← Chapters

မိန်းမစိုးကို အနီးကပ်ခေါ်ထားခွင့်ရခြင်း

Vol. 4 Ch. 33

မိန်းမစိုးကို အနီးကပ်ခေါ်ထားခွင့်ရခြင်း

Vol. 4 Ch. 33

"ဆရာ... လင်တာရင်က ဒီည အိပ်ဆောင်ဝင်မှာလား..."

အချိန်ကား ချို့အချိန် (ည ၁၁ နာရီ - မနက် ၁ နာရီ) ကျော်နေလေပြီ။ အကယ်၍သာ တခဏ ကြာသည်အထိ သူမပြန်မလာသေးလျှင် ယနေ့ည သည်မှာပင် အိပ်သွားလောက်မည်။

အဲဒါဆို ဘယ်မှာ အိပ်မှာလဲ…။

အတွင်းဆောင်မှာလား... ဒါမှမဟုတ် သည် ဝမ်ကုအဆောင်မှာပဲလား...။

သူ ဘာမှမသိရသေးသဖြင့် လာမေးရခြင်းပင်။

သုန်ယွီကျုံးက စိတ်မရှည်နိုင်တော့သည့်ဟန်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ကာ လက်ထဲမှ သားမြီးယပ်တောင်ဖြင့် တပည့်ဖြစ်သူ၏ ခေါင်းကို ခေါက်လိုက်ရင်း အသံတိုးတိုးဖြင့် ဆူလိုက်သည်။

"မင်းကွာ... တကယ်ကို အရိပ်အခြေမသိတာပဲ.. အရှင်မင်းကြီး စိတ်ကြည်နေတဲ့အချိန် ဝင်ရှုပ်ရင် အပြစ်ပေးခံထိမယ်နော်..."

"ဟုတ်ကဲ့ ဟုတ်ကဲ့... ဆရာပြောတာ မှန်ပါတယ်..."

တပည့်ဖြစ်သူ၏ ရိုးရိုးသားသားပုံစံကို မြင်လိုက်ရမှ သုန်ယွီကျုံးလည်း စိတ်ကိုလျော့လိုက်ကာ သေချာပြောလိုက်သည်။

"ဝေါယာဉ်အသေးစားတစ်စီး သွားပြင်ခိုင်းလိုက်... နှစ်ယောက်ထမ်းဆို ရပြီ... ပြီးတော့ ထမ်းတဲ့သူတွေကို ဖိနပ်တွေ သေချာသုတ်ခိုင်းထားဦး… အဲဒါမှ လင်တာရင် ပြုတ်မကျမှာ..."

"ဒါပေမယ့် ဆရာ ခုနကပဲ ပြောတော့..."

"စိတ်ချစမ်းပါ... မင့်ဆရာ အရှင်မင်းကြီးအနား ခစားလာတာ နှစ်တွေအများကြီး ကြာခဲ့ပြီ…စည်းမျဉ်းတွေကို ဖောက်ဖျက်တာမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး... စောင့်သာကြည့်နေ... ခဏနေရင် လင်တာရင် ထွက်လာလိမ့်မယ်..."

ချိုးမင်တစ်ယောက် ခေါင်းတညိတ်ညိတ် လုပ်နေမိတော့သည်။ သူက အရှင်မင်းကြီးရှေ့တွင် ခစားရသည့် အချိန်မှာ ဆရာ့လောက် မကြာသေးသဖြင့် ဆရာပြောသည့်စကားကသာ အမှန်ဖြစ်ပေလိမ့်မည်။

ထင်သည့်အတိုင်းပင် သူတို့ စကားပြောပြီး မကြာမီမှာပင် အထဲမှ ဧကရာဇ်ယွီဝမ်ဟုန်၏ အသံထွက်ပေါ်လာသည်။

"သုန်ယွီကျုံး... လင်တာရင်ကို သူ့နန်းဆောင်ပြန်ပို့ဖို့ လူစီစဉ်လိုက်..."

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး..."

