ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်း
Vol. 11 Ch. 117
"ဆေးဖော်စပ်မှာလား..."
ကောဟုန်ကျဲက ချန်ဖေး၏ သဘောထားကို မေးလိုက်သည်။
"ဖော်စပ်ရမှာပေါ့..."
ချန်ဖေးက ခေါင်းညိတ်လိုက်၏။
ထူးဆန်းသော ပုတီးစေ့ကို စောစောစီးစီး သန့်စင်နိုင်လေ စွမ်းအင်ဆုံးရှုံးမှု နည်းလေ ဖြစ်သည်။ ထို့ကြောင့် ချန်ဖေးအနေဖြင့် ဤကဲ့သို့ ကောင်းမွန်သော အရာကို လက်လွှတ်ခံစရာ အကြောင်းမရှိပေ။
"ကောင်းပြီ... ငါ ဆေးဖိုသွားငှားလိုက်ဦးမယ်... ဒါမှမဟုတ်ရင်လည်း ဝယ်လိုက်တာက ပိုကောင်းမယ်... သူများဆီ လိုက်ငှားနေရတာ အလုပ်ရှုပ်တယ်..."
ကောဟုန်ကျဲက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ဂိုဏ်းတူညီအစ်ကိုများ ရှိရာဘက်သို့ ထွက်ခွာသွားသည်။
"ဆေးဖက်ဝင် အပင်တွေ ငါသွားဝယ်လိုက်မယ်..."
မူလန်ထောင်က စိတ်အားထက်သန်စွာ ပြောလိုက်၏။ ချန်ဖူဆေးလုံး ဖော်စပ်ရာတွင် သူ၏ အောင်မြင်မှုနှုန်း နည်းပါးသော်လည်း မည်သည့် ဆေးမြစ်များ လိုအပ်သည်ကိုမူ သူ သိထားသည်။
ယနေ့တွင် မူလန်ထောင်မှာ အလကား လိုက်ပါခိုကပ်နေရသူဟု ခံစားနေရသဖြင့် အားနာနေမိပြီး ဤအလုပ်များကို လုပ်ဆောင်ရန် ပုံမှန်ထက်ပို၍ စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
ယနေ့ ရရှိလိုက်သော အကျိုးအမြတ်များမှာ အလွန်များပြားလွန်းသဖြင့် မူလန်ထောင်မှာ လက်တွေ့မကျသလိုပင် ခံစားနေရပြီး အဖွဲ့ထဲမှ ကန်ထုတ်ခံလိုက်ရမည်ကို စိုးရိမ်နေမိ၏။
အကယ်၍ ထိုသို့ ဖြစ်သွားပါက တကယ့်ကို ရင်ကွဲစရာ ကောင်းပေလိမ့်မည်။
ချန်ဖေးနှင့် ကျန်းဖန်ချုံးတို့က မီးပုံကို မွှေးလိုက်ကြရာ ထင်းခြောက်များ လောင်ကျွမ်းသံ တဖြောက်ဖြောက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး တဖြည်းဖြည်း နွေးထွေးလာသည်။
"ဂျူနီယာညီလေးချန်... မင်း အိမ်ထောင်ကျပြီးပြီလား..."
ကျန်းဖန်ချုံးက ချန်ဖေးကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။
"မရှိသေးပါဘူး..."
