်နှင့် တိုင်လုံးကြီးများကဲ့သို့ တုတ်ခိုင်သော ခြေလက်များမှာ ၎င်းကို တိုက်ခိုက်ရန်ပင် မစဉ်းစားရဲအောင် ဖြစ်စေသည်။
၎င်းမှာ ဝက်ဝံညိုပင် ဖြစ်သည်။
ကုန်းနေ အသားစားသတ္တဝါများထဲတွင် အကြီးဆုံး ဖြစ်သည်။
တောအုပ်ထဲရှိ အရွယ်ရောက်ပြီးသော ဝက်ဝံညိုအထီးများတွင် လူသားမှလွဲ၍ သဘာဝရန်သူ လုံးဝ မရှိချေ။
ဤဝံပုလွေအုပ်က တောအုပ်၏ အရှင်သခင်ကို ဆွဲဆောင်မိလိမ့်မည်ဟု ရွှီရှင်း မထင်ထားခဲ့ချေ။
ဝက်ဝံညို၏ ခိုင်ခံ့သော ဧရာမ ခန္ဓာကိုယ်ကြီးမှာ မြေအောက်က သတ္တဝါကြီးများကို မြင်ဖူးထားသော ရွှီရှင်းကိုပင် ထိတ်လန့်သွားစေသည်။
ဘာပဲဖြစ်ဖြစ် မြေအောက်က သတ္တဝါတွေက မီတာထောင်ချီ ဝေးကွာပြီး မထင်မရှား ရှိနေကြသော်လည်း၊ ဤတောအုပ်အရှင်သခင်ကမူ မီတာ ဆယ်ဂဏန်းခန့်သာ ဝေးတော့သည်။
ဤဧရာမ သတ္တဝါကြီးမှာ အလေးချိန် တန်နှင့်ချီ၍ ရှိနေသည်မှာ သေချာလှသည်။
ရွှီရှင်း အရင်က နှိမ်နင်းခဲ့သော ဝက်ဝံနက်မှာ ဤကောင်ကြီးနှင့် ယှဉ်လျှင် မွေးကင်းစ ကလေးငယ်လေးသဖွယ် ဖြစ်နေပေလိမ့်မည်။
သူ၏ အလိုအလျောက် မြှားပစ်စက် နှင့် ပစ်လိုက်လျှင်ပင် ထိုဝက်ဝံကြီးက သူ၏ လက်ဝါးဖြင့် ပုတ်ထုတ်လိုက်မလားဟုပင် သူ သံသယ ဝင်နေမိသည်။
ဝက်ဝံညိုများသည် သစ်ပင်တက်နိုင်သလို၊ အရှိန်မှာလည်း မနှေးလှကြောင်း သူ သိထားသဖြင့် ဘာအသံမှ မထွက်ရဲချေ။
သူ့တွင် အလိုအလျောက် မြှားပစ်စက် တစ်ခုတည်းသာ ရှိပြီး၊ ၎င်းမှာ အပြင်နံရံတွင် တပ်ထားခြင်းဖြစ်ရာ သစ်ပင်အိမ် ပတ်ပတ်လည် အားလုံးကို မလွှမ်းခြုံနိုင်ချေ။
"အလိုအလျောက် မြှားပစ်စက် ရဲ့ အကွာအဝေးက သစ်ပင်အိမ် အောက်ခြေ တည့်တည့် နေရာတွေကို မလွှမ်းခြုံနိုင်ဘူးပဲ" ဟု ရွှီရှင်းက ထိုစက်၏ အားနည်းချက်ကို သိလိုက်ရသည်။
ကံကောင်းသည်မှာ ဝက်ဝံညိုနှင့် ဝံပုလွေအုပ် နှစ်မျိုးလုံးမှာ ယခုအခါ အလိုအလျောက် မြှားပစ်စက်၏ ပစ်ကွင်းအတွင်းမှာ ရှိနေခြင်း ဖြစ်သည်။
"အရင်ဆုံး အခြေအနေကို စောင့်ကြည့်ရအောင်။ အော်... ဝံပုလွေဘုရင်ရာ၊ သွားပြီး အသေမခံပါနဲ့ဦး။ မင်းက ဒီကောင်ကြီးရှေ့မှာ ဘာမှ မဟုတ်ဘူး။ မင်းသာ သေသွားရင် ငါ့အတွက် ဘယ်သူက စီးတော်ယဥ် လုပ်ပေးမှာလဲဟ..." ဟု ရွှီရှင်း ကိုယ့်ဘာသာ ရေရွတ်နေမိသည်။
