← Chapters

ပါးတောင်တန်းမှ မိုးတစ်ည

Vol. 4 Ch. 32

ပါးတောင်တန်းမှ မိုးတစ်ည

Vol. 4 Ch. 32

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ငယ်ငယ်တုန်းက အဘိုးအိမ်မှာ နှစ်အနည်းငယ်လောက် နေခဲ့ဖူးတယ်... ပြီးတော့ သူတို့နဲ့အတူ နေရာအနှံ့ ခရီးတွေ ထွက်ခဲ့တယ်လေ... တောင်ပိုင်းသားတွေက အစပ်စားကြတော့ ကျွန်တော်မျိုးမလည်း အဲဒီအကျင့် ပါသွားတာပါ..."

"ဪ... ဒါကြောင့်ကိုး..."

အရှင်မင်းကြီးက ထမင်းစားမြန်သလို အများကြီးလည်း စားသည်။ ခဏလေးအတွင်းမှာပင် ဟင်းအတော်များများ ကုန်သွားလေပြီ။

သူ တကယ် ဗိုက်ဆာနေမှန်း သိသာလှသည်။

လင်ဝမ်ယိမှာ ဗိုက်ပြည့်နေပြီဖြစ်ကာ တူကိုကိုင်ပြီး ဒီတိုင်းထိုင်နေဖို့လည်း မသင့်တော်သဖြင့် သုန်ယွီကျုံးလက်ထဲမှ တူကို လှမ်းယူလိုက်ပြီး အရှင်မင်းကြီးအတွက် ကိုယ်တိုင် ဟင်းထည့်ပေးလိုက်သည်။

ဟင်းခပ်ပေးရာတွင်လည်း အနုပညာတစ်ရပ် ရှိပေသည်။ ဟင်းပွဲတိုင်းကို နည်းနည်းစီ စုံအောင် ထည့်ပေးရသလို အရှင်မင်းကြီး၏ အကြိုက်ကို ကြည့်ပြီး သူကြိုက်တာကို ရွေးထည့်ပေးရသည်။

သို့သော် ဒီတစ်နပ်အပြီးတွင်တော့ လင်ဝမ်ယိတစ်ယောက် သူ ဘာကြိုက်သည် ဘာမကြိုက်သည်ကို မပြောတတ်တော့ပေ။

သူက တကယ့်ကို မျှတသည့် အရှင်မင်းကြီးပါပေ။ အစားစားတာတောင် အကုန်အစုံ မျှမျှတတစားတတ်ပေ၏။

ညစာစားပြီးသောအခါ အရှင်မင်းကြီးက ထရပ်ပြီး လမ်းလျှောက်ဖို့ပြင်သည်။

အစားစားထား၍ အတော်လေး ဗိုက်တင်းနေသလို ခံစားရသဖြင့် သူက အပြင်ထွက်လမ်းလျှောက်ရန် သုန်ယွီကျုံးကို ခေါ်လိုက်သည်။

သို့သော်လည်း သုန်ယွီကျုံးမှာ အခက်တွေ့နေသည့်ဟန်ဖြင့် အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"အရှင်မင်းကြီး အပြင်မှာ လေတိုက်နေပြီး မိုးရွာတော့မယ့်ပုံပဲ... နွေဦးပိုင်းမိုးတွေက ခန့်မှန်းရခက်ပါတယ်... တစ်ခါရွာလိုက်ပြီဆိုရင် ပြန်မတိတ်တော့ဘူး... အရှင်မင်းကြီး ကျန်းမာရေးအတွက် အပြင်မထွက်တာ ပိုကောင်းပါလိမ့်မယ်..."

၎င်းမှာ အရှင်မင်းကြီး၏ ဆန္ဒကို ဆန့်ကျင်နေသော်လည်း သုန်ယွီကျုံးက စေတနာနှင့် ပြောလိုက်ခြင်းသာ ဖြစ်၏။

လင်ဝမ်ယိက အရှင်မင်းကြီး၏ မျက်နှာထား မကောင်းသည်ကို သတိထားမိလိုက်သည်။ သူက အပြင်ထွက်ချင်နေသော်လည်း အခြေအနေမပေး၍ မအီမသာ ဖြစ်နေပုံရသည်။

ထို့ကြောင့် သူမက သုန်ယွီကျုံးကို ကူညီသည့်အနေဖြင့် ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး…ပါးတောင်တန်းမှ မိုးတစ်ည…ဆိုတာကို ကြားဖူးပါသလား..."

