ခင်ဗျားတို့ ပေးလာမှာ
Vol. 114 Ch. 1699
“ဒါဆို အဲ့ကောင်က မြည်းလား၊ လားလားဆိုတာ သွားကြည့်ရတာပေါ့”
“ခင်ဗျား ဘယ်သွားမလို့လဲ၊ အဲ့ကောင်လေးက ပိုက်ဆံတောင်းမှာလေ၊ သူတို့ကသာ ကျုပ်တို့ကို လာတွေ့တဲ့သူ ဖြစ်သင့်တာပေါ့”
မကြာခင်မှာပင် ယဲ့ဖန် အထဲသို့ လျှောက်လာပြီး မိသားစုခေါင်းဆောင်များ စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။ အားလုံး၌ မကြိုဆိုသော အကြည့်များ ရှိနေကြသည်။
ထိုအခါတွင်မှ အိုးရန်ကျန်းက သူ့ကို ခက်ခဲသော တာဝန်တစ်ခု ပေးခဲ့ခြင်းဖြစ်ကြောင်း သတိပြု လိုက်မိသည်။
လျန့်ဝမ်ကျန်းသည် နံပါတ်တစ် သစ္စာဖောက်ဖြစ်ပြီး ဤမိသားစုခေါင်းဆောင်များက လျန့်ဝမ်ကျန်း၏ အိမ်၌ စုဝေးနေသဖြင့် အဖြေက သိသာနေလေပြီ။ သူတို့အားလုံးက အိုးရန်မျိုးနွယ်ကို သစ္စာဖောက်ပြီး နတ်ဘုရားမျိုးနွယ်နှင့် ပူးပေါင်းရန် ရွေးချယ်လိုက်ခြင်းပင်။
သူတို့ သစ္စာခံသော မျိုးနွယ်မှ လူများ လာသည်ကို မြင်သော်လည်း ဤမိသားစုခေါင်းဆောင်များက ထ၍ အရိုအသေပင် မပေးကြချေ။ သူတို့က အကြီးအကဲများသဖွယ် ထိုင်နေကြပြီး ယဲ့ဖန်အား အထင်သေးဟန်ဖြင့် ကြည့်ကာ မာန်တက်နေကြလေသည်။
ဤသည်က လှောင်ပြောင်ခြင်းဖြစ်သလို အထင်သေးခြင်းလည်း ဖြစ်သည်။ ဂျူနီယာဖြစ်သော ယဲ့ဖန်ကို အထင်အမြင် သေးနေခြင်းပင်။
အိုးရန်မိန်လင်တို့နှစ်ယောက်က လှောင်ရယ်နေကြပြီး ယဲ့ဖန်အား ပျက်လုံးသဖွယ် ကြည့်နေကြသည်။
သူတို့နှစ်ယောက်သည် လျန့်ဝမ်ကျန်းနှင့် အခြားသူများ၏ အထင်သေးမှုကို လုံးဝ တုံ့ပြန်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နတ်ဘုရားမျိုးနွယ်နှင့် ပူးပေါင်းလိုက်ပြီ ဖြစ်ပြီး လက်ရှိတွင် အိုးရန်မျိုးနွယ်တွင်း၌ ဟန်ဆောင်နေခြင်းသာ ဖြစ်လေသည်။
ဤခရီး၏ ရည်ရွယ်ချက်မှာ ယဲ့ဖန်ကို တစ်ချိန်လုံး စောင့်ကြည့်ပြီး သူ၏ တည်နေရာအား နတ်ဘုရားမျိုးနွယ်ထံ ပေးပို့ရန် ဖြစ်သည်။
ယဲ့ဖန်က နတ်ဘုရားမျိုးနွယ်၏ ပါရမီရှင်နှစ်ယောက်ကို သတ်ခဲ့သည် မဟုတ်ပါလော။ ယဲ့ဖန်ကို ပြန်မသတ်နိုင်လျင် နတ်ဘုရားမျိုးနွယ် ဘယ်လိုလုပ် ဒေါသကို ဖြေနိုင်မည်နည်း။
ယခုတစ်ခေါက်၌ ယဲ့ဖန် ဘယ်လို အဆုံးသတ်မလဲ သူတို့ ကြည့်ချင်နေကြသည်။
