← Chapters

အပြန်အလှန် ကာကွယ်ခြင်း

Vol. 4 Ch. 35

အပြန်အလှန် ကာကွယ်ခြင်း

Vol. 4 Ch. 35

အတွင်းခန်းထဲရှိ လင်ဝမ်ယိသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနေရသဖြင့် သူမ၏ မျက်နှာထားမှာ တည်သွားတော့သည်။

ချူကွေ့ရန် နှင့် သူမကြားရှိ ရန်ငြိုးရန်စများမှာ လင်ဝမ်ယိ နန်းတွင်းသို့ ဝင်ရောက်လာကတည်းက တငွေ့ငွေ့ လောင်ကျွမ်းနေခဲ့ခြင်း ဖြစ်လေသည်။

ယခုအခါတွင်မူ ချူကွေ့ရန် က သူမ၏ လက်ဝဲဆောင် အထိ လာရောက်ကာ အာဏာပြနေခြင်းက ထိုရန်ငြိုးကို ပိုမို နက်ရှိုင်းသွားစေတော့သည်။

ထို့ကြောင့် သူမလည်း အိပ်ရာမှ အမြန် ထလိုက်ကာ အဝတ်အစားလဲပြီးနောက် အံကိုကြိတ်လျက် ချူကွေ့ရန် ရှေ့တွင် မျက်နှာမပျက်စေရန် အတတ်နိုင်ဆုံး ဟန်ဆောင်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။

"ချူကွေ့ရန်...အစ်မကို ညီမ သေချာ မကြိုဆိုလိုက်ရလို့ တောင်းပန်ပါတယ်... စိတ်မရှိပါနဲ့..."

ထို့နောက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသော ချွမ်ချီနှင့် ရှအန်းတို့ကိုဟန်ဆောင်ကာ ဆူပူလိုက်သည်။

"နင်တို့နှစ်ယောက်က ဒီမှာ ဘာလုပ်နေကြတာလဲ... ဘာလုပ်နေကြတာလဲ... သွား... လက်ဖက်ရည် သွားယူချေ..."

ချွမ်ချီက ပါးနပ်စွာဖြင့် ချက်ချင်း ပြန်ပြောလိုက်သည်။

"ဒီအစေခံ မှားသွားပါတယ်... ကွေ့ရန်အတွက် လက်ဖက်ရည် သွားငှဲ့ပေးပါ့မယ်..."

စကားဆုံးသည်နှင့် သူမက မတ်တပ်ရပ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ချူကွေ့ရန်က မျက်စိတစ်ချက် မှိတ်ပြလိုက်ရာ အနောက်မှာ ပါလာသည့် ယွဲ့ကျန့်က ချက်ချင်း ရှေ့တိုးလာပြီး ချွမ်ချီကို ဖိချလိုက်ကာ ပြန်ပြီး ဒူးထောက်ခိုင်းလိုက်သည်။

ချွမ်ချီ မည်မျှပင် ရုန်းကန်သော်လည်း အချည်းနှီးသာ။ ယွဲ့ကျန့်နှင့် ယွဲ့ဖေ့တို့ နှစ်ယောက်သား ချွမ်ချီကို ဖိထားပြီး သူမ၏ လက်မောင်းကို နောက်ပြန်လိမ်ချိုးလိုက်ရာ နာကျင်လွန်းသဖြင့် ချွမ်ချီ့မျက်နှာတစ်ခုလုံး သွေးဆုတ်ကာ ဖြူဖျော့သွားပြီး စကားပင် မပြောနိုင်တော့ပေ။

သူမက စစ်သူကြီးအိမ်တော်မှ ဆင်းသက်လာသူပီပီ သူတို့၏ အပြစ်ပေးသည့် နည်းလမ်းများမှာ အမှန်ပင် ကြောက်စရာကောင်းလှပေသည်။

ထိုအရာကို မြင်လိုက်ရသောအခါ လင်ဝမ်ယိ၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ယှက်သန်းလာတော့သည်။

