← Chapters

ညဉ့်နက်ချိန်၌ လည်ပတ်ခြင်း

Vol. 114 Ch. 1700

ညဉ့်နက်ချိန်၌ လည်ပတ်ခြင်း

Vol. 114 Ch. 1700

“ဟဲ့ဟဲ့ မင်း ဘာပြောလိုက်တာလဲ၊ မင်း အမှန်ကို ပြောနေရင် ငါ့ဝမ်းကွဲအစ်ကို ဘယ်နားမှာ မျက်နှာ သွားထား ရမလဲ”

အိုးရန်မိန်လင်က ဒေါသသံဖြင့် ပြောလိုက်သော်လည်း သူ့မျက်နှာပေါ်မှ အပြုံးက ပိုပို၍ ပီပြင်လာသည်။

“ဝမ်းကွဲအစ်ကို တောင်းပန်ပါတယ်၊ ကျွန်မအစေခံက မသိတတ်တော့ မဟုတ်တမ်းတရားတွေ လျှောက် ပြောနေတာ၊ ငါ သူတို့ကို နောက်မှ ကြပ်ကြပ်မတ်မတ် ပြန်ဆုံးမလိုက်ပါ့မယ်”

အိုးရန်မိန်လင်က ဟန်ဆောင်၍ တောင်းပန်လေသည်။ တကယ်တမ်းတွင် ယဲ့ဖန် အသာစီးမရသဖြင့် သူမလောက် ပျော်နေသူ မရှိပါ။

လက်ရှိအချိန်၌ ဤခရီးစဉ်သို့ လိုက်ပါလာသည့် လူတိုင်းနီးပါးက ယဲ့ဖန်ကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လာကြသည်။

ထို့အတူ ယဲ့ဖန်က ထိုမိန်းကလေးကို စိုက်ကြည့်၍ အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

“ဒီတော့ သူတို့အားလုံး ပေးရမယ့် လက်ဆောင်ပစ္စည်းတွေ ပေးလာအောင် ငါ လုပ်နိုင်ရင် မင်းက ကိုယ့်ခေါင်း ကိုယ် ပြန်ဖြတ်မယ်ပေါ့၊ အဲ့လိုလား”

သူမက ခေါင်းကိုမော်၍ မောက်မာမှုအပြည့်ဖြင့်ကြည့်ကာ ပြန်ပြောလေသည်။

“နင်သာ လုပ်နိုင်တယ်ဆိုရင်ပေါ့”

“ရှောင်လင် မဟုတ်တာတွေ မပြောနဲ့”

အိုးရန်မိန်လင်က ဟန်ဆောင်၍ ဆူပူလိုက်ပြီး သက်ပြင်းချလေသည်။

“ဝမ်းကွဲအစ်ကို ကျွန်မ ဆုံးမမယ်လို့ ကတိပေးပါတယ်၊ နင် ဘာလို့ ဒီလိုလုပ်တာလဲ၊ အဲ့လို ဖြစ်မလာဘူးဆိုရင် နင် ဘယ်လိုလုပ်မလဲ၊ ရှက်ရမယ့်သူက နင် ဖြစ်မသွားဘူးလား”

ထိုစကားက သတိပေးချက်တစ်ခုသာပင်။ ထိုအခါတွင်မှ ရှောင်လင် ရုတ်တရက် သတိဝင်လာပြီး ခပ်သွက်သွက် ပြောလိုက်သည်။

“ဒါနဲ့ နင် မလုပ်နိုင်ရင် ဘာလုပ်မှာလဲ”

“မင်းက ဘာလုပ်စေချင်တာလဲ”

ယဲ့ဖန် ပြန်မေးလိုက်သည်။ ထိုအခါ ရှောင်လင်၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးမျိုး ပေါ်လာ၏။

“အဲ့လိုဆိုရင် နင် ငါ့ရှေ့မှာ ဒူးထောက်ပြီး ငါ့ကို အန်တီလို့ ခေါ်ရမယ်”

