အရှက်ကွဲပြီးနောက်
Vol. 114 Ch. 1701
ကျောက်မိသားစုခေါင်းဆောင်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် လက်ကို နောက်ပြန်လွှဲ၍ သူ့အိမ်တော်ထိန်း၏ ဦးခေါင်းကို ရိုက်ခွဲလိုက်သည်။ အသားစများက ကြမ်းပြင်ပေါ် နေရာအနှံ့ လွင့်စင်သွားလေသည်။
“မင်း ဘယ်လို သိတာလဲ”
ကျောက်မိသားစုခေါင်းဆောင်၏ မျက်နှာက အလွန် ကြည့်ရဆိုးနေပြီး ယဲ့ဖန်က သူ့လျှို့ဝှက်ချက်ကို ရှာတွေ့ သွားသည်ကို မယုံနိုင် ဖြစ်နေ၏။
ထိုကိစ္စကို သူ လျန့်ဝမ်ကျန်းထံမှပင် ဖုံးကွယ်ထားနိုင်ခဲ့ပြီး သူနှင့် ထိုကောင်မလေးသာလျင် သိသည်။ ထိုကောင်မလေး၌ ဤသို့သော ကိစ္စကို သတင်းပြန်ဖြန့်နိုင်သည့် အကြောင်းရင်း မရှိပေ။
“အခုအချိန်မှာ အဲ့ကိစ္စကို ဆွေးနွေးဖို့ လိုသေးတယ်လို့ ခင်ဗျား ထင်နေတာလား”
ယဲ့ဖန် ပျက်ရယ်ပြုလိုက်ပြီးမှ ထရပ်လိုက်သည်။
“နာရီဝက်အတွင်း စိတ်ဝိညာဉ် သလင်းကျောက် သန်းသုံးဆယ်ကို အသင့်ပြင်ထားပါ၊ မဟုတ်လို့ကတော့ လျန့်ဝမ်ကျန်းရဲ့ အင်အားစုတွေ ညသန်းခေါင်ကြီး ခင်ဗျားအိမ်ထဲ ဝင်လာပြီးတော့ ခင်ဗျား မိသားစုကို သတ်သွားလိမ့်မယ်”
ကျောက်မိသားစုခေါင်းဆောင်က ဒေါသတကြီး ပြန်ပြောလာသည်။
“ငါတို့ လစဉ်ဆက်သတာက နှစ်သန်းလေ၊ အခု ပေးရမယ့်အထိ တွက်လိုက်ရင်တောင် ဆယ်သန်းပဲ ရှိတယ်၊ မင်း ရဲတင်းလှချည်လား”
“အပို သန်းနှစ်ဆယ်က ကျုပ်ရဲ့ အိုးရန်မျိုးနွယ်ကို မလေးမစားလုပ်ခဲ့တဲ့အတွက် နစ်နာကြေးပဲ၊ ခင်ဗျား ကျုပ်တို့ကို မျက်နှာပျက်အောင် လုပ်ခဲ့မှတော့ ကျုပ်တို့ ဘာမှပြန်မလုပ်ဘဲ နေလို့မှမရတာ ဟုတ်တယ်မလား”
ထိုအချိန်တွင် ယဲ့ဖန်က ကျောက်မိသားစုခေါင်းဆောင်၏ အရှေ့တည့်တည့်၌ ရပ်နေပြီး သရော်ပြုံး ပြုံးနေ၏။ ကျောက်မိသားစုခေါင်းဆောင်ကို လှောင်နေခြင်းသာ။
ကျောက်မိသားစုခေါင်းဆောင် အံကြိတ်နေပြီး ယဲ့ဖန်၏ ဦးခေါင်းကို ရိုက်ခွဲချင်စိတ် ပေါက်နေသည်။
သို့သော် သူ ဘာမှမတတ်နိုင်ကြောင်း သူ သိပါသည်။ သူ့တွင် လျန့်ဝမ်ကျန်းကို ရင်ဆိုင်ရဲသည့် သတ္တိမရှိပါ။ သူ့မိသားစု၏ အင်အားက လျန့်ဝမ်ကျန်းကို ရင်ဆိုင်နိုင်လောက်သည်အထိ မသန်မာပါ။