“ဒါ သခင်လေးပဲ၊ ဒီငယ်သား လျန့်ဝမ်ကျန်းက သခင်လေးကို ကြိုဆိုပါတယ်”
သူ့အပြုအမူက လူတိုင်း၏ အမြင်၌ ရွဲ့နေသလိုပင်။ သို့သော် သူသည် ယဲ့ဖန်ကို လှည့်စားချင်နေသည်။ သို့ရာတွင် ယဲ့ဖန်က သူနှင့် အချိန်ဖြုန်းချင်စိတ် မရှိသဖြင့် လိုရင်းကိုသာ တန်းပြောလိုက်သည်။
“လျန့်သခင်ကြီး ခင်ဗျား ဆက်သရမယ့် လက်ဆောင်တွေကို နောက်ရွေ့ထားတာ လချီနေပြီ၊ အခု ပေးဖို့ အချိန်တန်နေပြီ မဟုတ်လား”
လျန့်ဝမ်ကျန်း၏ အမူအရာက ချက်ချင်း အေးခဲသွားသည်။ ကျန်လူများအားလုံး၌ မှင်တက်သွားကာ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။ သူ တဲ့တိုး ပြောလာလိမ့်မည်ဟု သူတို့ မထင်ထားသည့်ပုံပင်။
*ဒီကောင် လူမှုရေးနဲ့ ပတ်သက်ပြီး ဘာမှမသိဘူးလား*
*ပိုက်ဆံတောင်းတာတောင် ဒီလောက် မောက်မာနေတယ်ပေါ့လေ*
အစကတည်းက သူတို့သည် ဆက်သဖို့ စိတ်ကူးမရှိချေ။ ယဲ့ဖန်၏ အပြုအမူကို မြင်သော် သူတို့ ပို၍ မပေးချင် ဖြစ်တော့မည် မဟုတ်ပါတကား။
*အရူးကောင်*
အိုးရန်မိန်လင်သည်လည်း စိတ်ထဲ၌ ပျက်ရယပြုနေသည်။
*လျန့်ဝမ်ကျန်းကို အိုးရန်ကျန်းတောင် မကိုင်တွယ်နိုင်တာ၊ သူ့ကို နင် မျက်နှာသာ မပေးရင် သူက နင့်ကို ကောင်းကောင်းဆက်ဆံမှာလား*
*အရူးပဲ*
လျန့်ဝမ်ကျန်းသည် အတော်ကြာအောင် အံ့ဩနေပြီးမှ ပုံမှန်အမူအရာအတိုင်း ပြန်ဖြစ်သွားပြီး အောင့်သက်သက် မျက်နှာနှင့် ပြောလာသည်။
“သခင်လေး နားလည်မှုလွဲနေပါပြီ၊ ကျုပ်က မပေးချင်တာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ လတွေက စီးပွားရေး မကောင်းဘူးလို့ ကျုပ် သတ်မှတ်ထားတဲ့နေ့ကို မပေးနိုင်တာပါ၊ ကျုပ် မပေးချင်တာ မဟုတ်ပါဘူး၊ ပေးဖို့ ပိုက်ဆံ မရှိတာပါ”
သူ၏ ကိုယ်နေဟန်ထားကို နှိမ့်ချထားသော်လည်း မျက်လုံးတွင်း၌ ခက်ထန်သော အရိပ်အယောင် ရှိနေသည်။ ယဲ့ဖန်၏ အဆင်အခြင်မဲ့မှုကြောင့် စိတ်ပျက်နေမှန်း သိသာလှသည်။
လျန့်ဝမ်ကျန်းဟူသော သူသည် ဤနယ်မြေ၌ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်ပြီး သူ မမြင်ဖူးသော မကောင်းဆိုးဝါး၊ သရဲတစ္ဆေနှင့် မြွေဟူ၍ မရှိချေ။ သို့သော် ယဲ့ဖန်တမျှ သွေးနားထင်ရောက်နေသော လူငယ်မျိုးကို သူ ယခုမှ မြင်ဖူးခြင်းပင်။
ဤသို့သော အပြုအမူက သူ့ကို သည်းမခံနိုင်အောင် ပြုလုပ်နေသည်။