ဟာ…

လူတိုင်း ထိတ်လန့်သွားသည်။ ဤရှောင်လင်သည် ထင်မထားလောက်အောင် မောက်မာပေ၏။ အကယ်၍ ယဲ့ဖန်သာ ထိုသို့လုပ်ရမည်ဆိုလျင် မျိုးနွယ်တွင်း၌ သူ ဦးမော့နိုင်မည် မဟုတ်ပါ။

“ရှောင်လင် နင် လွန်လွန်းနေပြီ”

အိုးရန်မိန်လင်က ဆက်လက်၍ ငေါက်ငမ်းဟန်ဆောင်ပြီးနောက် ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။

“ဝမ်းကွဲအစ်ကို ကျွန်မ ဒီကောင်မလေးကို အလိုလိုက်ထားခဲ့မိလို့ပါ၊ အဲ့လောက် စိတ်ထဲ မထားပါနဲ့”

“နင် မေ့ရဲမေ့ကြည့်လိုက်”

ရှောင်လင်သည် အိုးရန်မိန်လင်အနား၌ နှစ်ပေါင်းများစွာ အလုပ်အကျွေး ပြုလာသူ ဖြစ်သဖြင့် ဘယ်လိုလုပ် အိုးရန်မိန်လင်၏ စိတ်ကို မသိဘဲ နေမည်နည်း။ သူမ ဆက်လက်၍ပင် အသံကောင်း ဟစ်နေလိုက်သည်။

ရန်စလိုက်သော နည်းလမ်းပင်။

ဤသည်ကိုမြင်သော် အစေခံအားလုံးက မချိုမချဉ် ပြုံးလိုက်ကြပြီး ယဲ့ဖန် အရှက်ကွဲမည့်အချိန်ကို မြင်ချင် နေကြသည်။

“ကောင်းပြီလေ၊ ဒီအလောင်းအစားကို ငါ သဘောတူတယ်”

ယဲ့ဖန်က နှစ်လိုစွာ ပြုံးလိုက်ပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။

“ကျောက်အိမ်တော်ကို သွားမယ်”

ထိုစကားကိုကြားသော် လူတိုင်း အံ့ဩသွားကြပြီး မယုံနိုင်သော အမူအရာများ ဖြစ်သွားကြသည်။

*ဒီကောင် ဘယ်လိုလုပ် သဘောတူရဲတာလဲ*

*ဒါ ရူးနေတာပဲ ဟုတ်တယ်မလား*

*သူ အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ တကယ် ထင်နေတာလား*

*ရယ်ချင်စရာပဲ*

*ဒီကောင် လုပ်နေတာက လူရယ်ချင်စရာပဲ၊ သူကိုယ်တိုင်ကိုက လူပြက်နဲ့ တူနေပြီ*

ထိုသို့သောအချိန်၌ အိုးရန်မိန်လင်က ရှောင်လင်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှောင်လင်တစ်ယောက် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤအကြည့်က ဆုလာဘ်များစွာ ရရှိတော့မည့်အကြည့် ဖြစ်ကြောင်း သူမ သိနေသောကြောင့်ပင်တည်း။

အိုးရန်မိန်လင်သည်လည်း စိတ်ထဲမှနေ၍ လှောင်ရယ်နေသည်။

*လတ်စသက်တော့ ဒီကောင်က စိတ်လှုပ်ရှားလွယ်တာပဲ၊ ဒီလိုမှန်းသာ သိခဲ့ရင် ငါ ဒီလောက် အချိန်ဖြုန်းမှာ မဟုတ်သလို အားကုန်ခံပြီး သူ့ကို မျက်နှာလုပ်နေမှာ မဟုတ်ဘူး*

အိုးရန်ရှောက်ကျွင်းက နောက်လှည့်၍ သူ့အစေခံကို ကြည့်လိုက်သည်။

“အဲ့ကောင် ရှုံးတဲ့အခါကျရင် မင်း ကျယ်ကျယ် အော်ရယ်လိုက်”

“သခင်လေး စိတ်မပူပါနဲ့၊ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး သူ့ကို ဆွဲချမှာပါ”