ချိုးမင်တစ်ယောက် သူ့ဆရာကို ပို၍ပင် လေးစားသွားရပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရန် အမြန်ပင် ထွက်သွားတော့လေသည်။

သုန်ယွီကျုံး အတွင်းခန်းထဲသို့ ဝင်သွားချိန်တွင် လင်ဝမ်ယိ ဖိနပ်စီးနေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ဘေးနားတွင် ချထားသော ဆေးသေတ္တာကိုပါ မြင်လိုက်ရသဖြင့် ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိ၏။

"အရှင်မင်းကြီး... သခင်မလေး... ဘာဖြစ်သွားတာလဲ..."

လင်ဝမ်ယိမှာ နေရခက်သွားရသည်။ ကိုယ့်ဘာသာ စားပွဲနှင့် တိုက်မိပြီး ဒဏ်ရာရသွားတာဟု ပြောရမှာ ရှက်ဖို့ကောင်းသည်မဟုတ်လား။

သူမ အနေရခက်နေသဖြင့် အရှင်မင်းကြီးက ဖြတ်ပြောလိုက်သည်။

"ဝေါယာဉ်ခေါ်လိုက်... လင်တာရင် ခြေထောက် ဒဏ်ရာရထားလို့ လမ်းလျှောက်ပြန်လို့ မရတော့ဘူး... ပြီးတော့ နောက်ရက်တွေကျရင် လင်ကျစ်နန်းဆောင်ကို ဂါရဝပြုဖို့ မသွားနဲ့တော့... လင်ကွေ့ဖေးဆီ လူလွှတ်ပြီး အကြောင်းကြားလိုက်..."

လင်ဝမ်ယိ ငြင်းလိုက်ချင်သော်လည်း အရှင်မင်းကြီးက ပြောလိုက်သည့် အမိန့်စကားဖြစ်နေသည့်အပြင် တခြားလူများလည်းရှိနေသဖြင့် ပြန်ပြောဖို့ မသင့်တော်ပေ။ ထို့ကြောင့် သူမလည်း ထိုအတွေးကို လက်လျှော့လိုက်ပြီး အရှင်မင်းကြီးကို ပြန်ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး... ကျွန်တော်မျိုးမ မှတ်ထားပါ့မယ်..."

သူမသည် ချန်အန်းနန်းဆောင်တွင် နေ့လယ်ကတည်းက ညဉ့်နက်သည်အထိ နေခဲ့ရသည်။ ထိုကြောင့် အခြားကိုယ်လုပ်တော်များနှင့် သင့်သင့်မြတ်မြတ်နေချင်ပင်လျှင် ယခုမဖြစ်နိုင်တော့ပေ။ လင်ကျစ်နန်းဆောင်သို့ သွားပြီး ခနဲ့တဲ့တဲ့ စကားများကို နားထောင်နေရမည့်အစား ကိုယ့်နန်းဆောင်မှာသာ ကိုယ်အေးအေးဆေးဆေးနေရင်း ဒဏ်ရာသက်သာလာအောင် အနားယူနေလိုက်တာက ပိုကောင်းလိမ့်မည်။

ထို့ကြောင့် လင်ဝမ်ယိလည်း နှုတ်ဆက်ဂါရဝပြုလိုက်ပြီးနောကမ ချိုးမင်၏ တွဲကူမှုဖြင့် အပြင်သို့ထွက်ကာ ဝေါယာဉ်ပေါ် တက်လိုက်ပြီး ရီဟွားနန်းဆောင်သို့ ပြန်လာခဲ့တော့သည်။

အပြင်ဘက်တွင် မိုးရွာထား၍ လေထုက ကြည်လင်လန်းဆန်းနေသည်။ သို့သော် ညဉ့်နက်နေပြီဖြစ်၍ အအေးဓာတ်က လွှမ်းမိုးနေ၏။

ဝေါယာဉ်က သိပ်မကြီးသော်လည်း အတွင်းထဲတွင် မှီအုံးအပျော့များနှင့် ခေါင်းအုံးများကို ထည့်ပေးထားသည်။ သိုးမွေးစောင်လည်း ပါသေးရာ ခြုံလိုက်လျှင် အတော်လေး နွေးသွားပေ၏။

