← Chapters

နန်းဆောင်အထိ ပြဿနာလာရှာခြင်း

Vol. 4 Ch. 34

နန်းဆောင်အထိ ပြဿနာလာရှာခြင်း

Vol. 4 Ch. 34

လင်ဝမ်ယိအတွက် ပြန်ကောင်းလာစ ရက်များမှာ ပျင်းစရာ နေ့ရက်များဟု ဆိုရပေမည်။

မနက်ခင်း ဂါရဝပြုရန် စောစောထစရာမလိုသလို စားသောက်ရန်အတွက်လည်း ခုတင်ပေါ်မှ ဆင်းစရာမလိုပေ။ ချွမ်ချီနှင့် ရှအန်းတို့နှစ်ယောက်က သူမကို ကုတင်ပေါ်မှာပင်နေစရာ လင်ဝမ်ယိမှာ ဆန်ကုန်မြေလေးတစ်ယောက်လို ဖြစ်နေလေသည်။

အရှင်မင်းကြီးအတွက် အလျင်စလို လက်စသတ်ရမည့် အတွင်းဝတ်ရုံသာ မရှိလျှင် အစေခံမလေးများက လင်ဝမ်ယိကို ဝက်တစ်ကောင်လို မွေးထားကြမည့်ပုံပင်။ စားပြီးလျှင်အိပ်၊ အိပ်ရာနိုးလျှင် ပြန်စားသည့် ဘဝမျိုး…။

အားလပ်နေသည့် ရက်များဖြစ်၍ ပန်းထိုးသည့်အလုပ်မှာလည်း လျင်မြန်စွာ ပြီးစီးသွားသည်။ သုံးရက်မပြည့်ခင်မှာပင် လင်ဝမ်ယိတစ်ယောက် အတွင်းဝတ်ရုံကို လက်စသတ်ပြီးသွားလေသည်။

အလွန်လှပသေသပ်သော ညဝတ်အင်္ကျီလေးအား ဖြန့်ကြည့်လိုက်ရင်း လင်ဝမ်ယိမှ သူမကိုယ်သူ အလွန်ဂုဏ်ယူကျေနပ်နေမိပေသည်။

ရှောင်လုကျစ်မှာ နန်းတွင်းထဲတွင် ကြီးပြင်းလာသူဖြစ်သော်လည်း လင်ဝမ်ယိ၏ ပန်းထိုးလက်ရာမျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် ထိုညဝတ် အတွင်းဝတ်ရုံကို မြင်သောအခါ အလွန်အမင်း ချီးကျူးလေတော့၏။

"သခင်မလေးရဲ့ လက်ရာကလေ... ပန်းထိုးဌာနက မားမားကြီးတောင် သခင်မလေးကို မမီနိုင်ဘူး..."

ချွမ်ချီကတော့ သခင်မလေး၏ လက်ရာကို မြင်ဖူးနေကျမို့ သူ့လောက် အံ့ဩမနေပေ။ သို့သော် သခင်မလေး၏ လက်ရာမှာ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လွန်းသဖြင့် သူမက ရယ်မောကာ ပြောလိုက်သည်။

"သခင်မလေး... ကျွန်တော်မျိုးမ ရဲ့ လက်ကိုင်ပုဝါပေါ်က မက်မွန်ပန်းလေးတွေရဲ့ ဝတ်ဆံက ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေလို့... သခင်မလေး တစ်ချက်လောက် ကြည့်ပေးပါလား..."

သူမက မျှော်လင့်တကြီးဖြင့် ကြည့်ကာ ပြောလေ၏။

လင်ဝမ်ယိတွင်လည်း အခြား လုပ်စရာအလုပ် မရှိသဖြင့် ထိုပုဝါကို ယူလာခဲ့ဖို့ ပြောလိုက်လေသည်။

သာမန် လက်ကိုင်ပုဝါလေးတစ်ထည်သာ ဖြစ်ရာ လင်ဝမ်ယိ အတွက်မူ အတော်လွယ်သည့် ကိစ္စပင်။

အပ်ကို ပေါ့ပေါ့ပါးပါးဖြင့် နှစ်ချက်သုံးချက်မျှ ထိုးလိုက်ရုံဖြင့် စိမ်းပြာရောင် မက်မွန်ပန်းလေးမှာ အသက်ဝင်လာသကဲ့သို့ သဘာဝကျကျ လှပသွားချေသည်။

"အသက်ဝင်လာပြီ... အသက်ဝင်လာပြီ..."