သူမ၏ လေသံမှာလည်း မာထန်သွားတော့သည်။

"ချူကွေ့ရန် ဘာလုပ်တာလဲ... ကျွန်မရဲ့ အစေခံက ရှင့်ကို ဘာများ လုပ်မိလို့လဲ…"

"ဒီအရှင်မက ရီဟွားနန်းဆောင်မှာ အကြီးဆုံးပဲ... ညီမလေးရဲ့ အခန်းထဲက အစေခံတွေရော မုတာရင် အခန်းထဲက အစေခံတွေကိုပါ ဆုံးမပိုင်ခွင့်ရှိတယ်... လခြမ်းကွေးတံခါးက ဘယ်တုန်းက သော့ခတ်ထားခွင့် ရှိလို့လဲ... ညီမလေးနဲ့ စကားပြောချင်လို့ လာတာကို ဒီအရှင်မကပဲ လူအင်အားသုံးပြီး ဝင်လာရသလို ဖြစ်နေပြီ... ပြောစမ်း... တာဝန်ကျတဲ့ ဒီအစေခံတွေကို အပြစ်ပေးသင့်လား မပေးသင့်ဘူးလား..."

ပြောပြီးသည်နှင့် သူမက ခေါင်းငုံ့ထားသော ရှအန်းကို လှမ်းကြည့်လိုက်သည်။

ယွဲ့ကျန့် က ချူကွေ့ရန် ပြောချင်သည်ကို ချက်ချင်း သဘောပေါက်သွားပြီး ရှအန်း အား ဆွဲယူကာ ပါးလေးငါးချက်ခန့် ဆက်တိုက် ရိုက်ချလိုက်လေတော့သည်။

ရိုက်ချက်တိုင်းမှာ ပြင်းထန်လွန်းလှသဖြင့် ရှအန်း ၏ မျက်နှာမှာ ဖူးယောင်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများပင် စီးကျလာ၏။

"ရပ်လိုက်စမ်း..."

လင်ဝမ်ယိ ၏ ဒေါသများမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သော်လည်း ယခုအချိန်တွင် ပေါက်ကွဲလိုက်ပါက သူတို့ကို ကယ်နိုင်မည် မဟုတ်သည့်အပြင် ကွေ့ရန်တစ်ပါးအား စော်ကားသည်ဟု ခေါင်းစဉ်တပ်ခံရပြီး အပြစ်ရှာခံရပေလိမ့်မည်။

ထို့ကြောင့် သူမက ချူကွေ့ရန် ရှေ့သို့ တည့်တည့်မတ်မတ် လျှောက်သွားကာ ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"လခြမ်းကွေးတံခါး ပိတ်ထားတာ ဟုတ်မဟုတ်ဆိုတာ နန်းတွင်းရေးရာဌာနက လူခေါ်ပြီး စစ်ဆေးခိုင်းလိုက်ရင် သိရမှာပါ... ချူကွေ့ရန်က ကျွန်မနဲ့ စကားပြောချင်တယ် ဆိုရင်လည်း အစေခံတစ်ယောက်လွှတ်ပြီး လာပြောခိုင်းရင် ရတာပဲလေ... ကျွန်တော်မျိုးမက အဆင့်နိမ့်သူမို့ ချူကွေ့ရန်အနေနဲ့ ဒီအထိ တကူးတက လာစရာမလိုပါဘူး..."

"ကွေ့ဖေးမယ်မယ်က သွမ့်ဝူပွဲတော်အတွက် သေချာပြင်ဆင်ဖို့ နန်းတော်တစ်ခုလုံးကို မနက်ခင်း ဂါရဝပြုတဲ့ အစီအစဉ်တွေတောင် ဖျက်သိမ်းပေးထားတာ... ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ မကောင်းသတင်းတွေ ထွက်သွားရင်... ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာသလို ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်..."

