အားလုံးပူးပေါင်းကြမည်ဆိုလျှင်
Vol. 16 Ch. 168
ထိုစကားကြားတော့ သားရဲကြီးက မျက်လုံးများကိုမှေးစင်းရင်း ခဏမျှစဉ်းစားလိုက်သည်။
ထို့နောက် ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး မြေပြင်ထက်တွင်ဝပ်နေရာမှ မတ်တတ်ထရပ်လိုက်၏။
ထိုအခါ သားရဲကြီး၏ ရင်ဘတ်နှင့်ဝမ်းဗိုက်တွင်ရှိနေသော ကြီးမားနက်ရှိုင်းသည့်ဒဏ်ရာကြီးကို တွေ့မြင်လိုက်ရသည်။ ဒဏ်ရာက အလွန်ပြင်းထန်ပြီး ကံကောင်းသောကြောင့်သာ ဝမ်းဗိုက်တစ်ခုလုံး ပွင့်ထွက်မသွားခြင်း ဖြစ်သည်။
ဒဏ်ရာက ဆိုးရွားလှသည့်တိုင် ကျားခြင်္သေ့သားရဲကြီး၏ ဒဏ်ရာကုသနိုင်စွမ်းက အံ့သြစရာကောင်းလှသည်။
ခုန်မင်ကြည့်နေစဉ်မှာပင် ဒဏ်ရာ၏ ပုပ်ဆွေးနေသောအသားစများနေရာတွင် အသားနုလေးများတက်လာသည်ကို တွေ့မြင်လိုက်ရသည်။
အလွန်ဆုံး တစ်ရက်နှစ်ရက်ဆိုလျှင် ဒဏ်ရာက လုံးဝပျောက်ကင်းသွားနိုင်သည်။
ကျားခြင်္သေ့သားရဲကြီးက ခုန်မင်ရှေ့တွင် သူ၏ဒဏ်ရာများကို ပွင့်ပွင့်လင်းလင်းပြသလိုက်ခြင်းမှာ ခုန်မင်အပေါ်တစ်စုံတစ်ရာသော ယုံကြည်မှုနှင့် အသိအမှတ်ပြုမှု ရှိကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
ပြီးတော့ “ဒဏ်ရာရထားသည့်အခြေအနေတွင် ခုန်မင်နှင့်အတူ ခရီးဆက်မည်မဟုတ်ကြောင်း” သူ၏ သဘောထားကိုလည်း ပြသလိုက်ခြင်း ဖြစ်၏။
သားရဲကြီးက ဒဏ်ရာပြန်လည်သက်သာသွားမှသာလျှင် သူ့ကိုနာကျင်အောင်လုပ်ခဲ့သည့်ရန်သူကို ပြန်လည်ရင်ဆိုင်ရန် စဉ်းစားထားပုံရသည်။
ခုန်မင်က ကျားခြင်္သေ့သားရဲကြီး၏ သဘောထားကို ရိပ်မိဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်၏။
“ဟုတ်ပါပြီ သားရဲကြီး... ဒဏ်ရာရထားတယ်ဆိုတော့ အနားယူကုသဖို့ လိုအပ်တာ အမှန်ပါပဲ ၊ ဒါပေမဲ့ အခွင့်အရေးကိုတော့ လက်လွှတ်မခံပါနဲ့ ၊ အစွမ်းထက်တဲ့ရန်သူကိုရင်ဆိုင်တဲ့အခါ လုံလောက်တဲ့အကူအညီမရှိဘူးဆိုရင် မင်းတစ်ယောက်တည်းနဲ့ မင်းရဲ့နယ်မြေကို ပြန်သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး”
ကျားခြင်္သေ့သားရဲကြီးက သူ၏လက်သည်းများကို ဝှေ့ယမ်းလိုက်ပြီး လည်ချောင်းထဲမှအသံဖြင့် တိုးလျစွာ ဟိန်းဟောက်သံတစ်ချက်ပြုလိက်သည်။
“အခွင့်အရေးသာရမယ်ဆိုရင် ငါ့နယ်မြေကို ကျူးကျော်တဲ့ကောင်ကို ဘယ်အလွတ်ပေးလိမ့်မလဲ”
ဟု ပြောလိုက်သယောင် ထင်မှတ်ရ၏။
ခုန်မင်က ကျားခြင်္သေ့သားရဲကြီးနှင့် အကြာကြီးအချိန်ဖြုန်းရန် မဖြစ်နိုင်ပေ။ အချိန်အရမ်းကြာသွားပါက နာ့ယီရှို့တို့အုပ်စုအား မျက်ခြေပြတ်သွားနိုင်သည်။
ထို့ကြောင့် သူက ကျားခြင်္သေ့သားရဲကြီးကို လက်ပြနှုတ်ဆက်လိုက်ပြီး...
