အားလုံးတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်
Vol. 16 Ch. 167
ကျားခြင်္သေ့သားရဲကြီးက မျက်လုံးကိုမှေးစင်းလျှက် အကဲခတ်ကြည့်ရှုလိုက်သည့်အခါ နာ့ယီရှို့တို့အုပ်စုမှာ သူတို့ခန္ဓာကိုယ်ထက်သို့ ဓားထက်ထက်တစ်စင်း ဖြတ်သန်းသွားသည့်ပမာ ခံစားလိုက်ကြရသည်။
ဤသို့သော မတွေ့မြင်နိုင်သည့်ဖိအားကို ခံစားလိုက်ရသဖြင့် လူတိုင်းရင်ထဲ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်သွားရသည်။
ကျားခြင်္သေ့သားရဲ၏ ကြောက်မက်ဖွယ်ကောင်းသော ကျော်ကြားမှုက အမှန်တကယ်ပင် ဂုဏ်သတင်းနှင့်ညီလှသည်။
ဤကဲ့သို့ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ရောင်ဝါမျိုးမှာ ဒြပ်စင်စွမ်းအား အရှင်သခင်အဆင့်ရှိသော ကျွမ်းကျင်သူများထံမှသာ ခံစားရနိုင်သည့် စွမ်းအားရောင်ဝါမျိုး ဖြစ်၏။
သို့သော် ထူးဆန်းသောသားရဲကြီးက နာ့ယီရှို့တို့အုပ်စုကို တစ်ချက်ဝေ့ကြည့်ပြီးနောက် သူတို့နောက်ဘက်သို့ ခဏမျှ စူးစိုက်ကြည့်လိုက်ပြီး အကြည့်ကိုပြန်လည်ရုပ်သိမ်းသွားခဲ့သည်။
ပို၍မျှော်လင့်မထားသည်မှာ ကျားခြင်္သေ့သားရဲကြီးက အကြည့်ကိုရုပ်သိမ်းပြီးသည်နှင့် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ ပါးစပ်ကြီးကိုဟလျှက် တစ်ချက်သမ်းဝေကာ မျက်လုံးများကိုမှေးမှိတ်ပြီး နေရာမှာပင် ပြန်လည်အိပ်စက်သွားခြင်း ဖြစ်၏။
နာ့ယီရှို့တို့အုပ်စု “.........”
ကျားခြင်္သေ့သားရဲက နာ့ယီရှို့တို့အုပ်စုအား သူနှင့်တိုက်ခိုက်ရန် အဆင့်မရှိသူများအဖြစ် သတ်မှတ်လိုက်ပြီး အဖက်မလုပ်ခြင်း ဖြစ်နိုင်သည်။
ဟုတ်ပေ၏။
မည်သူကရော မလိုအပ်ဘဲ ကျားခြင်္သေ့သားရဲကဲ့သို့ နာမည်ကြီး အဆင့်(၅)သားရဲနှင့် တိုက်ခိုက်ချင်ပါမည်နည်း။
အဆင့်(၅)သားရဲတစ်ကောင်၏ ပုံဆောင်ခဲအမြုတေက အလွန်တရာ တန်ဖိုးကြီးသည်မှန်သော်လည်း ၎င်းကိုရယူရန်အတွက် လုံလောက်သောအရည်အချင်းရှိရန် လိုအပ်သည်။
ကျားခြင်္သေ့သားရဲကြီးက အဘယ့်ကြောင့် ဤပန်းခင်းကို စောင့်ရှောက်နေကြောင်း မည်သူမှ မသိကြပေ။
ထို့ပြင် သားရဲကြီးဘက်မှ စတင်တိုက်ခိုက်ခြင်းမရှိသောကြောင့် နာ့ယီရှို့တို့အုပ်စုလည်း သားရဲကြီးနှင့်ဝေးရာသို့ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာရန်သာ ဆုံးဖြတ်လိုက်သည်။
