← Chapters

တတိယထပ်မှာ ဘာတွေရှိမလဲ

Vol. 1 Ch. 6

တတိယထပ်မှာ ဘာတွေရှိမလဲ

Vol. 1 Ch. 6

"တတိယထပ်ကို ဘယ်လိုသွားရမလဲ"

ဒုတိယထပ်မှာ အကြာကြီး လျှောက်သွားပြီးနောက် လင်းဖန် နည်းနည်း ပင်ပန်းလာသလို ခံစားရပြီးတော့မှ ရှုကျန်းရှင်းကို ကြည့်ကာ မေးလိုက်သည်။

​"သခင် ...ဓာတ်လှေကားထဲကို တိုက်ရိုက်ဝင်ပြီး တတိယထပ်ခလုတ်ကို နှိပ်နိုင်ပါတယ်ခင်ဗျ..ဓာတ်လှေကားမှာ သူ့ရဲ့ ကိုယ်ပိုင် အသိဉာဏ်ရှိတဲ့ စနစ်ပါပါတယ်.."

ဓာတ်လှေကားကို လက်ညှိုးထိုးပြရင်း ရှုကျန်းရှင်းက အလေးအနက်ထား ပြောလိုက်သည်။

" ​ကောင်းပြီ..."

လင်းဖန် ခေါင်းညိတ်ပြီး ဓာတ်လှေကားဆီ ဖြောင့်ဖြောင့်မတ်မတ် လျှောက်သွားလိုက်သည်။

ရှုကျန်းရှင်း ပြောသည့်အတိုင်း ဓာတ်လှေကားတွင် သူ့ကိုယ်ပိုင် အသိအမှတ်ပြုစနစ် ပါရှိပေသည်။ သူ့ကို မြင်လိုက်တာနဲ့ တံခါးချက်ချင်း ပွင့်လာသည်။ ထို့နောက်လင်းဖန်းက တတိယထပ်ခလုတ်ကို နှိပ်လိုက်ပြီးနောက် စက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"သခင် တတိယထပ်ကို ဝင်လိုပါသလား"

​"ဝင်ချင်ပါတယ်"

ချက်ချင်းပဲ ဓာတ်လှေကား တံခါးပိတ်သွားပြီး ပြန်ပွင့်လာသည်။

" ​တတိယထပ်မှာ ဘာတွေဖြစ်မလဲ တကယ်ပဲ ဘဏ္ဍာတိုက်တစ်ခုလား"

တတိယထပ်တစ်ခုလုံးကို ဘဏ္ဍာတိုက်အဖြစ် ပြောင်းလဲထားပုံရပြီး စတုရန်းမီတာ ရာပေါင်းများစွာ ကျယ်ဝန်းပေသည်။ ဒီလို စီမံထားတာက တကယ်ကို ကြီးမားလွန်းလှ၏။

လင်းဖန်းက ဘဏ္ဍာတိုက်တံခါးရှေ့ ရောက်ရှိလာသောအခါ စက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ပိုင်ရှင်၏ အထောက်အထား အချက်အလက်များကို မှန်ကန်ကြောင်း စစ်ဆေးပြီးပါပြီ.. တံခါးကို မကြာမီ ဖွင့်ပါတော့မည်.."

သူ့ရှေ့မှ သတ္တုစပ်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာတော့ လင်းဖန် အတွင်းထဲ ဝင်လိုက်သည်။

သူထင်သည့်အတိုင်းပင် ဘဏ္ဍာတိုက်တစ်ခုလုံးကို သတ္တုစပ်များဖြင့် ဝန်းရံထားသည်။ ၎င်းသည် သီးခြားလုံခြုံစွာ ပိတ်ထားသော နေရာတစ်ခုဖြစ်ပြီး ဧရိယာများစွာအဖြစ် ပိုင်းခြားထားသည်။

ဘယ်ဘက်ရှိ ရှေ့ဆုံးဧရိယာတစ်ခုတွင် အနီရောင် အလင်းရောင် တစ်ခုက ချက်ချင်းပင် သူ့အာရုံကို ဖမ်းစားလိုက်သည်။ သူက R ယွမ်ငွေ. နဲ့ B .ဒေါ်လာ.အထပ်လိုက်တွေကို သေသေသပ်သပ် စီထားတာကို မြင်လိုက်ရသည်။