ထိုသို့ပြောပြီးနောက် လင်ဝမ်ယိက ယွဲ့ကျန့် ဘက်သို့ လှည့်ကာ အေးစက်စက် လေသံဖြင့် ဆက်ပြောလိုက်သည်။

"တခြားလူတွေ ဘယ်လိုဖြစ်မလဲ ဆိုတာတော့ ကျွန်မ မသိဘူး... ဒါပေမဲ့ ကွေ့ဖေးမယ်မယ် အိမ်တော်မှာ ရှိတုန်းက သခင်အားကိုးနဲ့ လူပါးဝတဲ့ ခွေးလို အစေခံမျိုးတွေကို အမုန်းဆုံးပဲ... တကယ်လို့ နန်းတွင်းကို ရှင်းလေးရေး လုပ်မယ်ဆိုရင်... ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်တဲ့အနေနဲ့ နာမည်ဆိုးရှိတဲ့လူ တစ်ယောက် နှစ်ယောက်လောက်ကို ရွေးပြီး သတ်ပြလိုက်တာမျိုးက မဖြစ်နိုင်ဘူးရယ်လို့ မရှိဘူးနော်..."

သူမ၏ စကားတွင် ယွဲ့ကျန့် နာမည်ကို ထည့်မပြောသော်လည်း ထိုအစေခံမလေးမှာမူ ကြောက်လွန်း၍ တုန်ရီသွားတော့သည်။

သူမသည် လင်ကွေ့ဖေး၏ နည်းလမ်းများကို မမြင်ဖူးသော်လည်း ဤကဲ့သို့ လူမျိုးစုံရှိသည့် နန်းတော်ကြီးထဲတွင် ထိုနေရာရောက်အောင် တက်လှမ်းနိုင်ခဲ့သူ တစ်ယောက်က သေချာပေါက် သနားကြင်နာတတ်သူတော့ မဟုတ်နိုင်ပေ။

သူမက ငယ်ပါသေးသည်။ လင်တာရင်ကို ပြစ်မှားမိရုံဖြင့် လင်ကွေ့ဖေး၏ အမျက်ဒေါသ၏ ပစ်မှတ်မဖြစ်သွားချင်ပေ။

သူမ၏ သခင်မလေးမှာ သခင်ကြီးနှင့် ယီဖေးတို့၏ အကာအကွယ်အောက်တွင် ရှိသဖြင့် သေချာပေါက် ဘာမှဖြစ်မည်မဟုတ်။

ဒါပေမဲ့ သူကတော့...

အကယ်၍ တစ်စုံတစ်ယောက်က တာဝန်ခံရမည် ဆိုလျှင် ချူကွေ့ရန်၏ စရိုက်အရ သူမကို သေချာပေါက် စွန့်ပစ်လိုက်မှာ အသေအချာပင်။

ယွဲ့ကျန့်မှာ ကြောက်လွန်းသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိပြီး ချွမ်ချီ၏ လက်ကောက်ဝတ်ကို ကိုင်ထားသော ယွဲ့ဖေ့ပင် ချက်ချင်း လက်လွှတ်လိုက်မိသည်။

သူမတို့သည် ရောက်စကကဲ့သို့ စီးစီးပိုးပိုးမနေကြတော့ဘဲ ခေါင်းငုံ့ကာ ရပ်နေကြတော့သည်။

စကားအနည်းငယ်မျှဖြင့်ပင် ချူကွေ့ရန် နှင့်အတူ ပါလာသော အစေခံများအားလုံး ကြောက်လန့်တကြား နောက်ဆုတ်သွားကြလေ၏။ ထိုကဲ့သို့ တစ်ခါမျှ အရှက်ခွဲမခံရဖူးသော ချူကွေ့ရန် မှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

"အော်... လင်တာရင်က ကွေ့ဖေးမယ်မယ်ရဲ့ နာမည်ကိုတောင် သုံးတတ်နေပြီပေါ့... နင့်ရဲ့ ယုတ်မာတဲ့ အကြံအစည်တွေက မကုန်နိုင်တော့ပါလား..."

