← Chapters

အထင်သေးခြင်း

Vol. 114 Ch. 1698

အထင်သေးခြင်း

Vol. 114 Ch. 1698

“ဟုတ်တယ် အဘိုး၊ ကျွန်တော့် ဝမ်းကွဲညီက ဒီကို အခုမှ ရောက်လာတာဆိုတော့ ကျင်းစွာလမ်းနဲ့ ပတ်သတ်တဲ့ အခြေအနေတွေကို များများစားစား မသိနိုင်ဘူးလေ၊ ကျွန်တော်တို့က သူ့ကို လမ်းပြပေးရင် သူ့အတွက် အလုပ်လုပ်ရတာ ပိုအဆင်ပြေသွားမှာပေါ့”

အိုးရန်ရှောက်ကျွင်းကလည်း ဝင်ပြောလေသည်။

“အဓိပ္ပာယ်မရှိတာတွေ၊ မင်းတို့ ယဲ့ဖန်ကို လှည့်စားချင်တာလား၊ မင်းတို့က အဖွဲ့လိုက် သွားမယ် ဟုတ်လား၊ ဒါ ဘာသဘောလဲ”

အိုးရန်ကျန်းက သုန်မှုန်နေသော မျက်နှာဖြင့် ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။ ဤလူငယ်နှစ်ယောက် ဘာလုပ်ချင်နေသလဲ သူ မသိဘဲ နေပါမည်လော။ ပါးစပ်ကသာ ကူညီသည်ဟု ပြောနေသော်လည်း တကယ်တမ်း၌ အကျိုးမဲ့အောင် လုပ်လိုခြင်း ဖြစ်၏။

“အဘိုး ယဲ့ဖနန် တစ်ယောက်တည်း မဖြေရှင်းနိုင်မှာကို ကျွန်မတို့ စိုးရိမ်တာ မဟုတ်ပါဘူး၊ သူက လူသစ်မို့လို့ အရမ်း မရင်းနှီးဘူးလေ၊ အဲ့စီနီယာတွေက သူ့ကို မျက်နှာသာ ပေးချင်မှပေးမှာ”

“အဘိုး စိတ်မပူပါနဲ့၊ ကျွန်တော့်အဖေက ဝမ်းကွဲညီလေးက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်လောင်း ဖြစ်လာမှာလို့ ပြောပြီးသားပါ၊ သူက မျိုးနွယ်တစ်ခုလုံးကို အမြင့်ကို ရောက်အောင် ဦးဆောင်သွားမှာမို့ ကျွန်တော်တို့ စိတ်အေးသင့်တယ်လို့ ပြောပါတယ်”

နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့် ပြတ်သားသော အပြုအမူဖြင့် ပြောလာကြသည်။ အိုးရန်ရှောက်ကျွင်းက ပြောင်ပြောင်တင်းတင်း ပြောလာ၏။

“ကျွန်တော်တို့ကို သွားခွင့်မပေးဘူးဆိုရင်တောင်မှ ကျွန်တော်တို့ ခိုးလိုက်မှာပဲ”

အိုးရန်ကျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အိုးရန်မိန်လင်တို့ နှစ်ယောက်အား အသေအချာ စိုက်ကြည့် လေသည်။ ထိုအကြည့်က ဓားသွားသမျှ အေးစက်ကာ သေစေနိုင်လောက်သည်။

ထိုအခိုက်တွင် အိုးရန်မိန်လင်တို့ နှစ်ယောက်လုံး မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြပြီး မျက်နှာများ ချက်ချင်း ဖြူရော်လာသည်။

သူတော်စင်အဆင့်က ဘယ်လောက် ကြောက်စရာကောင်းလဲ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်လှပြီး မရည်ရွယ်ဘဲ ထွက်လာသော အရှိန်အဝါက လူတိုင်းကို ဆောက်တည်ရာမရ ဖြစ်စေ၏။

“မင်းတို့က သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီလား”

အိုးရန်ကျန်း ထပ်မေးလိုက်သည်။ သူ့အသံတွင် မမြင်နိုင်သော ထည်ဝါမှုတို့ ပြည့်နှက်နေသည်။

