ဒဏ်ရာဒဏ်ချက်များ
Vol. 4 Ch. 36
"ရှအန်း... ရှောင်လုကျစ် ဘယ်နားရောက်နေလဲ မြန်မြန် သွားကြည့်စမ်း..."
လင်ဝမ်ယိက ထိုသို့ပြောလိုက်ရင်း တစ်ဖက်မှလည်း ချွမ်ချီ၏ ဒဏ်ရာများကို စိုးရိမ်တကြီး စစ်ဆေးကြည့်နေမိသည်။
ချွမ်ချီက သူမ၏ သခင်မလေး စိတ်ပူနေမည်စိုး၍ အတင်းအားတင်းထလိုက်ကာ တိုးတိုးလေး ပြောရှာသည်။
"သခင်မလေး... ဒီအစေခံ ဘာမှမဖြစ်ပါဘူး..."
လင်ဝမ်ယိ ရင်ထဲ ဆို့နင့်သွားရသည်။ ချွမ်ချီဆိုသည်မှာ သူမအတွက် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့သော အစေခံတစ်ယောက်သာမက ငယ်ကစားဖော်၊ ညီအစ်မရင်းပမာ မိသားစုဝင်တစ်ဦးလည်း ဖြစ်သည်။
ယခုတော့ သူမကို ကာကွယ်ပေးရင်း ချူကွေ့ရန်၏ လက်ချက်ကို ခံလိုက်ရလေသည်။ လင်ဝမ်ယိသည် ဤအဖြစ်အပျက်ကို အသည်းထဲစွဲနေအောင် မှတ်ထားလိုက်တော့သည်။
"လာ... ငါ တွဲကူပေးမယ် အထဲဝင်ကြစို့..."
သူတို့နှစ်ယောက်သား အပြန်အလှန်တွဲကူရင်း အတွင်းဆောင်ထဲသို့ ဝင်လာခဲ့ကြသည်။ ထိုအချိန်တွင် ရှအန်းကလည်း အကန်ခံထားရ၍ သတိလစ်နေသော ရှောင်လုကျစ်ကို သွားတွေ့လေ၏။
သူ့ရင်ဘတ်ပေါ်ရှိ ခြေရာကို မြင်လိုက်ရသည်နှင့် ရှအန်းက ရှေ့သို့အမြန်တိုးကာ သွေးခုန်နှုန်း စမ်းကြည့်လိုက်သည်။
သူမနှင့် ချွမ်ချီတို့၏ ဒဏ်ရာများက ကြည့်လိုက်လျှင် ပြင်းထန်သည်ဟု ထင်ရသော်လည်း အပြင်ဒဏ်ရာများသာ ဖြစ်၏။ သို့သော် ရှောင်လုကျစ်ကမူ အတွင်းဒဏ်ရာ ရသွားခြင်းပင်။ မဟုတ်လျှင် ဤကဲ့သို့ သတိလစ်သွားစရာ အကြောင်းမရှိပေ။
သွေးခုန်နှုန်းကို စမ်းကြည့်လိုက်သောအခါ ရှအန်းထင်ထားသည့်အတိုင်းပင် ဖြစ်နေသည်။
သူမက ခေါင်းပေါ်မှ ဆံထိုးကို ယူလိုက်ပြီး ပုတီးစေ့ပုံစံအပိုင်းလေးကို လှည့်ဖွင့်လိုက်ရာ အထဲမှ ဆေးလုံးနီလေးတစ်လုံး ထွက်ကျလာသည်။
သူမက ရှောင်လုကျစ်ကို ဆွဲထူလိုက်ပြီး အမြန် ဆေးတိုက်လိုက်၏။
ခဏအကြာတွင် ရှောင်လုကျစ် ပြန်နိုးလာသော်လည်း သူ့ ရင်ဘတ်ထဲမှ အောင့်တက်လာသော နာကျင်မှုကို ခံစားလိုက်ရ၏။
"အစ်မရှအန်း... အား... နာလိုက်တာ..."
"အားမစိုက်နဲ့ဦး... ဒီအကန်ခံထားရတဲ့ ဒဏ်ရာက ပျောက်ဖို့ ရက်အတော်ကြာ လိမ့်မယ်..."