“ဟုတ်ပါပြီ... အရေးကြီးတဲ့အချိန်ရောက်လာရင်သာ မင်းဘက်က အစွမ်းကုန်ကူညီပေးဖို့မျှော်လင့်ပါတယ်”
ထို့နောက် သူက ‘ရောင်ဝါဖုံးကွယ်ခြင်းအတတ်’ ကို အသုံးပြုရင်းဖြင့်ပင် နာ့ယီရှို့တို့ထွက်ခွာသွားသည့်ဘက်သို့ လိုက်ပါသွားတော့၏။
ကျားခြင်္သေ့သားရဲကြီးက ခုန်မင်၏ကျောပြင် ပျောက်ကွယ်သွားသည်အထိ ငေးစိုက်ကြည့်နေပြီးမှ ခေါင်းကိုချပြီး ပြန်လည်အိပ်စက်လိုက်သည်။
ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ ဤလူငယ်လေးအပေါ် တစုံတရာ ယုံကြည်လေးစားမှု ခံစားနေရပေသည်။
ဤလူငယ်လေးက ကျင့်ကြံခြင်းအဆင့် အလွန်တရာ မြင့်မားခြင်းမရှိသော်လည်း သူ့လို အဆင့်(၅) မှော်ဝင်သားရဲကြီးကိုပင် တည်ငြိမ်စွာဆက်ဆံနိုင်သည်။
သူ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော စွမ်းအားရောင်ဝါကိုလည်း ဘာမှမဖြစ်သလို ခံနိုင်ရည်ရှိသည်။
ဤလူငယ်လေးက အလွန်တရာပါးနပ်ပြီး စွမ်းအားရောင်ဝါကိုဖုံးကွယ်ရာတွင်လည်း ကျွမ်းကျင်သည်ဖြစ်ရာ သူ၏ အစစ်အမှန်တန်ခိုးစွမ်းအားကိုလည်း ဖုံးကွယ်ထားခြင်းဖြစ်ရမည်ဟု ကျားခြင်္သေ့သားရဲ တွေးထင်နေမိသည်။
ကျားခြင်္သေ့သားရဲက နှစ်ပေါင်းများစွာ မြေအောက်နန်းတော်ထဲတွင် ပိတ်မိနေသဖြင့် ပြင်ပလူများတွေ့ တွေ့ဆုံဖူးခြင်း မရှိပေ။
သို့သော် အဆင့်(၅) မှော်ဝင်သားရဲတစ်ကောင်ဆိုသည်က မွေးရာပါ အာရုံခံစားမှု ထက်မြက်သည်ဖြစ်ရာ ခုန်မင်မှာ အလေးထားရမည့်သူတစ်ယောက်ဖြစ်ကြောင်း အလိုအလျောက် သိရှိနေခဲ့၏။
***
ခုန်မင်ကတော့ ကျားခြင်္သေ့သားရဲကြီးနှင့် လမ်းခွဲပြီးနောက် ခြေလှမ်းများကိုအရှိန်မြှင့်ခရီးနှင်လိုက်ရ မကြာမီပင် နာ့ယီရှို့တို့အုပ်စုကို လိုက်မီသွားခဲ့သည်။
သို့သော် သူတွေ့မြင်လိုက်ရသည့်မြင်ကွင်းက ထူးခြားသည်။
နာ့ယီရှို့တို့အုပ်စုနှင့် ချောင်တတိယသခင်လေးတို့အုပ်စု တစ်ဖက်နှင့်တစ်ဖက် အခြေအနေတင်းမာစွာ ရင်ဆိုင်နေကြသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ချောင်တတိယသခင်လေးတို့အုပ်စု နာ့ယီရှို့တို့နောက်သို့ ခိုးကြောင်ခိုးဝှက်လိုက်ပါလာရင်း လူမိသွားခြင်း ဖြစ်ဟန်တူသည်။
ဤသို့ လူမိသွားသည်မှာ ‘ချောင်’ အုပ်စု၏ ပေါ့ဆမှုကြောင့် မဟုတ်ပေ။
အစောပိုင်း ကျားခြင်္သေ့သားရဲကြီးနှင့် ရင်ဆိုင်ရစဉ်က သားရဲကြီးက သူတို့အုပ်စုကိုသာမက သူတို့အုပ်စု၏ အနောက်ဘက်သို့လည်း တစ်ချက်လှမ်းကြည့်ခဲ့သည် မဟုတ်လား။