အိုးရန်မိန်လင်တို့ နှစ်ယောက်သည် ခန္ဓာကိုယ် ပေါက်ကွဲတော့မတတ် ခံစားနေရသော်လည်း ဇွဲကောင်းစွာ ခေါင်းဆက်ညိတ်လေသည်။

ချက်ချင်းဆိုသလိုပင် ဖိအား အရှိန်အဝါ ပျောက်ကွယ်သွားပြီး အိုးရန်ကျန်း ခေါင်းညိတ်သည်ကို တွေ့လိုက်ရသည်။

“ကောင်းပြီလေ ဒါဆိုလည်း မင်းတို့ သွားကြ”

*သဘောတူလိုက်တာလား*

အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ မှင်တက်သွားပြီးမှ မျက်နှာတွင် ဝမ်းသာစိတ်တို့ ပြည့်နှက်လာသည်။ အိုးရန်ကျန်းက သူတို့ တောင်းဆိုမှုကို အလွယ်တကူ သဘောတူလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က အိုးရန်ကျန်းကို အသေအချာ စိုက်ကြည့်နေပြီး သူ့မျက်နှာတွင် မယုံနိုင်ဟန်တို့ ပေါ်နေ၏။ အိုးရန်ကျန်းက ဤသို့သော ဆုံးဖြတ်ချက်မျိုး ချလိမ့်မည်ဟု သူ မထင်ထားသည့်ပုံပင်။

အံ့ဩကာ ထိတ်လန့်နေမိသည်။

အိုးရန်ကျန်းက တစ်ဖက်သို့ လှည့်နေလိုက်သည်။ သူ့မျက်နှာပေါ်မှ အမူအရာက ရီဝေနေပြီး မသေမချာ ဖြစ်နေကာ သူ ဘာကို တွေးနေလည်း မသိနိုင်ပေ။

“ဝမ်းကွဲအစ်ကို ညီမကို ခရီးစဉ်တစ်လျှောက် စောင့်ရှောက်ပေးပါနော်”

အိုးရန်မိန်လင်က သူတော်ကောင်းပုံစံနဲ့ ယဲ့ဖန်ကို လက်ဆန့်ပေးကာ ပြုံးနေလေသည်။

ယဲ့ဖန်က သူမကို အသာအယာ ကြည့်နေသော်လည်း လက်ဆန့်မထုတ်ချေ.

အိုးရန်မိန်လင်က အရေးမစိုက်ဘဲ ပခုံးတွန့်လိုက်ပြီး ယဲ့ဖန်ဘေးမှ ဖြတ်သွားလေသည်။

ဘေးမှဖြတ်သွားပြီးသည်နှင့် သူမမျက်နှာပေါ်မှ အပြုံးက ချက်ချင်း အေးခဲသွားပြီး တစ်ချိန်တည်းမှာပင် မျက်လုံးတွင်း၌ မုန်းတီးဟန်များ ပေါ်လာ၏။

အိုးရန်မိန်လင် ထွက်သွားပြီးနောက် ယဲ့ဖန်က အိုးရန်ကျန်းကို သေချာစိုက်ကြည့်နေပြီး ဘာမှမပြောချေ။ ထိုသို့သော အချိန်၌ လေထုက ထူးဆန်းစွာပင် တိတ်ဆိတ် ငြိမ်သက်နေသည်။

အချိန်အတော်ကြာပြီးမှ ယဲ့ဖန်က အကြည့်လွှဲ၍ နောက်သို့လှည့်ကာ ထွက်လာသည်။

မည်မျှ ကြာသွားမှန်း မသိလောက်သည့် အခါမှပင် အိုးရန်ကျန်း၏ မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာပြီး အစောပိုင်းက စကားကိုကာ ထပ်ခါတလဲလဲ ပြန်ရွတ်နေသည်။

“သွားကြ ... အားလုံး သွားကြ”

...