ဒီဧရိယာရဲ့ အမြင့်နဲ့ အကျယ်ကို တွက်ချက်ကြည့်ရင် အနည်းဆုံး ငွေသား ငါးသန်းလောက် ရှိမည်။ အနီရောင် ဧရိယာ၏ ဘေးတွင် အစိမ်းရောင် ဧရိယာ ရှိပြီး စင်တွေပေါ်မှာ အမေရိကန်ဒေါ်လာ ငွေစက္ကူ အမြောက်အမြားကို သေသေသပ်သပ် စီထားပေသည်။

၎င်းတို့နောက်တွင် ယူရို၊ ပေါင်၊ ရူဘယ်၊ ကနေဒါဒေါ်လာ၊ သြစတြေးလျဒေါ်လာ၊ အနည်းငယ်သော ဂျပန်ယန်း၊ ကိုရီးယားဝမ်၊ ဟောင်ကောင်ဒေါ်လာနှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့၏ ငွေကြေးများလည်း ပါရှိသည်။

ရိုးရိုးသားသား ပြောရရင် သူ ငယ်စဉ်ကတည်းက ငွေသားပမာဏ အများကြီး ကို အမျိုးအစားစုံလင်စွာ မမြင်ဖူးခဲ့ပေ။ ဒီလို ပြည့်စုံလွန်းတာကို တီဗီမှာတောင် သူ မတွေ့ဖူးပေ။ ဒါက စိတ်လှုပ်ရှားစရာ ကောင်းလွန်းလို့ လင်းဖန်က သူ့ နှလုံးခုန်သံကို သူ ကိုယ်တိုင်တောင် ကြားနေရသည်။

ပြသထားတဲ့ ငွေသား ပမာဏ အတိအကျကို မသိရသေးပေမဲ့ အမေရိကန်ဒေါ်လာအဖြစ် ပြောင်းလိုက်ရင် ဘီလျံနဲ့ချီ ရှိမယ်ဆိုတာ လင်းဖန် သေချာ သိသည်။

ဘာကြောင့်လဲဆိုတော့ ဘယ်ငွေကြေးပဲဖြစ်ပါစေ ဒီနေရာက ဧရိယာက အတူတူနီးပါး ဖြစ်ပြီး ကုဗမီတာများစွာ ရှိနေကာ ကုဗမီတာ တစ်ခုရဲ့ ပမာဏက သန်း ၁၀၀ ကျော်လောက် ရှိနိုင်၏။ စက္ကူပိုက်ဆံလေးတွေအတွက်ဆိုရင် ဒီဧရိယာတွေအားလုံးပေါင်းလိုက်တဲ့ ပမာဏက ကုဗမီတာ ဒါဇင်များစွာ ရှိနေလို့ပင်။

​

လင်းဖန် ငွေစက္ကူ ဧရိယာကို ဖြတ်လျှောက်လာတဲ့အခါ သူ့ရှေ့မှာ ရွှေရောင် အလင်းတန်းများစွာ ပေါ်လာပြီး သူ့ကို မျက်စိကျိန်းလုနီးပါး ဖြစ်စေခဲ့သည်။

စတုရန်းပုံ ရွှေတုံးများ ကို စင်တွေပေါ်မှာ ထူထပ်စွာ စီထားတာကြောင့် ရွှေ တန်ဖိုးဘယ်လောက်ရှိတယ် ဆိုတာကို မခန့်မှန်းနိုင်ခဲ့ပေ။

လင်းဖန် ​အတွင်းဘက်ကို ဆက်လျှောက်သွားတော့ ရောင်စုံ တွင်းထွက်ပစ္စည်းများ ပြည့်နေတဲ့ ဧရိယာကြီးတစ်ခုကို တွေ့ရသည်။