လူတိုင်းတွင် အားနည်းချက် ရှိစမြဲပင်။ ကံဆိုးစွာဖြင့် ယဲ့ဖန်က သူ့အားနည်းချက်ကို ဆုပ်ကိုင်မိထားသည်။ သူ့အရှေ့မှ အမှိုက်ကောင်၏ ဆော့ကစားခြင်းကို သူ ခဲ့လိုက်ရလေပြီ။
“ကောင်းပြီလေ ငါ မင်းကို သန်းသုံးဆယ် ပေးမယ်”
ကျောက်မိသားစုခေါင်းဆောင် ပြောလိုက်သည်။ အံကြိတ်ထားရလွန်းသဖြင့် သူ့သွားများ ကြေလုနီးပါး ဖြစ်နေလေသည်။ ဤခံစားချက်က အလွန် ရှက်စရာကောင်းလှပေသည်။
“ကျောက်မိသားစုခေါင်းဆောင်က စဉ်းစားတတ်တဲ့လူဆိုတာ ကျုပ် သိပါတယ်”
ယဲ့ဖန်က အပြုံးနှင့်ပြောလိုက်ပြီးနောက် သူ့ကို လက်နောက်ပြန် ရိုက်ချလိုက်သည်။
“ဖြောင်း”
ကျောက်မိသားစုခေါင်းဆောင်သည် အရိုက်ခံလိုက်ရသည်နှင့် ခေါင်းပေါ်မှ သရဖူက မြေကြီးပေါ် ပြုတ်ကျသွားပြီး ဆံပင်များ ဖရိုဖရဲဖြစ်ကာ အလွန်အမင်း အရှက်ရသွားလေသည်။
ဤအဖြစ်က သူ့ကို ထိတ်လန့်သွားစေပြီး မျက်လုံးတွင်း၌ မယုံနိုင်သော အရိပ်အယောင်များ ပြည့်နှက်လာသည်။ ယဲ့ဖန်က သူ့ကို ရိုက်ရဲလိမ့်မည်ဟု ထင်မထားမိပါ။
ထို့နောက် သူ့မျက်နှာတွင် ဒေါသရိပ်များ ပြည့်နှက်လာပြီး ချက်ချင်း တစ်ဖက်လှည့်၍ ယဲ့ဖန်ကို စိုက်ကြည့် လိုက်သည်။
“မင်း သေချင်နေပြီလား”
“စိတ်မရှိပါနဲ့ ကျုပ် မထိန်းနိုင်ဘူး ဖြစ်သွားတယ်၊ ကျုပ်ကို မထီမဲ့မြင်လုပ်ဖို့ ခင်ဗျားကို ဘယ်သူ ခိုင်းခဲ့လို့လဲ၊ ကျုပ်က သဘောထားသေးတဲ့လူဗျ၊ ဒါပေမဲ့ အခု အားလုံး အဆင်ပြေသွားပါပြီ၊ အခု ရိုက်ပြီးသွားတော့ ကျုပ် စိတ်တည်ငြိမ်သွားပြီ ထင်တာပဲ”
ယဲ့ဖန်က လက်ကိုခါ၍ ဂရုမစိုက်သော မျက်နှာပေးမျိုးနှင့် ပြောလိုက်သည်။
“ထားလိုက်ပါတော့”
ကျောက်မိသားစုခေါင်းဆောင်၏ မျက်လုံးများက ပြူးကျယ်နေကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်နေသည်။
သူ မိသားစုခေါင်းဆောင် ဖြစ်ပြီးကတည်းက မည်သူမှ သူ့ကို ဤသို့ မဆက်ဆံရဲချေ။ ယဲ့ဖန်က ပထမဆုံးလူပင်။
“ဖြောင်း”
ထိုစဉ် သူ နောက်တစ်ကြိမ် ပါးရိုက်ခံလိုက်ရပြန်သည်။
“မင်း”
ကျောက်မိသားစုခေါင်းဆောင်သည် ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်ပြီး အဘယ်ကြောင့် ယဲ့ဖန်က ပြောပြီးသည်နှင့် ထပ်ရိုက်သလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေပုံရသည်။
“ကျုပ် စိတ်မကောင်းပါဘူး၊ ကျုပ် အတော်လေး ဒေါသထွက်နေတုန်းပဲနဲ့တူတယ်၊ အဲ့ဒါကြောင့် မထိန်းလိုက် နိုင်တာ”