နောက်တစ်နေ့တွင် ယဲ့ဖန်သည် ကျင်းဟွာလမ်းသို့ ခရီးထွက်လေသည်။ ကြက်ကတုံးနှင့် ချုံးချီအပြင် အိုးရန်ယွင်နှင့် နက်ဗျူလာကိုပါ ခေါ်လာခဲ့သည်။

အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့သည်လည်း မနက်စောစော၌ အိမ်တော်တံခါးဝမှနေ၍ ယဲ့ဖန်ကို စောင့်နေကြသည်။ နှစ်ယောက်လုံးက ခံ့ညားထည်ဝါသော သားရဲနှစ်ကောင်ကို စိးထားကြပြီး သူတို့ဘေး၌ အစေခံများစွာ ရပ်နေကြပြီး အားလုံးက တူညီသေ ဝတ်စုံကို ဝတ်ဆင်ထားကာ မာန်ပါပါ ရပ်နေကြသည်။

ဆန့်ကျင်ဘက်တွင်မူ ယဲ့ဖန် အတော်လေး စုတ်ပြတ်ပုံ ပေါ်နေ၏။

ထို့အပြင် သူသည် သာမန် ကျားဖြူတစ်ကောင်ကိုသာ စီးထားသဖြင့် သူတို့အောက်မှ ထူးဆန်းသော သားရဲ နှစ်ကောင်နှင့် ယှဉ်၍ပင် မရချေ။

ယဲ့ဖန်၏ စီးတော်ယာဉ်ကိုမြင်သော် အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ နှစ်ဘောက်လုံးက ဟက်ဟက်ပက်ပက် ရယ်မောကြသည်။

အိုးရန်မိန်လင်က ပေါ်ပေါ်တင်တင် မခံချင်အောင် ထိကပါး ရိကပါး ပြောလာသည်။

“ဝမ်းကွဲအစ်ကို ရှင့်စီးတော်ယာဉ်က အနုပ်စုတ်ကုပ်စုတ် ဖြစ်မနေဘူးလား၊ ကျားဖြူတစ်ကောင် ရှာတွေ့တာနဲ့ စီးလိုက်တာပဲလား၊ ရှင် နည်းနည်း သာမန်ဆန်လွန်းမနေဘူးလား၊ ရှင် အပြင်ကိုသွားရင် လှောင်ရယ်ခံ ရလောက်တယ်”

“ဟေ့ ငါ့ညီမ စကားတွေက မှားနေပြီ၊ ငါကတော့ ဒီကျားဖြူရဲ့ ပင်ကိုစရိုက်က ယဲ့ဖန်နဲ့ အတော်လေး တူတယ်လို့ ထင်တယ်၊ သူတို့နှစ်ယောက်လုံးက အနုပ်စုတ်ကုပ်စုတ်တွေလေ ဟားဟားဟား”

အိုးရန်ရှောက်ကျွင်း ရယ်မောလိုက်သည်။

သူတို့အနောက်မှ အစေခံများကလည်း အထင်သေးဟန်ဖြင့် ကြည့်နေကြသည်။

သာမန်သားရဲတစ်ကောင်ကို စီးခြင်းက အိုးရန်မိန်လင်တို့ မဆိုထားနှင့် သူတို့၏ အစေခံများပင် အထင်မကြီးချေ။

ယဲ့ဖန်က လှောင်ပြုံးပြုံးလိုက်ပြီးနောက် သူ ခွထိုင်ထားသော ချုံးချီကို ပုတ်လိုက်သည်။ ချုံးချီက စဉ်းလဲစွာ ပြုံးလေသည်။

“ဝေါင်း”

ထို့နောက် ပြောမပြတတ်လောက်အောင် ကြောက်စရာကောင်းသော ဟိန်းသံတစ်သံ ပဲ့တင်ထပ်လာ၏။

ထိုသို့သော သားရဲမာန်ဖီသံက အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလှပြီး သန်းချီသော ကြောက်စရာ ကောင်းသည့် သားရဲများက အရပ်မျက်နှာအနှံ့မှ ပြိုင်တူ တိုက်ခိုက်လာသည်ဟု ထင်မှတ်ရသည်အထိ ပြင်းထန် ရက်စက်လှသည်။

