အကူအညီတောင်းခြင်း
Vol. 4 Ch. 37
"ဘယ်လို လုပ်ကြမလဲ... ဆေးသောက်ရင် ပျောက်ပါ့မလား..."
"ချင်ကုန်းကုန်း စိတ်မပူပါနဲ့... သခင်မလေးက ကိုယ်ခံအားကောင်းပါတယ်... သေချာ ဂရုစိုက် ပြုစုလိုက်ရင် ပြန်ကောင်းလာမှာပါ... ဒါပေမဲ့ ခြေမျက်စိက ဒဏ်ရာကတော့... ပြန်ကောင်းဖို့ အချိန်နည်းနည်း ယူရလိမ့်မယ်..."
"ဆေးစာ မြန်မြန်ရေးပေး... ပြီးတော့ အခန်းထဲမှာ ဒဏ်ရာရနေတဲ့ တခြားလူတွေလည်း ရှိသေးတယ်... သူတို့ကိုပါ တစ်ခါတည်း ကြည့်ပေးပါဦး..."
"ဟုတ်ကဲ့ပါ..."
တော်ဝင်သမားတော်မှာ အဆင့်ကိုး သမားတော်လေးသာ ဖြစ်ပြီး ချင်အန်းမှာမူ အတွင်းဝန်ရုံး၏ အဆင့်ခုနစ် ဒုတိယအကြီးအကဲ ဖြစ်သည်။ ထို့ကြောင့် သမားတော်မှာ ချင်အန်းရှေ့တွင် ရိုကျိုးနေရသည်။
သူက ရှအန်း၊ ပြီးတော့ ချွမ်ချီ၊ နောက်ဆုံးတွငမ ရှောင်လုကျစ်အလှည့်သို့ရောက်လာ၏။
ရှောင်လုကျစ်၏ အဝတ်အစားကို လှန်ကြည့်လိုက်၍ ရင်ဘတ်နှင့် ကျောပေါ်ရှိ ညိုမဲနေသော ခြေရာများကို မြင်လိုက်ရသောအခါ ချင်ကုန်းကုန်း မှာ အလွန်အမင်း ဒေါသထွက်သွားလေသည်။
သို့သော် သမားတော် ရှိနေသဖြင့် သူ ဘာမှမပြောဘဲ နေလိုက်သည်။
သမားတော် ပြန်သွားသည့်အခါမှ ချင်ကုန်းကုန်းက ရှောင်လုကျစ်အနားသို့ ချက်ချင်းသွားပြီး စိတ်တိုတိုဖြင့် မေးလိုက်သည်။
"ဘာတွေ ဖြစ်ခဲ့ကြတာလဲ..."
"ဆရာ... ဆရာ မမြင်လိုက်ရလို့... ချူကွေ့ရန် က တော်တော်လေးကို ပြဿနာ လာရှာသွားတာ... သူက တမင်သက်သက် ပြဿနာ လာရှာတာဆိုတော့ လခြမ်းကွေးတံခါး ကို သော့ခတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်းထဲက လူတွေ အကုန်လုံးကို အနိုင်ကျင့်သွားတာပဲ..."
"သူက ဝင်လာတာနဲ့ ကျွန်တော့်ကို ချက်ချင်းပဲ နှစ်ချက် ဆက်တိုက် ကန်ချလိုက်တာ... သေတော့မလိုပဲ... အစ်မကြီး နှစ်ယောက်ကလည်း သခင်မလေး ကို ကာကွယ်ပေးရင်း ဒီလိုခံလိုက်ရတာ... သူတို့ မျက်နှာတွေနဲ့ ဒဏ်ရာတွေကို ကြည့်ပါဦး... ချူကွေ့ရန် က အရမ်း ရက်စက်လွန်းတယ်ဗျာ..."
"ဒါဆို သခင်မလေးကရော ဘယ်လိုဖြစ်ပြီး ဒဏ်ရာရသွားတာလဲ..."
