← Chapters

လက်ဖဝါး တစ်ချက်ဖြင့် တိမ်တိုက် ဖန်တီးခြင်း

Vol. 11 Ch. 120

လက်ဖဝါး တစ်ချက်ဖြင့် တိမ်တိုက် ဖန်တီးခြင်း

Vol. 11 Ch. 120

ကောဟုန်ကျဲနှင့် အခြားသုံးဦးသည် ဘေးတစ်ဖက်တွင် ရပ်၍ မြေပြင်ပေါ်၌ လဲကျနေသော လုဟိုင်ယန်နှင့် အဖွဲ့သားများကို ကြည့်နေလိုက်ကြ၏။

နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာပြင်းထန်ကာ ကျောက်ကျင်းယွမ်မှာ လက်တစ်ဖက် ပြတ်တောက်သွားသည်။ မည်သည့် အကြောင်းကြောင့်မှန်း မသိသော်လည်း ပြတ်တောက်သွားသော လက်မောင်းမှာ စုတ်ပြတ်သတ်နေသဖြင့် ပြန်ဆက်ရန် အခွင့်အရေး မရှိတော့ပေ။

လုဟိုင်ယန်၏ သွေးနှင့်ချီစွမ်းအင်များ ကုန်ခမ်းနေပြီး စိတ်ဝိညာဉ် ထိခိုက်မှုပါ ရှိနေသဖြင့် အခြေအနေမှာ ပို၍ ဆိုးရွားနေသည်။

သူသည် ဒွာရသန့်စင်ခြင်းနယ်ပယ်သို့ အဆင့်တက်လှမ်းခြင်း မအောင်မြင်မှုကြောင့် ကျန်ရစ်ခဲ့သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကုစားရန် တစ္ဆေနယ်မြေ အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သော်လည်း ယခုအခါ ဒဏ်ရာများမှာ ပိုမို ဆိုးရွားသွားခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် မူလစွမ်းအင် ဖြည့်တင်းမှု ခံယူလျှင်ပင် ပြန်လည် ကောင်းမွန်လာရန် အခွင့်အလမ်း နည်းပါးလှ၏။

"မင်းတို့ ကိုယ့်ကိုယ်ကိုယ် ဘာတွေ လုပ်လိုက်ကြတာလဲ..."

ကောဟုန်ကျဲက ကျောက်ကျင်းယွမ်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် အကြိမ်အနည်းငယ် ပူးပေါင်းခဲ့ဖူးကြရာ ကျောက်ကျင်းယွမ်၏ သနားစဖွယ် အဖြစ်ကို မြင်လိုက်ရသောအခါ ကောဟုန်ကျဲ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"ခင်ဗျားတို့သာ ပူးပေါင်းဖို့ သဘောတူခဲ့ရင် ကျွန်တော်တို့ ဒီအခြေအနေ ရောက်မှာ မဟုတ်ဘူး..." ကျောက်ကျင်းယွမ်က ကောဟုန်ကျဲကို မော့ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကျောက်ကျင်းယွမ်... မင်း ရူးနေလား... ငါတို့နောက် လိုက်လာတာ မင်းတို့လေ... မင်းတို့မှာ အကြောင်းပြချက် ပေးစရာ ရှိသေးလို့လား..." မူလန်ထောင်က ကျိန်ဆဲလိုက်သည်။ ဤကောင်၏ ဦးနှောက်များ တစ်စုံတစ်ရာကြောင့် ပျက်စီးသွားပြီလောဟု သူ တွေးနေမိ၏။

"ကျွန်တော် သန်မာချင်တယ်... အဲဒါ မှားလို့လား..." ကျောက်ကျင်းယွမ်က အော်ဟစ်လိုက်သည်။