၎င်းတို့ထဲတွင် စိန်၊ ပတ္တမြား၊ နီလာ၊ မြနှင့် ကြောင်မျက်လုံးတို့ ပါဝင်ပြီး၊ ၎င်းနောက်တွင် ဟိုတန်ဆီဆမ်း အဖြူရောင်ကျောက်စိမ်း၊ ချန်းဟွာ ကြက်သွေးရောင်ကျောက်၊ ထျန်ဟွမ်ကျောက်၊ ကူလွန်ကျောက်စိမ်းနှင့် ထိပ်တန်းစိမ်းပြာရောင်ကျောက် တို့ ပါဝင်ပေသည်။

အမျိုးမျိုးသော ကျောက်စိမ်း များလည်း ရှိပြီး အများစုမှာ မှန်လိုမျိုး ဧကရာဇ်စိမ်း များဖြစ်သည်။ ၎င်းတို့သည် ထိပ်တန်းအဆင့် မဟုတ်ပါက ဤနေရာတွင် သိမ်းဆည်းရန် လုံးဝ အရည်အချင်းမပြည့်မီပေ။

တကယ်တော့ လင်းဖန်က ငွေသားနဲ့ ရွှေတုံးတွေ ဧရိယာကို ဖြတ်ပြီးနောက် နည်းနည်း ထုံပေပေ ဖြစ်နေခဲ့သည်။

ညာဘက်ရှိ ဧရိယာကြီး နှစ်ခုတွင် ပြည်တွင်း ရှေးဟောင်းပစ္စည်းများ နှင့် နိုင်ငံခြား ရှေးဟောင်းပစ္စည်းများ အသီးသီး ထားရှိပြီး ရုပ်တုများ၊ အဆင်တန်ဆာများ ဒါမှမဟုတ် ရှေးဟောင်းဒင်္ဂါးများ ဖြစ်နေသည်။

​"ဟူး..."

သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးနောက် လင်းဖန်းက အမွေဆက်ခံခြင်း စနစ် ကို ဘာကြောင့် ထားရှိထားတယ် ဆိုတာကို နောက်ဆုံးတွင် နားလည်သွားသည်။ သူက ဒီ ဗီလာ၏ တတိယထပ်သို့ သူတစ်ယောက်တည်းသာ တက်နိုင်ခြင်းဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ဒီအထပ်ဟာ တကယ့် ကြွယ်ဝမှု့ ဖြစ်ပြီး ငွေသားကတော့ ပင်လယ်ရေတစ်ပေါက်သာ ဖြစ်တယ်။ တကယ်တန်ဖိုးရှိတာက ကျောက်စိမ်းနဲ့ ရှေးဟောင်းပစ္စည်းတွေပဲ ဖြစ်သည်။ ဒီထဲက တစ်ခုခုကို ထုတ်လိုက်ရင် အနည်းဆုံး သန်းပေါင်းများစွာ တန်ဖိုးရှိနိုင်ပြီး ဒီနေရာတွင် သောင်းပေါင်းများစွာသော ပစ္စည်းများ လည်း ရှိနေသည်။

ဘဏ္ဍာတိုက်တစ်ခုလုံးရဲ့ ဗဟိုတွင် ခြေထောက်ခြောက်ဖက်ပါတဲ့ သတ္တုစပ်စင် တစ်ခုရှိပြီး စာရွက်စာတမ်းအများစုကို အဲဒီစင်ပေါ်မှာ တင်ထားခဲ့သည်။စိတ်ဝင်တစားနဲ့ လင်းဖန် လှန်လှောကြည့်လိုက်တဲ့အခါ ဒီနေရာမှာ ရှိတဲ့ ကျောက်စိမ်းနဲ့ ရှေးဟောင်းပစ္စည်းတွေအားလုံးရဲ့ အကဲဖြတ် စာရွက်စာတမ်းတွေပဲ ဖြစ်သည်။

နောင်တစ်ချိန်၌ သူ ဖယ်ရှားချင်တယ်ဆိုရင် ဒါတွေကို တိုက်ရိုက် ရောင်းချနိုင်ပါသည်။

​"သခင် "

နာရီဝက်လောက် ကြာပြီးနောက် လင်းဖန်း ပထမထပ်ကို ပြန်ရောက်လာပြီး ရှုကျန်းရှင်းက ဓာတ်လှေကားဘေးတွင် စောင့်နေကာ ရိုသေလေးစားသော အမူအရာဖြင့် ကြည့်နေသည်။

ခဏလောက် စဉ်းစားပြီးနောက် လင်းဖန် ချက်ချင်း အမိန့်ပေးလိုက်သည်။

​"ကိုယ်ရံတော်အချို့ စီစဉ်ပေးပါ ပြီးတော့ သူတို့ကို အိတ်ကြီး ဒါဇင်ပေါင်းများစွာ ယူလာဖို့ ပြောလိုက်ပါ.."