ယဲ့ဖန်က မချိုမချဉ် ပြုံးနေဆဲပင်။
“ကျွိ ကျွိ”
ကျောက်မိသားစုခေါင်းဆောင်၏ အားပါးသော အံကြိတ်သံကို ယဲ့ဖန်ပင် ကြားနေရသည်။ သူသာ ပါးစပ်ဟ လိုက်လျင် မီးပွားများကိုပင် မြင်ရလေမလားဟု ယဲ့ဖန် သိချင်သွားလေသည်။
ကျောက်မိသားစုခေါင်းဆောင် ရူးမတတ် ဒေါသူပုန်ထနေ၏။
*ချီးပဲ၊ ဒီခွေးမသား သေသင့်တယ်*
*သူ့ကို ငါ မသတ်ရဲဘူးထင်လို့ ဒီလောက်ထိ ရဲတင်းရဲနေတာကိုး*
အကယ်၍ သူသာ ယဲ့ဖန်ကို သတ်လိုက်လျင် ဤအမှိုက်ကောင်နှင့်အတူ မြေမြှုပ်ခံလိုက်ရမည်ဖြစ်ကြောင်း အတပ် ပြောနိုင်သည်။ သူ သည်းခံရုံသာ တတ်နိုင်ပေ၏။
“ခင်ဗျား ကြည့်ရတာ အရမ်း ဒေါသထွက်နေသလားလို့”
ယဲ့ဖန်က အံ့ဩနေဟန်ဖြင့် မေးလိုက်သည်။
*ခွေးမသား*
တစ်ဖက်လူက သူ့ကို တမင် ဒေါသထွက်လာအောင် လုပ်နေခြင်းဖြစ်မှန်း ကျောက်မိသားစုခေါင်းဆောင် ရိပ်မိသည်။
*မင်း ပြန်ပါးရိုက်ခံကြည့်ပါလား*
“ရပါတယ်၊ ခင်ဗျား စိတ်ဆိုးမယ်ဆိုရင် ကျုပ် စိတ်မဆိုးတော့ဘူး”
ယဲ့ဖန် အသာ ပြုံးနေ၏။ ကျောက်မိသားစုခေါင်းဆောင် မျက်နှာ ပြာနှမ်းသွားသည်။
*လက်စားချေတာ*
*ဒီကောင် တမင် လက်စားချေနေတာပဲ*
*ခုနတုန်းက သူ့ကို အရှက်ခွဲပြီး မလေးမစား လုပ်ခဲ့တာအတွက် လက်တုံ့ပြန်နေတာ*
ထိုအခိုက်တွင် ကျောက်မိသားစုခေါင်းဆောင်သည် ဤလူငယ်လေးကို သူ အထင်သေးခဲ့မိကြောင်း ရိပ်စားမိ သွားသည်။
အစက အိုးရန်ကျန်းသည် ဦးနှောက်မကောင်းတော့၍ သူတို့ထံမှ ပိုက်ဆံတောင်းရန် သုံးစားမရသော လူတစ်ယောက်ကို ပို့ခဲ့သည်ဟု သူ ထင်ခဲ့သည်။ သို့သော် ယခုအခါ၌ အိုးရန်ကျန်းက အသက်ကြီးသွားသော်လည်း ယခင်အတိုင်း ဉာဏ်များသေးပုံရသည်။
လူငယ်ဖြစ်သော်ငြားလည်း သူ့အား လှည့်စားနိုင်နေ၏။ ဤသို့သောလူက ဘယ်လိုလုပ် သုံးစားမရသော အမှိုက်ကောင် ဖြစ်ပါမည်နည်း။
သူ၏ ခွန်အားဆိုလျင် သူ ဆိုဖွယ်ရာမရှိချေ။ သူ၏ သတ္တိနှင့် အတွေးက သူ့ကို မှင်တက်သွားစေသည်။
သူက မတိုက်ခိုက်ရဲသော်လည်း အဘယ်ကြောင့် ယဲ့ဖန်က သူ့ကို လျပ်တပြက် တိုက်ခိုက်နိုင်သနည်း။ ဤလူငယ်က အရာအားလုံးကို တွက်ချက်ထားပြီးသားပင်။
“ခင်ဗျား အူကြောင်ကြောင်နဲ့ ဘာလုပ်နေတာလဲ၊ ခင်ဗျား ကျုပ်ကို ညစာကျွေးဖို့ စောင့်နေစေချင်တာလား”
