ကြီးပွားချမ်းသာခြင်း
Vol. 11 Ch. 116
ချန်ဖေးနှင့် သူ၏အဖော်သုံးဦး ရှေ့သို့ တိုးသွားကြရာ မြေပြင်ပေါ်တွင် ဖျော့တော့သော အလင်းရောင် ထွက်ပေါ်နေသည့် ကြည်လင်သော အပိုင်းအစတစ်ခုကို တွေ့လိုက်ရသည်။
"ဆုံမှတ် အပိုင်းအစပဲ... ကံမဆိုးဘူးကွ..."
ကောဟုန်ကျဲ၏ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး ထိုအပိုင်းအစကို ကျောက်စိမ်းသေတ္တာထဲသို့ ဂရုတစိုက် ထည့်လိုက်၏။
"ဆုံမှတ် အပိုင်းအစတွေက ဘာလုပ်ဖို့ သုံးတာလဲ..." ချန်ဖေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါက အစွမ်းထက်တဲ့ ဒွာရသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေပဲ သုံးလို့ရတဲ့ ရတနာကွ... ငါတို့လို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွေအတွက် အသုံးမဝင်ဘူး... ဂိုဏ်းကို အပ်လိုက်ရင် အပိုင်းအစ တစ်ခုအတွက် ဂိုဏ်းက ပံ့ပိုးမှုအမှတ် ငါးထောင် ပေးတယ်..."
ကျန်းဖန်ချုံးကလည်း ပြုံးရွှင်စွာဖြင့် ချန်ဖေးဘက်သို့ လှည့်ကြည့်လိုက်ရာ ချန်ဖေးကို ပို၍ သဘောကျလာမိသည်။
ချန်ဖေးက တကယ့်ကို ကံကောင်းစေသော လက်ဆောင်မွန်ပင်။ စစ်မှန်သော ဆုံမှတ်တစ်ခုကို လျင်မြန်စွာ ရှာတွေ့ခဲ့ရုံသာမက ယခုအခါ ဆုံမှတ် အပိုင်းအစများကိုပါ ပိုင်ဆိုင်ခွင့် ရနေပြီဖြစ်သည်။
စစ်မှန်သော ဆုံမှတ်တစ်ခု ပျက်စီးသွားတိုင်း ဆုံမှတ်အပိုင်းအစများ ပေါ်လာတတ်သည် မဟုတ်ပေ။ ဤသည်က ကံတရားအပေါ်၌သာ လုံးလုံးလျားလျား မူတည်နေ၏။
"ငါတို့တော့ ရွှေအိုးကြီး ဆွတ်ခူးရရှိပြီဟေ့... ဟားဟားဟား..."
မူလန်ထောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ပံ့ပိုးမှုအမှတ် ငါးထောင်ဆိုလျှင် လူတစ်ဦးစီအတွက် အမှတ်တစ်ထောင်ကျော် ရရှိမည်ဖြစ်ရာ ဤမစ်ရှင်အတွက် ဂိုဏ်းက ပေးအပ်မည့် ပံ့ပိုးမှုအမှတ်များနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။
ချန်ဖေးက သဘောပေါက်နားလည်စွာ ခေါင်းညိတ်လိုက်၏။ သူ့အတွက်မူ ထိုအပိုင်းအစက သာမန်မှန်ကွဲစတစ်ခုနှင့် တူသည်ဟု ခံစားရသည်။
လက်တွေ့တွင်မူ ၎င်းကို အသုံးပြုရန် ဒွာရသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် လိုအပ်ပြီး ဝိညာဉ်လက်နက် သဘောတရားနှင့် ဆင်တူလောက်ပေသည်။
"ငါတို့ ဆက်သွားကြမလား..." ချန်ဖေးက မေးလိုက်သည်။
"ဒါပေါ့... မင်း မမောဘူးဆိုရင် ငါတို့လည်း မမောပါဘူးကွာ..." မူလန်ထောင်က
ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလိုက်၏။
"မင်း နားချင်လား မနားချင်ဘူးလား ဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်... ခုနက ငါတို့ ဘာမှ လုပ်ခဲ့ရတာမှ မဟုတ်တာ..." ကောဟုန်ကျဲက ပြုံး၍ ပြောလိုက်ရာ ကျန်းဖန်ချုံး၏ မျက်နှာပေါ်တွင်လည်း အပြုံးကြီးတစ်ခု ပေါ်လာသည်။
"ကောင်းပြီလေ... ဆက်သွားကြတာပေါ့..."