ပြောပြီးသည်နှင့် သူမက ရှောင်လုကျစ်ကို တွဲထူကာ လက်ဝဲဆောင်၏ အတွင်းခန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြသည်။
ရှအန်း၏ ပါးပြင်မို့မို့တွင် ရောင်ရမ်းနေပြီး နှုတ်ခမ်းထောင့်တွင် သွေးစို့နေသည်ကို မြင်လိုက်ရသောအခါ ရှောင်လုကျစ် ဒေါသထွက်သွားမိသည်။ သို့သော် ဒေါသထွက်လာသည်နှင့် ရင်ဘတ်ထဲမှ စူးအောင့်သွားပြန်သည်။ သူက ရှအန်းကို နှစ်သိမ့်ပေးရန် ပြင်လိုက်သော်လည်း စကားမဆုံးခင်မှာပင် အသက်ရှူမဝ ဖြစ်လာရသည်။
အတွင်းခန်းထဲသို့ ရောက်၍ ချွမ်ချီ၏ ကျောပြင်ပေါ်မှ သွေးထွက်နေသော ကြာပွတ်ရာကို မြင်လိုက်ရချိန်တွင်တော့ ရှောင်လုကျစ်၏ မျက်လုံးများမှာ မီးဝင်းဝင်းတောက်သွားတော့သည်။
"ချူကွေ့ရန်က တကယ်ကို..."
သူ့မှာ စကားပင် ဆုံးအောင် မပြောနိုင်လိုက်။ ခန္ဓာကိုယ်က ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
ရှအန်းက သူ့ကို ခုံဝိုင်းလေးပေါ် ထိုင်ခိုင်းလိုက်ပြီး ရေနွေးတစ်ခွက် တိုက်ရင်းပြောလိုက်သည်။
"နင့်ဒဏ်ရာတွေက အပြင်းဆုံးပဲ... ဒေါသမထွက်နဲ့တော့..."
ထို့နောက် သူမက ချွမ်ချီ့အနားသို့ အမြန်လျှောက်သွားသည်။ ကြိမ်ဒဏ်ရာကြောင့် သူမ၏ အဝတ်အစားများပင် စုတ်ပြတ်သတ်နေလေပြီ။ ပိုးသားကြာပွတ်ထဲတွင် သံစအသေးလေးများ ထည့်ထားမှန်း ရှအန်း သေချာမကြည့်လျှင်ပင် သိနိုင်ပေသည်။ မဟုတ်လျှင် သည်လောက် ကျောပြင်တစ်ခုလုံး စုတ်ပြတ်သွားမည်မဟုတ်ပေ။
ချူကွေ့ရန်က တကယ့်ကို ရက်ရက်စက်စက်နှင့် လက်ရဲဇက်ရဲ နိုင်လွန်းလှသည်။
ကံကောင်း၍ တစ်ချက်တည်းသာ အရိုက်ခံလိုက်ရတာဖြစ်၏။ မဟုတ်လျှင် ချွမ်ချီတစ်ယောက် အသက်ရှင်နိုင်ပါ့မလားတောင် မသေချာပေ။
ကျောပြင်မှ ဒဏ်ရာနှင့် ယှဉ်လိုက်လျှင် သူမ လက်ကောက်ဝတ်မှ ပွန်းပဲ့ဒဏ်ရာလောက်က အသေးအမွှားလေးများသာ။ ရှအန်းက လက်ကောက်ဝတ်ကို ဆေးထည့်ပေးလိုက်ပြီးနောက် ရေနွေးသွားယူလိုက်သည်။
လင်ဝမ်ယိ၏ ဒူးခေါင်းတွင်မူ ဒဏ်ရာဟောင်း ရှိနှင့်ပြီးသား ဖြစ်သည်။ ယခုလို ထပ်ပြီး လိမ်ခေါက်သွားပြန်သောအခါ ချွမ်ချီတို့လောက် မပြင်းထန်ဟု ထင်ရသော်လည်း မပျောက်သေးသော ဒဏ်ရာဟောင်းကို ပြန်ဆွလိုက်သလို ဖြစ်သွားရသည်။