ထိုအချိန်ကတည်းက အတွေ့အကြုံများသော နာ့ယီရှို့တို့အုပ်စုက တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိသွားခဲ့ကြသည်။
ထို့ကြောင့် ကျားခြင်္သေ့သားရဲကြီးနှင့် အလှမ်းဝေးသည့်နေရာသို့ ရောက်သည်နှင့် သူတို့က ခရီးနှင့်သည့်အရှိန်ကိုလျှော့ချလိုက်ပြီး ချောင်တတိယသခင်လေးတို့အုပ်စု အနားရောက်လာသည်အထိ စောင့်ဆိုင်းကာ အငိုက်ဖမ်းလိုက်ခြင်း ဖြစ်သည်။
ချောင်တတိယသခင်လေးက နာ့ယီရှို့တို့အုပ်စုအတွက် သူစိမ်းမဟုတ်ပေ။
ဖီးနစ်နားခိုရာမျိုးနွယ်စုသို့ရောက်ရှိကတည်းက သူက ချောင်အိမ်တော်မှဖြစ်ကြောင်း ပွင့်လင်းစွာ ထုတ်ဖော်ပြသထားသဖြင့် နာ့ယီရှို့တို့အားလုံး ချောင်အိမ်တော်မှ တတိယသခင်လေးကို သိရှိထားပြီ ဖြစ်သည်။
သို့သော် တောရိုင်းဒေသဆိုသည်က ချောင်အိမ်တော်၏ သြဇာအာဏာဖြန့်ကျက်နိုင်သည့် နေရာတစ်ခု မဟုတ်ပေ။
ချောင်တတိယသခင်လေးသည်ပင် သူတို့နောက်သို့ ခိုးကြောင်ခိုးဝှက်လိုက်လာရဲသည်ဆိုလျှင် သူတို့ဘက်ကရော ဘာကိုအားနာနေရပါမည်နည်း။
အမှန်တော့ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာဆိုသည်က နဂိုကတည်းကပင် အပြင်လောကမှလူများနှင့် သင့်မြတ်သူများ မဟုတ်ကြပေ။
အထူးသဖြင့် ကြံ့နက်မျိုးနွယ်စုကဲ့သို့သော အင်အားကြီးမျိုးနွယ်စုများက ပြင်ပလောကမှလူများကို အမြင်မကြည်ကြပေ။
ပြင်ပလောကမှလူများက သူတို့ကိုတမင်တကာ ဖိနှိပ်ထားပြီး သူတို့၏အခွင့်အာဏာကို တောရိုင်းဒေသမှာပင် ပိတ်လှောင်ထားကာ နယ်မြေချဲ့ထွင်ခွင့်ကို ဟန့်တားထားသည်ဟု ယုံကြည်ထားကြသည်။
အထူးသဖြင့် ချောင်တတိယသခင်လေးကဲ့သို့ ဂုဏ်သရေရှိမိသားစုကြီးများမှ ဆင်းသက်လာသည့် “သခင်လေး” ဆိုသူများကို ပို၍ပင် မုန်းတီးစိတ်ရှိကြသည်။
ထို့ပြင် ဖီးနစ်နားခိုရာမျိုးနွယ်စုတွင် ရှိစဉ်ကပင် ချောင်တတိယသခင်လေး၏အမူအရာများက အတော်လေး ထောင့်မကျိုးခဲ့ပေ။
ထို့ကြောင့် လွန်ခါက သူ့ကိုစတွေ့ကတည်းကပင် အလွန်တရာ အမြင်ကပ်နေခဲ့သည်။
ယခု ချောင်တတိယသခင်လေးက သူတို့နောက်သို့ မရိုးသားသောရည်ရွယ်ချက်ဖြင့် ခိုးကြောင်ခိုးဝှက်လိုက်ပါလာသည်ဖြစ်ရာ လွန်ခါ စိတ်မထိန်းနိုင်တော့ဘဲ မျက်နှာတစ်ခုလုံး မဲမှောင်နေတော့သည်။
သူက ဒေါသတကြီးဖြင့်...