ချန်ဖေး အံ့သြသွားပြီး ကျန်းဖန်ချုံးကို မော့ကြည့်လိုက်၏။
မီးရောင်အောက်တွင် ကျန်းဖန်ချုံး၏ တောက်ပသော မျက်နှာကို ဖျော့တော့စွာ မြင်တွေ့နေရသည်။ နှစ်ပေါင်းများစွာ ကိုယ်ခံပညာ လေ့ကျင့်ခဲ့မှုကြောင့် သူမ၏ ခန္ဓာကိုယ်မှာ သွယ်လျပြီး ကျော့ရှင်းနေသည်။
ကျန်းဖန်ချုံးက အသက် သုံးဆယ်ဝန်းကျင် ရှိနေပြီ ဖြစ်သည်။ ဤကမ္ဘာတွင် ထိုအသက်အရွယ်သည် သာမန်လူများကြား၌ အိုမင်းသည်ဟု သတ်မှတ်ကြသော်လည်း ကိုယ်ခံပညာရှင်များကြားတွင်မူ အလွန် ပုံမှန်ဆန်သော အသက်အရွယ် ဖြစ်၏။
ချန်ဖေး၏ ယခင်ဘဝ အမြင်အရဆိုလျှင် ဤအသက်အရွယ်သည် အမျိုးသမီးတစ်ဦးအတွက် ဆွဲဆောင်မှု အရှိဆုံး အချိန်ဖြစ်သည်။
မိန်းကလေးငယ် တစ်ဦး၏ ရိုးအပြစ်ကင်းစင်မှုများ ပျောက်ကွယ်သွားပြီး အမျိုးသမီးတစ်ဦး၏ ထူးခြားသော နူးညံ့သိမ်မွေ့မှုနှင့် ကျက်သရေတို့ဖြင့် အစားထိုး ဝင်ရောက်လာသော အရွယ်ဖြစ်သည်။
"မင်း သဘောကျတဲ့သူ မတွေ့သေးဘူးလား..." ကျန်းဖန်ချုံးက နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု စွန်းထင်းစေလျက် ချန်ဖေးကို မေးလိုက်သည်။
"ကျွန်တော့် ကျင့်ကြံမှုအဆင့်က မလုံလောက်သေးတော့ တိုးတက်ဖို့ ကြိုးစားနေရတုန်းပါ..." ချန်ဖေးက ပြုံး၍ ပြန်ဖြေလိုက်၏။
"အရိုးသန့်စင်ခြင်း အဆင့်ဆိုတာ နည်းနည်းတော့ အားနည်းနေသေးပေမယ့် ဂျူနီယာညီလေးချန်ရဲ့ စွမ်းရည်နဲ့ဆိုရင် ကျင့်ကြံမှု တိုးတက်လာဖို့က အချိန်မရွေး ဖြစ်လာနိုင်ပါတယ်... အထူးသဖြင့် အခုလို မူလစွမ်းအင်တွေ ဝင်ရောက်စီးဆင်းနေတဲ့အချိန်မှာ ဂျူနီယာညီလေးချန် အနေနဲ့ ခြင်ဆီသန့်စင်ခြင်း အဆင့်ကို မကြာခင် ချိုးဖျက်ဝင်ရောက်နိုင်မှာပါ... အဲဒီအခါကျရင် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်ကလည်း လက်တစ်ကမ်းမှာပဲ ရှိတော့မှာ..."
ကျန်းဖန်ချုံးက ပိုပြောနေခြင်း မဟုတ်ပေ။ ခန္ဓာကိုယ်ပေါ်တွင် မူလစွမ်းအင်များ အဆက်မပြတ် စီးဆင်းနေခြင်းသည် နတ်တိမ်ဓားဂိုဏ်း၏ တပည့်များကြားတွင်ပင် လူနည်းစုသာ ခံစားခွင့်ရသော အခွင့်ထူးဖြစ်သည်။
သို့သော် ယခုအခါ ဤတစ္ဆေနယ်မြေထဲတွင် သူတို့ ခံစားခွင့် ရရှိနေကြပြီ ဖြစ်သည်။
ချန်ဖေးသည် ယခု အရိုးသန့်စင်ခြင်း အဆင့်၌ ရှိနေပြီး တစ္ဆေနယ်မြေမှ မူလစွမ်းအင်များဖြင့် အဆက်မပြတ် ဆေးကြောသန့်စင်ပေးခြင်းက ကိုယ်ခံပညာရှင်များ၏ အခြေခံအုတ်မြစ်ကို အတိုင်းအတာ တစ်ခုထိ မြှင့်တင်ပေးနိုင်ပြီး အနာဂတ် ကျင့်ကြံမှု လမ်းခရီးကို ပိုမို ချောမွေ့စေလိမ့်မည်။
"ကောင်းမွန်တဲ့ စကားတွေ ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ..." ချန်ဖေးက ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်၏။
"ငါတို့ကြားမှာ ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး..."