"သန်မာချင်တာ မမှားပါဘူး... ဒါပေမဲ့ မင်းရဲ့ နည်းလမ်းက မှားနေတယ်... ထားလိုက်ပါတော့... မင်းနဲ့ ငြင်းနေလည်း အပိုပဲ... မင်းတို့ ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်ကြတော့..." ကျန်းဖန်ချုံးက ခေါင်းခါလိုက်သည်။ ဤကဲ့သို့သော လူမျိုးနှင့် အကျိုးသင့်အကြောင်းသင့် ပြောနေခြင်းက အဓိပ္ပာယ် မရှိပေ။

သူတို့ စတင် ပူးပေါင်းစဉ်က ကျောက်ကျင်းယွမ်၏ စိတ်နေသဘောထား မကောင်းဟုသာ ထင်ခဲ့သော်လည်း ယခုအခါ သူသည် ကိုယ်ပိုင်ကမ္ဘာထဲတွင် နေထိုင်နေသူမှန်း သိလိုက်ရသည်။

"ကျွန်တော်တို့ကို တစ္ဆေနယ်မြေ အပြင်ရောက်အောင် ကူညီပေးလို့ ရမလား... ဒီအတိုင်း ပြန်သွားရင် ကျွန်တော်တို့ သေလိမ့်မယ်..."

လုဟိုင်ယန်က ကောဟုန်ကျဲကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အသနားခံလိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ ဒွာရသန့်စင်ခြင်းနယ်ပယ် အတွက် မျှော်လင့်ချက် မရှိတော့သော်လည်း လုဟိုင်ယန် မသေချင်သေးပေ။

အတွင်းကလီစာ သန့်စင်ခြင်း အဆင့်ဖြင့် ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းခြင်းက သေဆုံးခြင်းထက် သာလွန်သည်။

ကောဟုန်ကျဲ တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် ခေါင်းခါလိုက်သည်။

သူတို့သည် ယုတ်မာသော ရည်ရွယ်ချက်ဖြင့် နောက်ယောင်ခံ လိုက်လာခဲ့ကြခြင်း ဖြစ်သည်။ ကောဟုန်ကျဲတို့က အငြိုးအတေး မထားသည်ကပင် အလွန် သဘောထားကြီးရာ ရောက်နေပြီ ဖြစ်သည်။ ယခု သူတို့ကို ပြန်လည် စောင့်ရှောက် ခေါ်ဆောင်သွားစေချင်သေးသည်လော။

"မကောင်းမှုကို ကောင်းမှုနဲ့ တုံ့ပြန်ရမယ် ဟုတ်လား... ဒါဆို ကောင်းမှုကိုကျ ဘာနဲ့ တုံ့ပြန်မလဲ..."

လုဟိုင်ယန်နှင့် သူ၏ အဖော်ဖြစ်သူတို့၏ မျက်နှာထားများ အလိုအလျောက် ပြောင်းလဲသွားသည်။ သူတို့ တစ်စုံတစ်ခု ပြောချင်သော်လည်း မည်သို့ ပြောရမည် မသိ ဖြစ်နေကြ၏။

သူတို့သည် အခွင့်ကောင်းယူရန် ရည်ရွယ်ချက်ဖြင့် နောက်ယောင်ခံ လိုက်လာခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ရက်စက်တတ်သူနှင့်သာ တွေ့ခဲ့ပါက စောစောက သူတို့ကို ကယ်တင်ခဲ့မည်ပင် မဟုတ်ပေ။

"စီနီယာအစ်ကိုကော... ကျွန်တော် မှားပါတယ်... ကျွန်တော့်ကို ပြန်ခေါ်သွားပေးပါ... ကျွန်တော် မသေချင်ဘူး..." ကျောက်ကျင်းယွမ်က ရုတ်တရက် ငိုကြွေးလေတော့သည်။

"တစ်ခုခု မှားနေပြီ..."

