← Chapters

အပြစ်ပေးရန် အမိန့်

Vol. 4 Ch. 38

အပြစ်ပေးရန် အမိန့်

Vol. 4 Ch. 38

သူမ၏ ပါးပြင်မှာ ယခင်ကထက် ပိုမိုရောင်ရမ်းနေပြီး ကြည့်ရသည်မှာ အနည်းငယ်ပင် ရုပ်ပျက်ဆင်းပျက် နိုင်နေလေ၏။

"မင်းတစ်ယောက်တည်း ရှိတာလား"

ဧကရာဇ် ယွီဝမ်ဟုန်၏ ဩရှရှအသံက ကြားလိုက်ရချိန်တွင် ရှအန်း လန့်ဖျပ်သွားရသည်။

သူမ နောက်သို့ လှည့်ကြည့်လိုက်ရာ အဝါရောင်တောက်တောက် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဧကရာဇ်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး ဂါရဝပြုလိုက်သည်။

"ကျွန်တော်မျိုးမ... ရီဟွားနန်းဆောင် လက်ဝဲဆောင်က ရှအန်းပါ... အရှင်မင်းကြီး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်"

ထို့နောက် သူမက ဆက်ပြောလိုက်သည်။

"အစကတော့ နန်းတွင်းအစေခံ ချွမ်ချီ နဲ့ မိန်းမစိုး ရှောင်လုကျစ် တို့ပါ စောင့်ကြည့်ပေးဖို့ရှိပါတယ်... ဒါပေမဲ့ အခုတော့ တစ်ယောက်က ကြာပွတ်နဲ့ အရိုက်ခံရပြီး နောက်တစ်ယောက်က အကန်ခံထားရလို့ နှစ်ယောက်စလုံး အိပ်ရာထဲက မထနိုင်ကြပါဘူး... ဒါကြောင့် ကျွန်တော်မျိုးမ တစ်ယောက်တည်းပဲ ပြုစုပေးနေရတာပါ..."

ရှအန်း ၏ စကားကို ကြားပြီးနောက် ယွီဝမ်ဟုန် ၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။

သူက ရှေ့သို့ လျှောက်သွားကာ လင်ဝမ်ယိ ကို တစ်ချက် ကြည့်လိုက်လေ၏။

လွန်ခဲ့သော နှစ်ရက်က သူမ၏ ဒူးဒေါင်းမှာသာ ဒဏ်ရာရှိသော်လည်း ယနေ့တွင်မူ လက်နှင့် ခြေထောက်များတွင်ပါ ပတ်တီးများ စည်းထားရလေပြီ။

သူသည် စောင်ကို အသာအယာ မကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။

ခြေမျက်စိ နေရာတွင် အဆစ်လွဲသွားသဖြင့် သွေးမလျှောက်သည့်အပြင်... ဒူးခေါင်းနေရာတွင်လည်း ဒဏ်ရာဟောင်းက ရှိနေသေးရာ... မူလက ဖြူဥနုဖတ်နေသော ခြေသလုံးလေးမှာ ခရမ်းပုပ်ရောင် သမ်းနေလေတော့သည်။

ခြေမျက်စိမှာ မို့မောက်ကာ ရောင်ရမ်းနေပြီး ဆေးလိမ်းကာ ပတ်တီးစည်းထားသော်လည်း... မည်မျှ ဒဏ်ရာမည်မျှ ပြင်းထန်နေကြောင်း အထင်းသား မြင်နေရ၏။

"ကိုယ်တော် အရင်ရက်က လင်တာရင်ကို ပေးခဲ့တဲ့ ဆေးရော..."

"သခင်မလေးက အဲဒီဆေးကို သေချာ သိမ်းထားပါဆိုလို့ ကျွန်တော်မျိုးမ သိမ်းထားပါတယ်... အခုပဲ သွားယူလိုက်ပါ့မယ်"

ရှအန်းက ကြောင်အိမ်ထဲတွင် ဆေးကို အမြန်ရှာလိုက်ပြီးနောက် ချက်ချင်းပင် ယူလာခဲ့ကာ ရေနွေးနှင့် ပုဝါကို သွားယူလေသည်။

သူမ ပြန်ရောက်လာသည့်အချိန်တွင် အရှင်မင်းကြီးက ခြေမျက်စိနေရာမှ ပတ်တီးများကို ကျွမ်းကျင်စွာ ဖြေပြီးနေလေပြီ။

"ပုဝါ..."