"အစ်မရှအန်း ပြောတာတော့... ချူကွေ့ရန်က သခင်မလေးကို တွန်းလှဲလိုက်ပြီး ကြိမ်နဲ့ ရိုက်မလို့ လုပ်တာတဲ့... အစ်မချွမ်ချီက ဝင်ခံလိုက်လို့... အဲဒီအချိန်မှာ ခြေထောက် ခေါက်သွားတာ ဖြစ်မယ်..."
ရှောင်လုကျစ်က အဖြစ်မှန်ကို သိသော်လည်း ထုတ်မပြောလိုက်။
ဤသည်မှာ သူ၏ ဆရာကို ပထမဆုံးအကြိမ် လိမ်ပြောလိုက်ရခြင်း ဖြစ်သော်လည်း သူ လုံးဝ နောင်တမရချေ။
သခင်မလေးက အနောက်ဆောင်မှာ နေရတာ အင်မတန် ခက်ခဲလှသည်။ ဘယ်သူမှသာ ကာကွယ်မပေးရင် သည်လိုကိစ္စမျိုးတွေက ထပ်ဖြစ်လာဦးမှာပင်။
ယခု သူသည် လက်ဝဲဆောင်၏ အစေခံ တစ်ဦး ဖြစ်နေပြီမို့ သခင်မလေး၏ အခက်အခဲကို သူလည်း ဝိုင်းကူထမ်းပိုးပေးရမည်သာ။
ထို့ကြောင့် သူက ပုံကြီးချဲ့ပြောသည်ဟု မခံစားရဘဲ အမှန်တရားကို ပြောနေသည်ဟုသာ ခံစားနေရသည်။
ထိုစကားကို ကြားသောအခါ ချင်အန်း၏ မျက်နှာထား မည်းမှောင်သွားတော့၏။
နန်းတော်ထဲတွင် ကိုယ်လုပ်တော်များအချင်းချင်း မသင့်မြတ်သည်က ပုံမှန်ကိစ္စပင်။ တချို့က ဗြောင်ကျကျ တိုက်ခိုက်ကြသလို တချို့ကလည်း ကွယ်ရာမှာ ထောင်ချောက်ဆင်ကြသည်။ သို့သော် နန်းဆောင်ထဲအထိ အတင်းဝင်ပြီး လူတိုင်းကို မဆင်မခြင် ရိုက်နှက်သည်မှာတော့... ဒါ ပထမဆုံးအကြိမ်ပင်။
ပြီးတော့ လက်နက်ပါ သုံးသေးသည်တဲ့...။
သူမက နန်းတွင်းစည်းမျဉ်းများကို ဘာမှမဟုတ်သလို သဘောထားနေခြင်းပင်။
သူက တင်းနေသည့်ဟန်ဖြင့် ရှောင်လုကျစ်ကို ပြောလိုက်သည်။
"မင်းတို့ ခဏ သည်းခံထားကြ... ငါ သုန်ကုန်းကုန်းကို သွားရှာလိုက်ဦးမယ်..."