“ချောင်စန်း... မင်းလို ချောင်အိမ်တော်ရဲ့ သခင်လေးတစ်ယောက်က သူများတွေနောက် ခိုးကြောင်ခိုးဝှက်လိုက်နေတာ မရှက်ဘူးလား ၊ မင်းကို သတိပေးလိုက်မယ်... ငါတို့ကို ရန်စမယ်တော့ မကြံနဲ့ ၊ မင်းဟာမင်း ချောင်အိမ်တော်က သခင်လေးဖြစ်ဖြစ် ၊ နတ်ဘုရားရဲ့သားတော်ပဲဖြစ်ဖြစ် ဖီးနစ်ကျဆုံးတောင်ကြားမှာ အသက်ပျောက်သွားနိုင်တယ်ဆိုတာ မမေ့နဲ့”
(ချောင်စန်း (曹三) ဆိုတဲ့ အဓိပ္ပါယ်က ခုန်အော့(孔二) အဓိပ္ပါယ်လိုပါပဲ ၊ ချောင်အိမ်တော်က နံပါတ်(၃)ဆိုတဲ့အဓိပ္ပါယ်ပါ __ ဘာသာပြန်သူ)
စကားပြောနေရင်းပင် လွန်ခါ၏မျက်ဝန်းများထဲမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။
နာ့ယီရှို့နှင့် အဲလစ်တို့အုပ်စုသာ စိတ်တူကိုယ်တူရှိမည်ဆိုလျှင် လွန်ခါက ချောင်တတိယသခင်လေးတို့အုပ်စုကို တစ်ခါတည်း အပြတ်ရှင်းလိုက်မည် ဖြစ်သည်။
သို့သော် နာ့ယီရှို့နှင့် အဲလစ်တို့ ကိုယ့်ဘက်မပါဘဲနှင့်တော့ လွန်ခါက ချောင်အုပ်စုကိုရင်ဆိုင်ရန် ဆန္ဒမရှိချေ။
ပထမတစ်ချက်မှာ လူမညီပါက သူတို့ကြံ့နက်မျိုးနွယ်စုဝင်များသာ အများဆုံး ထိခိုက်ဒဏ်ရာရမည် ဖြစ်သည်။
ဒုတိယတစ်ချက်မှာ နတ်သူငယ်များနှင့် ပြာလွင်တောင်ပံမျိုးနွယ်စုက သူ့ဘက်တွင်မရှိဘဲ ၊ သူသာ ချောင်တတိယသခင်လေးကို သတ်ဖြတ်လိုက်မည်ဆိုလျှင် အပြင်လောကသို့ သတင်းပေါက်ကြားသွားမည် ဖြစ်သည်။
ထိုအခါ ချောင်အိမ်တော်အနေဖြင့် ကြံ့နက်မျိုးနွယ်စုကို လာရောက်လက်စားချေပေလိမ့်မည်။
လွန်ခါက နာ့ယီရှို့နှင့် လော့ခ်တို့ကဲ့သို့ အကွက်စေ့စေ့ဖြင့် ဉာဏ်များတတ်သူမဟုတ်သော်လည်း ကြံ့နက်မျိုးနွယ်စု၏ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်သဖြင့် ငတုံးတစ်ယောက် မဟုတ်ပေ။
ထို့ကြောင့် မိမိဘက်မှနစ်နာမည့်ကိစ္စမျိုးကို တဇွတ်ထိုး လုပ်ဆောင်မည် မဟုတ်ပေ။
အဲလစ်တို့ နတ်သူငယ်အုပ်စုကလည်း ချောင်တတိယသခင်လေးကို ကြည့်မရသည်မှာ ထင်ရှားသည်။