အစေခံများအားလုံးက ထီမထင်သော အပြုံးများ ပြုံးနေကြသည်။

“ဒီတစ်ခေါက် သူ ဘယ်လို လုပ်ဦးမလဲ ငါ ကြည့်ရသေးတာပေါ့၊ ဟားဟားဟား”

အိုးရန်ရှောက်ကျွင်း စိတ်ပါလက်ပါ ရယ်မောလိုက်ပြီး ရင်ထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေသည်။

တစ်ခဏကြာသော် သူတို့ ကျောက်မိသားစုစံအိမ်သို့ ရောက်လာပြီး ယဲ့ဖန် ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွား လေသည်။

ထိုအခါ အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ကလည်း အခြေအနေကို သိချင်၍ လိုက်လာချင်ကြသည်။ သို့သော် ယဲ့ဖန်က သူတို့ကို တားဆီးလိုက်၏။

“မင်းတို့ ငါ့ကို အပြင်ကနေ စောင့်နေ”

“ရှင် ကျွန်မတို့ အကူအညီ မလိုဘူးလား”

အိုးရန်မိန်လင် အံ့ဩသွားသည်။

*ယဲ့ဖန်က ကျောက်မိသားစု စံအိမ်ထဲကို တစ်ယောက်တည်း ဝင်သွားမလို့လား၊ သူ ရူးနေတာလား*

*သူ ခုနတုန်းက ကျောက်မိသားစုခေါင်းဆောင်ကို ရန်စခဲ့တာကို မမှတ်မိတော့ဘူးလား၊ သူ သွားအရှက်ကွဲခံ ဦးမလို့လား*

သို့သော် ယဲ့ဖန်က လှောင်ရယ်လိုက်သည်။

“မင်းတို့ အမှိုက်ကောင်နှစ်ကောင်က ငါ့အတွက် ဘာလုပ်ပေးနိုင်လို့လဲ”

“မင်း/နင်…”

နှစ်ဘောက်လုံး ထောင်းခနဲ ဒေါသထွက်လာကြသည်။

“ဒါဆိုလည်း ဝမ်းကွဲအစ်ကို အောင်ပွဲနဲ့အတူ ပြန်လာနိုင်ပါစေလို့ ကြိုဂုဏ်ပြုလိုက်ပါတယ်”

အိုးရန်မိန်လင်က ရေခဲတမျှ အေးစက်သော အပြုံးနှင့် ပြောလိုက်သည်။ ယဲ့ဖန်က အထင်သေးစွာ ပြုံးလိုက်ပြီး ကျောက်မိသားစု အိမ်တော်ထဲသို့ ဝင်သွားသည်။

အိုးရန်ရှောက်ကျွင်းက အေးစက်စွာ ခနဲ့တဲ့တဲ့ ပြောဆို၏။

“အဲ့ကောင်က သူ့ရဲ့ ဆိုးရွားတဲ့ အခြေအနေကို ငါတို့ မြင်သွားမှာ စိုးရိမ်နေတဲ့ပုံပဲ၊ အဲ့ဒါကြောင့် ငါတို့ကို သူ တမင်သက်သက် တားပြီး ကျောက်မိသားစုခေါင်းဆောင်ကို တစ်ယောက်တည်း သွားတွေ့ဖို့ ကြိုးစားတာနေမယ်၊ တကယ့် အရူးပဲ”

“ပါးစပ်ပိတ်ထား ငါ့ဆရာကို အဲ့လိုမပြောနဲ့၊ မဟုတ်လို့ကတော့ ငါ နင့်ကို သွေးတွေ ငေါက်ခနဲ ထွက်လာအောင် လုပ်ပစ်မယ်”

အိုးရန်ယွင်က အိုးရန်ရှောက်ကျွင်းကို စူးစိုက်ကြည့်လိုက်သည်။ အိုးရန်ရှောက်ကျွင်း မျက်နှာ သုန်မှုန်သွားပြီး အိုးရန်ယွင်ကို ပြန်ကြည့်လေသည်။

“မင်း ဘာပြောတာလဲ ခွေးမ၊ အဲ့အမှိုက်ကောင်နောက် လိုက်တာ နည်းနည်းလောက် ကြာသွားတာနဲ့ အကြောမာ လာတာလား၊ မင်းကများ ငါ့ကို ဒီလို ပြောရဲသလား”