ဧကရာဇ် ယွီဝမ်ဟုန်က သူမကို နားမလည်သလို ကြည့်လာသည်။

"အဲဒါ 'မြောက်ပိုင်းမှ ဇနီးသည်ထံသို့ ပေးစာ' ကဗျာထဲက စာသား မဟုတ်ဘူးလား... ဘာဖြစ်လို့လဲ..."

"ကျွန်တော်မျိုးမတို့ အိမ်မှာတုန်းက နောက်ဖေးခြံဝင်းထဲမှာ ငှက်ပျောပင်တွေ အများကြီး စိုက်ထားတယ်လေ... ညဘက်မိုးရွာတိုင်း အဖေနဲ့အမေက ကျွန်တော်မျိုးမတို့ မောင်နှမတွေကို အခန်းထဲခေါ်ပြီး မိုးရွာသံကို နားထောင်ခိုင်းတယ်... မိသားစုတွေ အတူတူဝိုင်းထိုင်ပြီးစကား‌ေတွပြောကြတာ... တော်တော်လေး ပျော်ဖို့ကောင်းတယ်..."

"ဘာအကြောင်းတွေ ပြောကြတာလဲ..."

"စုံနေတာပါပဲ... တစ်ခါတလေ အစ်ကိုကြီး မြို့ထဲမှာ ကြားလာတဲ့ စိတ်ဝင်စားစရာ သတင်းတွေအကြောင်း... တစ်ခါတလေကျတော့လည်း အဖေနဲ့အမေ ငယ်ငယ်က ဘယ်လိုတွေ့ခဲ့ကြတယ်ဆိုတဲ့အကြောင်း... ဒါမှမဟုတ်လည်း ကျွန်တော်မျိုးမ အဘိုးတို့နဲ့ ခရီးထွက်တုန်းက အကြောင်းတွေပေါ့... မိသားစုတွေ စုံရင် ပြောစရာတွေက ကုန်တယ်လို့ကို မရှိပါဘူး..."

မိသားစုအကြောင်း ပြောနေချိန်တွင် လင်ဝမ်ယိ၏ မျက်လုံးများက နူးညံ့သွားလေ၏။

သူမတို့ မိသားစု ဆက်ဆံရေး မည်မျှကောင်းကြောင်း ယွီဝမ်ဟုန် ရိပ်စားလိုက်မိလေသည်။

သူက မျက်လွှာချလိုက်ပြီး ဘာမှ မပြောတော့ပေ။

ထိုကဲ့သို့ နွေးထွေးသော မိသားစု အငွေ့အသက်မျိုးသည် သူ လိုချင်တောင့်တသော်လည်း မရနိုင်သော အရာတစ်ခုပင်။ တော်ဝင်မျိုးနွယ်ထဲတွင် မွေးဖွားလာသူပီပီ သူ့အတွက် သွေးသားရင်းချာ သံယောဇဉ်ဆိုသည်မှာ နည်းပါးလှပေ၏။

အရှင်မင်းကြီး ပြန်မပြောသည်ကို သတိထားမိ၍ လင်ဝမ်ယိ မော့ကြည့်လိုက်ရာ သူ့မျက်နှာထား မကောင်းတော့မှန်း သူမတွေ့လိုက်ရသည်။

ငါများ စကားမှားသွားလို့လား…။

သူမ စိုးရိမ်နေတုန်းမှာပင် အရှင်မင်းကြီးက လေသံတိုးတိုးဖြင့် ပြောလာသည်ကို ကြားလိုက်၏။

"တောင်ဘက်ပိုင်းကို ခရီးထွက်ခဲ့တဲ့ အကြောင်းတွေ ကိုယ်တော့်ကို ပြောပြပါဦး..."