ရှောင်လုကျစ်၏ ရိုးရိုးစင်းစင်းဟန်ပန်ကြောင့် သူတို့သုံးယောက်သား ရယ်မောလိုက်ကြလေသည်။

သူတို့၏ လက်ဝဲဆောင် တစ်ခုလုံး ရယ်မောသံ၊ စကားပြောသံများဖြင့် ပြည့်နှက်နေချိန်တွင် အနောက်ဆောင်တွင်မူ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေလေ၏။

ယွဲ့ကျန့် နှင့် အခြားအစေခံများမှာ ကြမ်းပြင်ပေါ်၌ ဒူးထောက်ထားကြပြီး သူတို့၏ စကားတစ်ခွန်းကြောင့် သခင်မ၏ ဒေါသကို ဆွပေးသလို ဖြစ်သွားမည်ကို စိုးရိမ်ကာ တုန်လှုပ်နေကြရှာသည်။

ချူကွေ့ရန်၏ ရှေ့တွင်တော့ ကွဲရှနေသော ကြွေပန်းကန်ကွဲစများ ပြန့်ကျဲနေသည်။ သူမနှင့် အနီးဆုံးတွင် ရှိနေသော ယွဲ့ပိုင်မှာ လက်မောင်းကို ရေနွေးပူလောင်ထားသည့် ဒဏ်ရာရသွားလေ၏။ သူမ၏ အရေပြားမှာ သိသိသာသာပင် နီရဲရောင်ရမ်းလာသော်လည်း အံကိုတင်းတင်းကြိတ်ကာ အသံတစ်ချက်ပင် မထွက်ရဲပေ။

"ဟွန့်...မြှူဆွယ်တဲ့ မြေခွေးမ... ရုပ်ရည်လေး နည်းနည်းရှိတာကို အားကိုးပြီး ဒီလိုလုပ်ရဲတယ်ပေါ့... နန်းတော်ထဲဝင်လာရုံနဲ့ သူလုပ်ချင်ရာလုပ်လို့ရပြီလို့ ထင်နေတာလား... ဒီနန်းတော်ထဲကလူတွေကို အရူးတွေများ မှတ်နေသလား..."

ချူကွေ့ရန် ဘယ်သူ့ကို ဆဲဆိုနေသလဲဆိုတာ ဦးနှောက်ပါသူတိုင်း သိကြပေသည်။

နန်းဆောင်တစ်ခုတည်း အတူနေကြသော်လည်း သူမသည် လင်ဝမ်ယိနှင့် တစ်ခါမျှ ထိပ်တိုက် မတွေ့ဖူးသေးပေ။

အစပိုင်းတုန်းကတော့ သူမက အထင်သေး၍ ဂရုမစိုက်ခဲ့ပေ။ နောက်ပိုင်းတွင်မူ ယီဖေး၏ ဖိအားပေးမှုကြောင့် ငြိမ်နေခဲ့ရသည်။ ထို့နောက်တွင်လည်း လင်ကွေ့ဖေးက သွယ်ဝိုက်သောနည်းဖြင့် အကျယ်ချုပ် ချထားလိုက်သဖြင့် သည်နေ့အထိ အချိန်ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။

သို့သော် လင်ဝမ်ယိ အရှင်မင်းကြီးကို အဖော်ပြုပေးလိုက်ရသည် ဆိုသော သတင်းကို ကြားလိုက်ရသည့်အချိန်တွင်တော့ သူမ ဘယ်လိုမှ ငြိမ်မနေနိုင်တော့ပေ။

နန်းတွင်းထဲ ဝင်လာတာ ဘယ်လောက်မှ မကြာသေးတဲ့ အဲဒီမိန်းမက ဘာကိစ္စ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရရတာလဲ...

သေချာစဉ်းစားကြည့်လိုက်ရင် အဲဒီရုပ်ရည်လေးရယ်... နောက်က လင်အိမ်တော်ရှိနေလို့ရယ်ပဲ မဟုတ်ဘူးလား...