ယဲ့ဖန်က ရုတ်တရက် အေးစက်လာပြီး သူ့အား မာမာထန်ထန် ပြောဆိုလေသည်။
ကျောက်မိသားစု လူသတ်ချင်စိတ် ပေါက်လာသည်။ အိုးရန်ကျန်းက သူ့မြေးကို ဤသို့ပြုမူအောင် သင်ထားပုံ မရချေ။
ကျောက်မိသားစုခေါင်းဆောင်သည် သုန်မှုန်နေသော မျက်နှာနှင့် သူ့အစေခံများအား ပြင်ဆင်ရန် အမိန့်ပေး လိုက်သည်။
“ခင်ဗျားမှာ နာရီဝက်ပဲ အချိန်ရတယ်ဆိုတာကို သတိရပါ၊ အစေခံတွေရှေ့မှာ ကျုပ် ရိုက်တာကို ခင်ဗျား မခံချင်ဘူး ဆိုရင်ပေါ့”
ယဲ့ဖန်က ဘာမှမဖြစ်သလို ပြောလိုက်ပြီး အပြင်သို့ ထွက်ရန် ပြင်လေသည်။
*ခွေးမသား*
ကျောက်မိသားစုခေါင်းဆောင် ဘေးနားမှ တိုင်ကို လက်သီးဖြင့် ထိုးလိုက်သဖြင့် တိုင်တစ်ခုလုံး ပျက်စီး သွားလေသည်။
ထိုစဉ် ယဲ့ဖန် ကျောက်မိသားစုအိမ်တော်ထဲမှ တစ်ယောက်တည်း ပြန်ထွက်လာသည်ကို မြင်ပြီး အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့က အားပါးတရ လှောင်ရယ်ကြသည်။
သူတို့၏ မျက်နှာတွင် ငါ သိနေတယ်လေ ဟူသော အမူအရာ ပေါ်နေ၏။
အိုးရန်ရှောက်ကျွင်းက ပေါ်တင် ထုတ်ပြောလာသည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ၊ ရယ်ကြလေ”
“ဟားဟားဟား ရူးလိုက်တာကွာ၊ သူတို့ဆီက လက်ဆောင် ပစ္စည်း ဆက်သလာအောင် လုပ်မယ်လို့ ယုံကြည်မှုရှိရှိ ပြောခဲ့တာ မဟုတ်ဘူးလား၊ မင်း ဘာလို့ တစ်ယောက်တည်း ထွက်လာတာလဲ”
“ဟေ့ကောင် ငါသာ မင်းနေရာမှာဆိုရင် ငါ တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး သတ်သေလိုက်ပြီ၊ ဘာပဲဖြစ်ဖြစ် အသက်ရှင်ရတာ ရှက်ဖို့ကောင်းနေပြီ မဟုတ်လား”
“ဒီလောက် လေကျယ်နေပြီးတော့ အဆုံးကျတော့ အရှက်တကွဲ နှင်ထုတ်ခံလိုက်ရတာပဲ မဟုတ်လား၊ ရှက်စရာပဲ”
အိုးရန်ယွင်လည်း မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
*မဟုတ်မှလွဲရော ငါ့ဆရာ တကယ်ပဲ အဆင်မပြေခဲ့တာလား*
အိုးရန်မိန်လင်ကလည်း သက်ပြင်းချ၍ ပြောလာသည်။
“ဝမ်းကွဲအစ်ကို၊ ရှင် ဘာလို့ ဒီလိုလုပ်ဖို့ စဉ်းစားရတာလဲ၊ ကျွန်မ ရှင့်ကို ဖျောင်းဖျနေတာ ကြာလှပြီ၊ ဒါပေမဲ့ ရှင် နားမထောင်ဘူးလေ၊ အခု ဘယ်လောက် ရှက်ဖို့ကောင်းလိုက်လဲ”
သို့သော် သူမက ထိုသို့ပြောနေချိန်တွင် ရှောင်လင်အား လှမ်းကြည့်လိုက်သည်။ ထိုအခါ ရှောင်လင်က ရှေ့တိုး၍ ပြောလေသည်။