နာ့ယီရှို့တို့အုပ်စု စကားတစ်ခွန်းမှမဆိုဘဲ အဝေးသို့ထွက်ခွာသွားချိန် ကျားခြင်္သေ့သားရဲကြီးကလည်း အပြန်အလှန်နားလည်မှုဖြင့် မသိချင်ယောင်ဆောင်ပေးခဲ့သည်။
ထိုအခါမှ သူတို့အားလုံးလည်း သက်ပြင်းချလိုက်နိုင်လေသည်။
နောက်မှတိတ်တဆိတ်လိုက်ပါလာသော ချောင်တတိယသခင်လေးတို့အုပ်စုသည်လည်း သားရဲကြီးကို သွားရောက်ရန်စရန် စိတ်ကူးမရှိကြပေ။
သူတို့ကလည်း သားရဲကြီးကိုရှောင်ကွင်းကာ နာ့ယီရှို့တို့အုပ်စုနောက်သို့သာ မျက်ခြေမပြတ်လိုက်ပါသွားကြသည်။
ချောင်တတိယသခင်လေးအနေဖြင့် ချောင်ဟူတို့ ညီအစ်ကို(၃)ယောက်၏ စွမ်းအားကို ယုံကြည်မှုရှိသော်လည်း ထိုကျားခြင်္သေ့သားရဲကြီးဖြင့်တော့ ရူးမိုက်စွာ တိုက်ခိုက်လိုစိတ် မရှိပေ။
စောစောက သားရဲကြီးက နာ့ယီရှို့တို့အုပ်စုကို တစ်ချက်အကဲခတ်ပြီးနောက် သူတို့၏အနောက်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်ဖြစ်ရာ ကျားခြင်္သေ့သားရဲအနေဖြင့် ချောင်တတိယသခင်လေးတို့အုပ်စုကိုလည်း သတိပြုမိသည်မှာ ထင်ရှားသည်။
သို့ဖြစ်ရာ ကျားခြင်္သေ့သားရဲကြီးကပင် သူတို့ကို သွားခွင့်ပြုသည်ဆိုလျှင် သူတို့က ထိုသားရဲကို အသလွတ်သွားရောက် တိုက်ခိုက်စရာ မလိုပေ။
သို့ပေသိ ကျားခြင်္သေ့သားရဲအနားသို့ ချဉ်းကပ်ရဲသူကတော့ ခုန်မင်သာလျှင် ဖြစ်သည်။
ချောင်တတိယသခင်လေးတို့အုပ်စု အတန်ငယ်ဝေးသည့်နေရာသို့ ရောက်ရှိသွားသည်နှင့် ခုန်မင်က ကျားခြင်္သေ့သားရဲအနားသို့ တိုးကပ်သွားလိုက်သည်။
မြေပြင်ပေါ်တွင် လဲလျောင်းအိပ်စက်နေသော ကျားခြင်္သေ့သားရဲမှာ ချက်ချင်းပင် မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ၏မျက်လုံးကြီးများက စောစောကလို မှေးစင်းနေခြင်းမရှိဘဲ ကြေးခေါင်းလောင်းကြီးများပမာ ပြူးကျယ်နေပြီး ဓားသွားပမာ ထက်မြက်စူးရှသည့်အကြည့်များက ခုန်မင်ထံသို့ ကျရောက်လာသည်။
ဟုတ်ပေ၏။
ယခုတစ်ကြိမ် အံ့သြတုန်လှုပ်သွားရသူက ကျားခြင်္သေ့သားရဲကြီး ဖြစ်လေသည်။
ခုန်မင်က ‘ရောင်ဝါဖုံးကွယ်ခြင်းအတတ်’ ကို အသုံးပြုထားသဖြင့် သူ၏တည်ရှိမှုကို မည်သူမှ သတိမပြုမိနိုင်ပေ။
အစောပိုင်း သားရဲကြီးတစ်ချက်ဝေ့ကြည့်လိုက်စဉ် သူက နာ့ယီရှို့တို့အုပ်စုအပြင် နောက်ကွယ်တွင်ပုန်းအောင်းနေသည့် ချောင်တတိယသခင်လေးတို့အုပ်စုကိုပါ သတိပြုခဲ့မိသည်။
သို့သော် ခုန်မင်ကိုတော့ လုံးဝ သတိပြုမိခဲ့ခြင်း မရှိပေ။