ချန်ဖေး ရုတ်တရက် ရေရွတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

တစ္ဆေကောင် ပျောက်ကွယ်သွားသည်မှာ အချိန် အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အမှောင်ထု ပျောက်ကွယ်သွားသည်နှင့် ထွက်ခွာရန် ချန်ဖေးနှင့် သူ၏အဖွဲ့က စီစဉ်ထားကြသည်။ သို့သော် အံ့အားသင့်စရာကောင်းစွာပင် အမှောင်ထုက ပျောက်ကွယ်မသွားဘဲ ကျန်ရှိနေဆဲ ဖြစ်သည်။

ကောဟုန်ကျဲနှင့် အခြားသူများလည်း အခြေအနေကို သတိထားမိလိုက်ကြသည်။ အမှောင်ထုသည် တစ္ဆေကောင်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခု တစ္ဆေကောင် သေဆုံးသွားပြီ ဖြစ်ရာ အမှောင်ထုလည်း ပျောက်ကွယ်သွားသင့်သည်။

"ပုံရိပ်ယောင်ကို ဖျက်ဆီးနိုင်တယ်ဆိုတော့... မဆိုးပါဘူး..."

ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဝဲကတော့တစ်ခု ရုတ်ခြည်း ပေါ်လာကာ လူအားလုံးကို လွှမ်းခြုံသွား၏။

ချန်ဖေးနှင့် အခြားသူများ လန့်ဖျပ်သွားကြသည်။ သူတို့ လျင်မြန်စွာ ရွေ့လျားလိုက်သော်လည်း ဝဲကတော့အတွင်းမှ မလွတ်မြောက်နိုင်ကြပေ။ မျက်တောင်တစ်ခတ်အတွင်း လူခြောက်ဦးစလုံး နေရာမှ ပျောက်ကွယ်သွားကြပြီး မြေပြင်ပေါ်တွင် အလောင်းနှစ်လောင်းသာ ကျန်ရစ်ခဲ့သည်။

"ဘုန်း..."

အသံအုပ်အုပ်ဖြင့် လူခြောက်ဦးစလုံး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာကြသည်။ ချန်ဖေး၏ လည်ချောင်းထဲတွင် ချိုမြမြ အရသာကို ခံစားလိုက်ရပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူ မော့ကြည့်လိုက်ရာ ယခင် ခြံဝင်းထဲတွင် မဟုတ်တော့ဘဲ လုံးဝ စိမ်းသက်သော နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း သိလိုက်ရ၏။

ခြောက်ဦးစလုံး ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ကြပြီး ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်ကြသည်။ တိုက်ရိုက် နေရာရွှေ့ပြောင်းခြင်းကို သူတို့ မခုခံနိုင်ခဲ့ကြပေ။ ပြိုင်ဘက်၏ စွမ်းအားမှာ သူတို့၏ ထင်မြင်မှန်းဆချက်ထက် ကျော်လွန်နေသည်။

"အတွင်းကလီစာ သန့်စင်ခြင်း အဆင့် လေးယောက်နဲ့ ခြင်ဆီသန့်စင်ခြင်း အဆင့် နှစ်ယောက်... ပုံရိပ်ယောင်ထဲကနေ ပထမဆုံး လွတ်မြောက်လာတာက ခြင်ဆီသန့်စင်ခြင်း အဆင့်ကို ခုမှ ရောက်ကာစ တစ်ယောက် ဖြစ်နေတယ်..."

လူရိပ်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။ ကောဟုန်ကျဲနှင့် အခြားသူများက ချန်ဖေးကို စိတ်ဝင်တစား ကြည့်လိုက်ကြပြီး လူခြောက်ဦးစလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေသော ပုံရိပ်ယောင်နှင့် ထူးဆန်းသော စွမ်းအင် ပမာဏကို အကဲခတ်လိုက်ကြ၏။

"ခင်ဗျား ဘယ်သူလဲ..."