ဒါကိုများ သူက ဘာကိုမှ မလိုချင်သလို…အေးချမ်းသလို ဟန်ဆောင်နေသေးတယ်... သူ အမုန်းဆုံးက အဲဒီလိုလူမျိုးပဲ...။

ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သည်နေ့တော့ သူမ လင်ဝမ်ယိကို ပညာပေးမှ ဖြစ်တော့မည်။

သို့မှသာ သူမကိုယ်သူမ ဘာကောင်မလဲဆိုတာ သိသွားပေလိမ့်မည်။

ထိုသို့တွေးပြီးသည်နှင့် သူမ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။

သူမ နှုတ်ခမ်းထောင့်စွန်းများက မဲ့ပြုံးပြုံးလိုက်ရင်း ကွေးညွတ်သွား၏။

"ငါ နန်းတွင်းဝင်လာကတည်းက ဘေးအဆောင်တွေက ညီမလေးနှစ်ယောက်ကို သွားပြီး နှုတ်မဆက်ရသေးဘူးပဲ... ဒီနေ့ နေလည်း သာနေတော့ သွားကြတာပေါ့..."

ယွဲ့ကျန့် မှာ သူမအား မတားဝံ့သဖြင့် ယွဲ့ပိုင် ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် ချူကွေ့ရန် အနားသို့ လျှောက်သွားကာ တိုးတိုးသက်သာ ပြောလိုက်၏။

"သခင်မ... ယွဲ့ပိုင် ရဲ့ အဝတ်တွေက စိုနေတော့ သခင်မ နောက်ကနေ လိုက်လာဖို့ သိပ်မသင့်တော်ပါဘူး... သူ့ကို ပြန်ပြီး အဝတ်လဲခိုင်းလိုက်ပါလား... ယွဲ့ဖေ့ နဲ့ ကျွန်တော်မျိုးမ က သခင်မ ကို လက်ဝဲဆောင် အထိလိုက်ပို့ပေးပါ့မယ်..."

ချူကွေ့ရန်က ဂရုမစိုက်ပေ။ အစေခံတစ်ယောက်ပဲဟာ...။

ထို့ကြောင့် သူမက အေးတိအေးစက်ဖြင့် ပြောလိုက်လေသည်။

"နောက်တစ်ခါ ဒီလောက် ပေါ့ဆနေဦးမယ်ဆိုရင်တော့ နင်တို့ ဒုက္ခရောက်ဖို့သာ ပြင်ထားတော့..."

အပြောခံလိုက်ရသော ယွဲ့ပိုင် မှာ သူမ၏ ဝမ်းနည်းမှုနှင့် နာကျင်မှုများကို မျိုသိပ်ရင်း ချူကွေ့ရန် အား အကြိမ်ကြိမ် ဦးညွှတ်ရုံသာ တတ်နိုင်ရှာသည်။

သူမက ဦးညွှတ်နေရင်းနှင့်ပင် ရိုသေစွာ ပြောလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် သခင်မလေး... ကျေးဇူးတင်ပါတယ် သခင်မလေး..."

ချူကွေ့ရန်က မျက်မှောင်ကြုပ်လိုက်ရင်း သူမအနောက်တွင် ဒူးထောက်နေဆဲဖြစ်သော ယွဲ့ပိုင်ကို စောင်းငဲ့ကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"သွားစို့... သူတို့နဲ့ သွားတွေ့ကြတာပေါ့..."

"ဟုတ်ကဲ့ပါ..."

ချူကွေ့ရန်တို့အဖွဲ့ အတော်လေး ဝေးသွားမှသာ ယွဲ့ပိုင်၏ တောင့်တင်းနေသော ခါးလေးမှာ ပြန်လည် လျော့ကျသွားပြီး သူမ မျက်နှာပေါ်တွင် မျက်ရည်ပေါက်ကြီးငယ်များ တသွင်သွင် စီးကျလာတော့သည်။

သူမက ဘယ်ဘက်လက်အင်္ကျီလက်စကို မနည်း လှန်တင်ကြည့်လိုက်ရာ နီရဲရောင်ရမ်းနေသော ဒဏ်ရာကြီးအပြင် အရည်ကြည်ဖုများပင် ထနေသည်ကို တွေ့လိုက်ရ၏။