ထိုအခါမှ ရှောင်လုကျစ်လည်း သူ့သခင်မလေး ဘာကြောင့် သည်လို စီစဉ်လိုက်သည်ကို သဘောပေါက်သွားတော့သည်။
ချူကွေ့ရန်က သူ့ရာထူးကြီးတာကို အားကိုးပြီး သူတို့ကို အလွယ်တကူ အနိုင်ကျင့်နိုင်သော်လည်း... နန်းတော်ထဲမှာတော့ သူမက ရာထူးအကြီးဆုံး မဟုတ်သေးပေ။
သူမက အာဏာသုံးပြီး လူတွေကို ဖိနှိပ်ချင်မှတော့... သူမ၏ မကောင်းမှု အကျိုးဆက်ကို သူမကိုယ်တိုင် ပြန်ခံစားစေရမည်။
ချန်အန်းနန်းဆောင်၏ အပြင်ဘက်တွင် သုန်ယွီကျုံးမှာ ချင်အန်း၏ တင်ပြချက်ကို ကြားပြီးနောက် စိတ်ထဲတွင် ထိတ်လန့်သွားရသည်။
ပေါ့ပေါ့ပါးပါး ပြောရလျှင်တော့ ဤသည်မှာ ကိုယ်လုပ်တော်တွေကြားက မနာလိုဝန်တိုမှု သက်သက်သာ။
သို့သော် လေးလေးနက်နက် တွေးကြည့်မည်ဆိုလျှင်... အနောက်မြောက်ဘက်က လာသည့် ချူကွေ့ရန်က နန်းတွင်းစည်းကမ်းကို မထီမဲ့မြင်ပြုခြင်းပေ။ အဲသည်လိုဆိုလျှင် အနောက်မြောက်ဘက်က သူမ၏ မိသားစုကရော အာဏာစက်ကို မလေးစားတာများလား...။
သုန်ယွီကျုံးသည် နိုင်ငံရေးနှင့် ပတ်သက်လာလျှင် မည်သည်ကိုမျှ ပြန်မလျှောက်တင်ဘဲ မနေရဲပေ။
သို့သော် ဗြောင်ကျကျ လျှောက်တင်လိုက်လျှင်လည်း သိသာလွန်းရာ ရောက်နေမည်။ ထိုကြောင့် သူက ချင်အန်းကို တိုးတိုးလေး ပြောလိုက်သည်။
"ငါ သိပြီ... မင်း ပြန်လိုက်တော့... လင်တာရင်ကို သေချာ ဂရုစိုက်ဖို့ လူလွှတ်လိုက်မယ်..."
"ဟုတ်ကဲ့ပါ..."
ချင်အန်းတစ်ယောက် သုန်ယွီကျုံး၏ သဘောထားကို အတပ်မပြောနိုင်။ သူ့စကားက မရေရာလှပေ။ အရှင်မင်းကြီး သိမှာလား... ဒါမှမဟုတ် လင်တာရင်ဘက်က ရပ်တည်ပေးမှာလား ဆိုတာ သူမသေချာတော့။
သို့သော် နှစ်ပေါင်းများစွာ သတိထားနေထိုင်လာခဲ့သူပီပီ ရိုရိုသေသေပင် ပြန်ထွက်လာခဲ့လိုက်သည်။
သူ ထွက်သွားပြီးနောက် သုန်ယွီကျုံးက ချိုးမင်ကို ခေါ်ကာ နားနားကပ်ပြီး စကားအနည်းငယ် မှာလိုက်သည်။
တော်ဝင်စာကြည့်ဆောင်ထဲတွင်တော့ ဧကရာဇ် ယွီဝမ်ဟုန်မှာ တစ်နေကုန် အစီရင်ခံစာများ ဖတ်ရှုနေရသဖြင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
သူက လက်ထဲမှ လက်ဖက်ရည်ခွက်ကို မော့လိုက်သော်လည်း ခွက်ထဲတွင် ဘာမှ မရှိတော့။ သူက လှမ်းခေါ်လိုက်သည်။
"သုန်ယွီကျုံး"
"ဒီအစေခံ ရှိပါတယ်..."
"လက်ဖက်ရည် ထပ်ဖြည့်လိုက်..."
"ဟုတ်ကဲ့ပါ..."
ထို့နောက် အရှင်မင်းကြီးက နှာတံကို လက်ဖြင့် နှိပ်နေသည်ကို မြင်သောအခါ သုန်ယွီကျုံးက အခွင့်ကောင်းယူပြီး မေးလိုက်သည်။
"အရှင်မင်းကြီး ပင်ပန်းနေပြန်ပြီလား..."
"တစ်နေကုန် စာတွေ ဖတ်နေရတာ... ဘယ်နေရာမှ စိတ်အေးလက်အေး မရှိဘူး..."
