ချိုးကုန်းကုန်း၏ သွန်သင်ဆုံးမမှု
Vol. 4 Ch. 40
"ချင်ဟယ့် မိန်းကလေး ပြန်ပါတော့... သခင်မလေး ဆေးသောက်ချိန် ရောက်နေပါပြီ…"
ရှအန်းက ဆေးပန်းကန်ကို ကိုင်ကာ အခန်းထဲ ဝင်လာသည်ကို မြင်သောအခါ ချိုးမင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ သို့သော် ချင်ဟယ့်ကို ကြည့်သည့် မျက်နှာထားမှာမူ တင်းမာခက်ထန်နေ၏။
ချင်ဟယ့်သည် မျက်နှာပြောင်တိုက်ပြီး ဆက်နေဖို့ မဖြစ်နိုင်တော့သဖြင့် ခွေမားမားကို ခေါ်ကာ သုန်မှုန်နေသော မျက်နှာဖြင့် ပြန်ထွက်သွားရတော့သည်။
လင်ဝမ်ယိက ဆေးပန်းကန်ကို လှမ်းယူကာ တစ်ကျိုက်တည်းနှင့် အကုန်မော့သောက်လိုက်ပြီး သူမ၏ လှုပ်ရှားမှုများမှာ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ သွက်လက်ချောမွေ့နေလေသည်။
သူမက ငယ်ငယ်ကတည်းက ဆေးသောက်လာရသူမို့ သည်ဆေးတစ်ခွက်လောက်ကတော့ အပျော့စားပင်။
ချိုးမင်က သည်မြင်ကွင်းကို ကြည့်ရင်း လင်သခင်မလေးသည် ပွင့်လင်းဖြောင့်မတ်သူတစ်ဦး ဖြစ်ရမည်ဟု တွေးလိုက်မိလေသည်။ အခြားသော ကိုယ်လုပ်တော်များကဲ့သို့ ဆေးသောက်ရမည်ကိုပင် အသက်ထွက်တော့မလို ပုံစံမျိုး၊ အရှင်မင်းကြီး ဘေးမှာရှိမှ သောက်ချင်သည်မျိုး၊ ကနွဲ့ကလျလုပ်ပြသည်မျိုး မရှိပေ။
တကယ်ကို အလုပ်ရှုပ် သက်သာတာပဲ...။
ဆေးထဲတွင် အိပ်ဆေးအာနိသင် ပါဝင်သည့်အပြင် ယခု ချိုးမင်လည်း ရောက်လာသဖြင့် သူမတွင် ပူပန်စရာကိစ္စများမရှိတော့၍ သူမလည်း ခဏနားလိုက်ရန် ဆုံးဖြတ်လိုက်သည်။
လင်ဝမ်ယိ အိပ်ပျော်သွားသည်ကို မြင်သောအခါ ချိုးမင်နှင့် ရှအန်းတို့သည် အတွင်းဆောင်မှ ပြန်ထွက်လာခဲ့ကြလေ၏။
"မိန်းကလေးက သခင်မလေးရဲ့ အနားမှာ နေလာတာ ကြာပြီဆိုတော့... နောက်ပိုင်း နေထိုင်စားသောက်ရေး ကိစ္စတွေကို မိန်းကလေးပဲ သေချာဂရုစိုက်ပေးပါ…"
"ချိုးကုန်းကုန်း မပြောလည်း ဒီအစေခံ နားလည်ပါတယ်"
"ကောင်းပြီ... အခုကစပြီး လက်ဝဲဆောင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်တော်နဲ့ တိုင်ပင်လို့ ရပါတယ်... ပြောရမယ်ဆိုရင် ကျွန်တော်က ဒီမှာရှိတဲ့ လူတွေအကုန်လုံးထက် အသက်လည်း ပိုကြီးသလို နန်းတွင်းကိုလည်း ပိုစောစော ရောက်ခဲ့တယ်... ဒါကြောင့် ကျွန်တော် လုပ်နိုင်တဲ့ ကိစ္စတွေ ရှိသလို မလုပ်နိုင်တဲ့ ကိစ္စတွေလည်း ရှိတယ်... အရင်ဆုံး စည်းမျဉ်းစည်းကမ်းတွေကို သေချာ သတ်မှတ်ထားရမယ်..."