အသက်အရွယ်အရဆိုလျင် သူက အိုးရန်ယွင်ထက် နှစ်နှစ်ရာ ပိုကြီးသည်။ ခွန်အားအရဆိုလျင်လည်း သူက အိုးရန်ယွင်ထက် သိုင်းအဆင့် ပိုမြင့်သည်။ သို့သော် အိုးရန်ယွင်က သူ့ကို ဤသို့ ခြိမ်းခြောက်ရဲသည်တဲ့လား။

*ခွေးမ ဟုတ်လား*

ထိုစကားကိုကြားသော် အိုးရန်ယွင် ထပ်၍ သည်းမခံနိုင်တော့ဘဲ အိုးရန်ရှောက်ကျွင်းထံ ပြေးဝင်၍ ကြမ်းကြုတ်စွာ တိုက်ခိုက်လေသည်။

“ဪ … အသက်မရှင်ချင်တော့တဲ့သူပဲ”

သို့သော် အိုးရန်ရှောက်ကျွင်းက အထင်သေးဟန်ဖြင့်သာ ကြည့်နေပြီး ပြန်တိုက်ခိုက်လာသည်။

“ဒီနေ့ ငါ မင်းကို ကျောင်းမှန်းကမ်းမှန်းသိအောင် သင်မှရတော့မယ်”

ထို့နောက် သူ့အရှေ့မှ အိုးရန်ယွင်ကို လက်သီးဖြင့် ပိတ်ထိုးလိုက်ပြီး သူ့အရှိန်အဝါကို ထုတ်ဖော်လိုက်ကာ လူသတ်ချင်စိတ်က ပြင်းထန်စွာ ထွက်ပေါ်လာ၏။

ဤလက်သီးချက်တွင် သူ ဘာကိုမှ ထိန်းချုပ်ထားခြင်း မရှိချေ။ သူ အိုးရန်ယွင်ကို ဒုက္ခိတဖြစ်အောင် လုပ်ရန် ကြံစည်ထားသည်။

သူ့မျက်လုံးထဲတွင် စာနာစိတ်ဟူ၍ လုံးဝ မရှိသလို အိုးရန်ယွင်အား သူ့မိသားစုဝင်ဟု သတ်မှတ်ထားခြင်း မရှိပါ။

အိုးရန်ယွင်ကလည်း သတိပြုမိသဖြင့် သူမလက်သီးချက်တွင် အားကုန်ထည့်ထားပြီး သက်ညှာမှု လုံးဝ မရှိချေ။

ဤသည်ကိုမြင်သော် အိုးရန်မိန်လင်နှင့် အခြားသူများ တောင့်ခနဲ ဖြစ်သွားပြီး အိုးရန်ယွင်အား မယုံနိုင်သလို ကြည့်လာကြသည်။

*ဒီမိန်းမက အိုးရန်ရှောက်ကျွင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ချင်တာလား*

*ဒါ မဖြစ်နိုင်ဘူးလေ*

အိုးရန်ရှောက်ကျွင်း၏ ခန္ဓာကိုယ်က အလွန် သန်မာကြံ့ခိုင်သည်။ အိုးရန်မျိုးနွယ်တွင်း၌ သူ့ကို ထိပ်တိုက် တွေ့ရဲသည့် မရှိချေ။ လက်ချည်းဗလာဖြင့် ရင်ဆိုင်လျင် သေပွဲသာ ဝင်ရပေမည်။

“အရူးမ”

အိုးရန်ရှောက်ကျွင်း ထီမထင်ဟန် ပြုံးလိုက်သည်။ လက်သီးထဲ ပို့လွှတ်ထားသည့် ခွန်အားက ပို၍ ကြမ်းကြုတ် လာ၏။

“ဝုန်း”

နှစ်ယောက်လုံး၏ လက်သီးများ ထိပ်တိုင်တွေ့သွားကြသည်။ ထို့နောက်တွင်မူ ပြတ်သားသော အရိုးကျိုးသံ ထွက်ပေါ်လာသည်။