ပိုက်ဆံအားလုံးကို စနစ်က စီစဉ်ပေးထားတာဖြစ်လို့ ဒီကိုယ်ရံတော်တွေနဲ့ နောက်လိုက်တွေ၊ ရှုကျန်းရှင်း အပါအဝင် အားလုံးက ယုံကြည်စိတ်ချရသူများ ဖြစ်လောက်မည်။

​"ဟုတ်ကဲ့ပါ သခင်.. ခဏလေး စောင့်ပေးပါ.. သူတို့ကို ချက်ချင်း ခေါ်လာပါ့မယ်.."

ဒီစကားကို ကြားတော့ ရှုကျန်းရှင်းက ခေါင်းကို အမြန်ညိတ်လိုက်သည်။

​"ဘယ်လောက်ကြာမှာလဲ?"

သူ့ကို အံ့သြစွာ လင်းဖန် ကြည့်လိုက်သည်။

-"ဒီကိုယ်ရံတော်တွေက အမြဲတမ်း ငါ့နောက်ကို လိုက်နေတာလား?"

ထိုအချိန်တွင် ရှုကျန်းရှင်းက ဂရုတစိုက် ရှင်းပြလိုက်သည်။

"သခင်...စုစုပေါင်း ကိုယ်ရံတော် တစ်ရာ့နှစ်ဆယ် ရှိပါတယ်..ဆယ့်နှစ်ယောက်က အဖွဲ့ငယ်လေး တစ်ဖွဲ့ဖြစ်ပါတယ်...သခင့်ကို နေ့စဉ် အကာအကွယ်ပေးတဲ့ အဖွဲ့ငယ်လေး တစ်ဖွဲ့ရှိပြီး ကျန်တဲ့သူတွေရဲ့ အများစုက ရက်ကွက်နဲ့ ဗီလာတစ်ဝိုက်မှာ ဖြန့်ကျက်ထားပါတယ်..."

​"မင်းပြောတာက သူတို့အားလုံးက ဒီရက်ကွက်ထဲမှာ ရှိတယ်...ဒီအိမ်ထဲမှာရောပေါ့..."

လင်းဖန် ရုတ်တရက် သဘောပေါက်သွား၏။ ကိုယ်ရံတော် တစ်ရာ့နှစ်ဆယ်က နေ့တိုင်း ရက်ကွက်ထဲမှာ ရှိနေတယ်ဆိုရင် သူတို့နေထိုင်တဲ့ နေရာအားလုံးကို ငှားထားဖို့ ဆိုတာ မဖြစ်နိုင်ပေ။

​"ကျန်းကန်းဗီလာက သခင်ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု့ ဖြစ်ပြီး ပြင်ပကို ရောင်းချခြင်း မရှိပါဘူး.. အခြေခံအားဖြင့် သခင့်ကို ဝန်ဆောင်မှု့ပေးတဲ့ ဝန်ထမ်းတွေ အားလုံးက အဲဒီမှာ နေထိုင်ကြပါတယ်... ကိုယ်ရေးကိုယ်တာ အကြံပေးများ၊ ရှေ့နေအဖွဲ့၊ ကိုယ်ရံတော်အဖွဲ့၊ စားဖိုမှူးအဖွဲ့ စတာတွေ ပါဝင်ပါတယ်.."

ရှုကျန်းရှင်းက ရိုသေစွာ ပြောပြခဲ့သည်။

​"..."