ကောဟုန်ကျဲက မသိစိတ်ဖြင့် ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ကြီးမားသော အရှိန်အဝါ ဖြန့်ကျက်ထားခြင်း မရှိသော်လည်း အချိန်မရွေး ဖိနှိပ်သတ်ဖြတ်ခံလိုက်ရနိုင်သည်ဟု ကောဟုန်ကျဲ ခံစားနေရသည်။

ဖန်းချင်းဟုန်က ကောဟုန်ကျဲကို တစ်ချက်ကြည့်လိုက်ရာ ကောဟုန်ကျဲသည် လေးလံသော တူကြီးဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ သူသည် သွေးများကို မှုတ်ထုတ်လိုက်ပြီး နောက်ဘက်ရှိ နံရံနှင့် ပြင်းထန်စွာ ဝင်ဆောင့်သွားသည်။

"စီနီယာအစ်ကိုကော..."

ချန်ဖေးနှင့် အခြားသူများ လန့်ဖျပ်သွားပြီး ကောဟုန်ကျဲ၏ ဘေးသို့ ပြေးသွားကြသည်။ ကောဟုန်ကျဲ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ ထိုတိုက်ခိုက်မှု တစ်ချက်တည်းဖြင့် သူ၏ နံရိုးများ ကျိုးသွားခဲ့ပြီး တိုက်ခိုက်မှုက မည်သို့မည်ပုံ ရောက်ရှိလာမှန်းပင် သူ မသိလိုက်ပေ။

"စီနီယာ... ကျွန်တော်တို့ ကူညီပေးနိုင်တာ တစ်ခုခု ရှိပါသလား..." လုဟိုင်ယန်က အရိုအသေပြုလိုက်ပြီး မျက်နှာတွင် ဖားယားသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... စီနီယာ လိုအပ်တာ မှန်သမျှ ကျွန်တော်တို့ အစွမ်းကုန် လုပ်ပေးပါ့မယ်..." ကျောက်ကျင်းယွမ်ကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလိုက်၏။

"ငါတောင် ပုံရိပ်ယောင်ကြောင့် သေလုနီးပါး ဖြစ်ခဲ့တာ... မင်းတို့က ဘယ်လို ကူညီနိုင်မှာလဲ..."

ဖန်းချင်းဟုန်က လုဟိုင်ယန်နှင့် အခြားတစ်ယောက်ကို ကြည့်လိုက်ရာ သူတို့၏ ခန္ဓာကိုယ်များ ရုတ်တရက် တောင့်တင်းသွားသည်။ နောက်တစ်ခဏ၌ သူတို့သည် နောက်ဘက်သို့ လွင့်ထွက်သွားပြီး နံရံတွင် ကပ်သွားကြသည်။ သွေးမှုန်များ ပတ်ဝန်းကျင်သို့ လွင့်ပျံလာပြီး သူတို့မှာ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

"ခင်ဗျား တကယ်တမ်း ဘာလိုချင်တာလဲ..."

မူလန်ထောင် စကားမဆုံးမီမှာပင် သူသည်လည်း နံရံနှင့် ရိုက်ကပ်ခံလိုက်ရသည်။ ကျန်းဖန်ချုံးက အော်ဟစ်လိုက်ပြီး လျင်မြန်စွာ ရွေ့လျားကာ သူမ၏ ဓားကို ဝှေ့ယမ်းလိုက်သော်လည်း ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးချိန်၌ ကြီးမားသော ဖိအားတစ်ခုကြောင့် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်။

မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာသည်။

ချန်ဖေးက လေးကြိုးကို ဆွဲတင်လိုက်ပြီး မြှားတံနောက်သို့ လိုက်ပါကာ ခြေလှမ်းများ ရွှေ့လိုက်သော်လည်း မြှားတံများမှာ မီတာအနည်းငယ်မျှပင် မပျံသန်းရသေးမီ အပိုင်းပိုင်း အစစ ကွဲကြေသွားကြသည်။

