← Chapters

တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြခြင်း

Vol. 4 Ch. 39

တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြခြင်း

Vol. 4 Ch. 39

နန်းတော်ထဲတွင် လင်ကွေ့ဖေးနှင့် ယီဖေးတို့ မတည့်ကြသည်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။

ယခု လင်ဝမ်ယိက ယီဖေး၏ လက်အောက်ခံဖြစ်သည့် ချူကွေ့ရန်ကို တစ်ချက်တည်းနှင့် အပြတ်ရိုက်ချလိုက်ရာ နန်းတော်တစ်ခုလုံးက သူမကို အထင်မသေးရဲကြတော့ပေ။

ချူကွေ့ရန်မှာ ကိုယ်ထိလက်ရောက် အပြစ်ပေးမခံရသော်လည်း ယခုလို အရှက်ခွဲခံရခြင်းက ယခုအချိန်ရော နောက်တွင်ပါ သူမအပြင်ထွက်တိုင်း လူတကာ၏ ကဲ့ရဲ့ရှုတ်ချမှုကို ခံရနိုင်ချေရှိသည်။

အနောက်ဆောင်မှ သူမ၏ ဂုဏ်သတင်းများမှာ လုံးဝ ရေစုန်မျောသွားခဲ့လေပြီ။

ယီဖေး၏ မျက်နှာလည်း အတော်လေး ပျက်သွားခဲ့ရသည်။

လင်ကျစ်နန်းဆောင်သို့ ဂါရဝပြုရန် သွားရမည့်ကိစ္စကို ခေတ္တနားထား၍သာ တော်တော့သည်။ မဟုတ်လျှင် ယီဖေးတစ်ယောက် လင်ဝမ်ယိကို ပြဿနာလာရှာမည်မှာ အသေအချာပင်။

ဤကိစ္စများကို သူမ မလှုပ်ရှားခင်ကတည်းက ကြိုတင် တွက်ဆထားပြီးသားပါပင်။

သို့သော် သူမ၏ လူများ အရှက်ခွဲခံရခြင်းအတွက် သူမအနေဖြင့် သည်လို လုပ်မှကို ဖြစ်မည်။

အမတ်ချုပ်အိမ်တော်မှာ ရှိစဉ်ကနှင့် အခြေအနေချင်း လုံးဝ မတူတော့ပေ။

အမတ်ချုပ်အိမ်တော်တွင် အဘိုးက အိမ်တွင်းရေးကို ဝင်ရောက်စွက်ဖက်လေ့မရှိဘဲ အရာရာကို မင်းသမီးရုံခန့်ကသာ စီမံသည်။ ထို့ကြောင့် သူမတို့ အရှေ့ဆောင်မှ လူများမှာ အသက်ရှင်ဖို့အတွက် ခေါင်းငုံ့ခံနေခဲ့ရလေသည်။

သို့သော် ယခု နန်းတော်ထဲတွင် အရှင်သခင်က နှစ်ပါးသာ ရှိသည်။ တစ်ပါးက အရှင်မင်းကြီးဖြစ်ပြီး နောက်တစ်ပါးက လင်ကွေ့ဖေးပင်။

အကယ်၍ သူမလက်ထဲတွင် ဤမျှကောင်းသည့် ဖဲနှစ်ချပ်ရှိနေတာတောင် အနိုင်ကျင့် ခံနေရသေးလျှင်တော့ ဒါက သူမ ကိုယ်တိုင်က ပျော့ညံ့လွန်းရာ ကျသွားပေလိမ့်မည်။ ထို့ကြောင့် သူမ ဤသို့ လုပ်ခဲ့ခြင်းပေဖြစ်သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူမက ချင်ကုန်းကုန်း ကို အသုံးပြုကာ သုန်ယွီကျုံး ထံ သတင်းပို့စေခြင်းဖြင့် သူမအတွက် ထွက်ပေါက်တစ်ခု ချန်ထားခဲ့လေသည်။