လွန်ခါက စတင်လှုပ်ရှားရန် ရည်ရွယ်သည်နှင့် သူတို့အုပ်စုကလည်း ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ‘ချောင်’ အုပ်စုကို ဝိုင်းရံသည့်ပုံစံမျိုး နေရာယူလိုက်ကြ၏။
လွန်ခါနှင့် အဲလစ်တို့၏ ရန်လိုသောအမူအရာကိုတွေ့သည်နှင့် ချောင်တတိယသခင်လေးက မျက်လုံးများ မှေးစင်းလိုက်သည်။
ချောင်ဟူတို့ညီအစ်ကို(၃)ယောက် ပူးပေါင်းလိုက်လျှင် လွန်ခါနှင့် အဲလစ်တို့အုပ်စုကို ကြောက်စရာမလိုသော်လည်း သူသေကိုယ်သေ တိုက်ပွဲရင်ဆိုင်ရပါက သေချာပေါက် အထိနာမည် ဖြစ်သည်။
အစပိုင်းတွင် ချောင်တတိယသခင်လေး စီစဉ်ထားသည်မှာ ကြံ့နက်မျိုးနွယ်စုဝင်များနှင့် နတ်သူငယ်များ သူသေကိုယ်သေတိုက်ခိုက်ပြီး နှစ်ဖက်လုံးအင်အားချည့်နဲ့သွားချိန်တွင် သူက ကြားထဲမှဝင်ပြီး အမြတ်ထုတ်ရန် ဖြစ်၏။
သို့သော် နာ့ယီရှို့ရောက်ရှိလာသဖြင့် အခြေအနေက သိသိသာသာ ပြောင်းလဲသွားသည်။
ယခုတော့ ကြံ့နက်မျိုးနွယ်စုဝင်များနှင့် နတ်သူငယ်များပူးပေါင်းကာ သူ့ကိုပင် ပစ်မှတ်ထားတိုက်ခိုက်ရန် ရည်ရွယ်နေကြပေပြီ။
ထိုအချိန် နာ့ယီရှို့က ချိုသာစွာ ရယ်မောလိုက်ပြီး...
“အားလုံးပဲ... ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ ၊ ကျွန်မတို့အားလုံးက စမ်းသပ်ပွဲမှာ ပါဝင်တဲ့သူတွေပဲလေ ၊ အတူတူပူးပေါင်းဆောင်ရွက်ကြရင် မကောင်းဘူးလား ၊ စောစောကပဲ ကျွန်မတို့ ဘာကောင်နဲ့တိုးခဲ့လဲဆိုတာ မမေ့ကြပါနဲ့ ၊ အဆင့်(၅) မှော်ဝင်သားရဲဖြစ်တဲ့ ကျားခြင်္သေ့သားရဲနဲ့ တည့်တည့်တိုးခဲ့တာနော်”
သူမက ဆက်ပြောလိုက်သည်။
“ဒီနေရာက ရတနာသိုက်ကြီးဆိုပေမယ့် အန္တရယ်လည်း အရမ်းများတယ် ၊ ကျားခြင်္သေ့သားရဲတောင် ရှိနေတယ်ဆိုရင် တခြား အစွမ်းထက်မှော်ဝင်သားရဲတွေလည်း ရှိနေနိုင်သေးတယ် ၊ ဒီတော့ ကျွန်မတို့ တတ်နိုင်သမျှအင်အားစုစည်းပြီး မမြင်နိုင်တဲ့အန္တရယ်တွေကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလား”
သူမက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း...