သူ့အသံမှာ စိတ်လွင့်ပါးနေသလို မည်သည့် ခံစားချက်မျှ ပါမနေပေ။ လင်ဝမ်ယိသည် ထိုအခိုက်အတန့်တွင် အရှင်မင်းကြီး၏ အခြားတစ်ဖက်ကို မြင်လိုက်ရသလိုပင်။

မြင့်မြတ်ခမ်းနားပြီး အထက်စီးဆန်သည့် ပုံစံမျိုး မဟုတ်ဘဲ... အထီးကျန်ဆန်နေသည့် ပုံရိပ်တစ်ခု။

လင်ဝမ်ယိသည် ကုတင်ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် စိတ်ဝင်စားစရာ ကောင်းမည့် ခေါင်းစဉ်တစ်ခုကို ရွေးကာ စပြောလိုက်သည်။

"ကျွန်တော်မျိုးမ အဘိုးရဲ့ မိသားစုက မျိုးရိုးစဉ်ဆက် ကုန်သည်မျိုးနွယ်လေ... အဘေးတို့ လက်ထက်ကတည်းက နေရာအနှံ့ လှည့်လည်ပြီး စီးပွားရှာခဲ့ကြတာ... အဘိုးတို့လက်ထက်ကျမှ လင်ကျိုးကနေ ရှန်းကျင်းကို ပြောင်းလာပြီး အခြေချခဲ့ကြတာပေါ့..."

"အဘိုးက ငယ်ငယ်ကတည်းက အဘေးနောက်လိုက်ပြီး ဈေးရောင်းထွက်ခဲ့တာဆိုတော့ တခြားဒေသက ဇာတ်လမ်းတွေ ဓလေ့တွေ အများကြီး သိတယ်... တစ်နှစ်ကျတော့ ဒုတိယဦးလေးက ဆေးဖက်ဝင်အပင်တွေ ရှာဖို့ ယောင်ကျိုးကို သွားရမယ်ဆိုတာနဲ့... အဘိုးကလည်း ကုန်ပစ္စည်းတွေ သွားဝယ်ချင်တာဆိုတော့ အဘွားနဲ့ ကျွန်တော်မျိုးမပါ လိုက်သွားခဲ့ကြတယ်..."

"ယောင်ကျိုးမှာက ယောင်တိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြပြီး အလယ်ပိုင်းက လူတွေကို သိပ်မတွေ့ရဘူး... ဒါကြောင့် ယောင်ကျိုးနယ်စပ်ကို ရောက်တာနဲ့ ကျွန်တော်မျိုးမတို့တွေလည်း သူတို့ဝတ်စုံကို လဲဝတ်ပြီး သူစိမ်းတွေနဲ့ စကားပြောရင်လည်း ယောင်ဘာသာစကားကိုပဲ သုံးခဲ့ကြတယ်..."

"အဘိုး ပြောဖူးတယ်...သူများအိုးထဲက ထမင်းကို စားချင်ရင်... ကိုယ်တိုင် ထင်းခွဲပြီး ဝင်ကူညီရမယ်တဲ့... ကျွန်တော်မျိုးမက အစတုန်းက ဒါကို ဒေသန္တရစကားပုံလို့ပဲ ထင်ခဲ့တာ... ဒါပေမဲ့ အဘိုးက ကျွန်တော်မျိုးမတို့ကို ခေါ်ပြီး ထင်းတစ်လှည်း ဝယ်လိုက်တယ်... ပြီးတော့ ဒေသခံရွာတစ်ခုကို သွားပြီး အကြီးအကဲတစ်ယောက်ဆီမှာ ထမင်းသွားစားကြတယ်..."

"အဲဒီ ထင်းလှည်းကြီးကို မြင်တော့ ကျွန်တော်မျိုးမ အရမ်း သိချင်သွားတာလေ... နောက် အကြီးအကဲအိမ်ကို ရောက်တော့မှ ဒါက တကယ့် ဒေသခံ ဓလေ့တစ်ခုမှန်း သိလိုက်ရတာ... ကျွန်တော်မျိုးမတို့က အဘိုးဝယ်လာတဲ့ ထင်းတွေကို သုံးပြီး မီးမွှေးတယ်... ထမင်းချက်တယ်... ပြီးတော့ ပျော်ပျော်ပါးပါး ညစာ စားပြီးမှ အဘိုးက သူဝယ်ချင်တဲ့ စာရင်းကို ထုတ်ပေးလိုက်တာ... ဒုတိယဦးလေး ပြောပြတာက... အပြင်လူတွေက ယောင်လူမျိုးတွေနဲ့ စီးပွားလုပ်ရတာ အခက်ဆုံးလို့ ထင်ကြပေမဲ့ တကယ်တမ်းကျတော့ သူတို့က ရိုးသားပြီး ကြင်နာတတ်ဆုံးပဲတဲ့... သူတို့ရဲ့ အခက်အခဲကို စေတနာပါပါနဲ့ ကူညီဖြေရှင်းပေးလိုက်ရင် ကျန်တာ အကုန် ဆွေးနွေးလို့ ရတယ်တဲ့..."