ချန်ဖေးသည် မူလစွမ်းအင်ဖြင့် ဝိညာဉ်စွမ်းအား ပြန်ပြည့်လာသဖြင့် မောပန်းခြင်း မရှိတော့ပေ။
နောက်တစ်ခဏ၌ ကျောက်စိမ်းဆွဲပြား လှုပ်ရှားသွားပြီးတစ္ဆေနယ်မြေအတွင်းမှ မျဉ်းကြောင်းငယ်များ ဖျော့တော့စွာ ပြန်ပေါ်လာသည်ကို အာရုံခံမိလိုက်၏။
"ဒီဘက်မှာ..."
ချန်ဖေးက ဦးတည်ချက်ကို ဆုံးဖြတ်ပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။ ကောဟုန်ကျဲနှင့် အခြားနှစ်ဦးက ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်ရင်း နောက်မှ ကပ်လျက် လိုက်ပါလာကြသည်။
ယခုတစ်ကြိမ်တွင် ခရီးက အနည်းငယ် ဝေးကွာနေ၏။ ချန်ဖေးက လမ်းတစ်လျှောက် အကြိမ်အနည်းငယ် ရပ်တန့်၍ ကျောက်စိမ်းဆွဲပြားကို အသုံးပြုကာ ဦးတည်ချက်ကို အတည်ပြုရသည်။
သူတို့သည် တစ်လှည့်လျှောက်လိုက်၊ တစ်လှည့်ရပ်လိုက်ဖြင့် သွားလာနေကြပြီး အာရုံခံမိသော အမည်းစက် တည်နေရာကပင် တစ်ကြိမ် ပြောင်းလဲသွားသေးသည်။
နောက်ဆုံး၌ ချန်ဖေးနှင့် လူစုသည် ခြံဝင်းတစ်ခုသို့ ရောက်ရှိလာကြသည်။
ချန်ဖေးက ခြံဝင်းထဲရှိ အမည်းစက်ကို အာရုံခံမိလိုက်သော်လည်း သူ၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွား၏။
ပထမ အမည်းစက်နှင့် မတူဘဲ ဤအမည်းစက်တွင် ဝန်းရံထားသော မျဉ်းနက်များ မရှိဘဲ တစ်ခုတည်းသော အမည်းစက်အဖြစ် တည်ရှိနေသည်။
"ဘာဖြစ်လို့လဲ..."
ချန်ဖေး၏ တွန့်ဆုတ်နေသော အမူအရာကို မြင်သော် ကောဟုန်ကျဲက မေးလိုက်သည်။
"အဲဒီ ဆုံမှတ်က အရင်တစ်ခုနဲ့ မတူဘူး ခံစားရတယ်..." ချန်ဖေးက ခေတ္တမျှ စဉ်းစားလိုက်၏။
"အရမ်း ကွာခြားနေလား..." ကျန်းဖန်ချုံးက မေးလိုက်သည်။
"အရမ်းကြီးတော့ မကွာခြားပါဘူး... ဒါပေမဲ့ အတူတူတော့ မဟုတ်ဘူး... ဒါကြောင့် ဒီအမှတ်က အတုများ ဖြစ်နေမလားလို့ တွေးမိနေတာ..."
ချန်ဖေး၏ နားလည်မှုအရ ထိုမျဉ်းနက်များသည် တစ္ဆေနယ်မြေ၏ ဖွဲ့စည်းပုံများ ဖြစ်နိုင်သည်။ မူလစွမ်းအင် လည်ပတ်နေသော စစ်မှန်သည့် ဆုံမှတ်များသည် ၎င်းတို့နှင့် ချိတ်ဆက်ထားသော မျဉ်းနက်များ ရှိသင့်သည်။
မျဉ်းနက်များ မရှိသော အမှတ်များသည် ဆုံမှတ်အတုများ ဖြစ်နိုင်ချေ များလေသည်။
"အတုလား... စမ်းကြည့်လိုက်ရင် သိရမှာပဲ..."