ကျန်းဖန်ချုံးက ပြုံး၍ ပြောလိုက်သည်။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသော မူလန်ထောင် ပြန်ရောက်လာသည်ကို တွေ့လိုက်ရ၏။
ကျန်းဖန်ချုံးက မူလန်ထောင်ကို မျက်စောင်းထိုးလိုက်ရာ မူလန်ထောင်မှာ ဘာဖြစ်သွားမှန်း မသိဘဲ မျက်တောင်တခတ်ခတ် ဖြစ်သွားရှာသည်။
ခဏအကြာတွင် ဆေးဖိုတစ်လုံးကို သယ်ဆောင်လျက် ကောဟုန်ကျဲ ပြန်ရောက်လာသည်။
"စီနီယာအစ်ကိုကော... ဘယ်လောက်ပေးရလဲ... ကျွန်တော် ပြန်ပေးမယ်..." ချန်ဖေးက ဆေးဖိုကို လှမ်းယူရင်း မေးလိုက်၏။
"ဆေးဖိုတစ်လုံးက ဘယ်လောက်မှ မရှိပါဘူးကွာ... ဂျူနီယာညီလေးချန်က ဆေးစပ်မယ့်သူပဲဟာ..."
ကောဟုန်ကျဲက ကမန်းကတန်း လက်ကာပြလိုက်သည်။ ချန်ဖေး ဖော်စပ်လိုက်သော ဆေးလုံးများမှ ဝေစုကို လူတိုင်း ရရှိကြမည် ဖြစ်သည်။ ဤအချိန်တွင် ချန်ဖေးထံမှ ပိုက်ဆံယူရလောက်အောင် သူ ရူးမနေသေးပေ။
ချန်ဖေးက ပြုံးလိုက်ပြီး ဆက်မပြောတော့ချေ။ ဆေးဖိုကို စစ်ဆေးပြီးနောက် မီးပုံပေါ်တွင် တင်လိုက်သည်။
"ထူးဆန်းတဲ့ ပုတီးစေ့ နှစ်လုံးစလုံး ထည့်လိုက်ရမလား..." ချန်ဖေးက ကောဟုန်ကျဲကို မော့ကြည့်၍ မေးလိုက်၏။
"ထည့်လို့ရနိုင်မယ်တော့ ထင်တယ်... ဒါပေမဲ့ သန့်စင်ရမယ့် အခက်အခဲက ထူးဆန်းတဲ့ ပုတီးစေ့ တစ်လုံးတည်းထက် အများကြီး ပိုခက်လိမ့်မယ်..." ကောဟုန်ကျဲက ခေတ္တမျှ စဉ်းစားလိုက်သည်။
"ဆေးအာနိသင် ပြောင်းလဲသွားမလား..."
"အင်း... အာနိသင်က အများကြီး ပိုကောင်းလာနိုင်တယ်... နှစ်တစ်ရာသက်တမ်း ဆေးမြစ်ရဲ့ အာနိသင်နီးပါးလောက် ဖြစ်သွားနိုင်တယ်..."
"ဒါဆို စမ်းကြည့်ကြတာပေါ့..."
ချန်ဖေး၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။
နှစ်ငါးဆယ်သက်တမ်း ဆေးမြစ် နှစ်ပင်သည် နှစ်တစ်ရာသက်တမ်း ဆေးမြစ် တစ်ပင်လောက် တန်ဖိုးမရှိပေ။ အကယ်၍ ထူးဆန်းသော ပုတီးစေ့ နှစ်လုံး ပေါင်းထည့်လိုက်ခြင်းဖြင့် ဆေးအာနိသင်ကို နှစ်တစ်ရာသက်တမ်း ဆေးမြစ်အဆင့်ထိ မြှင့်တင်နိုင်မည် ဆိုပါက တွေဝေနေစရာ အကြောင်းမရှိတော့။
အခက်အခဲအတွက်မူ ချန်ဖေးသည် ချန်ဖူဆေးလုံးကို မဟာပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံထားပြီး ဖြစ်သည်။ ဆေးအာနိသင် မြှင့်တင်ခြင်းက ရှုပ်ထွေးနိုင်သော်လည်း ချန်ဖေးအတွက်မူ အခက်အခဲ များစွာ ရှိမည် မဟုတ်ပေ။
သို့သော်လည်း ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်သဖြင့် သတိထားသည့် အနေဖြင့် ချန်ဖေးက ဆေးဖိုကို မီးပုံပေါ်မှ ချလိုက်ပြီး မီးအေးအေးဖြင့် အပူပေးလိုက်သည်။