ခုန်မင် သူ့အနားသို့ အလွန်နီးကပ်လာမှသာ ခပ်သဲ့သဲ့မျှသော စွမ်းအားရောင်ဝ အစအနလေးကို အာရုံံခံမိခြင်း ဖြစ်၏။
ကျားခြင်္သေ့သားရဲကြီးကိုယ်တိုင်က မွေးရာပါ ရောင်ဝါဖုံးကွယ်နိုင်သူဖြစ်လေရာ လူတစ်ယောက်အနေဖြင့် မိမိ၏စွမ်းအားရောင်ဝါကို ဖုံးကွယ်ရန် မည်မျှခက်ခဲကြောင်း ကောင်းစွာနားလည်ထားသည်။
ယခု သူ့ရှေ့သို့ရောက်လာသည့်လူငယ်လေးက စွမ်းအားရောင်ဝါကို သဲလွန်စမကျန်ဖုံးကွယ်ထားနိုင်သည်ဖြစ်ရာ တစ်ယောက်တည်းဖြစ်နေသည့်တိုင် သာမန်မဟုတ်သည်ကတော့ သေချာသည်။
ထို့ကြောင့် ကျားခြင်္သေ့သားရဲကြီးမှာ ချက်ချင်း သတိအနေအထားဖြစ်သွားပြီး ထက်ရှသည့်မျက်ဝန်းများဖြင့် ခုန်မင်ကို စူးစိုက်ကြည့်လိုက်တော့သည်။
သူ့ထံမှထွက်ပေါ်လာသည့် မမြင်ရသောစွမ်းအားကလည်း အစောပိုင်းကထက်ပင် ပိုမိုပြင်းထန်လာသည်။
သို့ပေသိ ကျားခြင်္သေ့သားရဲကြီး၏စွမ်းအားရောင်ဝါက မည်မျှပင် ခြောက်ခြားစရာကောင်းစေကာမူ ခုန်မင်ကတော့ တစ်စက်လေးပင် ကြောက်ရွံ့တုန်လှုပ်ဟန် မပြဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။
သူက မကြောက်သည့်အပြင် ကျားခြင်္သေ့သားရဲကြီးကို စေ့စေ့ကြည့်လျှက် ပြုံးပြလိုက်ပြီး လက်မပင်ထောင်ပြလိုက်သေး၏။
ကျားခြင်္သေ့သားရဲ “........”
ခုန်မင် လက်မထောင်ပြသည့်အမူအရာက ထူးဆန်းသော်လည်း ရန်လိုခြင်းမဟုတ်ကြောင်း နားလည်လိုက်သဖြင့် ကျားခြင်္သေ့သားရဲကြီးက ထုတ်လွှတ်ထားသော စွမ်းအားရောင်ဝါများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မျက်လုံးများကို ပြန်လည်မှေးစင်းလိုက်သည်။
သို့သော် မှေးစင်းသည့်မျက်ဝန်းများဖြင့်ပင် ခုန်မင်ကို အလွန်စိတ်ဝင်စားဟန်ဖြင့် စောင့်ကြည့်နေလေသည်။
ပုံမှန်ဆိုလျှင် အဆင့်(၃) မှော်ဝင်သားရဲများသည်ပင် လူသားများထက်မနိမ့်ကျသော အသိဉာဏ်ကို ပိုင်ဆိုင်ကြသည်ဖြစ်ရာ ထိပ်တန်းအဆင့်ရှိသော အဆင့်(၅) မှော်ဝင်သားရဲဖြစ်သော ကျားခြင်္သေ့သားရဲကတော့ ပို၍ ဉာဏ်ရည်ထက်မြက်မည်မှာ အသေအချာပင်။
သို့ဖြစ်ရာ ဤသို့သောသားရဲမျိုးနှင့် ရင်ဆိုင်မည်ဆိုလျှင် သူတို့၏ ရုပ်သွင်နှင့် စွမ်းအားကိုသာ အာရုံစိုက်ပြီး အသိဉာဏ်ကို လျစ်လျူရှုမိပါက ကြီးမားသော အမှားကျူးလွန်သည့်ပမာ ဖြစ်ပေလိမ့်မည်။
မှော်ဝင်သားရဲများက လူသားများဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လေ့ မရှိကြပေ။