သို့သော် ယခုအချိန်တွင် သူမအတွက် သူမကိုယ်သူမ ဂရုစိုက်နေရန် အချိန်မရှိ။ သူမက ချွမ်ချီကို သူမ၏ ကုတင်ပေါ်တွင် လှဲစေလိုက်ပြီး အဝတ်အစားများကို ဂရုတစိုက် ဖယ်ရှားပေးလိုက်သည်။
အခန်းကန့်နှင့် ပိုးသားကန့်လန့်ကာများ ရှိနေသဖြင့် အပြင်ဘက်မှ ညည်းညူနေသော ရှောင်လုကျစ်မှာ ဘာကိုမှ မမြင်ရပေ။
အဝတ်အစားများကို ဖယ်ရှားပြီးသည်နှင့် ရှအန်းက ဆေးမှုန့်ပုလင်းကို ယူဆောင်လာခဲ့သည်။
လင်ဝမ်ယိက လက်ကိုင်ပုဝါဖြင့် ဒဏ်ရာကို အရင်သန့်စင်ပေးလိုက်သည်။
အသားစိုင်များ ကွဲအက်နေပြီး ဒဏ်ရာကို ကြည့်ရသည်မှာ ဓားဒဏ်ရာလောက် မနက်သော်လည်း သိပ်တော့ မထူးလှပေ။
"သည်းခံထားနော်... ဒီဆေးမှုန့်က နည်းနည်းတော့ စပ်လိမ့်မယ်... ဒါပေမဲ့ အာနိသင်ပြတာ မြန်တယ်... အဓိကက အမာရွတ် မကျန်စေဘူး..."
"ထည့်လိုက်ပါ သခင်မလေး... ကျွန်မ ခံနိုင်ပါတယ်..."
ရှအန်းက သန့်ရှင်းသော လက်ကိုင်ပုဝါတစ်ထည်ကို ချွမ်ချီ ကိုက်ထားဖို့ ကမ်းပေးလိုက်ပြီး ဒဏ်ရာကို ဆေးထည့်ပေးလိုက်တော့သည်။
နာကျင်မှုကို အံကြိတ်ခံနေရသော ချွမ်ချီကို ကြည့်ရင်း လင်ဝမ်ယိ၏ ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာခဲ့လေသည်။
သူမ မတ်တပ်ထရပ်လိုက်ပြီး အပြင်ခန်းဘက်သို့ ခြေထောက်ကို တရွတ်တိုက်ဆွဲကာ လျှောက်သွားလိုက်သည်။
ရှအန်းက သူမ သခင်မလေး ဒဏ်ရာကို မကြည့်ရက်၍ ထွက်သွားသည်ဟု ထင်လိုက်သော်လည်း ရုတ်တရက် ရှောင်လုကျစ်၏ လန့်ဖျပ်အော်သံကို ကြားလိုက်ရသည်။
"သခင်မလေး…"
ရှအန်း အပြင်သို့ အပြေးထွက်သွားလိုက်သည်။
လှေကားထစ်ပေါ်တွင် ရပ်နေသော လင်ဝမ်ယိက သူမ၏ ခြေထောက်ကို ခပ်ခပ်ပြင်းလိမ်ချိုးလိုက်သည်ကို တွေ့လိုက်ရ၏။ ခြေမျက်စိမှာ ချက်ချင်းပင် နေရာလွဲသွားတော့သည်။
ပြင်းထန်လှသော နာကျင်မှုကြောင့် လင်ဝမ်ယိ ခွေခွေလေး လဲကျသွားကာ သူမ၏ လက်မောင်းမှာလည်း လှေကားထစ်နှင့် စင်္ကြံအစပ်ကို သွားဆောင့်မိသဖြင့် နောက်ထပ် ဒဏ်ရာတစ်ခု ထပ်တိုးလာပြန်သည်။
"သခင်မလေး... ဘာလုပ်လိုက်တာလဲ..."