“ဂျွတ်”

“အိုးရန်ယွင်က အရူးပဲ၊ သခင်လေးနဲ့ ထပ်တိုက်တွေ့ဖို့ စဉ်းစားရတယ်လို့၊ ဒါ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်မနေဘူးလား၊ ဒီတစ်ခေါက်တော့ သူ ကံဆိုးပြီ”

အစေခံများက နှစ်ထောင်းအားရ ပြုံးနေကြပြီး အရိုးကျိုးသွားသူက အိုးရန်ယွင် ဖြစ်လိမ့်မည်ဟု ထင်မှတ် နေကြသည်။

“အား ….”

သို့သော် အော်သံတစ်သံကို အားလုံး ကြားလိုက်ရပြီး ထိုအသံက ယောက်ျားတစ်ယောက်၏ အော်သံဖြစ်ကြောင်း သူတို့ သတိထားမိသွားကြသည်။

ထို့နောက်တွင်မူ အိုးရန်ရှောက်ကျွင်း လွင့်ထွက်လာပြီး မြေကြီးပေါ် အရှိန်ဖြင့် ကျကာ လက်သီးတစ်ခုလုံး စုတ်ပြတ်သတ်နေသည်။

လက်မှ သွေးများ စိမ့်ထွက်၍နေသည်။ လက်ငါးချောင်းလုံး လိမ်ဖယ်နေကာ လုံးဝ ပုံပျက်နေ၏။

*အိုးရန်ရှောက်ကျွင်း နည်းနည်းလေးမှ မညှာထားဘူးလေ၊ ဘာလို့ အိုးရန်ယွင်က ဘာမှမဖြစ်တာလဲ*

တိတ်ဆိတ်သွားသည်။ သုသာန်အလား ငြိမ်သက်နေ၏။ လူတိုင်း အံ့ဩမှင်တက်ကာ မယုံနိုင်စွာ ကြည့်နေကြသည်။

*ရှုံးသွားတယ်*

*ထိပ်တိုက်တွေ့တဲ့ ရန်ပွဲမှာ အိုးရန်ရှောက်ကျွင်း ရှုံးသွားတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*အိုးရန်ရှောက်ကျွင်းရဲ့ ခန္ဓာကိုယ်က မိသားစုတစ်ခုလုံးက လူငယ်မျိုးဆက်တွေထဲမှာ အသန်မာဆုံးလေ*

*ဒါပေမဲ့ သူက အိုးရန်ယွင်ဆီမှာ ရှုံးသွားတာလား*

*ဒါ ထင်ယောင်ထင်မှား ဖြစ်တာများလား*

အိုးရန်ရှောက်ကျွင်း၏ လက်မောင်းများ တုန်နေပြီး အရိုးထဲအထိ စိမ့်နေသော နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့ နေသည်။ အိုးရန်ယွင်ထံ၌ သူ ရှုံးသွားခြင်းကို မယုံနိုင်သည့်ပုံပင်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အိုးရန်ယွင်က သူ့အား သေးနုပ်သော ပုရွက်ဆိတ်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။

“နောက်ထပ် အခွင့်အရေးသာ ရှိမယ်ဆိုရင် ငါ နင့်ကို သတ်မှာ”

ထိုအသံတွင် ခံစားချက်ကင်းမဲ့၍ အညှာအတာမဲ့ကာ လူသတ်လိုစိတ်များ ပြည့်နှက်နေ၏။

အိုးရန်ရှောက်ကျွင်း တုန်သွားပြီး မျက်နှာအမူအရာက ချက်ချင်း ဖြူရော်လာသည်။ အဘယ်ကြောင့်ဆိုသော် အိုးရန်ယွင် နောက်နေခြင်း မဟုတ်မှန်း သူ ခံစားမိသောကြောင့်ပင်။

*ဒီကောင်မလေး ဘယ်တုန်းက ဒီလောက် သန်မာလာတာလဲ*

“ပြောတာ ကြားလား”

