← Chapters

မင်း ထွက်သွားလို့ရပြီ

Vol. 114 Ch. 1696

မင်း ထွက်သွားလို့ရပြီ

Vol. 114 Ch. 1696

ထို့နောက် အားလုံး၏ မျက်လုံးများ ပြူးကျယ်လာလေသည်။

“ငါ ဘာမြင်လိုက်တာလဲ၊ သေစမ်း ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်မယ်၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

အိုးရန်ရှန့်ဖုန်းက သူ မြင်လိုက်ရသော အရာကို မယုံနိုင်သကဲ့သို့ ထအော်လေသည်။

“ဒါက … သောက်ကျိုးနည်း ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ”

အိုးရန်ယု မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်နေပြီး သူ၏ မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူရော်နေသည်။

လူတိုင်း သူတို့နည်းတူ ဖြစ်နေပြီး မျက်လုံးများ ပြူးကျယ်ကာ မျက်နှာတွင် ချောက်ချားဟန်တို့ ပေါ်လွင်နေ၏။ မသိလျင် သရဲသဘက်ကို တွေ့လိုက်ရသလိုပင်။

သူတို့၏ မျက်စိရှေ့တွင် ယဲ့ဖန်က လက်ကိုဆန့်၍ နေလဓားပျံကို လက်ဖြင့် မြဲမြံစွာ ဖမ်းဆုပ်ထားပြီး မလှုပ်မယှက် ရပ်နေသည်။

အင်မော်တယ် လက်နက်ကို ရုပ်ခန္ဓာဖြင့် တားဆီးနိုင်သည်တဲ့လား။ လှောင်ရယ်သံနှင့် အော်သံများ တိခနဲ ရပ်တန့်သွားသည်။

အံ့ဩစရာကောင်းလောက်အောင် အရာအားလုံး တိတ်ဆိတ်နေပြီး လူတိုင်း အသံအိုး ပျောက်သွားသကဲ့သို့ စကား တစ်ခွန်းမှ မပြောနိုင်တော့ချေ။

“မင်း … မင်း … မင်း …”

လီချန်ကျစ် မျက်လုံးပြူးကာ ယဲ့ဖန်ကို လက်ညှိုးထိုး၍ ကြောက်စိတ်တို့ စိုးမိုးလာသဖြင့် စကားတစ်ခွန်းမှ မပြောနိုင် တော့ချေ။

သူ လုံးဝ မှင်တက်နေသည်။ သို့မဟုတ် ကြောက်လန့်နေသည်ဟု ဆိုရပေမည်။

*ဘုရင်အဆင့်က နတ်ဘုရင်အဆင့်ရဲ့ တိုက်ကွက်ကို ဟန့်တားနိုင်တာလား*

*ဒါ ဘယ်လိုတောင် ဆန်းကြယ်လိုက်လဲ*

လူတိုင်း အံ့ဩတကြီး ဖြစ်နေကြသည်။

*ခေတ်အဆက်ဆက် ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ဘူးလို့လား၊ လူတစ်ယောက်က ကိုယ့်ထက် အဆင့်နှစ်ဆင့်တောင် မြင့်တဲ့လူကို ယှဉ်နိုင်တယ်လား*

*မကြုံဖူးတဲ့ အဖြစ်ပဲ*

*မှားနေပြီ*

*တစ်ခုခု မှားနေပြီ*

အဘိုးအိုလီသည် တစ်စုံတစ်ရာကို သတိပြုမိသွားသည်။ ယဲ့ဖန် အလွန် ပြတ်သားနေသည်က အံ့ဩစရာ မဟုတ်တော့ပါ။

*ဒီလူငယ်လေးက လေကြီးလေကျယ် ပြောနေတာ မဟုတ်ဘူးပဲ၊ သူ တကယ် လုပ်နိုင်တာကိုး*

လက်ရှိအချိန်တွင် သူသည် လီချန်ကျစ်က သေစေနိုင်သော အမှားကြီးတစ်ခု လုပ်ခဲ့မိကြောင်း သူ သတိထားမိ သွားလေသည်။ ရလဒ်က သေလမ်းသာ ဖြစ်ရန် များနေ၏။