ချန်ဖေးက အံကိုကြိတ်၍ အသံအုပ်အုပ်ဖြင့် အော်ဟစ်ကာ ဓားရှည်ကို ထိုးထုတ်လိုက်သော်လည်း ဓားဖျားမှ စတင်၍ တစ်လက်မချင်းစီ ကြေမွသွားသည်ကိုသာ မြင်လိုက်ရသည်။ နောက်ဆုံးတွင် ချန်ဖေးသည် တစ်လက်မမျှပင် မရွေ့လျားနိုင်တော့ဘဲ လုံးဝ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ခံလိုက်ရသည်။

"သူတို့ထဲမှာ မင်းရဲ့ အခြေခံအုတ်မြစ်က အကောင်းဆုံးပဲ... ခုနက ဓားချက်ကလည်း မဆိုးဘူး..."

ဖန်းချင်းဟုန်က ချန်ဖေးကို ကြည့်ပြီး ခေါင်းအနည်းငယ် ခါလိုက်ကာ ပြောလိုက်၏။

"နှမြောစရာပဲ... ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်... ဒွာရသန့်စင်ခြင်းနယ်ပယ် အောက်မှာဆိုရင် ပုရွက်ဆိတ် တစ်ကောင်ထက် မပိုဘူး..."

အားလုံးက ဖန်းချင်းဟုန်ကို ကြည့်လိုက်ကြသည်။ သူမ အမှန်တကယ် ဘာလိုချင်သည်ကို နားမလည်နိုင် ဖြစ်နေကြ၏။

"ဒါက မလိုအပ်တဲ့ အတွေးတွေကို စွန့်လွှတ်လိုက်ဖို့ အသေးစား အပြစ်ပေးမှုလေးပါ..."

ဖန်းချင်းဟုန်က တိုးတိုးလေး ရယ်မောလိုက်ပြီး နောက်သို့ မှီချလိုက်ရာ ကုလားထိုင်တစ်လုံးက သူ့နောက်တွင် အသင့် ပေါ်လာသည်။

ဖန်းချင်းဟုန်က လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ဖေးဘက်သို့ လှည့်ကာ ပြောလိုက်၏။

"ဒီလူတွေ အကုန်လုံးထဲမှာ မင်းတစ်ယောက်ပဲ တန်ဖိုးရှိတာ... မင်း အသက်ရှင်ချင်ရင်... ဒါမှမဟုတ် သူတို့အသက်ကို ကယ်ချင်ရင်... ငါခိုင်းတာ လုပ်..."

"ခင်ဗျား ဘာကြံစည်နေတာလဲ..."

သူ့ကို ထိန်းချုပ်ထားသော စွမ်းအား ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သောအခါ ချန်ဖေးက ဖန်းချင်းဟုန်ကို ကြောက်ရွံ့သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကမ္ဘာလောကကို ဇောက်ထိုးလှန်ပစ်နိုင်သော စွမ်းအားမျိုးနှင့် ဖန်းချင်းဟုန်၏ အင်အားသည် သူတို့ထက် များစွာ သာလွန်နေသည်။ အကယ်၍ သူတို့ကို သတ်ချင်သည် ဆိုပါက စိတ်ကူးတစ်ချက်ဖြင့်ပင် သတ်ဖြတ်နိုင်လောက်ပေသည်။

"အရမ်း ရိုးရှင်းပါတယ်... ဒီပစ္စည်း သုံးခုကို ရှာပေး... တစ်ခု ရှာတွေ့တိုင်း လူနှစ်ယောက်ကို ငါ ပြန်လွှတ်ပေးမယ်..."