အရှင်မင်းကြီးအနားမှာ ခစားရသည့်သူတွေက တကယ်ကို စေ့စပ်သေချာလှတာပင်။

ဝေါယာဉ် စီစဉ်ပုံတင်မက အတွင်းထဲမှာ ထည့်ပေးထားသည်များ အားလုံးက လင်ဝမ်ယိကို သက်တောင့်သက်သာနှင့် စိတ်ကျေနပ်မှု ရရှိစေလေသည်။

ဝေါယာဉ်က ရီဟွားနန်းဆောင်အဝသို့ရောက်လာချိန်တွင် ချွမ်ချီ နှင့် ရှအန်း တို့သာမက ရှောင်လုကျစ် ပါ သူမအား စောင့်ကြိုနေသည်ကို တွေ့လိုက်ရလေသည်။

"မင်း နန်းတွင်းရေးရာဌာန ကို မပြန်ရသေးဘူးလား..."

လင်ဝမ်ယိ က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

ရှောင်လုကျစ် က စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလေသည်။

"သခင်မလေး ချန်အန်းနန်းဆောင် ကို သွားပြီး မကြာခင်မှာပဲ ဆရာ က လူလွှတ်လိုက်ပါတယ်... ကျွန်တော် အခုကစပြီး သခင်မလေး ကို ဒီမှာပဲ အလုပ်အကျွေးပြုရမယ်... ပြန်စရာ မလိုတော့ဘူးလို့ ပြောပါတယ်..."

ထိုကိစ္စကြောင့် လင်ဝမ်ယိ ပင် အနည်းငယ် အံ့ဩသွားရလေသည်။

ခေတ္တမျှ တွေးတောပြီးနောက် သူမ ဘေးတွင် ရပ်နေသော ချိုးမင် ကို လှမ်းကြည့်လိုက်၏။

"ချိုးကုန်းကုန်း... ဒါက..."

"သခင်မလေး စိတ်မပူပါနဲ့... ဒါက အရှင်မင်းကြီးရဲ့ အမိန့်ပါ... နန်းဆောင်မှာ အလုပ်အကျွေးပြုဖို့ မိန်းမစိုး မရှိတာ မသင့်တော်ဘူးဆိုပြီး ကျွန်တော်မျိုးရဲ့ ဆရာကို စီစဉ်ခိုင်းလိုက်တာပါ..."

"ဪ... ဒီလိုကိုး... အရှင်မင်းကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေမိပါပြီ..."

ထို့နောက် ချွမ်ချီနှင့် ရှအန်းတို့က လင်ဝမ်ယိကို တွဲကူကာ တံခါးထဲသို့ ဝင်သွားကြလျှင် သူက ရှောင်လုကျစ်အနားသို့ လျှောက်သွားလိုက်ပြီး စကားနည်းနည်းပြောလိုက်လေသည်။

"မင်းက ကံကောင်းတာပဲ... နောက်ဆိုရင် လင်တာရင်ရဲ့ အနားမှာ သစ္စာရှိရှိ အမှုထမ်းရမယ်... ကြားလား..."

ရှောင်လုကျစ်က ဘယ်လိုလုပ်ပြီး နားမလည်ဘဲ နေပါ့မလဲ။

ဒါက ရွှေစ ငွေ‌စတွေ မိုးပေါ်က ကျလာတာမျိုးပဲ မဟုတ်လား။

"ချိုးကုန်းကုန်း စိတ်ချပါ... ဒီအစေခံက သခင်မလေးအပေါ် အသက်သေတဲ့အထိ သစ္စာစောင့်သိပါ့မယ်..."

ချိုးမင်လည်း မှာစရာရှိသည်များကို မှာလိုက်ပြီးနောက် သူ့လူများကို ခေါ်ပြီး ပြန်ထွက်သွားတော့လေသည်။

လက်ဝဲဆောင်အတွင်း၌မူ ချွမ်ချီနှင့် ရှအန်းတို့မှာ လင်ဝမ်ယိ၏ ဒဏ်ရာကိုကြည့်ရင်း စိတ်ပူနေကြလေ၏။

"သခင်မလေးကလည်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပေါ့ဆရတာလဲ... ဒဏ်ရာက ဒီ‌လောက်ပြင်းတာကို... ပျောက်ဖို့ဆိုရင် လဝက်လောက် ကြာဦးမှာ..."