ထိုအခိုက်တွင် အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ စီးထားသည့် ထူးဆန်းသော သားရဲများသည် ရုတ်တရက် ကြောက်လန့်တကြား အော်ဟစ်လာပြီး အလွန် ကြောက်လန့်လာကြသည်။ သားရဲခန္ဓာကိုယ်က တုန်ယင်နေပြီး ကြောက်ရွံ့ကာ ထွက်ပြေးကြလေသည်။

တစ်ချိန်တည်းမှာပင် အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့သည်လည်း အံ့ဩသွားကြသည်။ သူတို့၏ စိတ်ဝိညာဉ်များ အပြင်းအထန် ဒဏ်ရာရသွားသည်ဟုပင် ခံစားမိကာ နေရာမှာတင် ရပ်နေကြပြီး မလှုပ်နိုင်ကြချေ။

ထိုအခိုက်တွင် သူတို့ အသိစိတ် လွတ်နေကြသည်။ ကြောက်စရာကောင်းသော ဟိန်းသံက နွေခေါင်ခေါင်၌ မိုးကြိုး ပစ်ချလိုက်သလိုပင်။

ထိုစဉ် သူတို့၏ သားရဲများက သူတို့ကို မြေကြီးပေါ် ခါချကာ အဝေးသို့ ထွက်ပြေးသွားကြသည်။

လူတိုင်း နားဝေတိမ်တောင် ဖြစ်နေလေသည်။ ထိုသားရဲနှစ်ကောင် ကျားတစ်ကောင်ကြောင့် ကြောက်လန့်ကာ ထွက်ပြေးသွားသည်တဲ့လား။

သူတို့ အမြင်များ မှားလေသလော။

ယဲ့ဖန်က လှောင်ရယ်လာပြီး ထွက်ပြေးသွားသော သားရဲနှစ်ကောင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“သူတို့ကလည်း မင်းတို့လိုပဲ၊ လေပဲကျယ်တာ ကြည့်မကောင်းဘူး”

ထို့နောက် သူသည် ချုံးချီအား ခြေထောက်ဖြင့် အသာတို့၍ စထွက်စေသည်။

ကျန်လူများသည် ရီဝေနေသော မျက်နှာများဖြင့် ကျန်ခဲ့ကြပြီး ယခုအထိ အသိပြန်မဝင်သေးချေ။

*ဒါ အတုအယောင် မဟုတ်လား*

ကျားတစ်ကောင်က ရှေးဟောင်း သားရဲနှစ်ကောင်ကို ကြောက်လန့်တကြားဖြစ်အောင် နှင်ထုတ်လိုက်နိုင်သည်ကို တွေ့လိုက်ရသဖြင့် မယုံနိုင် ဖြစ်နေကြသည်။

သို့သော် အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့၏ အမူအရာက ရုတ်တရက် သုန်မှုန်လာပြီး အလွန် အရှက်ရသလို ခံစားမိနေသည်။

“သောက်မျိုးမစစ်ကောင် ငါ မင်းကို လုံးဝ အလွတ်မပေးဘူး”

အိုးရန်ရှောက်ကျွင်းက အံကြိတ်၍ ဒေါသတကြီး ဟစ်ကြွေးလေသည်။

ထိုညတွင် သုံးယောက်သား ကျင်းဟွာလမ်းသို့ ရောက်သွားကြသည်။

လျန့်ဝမ်ကျန်း၏ စံအိမ်သို့ ဦးတည်၍ သွားကြသောအခါ နန်းတော်တမျှ ထည်ဝါသော ခြံဝန်း၊ တန်ဖိုးကြီး ပစ္စည်းများ၊ အနီရောင် အုတ်တိုင်များနှင့် အစိမ်းရောင်အုတ်ကြွေပြားများ တစ်ချက်ကြည့်ရုံနှင့် ကုန်ကျစရိတ်က ကြီးမားကြောင်း သိသာပေသည်။

ယဲ့ဖန် ရယ်လိုက်မိသည်။ အိုးရန်ဟွာ၏ ပြောစကားအရ လျန့်ဝမ်ကျန်းသည် သူတို့အပေါ် မှီခို၍ သိမ်နုပ်၍ လူမသိသော မိသားစုမှနေ၍ ယနေ့ ကျော်ကြားမှုသို့ ရောက်လာခဲ့သည်။