မိန်းမစိုးများ၏ သဘောသဘာဝကို သူမ နားလည်ထားသဖြင့် အရှင်မင်းကြီးသည် ငါးစာကိုလာဟပ်မည်ဆိုတာ သူမ သေချာပေါက် သိနေ၏။

သို့သော် သုန်ယွီကျုံးက အမြန်လှုပ်ရှားလိုက်ပြီး နာရီအနည်းငယ် အတွင်းမှာပင် အရှင်မင်းကြီးကို ခေါ်ဆောင်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း ကောင်းပါ၏။ သူမ၏ လိုချင်တာနှင့် ကွက်တိဖြစ်သွားသည် မဟုတ်လား

သူတစ်ပါးလက်ဖြင့် မြွေဖမ်းလိုက်ခြင်းပင်။

ဤတစ်ကြိမ်တွင် သူမက ချူကွေ့ရန် ၏ မျက်နှာကို ရိုက်ချလိုက်ခြင်း ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် အနောက်ဆောင် အတွင်းရှိ သူမကို အထင်အမြင်သေးနေသူများကိုပါ အနည်းငယ် ဆင်ခြင်သွားစေရန် သတိပေးလိုက်ခြင်း ဖြစ်၏။

အားနည်းသူက အားကြီးသူ၏ သားကောင်ဖြစ်ရသည် ဆိုသည့် သဘောတရားကို သူမ ငယ်ငယ်ကတည်းက နားလည်ခဲ့ပြီး ဖြစ်သည်။

ချင်ဟယ့်၏ စကားကို ကြားပြီးသော်လည်း လင်ဝမ်ယိက ဘာမျှပြန်မပြောဘဲ ခပ်သဲ့သဲ့သာ ပြုံးပြလိုက်သည်။

လင်ဝမ်ယိ စကားပြန်မပြောသည်ကို တွေ့သော်လည်း ချင်ဟယ့်က စိတ်ဆိုးခြင်းမရှိ။

သူမက လက်ခုပ်တီးလိုက်ရာ အပြင်ဘက်မှ မျက်နှာပြည့်ပြည့်နှင့် ထက်မြက်ပုံရသော မားမားကြီးတစ်ယောက် ဝင်လာသည်။

"ကျွန်တော်မျိုးမ ခွေမုန့်ယွင်ပါ... သခင်မလေး လင်ဝမ်ယိကို ဂါရဝပြုပါတယ်"

"သည်တစ်ယောက်က..."

လင်ဝမ်ယိ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ လာ‌‌ချေပြီ...။

ချင်ဟယ့်က မျက်နှာချိုသွေးကာ အမြန်ပင် မိတ်ဆက်ပေးလိုက်သည်။

"သည်တစ်ယောက်က လင်ကျစ်နန်းဆောင်က ဒုတိယအဆင့် မားမားပါ... အရင်တုန်းက ကွေ့ဖေးမယ်မယ်ရဲ့ အနီးကပ် ပြုစုခဲ့ဖူးသူပေါ့... သခင်မလေးဆီမှာ ဖြစ်သွားတဲ့ ကိစ္စက နည်းနည်း ရင်ထိတ်စရာ ကောင်းနေတော့... ကွေ့ဖေးမယ်မယ်က သခင်မလေးအတွက် အထူးတလည် ခွေမားမားကို လွှတ်လိုက်တာပါ... သူ ရှိနေရင် တခြားနန်းဆောင်က သခင်မလေးတွေလည်း နည်းနည်းတော့ မျက်နှာသာ ပေးကြမှာပါ... သခင်မလေးလည်း စိတ်အေးလက်အေး အနားယူလို့ ရတာပေါ့"

ထင်သည့်အတိုင်းပင်... သူမ လှုပ်ရှားလိုက်သည်နှင့် ထောင်ချောက်များ ရောက်လာတော့သည်။

လင်ကွေ့ဖေးက သူမ ချူကွေ့ရန်ကို ကိုင်တွယ်လိုက်သည်ကို သဘောကျသော်လည်း တချိန်တည်းမှာပင် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ခံရသည့်အပေါ် သံသယဝင်နေသည်။