ထိုသို့သောအချိန်၌ ဘေးလူများ ငြိမ်သက်နေသည်။ လူတိုင်း လည်မျိုကို အညှစ်ခံထားရသကဲ့သို့ ဘာအသံမှ မထွက်နိုင်ကြချေ။

သူတို့၏ မျက်လုံးများ နီရဲနေကာ မျက်ဆံက ကျွတ်ကျမတတ် ဖြစ်နေသည်။

*ထိတ်လန့်စရာပဲ*

*မိစ္ဆာ*

*ဒီကောင်က မိစ္ဆာပဲ*

အိုးရန်မျိုးနွယ်ဘက်တွင် အားလုံး လေးစားဟန်များ ပြသလာပြီး တစ်ယောက်ပြီး တစ်ယောက် ဒူးထောက် လာကြသည်။ ထို့နောက် ကျယ်လောင်စွာ ကြွေးကြော်လာ၏။

“ယဲ့ဖန်”

“ယဲ့ဖန်”

“ယဲ့ဖန်”

လက်ရှိတွင် သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

နတ်ဘုရားတစ်ပါးအလား သန်မာပြီး နတ်ဆိုးတမျှ ကြောက်စရာ‌ ကောင်းပေသည်။

တစ်ခါက အိုးရန်ချင်ရွှယ်က သူတို့ကို အံ့အားသင့်အောင် ပြုလုပ်ခဲ့သည်။ သို့သော် ယခုအခါ၌ ယဲ့ဖန်က သူတို့ကို ရူးမတတ် ဖြစ်သွားစေခဲ့သည်။ ယဲ့ဖန်ကြောင့် သူတို့ ထပ်မံ၍ ထိတ်လန့်ရပြန်သည်။

အိုးရန်ယွင်သာလျင် ဘာဖြစ်နေသလဲ သိသောကြောင့် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ယဲ့ဖန်ကို မကြည်ကြည့်ဖြင့် ကြည့်နေသည်။

*ဒါ အရမ်း အနိုင်ကျင့်တာပဲ၊ သူက အင်အားပိုကြီးတဲ့သူ ဆိုတာ သိသာနေတာပဲကို၊ အားနည်းသူလေးလို ဆက်ဟန်ဆောင်နေတယ်*

*ဒီလူတွေကို သရဲကို တွေ့ရသလို လန့်အောင် လုပ်နေတာပဲ*

ထိုစဉ် ယဲ့ဖန်က ဓားပျံနှစ်လက်ကို မြေကြီးပေါ် အေးအေးလူလူ ပစ်ချလိုက်ပြီး လီချန်ကျစ်ထံ လျှောက်လာသည်။

ခြေလှမ်းတစ်လှမ်းမျှသာ ဖြစ်သော်လည်း မြေကြီးက တစ်လက်မမျှ နိမ့်ဝင်သွားပြီး တစ်မီတာမျှ အကွာအဝေးသို့ တန်းရွေ့လာကာ လီချန်ကျစ်ရှေ့သို့ ချက်ချင်း ရောက်ရှိလာ၏။

*ဒါ ဘယ်လိုတောင် မြန်ဆန်တာပဲ*

လူတိုင်း အံ့ဩသွားသည်။ သူတို့ မြန်ဆန်လှသော အဖြစ်အပျက်ကို လိုက်မမီနိုင်ပါ။ အင်မော်တယ် ဧကရာဇ် အဆင့်များပင် ယဲ့ဖန်၏ လှုပ်ရှားမှုကို မမြင်နိုင်ချေ။

ထို့နောက်တွင် ယဲ့ဖန်က လက်တစ်ဖက်ကိုမြှောက်၍ အရှေ့မှ လီချန်ကျစ်အား ရိုက်ထုတ်လိုက်သည်။

ဤလက်ဝါးချက်သည် ပျော့လွန်းပြီး သူ နမော်နမဲ့နိုင်သော လှုပ်ရှားမှုဟုပင် ပြောနိုင်ပေသည်။ သို့သော် ယင်းက အနီးသို့ ရောက်ရှိလာသည်နှင့် နတ်လက်ဝါးသဖွယ် အင်အားကြီးလှသည်။