သို့သော် ကြင်နာမှုအတွက် ပြန်လည် ကျေးဇူးဆပ်ရမည့်အစား မျက်နှာလွှဲ၍ မသိကျိုးကျွန် ပြုနေသည်။

အိုးရန်ကျန်း အစာကျွေးမွေးမြူခဲ့သော ခွေးက တစ်ဖက်လှည့်လိုက်သည်နှင့် ပြန်ကိုက်နေသည်။ ဒါကို သူ ဘယ်လိုလုပ် သည်းခံနိုင်ပါမည်နည်း။

ထိုသို့သောအချိန်၌ လျန့်စံအိမ်ထဲတွင် လျန့်ဝမ်ကျန်းက မိသားစုခေါင်းဆောင်များကို ဖိတ်ခေါ်ထားပြီးသား ဖြစ်သည်။

“အားလုံးပဲ ခေါင်းဆောင်အိမ်က လူတစ်ယောက်လာမယ်ဆိုတာကို ကြားထားပြီးသား ဖြစ်မှာပါ”

လျန့်ဝမ်ကျန်းက အပြုံးနှင့် ပြောလိုက်သည်။ ဤလူများကြားတွင် သူသည် အဆင့်အတန်း အမြင့်ဆုံးဖြစ်ပြီး သူ စကားမပြောမချင်း တစ်ယောက်မှ စကားမပြောရဲချေ။

“သူတို့ လာတော့ ဘာဖြစ်သလဲ၊ ခင်ဗျား ကျုပ်တို့ကို သလင်းကျောက် ပေးဖို့ နားချချင်တာ မဟုတ်လား၊ အခု အိုးရန်မျိုးနွယ်က သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်ဘူး၊ ကျုပ်တို့ ပြဿနာ မဖြစ်တာတင် အတော်လေး ဟုတ်နေပြီ၊ သူတို့က ကျုပ်တို့ဆီက ဝိညာဉ် သလင်းကျောက် တောင်းရဲသေးတယ်ပေါ့လေ”

ကျောက်မိသားစုခေါင်းဆောင်က ဒေါသအိုးတစ်ယောက်က ဖြစ်ပြီး ပြန်လည် ပြောဆိုလာ၏။

“ဟုတ်တယ် မကြာသေးခင်က လီမိသားစု အကူအညီသွားတောင်းတယ်လို့ ကျုပ် ကြားခဲ့တယ်၊ ဒါပေမဲ့ သူတို့ အေးတိအေးစက် ဆက်ဆံတာခံရပြီးတော့ ကန်ထုတ်ခံလိုက်ရသည်။ သူတို့က အိုးရန်မျိုးနွယ်လက်အောက်က သစ္စာအရှိဆုံးခွေးတွေပဲလေ၊ သူတို့တောင် ဒီလို ဆက်ဆံခံရရင် ငါတို့ဆို ပြောမနေနဲ့တော့”

ချမ်မိသားစုခေါင်းဆောင်ကလည်း ဝင်ပြောလာသည်။

“အရေးမပါတာတွေ ပြောမနေနဲ့ ငါတို့ကို ဝိညာဉ်သလင်းကျောက် လွှဲခိုင်းတာက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ၊ တကယ်လို့ အဲ့အဘိုးကြီး အိုးရန်ကျန်းက ဖိအားပေးလာရင် ပြဿနာကြီး ဖြစ်လာမှာ၊ အဲ့ဒါဆိုရင် ငါတို့ နတ်ဘုရားမျိုးနွယ်ဘက် ပေါ်တင်ပူးပေါင်းပြီး အဆုံးသတ်မှာ ဘယ်သူက ကံဆိုးမလဲ ကြည့်ကြတာပေါ့”

မိသားစုခေါင်းဆောင်များက သူတို့၏ အမြင်ကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ပြောလာကြပြီး ဆုံးဖြတ်လာကြသည်။

အဓိကအကြောင်းရင်းမှာ နတ်ဘုရားမျိုးနွယ်က ကောင်းကင်ဘုံမှ နတ်ဘုရားမျိုးနွယ်နှင့် အဆက်အသွယ် ရှိနေပြီး ကောင်းကင်ဘုံမှ နတ်ဘုရားမျိုးနွယ်က မကြာခင် လောကထဲသို့ ဆင်းသက်၍ အိုးရန်မျိုးနွယ်ကို အပြီးတိုင် ရှင်းလင်းမည်ဟု သတင်းကြားထားရသောကြောင့်ပင်တည်း။