“အလောင်းအစားအတိုင်းဆို နင် ဒူးထောက်ပြီး ငါ့ကို အဒေါ်လို့ ခေါ်သင့်တယ်”
လူတိုင်း အားရဝမ်းသာစွာ ရယ်မောကြပြီး ယဲ့ဖန်အား မထီမဲ့မြင်ဟန်ဖြင့် ကြည့်ကာ သူ ဒူးထောက်လာမည်ကို စောင့်နေကြသည်။
သို့သော် ထိုသို့သောအချိန်၌ လေယာဉ်တစ်စီးက ကျောက်မိသားစုအိမ်တော်ထဲ၌ ဆင်းသက်လာပြီး ကျောက်မိသားစု၏ အစေခံတစ်သိုက်က ပျားများသဖွယ် ပြေးထွက်လာပြီး စိတ်ဝိညာဉ်သလင်းကျောက်များအား လေယာဉ်ပေါ် တင်ကြလေသည်။
ချက်ချင်းဆိုသလိုပင် အိုးရန်မိန်လင်နှင့် အခြားသူများ မှင်သက်အံ့ဩသွားပြီး သွေးပျက်ဟန်များ ပေါ်လာကြသည်။ သူတို့ တစ်ခွန်းမှ မပြောနိုင်ကြတော့ချေ။
*ကျောက်မိသားစုခေါင်းဆောင်က တကယ်ကြီး လက်ဆောင် ဆက်သတာပဲ*
*ဒါ ဘယ်လို ဖြစ်ရတာလဲ*
အစောပိုင်းက လျန့်ဝမ်ကျန်း၏ စံအိမ်တွင် သူသည် အရိုင်းဆုံးနှင့် အမောက်မာဆုံးသူ ဖြစ်ခဲ့သည်။ သို့သော် ယခု သူက ပထမဆုံး အညံ့ခံသူ ဖြစ်နေ၏။
လူတိုင်း၏ အမူအရာက သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ မယုံသင်္ကာ ဖြစ်နေကြသည်။
*အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် အညံ့ခံလာအောင် ဒီကောင် ဘာများ လုပ်လိုက်တာလဲ*
မောင်နှမနှစ်ယောက်လုံး အံ့ဩနေကြပြီး ကျောက်မိသားစုစံအိမ်ထဲ ပြေးဝင်၍ ကျောက်မိသားစုခေါင်းဆောင်အား ရူးများနေသလားဟု မေးချင်စိတ် ပေါက်နေသည်။
ဤသည်မှာ မယုံနိုင်စရာ ကောင်းလှသည်။
ထိုအခိုက်တွင် လူတိုင်း ပါးစပ်ပိတ်သွားပြီး သူတို့ မျက်နှာကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
လူတိုင်း ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။
*ဒီလူက မကောင်းဆိုးဝါးပဲ*
မကြာခင်မှာပင် စိတ်ဝိညာဉ် သလင်းကျောက် သန်းသုံးဆယ် အသင့်ဖြစ်သွားလေသည်။ ထိုစဉ် အစေခံ တစ်ယောက်က ယဲ့ဖန်ထံ လျှောက်လာ၏။
“သခင်လေးရဲ့ စိတ်ဝိညာဉ် သလင်းကျောက် သန်းသုံးဆယ်လုံး အဆင်သင့် ဖြစ်ပါပြီ”
“သန်း…သန်းသုံးဆယ်လား”
အိုးရန်မိန်လင် မျက်လုံးကျွတ်ထွက်မတတ် ဖြစ်လာသည်။ ကျောက်မိသားစုခေါင်းဆောင် ယခင်က ပေးရန်ရှိသော ပမာဏမှာ အားလုံးပေါင်းမှ ဆယ်သန်းမျှသာ ရှိသည်။