*မကောင်းတော့ဘူး*

ထိုစဉ် အဘိုးအိုလီသည် တစ်ခုခု မှားနေသည်ကို သတိထားမိပြီး အလျင်အမြန် ပြေး၍ ကယ်ရန် ကြိုးစား လေသည်။

သို့သော် ထိုအခိုက်တွင် တောက်ပသော ဓားရှည်တစ်လက်က သူ့လည်ပင်းထံ သက်ဆင်းလာပြီး အိုးရန်ဟွာက သူ့အား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။

“လိမ်လိမ်မာမာနဲ့ ငြိမ်နေမလား၊ ဒါမှမဟုတ် ငြိမ်ငြိမ်လေး အသေခံမလား၊ မင်း တစ်ခု ရွေး”

အဘိုးအိုလီသည် အလွန် စိုးရိမ်ကာ ချွေးပြန်နေသော်လည်း မတတ်နိုင်သဖြင့် သက်ပြင်းသာ ချနေသည်။

လီချန်ကျစ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်လာ၏။ သူသည်လည်း တစ်ခုခု မှားနေသည်ကို သတိထားမိသဖြင့် အလျင်အမြန် လက်မြှောက်၍ တားဆီးလိုက်သည်။

“ဂျွတ်”

သို့သော် အရိုးကျိုးသံက ချက်ချင်း ထွက်ပေါ်လာသည်။

လီချန်ကျစ်၏ လက်များက အောက်သို့ ပျော့တွဲတွဲ ပြန်ကျလာပြီး ယဲ့ဖန်ကြောင့် အထိနာသွားလေသည်။

“ဒုန်း”

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ယဲ့ဖန်၏ လက်ဝါးကြောင့် မြေကြီးပေါ် အရှိန်ဖြင့် ဒူးထောက်ကျသွားပြီး ကျင်းနှစ်ကျင်း ဖြစ်သွားကာ လီချန်ကျစ်၏ ပါးစပ်မှ သွေးများ အန်လာသည်။

အစောပိုင်းက လီချန်ကျစ်သည် ယဲ့ဖန်အား တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်သည်ဟု ယုံကြည်မှု ရှိခဲ့သော်လည်း လက်ရှိတွင် ယဲ့ဖန်ကြောင့် သူသာလျင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားရသည်။

*မယုံချင်စရာကောင်းလိုက်တာ*

လူတိုင်း နားဝေတိမ်တောင် ဖြစ်နေကြသည်။

*ဘုရင်အဆင့်က နတ်ဘုရင်အဆင့်ကို အနိုင်ယူလိုက်တာလား*

မကြာသေးမီကမှ သူတို့ ယဲ့ဖန်၏ စကားများကို ခနဲ့ခဲ့ပြီး သူက ဟိတ်ဟန်ထုတ်နေသည်ဟု ထင်ခဲ့သည်။ သို့သော် ယခုအခါတွင် သူတို့ မှားခဲ့သည်ဟု ခံစားခဲ့ရသည်။

အဘိုးအိုလီသည် အနောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်သွားပြီး မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့ဟန်တို့ ဖုံးလွှမ်းနေ၏။

အဘယ်ကြောင့် အိုးရန်ကျန်းက ယဲ့ဖန်ကို အိမ်တော်၏ အရှင်သခင် ဖြစ်စေချင်ခဲ့သလဲ သူ နားလည်သွားလေပြီ။ သူ့တွင်သာ ဤသို့ ကြောက်စရာကောင်းသော မျိုးဆက် ရှိနေလျင် ချက်ချင်း မိသားစုခေါင်းဆောင် နေရာမှဆင်း၍ ယဲ့ဖန်ကို ဦးစားပေးမိလောက်သည်။

ယဲ့ဖန်၏ သိုင်းအဆင့်က ဘုရင်အဆင့် ဖြစ်သည့်အချက်ကို အရေးစိုက်ရန် မလိုပါ။ ဘုရင်အဆင့်လေးနှင့် နတ်ဘုရင်အဆင့်ကို အနိုင်ယူနိုင်သည် မဟုတ်ပါတကား။