ကောဟုန်ကျဲ ခေတ္တမျှ စဉ်းစားလိုက်သည်။ အကယ်၍ အတုဖြစ်နေသည်ဟု ဆုံးဖြတ်ပါက ဝေးဝေးသို့ ရှောင်နေလိုက်ရုံသာ။ အစပျိုးချိန်တွင် ထွက်ပေါ်လာမည့် ဟိန်းဟောက်သံကြောင့် ဒဏ်ရာ မရသရွေ့ မွေးဖွားလာမည့် ဘီလူးကောင်ကို နှိမ်နင်းရန် မခက်ခဲလှပေ။
အကယ်၍ ကံကောင်းပါက မနေ့ကကဲ့သို့ ထူးဆန်းသော ပုတီးစေ့တစ်လုံးပင် ရရှိနိုင်သေးသည်။
ချန်ဖေး၏ လက်ရှိစွမ်းရည်ဖြင့် ထူးဆန်းသော ပုတီးစေ့ကို ဆေးလုံးအဖြစ် သန့်စင်နိုင်ရာ ၎င်း၏ တန်ဖိုးမှာ ချက်ချင်း မြင့်တက်သွားလိမ့်မည်။
ဆေးလုံးအဖြစ် သန့်စင်ပြီးသည့်တိုင် ၎င်း၏ အာနိသင်မှာ မူလစွမ်းအင်ထက် အနည်းငယ်သာ လျော့နည်းမည်ဖြစ်ရာ စွန့်စားရကျိုး နပ်ပေသည်။
"ဆုံမှတ်က ဘယ်နားမှာလဲ..." ကျန်းဖန်ချုံးက မေးလိုက်သည်။
"ဟို သစ်သားစင်ရဲ့ ညာဘက် တစ်ပေလောက် အကွာမှာ..." ချန်ဖေးက ရှေ့သို့ ညွှန်ပြ၍ ပြောလိုက်၏။
"ဒါဆို ငါတို့ ဒီနေရာကနေပဲ နေကြမယ်..."
ကျန်းဖန်ချုံးက လူအုပ်ကို ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားပြီးနောက် ပြောလိုက်သည်။
"ဂျူနီယာညီလေး ချန်... တော်ကြာ ထူးဆန်းတာတွေ ပေါ်လာရင် မင်းက အရင်ထိန်းချုပ်ထားလိုက်... ကျန်တာ ငါတို့ ကိုင်တွယ်မယ်..."
"ကောင်းပါပြီ..." ချန်ဖေးက ခေါင်းညိတ်လိုက်သည်။
မူလန်ထောင်က ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူ့အခန်းကဏ္ဍက သိသိသာသာ မှေးမှိန်သွားသလို ခံစားလိုက်ရပြီး ဘေးကနေ အားပေးရမည့် နေရာသာ ကျန်တော့မည့်ပုံပင်။
လေးကြိုးကို ဆွဲတင်လိုက်ပြီး မြှားတံကို ပစ်လွှတ်လိုက်ရာ အရာအားလုံးက ချောမွေ့နေ၏။ မြှားတံက ဆုံမှတ်ကို ထိမှန်သွားပြီး ဂယက်တစ်ခု ထွက်ပေါ်လာကာ လေထုထဲတွင် လှိုင်းဂယက်များ ဖြစ်ပေါ်သွားစေသည်။
ဤသည်က ဆုံမှတ်အတု ပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်စွမ်းအား တိုက်ခိုက်မှုပင်။
ချန်ဖေးနှင့် အခြားသုံးဦးစလုံး၏ စိတ်ထဲတွင် ကြီးမားသော ဘေးဆိုးကြီး ကျရောက်တော့မည့်အလား လေးလံသော ခံစားချက်ကို ခံစားလိုက်ရသော်လည်း ထိုမှလွဲ၍ အခြား ထိခိုက်မှု မရှိကြပေ။
လက်ရှိဆုံမှတ်မှ သရဲသဏ္ဌာန် အရိပ်မည်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ပတ်ဝန်းကျင်ကိုပင် သေချာ မကြည့်ရသေးမီ ၎င်း၏ နဖူးတည့်တည့်သို့ တိုက်ခိုက်ခြင်း ခံလိုက်ရပြီး ပြင်းထန်သော နာကျင်မှုက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို လွှမ်းခြုံသွား၏။
"ရွှစ် ရွှစ် ရွှစ်..."