အိုးရန်ယွင် ရုတ်တရက် ထအော်လိုက်ပီး လူသတ်ချင်စိတ်က ဝုန်းခနဲ ပေါက်ကွဲထွက်လာကာ ခြေတစ်ဖက်ကို ဆောင့်လိုက်သည်။ ထိုအခါ ဆယ်မီတာကျော်သော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

အိုးရန်ရှောက်ကျွင်း၏ အမူအရာ ပျက်ယွင်းသွားပြီး အံကြိတ်၍ ပြန်ပြောလိုက်သည်။

“ကြားတယ်”

လက်ရှိအချိန်၌ သူ မဆန့်ကျင်ရဲပါ။ သို့မဟုတ်ပါက သူ တကယ် အသတ်ခံရလောက်သည်။

အိုးရန်ယွင်က ခနဲ့သံပြုကာ တစ်ဖက်လှည့်သွားပြီး သူတို့ကို မကြည့်တော့ချေ။ သူမစိတ်ထဲတွင်မူ အလွန် စိတ်လှုပ်ရှား နေ၏။

ဤရလဒ်က ယဲ့ဖန် သူမခန္ဓာကိုယ်ကို သန့်စင်ပေးထားခြင်းကြောင့်ဖြစ်ကြောင်း သူမ သိပါသည်။ သူမ၏ ခန္ဓာကိုယ်က အိုးရန်ရှောက်ကျွင်းကို ဖိနှိပ်နိုင်သဖြင့် သူမ အံ့ဩသလို ခံစားနေရသည်။

လက်ရှိတွင် အိုးရန်ယွင်၏ ယဲ့ဖန်အပေါ် လေးစားစိတ်က ဆထက်တံပိုး မြင့်တက်လာ၏။

ထိုစဉ် အိုးရန်ရှောက်ကျွင်း၏ မျက်လုံးတွင်းမှ အမုန်းတရားက တိုးပွားလာနေသည်။ ယဲ့ဖန်ကို ရှင်းပြီးသည်နှင့် ကျင်းဟွာလမ်း ခရီးစဉ်တွင်း၌ ဤခွေးမကို သတ်ပစ်မည်ဟု တွေးနေ၏။

ထိုသို့သောအချိန်၌ ကျောက်မိသားစုခေါင်းဆောင်က အိမ်တော်သို့ ပြန်ရောက်နေပြီး ဖိနပ်ချွတ်ကို ဒယိမ်းဒယိုင်ဖြင့် ကျော်ခွနေသည်။

“ယဲ့ဖန် ကျောက်မိသားစုအိမ်တော်ထဲမှာ သေသွားပါစေလို့ ငါ ဆုတောင်းတယ်”

အိုးရန်မိန်လင် အားရဝမ်းသာ ပြောလိုက်သည်။

အိုးရန်ယွင်က သူမကို လှမ်းကြည့်လေသည်။

“ငါလည်း နင့်ပါးစပ်ကို ဆွဲဖြဲနိုင်ပါစေလို့ မျှော်လင့်နေတယ်”

အိုးရန်မိန်လင်၏ အမူအရာ တောင့်ခနဲ ဖြစ်သွားပြီးနောက် ဟွန်းခနဲ နှာမှုတ်လိုက်သည်။ သို့သော် သူမ ဘာမှ ဆက်မပြောရဲပေ။

“သခင်ကြီး အရေးပါတဲ့ ဧည့်သည် ရောက်နေပါတယ်”

ထိုစဉ် အိမ်တော်ထိန်းက ကျောက်မိသားစုခေါင်းဆောင်ကို သတင်းပို့လာ၏။

“အရေးပါတဲ့ ဧည့်သည်၊ ဘယ်သူလဲ”

ကျောက်မိသားစုခေါင်းဆောင် မျက်မှောင်ကြုတ်သွားသည်။ ဧည့်ခန်းအလယ်သို့ ခြေချမိသောအခါ ယဲ့ဖန်က သူ့အိမ်ထဲ၌ ထိုင်နေပြီး သူ တန်ဖိုးထားသော လက်ဖက်ခြောက်အား သောက်နေသည်ကို တွေ့လိုက်ရလေသည်။

ကျောက်မိသားစုခေါင်းဆောင် သုန်မှုန်သွားပြီး အိမ်တော်ထိန်းအား လက်ပြန်ရိုက်ချလိုက်သည်။