လက်ရှိတွင် အိုးရန်မျိုးနွယ်နှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိနေပါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမည် မဟုတ်ပါလော။

သစ်ပင်ပြိုလျင် မျောက်များ ထွက်ပြေးသလိုပင်။ အားလုံး ပြိုလဲမခံချင်သည်က အမှန်တရားပင်။

အားလုံး၏ စိတ်သဘောထားကို ကြားသိရသောအခါ လျန့်ဝမ်ကျန်း၏ မျက်နှာက ပိုပို၍ ပျော်ရွှင်လာသည်။

“အားလုံး ဒီလောက် စိတ်လှုပ်ရှားစရာ မလိုပါဘူး၊ ဒီတစ်ခေါက် အိုးရန်ကျန်းက ကျုပ်တို့နဲ့ ဆွေးနွေးဖို့ မနူးမနပ် ကောင်လေးတစ်ယောက်ကို လွှတ်လိုက်တယ်လို့ ကျုပ် ကြားထားတယ်၊ ရောက်လာရင် သူ့ကို ပုံမှန်အတိုင်း ဖြေရှင်းပြီး နှင်ထုတ်လိုက်တာပေါ့”

အတိတ်အခါက သူသည် အိုးရန်ကျန်းအား သခင်ကြီးဟု ခေါ်ခဲ့သော်လည်း ယခုအခါတွင် အိုးရန်ကျန်းအား နာမည်တပ် ခေါ်နေသည်။ လျန့်ဝမ်ကျန်း နတ်ဘုရားမျိုးနွယ်နှင့် မပူးပေါင်းဟု ပြောလျင် လိမ်ရာကျလောက်သည်။

“အိုးရန်ချင်ရွှယ်ရဲ့သားက အသုံးမကျတဲ့ ဘုရင်အဆင့်လေးလို့လည်း ကျုပ် ကြားထားတယ်၊ ဟားဟားဟား အဲ့အဘိုးကြီး အိုးရန်ကျန်းက သူ့သမီးရဲ့ အရည်အချင်းကို အမြဲ ကြွားဝါနေတာ၊ ဒါပေမဲ့ သူ့မြေးက အမှိုက်ကောင် ဖြစ်နေတယ်၊ ဖီးနစ်က ကြက်ကို မွေးထုတ်လိုက်တာပဲ၊ ရယ်စရာ ကောင်းလိုက်တာ”

“အိုးရန်ကျန်းက ဒီလို အမှိုက်ကောင်ကို ငါတို့နဲ့ ညှိနှိုင်းဖို့ လွှတ်လိုက်တယ်ဆိုတော့ ငါတို့ကို တမင် အထင်သေး နေတာလား၊ ငါတို့ သူ့ကို ကြိုးတုပ်ပြီး ဓားစာခံအဖြစ် အသုံးချပြီး သူနဲ့ ဆွေးနွေးမယ်ဆိုရင်ရော”

ဤမိသားစုခေါင်းဆောင်များသည် လျန့်ဝမ်ကျန်းနှင့် နတ်ဘုရားမျိုးနွယ်တို့ ပူးပေါင်းထားသည်ကို သိနေကြပြီး ထိုစကားလုံးများက နတ်ဘုရားမျိုးနွယ်အပေါ် သူတို့၏ သဘောထားကို ထုတ်ဖော်ပြနေခြင်းနှင့် အတူတူပင်။

လျန့်ဝမ်ကျန်းက အလျင်အမြန် လက်ခါပြသည်။

“ဟေ့ အဲ့လို မဆင်မခြင် မလုပ်ကြနဲ့လေ၊ ပိန်လှီတဲ့ ကုလားအုတ်က မြင်းတစ်ကောင် ကြီးတယ်ဆိုတဲ့ စကားလိုပဲလေ၊ အိုးရန်ကျန်း ရှိနေသရွေ့ အိုးရန်မျိုးနွယ်က ဘယ်လိုလုပ် ကျဆင်းမှာလဲ၊ ခင်ဗျားတို့ သူ့ကို စိတ်တိုအောင် လုပ်မိလို့ ပြဿနာ တက်ကုန်ရင် ဘယ်လိုလုပ်မလဲ”