ချန်ဖေးက မီးအေးအေးကို အသုံးပြုနေသည်ကို မြင်လိုက်ရသောအခါ ကောဟုန်ကျဲနှင့် အခြားနှစ်ဦးမှာ သက်ပြင်းချနိုင်သွားကြသည်။
မနေ့က မီးပုံကြီးဖြင့် ဆေးဖော်စပ်ခဲ့သော မြင်ကွင်းက အနည်းငယ် ထိတ်လန့်စရာ ကောင်းခဲ့သည် မဟုတ်ပါလား။
ခဏအကြာတွင် သင်းပျံ့သော ဆေးရနံ့တစ်ခု ထွက်ပေါ်လာသော်လည်း မကြာမီ ပျောက်ကွယ်သွားပြီး ဆေးဖိုတစ်ခုလုံး အနည်းငယ် တုန်ခါလာသည်။
ချန်ဖေးက မတုန်မလှုပ်ပင် ရှိနေ၏။ ထူးဆန်းသော ပုတီးစေ့ နှစ်လုံး ထည့်လိုက်ခြင်းက ဆေးအာနိသင်ချင်း တိုက်မိမှုကို ပြင်းထန်စေသည်မှာ အမှန်ပင်။ သို့သော် ကံကောင်းစွာဖြင့် အရာအားလုံးက ချန်ဖေး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ဆေးဖို၏ တုန်ခါမှုများ လျော့ကျလာပြီး နောက်ဆုံးတွင် ရပ်တန့်သွားသည်။
ချန်ဖေးက ဆေးဖိုအဖုံးကို ရိုက်ဖွင့်လိုက်ရာ လတ်ဆတ်သော ဆေးရနံ့တစ်ခု ထွက်ပေါ်လာ၏။
ချန်ဖေး အထဲသို့ ချောင်းကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ဤချန်ဖူဆေးလုံးက မနေ့က ဆေးလုံးများနှင့် အနည်းငယ် ကွဲပြားနေသည်။
"ဘယ်နှလုံး ရလဲ..." မူလန်ထောင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
အကယ်၍ ဆေးလုံးအရေအတွက် နည်းပါးပါက သူရနိုင်ချေ မရှိသည်ကို မူလန်ထောင် သိနေသည်။
"ငါးလုံးပဲ..."
ချန်ဖေးက ပြုံးလိုက်ပြီး ဆေးဖိုထဲမှ ချန်ဖူဆေးလုံးများကို တစ်လုံးချင်း ထုတ်ယူ၍ ကျောက်စိမ်းသေတ္တာထဲသို့ ထည့်လိုက်သည်။
"မနေ့ကလိုပဲ ခွဲဝေကြတာပေါ့..."
ကောဟုန်ကျဲက ကျန်းဖန်ချုံးနှင့် အခြားတစ်ယောက်ကို လှမ်းကြည့်လိုက်ရာ သူတို့က ကန့်ကွက်စရာ မရှိကြသဖြင့် တစ်ယောက်တစ်လုံးစီ ယူလိုက်ကြသည်။
ချန်ဖေးက အနည်းငယ် ပြုံးလိုက်ပြီး ချန်ဖူဆေးလုံး တစ်လုံးကို ကောက်ယူကာ မျက်လုံးရှေ့တွင် ထား၍ ကြည့်လိုက်ရာ ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် မျဉ်းကြောင်းတစ်ကြောင်း စတင်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုပုံစံက ရင်းနှီးနေသလိုပင်။ ချန်ဖေးက
အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့မှ ထုတ်ပေးထားသော ကျောက်စိမ်းပြားကို ထုတ်ကြည့်လိုက်ရာ ကျောက်စိမ်းပြားပေါ်မှ ပုံစံနှင့် ဆေးလုံးပေါ်မှ ပုံစံမှာ အနည်းငယ် ဆင်တူနေသည်ကို တွေ့လိုက်ရသည်။
"သက်တမ်းရင့်တဲ့ ဆေးမြစ်တွေကို
အသုံးပြုပြီး အောင်မြင်အောင် သန့်စင်နိုင်တဲ့အခါ ဒီလို ဖြစ်စဉ်မျိုး ပေါ်လာတတ်ပုံပဲ..."