"ဒီအစေခံ နှိပ်နယ်ပေးရမလား..."
နှိပ်နယ်သည် ဆိုသော စကားကို ကြားလိုက်သည်နှင့် အရှင်မင်းကြီးက လင်ဝမ်ယိကို ချက်ချင်း သတိရသွားသည်။
"လင်တာရင် ဘယ်မှာလဲ... သူ့ကို လာပြုစုဖို့ ခေါ်လိုက်..."
"ဟုတ်ကဲ့ပါ..."
ထွက်သွားရန် ပြင်လိုက်ပြီးမှ သုန်ယွီကျုံးက ပြန်လှည့်လာသည်။
"အရှင်မင်းကြီး... ညစာစားချိန်လည်း နီးနေပြီဆိုတော့... ရီဟွားနန်းဆောင်ဘက်ကို ကြွပြီး သွားကြည့်ရင် မကောင်းဘူးလား... အရှင်မင်းကြီးလည်း စိတ်အပန်းဖြေရာ ရောက်တာပေါ့... နောက်တစ်ခုက လင်တာရင်ဆီမှာက ညစာစားရတာလည်း အဆင်ပြေတယ်လေ... ပြီးတော့ လင်တာရင် ချုပ်ပေးနေတဲ့ ညအိပ်ဝတ်ရုံလည်း ပြီးခါနီးပြီလို့ ကြားတယ်... သွားပြီး ဝတ်ကြည့်လိုက်ပါလား..."
အရှင်မင်းကြီးက ညနေဆည်းဆာကို မော့ကြည့်လိုက်သည်။ မဆိုးဘူးပဲ…။
ထို့ကြောင့် တော်ဝင်ဝေါယာဉ်သည် ရီဟွားနန်းဆောင်သို့ ဦးတည်ထွက်ခွာသွားတော့၏။
လမ်းတစ်လျှောက်တွင် ရှုခင်းများက သာယာလှပနေသည်။ အရှင်မင်းကြီးက ဝေါယာဉ်ဘေးမှ လိုက်ပါလာသော သုန်ယွီကျုံးကို ပြောလိုက်သည်။
"လင်တာရင် က အစပ်ကြိုက်တယ်ဆိုတော့ စီချွမ်ဟင်းတွေ များများပြင်ထားဖို့ တော်ဝင်မီးဖိုဆောင် ကို သွားပြောချေ..."
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး... လင်တာရင် သာ အရှင်မင်းကြီး ဂရုစိုက်တာကို သိရင် သေချာပေါက် ဝမ်းသာသွားမှာပဲ..."
ယွီဝမ်ဟုန် တိုးတိုးလေး ရယ်လိုက်သော်လည်း ဘာမှ ဆက်မပြောတော့ပေ။
ရီဟွားနန်းဆောင် တံခါးဝသို့ ရောက်သောအခါ စောင့်ကြိုနေမည့် လင်ဝမ်ယိကို တွေ့ရမည့်အစား သတင်းလာပို့သည့် ချိုးမင်တစ်ယောက်သာ ကြောက်လန့်တကြား မျက်နှာဖြင့် ဒူးထောက်နေသည်ကို တွေ့လိုက်ရ၏။
သုန်ယွီကျုံးက ချက်ချင်းပင် ငေါက်လိုက်သည်။
"မင်းကို လင်တာရင်ဆီ သတင်းသွားပို့ခိုင်းထားတာ မဟုတ်ဘူးလား... ဘာလို့ ဒီမှာ ဒူးထောက်နေရတာလဲ..."
"အရှင်မင်းကြီး... လင်တာရင်... လင်တာရင်က ဒဏ်ရာရထားပါတယ်... အခု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ ဝေါယာဉ်ကို လာမကြိုနိုင်ပါဘူး..."