ထိုစကားကိုကြားလိုက်သည်နှင့် သူတို့ မတုန်လှုပ်ဘဲ မနေနိုင်ကြသည်။ သူတို့သည် အိုးရန်ကျန်း၏ အမိန့်ကို နှစ်ပေါင်းများစွာ နာခံခဲ့သည်က အိုးရန်ကျန်း၏ အရှိန်အဝါကို ကြောက်ရွံ့၍ မဟုတ်ပါလော။

သူတို့သာ တကယ် ဆန္ဒရှိ၍ အကောင်အထည်ဖော်ပါက လူဦးရေ ဆယ်ဆတိုးသွားလျင်တောင်မှ အိုးရန်ကျန်းက တစ်ကျိုက်တည်းနှင့် သူတို့ကို မျိုချလိုက်၍ ရနိုင်ပေသည်။

“ဒါဆို အစ်ကိုလျန့်ရဲ့ စကားအတိုင်း သူ့ကို ဒီအတိုင်း နှင်ထုတ်လိုက်ကြတာပေါ့”

“ဟုတ်တယ် ဟုတ်တယ်၊ လူငယ်လေးတစ်ယောက်က လောကကို ပြောင်းပြန်လှန်နိုင်မှာမို့လို့လား၊ သူက ကျုပ်တို့ကို လက်ဆောင် ဆက်သစေချင်တယ်ပေါ့လေ၊ မဖြစ်စေရဘူး”

“ဟေ့ဟေ့ ခင်ဗျားတို့ အဘိုးကြီးတွေ သက်သက်သာသာ လုပ်ကြပါဗျ၊ အဲ့လောက် ကြမ်းပြမနေပါနဲ့၊ တော်ကြာ အဲ့ကောင်လေး ကြောက်လို့ ဘောင်းဘီထဲ သေးပေါက်ချမိပြီးတော့ နောက်ပြန်လှည့်ပြေးပြီး အကူအညီတောင်းမှ ဒုက္ခရောက်နေဦးမယ် ဟားဟားဟား”

အားလုံး ရယ်မောနေကြပြီး ထိုရယ်သံတွင် ယဲ့ဖန်ကို အထင်သေးမှုများ ပြည့်နှက်နေ၏။

လူတိုင်း၏ အပြုအမူကိုကြည့်ပြီး လျန့်ဝမ်ထျန်းသည်လည်း အလွန် ကျေနပ်အားရသွားသည်။ လက်ရှိ အခြေအနေကို သိနားလည်သူများသာ ဉာဏ်ကောင်းသူ ဖြစ်လေသည်။ ဤလူများအားက လက်ရှိ အခြေအနေကို သိပြီးကြသည့်ပုံပင်။

အိုးရန်မျိုးနွယ် ကြာကြာ မတည်ရှိနိုင်မှန်း သိပြီးသည်နှင့် သူတို့သည် နည်းလမ်းပေါင်းစုံသုံး၍ နတ်ဘုရားမျိုးနွယ်နှင့် နည်းကမ်းရန် ကြိုးစားကြသည်။

“သတင်းပို့ပါတယ်”

ထိုသို့သောအချိန်၌ အစေခံတစ်ယောက်က ပြေးဝင်လာပြီး လျန့်ဝမ်ကျန်း၏ နားနားကပ်၍ တစ်စုံတစ်ရာကို တီးတိုး ပြောလေသည်။

ထိုအခါ လျန့်ဝမ်ကျန်း၏ မျက်နှာတွင် အပြုံးတစ်ချို့ တွဲခိုလာသည်။

“လူတွေအကြောင်းကို သူတို့ နောက်ကွယ်မှာ မပြောရဘူး၊ ပြောရင် အဲ့လူ ရောက်လာတတ်တယ်ဆိုတာ မှန်နေတာပဲ”

All Chapters