ဖန်းချင်းဟုန်က ကုလားထိုင်လက်တန်းကို ဖွဖွလေး ပုတ်လိုက်ရာ အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ချန်ဖေး၏ စိတ်ထဲသို့ တိုးဝင်သွားသည်။ ချန်ဖေး ရှောင်တိမ်းရန် စိတ်ကူးလိုက်ချိန်မှာပင် အလင်းတန်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ချန်ဖေး၏ မျက်နှာထားမှာ ဆိုးရွားနေ၏။ သူ တကယ်ကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ချန်ဖေး မျက်လုံးမှိတ်လိုက်ပြီး သူ့စိတ်ထဲတွင် ပေါ်လာသော ပုံစံကို အာရုံခံလိုက်သည်။ ကြေးနီရောင် ပုတီးစေ့ သုံးလုံး ဖြစ်ပြီး အကြီးတစ်လုံးနှင့် အသေးနှစ်လုံး ဖြစ်ကာ ရှုပ်ထွေးသော ပုံစံများ ထွင်းထုထားသည်။

"တစ်ခုရှာတွေ့ရင် တစ်ခု ပြန်ယူလာခဲ့... မင်း ကောင်းကောင်း လုပ်နိုင်ရင် သူတို့ အသက်ရှင်ရမယ့်အပြင်... ငါ့ရဲ့ လျှို့ဝှက်နည်းစနစ်ကိုလည်း မင်းဆီ လက်ဆင့်ကမ်းပေးမယ်..."

ဖန်းချင်းဟုန်က တိုးတိုးလေး ရယ်မောလိုက်သည်။

"အချိန်တိုအတွင်း ဒွာရသန့်စင်ခြင်းနယ်ပယ်ကို ရောက်အောင် ငါ ကူညီပေးနိုင်တယ်..."

"ပစ္စည်း ရှာတွေ့ပြီးရင် ကျွန်တော်တို့ကို လွှတ်ပေးမယ်ဆိုတာ ဘယ်လို အာမခံနိုင်မလဲ..."ချန်ဖေးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

‘လျှို့ဝှက်နည်းစနစ် ဟုတ်လား... နားထောင်ကောင်းအောင် ပြောတာပါ... အတည်မယူနဲ့... ဖန်းချင်းဟုန်ရဲ့ ခုနက လုပ်ရပ်တွေကို ကြည့်ရင် သူမ ရည်မှန်းချက် အောင်မြင်သွားရင်တောင် အသက်ရှင်ရဖို့က မသေချာဘူး…’

"ဟားဟား... မေးခွန်းထုတ်တာ ကောင်းတယ်..."

ဖန်းချင်းဟုန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချန်ဖေးကို စိုက်ကြည့်ကာ ပြောလိုက်၏။

"နောက်ဆုံးမှာ ငါလွှတ်ပေးမလား ဆိုတာကို မင်း လောင်းကြေးထပ် ကြည့်လို့ရတယ်... ဒါမှမဟုတ် လောင်းကြေးမထပ်ဘဲ အခုပဲ သေလိုက်လို့ ရတယ်..."

ချန်ဖေး အံကို အနည်းငယ် ကြိတ်လိုက်သည်။

သူသည် သစ်တုံးပေါ်မှ ငါးတစ်ကောင်ကဲ့သို့ ဖန်းချင်းဟုန်၏ သဘောအတိုင်း ခံနေရသူ ဖြစ်သည်။

"ပြီးတော့ ငါ့အမိန့်ကို ဖီဆန်ဖို့ မကြိုးစားနဲ့... မဟုတ်ရင် သေတာကမှ ပိုကောင်းတယ်လို့ ထင်သွားအောင် ငါလုပ်ပြမယ်..."