ထို့ပြင် သူတို့နယ်မြေထဲသို့ သတ္တိကောင်းစွာ ကျူးကျော်ဝင်ရောက်လာသည့် လူသားများကိုလည်း မည်သည့်မှော်ဝင်သားရဲကမှ ကရုဏာသက်လေ့ မရှိကြပေ။
လူသားများကလည်း ပုံဆောင်ခဲအမြုတေရရှိရန်အတွက် မှော်ဝင်သားရဲများကို အမဲလိုက်သတ်ဖြတ်ခြင်းများ ပြုလုပ်ကြလေရာ မှော်ဝင်သားရဲများနှင့် လူသားတို့၏ဆက်ဆံရေးက အမြဲပင် ပဋိပက္ခအသွင် ဆောင်နေခဲ့ကြသည်။
သို့သော် အဆင့်မြင့်မှော်ဝင်သားရဲများက ထက်မြက်သည့်အသိဉာဏ်ပိုင်ဆိုင်ကြသည်ဖြစ်ရာ သူတို့၏ အသက်ရှင်သန်လိုစိတ်အပြင် အကျိုးအမြတ်နှင့် ရလဒ်အပေါ် နားလည်သဘောပေါက်မှုများက လူသားများထက် လျော့နည်းခြင်း မရှိပေ။
ထို့ကြောင့် အဆင့်မြင့် မှော်ဝင်သားရဲတစ်ကောင်က လူသားများနှင့်တွေ့ဆုံသည့်အခါ အချင်းချင်း အကျိုးစီးပွားပဋိပက္ခမရှိသရွေ့ တိုက်ခိုက်ခြင်းမျိုးကို ရှောင်ရှားလေ့ရှိကြသည်။
ကျားခြင်္သေ့သားရဲကြီးက အစွမ်းထက်သည်မှန်သော်လည်း နာ့ယီရှို့တို့အုပ်စုသည်လည်း အားနည်းသူများ မဟုတ်ကြပေ။ သို့ဖြစ်ရာ သူတို့အုပ်စုဖြင့် တိုက်ပွဲဖြစ်မည်ဆိုပါက သားရဲကြီးဘက်မှလည်း အသာစီးရရန် မလွယ်ကူနိုင်ပေ။
ထို့ကြောင့်ပင် သူက နာ့ယီရှို့တို့အုပ်စုကို သတိပြုမိသည့်တိုင် မသိသလို လျစ်လျူရှုလိုက်ခြင်း ဖြစ်ပေသည်။
နောက်တစ်ချက်မှာ ကျားခြင်္သေ့သားရဲ၏စိတ်ထဲတွင် နာ့ယီရှို့တို့အုပ်စုကို တစုံတရာအတွက် အသုံးချရန် အစီအစဉ်ရှိနေပုံရသည်။
ခုန်မင့်လက်ထဲတွင်ရှိနေသော ဖီးနစ်ကျဆုံးတောင်ကြား မြေပုံအရဆိုလျှင် ဤဆေးပင်ဥယျာဉ်ထဲရှိ အစွမ်းထက်ဆုံး မှော်ဝင်သားရဲမှာ သူ့ရှေ့တွင်ရှိနေသော အဆင့်(၅) မှော်ဝင်သားရဲဖြစ်သည့် ကျားခြင်္သေ့သားရဲကြိးပင် ဖြစ်သည်။
သို့သော် ကျားခြင်္သေ့သားရဲကြီး၏ နယ်မြေအစစ်အမှန်မှာ ယခု သူတို့ရှေ့တွင်ရှိနေသည့် ပန်းခင်းလေးမဟုတ်ဘဲ ဆေးပင်ဥယျာဉ် ဗဟိုချက်နယ်မြေ ဖြစ်သည်။
သို့ဖြစ်ရာ ဤသတ္တဝါကြီး ဤနေရာသို့ ရွှေ့ပြောင်းရောက်ရှိနေခြင်းမှာ အထူးအကြောင်းရင်းတစ်ခု ရှိရပေမည်။
ကျားခြင်္သေ့သားရဲကြီးက စွမ်းအားရောင်ဝါကို ဖုံးကွယ်ရာတွင် အလွန်တော်သော်လည်း ခုန်မင် အနားသို့တိုးကပ်သွားချိန်တွင် သူ၏ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားလှိုင်းများက တည်ငြိမ်မှုမရှိကြောင်း အာရုံခံလိုက်မိသည်။