ထိုသို့ဆိုလျင် သူတော်စင်အဆင့်သို့ ရောက်ပါက မည်သို့ ဖြစ်မည်နည်း။ အင်မော်တယ် ဧကရာဇ်အဆင့်ကိုပင် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိလောက်သည် မဟုတ်ပါလော။

ယဲ့ဖန် အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ချိန်တွင် သူတော်စင်အဆင့်ကိုပင် စိန်ခေါ်နိုင် လောက်လေမလား။

သူတော်စင်အဆင့်ကိုသာ ယှဉ်နိုင်လျင် ပြိုင်ဘက်ကင်းနေပြီ မဟုတ်ပါလော။ ယဲ့ဖန်က သူ့အမေကိုပင် ကျော်တက်နိုင်နေလေပြီ။ ယဲ့ဖန်၏ ဦးဆောင်မှုအောက်၌ အိုးရန်မျိုးနွယ် တိုးတက်မြင့်မားလာမည်မှာ မလွဲမသွေပင်။

သူ လုံးဝ သတင်းမကြားမိသည်က အံ့ဩစရာ မဟုတ်တော့ချေ။ အိုးရန်ကျန်း၌ မြေးတစ်ယောက် ရှိလာသည်လိုလို ဘာလိုလို သူ ကြားခဲ့ပါသည်။ အိုးရန်ကျန်းက သူ့၌ ဤသို့ တစ်မူထူးခြားသော မြေးတစ်ယောက် ရှိသည်ကို အပြင်လောကအား မသိအောင် တမင်သက်သက် သတင်းပိတ်ခဲ့သည့်ပုံပင်။

အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့၏ အပြုံးများ လုံးဝ အေးခဲသွားပြီး မျက်နှာများ ဖြူရော်ကုန်ကာ မျက်လုံးတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာ၏။

ထိုသို့သောအချိန်၌ သူတို့ ယဲ့ဖန်ကို အမှန်တကယ် ထိတ်လန့်စပြုလာသည်။

အထူးသဖြင့် အိုးရန်ရှန့်ဖုန်းပင်။ ယဲ့ဖန် သူ့တိုက်ကွက်ကို တားဆီးနိုင်ခဲ့ခြင်းက မတော်တဆ မဟုတ်ခဲ့ပါတကား။

*ဒီကောင့်ကို မရှင်းခဲ့ရင်‌ နောက်ပိုင်းကျရင် ပိုဆိုးတဲ့ ပြဿနာ ဖြစ်လာလိမ့်မယ်*

သူ ထင်ကြေးပေးနေမိလေပြီ။

*ဒီကောင့် ပါရမီက အိုးရန်ချင်ရွှယ်ထက် သာတယ်၊ ပြီးတော့ သူ့ကို တတ်နိုင်သလောက် မြန်မြန် သတ်ပစ်ရမယ်*

အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ အချင်းချင်း ကြည့်လိုက်မိပြီး သူတို့မျက်လုံးတွင်းမှ သတ်ချင်ဖြတ်ချင်စိတ်က ယခင်က တစ်ခါမှမဖြစ်ဖူးသည့် အတိုင်းအတာအထိ မြင့်တက်သွားသည်။

လီချန်ကျစ် အံ့ဩသွားပြီး မယုံနိုင်သော အမူအရာဖြင့် မြေကြီးပေါ် ထိုင်ချလိုက်မိသည်။ ယဲ့ဖန်ထံ၌ သူ ရှုံးသွားသည့် အချက်ကို ယခုထိ လက်မခံနိုင်သေးသည့်ပုံပင်။

*ငါက နတ်ဘုရင်အဆင့်လေ၊ ဘုရင်အဆင့်လေးကို ရှုံးသွားတာလား*

ထို့နောက် သူ တစ်စုံတစ်ရာကို သတိထားမိသွားပြီး ရုတ်တရက် မျက်နှာပျက်သွားသည်။ သူ ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။

“မင်း ငါ့ကျင့်ကြံခြင်းကို ဖျက်စီးလိုက်တာလား”