လင်ဝမ်ယိလည်း ချူကွေ့ရန်ကို ဟန်ဆောင် ယဉ်ကျေးပြမနေတော့ပေ။ သူမက အသံကို နှိမ့်လိုက်ပြီး မျက်နှာထား တည်တည်ဖြင့်ပင် ပြောလိုက်သည်။

"ချူကွေ့ရန်ရဲ့ လူပါးဝပြီး သူခိုးက လူပြန်ဟစ်တတ်တဲ့ စွမ်းရည်ကို ဒီက ကျွန်တော်မျိုးမတော့ တကယ် လက်ဖျားခါမိပါရဲ့... ကွေ့ဖေးမယ်မယ်က ယုံဟွာဆောင်မှာ တရားစာရွတ်ပြီး ဆုတောင်းခိုင်းလိုက်တာ ရက်တိုသွားလို့ထင်တယ်... ရန်လိုတတ်တဲ့ စိတ်တွေက မကုန်သေးဘူးပဲ... တွေ့တဲ့သူကို လိုက်ကိုက်နေတာ... တကယ့်ကို ကြောက်စရာပါလား..."

"ဘာ... နင် ငါ့ကို ခွေးလို့ ခေါ်ရဲတယ်ပေါ့..."

ချူကွေ့ရန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသံမှာ စူးရှသွားတော့သည်။ လင်ဝမ်ယိ၏ စကားကြောင့် သူမ ဒေါသအကြီးအကျယ် ထွက်သွားမှန်း သိသာလှသည်။

"ကောင်းပြီလေ... ဒီအရှင်မက နင့်လို စကားနိုင်လုတတ်တဲ့သူ မဟုတ်ဘူး... ဒီလိုဖြစ်လာမှတော့ ဒီအရှင်မကို ပြန်အာခံရင် ဘာဖြစ်မလဲဆိုတာ နင့်ကို ပြရသေးတာပေါ့..."

ထိုသို့ပြောပြီးနောက် သူမ၏ ခါးမှ ပိုးသားခါးပတ်ပျော့ကို ဆွဲထုတ်လိုက်ရာ ခါးပတ်မှာ ချက်ချင်းပင် ချွန်ထက်သော ဆူးများပါသည့် ကြာပွတ်တစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။

လင်ဝမ်ယိ ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး ချက်ချင်း အော်ဟစ်လိုက်လေသည်။

"နန်းတွင်းထဲကို လက်နက် ယူလာရဲတယ်ပေါ့..."

သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချူကွေ့ရန် က သူမ၏ ကြာပွတ်ဖြင့် ရိုက်ချလိုက်လေသည်။ သူမ နောက်ဆုတ်ပြီး ရှောင်လိုက်သော်လည်း ဒူးခေါင်းမှ စူးခနဲ နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

ပိုးသားကြာပွတ်က လင်ဝမ်ယိထံသို့ ရောက်ခါနီးအချိန်တွင် ချွမ်ချီ က အလျင်အမြန် ပြေးဝင်လာပြီး ကာကွယ်လိုက်ရာ ကြာပွတ်က သူမ၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေတော့သည်။

သူမ၏ အဝတ်အစားများမှ သွေးများ ချက်ချင်း စိမ့်ထွက်လာလေ၏။

ချွမ်ချီ မှာ နာကျင်လွန်းသဖြင့် အသက်ရှူမှားသွားပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာလေသည်။

"ချွမ်ချီ..."

"သခင်မလေး... အဆင်ပြေရဲ့လား..."

ချွမ်ချီ ၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူရော်နေလေသည်။ ရှအန်း က ချက်ချင်း ပြေးလာပြီး ချူကွေ့ရန် ၏ ရှေ့တွင် ဒူးထောက်ကာ တောင်းပန်လိုက်လေသည်။

"ချူကွေ့ရန် ဒေါသထွက်စရာရှိရင် ဒီအစေခံကိုပဲ ပုံချလိုက်ပါ... ရိုက်မလား နှက်မလား ကြိုက်သလိုလုပ်ပါ အသံတစ်ချက်မထွက်ဘဲ ခံပါ့မယ်... ဒါပေမဲ့ သခင်မလေးရော ကွေ့ရန်ပါ အရှင်မင်းကြီးရဲ့ ကြင်ရာတော်တွေချည်းပါပဲ... တကယ်လို့ သခင်မလေး ကို တစ်ခုခုလုပ်လိုက်လို့ အမာရွတ်တွေ ကျန်ခဲ့မယ်ဆိုရင်.…အရှင်မင်းကြီးက တွေ့သွားရင် ကွေ့ရန်ကို အပြစ်မပေးဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ..."