ချန်ဖေး ခန့်မှန်းလိုက်သော်လည်း ဟုတ်မဟုတ်ကိုမူ အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ထဲ ရောက်မှ မေးမြန်းကြည့်ရပေမည်။
"မင်းတို့ အရင်စားနှင့်လိုက်ကြ..." ကောဟုန်ကျဲက ပြုံး၍ ပြောလိုက်သည်။
ချန်ဖေးနှင့် အခြားနှစ်ဦးမှာ ကန့်ကွက်စရာ မရှိသဖြင့် ဆေးလုံးကို တန်း၍ မျိုချလိုက်ကြ၏။
ယခုတစ်ကြိမ်တွင် ဆေးလုံးက ပါးစပ်ထဲ၌ အရည်ပျော်သွားခြင်း မရှိဘဲ တစ်လုံးလုံးမှ အပူငွေ့များ ထုတ်လွှတ်နေသည်။ ထုန်ယွမ်ကျင့်စဉ်က အလိုအလျောက် လည်ပတ်လာပြီး ဆေးလုံးမှ ထွက်ပေါ်လာသော ဆေးစွမ်းအင်များကို သန့်စင်ပေးနေ၏။
ချန်ဖူဆေးလုံးကို သန့်စင်ရန် ချန်ဖေးအတွက် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။ အာနိသင်က ထူးကဲစွာ ကောင်းမွန်လှ၏။ မနေ့က ချန်ဖူဆေးလုံးနှင့် ယှဉ်လျှင် ယနေ့ဆေးလုံးက အနည်းဆုံး သုံးဆခန့် ပိုမို အစွမ်းထက်ပြီး ထို့ထက်ပင် ပိုကောင်းနိုင်သေးသည်။
ချန်ဖေးက စနစ်မျက်နှာပြင်ပေါ်မှ အဆင့်တိုးတက်မှု ပြဘားတန်းမှာ ထိပ်ဆုံးသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်နေလိုက်သည်။
တစ်ညလုံး တရားထိုင်ခြင်းဖြင့် ကုန်ဆုံးသွား၏။
နောက်တစ်နေ့ နံနက်တွင် လူတိုင်း တစ္ဆေနယ်မြေထဲသို့ စိတ်အားထက်သန်စွာ ဝင်ရောက်လာကြသည်။
မနေ့က အတွေ့အကြုံကြောင့် ယနေ့ ရှာဖွေမှုမှာ အလွန် ချောမွေ့နေ၏။
တစ်နေ့လုံးတွင် စစ်မှန်သော ဆုံမှတ် ငါးခုနှင့် ဆုံမှတ်အတု သုံးခုကို ဖျက်ဆီးနိုင်ခဲ့ကြသည်။
ဆုံမှတ် အပိုင်းအစ တစ်ခု ထပ်ရလိုက်ပြီး ကံကောင်းထောက်မစွာဖြင့် ထူးဆန်းသော ပုတီးစေ့ သုံးလုံးကိုလည်း ရရှိခဲ့ကြသည်။
ရှာဖွေမှု နက်ရှိုင်းလာသည်နှင့်အမျှ ဆုံမှတ်အတုများအတွင်းမှ မူမမှန်မှုများက ပိုမို အားကောင်းလာသည်။ သို့သော် ချန်ဖေးနှင့် အပေါင်းအပါများ၏ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်မှုကြောင့် မူမမှန်မှုများကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့ကြသည်။
တတိယမြောက်နေ့တွင် သူတို့သည် စံချိန်တင်အနေဖြင့် စစ်မှန်သော ဆုံမှတ် ခြောက်ခုကို ရှာဖွေတွေ့ရှိခဲ့ရာ လူလေးဦးစလုံး မူလစွမ်းအင်ကြောင့် ခေါင်းမူးလုမတတ် ဖြစ်သွားကြသည်။
အချိန် အလုံအလောက် ရှိသေးသော်လည်း လေးဦးစလုံး ထပ်မံ စုပ်ယူရဲခြင်း မရှိတော့ပေ။ မူလစွမ်းအင် အလွန်အကျွံ စုပ်ယူမိသဖြင့် ခန္ဓာကိုယ် ပေါက်ကွဲသေဆုံးသော ပထမဆုံး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကိုယ်ခံပညာရှင်များ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ကောဟုန်ကျဲနှင့် ကျန်းဖန်ချုံးတို့ နှစ်ဦးစလုံး စိတ်လှုပ်ရှားနေကြ၏။ သုံးရက်ကြာ မူလစွမ်းအင် စီးဆင်းမှု ခံယူပြီးနောက် ဒွာရသန့်စင်ခြင်းနယ်ပယ်သို့ အဆင့်တက်လှမ်းမှု မအောင်မြင်စဉ်က ထိခိုက်ခဲ့သော ဒွာရနှင့် ဝိညာဉ်စွမ်းအားများသည် ယနေ့တွင် အပြည့်အဝ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်သည်။