ကြည့်ရသည်မှာ ဤသားရဲကြီး ဒဏ်ရာရထားဟန် ရှိသည်။
ကျားခြင်္သေ့သားရဲကြီးအနေဖြင့် နာ့ယီရှို့တို့အုပ်စုနှင့် မတိုက်ခိုက်ချင်သည်မှာ အံ့သြစရာ မရှိတော့ပေ။ သူက ဒဏ်ရာရထားသည်ဖြစ်ရာ ပြဿနာကိုရှောင်တိမ်းခြင်းက အကောင်းဆုံးပင် မဟုတ်ပါလား။
သို့ပေသိ ဆေးပင်ဥယျာဉ်တစ်ခုလုံးတွင် စွမ်းအားအကြီးဆုံးဖြစ်သော သားရဲကြီးမှာ အဘယ့်ကြောင့် ဒဏ်ရာရထားပါသနည်း။
ပြင်ပလောကမှ စွမ်းအားကြီးမားသော ရန်သူတစ်ယောက် ကျူးကျော်ဝင်ရောက်လာသောကြောင့်သာ ဖြစ်နိုင်သည်။
ဤသားရဲကြီးက ထိုရန်သူကိုရှုံးနိမ့်ခဲ့သဖြင့် ဤနယ်မြေကိုစွန့်လွှတ်ကာ ဒဏ်ရာကုသရန်အတွက် နေရာရွှေ့ပြောင်းသွားခြင်း ဖြစ်နိုင်၏။
ဤမျှလျို့ဝှက်သော ဆေးပင်ဥယျာဉ်သို့ မည်သူကျူးကျော်ဝင်ရောက်လာသနည်းဆိုသည့်အချက်ကို သံသယဝင်စရာမလိုပေ။
ခုန်မင် ၊ ချောင်တတိယသခင်လေးနှင့် နာ့ယီရှို့တို့အုပ်စုသည်ပင် ဤနေရာတွင် ရှိနေသည်ဆိုလျှင် အခြားသူများသည်လည်း သေချာပေါက် ရောက်လာနိုင်ကြပေမည်။
ထိုသို့မဟုတ်လျှင်လည်း ကျူးကျော်လာသူက လူသားမဟုတ်ဘဲ အခြားသော ကြောက်မက်ဖွယ်ရာ မှော်ဝင်သားရဲတစ်ကောင် ဖြစ်နိုင်၏။
ဖီးနစ်ကျဆုံးတောင်ကြားတစ်ခုလုံးရှိ စစ်မှန်သောစွမ်းအားကို တိုင်းတာမည်ဆိုလျှင် ကျားခြင်္သေ့သားရဲကြီးက အင်အားအကြီးဆုံးမဟုတ်ပေ။
ဤတောင်ကြားတွင် အဆင့်(၆) မှော်ဝင်သားရဲများလည်း ရှိပေသေးသည်။
အဆင့်(၆)မှော်ဝင်သားရဲအရေအတွက်က များပြားသည်မဟုတ်ဘဲ လက်ချိုးရေတွက်၍ ရနိုင်သည်။
ထိုသားရဲအများစုက ကိုယ်ပိုင်နယ်မြေများတွင်သာ ကျက်စားလေ့ရှိသော်လည်း လွတ်လပ်စွာ လှည့်လည်သွားလာနေသည့် သားရဲနှစ်ကောင် ရှိနေသေး၏။
သို့ဖြစ်ရာ လှည့်လည်သွားလာနေသည့် သားရဲတစ်ကောင် မြေအောက်နန်းတော်သို့ ရောက်ရှိလာပြီး ကျားခြင်္သေ့သားရဲကြီးကိုတိုက်ခိုက်ကာ သူ၏နယ်မြေကို သိမ်းပိုက်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။
အဆင့်(၆)မှော်ဝင်သားရဲများက ဒြပ်စင်စွမ်းအားအရှင်သခင် အလယ်ဆင့်နှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်သည်။ အချို့သော အဆင့်(၆) သားရဲများဆိုလျှင် ဒြပ်စင်စွမ်းအားအရှင်သခင် နှေင်းပိုင်းအဆင့်နှင့်ပင် စွမ်းအားညီမျှကြ၏။
ထိုသို့သောသားရဲတစ်ကောင်သာ ဆေးပင်ဥယျာဉ်ထဲတွင်ပုန်းအောင်းနေမည်ဆိုလျှင်....