ရှအန်းက လင်ဝမ်ယိကို တွဲထူပေးလိုက်ပြီး လက်မောင်းအင်္ကျီစကို လှန်ကြည့်လိုက်သည်။ လက်မောင်းမှ ပွန်းပဲ့ဒဏ်ရာက သွေးစို့ရုံနှင့် ညိုမဲသွားရုံမျှသာမို့ ကုသရလွယ်ကူသည်။
သို့သော် ခြေမျက်စိဒဏ်ရာကတော့ မတူပေ။ သူမ တစ်ချက်ကြည့်လိုက်ရုံနှင့် အခြေအနေကို သိလိုက်သည်။
ဖိနပ်နှင့် ခြေအိတ်ကို ချွတ်ကြည့်လိုက်ရာ အမှန်တကယ်ပင် အဆစ်လွဲသွားခြင်း ဖြစ်၏။
သူမ၏ မျက်နှာထား တည်တင်းသွားတော့သည်။ သူမ၏ လက်ချောင်းများက အဆစ်နေရာကို ညင်သာစွာ စမ်းသပ်ကြည့်လိုက်သည်။ သူမက အဆစ်လွဲနေသည်ကို ပြန်တည့်ပေးဖို့ ပြင်လိုက်စဉ်မှာပင် လင်ဝမ်ယိက တားလိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးတွင် လင်ဝမ်ယိဆီမှ ညည်းသံတစ်ချက်ပင် ထွက်မလာခဲ့ပေ။
သို့သော် သူမ သခင်မလေး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အခြားသူများနှင့်မတူဘဲ သူများထက် နှစ်ဆပိုနာကျင်တတ်ကြောင်း ရှအန်းသိထားသည်။
သူမ စိတ်မသက်မသာဖြင့် မေးလိုက်မိသည်။
"သခင်မလေးက ဘာလို့ သည်လိုလုပ်ရတာလဲ..."
လင်ဝမ်ယိက ရှအန်းကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ တည်ငြိမ်နေသော်လည်း အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေလေသည်။
ရှအန်းက သူမကို အတွင်းဆောင်ထဲသို့ တွဲပို့ပေးလိုက်သည်။ ဒဏ်ရာကိုယ်စီနှင့် ဖြစ်နေသော လူများကို ကြည့်ရင်း လင်ဝမ်ယိက လေသံအေးအေးဖြင့် ပြောလိုက်သည်။
"ရှအန်း... ခဏနေရင် နန်းတွင်းရေးရာဌာနကို သွားပြီး ချင်ကုန်းကုန်းကို တော်ဝင်သမားတော် သွားပင့်ပေးဖို့ အကူအညီတောင်းလိုက်..."
"သခင်မလေး…"
"ငါပြောတဲ့အတိုင်းသာ လုပ်ပါ..."
"ဟုတ်ကဲ့ပါ..."
ထို့နောက် လင်ဝမ်ယိက ရှောင်လုကျစ်ဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည်။
"ခဏနေ နင့်ဆရာ ရောက်လာရင် ဘာပြောရမလဲဆိုတာ ငါ သင်ပေးဖို့ မလိုဘူးမလား..."
"သခင်မလေး စိတ်ချပါ... ဒီအစေခံ သိပါတယ်..."
ရှောင်လုကျစ် မှာ ဒေါသများ ဆူပွက်နေဆဲဖြစ်ရာ ပြန်တိုင်ရမည်ဆိုလျှင် မီးလောင်ရာ လေပင့်ပေးမည်မှာ အသေအချာပင်။
မည်သို့ပင်ဆိုစေကာမူ ဒဏ်ရာရသူအားလုံးမှာ သူတို့ နန်းဆောင်မှ လူများသာ ဖြစ်သဖြင့် မည်သူက သူတို့ဘက် မပါဘဲ နေမည်နည်း...။
"ချွမ်ချီ ကတော့... ခဏနေရင် အနားယူဖို့ အခန်းထဲ ပြန်သွားလိုက်... နင်က ဒဏ်ရာ ပြင်းထန်ထားတော့ အိပ်ရာထဲက မထနိုင်တာ ပုံမှန်ပါပဲ..."