ဒီတစ်ခါတော့ သေချာပေါက် အမာရွတ် ကျန်တော့မည်ပင်။

ယွဲ့ပိုင်မှာ ဒေါသထွက်သော်လည်း ဘာမှ မပြောရဲပေ။ သူမသည် ငယ်ငယ်ကတည်းက သခင်မလေးနားတွင် နေလာခဲ့သည်ဖြစ်၍ သူမအတွက် ရိုက်နှက်ဆဲဆိုခံရခြင်းမှာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်လိုပင် ဖြစ်နေခဲ့လေပြီ။ သူမ နန်းတွင်းမှ အသက်ရှင်လျက် ထွက်သွားနိုင်မည်လား ဆိုသည်ကိုပင် မသိနိုင်တော့ပေ။

အသက်ရှင်လျှင်တောင် သူမကို လွှတ်ပေးပါ့မလား ဆိုတာက မသေချာ။

သူမသည် ယူကျုံးမရဖြစ်စွာ ကြမ်းပြင်ပေါ်တွင် ပုံလျက်သားလဲကျသွားပြီး ရှုပ်ပွနေသော အခန်းထဲတွင် တိတ်တိတ်လေး ငိုကြွေးနေမိတော့သည်။

လက်ဝဲဆောင်နှင့် အနောက်ဆောင်ကြားရှိ လခြမ်းကွေးတံခါးမှာ ပုံမှန်အားဖြင့် ပိတ်ထားလေ့ရှိသည်။ ယနေ့တွင် ချူကွေ့ရန်တစ်ယောက် ဒေါသတကြီးဖြင့် ရောက်လာသော်လည်း တံခါးပိတ်ထားသည်ကိုသာ တွေ့လိုက်ရလေသည်။

သူမ ရင်ထဲမှ ဒေါသများက အတိုင်းအဆမရှိ မြင့်တက်လာတော့သည်။

ထို့နောက် သူမက နန်းတွင်းအစေခံများကို ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောလိုက်လေသည်။

"ဒီတံခါးကို ဖွင့်စမ်း... သူ့လို တာရင်အဆင့်လေးလောက်နဲ့ ရီဟွားနန်းဆောင် မှာ ဒီလောက် အတင့်ရဲနေစရာ အကြောင်းမရှိဘူး... ဒီအရှင်မ ခွင့်ပြုချက် မရဘဲ လခြမ်းကွေးတံခါး ကို သော့ခတ်ထားရဲတယ်ဆိုတော့... သူက ဒီအရှင်မကို လုံးဝ အလေးမထားတာပဲ..."

ချူကွေ့ရန်၏ ရာထူးအရ ဒီအရှင်မ ဟု သုံးနှုန်းခွင့် မရှိပေ။ အနည်းဆုံး ဖင်အဆင့် သို့မဟုတ် ဖေးအဆင့် ရှိမှသာ သုံးနှုန်းခွင့်ရှိသည်။

သို့သော် သူမက သူမ၏ အာဏာကိုပြချင်၍ ပါးစပ်ဖွင့်လိုက်သည်နှင့် ဒီအရှင်မ... ဒီအရှင်မ...ဟု သုံးနှုန်းနေတော့သည်။ ဘေးမှ နားထောင်နေရသော အစေခံများမှာ ဘာမှ ဝင်မပြောရဲကြပေ။

လခြမ်းကွေးတံခါးမှာ အမှန်တွင် သော့ခတ်ထားခြင်း မဟုတ်ဘဲ ဂျက်ထိုးထားရုံသာ ဖြစ်သည်။

ထို့ကြောင့် နှစ်ချက် သုံးချက်လောက် ကန်လိုက်ရုံနှင့် ပွင့်သွားလေတော့သည်။

ရှောင်လုကျစ်သည် ဝင်းထဲမှ ဆူညံသံများကို ကြားလိုက်ရသဖြင့် လက်ထဲမှ ပန်းအိုးကို အမြန်ချကာ အပြေးရောက်လာသည်။

ချူကွေ့ရန်က ဒေါသတကြီးဖြင့် လူများခေါ်ကာ ဝင်လာသည်ကို သူ တွေ့လိုက်ရ၏။

ရှောင်လုကျစ် လာနေသည်ကို မြင်လျှင် ချူကွေ့ရန်က ခြေထောက်ဖြင့် သူ့ရင်ဝကို စောင့်ကန်လိုက်ရာ ရှောင်လုကျစ်မှာ ရင်ဘတ်ကိုဖိရင်း မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

"ဘယ်က ခွေးသူတောင်းစား အစေခံကများ… ဒီအရှင်မရဲ့ လမ်းကို လာပိတ်ရဲရတာလဲ..."