လင်ဝမ်ယိ၏ စကားများကြောင့် ဧကရာဇ်ယွီဝမ်ဟုန် တွေးကြည့်လိုက်မိသည်။

ခဏကြာမှ သူက မေးလိုက်သည်။

"အဲဒီ ယောင်လူမျိုးတွေက ဘာဖြစ်လို့ ထင်း လိုချင်ကြတာလဲ..."

"ဘာလို့လဲဆိုတော့ အဲဒီ ယောင်လူမျိုးတွေက ဟော်ယောင်လူမျိုးစုတွေမို့လို့လေ... သူတို့က ရှေးပဝေသဏီကတည်းက မီးနတ်ဘုရားကို ကိုးကွယ်လာကြတာ... ထင်းယူလာတယ် ဆိုတာက မီးနတ်ဘုရားရဲ့ တမန်တော်တွေလို့ အဓိပ္ပါယ်ရတယ်... ဒါကြောင့် သူတို့က ဖော်ဖော်ရွေရွေကြိုဆိုကြပြီး ဘာအကူအညီပဲ တောင်းတောင်း အစွမ်းကုန် ကူညီပေးကြတာ..."

(T/N Huo = မီး)

အရှင်မင်းကြီးက အံ့ဩသွားပြီး မယုံနိုင်သလို ဖြစ်သွားသည်။

"အဲဒီလိုမျိုးတောင် ရှိသေးတာလား..."

"ဟုတ်ပါတယ်... ကျွန်တော်မျိုးမ စကြားတုန်းကလည်း မယုံနိုင်စရာပဲလို့ ထင်ခဲ့တာ..."

"ဒါဆို မင်းအဘိုးက ဒါကို ဘယ်လို သိတာလဲ..."

လင်ဝမ်ယိ ပါးစပ်ကို အုပ်ပြီး ခိုးရယ်လိုက်၏။ ယင်းက သူမအဘိုး၏ အကြီးဆုံးလျှို့ဝှက်ပင်။

သူမက အကြံရသွားပြီး အရှင်မင်းကြီးကို တမင် ကျီစယ်လိုက်သည်။

"အရှင်မင်းကြီးက တခြားလူတွေပြောကြတာကိုသိချင်လား... တကယ့်အမှန်ကို သိချင်လား..."

"တခြားလူတွေပြောကြတာက ဘာလဲ… တကယ့်အမှန်ကရော ဘာလဲ..."

"တခြားလူတွေပြောကြတာကတော့... အဘိုးက ကုန်သည်လုပ်လာတာ ကြာပြီဆိုတော့ အဆက်အသွယ်တွေ…လမ်းကြောင်းတွေ အများကြီး ရှိတာပေါ့ဆိုပြီး... ဒါပေမဲ့ တကယ့် ဖြစ်ရပ်မှန်ကတော့..."

လင်ဝမ်ယိက အသံကို တမင် ဆွဲထားလိုက်ပြီး အရှင်မင်းကြီး စိတ်ဝင်စားလာအောင် လုပ်လိုက်သည်။ သူ နည်းနည်း စိတ်မရှည်ဖြစ်လာသည်ကို မြင်မှ သူမက ရှင်းပြလိုက်သည်။

"အဘိုး ငယ်ငယ်တုန်းက ဟော်ယောင်လူမျိုးစုက ကောင်မလေးတစ်ယောက်က သူ့ကို ကြိုက်ဖူးတယ်တဲ့... သူက အဖမ်းခံလိုက်ရပြီး လက်ထပ်ခါနီးအထိပါ ဖြစ်ခဲ့ဖူးတော့ ဟော်ယောင်လူမျိုးတွေရဲ့ စည်းကမ်းတွေကို သေချာပေါက် သိနေတာပေါ့..."