“ဪ တကယ်လား …”
ယဲ့ဖန်က လျန့်ဝမ်ကျန်းက လှောင်ပြုံးနှင့်အတူ ကြည့်လိုက်သည်။
“တကယ်ပေါ့ … ငါ မင်းကို လိမ်စရာလား၊ မင်း ငါ့ကို မယုံရင် သူတို့ကို မေးကြည့်လိုက်”
လျန့်ဝမ်ကျန်းက မိသားစုခေါင်းဆောင်များကို လက်ညှိုးထိုးပြလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်၊ အခုတလော စီးပွားရေးက ခက်ခဲနေတယ်၊ ငါတို့အားလုံး အရှုံးပေါ်နေတာ၊ ငါတို့လည်း အိုးပေါ်က ပုရွက်ဆိတ်လို စိုးရိမ်ပူပန်နေရတာ၊ အဲ့ဒါကြောင့် ငါတို့ အစ်ကိုလျန့်ဆီလာပြီး ဘယ်လိုလုပ်ကြမလဲလို့ တိုင်ပင်နေတာပဲ”
“ငါတို့ အဖြေမတွေ့တာတော့ မဟုတ်ဘူး၊ တကယ်က ပိုက်ဆံမရှိတာ၊ မင်း ငါတို့ကို အချိန်နည်းနည်းလောက် ပေးလေ၊ ဈေးကွက် အခြေအနေကောင်းရင် ငါတို့ အရင်က ဆက်သရမယ့် လက်ဆောင်ပစ္စည်းတွေ ပေးမှာပါ”
“သခင်လေးက ကြင်နာတတ်ပါတယ်၊ သူ သဘောတူမယ်လို့ ငါ ထင်တယ် ဟုတ်တယ်မလား”
လက်ရှိ မိသားစုခေါင်းဆောင်များကလည်း ယဲ့ဖန်ကို အရူးလုပ်နေကြသည်။ သူတို့မျက်နှာပေါ်မှ လှောင်ပြုံးနှင့် မျက်လုံးတွင်းမှ အထင်သေးဟန်တို့ကို သိသိသာသာ မြင်နေရသည်။
“ဈေးကွက် မကောင်းတာလား၊ ဖြစ်နိုင်ပါ့မလား”
ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး စာရင်းစာအုပ်တစ်အုပ်ကို ကြမ်းပြင်ပေါ် ပစ်ချကာ လျန့်ဝမ်ကျန်းကို စေ့စေ့ ကြည့်သည်။
“ဒီစာအုပ်က ခင်ဗျားလက်အောက်က လောင်းကစားစံအိမ်က စာရင်းစာအုပ်ပဲ၊ အဲ့ထဲမှာ အသေးစိတ် မှတ်ထားတယ်၊ ခင်ဗျားတို့ရဲ့ လစဉ် ဝင်ငွေက စုစုပေါင်း စိတ်ဝိညာဉ် သလင်းကျောက် သုံးသန်းကျော်တယ်၊ ဒါ ခင်ဗျားရဲ့လုပ်ငန်းတွေထဲက တစ်ခုပဲ ရှိသေးတယ်၊ ဒါကို ခင်ဗျားက အရှုံးပေါ်နေတယ်လို့ ပြောချင်တာလား”
လျန့်ဝမ်ကျန်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး စာရင်းစာအုပ်ကို ခပ်သွက်သွက် ကောက်ယူ လိုက်သည်။ သို့သော် သူ့မျက်နှာက ရုတ်ချည်းဆိုသလို မည်းမှောင်သွားသည်။
“မင်း ဒီစာအုပ်ကို ဘယ်ကရတာလဲ”
အစက ယဲ့ဖန် သူ့ကို ဖြီးဖြန်းရန် ကြိုးစားနေသည်ဟုသာ သူ ထင်ခဲ့မိသည်။ သို့သော် စာရင်းစာအုပ်ထဲမှ အကြောင်းအရာများကို သူ တစ်ချက် ကြည့်လိုက်ပြီးနောက် တွေဝေသွားရသည်။