မြှားတံ ခုနစ်ချောင်း၊ ရှစ်ချောင်းခန့်က အရိပ်မည်း၏ ဦးခေါင်းတွင် စိုက်ဝင်သွားသည်။ အရိပ်မည်းမှာ အသံပင် မထွက်နိုင်လိုက်ဘဲ ဦးခေါင်းတစ်ခုလုံးနီးပါး အရည်ပျော်ကျသွား၏။
ကောဟုန်ကျဲနှင့် ကျန်းဖန်ချုံးတို့သည် အရိပ်မည်း၏ ဘေးမှ ထွက်ပေါ်လာကြသည်။ တစ်ယောက်က အရိပ်မည်း၏ ခေါင်းကို မလိုက်ပြီး အခြားတစ်ယောက်က အရိပ်မည်း၏ ခြေလက်လေးဖက်စလုံးကို ခုတ်ပိုင်းပစ်လိုက်သည်။
ချန်ဖေး၏ မြှားတံက ထပ်ကြပ်မကွာ လိုက်ပါလာပြီး အရိပ်မည်း၏ ခြေလက်လေးဖက်စလုံးကို မြေကြီးပေါ်တွင် စိုက်ကပ်သွားအောင် ပစ်ခတ်လိုက်၏။
မူလန်ထောင်၏ ခြေလှမ်းကျင့်စဉ်က အနည်းငယ် နှေးကွေးနေသော်လည်း နောက်ဆုံးတွင် ရောက်ရှိလာပြီး ကျန်းဖန်ချုံးနှင့် ပူးပေါင်းကာ သရဲကောင်၏ ကိုယ်ခန္ဓာကို ဖျက်ဆီးပစ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း၊ အသက်ရှူချိန် တစ်ဒါဇင်ခန့် အကြာတွင် ထိတ်လန့်ဖွယ်ရာ အရိပ်မည်းကြီးမှာ ကောင်းစွာပင် မရုန်းကန်နိုင်လိုက်ဘဲ ပြာမှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။
ထူးဆန်းသော ပုတီးစေ့တစ်လုံးက မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ပြီး ထူးဆန်းသော သတ္တဝါတစ်ခု ပေါ်လာခဲ့ကြောင်း သက်သေပြနေ၏။
"သိပ်လွယ်တာပဲကွာ..."