"ဟုတ်ကဲ့ပါ"

အရှင်မင်းကြီးသည် ပုဝါဖြင့် ဒဏ်ရာအပေါ်မှ ဆေးဟောင်းများကို ဖွဖွလေး သုတ်ပေးလိုက်ပြီးနောက် ရေနွေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်သည်။ နီရဲရောင်ရမ်းနေသော နေရာလေးမှာ မည်မျှပင် ဂရုစိုက်ပါစေ... ယခင်ကထက် ပိုဆိုးနေတော့၏။

(T/N ခြေမျက်စိက ယောင်နေတော့ ဘယ်လောက်ဂရုတစိုက်နဲ့လုပ်လုပ် သွားသွားထိမိနေလို့ ပိုယောင်လာတာကိုပြောချင်တာပါ)

"ဆေး..."

"ဟုတ်"

ဧကရာဇ် ယွီဝမ်ဟုန်သည် သူကိုယ်တိုင် ပေးထားသည့် ဆေးပုလင်းကို လှမ်းယူလိုက်ပြီး သူမကို ဆေးအသစ် ပြန်လိမ်းကျံပေးလိုက်သည်။ သူက အခြားသူများကို မခိုင်းဘဲ ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးနေခြင်းပင်။

ရှအန်းတစ်ယောက် ဘေးမှနေ၍ သေချာ အကဲခတ်ကြည့်နေမိသည်။

အရှင်မင်းကြီး ဆေးလိမ်းပေးပုံက ဘာကြောင့် သည်လောက် ကျွမ်းကျင်နေရသနည်း။ ဘာကြောင့်လဲ...။

သို့သော် ရှအန်းသည် ထိုစကားများကို စိတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်ပြီး အပြင်သို့ တစ်လုံးမှ ထုတ်မပြောရဲချေ။

အရှင်မင်းကြီးက လင်ဝမ်ယိကို သေချာဆေးလိမ်းပြီးသည့်အခါ ဆေးပုလင်းကို ရှအန်းလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

"ကိုယ့်ဘာသာ နည်းနည်းယူပြီး မျက်နှာပေါ် လိမ်းလိုက်... မနက်ဖြန်ဆိုရင် သက်သာသွားလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

ရှအန်းက ကြေးဇလုံကို ယူကာ အားလုံး သိမ်းဆည်းလိုက်ပြီးမှ ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ ထွက်လာခဲ့သည်။

အပြင်သို့ ရောက်သည်နှင့် ချိုးမင်က လာကူညီပေးသည်ကို တွေ့လိုက်ရ၏။

ဘေးနားရှိ သုန်ယွီကျုံးက အသံကို နှိမ့်ကာ ပြောလာသည်။

"အရှင်မင်းကြီးက သခင်မလေးရဲ့ အနားမှာ နေရစ်ခဲ့မှာဆိုတော့ ငါပဲ စောင့်နေ လိုက်တော့မယ်... မင်းက ချိုးမင်နဲ့အတူ အောက်ဆင်းပြီး ဒဏ်ရာကို အရင် ‌ဆေးထည့်လိုက်တော့"

"သုန်ကုန်းကုန်းကို ဒုက္ခပေးရပါပြီ"

ရှအန်း က ကန့်လန့်ကာကြားမှ အတွင်းဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ မည်မျှပင် စိတ်ပူနေပါစေ အရာရာက အပိုသာ ဖြစ်နေလိမ့်မည်။

ထို့ကြောင့် ချိုးမင်နှင့်အတူ အောက်သို့ ဆင်းလိုက်ရတော့သည်။

အတွင်းဆောင်ထဲတွင်တော့ ဧကရာဇ် ယွီဝမ်ဟုန်သည် ကုတင်ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေပြီး လင်ဝမ်ယိ၏ အနည်းငယ် ပြေလျော့သွားသော မျက်ခုံးတန်းလေးကို ကြည့်နေမိသည်။ သူမက သူ့ကို နှိပ်နယ်ပေးစဉ်တုန်းက လက်မထိပ်လေးများဖြင့် သည်နေရာကို ဆွဲဆန့်ပေးခဲ့သည်ကို သတိရသွား၏။