သူ့ကိုယ်ထဲ၌ ယန်စွမ်းအင် လုံးဝ မရှိတော့ကြောင်း သိလိုက်ရသည်။ သူ၏ ဒန်ထျန်က ပို၍ နာကျင်နေ၏။ ယဲ့ဖန်က သူ၏ ဒန်ထျန်ကို တစ်စစီဖြစ်အောင် လုပ်ခဲ့လေသည်။

ထိုစကားကိုကြားသော် အဘိုးအိုလီနှင့် လီစစ်ယွီတို့၏ အမူအရာက ရုတ်တရက် ပျက်ယွင်းသွားပြီး မျက်နှာ မည်းမှောင်သွားကြသည်။

လီချန်ကျစ်သည် သူတို့ ရွှေယွင်စံအိမ်မှ မြင့်မြင့်မားမား မျှော်လင့်ထားသူ ဖြစ်ပြီး မိသားစု ခေါင်းဆောင် အလောင်းအလျာအဖြစ် သတ်မှတ်ထားခဲ့သည်။ သို့ရာတွင် ယခုအခါ၌ သူက ကျင့်ကြံမှု ပျက်စီးသွားသည်တဲ့လား။

ယဲ့ဖန်က သူတို့ ရွှေယွင်စံအိမ်၏ တောက်ပသော အနာဂတ်ကို ဖျက်ဆီးခဲ့လေပြီ။

ယဲ့ဖန်က လီချန်ကျစ်ကို အေးစက်စွာ ကြည့်နေသည်။

“ကျေးကျွန်တစ်ယောက် ဖြစ်ပင်မယ့် မင်းသခင်ကို မလေးမစား လုပ်တယ်၊ ဒီလို ပြစ်မှုကြီးကို မင်းကျင့်ကြံမှုကို ဖျက်ဆီးတာနဲ့တင် ရပ်လိုက်သင့်တဲ့ ကိစ္စ မဟုတ်ဘူး”

ထိုစကားကိုကြားသော် လီချန်ကျစ်သည် ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်နေပြီး ယဲ့ဖန်အား မုန်းတီးစိတ် အပြည့်ဖြင့် ပြန်ကြည့်ကာ နုတ်နုတ်စင်းချင်စိတ် ပေါက်နေ၏။

အဘိုးအိုလီသည်လည်း သက်ပြင်းရှည် ချလိုက်မိသည်။ လီချန်ကျစ်က ပြစ်မှုကြီးကို ကျူးလွန်မိမှန်း သူလည်း သိပါသည်။ ထို့အပြင် ယဲ့ဖန်က သူ့ကို မသတ်ခြင်းဖြင့် ရွှေယွင်စံအိမ်ကို အတော်လေး မျက်နှာသာ ပေးခဲ့ပြီ ဖြစ်သည်။

“ဟုတ်တယ် ဒီမောက်မာတဲ့ကောင်က ငါ့သခင်လေးကိုများ ရန်စရဲရတယ်လို့၊ သူ ကျင့်ကြံခြင်း ဖျက်ဆီးခံရဖို့ ထိုက်တန်တယ်”

“ဟားဟား ဟေ့ကောင် ရန်သူကို တစ်ကွက်တည်းနဲ့ အနိုင်ယူပြမယ်လို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား၊ ငါတို့ သခင်လေးကို မင်း အနိုင်ယူနိုင်မယ်လို့ ငါ ထင်နေတာ၊ လတ်စသက်တော့ မင်းက အပြောကြီးနေတာကိုး”

“ဒီလိုအရူးမျိုးကို သခင်လေးက အသက်ချမ်းသာ မပေးလိုက်သင့်ဘူး၊ သူ့ကို သေအောင် လုပ်လိုက်သင့်တာ”

အိုးရန်မျိုးနွယ်ဝင်တစ်ခုက လှောင်ရယ်၍ ပျော်ရွှင်စွာ အော်ဟစ်နေပြီး အလွန်အမင်း ဂုဏ်ယူနေကြသည်။

ထိုစကားများကိုကြားသော် လီချန်ကျစ်သည် သူ့နှလုံးသားကို မြားတစ်ထောင်ဖြင့် ပစ်ခွင်းလိုက်သလို ခံစားလိုက် ရသည်။ ဤလူများ၏ စကားများက ရက်စက်လွန်းသည်။ သူတို့က သူ့ကို အရှက်ခွဲလိုက်ခြင်းပင်။