မူလန်ထောင်က သဘောကျစွာ ရယ်မောလိုက်သည်။ ယခုတစ်ကြိမ်တွင် သူသည် အန္တရာယ်ကင်းကင်းဖြင့် ပါဝင်ခွင့် ရခဲ့ပြီ။
ချန်ဖေးက လေးနှင့်မြှားကို ချလိုက်၏။ ဤဘီလူးကောင်က သတ်ဖြတ်ရန် မခက်ခဲလှပေ။ အစပိုင်းတွင် ဟိန်းဟောက်သံကြောင့် ဒဏ်ရာမရသရွေ့ တိုက်ခိုက်ခွင့် အသာစီး ရယူနိုင်ပါက အလွယ်တကူ အနိုင်ယူနိုင်သည်။
သို့သော်လည်း အခြေအနေ အများစုတွင် ဂိုဏ်းအတွင်းမှ ခွဲခြားသိမြင်သူများပင် လောင်းကြေးထပ်လေ့ ရှိကြသည်။
ဆုံမှတ်တစ်ခု ရှာဖွေခြင်းကပင် ကံတရားအပေါ် အခြေခံနေ၏။ ဆုံမှတ်တစ်ခု ရှာတွေ့သည်နှင့် တပြိုင်နက် သူတို့က အဝေးမှနေ၍ ဖျက်ဆီးခိုင်းလေ့ရှိသည်။
ဆုံမှတ်အတု ဖြစ်နေလျှင် ပြဿနာမရှိသော်လည်း စစ်မှန်သော ဆုံမှတ်ဖြစ်နေပါက မူလစွမ်းအင်ကို စုပ်ယူရန် အချိန်မီမည် မဟုတ်ပေ။
တစ္ဆေနယ်မြေအတွင်း စွန့်စားရခြင်း၏ အကြောင်းရင်းမှာ ထိုမူလစွမ်းအင်အတွက် ဖြစ်သည်။ထို့ကြောင့် ဤအရာက အကျပ်အတည်း ဖြစ်နေ၏။
တစ်ခုတည်းသော နည်းလမ်းမှာ ချန်ဖေးတို့အဖွဲ့ မနေ့က လုပ်ခဲ့သကဲ့သို့ တစ်စုံတစ်ယောက်က အနောက်တွင် အရန်အဖြစ် ဆုတ်ခွာနေခြင်းမျိုး ဖြစ်နိုင်သည်။
သို့မှသာ လုံးပါးပါးမည့် အန္တရာယ်မှ ရှောင်ရှားနိုင်မည်။
အကယ်၍ အမှန်တကယ် အကျပ်အတည်း ကြုံလာပါက အလှည့်ကျ ပံ့ပိုးပေးရသူများ မည်သို့ ခံစားရမည်ကို တွေးကြည့်စရာပင်။
"ဒါဆို မြန်မြန်လှုပ်ရှားနိုင်သရွေ့ လှည့်စားပုတီးစေ့ ရနိုင်တယ်ပေါ့..." ချန်ဖေးက ရှေ့သို့တိုးလာပြီး ကောဟုန်ကျဲ ပုတီးစေ့ကို သိမ်းဆည်းနေသည်ကို ကြည့်လိုက်သည်။
"သေချာပေါက်တော့ မဟုတ်ဘူး... ဒါပေမဲ့ အခြေအနေ အတော်များများမှာတော့ မှန်ပါတယ်..." ကျန်းဖန်ချုံးက ပြုံးလိုက်သည်။
ဤတိုက်ပွဲက အလွန်လွယ်ကူလွန်း၏။ သူတို့ဘက်က အထိအခိုက် မရှိရုံသာမက တန်ဖိုးကြီးမားသော ထူးဆန်းသည့် ပုတီးစေ့တစ်လုံးကိုပါ ရရှိလိုက်သေးသည်။
"ဂျူနီယာညီလေး ချန်... ဒီ လင်းလင်းအရည် ပုလင်းလုံးက မင်းအတွက်ပဲ... ဒီနေ့တော့ မင်းကိုပဲ အားကိုးရတော့မယ်..."
ကောဟုန်ကျဲက လက်ကျန် လင်းလင်းအရည်ကို ချန်ဖေးအား ကမ်းပေးလိုက်သည်။ ချန်ဖေး ပြသခဲ့သော အာရုံခံနိုင်စွမ်းအပေါ် သူ ပြောစရာစကားပင် မရှိတော့ပေ။
"ဂျူနီယာညီလေး ချန်... မင်းကိုပဲ အားကိုးပါတယ်ကွာ..."
မူလန်ထောင်က ပြုံး၍ ပြောလိုက်သည်။ ဤအခြေအနေအတိုင်းသာ ဆက်သွားနိုင်ပါက သူသည် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ပြဿနာ ရှိတော့မည် မဟုတ်ဟု ခံစားနေရသည်။
အနာဂတ်က တောက်ပနေ၏။
ချန်ဖေးက သူ့လက်ထဲမှ လင်းလင်းအရည်ကို ကြည့်၍ မော့သောက်လိုက်ရာ အများစု ကုန်သွားလေသည်။ အခြားသူများ လိုအပ်လာပါက အသုံးပြုနိုင်ရန် အနည်းငယ်သာ ချန်ထားလိုက်၏။
"ဒါဆို ဆက်သွားကြစို့..."