ယခုအခါ ပြန်လည်သက်သာလာရုံသာမက မူလစွမ်းအင် ဖြည့်တင်းမှုကြောင့် ဒွာရနှင့် ဝိညာဉ်စွမ်းအားများမှာ တစ်ဆင့် ပိုမို တိုးတက်လာခဲ့ပြီ ဖြစ်သည်။
လက်ရှိနှုန်းထားအတိုင်းသာ ဆက်သွားနိုင်ပါက တစ္ဆေနယ်မြေ ကိစ္စပြီးဆုံးသည်နှင့် ပြန်သွား၍ ခေတ္တမျှ တရားထိုင်ပြီးနောက် ဒွာရသန့်စင်ခြင်းနယ်ပယ်သို့ နောက်တစ်ကြိမ် အဆင့်တက်လှမ်းရန် ပြင်ဆင်နိုင်တော့မည် ဖြစ်သည်။
ဒုတိယမြောက် ညတွင် ချန်ဖူဆေးလုံးကို သောက်သုံးရင်း မူလန်ထောင်သည် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ အဆင့်တက်လှမ်းရန် ကြိုးစားခဲ့သည်။
သူသည် အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး မည်သည့် အနှောင့်အယှက်မှ မရှိခဲ့သဖြင့် စိတ်လှုပ်ရှားနေသော မူလန်ထောင်မှာ ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဆေးဖော်စပ်ရာ၌ ထူးဆန်းသော ပုတီးစေ့ သုံးလုံးအထိသာ အများဆုံး ထည့်သွင်း စမ်းသပ်နိုင်ခဲ့ပြီး ရပ်တန့်လိုက်ရသည်။
ချန်ဖေး၏ ဆေးဖော်စပ်မှု စွမ်းရည် မလုံလောက်သောကြောင့် မဟုတ်ဘဲ ဆေးဖိုက ခံနိုင်ရည် အကန့်အသတ်သို့ ရောက်နေသောကြောင့် ဖြစ်သည်။
ထူးဆန်းသော ပုတီးစေ့ သုံးလုံးနှင့်ပင် ဆေးဖိုမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေပြီဖြစ်ရာ လေးလုံးထည့်လိုက်ပါက သေချာပေါက် ပေါက်ကွဲသွားပေလိမ့်မည်။
တစ်ဖက်တွင်လည်း ပုတီးစေ့ သုံးလုံးပါဝင်သော ချန်ဖူဆေးလုံးတွင် ဆေးလုံးမျဉ်းကြောင်းများ ပိုမို ထင်ရှားလာပြီး ဆေးစွမ်းအင်မှာလည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ခန္ဓာကိုယ်က စုပ်ယူရ လွယ်ကူစေရုံသာမက အာနိသင်မှာလည်း မယုံကြည်နိုင်လောက်အောင် ကောင်းမွန်လှသည်။
ယနေ့ညတွင် ချန်ဖေးသည် ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ အဆင့်တက်လှမ်းရန် ပြင်ဆင်နေသည်။
တစ္ဆေနယ်မြေအတွင်း မူလစွမ်းအင် စီးဆင်းမှု၏ အကျိုးသက်ရောက်မှုမှာ အလွန် ကောင်းမွန်လှသည်။ အဆင့်တက်လှမ်းခြင်း မစတင်မီ အချိန်အနည်းငယ် လိုဦးမည်ဟု ချန်ဖေး အစက ထင်ထားခဲ့သည်။
သို့သော် မူလစွမ်းအင် ဖြည့်တင်းမှု၊ ထုန်ယွမ်ကျင့်စဉ်၏ ကန့်သတ်ချက်များ လျော့နည်းလာမှုနှင့် နဂါးဆင် နှိမ်နင်းခြင်း ကျင့်စဉ်၏ ခန္ဓာကိုယ်အပေါ် အားကောင်းသော ထိန်းချုပ်နိုင်မှု စသည့် အကြောင်းရင်းများကြောင့် သူသည် ခြင်ဆီသန့်စင်ခြင်း အဆင့်နှင့် အလွန် နီးစပ်နေပြီဖြစ်ကြောင်း ချန်ဖေး တွေ့ရှိလိုက်ရသည်။
ထုန်ယွမ်ကျင့်စဉ်က ချန်ဖေး၏ ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာ လည်ပတ်နေပြီး အတွင်းအားများက ကြွက်သားများနှင့် အရိုးများအတွင်း ပြည့်နှက်ကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
"ဘုန်း..."