ရှအန်းလည်း ချိုးမင်၏ စကားများမှာ အတော်လေး အကျိုးသင့်အကြောင်းသင့်သည်ဟု ခံစားရသဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ချိုးကုန်းကုန်း ခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်"
"ပထမဦးဆုံး မှတ်ထားရမယ့် အချက်က... ဘယ်သူပဲ လာတွေ့တွေ့ သခင်မလေးရဲ့ ဆန္ဒကသာ အဓိကပဲ... သူက တွေ့ချင်ရင် အထဲဝင်ခွင့် ပေးလိုက်... မတွေ့ချင်ဘူးဆိုရင်တော့ သင့်တော်တဲ့ အကြောင်းပြချက်နဲ့ ပြန်လွှတ်လိုက်ရမယ်... ကြားလား"
ရှအန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ချိုးမင် ရောက်လာပြီး ပထမဆုံး ပေးသည့် အမိန့်က သည်လို ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့။
"ချိုးကုန်းကုန်း... ဒါပေမဲ့ ကျွန်မတို့ သခင်မလေးက ရာထူးနိမ့်နေသေးတာလေ... ဒီနေ့လိုမျိုးဆို ချင်ဟယ့် အစ်မကြီးက ကွေ့ဖေးမယ်မယ်ရဲ့ လူယုံလေ... ကျွန်မတို့သာ တားလိုက်ရင် သခင်မလေးကို ပြဿနာ ရှာသလို ဖြစ်မနေဘူးလား"
"လူတစ်ယောက်ကို တားဖို့ စည်းမျဉ်းတွေနဲ့ နည်းလမ်းတွေ ရှိတယ်... ဒါတွေက လေ့ကျင့်ယူရတာ... အစေခံ လုပ်တဲ့သူက ကိုယ့်သခင်ဖြစ်သူကို မကူညီနိုင်ရင် ငါတို့ ဒီမှာ နေနေတာ အလကား ဖြစ်မနေဘူးလား"
ထိုစကားကို ကြားလိုက်ရမှ ရှအန်းတစ်ယောက် အလင်းပွင့်သွားသကဲ့သို့ ရုတ်တရက် သဘောပေါက်သွားတော့သည်။
"ဒီနေ့ ကိစ္စကိုပဲ ကြည့်... သခင်မလေးက ချင်ဟယ့် မိန်းကလေးကို မတွေ့ချင်ဘူး... သူ လာတာက သခင်မလေးကို အကျပ်ရိုက်စေမယ့် ကိစ္စမျိုးပဲဖြစ်စေမှာ... ဒါကြောင့် သူ့ကို တံခါးဝကနေပဲ တားပြီး ပြန်လွှတ်လိုက်တာ အကောင်းဆုံးပဲ... သခင်မလေးရဲ့ နားထဲ မရောက်ရင် နောက်ပိုင်း သခင်မလေးကိုလည်း မုန်းလို့မရတော့ဘူးလေ... နားလည်လား"
အစေခံများအနေဖြင့် အထက်လူကြီးတွေကို ဤသို့ နည်းလမ်းများဖြင့် ကိုင်တွယ်နိုင်ကြောင်း ရှအန်း တစ်ခါမျှ မသိခဲ့ပေ။
အရှင်မင်းကြီးအပါးမှာ ခစားဖူးတဲ့သူတွေက တကယ်ကို တခြားသူတွေနဲ့ ယှဉ်ရင် အားကိုးရတာပဲ...။