*ဒီကောင်က ကျောက်မိသားစုခေါင်းဆောင်ကို ပေးရမယ့် ပမာဏကို ပေးလာအောင် လုပ်ရုံတင်မကဘဲ နောက်ထပ် သန်းနှစ်ဆယ်ပါ ထပ်တောင်းလာတာလား*
ထိတ်လန့်စရာပင်။ ထိတ်လန့်ပြီးရင်း ထိတ်လန့်နေရပါတကား။
“အိုးရန်မျိုးနွယ်ဆီ ပို့လိုက်”
ယဲ့ဖန် အရေးမစိုက်စွာ ပြောလိုက်သည်။ ယခုအချိန်၌ ကျောက်မိသားစုခေါင်းဆောင်အား မမြင်မိသည်ကို သူ နားလည်နိုင်ပါသည်။ ထိုအဘိုးကြီးက သူ့ကို ယခု တွေ့ချင်မည် မဟုတ်ပါ။
“ဟုတ်ကဲ့”
ကျောက်မိသားစုက အမှန်တကယ် ထွက်ခွာ၍ စိတ်ဝိညာဉ် သလင်းကျောက်များကို အိုးရန်မျိုးနွယ်ထံ ပို့ဆောင် လေသည်။
သို့သော် အိုးရန်မိန်လင်နှင့် အခြားသူများမှာမူ ကြက်သေ သေနေကာ တစ်ခွန်းမှ မပြောနိုင်ကြချေ။
ယဲ့ဖန်က ရှောင်လင်ကို စိုက်ကြည့်၍ ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။
“ပထမတစ်ယောက်”
ရှောင်လင်၏ အမူအရာ အေးခဲသွားသည်။ သို့ရာတွင် သူမက တည်ငြိမ်ချင်ဟန်ဆောင်၍ ပြန်ပြောလေသည်။
“ဒါ ပထမတစ်ယောက်ပဲ ရှိသေးတယ်၊ အားလုံးရဲ့ အကြွေးကို သိမ်းနိုင်မှ ပြန်မောက်မာစမ်းပါ”
ယဲ့ဖန်က အလွန် ထက်မြက်ပြီး မိသားစုခေါင်းဆောင် အားလုံးကို အညံ့ခံလာအောင် ပြုလုပ်နိုင်လိမ့်မည်ဟု သူမ မယုံကြည်ပါ။
*ဘယ်လိုလုပ် သူတော်စင်သခင်အဆင့်က အင်မော်တယ် ဧကရာဇ်အဆင့်ကို အမိန့်ပေးနိုင်မှာလဲ*
“ဆိုတော့ မင်း မတောင်းပန်နိုင်သေးဘူးဆိုတဲ့ သဘောလား”
ယဲ့ဖန်က လှောင်ရယ်သံနှင့်အတူ မေးလိုက်သည်။
“တောင်းပန်ရမယ် ဟုတ်လား၊ ငါက နင့်လို အမှိုက်ကောင်ကို တောင်းပန်ရအောင် နင်နဲ့ တန်လို့လား”
ရှောင်လင်က အထင်သေးသော အကြည့်ဖြင့် ပြောလာသည်။
“မင်း အမှန်ကို မမြင်နိုင်တာပဲ”
ယဲ့ဖန် ခေါင်းခါလိုက်ပြီး သူ့မျက်လုံးတွင်း၌ သတ်ဖြတ်လိုသော အငွေ့အသက် ဖြတ်ပြေးသွားသည်။
“ချင်အိမ်တော်ကို သွားမယ်”
“သခင်ကြီး ကျွန်တော်တို့ အခု သတ္တိနည်းတယ်လို့ ဝန်ခံသလို ဖြစ်မသွားဘူးလား၊ ဒီသတင်းသာ ပျံ့သွားရင် အခြား မိသားစုတွေ ကျွန်တော်တို့ကို အထင်သေးလာမှာ စိုးရတယ်”
လူယုံတစ်ယောက်က ကျောက်မိသားစုခေါင်းဆောင်ကို ပြောလာ၏။
“ဝန်ခံတယ်ဟုတ်လား”
ကျောက်မိသားစုခေါင်းဆောင်က စဉ်းလဲစွာ ပြုံးလိုက်သည်။
“ငါ့ပစ္စည်းတွေကို လွယ်လွယ်နဲ့ ဘယ်ရနိုင်မလဲ၊ အဲ့ကောင် ငါ့ကို လှည့်စားရဲမှတော့ သူ သေသင့်တယ်”