"ကိစ္စမရှိပါဘူး... လမ်းလျှောက်ရတာ နည်းနည်း ခက်သွားတာကလွဲရင် ကျန်တာ ဘာမှမဖြစ်ပါဘူး... နင်တို့ကလည်း... ငါ အိပ်ရာနိုးလို့ အရှင်မင်းကြီး မျက်နှာကို မြင်လိုက်ရတော့ လန့်ပြီး တိုက်မိသွားတာ..."

"အို... ဒီအစေခံတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး..."

ချွမ်ချီက လင်ဝမ်ယိကို စိတ်ဆိုးသလိုလို သနားသလိုလိုဖြင့် ကြည့်နေပြီး ရှအန်းကမူ ဆေးပုလင်းကို ဖွင့်ကာ သေချာ အနံ့ခံကြည့်နေသည်။

"အရှင်မင်းကြီး ပေးလိုက်တဲ့ ဆေးက တကယ်ကို ကောင်းတာပဲ... သွေးတိတ်ပြီး အညိုအမည်းပျောက်မဲ့‌ ဆေးတွေ အများကြီး ပါတယ်... တော်တော် ဈေးကြီးမယ့်ပုံပဲ..."

လင်ဝမ်ယိ ပြုံးလိုက်မိသည်။ ဆေးက တကယ်ကောင်းပါ၏။ လိမ်းပြီးသည်နှင့် နာကျင်မှုများ သိသိသာသာ လျော့နည်းသွားသည်။ မဟုတ်လျှင် သူမ ဘယ်လိုလုပ်ပြီး အရှင်မင်းကြီးနှင့် သည်လောက်ကြာအောင် စကားပြောနိုင်အား ရှိမည်နည်း။

လင်ဝမ်ယိ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိပြီး သူမရင်ထဲမှ အတွေးစလေးကို ရင်ထဲမှာပင် သိမ်းထားလိုက်‌တော့၏။

သူမ၏ အရည်အချင်းနှင့် အနောက်ဆောင်တွင် နေရာတစ်နေရာရဖို့ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူပြီး ကြံစည်ရမည့် ကိစ္စဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ သူမတို့တစ်မိသားစုလုံး၏ အနာဂတ်နှင့် သူမ၏အသက်က သူတစ်ပါးလက်ထဲက စစ်တုရင်ရုပ်လေးတွေလို အသုံးချခံ ဖြစ်နေရသည်။ အကယ်၍ သူမ ကိုယ့်ကိုယ်ကိုယ် သည်လိုသာ ဆက်ပြီး ခေါင်းငုံ့ခံနေရမည်ဆိုလျှင် အဆုံးသတ်လှမည်မဟုတ်ကြောင်း သူမ စိုးရိမ်မိလေသည်။

ထို့ကြောင့် ယနေ့ အတိတ်က အကြောင်းတွေကို တမင် ထုတ်ပြောပြခဲ့ခြင်းမှာ သူမတွင် အခြားရည်ရွယ်ချက် ရှိနေသောကြောင့်ပင်။

အနည်းဆုံးတော့ အရှင်မင်းကြီး၏ မျက်နှာသာပေးမှုက သူမကို ယာယီအားဖြင့် လုံခြုံစေနိုင်မည်မဟုတ်လား။

အနောက်ဆောင်တွင် သူမ ခြေကုပ်မြဲသွားလျှင် အပြင်က မိသားစုအတွက်လည်း ကောင်းမွန်ပေလိမ့်မည်။

သို့သော် သူမ အရှင်မင်းကြီးကို အနည်းငယ် အသုံးချလိုက်ရသလို ဖြစ်သွားသဖြင့် ထိုအကြောင်းကို တွေးမိတိုင်း အပြစ်ရှိသလို ခံစားရလေသည်။

"ရေသွားခပ်လိုက်...ကိုယ်လက်သန့်စင်ပြီး အိပ်ကြရအောင်..."