လင်းဖန် ဒါကို ကြားပြီးနောက် သူ့ပါးစပ်ထောင့်က ချက်ချင်း ကော့တက်သွားသည်။ မျှော်လင့်ထားသည့်အတိုင်းပဲ အဆုံးသတ်ဆိုတာ မရှိဘူး၊ ပိုမိုများပြားခြင်းသာ ရှိသည်။

ကျင်းလင်မြို့ ရဲ့ ဈေးအကြီးဆုံး ဗီလာ ဧရိယာတွေထဲက တစ်ခု ဖြစ်တဲ့ ကျန်းကန်းဗီလာက လင်းဖုန်းနဲ့ သူ့ရဲ့ ဝန်ထမ်းတွေ နေထိုင်ရာ နေရာဖြစ်တယ်ဆိုတာ ယုံနိုင်စရာ မရှိပေ။

​စနစ်က သူ့နေထိုင်ရာ နေရာကို ဒီမှာ ဘာကြောင့် စီစဉ်ပေးလဲဆိုတာ အံ့သြစရာမရှိပေ။လင်းဖန် ဒုတိယနဲ့ တတိယထပ်တွေကို ကြည့်ပြီးနောက်မှာတောင် ဒီနေရာက နည်းနည်း မလုံခြုံသေးဘူးလို့ ခံစားရတုန်းပဲ ဘာလို့လဲဆိုတော့ လူအများကြီး ဝင်ထွက်နေလို့ပင်။

ဒါပေမယ့် အခုတော့ ဗီလာဧရိယာထဲမှာ နေထိုင်သူ မရှိဘူး လို့ ထင်ရပါတယ်။ ဗီလာအားလုံးကို သူတို့လူတွေပဲ သိမ်းပိုက်ထားတယ်။ ပထမဦးဆုံး ဆောက်လုပ်တုန်းကတည်းက အပြင်လူတွေကို ရောင်းဖို့ စဉ်းစားဖူးပုံ မပေါ်ပေ။

​မိနစ်အနည်းငယ်ကြာပြီးနောက်.ဝတ်စုံအပြည့်၊ နေကာမျက်မှန်များနှင့် မြွေအရေခွံအိတ်များစွာ ကိုင်ထားတဲ့ သန်မာသည့် ကိုယ်ရံတော် တစ်ဒါဇင်ခန့်က လင်းဖန်း၏ ရှေ့တွင် ပေါ်လာခဲ့ သည်။

လက်ဝှေ့ယမ်းပြလိုက်ပြီး လင်းဖန်းက ဓာတ်လှေကားကို ဖွင့်လိုက်ပြီး သူတို့ကို တတိယထပ် ဘဏ္ဍာတိုက်ဆီ ခေါ်သွားလိုက်သည်။ ဒီအချိန်မှာ ငွေသားထားတဲ့ နေရာကလွဲလို့ ကျန်တဲ့ ဧရိယာတွေကို သတ္တုစပ်တံခါးတွေနဲ့ လုံခြုံစွာ ပိတ်ထားပေသည်။ ဒါဟာ တတိယထပ်တစ်ခုလုံးရဲ့ ထူးခြားချက်လည်း ဖြစ်ပါတယ်။

​ဒီအထပ်ရဲ့ ထူးခြားချက်က ဒီအထပ်ဟာ ဧရာမ ဘဏ္ဍာတိုက်ကြီး နဲ့ ညီမျှပေမယ့် အဓိက ဧရိယာ လေးခုက သီးခြား ဘဏ္ဍာတိုက်လေးခု ဖြစ်ပြီး ဧရိယာတစ်ခုစီရှိ ဧရိယာငယ်လေးတွေကလည်း သီးခြား ဘဏ္ဍာတိုက်ငယ်တွေနဲ့ ညီမျှပါတယ်။ ဒီလိုနည်းနဲ့ လုံခြုံရေး သုံးဆင့် ရှိပေသည်။

​လင်းဖန်းက ဒီလူအုပ်ကို မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်သည်။ စနစ်က တကယ် စီစဉ်ပေးထားတာ ကို လင်းဖန် သူ့စိတ်ထဲကနေ တိတ်တိတ်လေး ချီးကျူးလိုက်သည်။ ဒီလူတွေဟာ ငွေအများကြီးကို မြင်တော့ မျက်တောင်တောင် မခတ်ခဲ့ကြပေ။

​"မင်းတို့ ပိုက်ဆံတွေကို အိတ်တွေထဲ ခွဲထည့်ပြီး ပထမထပ်ကို သယ်သွားကြ..."