ထို့ကြောင့် ဤခွေမားမားကို သူမကို ပြုစုဖို့ ပို့လိုက်သည်ဟု ဆိုသော်လည်း တကယ်တမ်းကျတော့ သူမကို စောင့်ကြည့်ရန်နှင့် လိုအပ်လျှင် သတိပေး ခြိမ်းခြောက်ရန်ပင်။

နောင်တစ်ချိန် သူမ အာဏာရလာပြီး အတောင်အလက် စုံလာသည့်အခါ လင်ကွေ့ဖေးကို ပြန်ပြီး အာခံလာမည်ကို စိုးရိမ်နေခြင်းပင်။ ကျားကို မွေးထားပြီး ဒုက္ခပြန်ပေးမှာကို ကြောက်နေသည့် သဘော။

လင်ဝမ်ယိ က ခွေမားမား ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ လွယ်လွယ်နှင့် အနိုင်ကျင့်၍ရမည့်သူမျိုးတော့ မဟုတ်ပေ။

ထို့နောက် သူမက စကားပြောရန် ပြင်လိုက်စဉ်မှာပင်...

အပြင်ဘက်မှ လူတစ်ယောက် ရောက်လာပြန်သည်။

"ကျွန်တော်မျိုး ချိုးမင်ပါ... သခင်မလေးကို ဂါရဝပြုပါတယ်"

"ချိုးကုန်းကုန်း ထပါ... ဘယ်လိုဖြစ်ပြီး ဒီလောက် မြန်မြန် ရောက်လာတာလဲ"

"သခင်မလေးရဲ့ ကျေးဇူးကြောင့်ပါ… ကျွန်တော်မျိုး နှစ်ရက်လောက် ကြန့်ကြာသွားတယ်... မဟုတ်ရင် တမြန်နေ့ ညကတည်းက ရောက်လာသင့်တာပါ"

"ချိုးကုန်းကုန်းက ယဉ်ကျေးလွန်းပါပြီ"

ချိုးမင်က အရှင်မင်းကြီး၏ လူဖြစ်သဖြင့် ဒုတိယအဆင့်ဖြစ်သည့် ခွေမားမားထက် ရာထူး ဂုဏ်ရှိန် ပိုကြီးမားသည်။

ချင်ဟယ့်ပင်လျှင် သူ့ကို မြင်သောအခါ မျက်နှာချိုသွေးရသည်။

သူမက လင်ဝမ်ယိနှင့် ချိုးမင်တို့ စကားပြောနေသည်ကို နားမလည်နိုင်ဖြစ်နေပြီး စပ်စုချင်စိတ်ဖြင့် မေးလာသည်။

"ချိုးကုန်းကုန်းလည်း ကျွန်မလိုပဲ အရှင်မင်းကြီးရဲ့ အမိန့်နဲ့ ပစ္စည်းတွေ လာပို့တာလား"

ချိုးမင်က တည်ငြိမ်ရင့်ကျက်သူပီပီ စကားပြောရာတွင်လည်း စည်းစနစ် ရှိလှသည်။

အရှင်မင်းကြီး၏ အနားတွင် နှစ်ပေါင်းများစွာ နေခဲ့ပြီး သုန်ယွီကျုံး၏ တပည့်လည်း ဖြစ်ရာ ချင်ဟယ့်ကို ရင်ဆိုင်ရာတွင် မောက်မာခြင်း မရှိသလို နှိမ့်ချခြင်းလည်း မရှိပေ။

သူက လေသံအေးအေးဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီးက လင်တာရင် ကို စိတ်ပူလို့ ကျွန်တော်မျိုးကို လင်တာရင် ရဲ့ နန်းဆောင်မှာ အကြီးအကဲ မိန်းမစိုး အဖြစ်နေစေဖို့ လွှတ်လိုက်တာပါ... လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက လာရမှာပေမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကြောင့် နောက်ကျသွားရတယ်... အခုမှ လင်တာရင် ကို လာပြီး တရားဝင် ဂါရဝပြုတာပါ... တိုက်တိုက်ဆိုင်ဆိုင်ပဲ မိန်းကလေးချင်ဟယ့် နဲ့ လာဆုံနေတာ..."