“မင်း ရှုံးသွားပြီ၊ သဘောတူညီချက်အရ အခုချိန်ကစပြီး မင်းတို့ ယွင်ရွှေစံအိမ်က ငါတို့ အိုးရန်မျိုးနွယ်နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး၊ မင်း ထွက်သွားလို့ရပြီ”

ယဲ့ဖန် ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

*ဘာ*

အဘိုးအိုလီ၏ မျက်နှာထားက ရုတ်တရက် မည်းမှောင်သွားပြီး ယဲ့ဖန်ရှေ့၌ ဒူးထောက်လာသည်။

“သခင်လေး၊ ကျုပ်ရဲ့ ရူးမိုက်တဲ့မြေးက မသိတတ်လို့ မှားမိတာပါ၊ ကျေးဇူးပြုပြီး သူ့ကို ဗွေမယူပါနဲ့”

ယခင်က အိုးရန်မျိုးနွယ်သာ ယဲ့ဖန်၏ လက်ထဲ ရောက်သွားလျင် အားလုံး ပွဲသိမ်းပြီဟု သူ ထင်ခဲ့မိသည်။ သို့သော် ယခုအခါ၌ အိုးရန်မျိုးနွယ်သာ ယဲ့ဖန် လက်ထဲ၌ ရှိနေပါ သူတို့ ဇာတ်သိမ်းလိမ့်မည်ဟု ခံစားလာရသည်။

အိုးရန်ချင်ရွှယ်၏ အရည်အချင်းကို မြင်ခဲ့သောကြောင့် အဘိုးအိုလီက အိုးရန်မျိုးနွယ်ထံ အညံ့ခံ၍ ပူးပေါင်းခဲ့သည်။

ယခု ယဲ့ဖန်က သူ့အမေထက် သာလွန်နေ၏။ ယဲ့ဖန်၏ ဦးဆောင်မှုအောက်၌ အိုးရန်မျိုးနွယ်က တိုးတက်လာပေ တော့မည်။

အတိတ်အခါက မျိုးနွယ်အားလုံး အညံ့ခံရသည့် ဂုဏ်ယူရသော မြင်ကွင်းမျိုး ပြန်ရလာပေလိမ့်မည်။ ထိုသို့ဆိုလျင် သူတို့၏ ရွှေယွင်စံအိမ်ကလည်း တိုးတက်လာပေမည်။

အိုးရန်မျိုးနွယ်၏ လက်အောက်ခံ အင်အားစုများကြား၌ သူတို့ ရွှေယွင်စံအိမ်က အိုးရန်မျိုးနွယ်နှင့် အရင်းနှီးဆုံး ဆက်ဆံရေး ရှိခဲ့သည်။

သို့သော် ယခု ယဲ့ဖန်က သူ့ကို နှင်ထုတ်နေသည်။ လီချန်ကျစ် ကျင့်ကြံခြင်း ဖျက်ဆီးခံရသည်နှင့် ပတ်သက်၍ သူ ဘာမှ စိတ်သောက မရောက်မိပါ။

လီချန်ကျစ်က မည်မျှ သန်မာနေပါစေ သူက တစ်ယောက်တည်းသာ ဖြစ်သည်။ သို့ရာတွင် ယဲ့ဖန်က သူတို့မျိုးနွယ်ကို တိုးတက်မြင့်မားလာအောင် လုပ်နိုင်ပေသည်။

“ထွက်သွား”

ယဲ့ဖန်က ညှာတာခြင်းမရှိဘဲ အော်ငေါက်လိုက်သည်။

အခွင့်အရေး ပေးခဲ့ပြီးသား ဖြစ်သည်။ ဤသည်ကို တစ်ဖက်လူက မည်သို့ ဖမ်းဆုပ်ရမလဲ မသိခဲ့လျင် သေလမ်းသာ ရှိပေသည်။