ပြောပြီးသည်နှင့် သူမက သူ့ကိုယ်ပေါ်မှ ကျော်ခွသွားလိုက်သည်။ ရှောင်လုကျစ်မှာ ရင်ဘတ်အောင့်နေသော်လည်း အလျင်စလိုပင် တားလိုက်သည်။

"သခင်မလေး... သခင်မလေး..."

သူ့စကားမဆုံးခင်မှာပင် ချူကွေ့ရန်က ရှေ့တိုးလာပြီး သူ့ကျောကို နောက်ထပ်တစ်ချက် ထပ်ကန်လိုက်ပြန်သည်။

သူမက ကိုယ်ခံပညာလေ့ကျင့်ဖူးသူဖြစ်ရာ မည်သည့်နေရာများက အထိနာမည့်နေရာမျိုးလဲဆိုသည်ကို ကောင်းကောင်းသိသည်။

ထိုခြေကန်ချက် နှစ်ချက်ကြောင့် ရှောင်လုကျစ်ခမျာ ရက်အတော်ကြာ အိပ်ရာထဲ လှဲနေရတော့မှာ အသေအချာပင်။

မျက်လုံးကို လှန်ကြည့်လိုက်ရင်း သူမက စင်္ကြံလမ်းအတိုင်း လျှောက်ကာ ဝင်းထဲသို့ ဝင်သွားလိုက်သည်။

အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရချိန်တွင် လင်ဝမ်ယိ မှာ တစ်ရေးအိပ်နေရာမှ နိုးလာခါစပင်ရှိသေး၏။

အတွင်းခန်းထဲမှ ယခုလေး ထွက်လာသော ရှအန်းမှာ ချူကွေ့ရန်တို့အဖွဲ့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ မျက်လုံးပြူးသွားသည်။ သူမသည် ချူကွေ့ရန်တို့၏ လာရင်းရည်ရွယ်ချက် မကောင်းမှန်းသိသဖြင့် ရှေ့ထွက်ပြီး တားထားလိုက်သည်။

"ချူကွေ့ရန် ရောက်လာတာကို ကျွန်တော်မျိုးမ မသိလိုက်လို့ပါ... စိတ်မရှိပါနဲ့..."

"အို…လင်တာရင် ကတော့ ကိုယ့်ကိုယ်ကိုယ် အတော်လေး အထင်ကြီးနေပုံရတယ်... ဒီအရှင်မ ရောက်နေတာတောင် ထွက်မတွေ့ဘဲ ပုန်းနေပြီး ဒီကောင်မလေးကို လွှတ်ပြီး နှင်လွှတ်ခိုင်းတယ်ပေါ့... ဒီအရှင်မကို အထင်သေးတာလား..."

ချူကွေ့ရန်၏ အသံကို အတွင်းခန်းထဲရှိ လင်ဝမ်ယိသာမက မီးဖိုဆောင်ထဲတွင် အလုပ်ရှုပ်နေသော ချွမ်ချီပါ ကြားလိုက်ရသည်။

သူမ လက်ထဲမှ ပစ္စည်းများကို ချလိုက်ပြီး ချက်ချင်း ထွက်လာခဲ့သည်။ ရှအန်းတစ်ယောက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေရပြီး ရှေ့တွင် မတ်တပ်ရပ်နေသော ချူကွေ့ရန်က မောက်မောက်မာမာဖြင့် စီးမိုးကြည့်နေသည်ကို တွေ့လိုက်ရ၏။

မျက်မှောင်ကြုပ်လိုက်ရင်း ချွမ်ချီတစ်ယောက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တိုးသွားလိုက်သည်။

"ကျွန်တော်မျိုးမ ချူကွေ့ရန် ကို ဂါရဝပြုပါတယ်..."

"ဟွန့်... နောက်ထပ် အစေခံတစ်ယောက်ပဲ... ဆိုတော့ကာ... လက်ဝဲဆောင် မှာ နေတဲ့လူတွေ အကုန်လုံးက အစေခံတွေချည်းပဲလား..."

သူမ၏ စကားများမှာ လင်ဝမ်ယိအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ စောင်းမြောင်းပြောဆိုနေခြင်းပင် ဖြစ်လေတော့သည်။

T/N ဟေး ဟေး ပွဲတော့စပြီ (⁠.⁠ ⁠❛⁠ ⁠ᴗ⁠ ⁠❛⁠.⁠)

All Chapters