ကောဟုန်ကျဲနှင့် အခြားနှစ်ဦး၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေသော အမူအရာများကို ကြည့်ရင်း နားနေရန် မလိုတော့ကြောင်း ချန်ဖေး သိလိုက်သည်။
ချန်ဖေး၏ ဝိညာဉ်စွမ်းအားမှာ ထက်ဝက်ကျော် ကျန်ရှိနေသေးရာ နောက်တစ်ကြိမ် ရှာဖွေရန် လုံလောက်နေပြီး စစ်မှန်သော ဆုံမှတ်နှင့် တွေ့ကြုံရပါက ဆက်လက်၍ပင် ရှာဖွေနိုင်ဦးမည် ဖြစ်သည်။
ကျောက်စိမ်းဆွဲပြား လည်ပတ်လာသည်နှင့် ချန်ဖေးက ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး ယခုတစ်ကြိမ်တွင် မျဉ်းနက်များ ပေါ်လာသည့် နေရာကို အဓိကထား ရှာဖွေလိုက်သည်။
"သွားကြစို့..."
ချန်ဖေး မျက်လုံးဖွင့်လိုက်ပြီး ခြံဝင်းထဲမှ ထွက်ခွာလာခဲ့သည်။
အမွှေးတိုင်တစ်တိုင်ထွန်းညှိချိန် ကုန်ဆုံးပြီးနောက် ချန်ဖေးနှင့် လူစုသည် လမ်းကြားတစ်ခု၌ ရပ်တန့်လိုက်ကြပြီး ချန်ဖေးက ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သည်။
ကောဟုန်ကျဲနှင့် အခြားနှစ်ဦးမှာ အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။ ဆုံမှတ်က သူတို့ရှေ့တည့်တည့်တွင် ရှိနေပြီး ဤမျှ နီးကပ်စွာ ရှိနေခြင်းမှာ ပထမဆုံးအကြိမ်ပင်။ အကယ်၍ ဆုံမှတ်က စစ်မှန်နေပါက သူတို့ စုပ်ယူနိုင်မည့် မူလစွမ်းအင် ပမာဏမှာ အများဆုံး ဖြစ်လာလိမ့်မည်။
"ကလစ်..."
တစ်စုံတစ်ခု စုတ်ပြဲသွားသကဲ့သို့ အသံ ထွက်ပေါ်လာပြီး နောက်တစ်ခဏ၌ လှိုင်းထန်သော မူလစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
ယခုတစ်ကြိမ်တွင် လေးဦးစလုံး ကောင်းစွာ ပြင်ဆင်ထားကြပြီး မူလစွမ်းအင် ထွက်ပေါ်လာသည်နှင့် ထုန်ယွမ်ကျင့်စဉ်ကို အားကုန် လည်ပတ်လိုက်ကြသည်။
ချန်ဖေးသည် အရင်းအမြစ်နှင့် အနီးဆုံးတွင် ရှိနေသဖြင့် မူလစွမ်းအင် အများဆုံး စုပ်ယူလိုက်ရသည်။
ဤအခိုက်အတန့်၌ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော မူလစွမ်းအင်များကြောင့် ချန်ဖေးမှာ သူ၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်တော့မလို ထင်ယောင်ထင်မှား ဖြစ်သွားသည်။
သို့သော် ကံကောင်းစွာပင် ၎င်းမှာ ထင်ယောင်ထင်မှား ဖြစ်မှုသာ ဖြစ်ပြီး သူ၏ သွေးကြောများ၊ ကြွက်သားများနှင့် အသားစိုင်များ အားလုံးက မူလစွမ်းအင်၏ ဝင်ရောက်တိုက်ခိုက်မှုကို ခုခံထားနိုင်ခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း အချိန်ကုန်ဆုံးသွားသော်လည်း သူတို့လေးဦးမှာ အချိန်ကြာမြင့်စွာ ရပ်တန့်နေကြဆဲ ဖြစ်သည်။ အတန်ကြာမှ သူတို့ မျက်လုံးများ ဖွင့်လာကြပြီး တစ်ဦးစီ၏ မျက်နှာပေါ်တွင် ထိန်းချုပ်မရသော အပြုံးများ ဖြစ်ပေါ်နေကြ၏။
မူလစွမ်းအင်များက အလွန်များပြားလှသည်။ အာနိသင်မှာ ပထမအကြိမ် မူလစွမ်းအင်ထက် အနည်းဆုံး နှစ်ဆကျော် ပိုများပေသည်။