အဘယ်ကြောင့်ဆိုသော် ယင်းမှာ တကယ်ပင် သူ၏ လောင်းကစားစံအိမ်မှ စာရင်းစာအုပ် ဖြစ်နေသော ကြောင့်ပင်တည်း။ သို့သော် ယင်းက ဘယ်လိုလုပ် ယဲ့ဖန်၏ လက်ထဲသို့ ရောက်သွားသလဲ။
“ခေါင်းဆောင်လျန့်က ဝန်ခံလိုက်တဲ့ပုံပဲ”
ယဲ့ဖန် လှောင်ရယ်လိုက်ပြီးမှ ကျန်မိသားစုခေါင်းဆောင်များကို ကြည့်လိုက်သည်။
“ခင်ဗျားတို့ရဲ့ စာရင်းစာအုပ်တွေလည်း ကျုပ်လက်ထဲမှာ ရှိပြီးသား၊ ကျုပ် ခင်ဗျားတို့ တစ်ယောက်ချင်းစီကို ပြရမလား”
ထိုအခါ လူတိုင်း၏ မျက်နှာက မည်းမှောင်သွားပြီး ယဲ့ဖန်အား ဒေါသတကြီး စိုက်ကြည့်လာကြကာ သတ်ချင်ဖြတ်ချင်စိတ်က လေထုထဲ ပျံ့လွင့်လာသည်။
ယဲ့ဖန်က သူတို့ကို ပေါ်ပေါ်ထင်ထင် အရှက်ခွဲလိုက်ခြင်းပင်။
ထိုစဉ် အိုးရန်မိန်လင်က ရုတ်တရက် ခေါင်းခါလာသည်။
*ဒီကောင်က ယဉ်ကျေးမှုဆိုတာ ဘာလဲ တကယ် မသိတဲ့ပုံပဲ၊ အခုရှိတဲ့ မိသားစုခေါင်းဆောင်အားလုံးကို သူ တစ်ခါတည်း ရန်စရတယ်လို့*
*လူ့ယဉ်ကျေးမှု အခြေခံလေးတောင် မသိပါလား*
ယခုအချိန်တွင် ယဲ့ဖန် လက်ဆောင်ပစ္စည်း ရရန်မဆိုထားနှင့် ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလား ဆိုသည်ကိုပင် ပြောရခက်ပေသည်။
“သခင်လေးက ပျင်းနေတဲ့ပုံပဲ”
လျန့်ဝမ်ကျန်း၏ အပြုံးတောင်မှ အေးခဲနေသည်။ တစ်ဖက်လူက သူတို့ကို မျက်နှာသာ မပေးမှန်း သိသာနေသဖြင့် သူ ဆက်၍ ဟန်ဆောင်နေရန် မလိုတော့ပေ။
“ကောင်းပြီလေ ဒါဆိုလည်း စိတ်ဝင်စားစရာကောင်းတဲ့ တခြားကိစ္စကို ပြောကြတာပေါ့”
ယဲ့ဖန် ရယ်လိုက်ပြီးမှ ကျိုးမိသားစုခေါင်းဆောင်ကို လက်ညှိုးထိုးပြသည်။
“ကျောက်မိသားစုခေါင်းဆောင်က လောင်းကစားသမား ဖြစ်ခဲ့ဖူးတယ်၊ တစ်မိသားစုလုံးက အကြွေးရှင် သတ်တာကို ခံလိုက်ရတာ၊ ထွက်ပြေးရင်းနဲ့ ငါ့အဘိုး နယ်မြေထဲ ရောက်လာပြီးတော့ သူက ခင်ဗျားသွေးကြွေးကို ဆပ်နိုင်အောင် ကူညီပေးခဲ့တယ်”
“ချမ်မိသားစုခေါင်းဆောင်က အစက နိုင်ငံတစ်ခုရဲ့ စစ်သူကြီးပဲ၊ ဒါပေမဲ့ စစ်မြေပြင်က ထွက်ပြေးခဲ့လို့ ဘုရင်ရဲ့ ဖမ်းဆီး သတ်ဖြတ်တာကို ခံခဲ့ရတယ်၊ ခင်ဗျားကိစ္စကို ကျေအေးအောင် စိတ်ဝိညာဉ် သလင်းကျောက် သန်းချီသုံးခဲ့တဲ့သူက ကျုပ်အဘိုးပဲ၊ ပြီးတော့ သူက ခင်ဗျားနဲ့ တစ်ခါပဲ တွေ့ဖူးတာ၊ ခင်ဗျား အကူအညီ တောင်းတော့ သူက တစ်ခါတည်း ကူညီပေးခဲ့တယ်”