ထို့ကြောင့် သူကလည်း အတုခိုးကာ သူမ၏ မျက်ခုံးများကို ဖြေလျှော့ပေးရန် ကြိုးစားလိုက်သည်။ သို့သော် ရလဒ်ကမူ လင်ဝမ်ယိကို နိုးသွားစေရုံသာမက အားထည့်တာလည်းမမှန်သည့်အတွက် လင်ဝမ်ယိ၏ နဖူးပြင်ပေါ်တွင် အနီကွက်လေး တစ်ကွက်ပင် ထင်ကျန်ရစ်ခဲ့လေ၏။

"မင်း နိုးလာပြီလား"

"အရှင်မင်းကြီး... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."

လင်ဝမ်ယိက ထပြီး ဂါရဝပြုရန် ပြင်လိုက်သော်လည်း လှုပ်လိုက်သည်နှင့် ခြေသလုံးတစ်လျှောက်မှ နာကျင်မှုက ဒိုင်းခနဲ ပြန်ရောက်လာသည်။

သို့သော် တပြိုင်နက်တည်းမှာပင် အေးမြမြ ခံစားမှုမျိုးကိုလည်း ခံစားလိုက်ရသည်။ ယခင်က ဒူးခေါင်းပေါ် ဆေးထည့်တုန်းက ခံစားချက်နှင့် အတူတူပင်။

သူမက အရှင်မင်းကြီးကို အနည်းငယ် ဝေခွဲမရသော မျက်ဝန်းများဖြင့် ကြည့်လိုက်ရာ ယွီဝမ်ဟုန်တစ်ယောက် နေရခက်သွားပြီး ချောင်းနှစ်ချက်ဟန့်ကာ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ... အခန်းတစ်ခုလုံးက လူတွေ အကုန်လုံး ဒဏ်ရာတွေရထားကြတယ်..."

လင်ဝမ်ယိ က ထိုစကားကို ကြားသောအခါ မျက်လွှာချလိုက်ပြီးနောက် ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်လေသည်။

"ချူကွေ့ရန် က လခြမ်းကွေးတံခါး ကို သော့ခတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြဿနာ လာရှာတာပါ... ရှောင်လုကျစ်ကန် ကန်တယ်…ရှအန်း ကိုလည်း ပါးရိုက်တယ်... ကျွန်တော်မျိုးမ လည်း မကြည့်ရက်တော့လို့ သူနဲ့ စကားများမိတယ်... အဲဒါကို သူက ကျွန်တော်မျိုးမ ကို မြေကြီးပေါ် တွန်းချလိုက်လို့ ခြေကျင်းဝတ် လိမ်သွားတာပါ... ပြီးတော့ သူ့ခါးက ပိုးသားကြာပွတ် ကို ထုတ်ပြီး ကျွန်တော်မျိုးမ ကို ရိုက်မလို့ လုပ်တာ... ချွမ်ချီ က ကျွန်တော်မျိုးမ ကို ကာကွယ်ပေးရင်း ဒဏ်ရာရသွားတာပါ..."

သူမ၏ မျက်ဝန်းများမှာ ကြည်လင်နေပြီး ကြောက်ရွံ့ခြင်းအလျဉ်း မရှိပေ။

သူမသည် မငိုယိုပြသကဲ့သို့ ပိုပိုသာသာလည်း မပြောခဲ့ပေ။ အပြင်လူ တစ်ယောက်ကဲ့သို့ အရာအားလုံးကို တည်ငြိမ်စွာ ပြန်လည် ပြောပြနေခြင်းသာ ဖြစ်လေသည်။

အရှင်မင်းကြီးက မျက်ခုံးပင့်ကာ သူမကို ကြည့်လိုက်မိသည်။ သူမကတော့ သူမပင် ဖြစ်သော်လည်း တစ်ခုခုပြောင်းလဲသွားသလို ခံစားလိုက်ရ၏။

နှစ်ယောက်သား တိတ်ဆိတ်စွာ ထိုင်နေရင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

ခဏအကြာတွင်တော့ ဧကရာဇ် ယွီဝမ်ဟုန်က အသံကိုမြှင့်ကာ အပြင်သို့ လှမ်းခေါ်လိုက်သည်။

"သုန်ယွီကျုံး"

"ဒီအစေခံ ရှိပါတယ်"