"ဒဏ်ရာရတယ် ဟုတ်လား... ဝင်းထဲက အစေခံတွေရော... သူတို့က ဘယ်ရောက်နေကြတာလဲ..."
"သူတို့လည်း အတူတူပါပဲ... အကုန်လုံး လဲနေကြလို့ မထနိုင်ကြပါဘူး..."
သုန်ယွီကျုံးက ဤသတင်းကို အခုမှ သိရသကဲ့သို့ အံ့ဩဟန်ဆောင်လိုက်သည်။
သူက အရှင်မင်းကြီးကို ကမန်းကတန်း လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး... ဘယ်လိုလုပ်ကြမလဲ... တော်ဝင်သမားတော်ကို ခေါ်လိုက်ရမလား..."
ယွီဝမ်ဟုန်လည်း သည်လိုဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ လွန်ခဲ့သည့် နှစ်ရက်သုံးရက်ကမှ သူ့ကို ကောင်းကောင်းမွန်မွန် စကားပြောနေခဲ့သော သူက အခုတော့ အိပ်ရာထဲ လဲနေသည်တဲ့...။
သူ့စိတ်ထဲ ပထမဆုံး တွေးမိလိုက်သည်မှာတော့ သူမသည်လည်း အခြားကိုယ်လုပ်တော်များကဲ့သို့ပင် မျက်နှာသာရဖို့အတွက် တမင်သက်သက် အားနည်းပြနေခြင်းသာ ဖြစ်လိမ့်မည်ဟူ၍။
သို့သော် ပြန်စဉ်းစားကြည့်လိုက်တော့ သူလာမည်ဆိုသည်က စိတ်ကူးပေါက်ပြီး ထလာခဲ့တာဖြစ်သည်။ သူမက အကြားအမြင်ရနေတာလည်းမဟုတ်ဘဲ... ဘယ်လိုလုပ် ကြိုသိပြီး ဟန်ဆောင်နိုင်မည်နည်း။
ထို့ကြောင့် သူ၏ မျက်နှာထားမှာ မည်းမှောင်သွားပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
"တော်ဝင်သမားတော်ကို သွားခေါ်ချေ... ကိုယ်တော် အရင်ဝင်ကြည့်လိုက်မယ်..."
"ဟုတ်ကဲ့ပါ..."
သုန်ယွီကျုံးက ချိုးမင်ကို ပြောလိုက်သည်။
"တော်ဝင်သမားတော်ဝမ်ကို သွားခေါ်လိုက်..."
ချိုးမင်က သုန်ယွီကျုံးကို မော့ကြည့်လိုက်ရာ ဘာပြောချင်မှန်း ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ တော်ဝင်ဆေးကုသဆောင်ဘက်သို့ အပြေးထွက်သွားတော့သည်။
ဤသည်မှာ လင်ဝမ်ယိ ၏ အဆောင်သို့ အရှင်မင်းကြီး ပထမဆုံးအကြိမ် လာရောက်ခြင်းပင်။
သို့သော် ယခုအချိန်တွင် ပတ်ဝန်းကျင်ကိုလည်း သူ သိပ်စိတ်မဝင်စားနိုင်တော့။ အတွင်းဆောင်ထဲသို့ တန်းဝင်သွားလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကမှ တက်တက်ကြွကြွ ရှိနေခဲ့သော ပုံပြောသူလေးသည် ယခုအခါ မျက်နှာလေး ဖြူဖျော့နေကာ နဖူးပေါ်တွင်လည်း ချွေးစေးများ ပြန်နေပြီး အားအင်ကုန်ခမ်းနေသည့် ပုံစံဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ သူမမှာ အိပ်မက်ဆိုး မက်နေသကဲ့သို့ မျက်ခုံးများလည်း တင်းတင်းကြပ်ကြပ် တွန့်ချိုးထားလေသည်။
ပြီးတော့ လင်ဝမ်ယိကို ပြုစုပေးနေသူမှာ ရှအန်း ဖြစ်လေ၏။