သူ အစီအစဉ် ချထားပြီးသား ဖြစ်သည်။ ယဲ့ဖန် ပြန်သည်နှင့် သူ လုပ်ကြံရေးသမားများ စေလွှတ်၍ ယဲ့ဖန်ကို သတ်စေမည်။
ယခုအချိန်တွင်တော့ သူ ငြိမ်နေရုံမျှသာ ရှိပေမည်။ စိတ်ဝိညာဉ် သလင်းကျောက် သန်းသုံးဆယ်အား ယဲ့ဖန်၏ အသက် တန်ကြေးဟုသာ သတ်မှတ်ထားလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ”
လူယုံက ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး စီစဉ်စရာရှိသည်များကို စီစဉ်ရန် ပြင်လေသည်။ သို့သော် ထိုအခိုက်တွင် ကျောက်မိသားစု ခေါင်းဆောင်က တစ်စုံတစ်ရာကို တွေးမိသွားပြီး လှမ်းအော်လိုက်သည်။
“နေဦး”
“ဘာများ ဖြစ်လို့ပါလဲ”
လူယုံက သူ့ကို ပြန်လှည့်ကြည့်၍ မေးလာသည်။ ထိုသို့ လှည့်လိုက်သောအခါ ကျောက်မိသားစု ခေါင်းဆောင်၏ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်နေသည်ကို သူ တွေ့လိုက်ရသည်။
ကျောက်မိသားစုခေါင်းဆောင်သည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး လက်များက ထိန်းမရအောင် တုန်လာပြီး မျက်နှာတစ်ခုလုံး ဖြူရော်လာ၏။
ကြောက်စိတ်က သူ့စိတ်ထဲ၌ ပျံ့နှံ့၍ နေ၏။ အကြောင်းမှာ အစောပိုင်းက ယဲ့ဖန် သူ့ကို နှစ်ကြိမ် ရိုက်နှက်ခဲ့ပြီး သူ ရှောင်နိုင်ခဲ့ခြင်း မရှိသည်ကို သတိထားလိုက်မိသောကြောင့်ပင်တည်း။
သူတော်စင်သခင်အဆင့်က အင်မော်တယ် ဧကရာဇ်အဆင့်အား ရိုက်နှက်လာသည်ကို အင်မော်တယ် ဧကရာဇ်အဆင့်က ရှောင်တိမ်းနိုင်ခြင်း မရှိချေ။ ယင်းက ဖြစ်နိုင်ပါသလော။
သူ ဒေါသထွက်နေခဲ့သဖြင့် အသေးစိတ်ကို သူ သတိမထားမိခဲ့ပေ။ ယခု သူ စိတ်တည်ငြိမ်လာမှ အသိပြန်ဝင် လာရသည်။
*အဲ့ကောင်က လုံးဝ သူတော်စင်သခင်အဆင့် မဟုတ်ဘူး*
လက်ရှိအချိန်၌ သူ အားလုံးကို နားလည်သွားသည်။ တစ်ဖက်လူက ကျင်းဟွာလမ်းကို တစ်ကိုယ်တည်း လာရဲသည်က အံ့ဩစရာ မဟုတ်ပေ။ သူ ဦးနှောက်ပျက်နေ၍ လာရဲခြင်း မဟုတ်ဘဲ သူကိုယ်၌က အစွမ်းအစ ရှိနေသောကြောင့်ပင်။
ကျောက်မိသားစုခေါင်းဆောင် မချိပြုံး ပြုံးလိုက်မိသည်။
*ဒါ အိုးရန်ချင်ရွှယ်ရဲ့ သားပဲလေ*
*ဘယ်လိုလုပ် ဖီးနစ်ဆီကနေ ကြက်တစ်ကောင် ထွက်လာမှာလဲ*
*ငါ အတွေးလွန်သွားခဲ့တာ၊ ငါ ထင်တာ မှားနေခဲ့တာပါလား*