တစ်စုံတစ်ခုသော အခိုက်အတန့်၌ သူ၏ ဝိညာဉ်အတွင်း ပဲ့တင်ထပ်သွားသကဲ့သို့ ဖြစ်သွားပြီး ချန်ဖေး အနည်းငယ် အားစိုက်လိုက်သည်နှင့် သူ၏ အတွင်းအားများက ပိတ်ဆို့မှုကို ချက်ချင်း ချိုးဖျက်သွားကာ တစ်ကိုယ်လုံးရှိ ခြင်ဆီများအတွင်းသို့ တဖြည်းဖြည်း ပျံ့နှံ့သွားတော့သည်။
ခဏအကြာတွင် ချန်ဖေး မျက်လုံးဖွင့်လိုက်ပြီး ညစ်ညမ်းသော အရည်တစ်လုပ်ကို ထွေးထုတ်လိုက်သည်။
နဂါးဆင် နှိမ်နင်းခြင်း ကျင့်စဉ်ကြောင့် တိုးတက်ကောင်းမွန်နေပြီးဖြစ်သော ချန်ဖေး၏ အာရုံခံနိုင်စွမ်းများမှာ ယခုအခါ ပိုမို ထက်မြက်လာခဲ့ပြီ ဖြစ်သည်။
မီတာ ဒါဇင်ပေါင်းများစွာ အကွာမှ ပုရွက်ဆိတ်များ တွားသွားနေသံကိုပင် သူ ကြားနေရသည်။ သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးမှာ ပါးလွှာသော ဇာပဝါတစ်ချပ်ကို ဖယ်ရှားလိုက်သကဲ့သို့ ပိုမို ကြည်လင်ပြတ်သားလာသည်။
ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်သည် ခန္ဓာကိုယ်၏ အလားအလာကို တစ်ဆင့်ချင်း ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပိုမိုနက်နဲသော ဒွာရနယ်ပယ်သို့ ဦးတည် ရွေ့လျားနေပြီ ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်၌ အဆင့်တစ်ဆင့် တက်လှမ်းတိုင်း သိသာထင်ရှားသော တိုးတက်မှုများ ရရှိလေ့ရှိသည်။
"ဂုဏ်ယူပါတယ် ဂျူနီယာညီလေးချန်..." ကောဟုန်ကျဲက အရိုအသေပြုလိုက်သည်။
ကျန်းဖန်ချုံးနှင့် မူလန်ထောင်တို့ကလည်း ချန်ဖေးကို ဂုဏ်ပြုစကား ဆိုကြသည်။ ခြင်ဆီသန့်စင်ခြင်း အဆင့်သည် ယွမ်ချန်ဓားဂိုဏ်း၏ တပည့်များကြားတွင် သာမန်အဆင့်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
ချန်ဖေး၏ အသက်အရွယ်သည် ပါရမီရှင်ဟု မဆိုနိုင်သော်လည်း သေချာပေါက် လျှော့တွက်၍ရသော သူမျိုး မဟုတ်ပေ။
ချန်ဖေးက ပြုံး၍ လက်သီးဆုပ်ကာ ပြန်လည် ဂါရဝပြုလိုက်သည်။ မီတာ ဒါဇင်ပေါင်းများစွာ အကွာရှိ သစ်ပင်တစ်ပင်ကို သူ လှမ်းကြည့်လိုက်ရာ သစ်ရွက်တစ်ရွက်သည် ညလေညင်းကြောင့် သစ်ပင်ပေါ်မှ ကြွေကျလာသည်ကို တွေ့လိုက်ရသည်။
ချန်ဖေး၏ စိတ်အာရုံ လှုပ်ရှားသွားပြီး သူ ရှိနေသော နေရာမှ ရုတ်ခြည်း ပျောက်ကွယ်သွားကာ မျက်တောင်တစ်ခတ်အတွင်း သစ်ပင်ထိပ်သို့ ရောက်ရှိသွားပြီး သစ်ရွက်ကို လက်တစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။