သုန်ယွီကျုံးက ခြေလှမ်းသွက်သွက်ဖြင့် ဝင်လာပြီး ခါးကို ညွတ်ကာ ဆိုလာမည့် အမိန့်‌ကို စောင့်နေလျက်ရှိသည်။

"ဒီကိစ္စကို သေချာ စုံစမ်းဖို့ မင်း တာဝန်ယူလိုက်... လင်တာရင် ပြောတာသာ အမှန်ဆိုရင်... ချူကွေ့ရန် ရဲ့ အစေခံတွေ အကုန်လုံးကို ကြိမ်ဒဏ် အချက်သုံးဆယ် စီ ပေးလိုက်... ခေါင်းဆောင်လုပ်တဲ့ သူတွေကို ယဲ့ယိုနန်းဆောင် ကို ပို့ပြီး အလုပ်ကြမ်းတွေ လုပ်ခိုင်းလိုက်... ချူကွေ့ရန် ကိုတော့ ကျင့်ဝတ်စည်းကမ်းတွေ သင်ပေးဖို့ တော်ဝင်ကျင့်ဝတ်နည်းပြ မားမား နှစ်ယောက် လွှတ်ပေးလိုက်..."

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး..."

ဤကဲ့သို့ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အမိန့်တော်မှာ ချူကွေ့ရန်ကို ပါးရိုက်လိုက်သကဲ့သို့ပင် ဖြစ်သွားစေသည်။

အခြားအရာများကို ထားလိုက်ပါဦး…ကြိမ်ဒဏ် အချက် ၃၀ ဆိုသည်မှာ အသက်ရှင်လျက်ကျန်ပါ့မလားပင် မသေချာပေ။ ထို့အပြင် ယဲ့ယိုနန်းဆောင်သို့ ပို့ပြီး အလုပ်ကြမ်း လုပ်ခိုင်းခြင်းကလည်း သည်တစ်သက် လူရာဝင်တော့မည် မဟုတ်ကြောင်း ပြနေ၏။

ဤသည်မှာ သခင်အားကိုးနှင့် အနိုင်ကျင့်တတ်သော အစေခံများကိုလည်း သတိပေးလိုက်ခြင်းပင် ဖြစ်ပေသည်။

လင်ဝမ်ယိ တို့မှာ နေ့လယ်ပိုင်းက အရိုက်ခံခဲ့ရပြီး ညနေပိုင်းတွင် အရှင်မင်းကြီး ကိုယ်တိုင် လာရောက် ကြည့်ရှုခဲ့လေသည်။ ထို့နောက် ချူကွေ့ရန် နှင့် သူမ၏ အစေခံများ အပြစ်ပေးခံရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုသတင်းက နန်းဆောင်ခြောက်ခု တစ်လျှောက် တောမီးပမာ လျင်မြန်စွာ ပြန့်နှံ့သွားလေတော့သည်။

လင်ဝမ်ယိ ကို ပထမဆုံး လာရောက် ကြည့်ရှုသူမှာ သဘာဝကျကျပင် ကွေ့ဖေးမယ်မယ် ၏ အပျိုတော် ချင်ဟယ့်ပင် ဖြစ်လေသည်။

(T/N ပထမအုပ်မှာ မိန်းမစိုး လို့‌ရေးခဲ့ပါတယ်…ဒါပေမဲ့ fact check ကြည့်လိုက်မှ အပျိုတော်ဖြစ်နေလို့ ပြန်ပြောင်းထားတယ်နော်…mtl site ကယူရတာမလို့ စာသိပ်မမှန်လို့ပါရှင်)

ဝင်လာသည်နှင့် တစ်ပြိုင်နက် သူမက စိုးရိမ်ပူပန်နေသည့် မျက်နှာထားဖြင့် ပြောလာလေသည်။

"ကွေ့ဖေးမယ်မယ် က လင်တာရင် ရဲ့ ကိစ္စကို ကြားပြီး အရမ်းကို စိတ်ပူသွားတာပါ... သွမ့်ဝူပွဲတော် အတွက် လုပ်စရာတွေ အရမ်းများနေလို့ လင်တာရင် အတွက် လက်ဆောင်တချို့ ယူလာပေးဖို့ ဒီအစေခံကိုပဲ လွှတ်လိုက်ရတာပါ"