ချွမ်ချီက လင်ဝမ်ယိကို ပြုစုလာသည်မှာ အကြာဆုံးဖြစ်၍ ဤစကားကို ကြားသည်နှင့် သခင်မလေး ဘာလုပ်ချင်သည်ကို သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။
လိုအပ်ပါက သတိမေ့ချင်ယောင်ပင် ဆောင်နိုင်သေးသည်…။
အားလုံး စီစဉ်ပြီးသည့်နောက် လင်ဝမ်ယိသည် ဒဏ်ရာရထားသော ခြေထောက်ကို တရွတ်တိုက်ဆွဲရင်း ကုတင်ပေါ်သို့ တက်ထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူနေလိုက်တော့သည်။
ချင်ကုန်းကုန်း နှင့် ရှအန်း တို့ ရောက်လာချိန်တွင် အခန်းထဲ၌ ဒဏ်ရာရနေသူများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။
အထူးသဖြင့် ကုတင်ပေါ်တွင် ထိုင်နေသော လင်ဝမ်ယိမှာ အားမရှိသည့်မျက်ဝန်းများနှင့် ဝမ်းနည်းပက်လက်ဖြစ်နေရှာသည့် ပုံစံလေးမှာ မြင်ရသူအဖို့ ရင်ကွဲမတတ် ခံစားရစေသည်။
"သခင်မလေး... သခင်မလေး..."
သူက လင်ဝမ်ယိအနားသို့ အမြန်လျှောက်သွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။
လင်ဝမ်ယိ မှာ အလွန်အမင်း ထိတ်လန့်နေပုံရပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တောင့်တင်းနေလေ၏။ ချင်အန်း အနားသို့ တိုးလာသောအခါ သူမက အလိုအလျောက် နောက်သို့ ဆုတ်သွားမိလေသည်။
ထိုအခါ သူမ၏ ခြေကျင်းဝတ်မှ ထုံကျင်သော နာကျင်မှုများ ပြန်ပေါ်လာပြီး နာကျင်လွန်းသဖြင့် သူမ သတိလစ်သွားလေတော့သည်။
ချင်အန်း လန့်ဖျပ်သွားပြီး တော်ဝင်သမားတော်ဘက် လှည့်ကာ အော်ပြောလိုက်သည်။
"မြန်မြန်... သခင်မလေးကို ကြည့်ပေးစမ်း... ဘာဖြစ်သွားတာလဲ..."
ထိုသမားတော်မှာ တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသူ တစ်ဦးဖြစ်ကာ လူငယ်တစ်ဦးနှင့် တူလေသည်။ အသက်ငယ်သော်လည်း ရုပ်ရည်သန့်ပြန့်ကာ သူ့ကိုယ်သူ ဂရုစိုက်ပုံရ၏။
သူက ပထမဆုံး သွေးခုန်နှုန်းစမ်းပြီးနောက် ခန္ဓာကိုယ်မှ ဒဏ်ရာများကို စစ်ဆေးသည်။
နေရာလွဲနေသော ခြေမျက်စိကို မြင်သောအခါ သူက လက်ကိုင်ပုဝါဖြင့် အုပ်လိုက်ပြီး ဂျွတ်ခနဲ မြည်အောင် အဆစ်ပြန်တည့်ပေးလိုက်သည်။
သတိလစ်နေသော လင်ဝမ်ယိမှာ ဘာကိုမျှ မသိလိုက်သော်လည်း နဖူးပေါ်တွင် သီးနေသော ချွေးစေးများနှင့် တင်းတင်းကြပ်ကြပ် တွန့်ချိုးထားသော မျက်ခုံးများက သူမ မည်မျှနာကျဉ်နေကြောင်း ဖော်ပြနေ၏။
"သခင်မလေးရဲ့ ခြေထောက်က အတော်လေး ပြင်းပြင်းထန်ထန် ခေါက်သွားတာပဲ... ကြည့်ရတာ တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် ဖိမိတာ ဒါမှမဟုတ် တွန်းတိုက်ခံလိုက်ရတဲ့ပုံပဲ... သတိလစ်သွားတာကတော့ စိတ်ဖိစီးပြီး စိုးရိမ်လွန်သွားတာကြောင့်ဖြစ်နိုင်ပါတယ်။