"သခင်မလေးက အခု တာရင် အဆင့်ပဲ ရှိသေးပေမယ့်... သခင်ဆိုတာ သခင်ပဲ... အစေခံဆိုတာ အစေခံပဲ... ချင်ဟယ့်က သခင်မလေး ရှေ့မှာ ဒီလောက် အတင့်ရဲပြီး ခြိမ်းခြောက်နိုင်တာက သူ့နောက်ခံကို အားကိုးပြီး လုပ်တာ... ပြီးတော့ စည်းမျဉ်းကို ချိုးဖောက်တာပဲ... မင်းတို့ အနေနဲ့ သူ့ကို ပေးသင့်တဲ့ လေးစားမှုမျိုးတော့ ပေးရမယ်... ဒါပေမဲ့ အတင့်ရဲ ရောင့်တက်လာရင်လည်း ငြိမ်ခံနေလို့မဖြစ်ဘူး... နားလည်လား"
ရှအန်းက အားတက်သရော ခေါင်းညိတ်လိုက်လေသည်။ သူမ နန်းတော်ထဲ ဝင်လာကတည်းက အခုအချိန်မှာ ပျော်ဖို့အကောင်းဆုံး အချိန်ပဲဟု ခံစားလိုက်ရ၏။
သူမတို့ နန်းတွင်း မဝင်ခင်တုန်းက အရာရာကို သတိထားပါ... ဂရုစိုက်ပါ... ရိုရိုသေသေ နေပါ... ကိုယ့်ကိုယ်ကို နှိမ့်ချပါ ဟုသာ အမြဲ သင်ကြားခံခဲ့ရသည်။
သို့သော် ဤနေရာကား နန်းတော် ဖြစ်သည်။ အထက်ဖား အောက်ဖိ ဖြစ်ရပ်များက နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေလေ၏။
ကိုယ့်ကို သူများက အထင်ကြီးစေချင်ရင် ကိုယ်တိုင်က အရင်ဆုံး ဖြောင့်မတ်မှန်ကန်ပြီး သူများ အပြစ်ရှာမရအောင် နေရမည်။
အမြဲခေါင်းငုံ့ပြီး သည်းခံနေလျှင် လူတိုင်းက ကိုယ့်ကို အနိုင်ကျင့်ရလို့ ရသည်ဟု ထင်သွားကြပေလိမ့်မည်။
ချူကွေ့ရန်၏ ကိစ္စက ဥပမာတစ်ခု ဖြစ်ပြီး လင်ကွေ့ဖေး၏ ကိစ္စကလည်း နောက်ထပ် ဥပမာတစ်ခုပင် ဖြစ်လေသည်။
"သေချာတာပေါ့... သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြောနေတာ မဟုတ်ဘူး... အဲဒါက အရူးတွေ လုပ်တဲ့နည်းပဲ... လူ့ပါးစပ် ဆိုတာ စကားတတ်ရင် လှန်လို့ရတယ်... လှည့်ပြောတတ်ရင်လည်း လူမုန်းမများဘူး... သခင်မလေးကိုလည်း အကျပ်မရိုက်စေရဘူး... သူများတွေလည်း အပြစ်ရှာမရအောင် ပြောတတ်ရမယ်"
စကားက သည်အထိ ရောက်လာတော့ ရှအန်း နားလည်သလို ရှိလာသော်လည်း... တကယ်တမ်း လုပ်ဖို့ကျတော့ နည်းနည်း ခက်ခဲပေဦးမည်။
ချိုးမင်က ယနေ့တွင် အခြေခံ သဘောတရားများကို ရှင်းပြပေးရုံမျှသာ ဖြစ်ပြီး မည်သို့ လက်တွေ့အသုံးချမည် ဆိုသည်မှာမူ သူတို့၏ အနာဂတ်မှ လုပ်ရပ်များအပေါ်တွင်သာ မူတည်ပေ၏။ သူတို့ သင်ယူနိုင်ဖို့ အချိန်တွေအများကြီး ကျန်ပါသေးသည်။