ကျန်းဖန်ချုံး၏ မျက်နှာမှာ နီမြန်းနေပြီး ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းနေသကဲ့သို့ ဖြစ်နေ၏။
ဤသည်မှာ မူလစွမ်းအင်ကို တစ်ပြိုင်နက်တည်း အလွန်အကျွံ စုပ်ယူလိုက်သဖြင့် ခန္ဓာကိုယ်က ဝန်ပိသွားသော လက္ခဏာပင်။
သို့သော် ရွေးချယ်ခွင့်သာ ရှိမည်ဆိုလျှင် ကျန်းဖန်ချုံးက ဤကဲ့သို့သော အဖြစ်မျိုး မကြာခဏ ကြုံတွေ့ချင်မိသည်။
ကောဟုန်ကျဲက သူ၏ လက်သီးကို အနည်းငယ် ဆုပ်လိုက်ရာ ထိခိုက်ထားသော ဒွာရနှင့် ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်ကို ခံစားလိုက်ရသည်။
ဤအခြေအနေအတိုင်း နောက်ထပ် ဆယ်ကြိမ်ခန့် ဆက်သွားနိုင်ပါက အဆင့်တက်လှမ်းခြင်း မအောင်မြင်မှုကြောင့် ကျန်ရစ်ခဲ့သော အတွင်းဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားပေလိမ့်မည်။
ပထမအကြိမ် အဆင့်တက်လှမ်းခြင်း အတွေ့အကြုံမှ သင်ခန်းစာ ရယူထားပြီးဖြစ်ရာ မအောင်မြင်ခဲ့သည့်တိုင် ကောဟုန်ကျဲ နောက်တစ်ကြိမ် ထပ်မံ ကြိုးစားပါက အောင်မြင်နိုင်ချေ အနည်းဆုံး ၂၀ ရာခိုင်နှုန်း တိုးလာလိမ့်မည်။
ဒွာရသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိမည့် အတွေးက ကောဟုန်ကျဲ၏ စိတ်အားထက်သန်မှုကို မီးမွှေးပေးလိုက်၏။
၎င်းက သူ့ကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ ခွဲထွက်စေမည့် အရာဖြစ်သည်။ သူ၏ တိုက်ခိုက်စွမ်းရည် သိသိသာသာ တိုးတက်လာမည့်အပြင် သက်တမ်းမှာလည်း သာမန် ကိုယ်ခံပညာရှင်များထက် ကျော်လွန်သွားပေလိမ့်မည်။
ဤသည်မှာ အသက်ရှည်ခြင်းနှင့် အမြင်ကျယ်ခြင်းဆီသို့ ဦးတည်သော ပထမခြေလှမ်းပင်။
မူလန်ထောင်သည် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်၏ ပိတ်ဆို့နေသော လည်ပင်းကျဉ်း အခြေအနေ လျော့ရဲသွားသည်ကို ခံစားလိုက်ရသည်။
မူလစွမ်းအင်ဖြင့် ထပ်မံ ဆေးကြောရန် မလိုအပ်ဘဲ ပြန်သွား၍ လအနည်းငယ်ခန့် သန့်စင်လိုက်ပါက အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည်ဟု မူလန်ထောင် ယုံကြည်နေသည်။
ယခုတစ်ကြိမ် တစ္ဆေနယ်မြေတွင် ချန်ဖေးနှင့် တွေ့ဆုံရခြင်းက လုံးဝကို ကံကောင်းခြင်းပင်။
ချန်ဖေးက စနစ်ကို တစ်ချက်ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ခြင်ဆီသန့်စင်ခြင်း အဆင့်နှင့် ပို၍ ပို၍ နီးကပ်လာပြီ ဖြစ်သည်။
မူလစွမ်းအင်မှ ပြောင်းလဲလာသော အတွင်းအားသည် နာယွမ်ပုတီးစေ့ စုပ်ယူထားသည်ထက် များစွာ ပိုမို အစွမ်းထက်လှပေသည်။
ကုန်ခမ်းလုနီးပါး ဖြစ်နေသော ဝိညာဉ်စွမ်းအားသည်လည်း ဤမူလစွမ်းအင် လှိုင်းလုံးကြောင့် သိသိသာသာ ပြန်လည် ပြည့်ဝလာခဲ့ပြီ ဖြစ်ရာ နောက်တစ်ကြိမ် ထပ်မံ အသုံးပြုနိုင်တော့မည်။
"ဆက်သွားကြစို့..."