ဖန်းချင်းဟုန်က ကုလားထိုင်လက်တန်းကို ပုတ်လိုက်ရာ ချန်ဖေး၏ စိတ်ထဲတွင် စူးရှသော နာကျင်မှုတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းသည် စောစောက ဝင်ရောက်လာသော စွမ်းအင်ဖြစ်ပြီး ယခုအခါ ချန်ဖေး၏ ဦးနှောက်ထဲတွင် မွှေနှောက်နေကာ ခေါင်းတစ်ခုလုံး ကွဲထွက်သွားတော့မတတ် ဖြစ်နေသည်။

"တစ်နာရီအတွင်း ပထမဆုံး ကြေးနီရောင် ပုတီးစေ့ကို ပြန်မယူလာရင် မင်းက သေတာထက်ဆိုးတဲ့ ဒုက္ခကို ခံစားရမှာဖြစ်ပြီး ဒီထဲက တစ်ယောက်ယောက်လည်း သေရလိမ့်မယ်..." ဖန်းချင်းဟုန်က တင်းမာစွာ အော်ဟစ်လိုက်သည်။

"ကျွန်တော် ပြန်လာခဲ့မယ်..."

ချန်ဖေးက ခေါင်းကို ကိုင်လျက် မတ်တတ်ရပ်လိုက်သည်။ သူက လုဟိုင်ယန်နှင့် ကျောက်ကျင်းယွမ်ကို လှည့်ကြည့်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်ကာ နောက်တစ်ခဏ၌ အင်အားတစ်ခု၏ တွန်းပို့မှုကြောင့် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

လုဟိုင်ယန်နှင့် ကျောက်ကျင်းယွမ်တို့သည် သူတို့ကို လက်ဟန်ပြသွားသော ချန်ဖေးကို နားမလည်နိုင်စွာ ကြည့်နေကြစဉ် ဖန်းချင်းဟုန်က သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကို တွေ့လိုက်ရသည်။ လုဟိုင်ယန်နှင့် ကျောက်ကျင်းယွမ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြ၏။

"ဝါး... ဝါး..."

လုဟိုင်ယန်က ကျောက်ကျင်းယွမ်ကို အသည်းအသန် ရှင်းပြရန် ကြိုးစားသော်လည်း သူ၏ ပါးစပ်မှာ ပိတ်ဆို့ခံထားရပြီး စကားတစ်လုံးမှ ပြောမရတော့ပေ။ သူ စိုးရိမ်လွန်းသဖြင့် မျက်ရည်များပင် ကျလုမတတ် ဖြစ်နေသည်။

ချန်ဖေးသည် မူလခြံဝင်းထဲသို့ ပြန်ရောက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ထိုနေရာ၏ အခြေအနေကို အာရုံခံ၍ မရတော့ကြောင်း တွေ့လိုက်ရသည်။

"ငါ မင်းကို ကြည့်နေတယ်... မလိုအပ်တဲ့ လှုပ်ရှားမှုတွေ မလုပ်နဲ့... မင်းရဲ့ လူကြီးတွေအတွက်ဆိုရင်... တစ္ဆေနယ်မြေကို ငါ ပိတ်ဆို့ထားပြီးပြီ... သူ ဝင်လာလို့မရဘူး..."

ဖန်းချင်းဟုန်၏ အသံက ချန်ဖေး၏ နားထဲတွင် မြည်ဟည်းသွားသည်။

ချန်ဖေး ပြန်မဖြေပေ။ သူ့စိတ်ထဲရှိ ကြေးနီရောင် ပုတီးစေ့ ရှိရာနေရာကို အာရုံခံလိုက်ပြီး လျင်မြန်စွာ ရွေ့လျားကာ ဂရုတစိုက် ပြေးထွက်သွားသည်။

ဖျော့တော့သော စောင့်ကြည့်မှု အာရုံခံစားမှုတစ်ခုက ချန်ဖေး၏ နောက်တွင် ကပ်ပါလာပြီး ခြံဝင်းနှင့် မီတာရာပေါင်းများစွာ အကွာသို့ ရောက်သောအခါမှ ထိုခံစားချက် ပျောက်ကွယ်သွားသည်။

"ငါ စောင့်ကြည့်ခံရတာကို မခံစားမိတော့တာလား... ဒါမှမဟုတ် ငါ့ကို စောင့်ကြည့်လို့ မရတော့တာလား..."