လက်ဝဲဆောင် အတွင်းသို့ အကြီးအကဲ မိန်းမစိုး ရောက်ရှိလာခြင်းနှင့်အတူ စည်းမျဉ်းစည်းကမ်း အားလုံးကို အသစ် ပြန်သတ်မှတ်ရတော့မည်။
ယခင်က သည်နေရာတွင် ချွမ်ချီ၊ ရှအန်းနှင့် အသစ်ရောက်လာသော ရှောင်လုကျစ်တို့သာ ရှိသဖြင့် လင်ဝမ်ယိက သူတို့ကို စည်းကမ်း သိပ်မတင်းကြပ်ဘဲ သစ္စာရှိဖို့ကိုသာ အဓိကထားခဲ့သည်။
သို့သော် ချိုးမင် ရောက်လာပြီးနောက်ပိုင်းတွင်တော့ ထိုသို့ မဟုတ်တော့ပေ။ စည်းကမ်းသည် စည်းကမ်းသာ ဖြစ်သည်။ စည်းကမ်းကို ဖောက်ဖျက်လျှင် လူသစ် ဖြစ်စေ၊ လူဟောင်း ဖြစ်စေ အကုန်လုံး အပြစ်ပေးခံရမည်။
သည်လို ဆုပေး ဒဏ်ပေး စနစ်ဖြင့် တိကျပြတ်သားသော နန်းတွင်းစည်းမျဉ်းများက လက်ဝဲဆောင် တစ်ခုလုံးကို ငြိမ်ကျသွားစေသည်။
လင်ဝမ်ယိပင်လျှင် သည်ချိုးမင်က တကယ့်ကို လူတော်တစ်ယောက်ပါလားဟု တွေးမိသည်အထိပင်။
သူ နန်းတွင်းရေးရာဌာနမှ ရွေးလာသော လူနှစ်ယောက်ကလည်း ရိုးသားပြီး သဘောကောင်းကြသည်။ နန်းတွင်းသူလေး နာမည်က ယန့်အာ ဖြစ်ပြီး မိန်းမစိုးလေးကတော့ ရှောင်ဟယ်ကျစ် ဖြစ်၏။
နှစ်ယောက်လုံးက ကိုယ့်အလုပ်သာ ကိုယ်လုပ်ကြပြီး သွက်လက် ချက်ချာကြလေ၏။
ချွမ်ချီ အိပ်ရာထဲ လဲနေခဲ့ရသော ရက်အနည်းငယ် အတွင်းတွင် ယန်အာက သူမ၏ ဒဏ်ရာများကို ဆေးလိမ်းပေးရန် တာဝန်ယူခဲ့လေသည်။
သူမ ဂရုတစိုက်နှင့် စေ့စပ်သေချာသဖြင့် ရက်အနည်းငယ် အတွင်းမှာပင် ချွမ်ချီနှင့် ယန့်အာတို့ ခင်မင်သွားကြတော့သည်။
"ယန့်အာ... ချိုးကုန်းကုန်း ပြောတဲ့ နန်းတွင်းစည်းမျဉ်းတွေကို နင် ဘယ်လောက် မှတ်မိပြီလဲ"
ယန့်အာက ခေါင်းလေးကို စောင်းပြီး စဉ်းစားလိုက်ကာ ရိုးရိုးသားသားပင် ပြန်ဖြေသည်။
"တော်တော်များများတော့ရနေပါပြီ... ချိုးကုန်းကုန်းက လိုက်စစ်မယ်လို့ ပြောထားတယ်လေ... အဲ့တော့ ကျွန်မလည်း မကျက်ဘဲ မနေရဲဘူး"
ချွမ်ချီ့ မျက်နှာကြီး မဲ့ကျသွားတော့သည်။ သူမက ငယ်ငယ်ကတည်းက စာကျက်ရမှာ အကြောက်ဆုံး ဖြစ်သည်။ စာနည်းနည်းပါးပါး ဖတ်တတ်တာကလည်း သခင်မလေးက အတင်း သင်ပေးလို့သာ။
ထိုစည်းမျဉ်း စည်းကမ်းတွေကို တစ်လုံးမကျန် အလွတ်ကျက်ခိုင်းသည်ထက်၊ ကြိမ်ဒဏ်ပေးတာကပင် သူမအတွက် ပိုသက်သာလိမ့်ဦးမည်။
"ဘုရားရေ..."