ဝံပုလွေအုပ်မှာ အရေအတွက် များသော်လည်း ဝက်ဝံညိုကို ရင်ဆိုင်ရန် နည်းလမ်း မရှိချေ။
ဤအချိန်တွင် ဝက်ဝံညိုမှာ ဝံပုလွေဘုရင်ကို လုံးဝ လျစ်လျူရှုလျက် ဝံပုလွေအုပ် အမဲလိုက်ထားသော သားကောင်ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝက်ဝံညို အနားမရောက်မီမှာပင် ဝံပုလွေဘုရင်သည် သွားများကို အစွမ်းကုန် ဖြဲပြလျက် ဟိန်းဟောက်ကာ သတိပေးနေတော့သည်။
သို့သော် ဝက်ဝံညိုကမူ ဝံပုလွေဘုရင်၏ သတိပေးချက်များကို လုံးဝ ဂရုမစိုက်ဘဲ၊ ရှေ့သို့ တိုးလာကာ ဝံပုလွေအုပ်၏ သားကောင်ကို စတင် စားသောက်ပါတော့သည်။
မိမိ၏ အာဏာကို စိန်ခေါ်ခံရသည်ဟု ခံစားလိုက်ရသော ဝံပုလွေဘုရင်မှာ ဝက်ဝံညိုကို စတင် တိုက်ခိုက်ပါတော့သည်။
"မလုပ်နဲ့လေ"
ရွှီရှင်း အပေါ်မှနေ၍ စိုးရိမ်တကြီး ကြည့်နေမိသည်။
"မင်း သေချင်နေတာလား"
ဝံပုလွေဘုရင်နှင့် ဤဝက်ဝံညိုကြားက ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။
ကျန်သော ဝံပုလွေများမှာမူ ကြောက်လန့်၍ ထွက်ပြေးကုန်ကြပြီး ဤကောင်ကြီးနှင့် မရင်ဆိုင်ရဲကြတော့ချေ။
"အီးးး" ခဲခဲ ကတော့ ပြတင်းပေါက်နားတွင် ဝပ်လျက် စိတ်ဝင်တစား ကြည့်နေသည်။
ဝံပုလွေဘုရင်မှာ ဝက်ဝံညိုနှင့် ဆက်လက် တိုက်ခိုက်နေပြီး၊ ဝက်ဝံ၏ ပါးစပ်ထဲမှ သားကောင်ကို ပြန်လည် ရယူရန် အစွမ်းကုန် ကြိုးစားနေသည်။
သို့သော် ဝက်ဝံညိုမှာ ခွန်အားရော နည်းစနစ်ပါ ဝံပုလွေဘုရင်ထက် များစွာ သာလွန်လှသည်။
ရုတ်တရက် ရွှီရှင်းသည် ဤသို့ ဆက်ဖြစ်နေခြင်းမှာ မဆိုးဘူးဟု ခံစားလိုက်ရသည်။
အကယ်၍ ဤဝံပုလွေဘုရင်သာ ဝက်ဝံညိုနှင့် တိုက်ခိုက်ရင်း ပြင်းထန်စွာ ဒဏ်ရာရသွားလျှင်၊ ဝံပုလွေအုပ်က ဒဏ်ရာရနေသော ဘုရင်နောက်ကို ဆက်လိုက်တော့မည် မဟုတ်ချေ။
အဲဒီအချိန်က ငါ ဝံပုလွေဘုရင်နဲ့ စာချုပ်ချုပ်ဖို့ အကောင်းဆုံး အချိန်ပဲ။
ဒါကို နားလည်သွားသောအခါ ရွှီရှင်း စိတ်အေးသွားပြီး၊ အဖြေပေါ်နေပြီးသား ဖြစ်သော ဤတိုက်ပွဲကို ဆက်လက် ကြည့်ရှုနေလိုက်သည်။
ဝံပုလွေဘုရင်မှာ မိမိသည် ဝက်ဝံညိုကို မယှဉ်နိုင်မှန်း သိသွားသဖြင့် ပတ်ချာလည် လှည့်ပတ်ကာ၊ ဝက်ဝံ၏ အားနည်းချက်ကို ရှာဖွေပြီး အသေ တိုက်ကွက်တစ်ခု ဖော်ဆောင်ရန် ကြိုးစားနေသည်။