“စွန်းမိသားစုခေါင်းဆောင်၊ အရင်က အောက်ခြေလူတန်းစားမျိုးရိုး၊ ငတ်မွတ်ဘေးကြောင့် ဒီကို ထွက်ပြေး လာခဲ့တယ်၊ မိန်းမနဲ့ ကလေးတွေ ဆာလောင်မှုကြောင့် သေလုနီးပါး ဖြစ်ခဲ့တယ်၊ ခင်ဗျားကို စောင့်ရှောက်ခဲ့တာ ကျုပ်အဘိုးပဲ၊ ခင်ဗျားကို စားဖို့သောက်ဖို့ပေးတယ်၊ အလုပ်ပေးတယ်၊ ဂုဏ်ကျက်သရေနဲ့ ကြွယ်ဝမှုကိုတောင် ပေးခဲ့သေးတယ်”
ယဲ့ဖန်၏ စကားလုံးတိုင်းက မိသားစုခေါင်းဆောင်များ၏ မျက်နှာအမူအရာကို ရှုံ့မဲ့သွားစေသည်။
“ပြီးတော့ ခင်ဗျား …”
ယဲ့ဖန်က လျန့်ဝမ်ကျန်းကို ရုတ်တရက် လက်ညှိုးထိုးလာပြီး အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။
“လျန့်ဝမ်ကျန်း ခင်ဗျား အရင်တုန်းက နတ်ဘုရားမျိုးနွယ်ကို ရန်စခဲ့မိလို့ ခင်ဗျားရဲ့ မိသားစုဆွေမျိုး ဆယ့်ရှစ်ယောက်လုံး ဆိုးဆိုးရွားရွား သေခဲ့ရတယ်၊ ခင်ဗျားကို ကယ်တင်ပေးထားခဲ့တာ ကျုပ်အဘိုး၊ လျန့်မိသားစုရဲ့ တစ်ဦးတည်းသော မျိုးဆက်ဆိုပြီး ခင်ဗျားကို ပျိုးထောင်ခဲ့တယ်၊ သူက ခင်ဗျားကို တရားဝင် ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေပါ ပေးခဲ့သေးတာ”
“ပြီးတော့ ခင်ဗျားတို့တွေ … ခင်ဗျားတို့ ဘာလုပ်ခဲ့သလဲ”
ဤနေရာ၌ ရှိနေသည့်လူတိုင်း အိုးရန်ကျန်း၏ ဖေးမကယ်ဆယ်ခြင်းကို ရရှိခဲ့သည်။ သို့သော် အဆုံးသတ်၌ သူတို့အားလုံးက အိုးရန်ကျန်းကို သစ္စာဖောက်ခဲ့လေပြီ။
လျန့်ဝမ်ကျန်းနှင့် အခြားသူများ၏ မျက်နှာထားများ သုန်မှုန်နေကာ အံကိုကြိတ်၍ ဒေါသကို မျိုသိပ်နေရသည်။ လက်ရှိအချိန်တွင် ဒေါသထွက်ခြင်းက ရှက်စရာကောင်းနေ၏။
“ဘယ်လိုလဲ၊ ဒါ စိတ်ဝင်စားဖို့ကောင်းရဲ့လား”
ယဲ့ဖန် ထေ့ငေါ့၍ မေးလိုက်သည်။
အိုးရန်မိန်လင်နှင့် သူတို့အနောက်မှ အခြားသူများအားလုံး အံ့ဩသွားကြသည်။
*ဒီကောင် သေတွင်းတူးနေတာပဲ*
*မောက်မာလွန်းလိုက်တာ*
*လျန့်ဝမ်ကျန်းနဲ့ အခြား အင်မော်တယ် ဧကရာဇ်အဆင့် လူတွေရှေ့မှာ ဒီလို အရေးမပါတာတွေ ပြောလို့ ရိုက်သတ်ခံရမှာကို သူ မကြောက်ဘူးလား*
*ဒီလို လူတွေရဲ့ အတိတ်ကို ပြန်ဖော်ပြီး ပြောဆိုတာနဲ့ အရှက်ခွဲတာနဲ့ ဘာများ ကွဲနေလို့လဲ*
“ယီးပဲ မင်း သိအောင် ငါ ပြောလိုက်မယ်၊ ငါ ကျေးဇူးမသိတတ်ဘူးကွာ၊ အဲ့တော့ မင်း ဘာလုပ်နိုင်လဲ”
ကျောက်မိသားစုခေါင်းဆောင် ဒေါသထွက်လာပြီး ယဲ့ဖန်အားစူးစူးရဲရဲ စိုက်ကြည့်လေသည်။