ထိုစကားကို ကြားသောအခါ ယွီဝမ်ဟုန်လည်း ခပ်တိုးတိုး ရယ်လိုက်မိသည်။

သူမက သူမ၏ အဘိုးအကြောင်း အတင်းပြောနေ၍ သို့မဟုတ် သူမ၏ ပြောင်စပ်စပ် မျက်နှာလေးကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်မည်။ ယွီဝမ်ဟုန်သည် သူ့ငယ်ဘဝက အဖြစ်အပျက်တချို့ကို ပြန်သတိရသွား၏။

သူလည်း နန်းမတက်ခင်တုန်းက ပျော်ရွှင်စရာ အချိန်တွေ ရှိခဲ့ဖူးသည်ပင်။

ခမည်းတော်က သူ့ကို ရှားပါးရတနာလေးလို တယုတယ ထားခဲ့ဖူးသည်။ တိုင်းပြည်အရေး ဘယ်လောက်ပဲ ရှုပ်နေပါစေ... သူ့ကို အချိန်ပေးပြီး အတူတူ ဆော့ကစား ရယ်မောခဲ့ဖူးသည်။

ကံဆိုးချင်တော့ ခမည်းတော် နာမကျန်းဖြစ်ပြီး နတ်ရွာစံသွားချိန်မှစ၍ အရာအားလုံးဟာလည်း အတိတ်ပုံရိပ်တွေသာ ဖြစ်သွားခဲ့‌တော့လေပြီ။ သူသည် အထီးကျန်ခဲ့ရကာ အကူအညီလည်းမဲ့ခဲ့ပြီး နန်းတက်ပြီးနောက် မဖြစ်မနေရင့်ကျက်ခဲ့ရလေသည်။

သမိုင်းမှာ တွင်ကျန်ရစ်မည့် ဧကရာဇ်ကောင်း တစ်ပါးဖြစ်ဖို့ ဘယ်လိုနေထိုင်ရမည် ဆိုသည်ကိုသာ သူ့နား နားတွင် လာပြောနေကြပြီး... သူသည်လည်း ငယ်မူငယ်သွေးနှင့် တက်ကြွဖျတ်လတ်သည့် လူငယ်လေးတစ်ယောက် ဆိုတာကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြတော့ပေ။

ညက နက်လာပြီဖြစ်၍ မိုးဖွဲဖွဲလေးများကျလာလေပြီး သုန်ယွီကျုံး ခန့်မှန်းခဲ့သလိုပင် မကြာခင် မိုးစရွာလာတော့သည်။

နွေဦးမိုးရေစက်များက ကောင်းကင်ယံမှ ပုလဲလိုက်ကာပမာ တွဲခိုကျဆင်းလာကာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ဗွက်အိုင်လေးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဝင်းထဲရှိ သစ်ပင်ကိုင်းများကလည်း မိုးရေဒဏ်ကြောင့် ငိုက်စိုက်ကျနေကြ၏။

‌ပြတင်း‌တံခါးပေါ်တွင် ဖယောင်းတိုင် မီးရောင်အောက်မှ လူနှစ်ယောက်၏ အရိပ်တို့ ထင်ဟပ်နေလေသည်။ တစ်ယောက်က သေချာ နားထောင်နေပြီး... နောက်တစ်ယောက်က စိတ်ပါလက်ပါ ပြောပြနေ၏။

ရံဖန်ရံခါတွင် ရယ်မောသံ သဲ့သဲ့လေး ထွက်ပေါ်လာတတ်သည်။ အသံမကျယ်သော်လည်း အလွန်ပင် စိတ်လက်ပေါ့ပါးနေပုံ ရ၏။

သုန်ယွီကျုံးသည် တံခါးအပြင်ဘက်တွင် ရပ်လျက်... သူ နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သည့် သားမြီးယပ်တောင်ကို ကိုင်ရင်း မျက်လုံးကိုမှိတ်ကာ ငြိမ်းချမ်းလှသော ဤအခိုက်အတန့်လေးကို ခံစားနေလိုက်လေသည်။

All Chapters