ချန်ဖေးက ကောဟုန်ကျဲနှင့် အခြားသူများကို လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီလေ..." ကောဟုန်ကျဲနှင့် အခြားသူများ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြရာ သူတို့မျက်နှာများတွင် ပျော်ရွှင်မှုများဖြင့် တောက်ပနေကြ၏။
ကျန်းဖန်ချုံးက ချန်ဖေးကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ အရောင်လက်နေသည်။ ချန်ဖေးကို ကြည့်လေလေ ပို၍ ဆွဲဆောင်မှု ရှိလေဟု သူမ ခံစားလာရ၏။
သူ၏ မယုံကြည်နိုင်လောက်အောင် ထူးချွန်သော ပါရမီကို ထည့်မပြောလျှင်ပင် ဖြစ်သည်။ ထိုသို့ တွေးမိရင်း ကျန်းဖန်ချုံး၏ မျက်နှာ အနည်းငယ် နီမြန်းသွားကာ ခေါင်းကို အမြန် ငုံ့လိုက်လေသည်။
သုံးနာရီခန့် ကြာပြီးနောက် ချန်ဖေးနှင့် အပေါင်းအပါများ စခန်းသို့ ပြန်ရောက်လာကြသည်။ သူတို့အားလုံး၏ မျက်နှာများမှာ နီမြန်းနေကြ၏။
ဤသည်မှာ ခန္ဓာကိုယ်က မူလစွမ်းအင်များကို အလွန်အကျွံ စုပ်ယူထားပြီး လက်မခံနိုင်တော့သည့် ပြင်ပ လက္ခဏာရပ်ပင်။
ဟုတ်ပါသည်။ မူလစွမ်းအင်များ အလွန်အကျွံ စုပ်ယူထားခြင်း ဖြစ်သည်။ လွန်ခဲ့သည့် သုံးနာရီ အတွင်း ချန်ဖေးနှင့် အဖွဲ့သည် နှစ်ကြိမ်သာ အနားယူခဲ့ပြီး ကျန်အချိန်များတွင် ဆုံမှတ်များကိုသာ လိုက်လံ ရှာဖွေခဲ့ကြသည်။
ချန်ဖေးသည် နောက်ထပ် စစ်မှန်သော ဆုံမှတ်နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး မူလစွမ်းအင်များကို အတိုင်းအဆမဲ့ စုပ်ယူခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဆုံမှတ်အတု နှစ်ခုကိုလည်း တွေ့ရှိခဲ့ပြီး ထူးဆန်းသော သတ္တဝါကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။ သို့သော် ထူးဆန်းသော ပုတီးစေ့မှာ နှစ်လုံးမဟုတ်ဘဲ တစ်လုံးသာ ထွက်ပေါ်လာခဲ့သည်။
ဆုံမှတ် အပိုင်းအစများအတွက်မူ ထပ်မံ မတွေ့ရှိခဲ့ရပေ။ ဤသည်မှာ လုံးဝကို ကံတရားအပေါ် မူတည်နေခြင်း ဖြစ်သည်။