သူမ၏ အကြည့်များက ပြတ်သားနေပြီး လေသံမှာလည်း တည်ကြည်လေးနက်နေသည်။

ချူကွေ့ရန် မည်မျှပင် ဒေါသထွက်နေပါစေ... သူမ တွန့်ဆုတ်သွားမိသည်။

ရှအန်း ၏ စကားများက သူမ၏ အားနည်းချက်ကို တည့်တည့် ထိမှန်သွားလေ၏။

ချူကွေ့ရန်က လင်ဝမ်ယိကို စိမ်းစိမ်းကြီး စိုက်ကြည့်လိုက်ကာ အေးစက်စွာ နှာမှုတ်လိုက်ပြီး ပိုးသားကြာပွတ်ကို ပြန်သိမ်းလိုက်သည်။

"ညီမလေး နေမကောင်းဘူးဆိုတော့... ဒီအရှင်မ နောက်တစ်နေ့မှပဲ လာပြီး စကားစမြည်ပြောတော့မယ်... ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... နောက်တစ်ခါ လခြမ်းကွေးတံခါးကို ပိတ်ထားပြီး ဒီအရှင်မရဲ့ လမ်းကို ပိတ်ထားမယ်ဆိုရင်တော့... ဒီအရှင်မကို ရက်စက်တယ်ဆိုပြီး အပြစ်မဆိုနဲ့နော်..."

ထို့နောက် သူမက ကိုယ်ကိုကိုင်းလိုက်ပြီး လင်ဝမ်ယိကို ခြိမ်းခြောက်လိုက်သည်။

"နင့်ဘေးမှာ အစေခံ သုံးယောက်ပဲ ရှိတာ... ငါသာ သူတို့ကို ရှင်းပစ်ချင်ရင် ခဏလေးပဲ ကြာမှာ... နောက်တစ်ခါ ဒီအရှင်မ ရှေ့မှာ ဒီလောက်ထိ စကားတွေ လာမများနဲ့... နားလည်လား..."

လင်ဝမ်ယိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဘာမှ မပြောဘဲ နေလိုက်သည်။

သို့သော် သူမ၏ အကြည့်များက တည်ငြိမ်ပြတ်သားနေလျက် သူမက ချူကွေ့ရန်ကို အေးဆေးစွာ ပြောလိုက်သည်။

"ဒီနေ့ ကွေ့ရန် ပြောခဲ့တဲ့ စကားတွေကို... ကျွန်တော်မျိုးမ သေချာ မှတ်သားထားလိုက်ပါ့မယ်..."

လင်ဝမ်ယိ ထံမှ ယခင်ကကဲ့သို့ တုံ့ပြန်မှုမျိုး မတွေ့ရတော့သဖြင့် ချူကွေ့ရန် က မတ်တတ်ရပ်ကာ သူမ၏ အဝတ်အစားများကို ခါလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ရာသီဥတုက ပူလိုက်တာ... ဒီအရှင်မတောင် ချွေးထွက်သွားပြီ... သွားစို့... ပြန်ရောက်ရင် ရေချိုးဖို့ ရေသွားခပ်စမ်း..."

သူမပြောလိုက်သော စကားလုံးတိုင်းတွင် အာဏာပြမှုနှင့် လှောင်ပြောင်မှုတို့ ပါဝင်နေသည်။

ထိုလူအုပ်ကြီးမှာ မုန်တိုင်းတစ်ခုလို ဝင်ရောက်လာပြီး မုန်တိုင်းတစ်ခုလိုပင် ပြန်ထွက်သွားကြရာ လက်ဝဲဆောင်တစ်ခုလုံးမှာတော့ ဒဏ်ရာရရှိထားသော အစေခံများနှင့်သာ ကျန်ရစ်ခဲ့တော့သည်။

All Chapters