“ငါ မင်းကို တစ်ပြားမှ မပေးနိုင်ဘူး၊ အစွမ်းအစရှိရင် အိုးရန်ကျန်းကိုယ်တိုင် ငါ့ဆီ လာတောင်း”
“ဟေ့ကောင် ဒါ ငါတို့နဲ့ မင်းအဘိုးကြားက ကိစ္စပဲ ၊ မင်းက ဘာမို့လို့လဲ၊ မင်းမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့ ငါတို့ကို လာဝေဖန်နေတာလဲ”
ချမ်မိသားစုခေါင်းဆောင်ကလည်း နှာမှုတ်၍ လူသတ်ချင်နေသော အကြည့်တို့ဖြင့် ပြောလာသည်။
“စကားလေး နည်းနည်းပါးပါးလောက်က ငါတို့ စိတ်ဝိညာဉ် သလင်းကျောက်တွေ ထုတ်ပေးလာအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်နေတာလား၊ အိပ်မက်တွေ တကယ် ဖြစ်လာပါစေလို့ ဆုတောင်းနေလိုက်”
လူတိုင်းက ယဲ့ဖန်ကို အေးစက်စက် အကြည့်များဖြင့် ကြည့်လာကြသည်။ ယဲ့ဖန်က သူတို့ကို အရေခွံခွာမည်ဟု ဆုံးဖြတ်ထားလျင်လည်း သူတို့ ဘာမှမစိုးရိမ်ပါ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် နတ်ဘုရားမျိုးနွယ်နှင့် ပူးပေါင်းရန် အသင့်ဖြစ်နေပြီဖြစ်သဖြင့် အိုးရန်ကျန်း ကိုယ်တိုင် လာလျင်တောင်မှ သူတို့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပါ။
ယဲ့ဖန်က သူတို့ကိုကြည့်၍ အပြုံးမမည်သာသော အပြုံးနှင့် ပြောလိုက်သည်။
“ဆိုတော့ ခင်ဗျားတို့ လက်ဆောင်ပစ္စည်း မဆက်သနိုင်ဘူးပေါ့၊ အဲ့သလိုလား”
“မင်းအမေကြီးကိုပဲ ပေးလိုက်၊ မင်းမှာ အစွမ်းအစရှိရင် လာယူလေ”
မောက်မာသော မျက်နှာထားများနှင့် တစ်ယောက်ပြီးတစ်ယောက် ပြောလာ၏။
“မင်းက ဘာမို့လို့လဲ၊ ငါတို့ဆီက စိတ်ဝိညာဉ် သလင်းကျောက် တောင်းရအောင် မင်းနဲ့ ထိုက်တန်လို့လား”
အခြားမိသားစုခေါင်းဆောင်များကလည်း အသီးသီး ပြောဆိုလာပြီး ယဲ့ဖန်အား အထင်သေးစွာ ကြည့်နေကြသည်။ သူတို့ မပေးရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ ယဲ့ဖန်က သူတို့ကို ဘာလုပ်နိုင်မည်နည်း။
“ခင်ဗျားတို့ ပေးလာမှာပါ”
ယဲ့ဖန်က ရယ်၍ နောက်လှည့်ကာ ထွက်လာလိုက်သည်။
*ဘာ*
လျန့်ဝမ်ကျန်းနှင့် အခြားသူများ မှင်တက်သွားသည်။
*သူက ဘာလို့ ဒီအတိုင်း ထွက်သွားတာလဲ*
*ဒီကောင်က ဒီလောက် လေကျယ်ထားတာ၊ ထင်သလောက် မတော်ဘူးလား*
“အောင်မလေး ကျွန်တော် ကြောက်လိုက်တာဗျာ …”