ချန်ဖေးက သစ်ရွက်ပေါ်မှ အကြောများကို ကြည့်လိုက်ပြီး ညာဘက်ခြေထောက်ဖြင့် သစ်ကိုင်းကို ဖွဖွလေး နင်းလိုက်ရာ မိုးမခပင်များကို ဖြတ်သန်းတိုက်ခတ်သော လေပြေလေညင်းအလား သူ ရှိခဲ့သော မူလနေရာသို့ ပြန်ရောက်သွားတော့သည်။
ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ယခင်က ကျင့်ကြံမှုအဆင့် နိမ့်ကျသဖြင့် အပြည့်အဝ မထုတ်သုံးနိုင်ခဲ့သော ဝိညာဉ်လိုက်ခြေလှမ်းသည် ယခုအခါ ၎င်း၏ စစ်မှန်သော စွမ်းအားကို နောက်ဆုံးတွင် ပြသနိုင်ခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ယံတွင် လမင်းကြီး ထိန်ထိန်သာနေချိန်၌ ချန်ဖေးသည် ခြေချိတ်ထိုင်ကာ သူ၏ ကိုယ်ခံပညာ ကျင့်စဉ်များကို ပြန်လည် သုံးသပ်လိုက်သည်။
[ အဆင့် - ခြင်ဆီသန့်စင်ခြင်း အဆင့် (၃၇/၅၀၀၀၀၀) ]
ခြင်ဆီသန့်စင်ခြင်း အဆင့်အတွက် လိုအပ်သော အတွေ့အကြုံ ရမှတ်များက နောက်ထပ် ဆယ်ဆ ထပ်မတိုးလာသည်ကို တွေ့လိုက်ရသဖြင့် ချန်ဖေး သက်ပြင်းချနိုင်သွားသည်။
လက်ရှိ အခြေအနေများအရ ချန်ဖေးသည် တစ်နှစ်အတွင်း အဆင့်တက်လှမ်းခြင်းကို ပြီးမြောက်နိုင်ဖွယ် ရှိသည်။
အကယ်၍ ထုန်ယွမ်ကျင့်စဉ် ပဉ္စမအဆင့်သို့ ရောက်ရှိအောင် စောင့်ဆိုင်းနိုင်ပါက ကန့်သတ်ချက်များ လျော့နည်းသွားမည်ဖြစ်ရာ အချိန်ကို ပိုမို တိုတောင်းစေနိုင်မည် ဖြစ်သည်။
ယခုအခါ တစ္ဆေနယ်မြေအတွင်း ရှာဖွေရာ၌ မူလစွမ်းအင် ဖြည့်တင်းမှု တစ်ကြိမ်တိုင်းက ချန်ဖေး၏ အတွင်းအားကို လျင်မြန်စွာ တိုးတက်စေသည်။
သူသည် တစ္ဆေနယ်မြေထဲတွင် အချိန်မည်မျှ ကြာကြာ နေနိုင်မည်ကို ဂရုမစိုက်တော့ပေ။
သူ၏ လက်ရှိ ရည်မှန်းချက်မှာ မူလစွမ်းအင် စုပ်ယူနိုင်မည့် ဆုံမှတ်တစ်ခုကို ရှာဖွေရန်သာ ဖြစ်သည်။
ကျင့်ကြံမှုအဆင့် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့မှုကြောင့် ဝိညာဉ်လိုက်ခြေလှမ်းသည် ရှိသင့်ရှိထိုက်သော အမြန်နှုန်းသို့ ပြန်လည် ရောက်ရှိလာသည့်အပြင် ကြယ်တာရာ ဓားသိုင်းနှင့် ဆူးဓားသိုင်းတို့သည်လည်း ချန်ဖေး၏ ကိုယ်ပိုင် အခြေအနေများကြောင့် ကန့်သတ်ခံထားရခြင်း မရှိတော့ပေ။