ချန်ဖေး အနည်းငယ် ရပ်တန့်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ရှေ့သို့ မီတာ ဒါဇင်အနည်းငယ် ဆက်လျှောက်သွားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။

ချန်ဖေးက ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်ပြီး သူ့စိတ်ထဲရှိ စွမ်းအင်စိမ်းကို အာရုံခံလိုက်သည်။ ယခင်က လှုပ်ရှားနေမှုနှင့် ယှဉ်လျှင် ဤစွမ်းအင်သည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။

"ဒွာရသန့်စင်ခြင်းနယ်ပယ်က အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအား ရှိပေမယ့် ခန္ဓာကိုယ် ပတ်ဝန်းကျင် မီတာ ဒါဇင်အနည်းငယ်လောက်ကိုပဲ လွှမ်းခြုံနိုင်တယ်လို့ ဆရာ ပြောဖူးတာ ငါ မှတ်မိတယ်... အဲဒီထက် ကျော်လွန်သွားရင် စွမ်းအင် အများကြီး ကုန်ဆုံးပြီး ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့ဘူး..."

ဖန်းချင်းဟုန်၏ စွမ်းဆောင်ရည်ကို ပြန်စဉ်းစားကြည့်လျှင် ဒွာရသန့်စင်ခြင်းနယ်ပယ်ထက် သာလွန်သည်မှာ သေချာသော်လည်း ဒွာရသန့်စင်ခြင်းနယ်ပယ်ထက် အမှန်တကယ် ကျော်လွန်ခြင်း ရှိမရှိ ဆုံးဖြတ်ရန် အနည်းငယ် ခက်ခဲနေသည်။

ဖန်းချင်းဟုန်က ထိုကြေးနီရောင် ပုတီးစေ့ သုံးလုံးကို လိုချင်ပြီး တည်နေရာ အတိအကျကို သိနေသော်လည်း ကိုယ်တိုင် သွားမယူဘဲ ချန်ဖေးကို ခိုင်းစေခြင်းက သူမ ထိုနေရာမှ ထွက်ခွာ၍ မရခြင်းကြောင့် ဖြစ်နိုင်ချေ များသည်။

ထိုနေရာတွင် ချုပ်နှောင်မှု တစ်စုံတစ်ရာ ရှိနေခြင်း သို့မဟုတ် ဖန်းချင်းဟုန် ကိုယ်တိုင်၌ ကြီးမားသော ပြဿနာတစ်ခု ရှိနေခြင်း ဖြစ်နိုင်သည်။

သာမန်လူတစ်ဦး၏ အသားနှင့် သွေးနှင့် မတူဘဲ ဖန်းချင်းဟုန်၏ ဝေဝါးပြီး အာရုံခံရ ခက်ခဲသော တည်ရှိမှုကို ချန်ဖေး ပြန်သတိရလိုက်သည်။

ချန်ဖေးက သူ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို ပြန်လည် သုံးသပ်ကြည့်လိုက်ရာ သဲလွန်စအချို့ကို ဖြည်းဖြည်းချင်း သတိထားမိလာသည်။

"အဲဒီလူက တစ္ဆေနယ်မြေ ပိတ်ဆို့ခံထားရတယ်လို့ ပြောတယ်... ငါ သွားစစ်ဆေးကြည့်ရမယ်... ဒါပေမဲ့ ဒီစွမ်းအင်ကို ဘယ်လို ဖယ်ရှားရမလဲ..."

ချန်ဖေးက သူ့စိတ်ထဲတွင် မွှေနှောက်နေသော စွမ်းအင်ကို အာရုံခံရင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤအရာက အချိန်မရွေး သူ့ကို သတ်ဖြတ်နိုင်သော အချိန်ကိုက် ဗုံးတစ်လုံး ဖြစ်နေသည်။

All Chapters