ထိုစကားကို ကြားသောအခါ ချင်ဟယ့် ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားလေတော့သည်။

အရှင်မင်းကြီးက သူ့ဘေးနားက လူယုံကိုတောင် ခေါ်ထားခိုင်းလိုက်သည်ဆိုတော့... နောင်ဆိုရင် ဘယ်သူကများ လင်တာရင်ကို မထီမဲ့မြင်ပြုရဲတော့မှာလဲ…။

သူတို့က ခွေမားမားကို ထိုနေရာမှာ ထားဖို့ ကြိုးစားနေတုန်းမှာပဲ... ဟိုဘက်က ချိုးကုန်းကုန်း ရောက်လာခဲ့ပြီ...။

တကယ့်ကို ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီပဲ...။

သူမ ပါးစပ်ဟပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ချိုးမင်က လင်ဝမ်ယိကို ရိုသေစွာ ပြောလိုက်သည်ကို တွေ့လိုက်ရ၏။

"သခင်မလေး... ကျွန်တော်မျိုး ရောက်လာပြီဆိုတော့... နောက်ဆို ဒီလက်ဝဲဆောင်က အလုပ်ကိစ္စ အဝဝကို ကျွန်တော်မျိုး တာဝန်ယူပါ့မယ်... တကယ်လို့ လိုအပ်တာတွေ ရှိခဲ့ရင် သခင်မလေး ကြိုက်သလိုသာ အပြစ်ပေးပါ"

လင်ဝမ်ယိ ပြုံးလိုက်သည်။ သည်ချိုးမင်က တကယ်ကို အချိန်ကိုက် ရောက်လာတာပဲ...။

သူမ ဝမ်းတောင်သာရမည့်ကိစ္စကို ဘာကြောင့်များ အပြစ်ပေးရမှာလဲ...။

သူမက ချက်ချင်းပင် ပြန်ပြောလိုက်လေသည်။

"ချိုးကုန်းကုန်းက အရှင်မင်းကြီးနားမှာ နေခဲ့ဖူးတဲ့သူဆိုတော့... စည်းမျဉ်းစည်းကမ်းတွေကို ကျွန်မထက်တောင် ပိုနားလည်မှာပါ... ကုန်းကုန်း

သင့်တော်သလိုသာ စီမံပါ... သည်လက်ဝဲဆောင်က လူတွေ မနာခံတာမျိုး ရှိရင် နန်းတွင်းစည်းမျဉ်းအတိုင်းသာ အရေးယူလိုက်ပါ... ကျွန်မကို လာပြောစရာတောင် မလိုပါဘူး"

နှစ်ယောက်သား အပေးအယူတည့်စွာ ပြောဆိုနေကြသည်မှာ ချင်ဟယ့်နှင့် ခွေမားမားတို့ကို ရှိသည်ဟုပင် မထင်သလို။

"အခု ရှောင်လုကျစ်နဲ့ မိန်းကလေးချွမ်ချီတို့ ဒဏ်ရာရပြီး အနားယူနေရတော့... သခင်မလေးကို ပြုစုဖို့ မသင့်တော်ပါဘူး... ဒါပေမဲ့ နန်းတွင်း စည်းမျဉ်းနဲ့ သခင်မလေးရဲ့ ရာထူးအဆင့်အတန်းအရ... ကျွန်တော်မျိုးလည်း စည်းမျည်းအတိုင်း မ‌လုပ်လို့ လို့ မရပြန်ဘူး... ဒါကြောင့် နန်းတွင်းရေးရာဌာနကနေ လူနှစ်ယောက်ကို လဝက်လောက် အကူခေါ်ထားလိုက်ပါတယ်... ရက်ပြည့်တာနဲ့ နန်းတွင်းရေးရာဌာနကို ပြန်ပို့လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်"

"အင်း... ချိုးကုန်းကုန်း စီစဉ်တာ ကောင်းပါတယ်... တကယ်ကို အရှင်မင်းကြီးနားမှာ နေခဲ့ဖူးတဲ့သူပီပီ အလုပ်လုပ်တာ စေ့စပ်သေချာတာပဲ"

ချင်ဟယ့်မှာ သူတို့စကားပြောနေသည်ကို ကြားဖြတ်၍ မရသဖြင့် ခွေမားမားကိုနေရာချထားမည့်ကိစ္စကို မေ့သွားကြမည်စိုး၍ အမြန်ဝင်ပြောလိုက်သည်။

"သခင်မလေး... ဒါဆို ခွေမားမား ကိစ္စကရော..."