"ဟုတ်ကဲ့ပါ..."

ချွမ်ချီနှင့် ရှအန်းတို့ အလုပ်ရှုပ်သွားကြသော်လည်း လင်ဝမ်ယိကမူ အပြင်ဘက်တွင် အစွမ်းကုန် ထွန်းလင်းနေသော လမင်းကြီးကို တစ်ယောက်တည်း ငေးမောကြည့်နေမိလေသည်။

အပြစ်ရှိသလို ခံစားနေရသောကြောင့်ပေလားမသိ... ထိုညတွင် သူမ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။

မနက်မိုးလင်းတော့ သူမ မျက်လုံးများမှာ မျက်ကွင်းတွေညိုနေတော့လေသည်။

ရှအန်းက ရေနွေးတစ်ခွက် ကမ်းပေးရင်း စိုးရိမ်တကြီး မေးလာသည်။

"သခင်မလေး... ဒဏ်ရာက အရမ်းနာနေလို့လား... သခင်မလေး ကြည့်ရတာ အရမ်း ပင်ပန်းနေပုံပဲ..."

လင်ဝမ်ယိသည် သူမ၏ အတွေးများကို အခြားသူများအား မပြောပြချင်ပေ။ ချွမ်ချီနှင့် ရှအန်းတို့ဆိုလျှင်တောင် အတူတူပင်။ သိသူနည်းလေလေ သူတို့ ပို၍ ဘေးကင်းလေလေပင်။

ထို့ကြောင့် သူမက အလိုက်သင့် ပြန်ဖြေလိုက်လေသည်။

"တော်တော်လေး နာနေတာ..."

ရှအန်းက အနားသို့ လျှောက်လာပြီး အောက်ခံဝတ်ရုံစကို လှန်ကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် အညိုအမည်းစွဲနေသည်မှာ ပို၍ ကြီးလာသည်။

ဒူးခေါင်းတစ်ခုလုံးမှာ ညိုမဲစွဲနေပြီး မသိသူများဆိုလျှင် သူမကို နှိပ်စက်ခံထားရသည်ဟုပင် ထင်သွားနိုင်၏။

"ခဏနေ မျက်နှာသစ်ပြီးရင် ဒီအစေခံ ဆေးလိမ်းပေးပါ့မယ်..."

"အင်း..."

"ဒါပေမယ့် ခဏနေ ဂါရဝပြုဖို့ သွားရင် သခင်မလေး ဘယ်လိုလုပ်မလဲ... ခြေထောက်က ဒီလိုဖြစ်နေတာ သွားလို့ဖြစ်ပါ့မလား..."

လင်ဝမ်ယိက အရှင်မင်းကြီး ခွင့်ပြုထားသည့်အကြောင်း ပြောပြရန် ပြင်လိုက်စဉ်မှာပင် အပြင်မှ ဝင်လာသော ချွမ်ချီက ဝင်ပြောလိုက်သည်။

"တိုက်ဆိုင်လိုက်တာ... ခုနလေးတင် လင်ကျစ်နန်းဆောင်က လူလွှတ်ပြီး လာပြောတယ်... သွမ့်ဝူပွဲတော် မတိုင်ခင်အထိ နန်းဆောင်ခြောက်ဆောင်က ကိုယ်လုပ်တော်တွေ ကွေ့ဖေးမယ်မယ်ကို ဂါရဝပြုဖို့ လာစရာမလိုဘူးတဲ့... ပွဲတော်ပြီးမှ ပြန်လာခဲ့ကြပါတဲ့..."

အင်... တော်တော်လေး တိုက်ဆိုင်တာပဲ...။

ဒါပေမယ့်လည်း ကောင်းပါတယ်လေ... သူ့ကို ဘယ်သူမှအာရုံမစိုက်တော့ဘူးပေါ့ ...။ ဂါရဝပြုဖို့ သွားစရာ မလိုတော့ဘူးဆိုတော့လည်း ကိုယ့်နန်းဆောင်ထဲမှာပဲ အေးအေးဆေးဆေး နေလိုက်တော့မယ်...။

All Chapters