ကျောက်မိသားစုမှ လူငယ်တစ်ယောက်က ချက်ချင်း ထလှောင်လေသည်။
“ဒါ ခွန်အားမရှိတဲ့ ခြိမ်းခြောက်မှုလား၊ အရေးမပါလိုက်တာ”
ကျောက်မိသားစုခေါင်းဆောင်က အထင်သေးစွာ ခေါင်းခါလိုက်သည်။
“သူက အတော်လေး ကောင်းနေပါပြီ၊ အနည်းဆုံးတော့ ငါတို့နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သူ ဘောင်းဘီထဲ သေးပေါက်မချဘူးလေ ဟားဟားဟား”
“အမှိုက်ကောင်တစ်ကောင်နဲ့ ဘာလို့ အချိန်ကုန်ခံနေမှာလဲ၊ ဆက်သောက်ရအောင်”
ဘယ်သူမှ ယဲ့ဖန်၏ စကားကို စိတ်ထဲမထားကြချေ။ ဤသည်က အားမပါသော ခြိမ်းခြောက်မှုဟုသာ သူတို့ တွေးထင်နေကြပြီး ယဲ့ဖန်က သူတို့ကို တစ်ခုခု လုပ်နိုင်သည်ဟု လုံးဝ မယုံကြည်ထားပါ။
ထိုအခိုက်တွင် ယဲ့ဖန်က လျန့်ဝမ်ကျန်း၏ စံအိမ်အပြင်ဘက်သို့ ရောက်နေပြီး သူ့အနောက်မှ အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ ပါလာသည်။ နှစ်ယောက်လုံးက ပြုံးနေကြသည်။ ကျေနပ်အားရနေသော အပြုံးပင်။
*ဒီကောင့်မှာ လှည့်ကွက်တွေ ရှိနေမယ်လို့ ထင်ထားတာ၊ တကယ်တမ်းကျတော့ သူက ကြောက်ပြီး ပြန်ပြေး လာပါလား*
*အဆုံးသတ်ကြတော့ သူက ဘာမှမထိခိုက်နိုင်တဲ့ စကားပဲပြောပြီး ပြန်ထွက်လာတယ်၊ တော်တော်ကို အဓိပ္ပာယ် မရှိတာ*
“ဝမ်းကွဲညီလေး မင်း ဘာဆက်လုပ်မှာလဲ၊ မင်း လျန့်ဝမ်ကျန်းအိမ်ကို ညဘက် ဝင်တိုက်မှာလား”
အိုးရန်ရှောက်ကျွင်းက မထီမဲ့မြင်ဟန်ဖြင့် ပြောလာသည်။ သူ လိုက်လာ၍ တော်သေးသည်။ သို့မဟုတ်ပါက ဤပွဲကြီးပွဲကောင်းကို သူ မြင်လိုက်ရမည် မဟုတ်ပါ။
ယဲ့ဖန်က လူပေါင်းများစွာ၏ အနှိမ်ခံနေရသည်ကိုမြင်သော် သူ ပို၍ စိတ်လှုပ်ရှားမိသည်။
“ဝမ်းကွဲအစ်ကို အဲ့လိုလုပ်ဖို့ မဖြစ်ဘူးနော်၊ ရှင် သေသွားလောက်တယ်၊ အဆုံးသတ် ကောင်းမှာမဟုတ်ဘူး”
အိုးရန်မိန်လင်က ဟန်လုပ်ထားသော အမူအရာဖြင့် အော်ဟစ်လေသည်။
“သခင်မလေး သူ သွားရဲမယ်လို့ ရှင် တကယ် ထင်နေတာလား၊ သူက သူ အသုံးမကျတာကို စကားလုံး ကြမ်းကြမ်းတွေနဲ့ ဖုံးနေတာပါ၊ သူသာ အဲ့မိသားစုခေါင်းဆောင်တွေကို နာနာခံခံနဲ့ လက်ဆောင် ဆက်သလာအောင် လုပ်နိုင်ရင် ကျွန်မ ကိုယ့်ခေါင်းကိုယ် ဖြတ်ပြီး သူ ဘောလုံးလိုကန်ဖို့ ပေးလိုက်ဦးမယ်”
ကျောက်ပေါက်မာ ပရပျစ်နှင့် အစေခံမက သရော်ပြော ပြော၍ ယဲ့ဖန်အား အထင်သေးစွာ ကြည့်နေ၏။