“မင်းကြီးတော်ကို အရေးပါတဲ့ ဧည့်သည်၊ ဒီကောင်က ဂြိုက်ဆိုးကွ၊ သူ ပြဿနာရှာဖို့လာတာ”

“အရူးကောင် သူများပြောတိုင်း ယုံရလား၊ မင်းမှာ ဦးနှောက်မရှိဘူးလား”

အိမ်တော်ထိန်း အံ့ဩသွားပြီးမှ ယဲ့ဖန်ကို ဒေါသထွက်သော အကြည့်ဖြင့် ကြည့်လေသည်။

ထိုလူသည် သူက အိမ်တော်၏ အရေးပါသော ဧည့်သည်ဟုဆိုကာ သခင်ကြီးက သူ့ကို ဆွေးနွေးစရာ ရှိသဖြင့် အိမ်မှာ စောင့်နေရန် ဖိတ်ထားသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူသည် စံအိမ်၏ အကောင်းဆုံး လက်ဖက်ခြောက်ကို ဆက်သ၍ မျက်နှာလုပ်ရန် တွေးခဲ့သည်။

အထူးသဖြင့် တစ်စုံတစ်ယောက်က အလွန် အတင့်ရဲပြီး သူတို့ ကျောက်မိသားစုအိမ်တော်ထဲ၌ ရဲရဲဝံ့ဝံ့ နေထိုင်ရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။

ချက်ချင်းဆိုသလိုပင် ကျောက်မိသားစုခေါင်းဆောင်က ယဲ့ဖန်ထံ ခပ်သုတ်သုတ် လျှောက်သွားပြီး စိတ်ထဲ၌ ကျိန်ဆဲ နေသည်။

“ဘယ်သူက မင်းကို ငါ့အိမ်ထဲ ဝင်ခွင့်ပေးထားလို့လဲ၊ အခုချက်ချင်း ထွက်သွားစမ်း”

ယဲ့ဖန်က ရေနွေးကြမ်းခွက်ကို အေးအေးဆေးဆေး ပြန်ချထားလိုက်သည်။

“ကျောက်သခင်ကြီး အဲ့လောက် ဒေါသထွက်မနေပါနဲ့၊ အိမ်ကိုလာတဲ့လူတိုင်းက ဧည့်သည်ပဲလေ၊ ဒီလို အိမ်ရှင်မျိုး ရှိလို့လား”

“ဟေ့ကောင် ငါ အရမ်း အလုပ်များနေတယ်၊ အဲ့တော့ မင်း မျက်စိစပါးမွေး စူးလာအောင် မလုပ်ဖို့ ငါ အကြံ ပေးလိုက်မယ်၊ မင်း ဒီကနေ ထွက်သွားဖို့ ငါ တစ်မိနစ် အချိန်ပေးမယ်၊ မဟုတ်လို့ကတော့ ငါ မင်းကို လည်ညှစ် သတ်ပစ်မယ်”

ကျောက်မိသားစုခေါင်းဆောင်က ခက်ထန်သော အကြည့်ဖြင့် တစ်လုံးချင်း ပြောလိုက်သည်။

“ခင်ဗျား အလုပ်များနေတာတော့ အမှန်ပဲ၊ ဘာလို့လဲဆိုတော့ ခင်ဗျားက စီးပွားရေးလုပ်လို့ အလုပ်များရုံ တင်မကဘဲ လျန့်ဝမ်ကျန်းရဲ့ ဆယ့်ကိုးယောက်မြောက် ကိုယ်လုပ်တော်နဲ့လည်း အလုပ်ရှုပ်နေတာကိုး”

ယဲ့ဖန်က ကျောက်မိသားစုခေါင်းဆောင်ကို စူးရဲသော အကြည့်များဖြင့် ကြည့်လိုက်သည်။

“ခင်ဗျားက ဒီလောက် အိုမင်းနေတာတောင် နွားအို မြက်နုကြိုက်လိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး၊ အဲ့ကောင်မလေးက ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလေ”

All Chapters