ထို့နောက် သူမက နောက်တွင် ပါလာသော လက်ဆောင်များကို လက်ညှိုးထိုးပြလိုက်လေသည်။

ဒဏ်ရာအတွက် ဆေးဝါးများ၊ အားဆေးများနှင့် အခြား လိုအပ်သမျှ အရာအားလုံး ပါဝင်လေသည်။

အနောက်ဘက်တွင်တော့ ပိတ်စများနှင့် လက်ဝတ်ရတနာအချို့ ပါလာပြီး လင်ဝမ်ယိအတွက်တော့ မဟုတ်ပုံပင်။

"သခင်မလေးရဲ့ နန်းဆောင်က အစေခံတွေ သခင်မလေးကို သစ္စာရှိရှိ ကာကွယ်ပေးကြတယ်ဆိုတာ ကြားတော့ မယ်မယ်က သဘောကျနေတာ... ဒါကြောင့် သူတို့ရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့ အနေနဲ့ ရှောင်လုကျစ်ကို ယွင်ပိုးသားအထည်တစ်အုပ်... ချွမ်ချီနဲ့ ရှအန်းကို ရွှေစစ်စစ် လက်ဝတ်ရတနာတွေ ဆုချလိုက်ပါတယ်..."

ရှအန်းက ဘေးနားတွင် ရှိနေပြီး ထိုစကားကို ကြားသောအခါ လင်ဝမ်ယိကို မော့ကြည့်လိုက်သည်။

သူမ၏ မျက်လုံးထဲတွင် အံ့ဩမှုနှင့် သံသယတို့ ရောထွေးနေ၏။

"လက်ခံလိုက်ပါ... မယ်မယ့်ရဲ့ စေတနာပဲဟာ... နောက်ရက်ကျမှ ငါနဲ့အတူ လင်ကျစ်နန်းဆောင်ကို သွားပြီး ကွေ့ဖေးမယ်မယ်ကို သွားရောက် ကျေးဇူးတင်ကြတာပေါ့"

"ဟုတ်ကဲ့ပါ သခင်မလေး"

ရှအန်းက ချင်ဟယ့်ဘက်သို့ လှည့်ကာ ဒူးတစ်ဖက်ညွတ်၍ ဂါဝရပြုလိုက်ပြီး ယူလာသမျှ ပစ္စည်းအားလုံးကို ‌ဂရုတစိုက် လက်ခံလိုက်သည်။

လင်ဝမ်ယိက ချင်ဟယ့်ကို ကြည့်ရင်း အားနာဟန်ဖြင့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

"ချင်ဟယ့်ကို ဒုက္ခပေးသလို ဖြစ်သွားရပါပြီ... ကျွန်မက အခု ခြေထောက်ဒဏ်ရာ မပျောက်သေးတော့ မယ်မယ့်ဆီ လာပြီး ဂါရဝပြုဖို့ မဖြစ်နိုင်သေးဘူး... ကွေ့ဖေးမယ်မယ် ကို အခြေအနေလေး သေချာ ရှင်းပြပေးပါဦးနော်..."

"လင်တာရင်ကလည်း ဘာတွေ ပြောနေတာလဲ... ကွေ့ဖေးမယ်မယ်က သည်ကိစ္စကို သိလိုက်ရတော့ စိတ်လည်းပူသလို ဝမ်းလည်းသာနေတာ..."

ထို့နောက် သူမက လင်ဝမ်ယိ အနားသို့ တိုးကပ်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မယ်မယ်က ပြောတယ်... သခင်မလေးက မလှုပ်ရှားရင်သာ နေမယ်... လှုပ်ရှားလိုက်ရင် လူတိုင်း အံ့ဩသွားအောင် လုပ်နိုင်တယ်တဲ့... ချူကွေ့ရန်ရဲ့ အစေခံတွေဆို တစ်ဝက်လောက်က မသေမရှင် ဖြစ်ကုန်ကြပြီ... ချူကွေ့ရန် ကိုယ်တိုင်လည်း သင်ကြားရေး မားမားတွေ လက်ထဲမှာ ဒုက္ခရောက်နေပြီလေ... သခင်မလေး မမြင်လိုက်ရလို့ပါ... ယီဖေးမယ်မယ်ရဲ့ မျက်နှာကြီးဆိုတာ မည်းမှောင်နေရော…"

All Chapters