သူ ပြောပြီးတာနဲ့ ကိုယ်ရံတော်အဖွဲ့က မြွေအရေခွံအိတ် လေးငါးအိတ်ကို သယ်လာပြီး ငွေတွေ ထည့်ဖို့ စတင် ပြင်ဆင်လိုက်သည်။

​"သခင် ကျွန်တော် ICBC ကို အကြောင်းကြားပြီး ငွေတွေကို ရေတွက်ဖို့နဲ့ လုံခြုံစွာ ပို့ဆောင်ပေးဖို့ လူတွေကို လွှတ်လိုက်ပါပြီ.."

ထိုအချိန်တွင် ဘေးမှာရပ်နေတဲ့ ရှုကျန်းရှင်းက ရိုသေစွာ ပြောလိုက်၏။

​"အင်း ကောင်းသားပဲ.."

လင်းဖန် ခေါင်းညိတ်ပြီး ဘာမှ ထပ်မပြောတော့ဘဲ အားလုံးကို ရှုကျန်းရှင်းလက်ထဲသာ အပ်လိုက်သည်။

​နာရီဝက်သာ ကြာပြီးနောက် ဘဏ်ဝန်ထမ်းများ ရောက်လာခဲ့သည်။ သေနတ်ကိုင် လုံခြုံရေးများနဲ့ ငွေသား သယ်ယူပို့ဆောင်ရေး ကားများအပြင် အနီးနားရှိ ICBC မှ ဥက္ကဋ္ဌ လည်း ပါလာသည်။

ဒါက လင်းဖန်း အလွန်ကျေနပ်စေသည်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဘီလျံပေါင်းများစွာသော ငွေစုခြင်း လုပ်ငန်းပဲ ဖြစ်သည်။ ICBC ၏ အရောင်းမန်နေဂျာတစ်ဦးသာ လာရောက်ခဲ့မယ်ဆိုရင် သူ့ကို တကယ့် စော်ကားမှု့ ဖြစ်စေလိမ့်မည်။

အချိန် ​လေးနာရီကြာမှ ပြီးဆုံးသွားသည်။ ငွေရေတွက်စက် ခြောက်လုံးကို အသုံးပြုပြီးနောက် ICBC ဝန်ထမ်းများက ငွေသားအားလုံးကို ရေတွက်ခဲ့ကြပြီး ဒီငွေကို ယွမ် ၃၆.၅ ဘီလီယံ အဖြစ် ပြောင်းလဲခဲ့သည်။

​အစမှအဆုံးအထိ လင်းဖန် ဘာမှ မပြောဘဲ အရာအားလုံးကို ရှုကျန်းရှင်းအား လွှဲပြောင်းပေးခဲ့သည်။

သူ မျှော်လင့်ထားသည့်အတိုင်း ပုဂ္ဂလိက ဘဏ္ဍာရေး အကြံပေး အဖြစ် ရှုကျန်းရှင်းက ကဏ္ဍတိုင်းတွင် အလွန် ကျွမ်းကျင်လှသည်။ သူက ICBC မှ အမြင့်ဆုံး ကန့်သတ်ချက်ရှိသော အနက်ရောင် ရွှေကဒ် (တစ်ရက်လျှင် သန်း ၁၀၀ ကို ထုတ်ယူနိုင်သည်) အတွက် လျှောက်ထားရုံသာမက တစ်နှစ်လျှင် ၀.၅% အတိုးနှုန်း ကိုလည်း ရရှိခဲ့သည်။

​ဆိုလိုသည်မှာ လင်းဖန်းက ပိုက်ဆံကို ဘဏ်တွင် ထည့်ထားပါက တစ်နှစ်ပတ်လုံး ဘာမှမလုပ်ဘဲနှင့်ပင် သန်း ၂၀၀ နီးပါး ဝင်ငွေ ရရှိနိုင်မည်ပဲ ဖြစ်သည်။

ဗဟိုဘဏ်၏ တောင်းဆိုချက်အရ အပ်ငွေအတွက် သတ်မှတ်ထားသော အတိုးနှုန်းက ၀.၃၅% သာ ရှိတယ်ဆိုတာကို သင် သိထားသင့်သည်။

All Chapters