လင်ဝမ်ယိက အခက်တွေ့နေသည့်ဟန်ဆောင်ပြီး ချိုးမင်ကို ကြည့်ကာ ပြောလိုက်သည်။

"ချိုးကုန်းကုန်း... ဘယ်လိုလုပ်ကြမလဲ... ကွေ့ဖေးမယ်မယ် က ကျွန်မကို စိတ်ပူလို့ ကူညီပေးဖို့ ခွေမားမား ကို လွှတ်လိုက်တာ... ဒါပေမဲ့ ကျွန်မတို့ ခြံဝင်းထဲမှာ လူတွေ အရမ်းများမနေဘူးလား..."

ချိုးမင်က အလုပ်သဘောဆန်ဆန်ပင် ချက်ချင်း ပြန်ဖြေသည်။

"သခင်မလေး... ကျွန်တော်မျိုး ငှားလာတဲ့ လူတွေက နန်းတွင်းရေးရာဌာနမှာ စာရင်းသွင်းပြီးသားပါ... အခုချက်ချင်း ပြန်ပို့မယ်ဆိုရင် နည်းနည်း ပြဿနာရှိနိုင်ပါတယ်... သည်ခွေမားမားရဲ့ ကိုယ်ရေးရာဇဝင်မှတ်တမ်းက ကွေ့ဖေးမယ်မယ်ရဲ့ လင်ကျစ်နန်းဆောင်မှာ ရှိနေတုန်းပဲလား..."

"ရှိပါတယ် ရှိပါတယ်... ကျွန်မရဲ့ မှတ်တမ်းက ကွေ့ဖေးမယ်မယ်ရဲ့ နန်းဆောင်မှာပါပဲ"

ခွေမားမားက ဝင်ပြောလိုက်သည်။ သူမက လင်ကျစ်နန်းဆောင်ထဲတွင် အရှင်မင်းကြီး၏ လူများနှင့် တွေ့ရခဲသဖြင့် ယခုလိုအချိန်တွင် မျက်နှာရအောင် လုပ်ရမည်။

"သည်လိုဆိုရင်တော့ နောက်ရက်မှပဲ ကြည့်လုပ်ကြတာပေါ့... ချင်ဟယ့် မိန်းကလေးလည်း သိတဲ့အတိုင်းပဲ... ကိုယ်ရေးရာဇဝင်မှတ်တမ်းကိစ္စက လွယ်လွယ်နဲ့ ပြင်လို့ရတာမှ မဟုတ်တာ..."

ချိုးမင်က စကားတိုင်းတွင် နန်းတွင်းစည်းမျဉ်းကို ကိုးကားနေသဖြင့် ချင်ဟယ့်လည်း သူ့ကို ပြန်ပြောဖို့ မတက်သာတော့ပေ။

သူမသည် အနေရခက်စွာ ပြုံးပြရင်း ပြန်ပြောလိုက်ရုံသာ တတ်နိုင်တော့၏။

"ချိုးကုန်းကုန်း ပြောတာ ဟုတ်ပါတယ်... ဒါဆို ခွေမားမားကိစ္စ နောက်ရက်မှပဲ ပြန်လာခဲ့ပါမယ်"

ထိုစကားကို ကြားသောအခါ ချိုးမင်က မကြားချင်ယောင်ဆောင်ပြီး ခေါင်းငုံ့ရင်း ဘာမှမကြားသည့် ပုံစံသာလုပ်နေလိုက်တော့သည်။

All Chapters