ချက်ချင်းဆိုသလိုပင် အဘိုးအိုလီ တစ်ကိုယ်လုံး တုန်ယင်လာပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော လူသတ်ချင်သည့် အငွေ့အသက်ကို ခံစားမိသွားသည်။

သူ့အရှေ့၌ ရပ်နေသူက လူငယ်တစ်ယောက် မဟုတ်ဘဲ ကောင်းကင်ဘုံ ကိုးလွှာထက်၌ ရပ်နေသည့် ကောင်းကင်ဘုံ ဧကရာဇ်ဟုပင် ထင်မှတ်မှားမိသည်။

ထိုလွှမ်းမိုးနိုင်သော အရှိန်အဝါ၊ ရက်စက်၍ ကြောက်စရာကောင်းသော လူသတ်လို့သည့် အငွေ့အသက်။

ယင်းက တစ်ဖက်လူ၏ အမြင်၌ သူသည် လက်ချောင်းတစ်ချောင်းတည်းနှင့် ဖျက်ဆီးနိုင်သည့် ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်ကြောင်း ပြသနေ၏။

အဘိုးအိုလီ ကြောက်ရွံ့သော အမူအရာ ဖြစ်သွားပြီး မျက်နှာတွင် မယုံနိုင်ဟန် ပေါ်နေ၏။

*သူက အသက် ဘယ်လောက်ပဲ ရှိသေးလို့လဲ၊ ဘယ်လိုလုပ် ဒီလို ကြောက်စရာကောင်းတဲ့ အရှိန်အဝါမျိုး သူ့မှာ ရှိနေရတာလဲ*

၎င်းက မရေတွက်နိုင်သော အလောင်းကောင်နှင့် သွေးပင်လယ်ကို ဖြတ်ကျော်ပြီး ငရဲမှ ကုန်းထလာသလိုပင်။ ကြောက်စရာ ကောင်းလိုက်လေခြင်း။

“နင်က ဘာကို အနိုင်ကျင့်နေတာလဲ၊ ငါ့အဘိုးက ဒူးထောက်ပြီး ဒီလို တောင်းပန်နေပြီလေ၊ နင်က ဘာလိုချင်နေ သေးတာလဲ”

လီစစ်ယွီက ရုတ်တရက် စိတ်မထိန်းနိုင်တော့ဘဲ စိတ်ဆိုးမာန်ဆိုး ငေါက်ငမ်းလေသည်။

“ဟားဟား”

ယဲ့ဖန်က နှစ်ခါမျှ ရယ်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။

“ငါ ခုနက စေတနာနဲ့ ပြောခဲ့သားပဲ၊ ဒါပေမဲ့ မင်းတို့ ငါ့ကို ဘယ်လို ဆက်ဆံခဲ့လဲ”

“မင်းတို့က ငါ့ကို ငေါက်ငမ်းပြီးမှ ပြန်တောင်းပန်တော့ ငါက ခွင့်လွှတ်ပေးရမှာလား၊ မင်းကိုယ်မင်း ဘာထင်နေလဲ”

ယဲ့ဖန်၏ မျက်နှာပေါ်မှ အထင်သေးဟန်က ပိုပို၍ ကြီးထွားလာသည်။

“မင်းက အိုးရန်မျိုးနွယ်ရဲ့ ခွေးတစ်ကောင် သက်သက်ပဲ၊ မင်းက နာခံရင် ငါ မင်းကို အရိုးကျွေးမယ်၊ မင်းက ဖီဆန်ချင်ရင်တော့ ငါ မင်းကို အရေခွံ စုတ်ရမှာပဲ”

ရက်စက်လှသည်။ အထက်စီးဆန်လှ၏။ ဤသည်မှာ စစ်မှန်သော ခေါင်းဆောင်မှုပုံစံနှင့် မာန်မာနပင်။

“ဟေး”

အိုးရန်မျိုးနွယ်ဝင်များက ကျယ်လောင်စွာ အော်ဟစ်ကြပြီး သူတို့၏ အသံတွင် လေးစားစိတ်နှင့် ကျေနပ် အားရစိတ်များ ပြည့်နှက်နေကာ ယဲ့ဖန်အား အလွန်အမင်း လေးစားယုံကြည်လာသည်။

All Chapters