အခွင့်ကောင်းတစ်ခုကို ရလိုက်သောအခါ၊ ဝံပုလွေဘုရင်သည် ရုတ်တရက် ခုန်တက်လိုက်ပြီး ဝက်ဝံညိုအပေါ်သို့ ပြင်းထန်သော တိုက်ကွက်တစ်ခု ပြုလုပ်လိုက်ပါတော့သည်။
ဝံပုလွေဘုရင် တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက်၊ ဝက်ဝံညိုမှာ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဝံပုလွေဘုရင်၏ လည်ပင်းကို သူ၏ လက်ဝါးကြီးဖြင့် ဝုန်းခနဲ ပုတ်ချလိုက်၏။
စူးရှသော အော်သံကြီးတစ်ခုနှင့်အတူ ဝံပုလွေဘုရင်မှာ လွင့်ထွက်သွားပြီး မလှမ်းမကမ်းတွင် ကျသွားကာ အဆက်မပြတ် ရုန်းကန်နေတော့သည်။
၎င်း၏ လည်ပင်းအောက်ရှိ ခြစ်ရာများမှ သွေးများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
"အင်းလေ... ဘာလို့ သွားပြီး အသေခံတာလဲ။"
ရွှီရှင်း မြေပြင်ပေါ်တွင် ဝပ်လျက် ညည်းတွနေသော ဝံပုလွေဘုရင်ကို ကြည့်ကာ ခေါင်းခါယမ်းလိုက်မိသည်။
ဝံပုလွေဘုရင် ဒဏ်ရာရသွားသဖြင့် အခြားဝံပုလွေများမှာလည်း ကြောက်လန့်တကြား ဆုတ်ခွာသွားကြတော့သည်။
ဝက်ဝံညိုမှာလည်း အပြင်းအထန် ဒဏ်ရာရသွားသော ဝံပုလွေဘုရင်ကို လျစ်လျူရှုလျက်၊ သူရရှိထားသော အရသာရှိလှသည့် သမင်သားကိုသာ အားရပါးရ စားသောက်နေတော့သည်။
ရွှီရှင်း လဲကျနေသော ဝံပုလွေဘုရင်ကို ကြည့်လိုက်သည်။
ဝံပုလွေအုပ်ထဲတွင် အသန်မာဆုံးဖြစ်ခဲ့သော ၎င်း၏ ငွေမီးခိုးရောင် အမွေးအမျှင်များမှာ ယခုအခါ သွေးများ စွန်းထင်နေပြီး မြေပြင်ပေါ်တွင် ရုန်းကန်နေရရှာသည်။
၎င်းသည် နောက်ဆုံးတွင် မတ်တပ်ရပ်နိုင်ခဲ့သော်လည်း၊ ဝက်ဝံညိုနားသို့ မသွားတော့ဘဲ ဝေးရာသို့ ဖြည်းဖြည်းချင်း လျှောက်လာကာ မိုးမခပင်ကြီးတစ်ပင်၏ အောက်တွင် လဲကျသွားတော့သည်။
ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်မှာ ဒဏ်ရာကြောင့် ထိန်းမရအောင် တုန်ယင်နေ၏။
အုပ်စုဝင်များ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီဖြစ်ရာ ၎င်းသည် ဤနေရာမှာတင် သေဆုံးရတော့မည် ဖြစ်သည်။
၎င်းသည် လူသားတစ်ဦး၏ ခြေသံကို ကြားလိုက်ရသဖြင့်၊ နောက်ဆုံး လက်ကျန်ခွန်အားကို အသုံးပြုကာ ခေါင်းမော့ကြည့်လိုက်သည်။
၎င်း၏ ရှေ့တွင် လူတစ်ယောက် ရပ်နေပြီး ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
"မင်း အသက်ရှင်ချင်လား..ဒါဆို ငါနဲ့ စာချုပ်ချုပ်ရအောင်။"
---
အခန်း (၅၄) ပြီး။