ရှေ့ဆက်ပင်မတွေးဝံ့ဘဲ ခုန်မင် ကြက်သီးမွှေးညင်း ထသွားရသည်။
ခုန်မင်အနေဖြင့် အဆင့်(၅)မှော်ဝင်သားရဲဖြစ်သော ကျားခြင်္သေ့သားရဲကြီးကို မီးလျှံဖီးနစ်ငှက်မွှေးအသုံးပြုကာ အနိုင်ယူရန် ဖြစ်နိုင်ခြေရှိသော်လည်း အဆင့်(၆) မှော်ဝင်သားရဲဆိုလျှင်တော့ သူ့အနေဖြင့် ရင်ဆိုင်ရန် မျှော်လင့်ချက်မရှိနိုင်ပေ။
ခုန်မင်သည်လည်း ကျားခြင်္သေ့သားရဲကြီးကို အတုယူကာ နာ့ယီရှို့တို့အုပ်စုကိုသာ အသုံးချရန် စဉ်းစားလိုက်သည်။
နာ့ယီရှို့တို့အုပ်စုက လူအင်အားတောင့်တင်းပြီး အဖွဲ့ဝင်တိုင်းကလည်း အရည်အချင်းကိုယ်စီရှိကြသည်။
သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည် ထွက်ပေါ်လာပေမည်။
ထို့ပြင် သူတို့နောက်မှ တိတ်တဆိတ်လိုက်ပါသွားသည့် ချောင်တတိယသခင်လေးတို့အုပ်စုလည်း ရှိနေသေးသည်။
သူတို့အုပ်စုသည်လည်း ဝိုင်းဝန်းတိုက်ခိုက်မည်ဆိုလျှင် အဆင့်(၆)သားရဲကို အနိုင်မရလျှင်တောင်မှ လက်ရည်တူ တိုက်ခိုက်နိုင်မည် ဖြစ်၏။
ကျားခြင်္သေ့သားရဲကြီးနှင့် ခုန်မင်တို့ကလည်း နာ့ယီရှို့တို့အုပ်စုကို အသုံးချရန် ရည်ရွယ်ထားလေရာ တကယ်တမ်းတိုက်ပွဲဖြစ်လာလျှင် ဘေးမှ ထိုင်ကြည့်နေကြမည် မဟုတ်ပေ။
သင့်တော်သည့်အချိန်တွင် တစ်နည်းနည်းဖြင့် ဝင်ရောက်ကူညီကြမည်ဖြစ်ပြီး တိုက်ပွဲအနိုင်မရလျှင်တောင်မှ အသက်ရှင်လျက် ထွက်ပြေးနိုင်ရန် ကြိုးစားမည်ဖြစ်သည်။
ခုန်မင်က ဒဏ်ရာရထားသည့်ကျားခြင်္သေ့သားရဲကြီးကိုကြည့်ရင်း ဤဆေးပင်ဥယျာဉ်ထဲတွင် အဆင့်(၆) သားရဲတစ်ကောင် သေချာပေါက်ရှိမေည်ဆိုသောခန့်မှန်းချက် ပိုမိုခိုင်မာလာခဲ့သည်။
သူက သားရဲကြီးကို ချီးကျူးသည့်အနေဖြင့် လက်မထောင်ပြလိုက်ခြင်း ဖြစ်သည်။
တကယ်တော့ လူသားများကို ပြန်လည်အသုံးချရန် ကြံစည်နိုင်လောက်အောင် ထက်မြက်သည့်မှော်ဝင်သားရဲမျိုးက အလွန်ပင် ရှားပါးလှသည်။
ယခု ဤသားရဲကြီးက ဆိုးသွမ်းသည့် ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်ဖြစ်သော်လည်း သူ၏လုပ်ဆောင်ချက်ကတော့ ပါးနပ်မှုဖြင့် ပြည့်နက်နေသည်။
ခုန်မင်က သူ့ကိုလက်မထောင်ပြလိုက်သည်နှင့် ဤလူငယ်လေးမှာ ရှေ့မှတ်ဖြတ်သွားသူများနှင့်မတူဘဲ ပိုမိုဉာဏ်ရည်ထက်မြက်သူဖြစ်ကြောင်း ကျားခြင်္သေ့သားရဲကြီး သဘောပေါက်သွားသည်။
ထို့ကြောင့် သူက ခုန်မင်ရှေ့တွင် ဟန်ဆောင်နေရန်မလိုဟု ခံစားမိကာ သူ၏ဉာဏ်ရည်ထက်မြက်သော သဘောသဘာဝကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသလိုက်သည်။
ခုန်မင်က ပြုံးလိုက်ပြီး...
“သားရဲကြီး... မင်းနယ်မြေကို အင်အားကြီးရန်သူက ကျူးကျော်သိမ်းပိုက်သွားတာ အတော်ခံရခက်နေမှာပဲ ၊ မင်းသာ စိတ်မရှိဘူးဆိုရင် ငါတို့အတူတူ ခရီးဆက်ကြမယ်လေ ၊ ရှေ့ကလူတွေနဲ့ပေါင်းလိုက်မယ်ဆိုရင် မင်းကို အထိနာအောင်လုပ်ခဲ့တဲ့ကောင်ကို အနိုင်ယူနိုင်မှာပါ ၊ ဘယ်လိုလဲ...”