“ရှင်တို့တွေ အသေအလဲ တိုက်ခိုက်ချင်နေတယ်ဆိုရင်လည်း ရတနာရှာပုံတော်ကြီးပြီးမှ တိုက်ကြပါရှင် ၊ အဲဒီအချိန်ကျ သေခြင်းရှင်ခြင်းအားလုံး ကံတရားအတိုင်းပဲ ၊ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ဘာမှပြောစရာမရှိတော့ဘူး”
နာ့ယီရှို့၏စကားများက အလွန်ပင် သက်ရောက်မှု ရှိပေသည်။
တစ်ဖက်နှင့်တစ်ဖက် ဓားဆွဲ လေးတင်ဖြင့် တင်းမာနေသည့်အခြေအနေက ပြန်လည်လျော့ပါးသွားခဲ့သည်။
ချောင်တတိယသခင်လေးမှာလည်း နာ့ယီရှို့စကားများကြောင့် အံ့အားသင့်သွားရပြီး မိန်းမပျိုကို ချစ်ခင်နှစ်လိုသည့် အကြည့်များဖြင့်ပင် ကြည့်လိုက်မိတော့၏။
အခြားသူများထက်ဆာလျှင် ဤမိန်းကလေးက ပိုပြီး ကျိုးကြောင်းဆီလျော်သည် မဟုတ်ပါလား။
ချောင်ဟူတို့ညီအစ်ကို(၃)ယောက်မှာ ချောင်တတိယသခင်လေး၏ ချစ်ရိပ်သမ်းသည့်မျက်ဝန်းများကိုတွေ့လိုက်သည်နှင့် နှာဘူးထသည့်စကားများ လွှတ်ခနဲပြောလိုက်ပါက ပြဿနာတက်မည်ကို စိတ်ပူသဖြင့် ချက်ချင်းပင် စကားဝင်ပြော်ကြရတော့သည်။
ချောင်ဟူက နာ့ယီရှို့ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး...
“မိန်းကလေးပြောတာ မှန်ပါတယ် ၊ အခုချိန်မှာ အချင်းချင်းသတ်ဖြတ်ကြတာထက် အတူပူးပေါင်းပြီး ရတနာတွေရှာဖွေတာ ပိုကောင်းပါတယ် ၊ အားလုံးက အသိဉာဏ်ရှိတဲ့လူတွေဖြစ်လို့ မဆင်မခြင် မလုပ်စေချင်ပါဘူး”
ထိုစကားကြားတော့ လွန်ခါနှင့် အဲလစ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး နာ့ယီရှို့ကို ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။
သူတို့အနေဖြင့် ရတနာပစ္စည်းများကို ခွဲဝေယူရန်အတွက် နောက်ထပ်အဖွဲ့တစ်ဖွဲ့နှင့် ထပ်မံပူးပေါင်းလိုစိတ် မရှိပေ။
နာ့ယီရှို့က ချစ်စဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီး...
“ကျွန်မတို့အားလုံး ပူးပေါင်းလိုက်မယ်ဆိုရင် စောစောကတွေ့တဲ့ ကျားခြင်္သေ့သားရဲကိုတောင် ပြန်သွားပြီး အမဲလိုက်လို့ရနိုင်ဦးမှာပါ ၊ စဉ်းစားကြည့်လေ... အဲဒီသားရဲကြီး ကျွန်မတို့ကို လွှတ်ပေးလိုက်တာ ကျွန်မတို့ဘက်က လူအင်အားများနေလို့ပဲ မဟုတ်လား ၊ တကယ်လို့ ကျွန်မတို့သာ အချင်းချင်းသတ်ဖြတ်နေမယ်ဆိုရင်... အဲဒီသားရဲကြီးက ကြားထဲက အမြတ်ထွက်ပြီဆိုပြီး ဝမ်းသာနေလိမ့်မယ်”
နာ့ယီရှို့က အမှန်တကယ်ပင် ပူးပေါင်းရန်ဆန္ဒရှိနေကြောင်း အားလုံး နားလည်သွားကြသည်။
ဤသည်က ကျိုးကြောင်းဆီလျော်ပေသည်။
တကယ်တော့ အားလုံးထဲတွင် နာ့ယီရှို့က တစ်ကိုယ်တည်းသမားဖြစ်သည်။ အချင်းချင်းတိုက်ခိုက်ကြမည်ဆိုလျှင် သူမက အားအနည်းဆုံးသူ ဖြစ်သွားပေလိမ့်မည်။
အုပ်စုများအားလုံး ပူးပေါင်းမဟာမိတ်ဖွဲ့မှသာ သူမသည်လည်း ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ပြီး ဆေးပင်ဥယျာဉ်ကဲ့သို့သော ရတနာသိုက်ကြီးထဲမှ လက်ဗလာဖြင့် မပြန်ရစေရန် အာမခံချက်ရှိမည် မဟုတ်ပါလား။