ချွမ်ချီသည် ယခုတော့ ချူကွေ့ရန်ကို ပိုမုန်းသွားမိ၏။ ရိုက်မယ်ဆိုလည်း ဘာဖြစ်လို့ အစကတည်းက နောက်ထပ်နှစ်ချက်လောက် ပိုမရိုက်လိုက်လဲ…ဒါဆို သူမလည်း ဖျားချင်ယောင်ဆောင်ရတာ ပိုလွယ်သွားမှာ…။
လက်ဝဲဆောင်ကို အရှင်မင်းကြီးကိုယ်တိုင်က ဂရုတစိုက်နှင့် အရေးပေးနေသဖြင့် တော်ဝင်ဆေးကုသဆောင်က ဘယ်သူမှ ပေါ့ပေါ့ဆဆ မနေရဲကြပေ။
သခင်မလေး သာမက သူမနှင့် ရှောင်လုကျစ်တို့ကိုပင် သမားတော်များက နေ့စဉ် လာရောက် စမ်းသပ် စစ်ဆေးကာ ကုသပေးကြလေသည်။
သူတို့က ဆေးကိုလည်း ရက်ရက်ရောရော ထည့်ပေးကြသဖြင့် လေးငါးရက် အတွင်းမှာပင် ညိုမဲစွဲနေတာတွေ ပျောက်ကုန်ပြီး ဒဏ်ရာအချို့ဆိုလျှင် အနာဖေးပင် တက်နေလေပြီ။
သူမက ကိုယ်ခံအားကောင်းသူမို့ ကုတင်အောက်ဆင်းပြီး လမ်းလျှောက်လို့ပင် ရနေပြီ။
အပြင်ဘက်မှ ချိုးမင်ကုန်းကုန်းသာ မရှိလျှင် သူမ၏ မီးဖိုချောင်အသေးလေးထဲသို့ပင် ခိုးဝင်သွားမိလောက်ပြီ။
အိုးခွက်ပန်းကန်များကို မကိုင်ရတာ ကြာပြီမို့ သူမ လက်တွေမှာ ဟင်းချက်ချင်လွန်း၍ ယားပင် ယားနေလေပြီ။
"သခင်မလေးက ဒီရက်ပိုင်း ငါချက်တာတွေ မစားရတော့... ပိန်များ ပိန်သွားမလား မသိဘူး..."
"စိတ်မပူပါနဲ့ မမချွမ်ချီ... တော်ဝင်မီးဖိုဆောင်က နေ့တိုင်း အချိန်မှန် ထမင်းလာပို့ပါတယ်... သခင်မလေး အများကြီး စားနိုင်တာကို ကျွန်မ တွေ့ပါတယ်..."
ချွမ်ချီ နှုတ်ခမ်းဆူလိုက်သည်။ သခင်မလေးက တကယ် သနားစရာပါလား...။
ဒဏ်ရာရထားတာတောင် ကိုယ်ကြိုက်တာ မစားရဘူး... ချိုးကုန်းကုန်း ရောက်လာတော့ ထမင်းစားတာတောင် မလွတ်လပ်တော့ဘူး...သူစားခိုင်းသမျှ စားနေရတာ။
တွေးမိရင်းနှင့် သူမ ချက်ချင်း ကုတင်ပေါ်က ဆင်းပြီး သွားချက်ပေးချင်စိတ်များ တဖွားဖွားပေါက်လာရသည်။
သို့သော် အပြင်ထွက်လိုက်လျှင် ချိုးကုန်းကုန်းနှင့် တိုးမှာကိုလည်း ကြောက်ရသေး၏။
တခြားဟာတွေတော့ ထားပါ... သူမကို စည်းကမ်းတွေ အလွတ်ဆိုပြခိုင်းရင်တော့... အခန်းထဲမှာပဲ ပုန်းနေလိုက်တာက ပိုကောင်းပါတယ်လေ…။
မတွေ့တာ အကောင်းဆုံးပဲ...။
အခြားတစ်ဖက်တွင်မူ ရှောင်လုကျစ်နှင့် ချွမ်ချီတို့မှာ လုံးဝ ဆန့်ကျင်ဘက်ပင်။
လက်ဝဲဆောင်၏ အကြီးအကဲ မိန်းမစိုးအဖြစ် ချိုးမင် ပြောင်းရွှေ့လာကြောင်း သိရသောအခါ သူသည် အလွန်အမင်း ပျော်ရွှင်နေလေတော့သည်။
ယခင်တုန်းက သူသည် သုန်ကုန်းကုန်း၏ တပည့်အဖြစ်နေရလျှင် သိပ်ကောင်းမှာပဲဟု သူတွေးခဲ့ဖူးသည်။
အခု သုန်ကုန်းကုန်း မလာသော်လည်း ချိုးမင်ကုန်းကုန်းက သုန်ကုန်းကုန်း၏ တပည့်ရင်း ဆိုသည်ကို လူတိုင်း သိကြ၏။ သူ့ဆီမှာ ပညာသင်ရရင် သုန်ကုန်းကုန်းဆီမှာ ပညာသင်ရသလိုပဲပေါ့…။