နတ်ဝိညာဉ်သစ်သီး
Vol. 16 Ch. 169
အခြားသူများက နာ့ယီရှို့၏အကြံကို မရိပ်မိကြခြင်းတော့ မဟုတ်ပေ။
သို့သော် လက်ရှိအခြေအနေအရ ပူးပေါင်းဆေင်ရွက်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်နေပေသည်။
လွန်ခါက မျက်နှာထားခပ်တင်းတင်းဖြင့်ပင် စကားဆိုလိုက်၏။
“ငါတို့တွေ ခရီးအတူသွားလို့ရတယ် ၊ ဒါပေမဲ့ ငါတို့ ကြံ့နက်မျိုးနွယ်စုဝင်တွေက ဘယ်သူ့အမိန့်မှ နာခံမှာမ ဟုတ်ဘူး ၊ ပြီးတော့ ညစ်ပတ်တဲ့နည်းလမ်းနဲ့ လှည့်ကွက်သုံးတာမျိုး... ငါတို့အကျိုးစီးပွား ထိခိုက်အောင်လုပ်တာမျိုး... လုပ်လာလို့ကတော့ အသက်ပျောက်မယ်ဆိုတာ သိထားပါ”
ချောင်တတိယသခင်လေးက နှာတစ်ချက်မှုတ်လိုက်ပြီး...
“ငါတို့ဘက်ကလည်း အတူတူပဲ”
နာ့ယီရှို့က ချိုမြလှပစွာပြုံးလိုက်ရင်း...
“အားလုံးပဲ... ကျွန်မက ဘာအကူအညီမှမရှိတဲ့ တစ်ကိုယ်တည်း မိန်းကလေးပါနော် ၊ ရှင်တို့တွေ တစ်ယောက်နဲ့တစ်ယောက် သံသယရှိရင်တောင် ကျွန်မကိုတော့ ယုံကြည်တယ် မဟုတ်လား ၊ အချင်းချင်းတွေ အဖုအထစ်ရှိလာရင်လည်း ကျွန်မက ကြားဝင်ညှိနှိုင်းပေးပါ့မယ်”
လွန်ခါနှင့် အဲလစ်က မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေကြသည်။
ချောင်တတိယသခင်လေးက နာ့ယီရှို့ကို တပ်မက်နှစ်လိုသည့်မျက်ဝန်းများဖြင့်ကြည့်လိုက်ပြီး...
“မင်းလိုမိန်းမလှလေးနဲ့ ခရီးအတူသွားခွင့်ရတာ... ဒီသခင်လေးအတွက်တော့ တကယ့်ကိုဂုဏ်ယူစရာပါပဲ”
ထိုစကားကြားတော့ နာ့ယီရှို့က ညှို့ဓာတ်အပြည့်ပါသည့် အသံလေးဖြင့် ရယ်မောလိုက်ရင်း...
“ဒီက သခင်လေးက မြှောက်ပင့်လွန်းနေပါပြီ”
နာ့ယီရှို့၏ အကြီးမားဆုံးစွမ်းရည်က ယောကျ်ားလေးများကို ညှို့ယူဖမ်းစားခြင်းပင်ဖြစ်သည်။ ဤသည်က သူမ၏ မွေးရာပါ ပါရမီဟုပင် ဆိုနိုင်သည်။
သူမနေရာတွင် ထူယာ့ သို့မဟုတ် အဲလစ်တို့သာဖြစ်ခဲ့ပါက ချောင်တတိယသခင်လေး၏ ပြီတီတီမျက်နှာဘေးကို မြင်သည်နှင့် အမြင်ကပ်ပုဒ်မဖြင့် ပါးဆယ်ချက်ခန့် တီးမိပေလိမ့်မည်။
ချောင်တတိယသခင်လေးမှာတော့ နာ့ယီရှို့၏ရယ်သံလေးကိုနားထောင်ရင်း တစ်ကိုယ်လုံး ပျော့ခွေသွားမတတ်ပင် ဖြစ်သွားရသည်။
သူက နာ့ယီရှို့အပေါ် အခွင့်အရေးယူရန်ကြိုးစားလိုက်သော်လည်း မိန်းမပျိုက ပါးနပ်စွာပင်ရှောင်ရှားလိုက်ပြီး ကြံ့နက်မျိုးနွယ်စုဝင်များနှင့် နတ်သူငယ်များကြားသို့ လျှင်မြန်စွာပင်တိုးဝင်သွားကာ လမ်းပြနေရာကိုယူပြီး ရှေ့ဆက်လျှောက်သွားလေသည်။
ချောင်တတိယသခင်လေးမှာ မည်သို့မှမတတ်နိုင်တော့ဘဲ ချောင်ညီအစ်ကို(၃)ယောက်ကိုဦးဆောင်ကာ နာ့ယီရှို့တို့နောက်မှ လိုက်ပါသွားရတော့သည်။
ထိုသို့ဖြင့် ကိုယ်ပိုင်အစီအစဉ်များ ၊ လျှို့ဝှက်ချက်များရှိနေကြသည့် လူအုပ်စုကြီးမှာ မထင်မှတ်ဘဲ တစ်လှေတည်းစီး ခရီးသွားများ ဖြစ်သွားကြလေသည်။
ထိရှလွယ်သော ယာယီမဟာမိတ်ဖွဲ့မှုဖြစ်သဖြင့် မည်မျှကြာရှည်ခံမည်ကိုတော့ မည်သူမှ မသိနိုင်ပေ။
သူတို့အုပ်စုနောက်မှ တိတ်တဆိတ်လိုက်ပါလာသည့် ခုန်မင်ကတော့ ထိုအုပ်စုကြီး ပိုမိုတောင့်တင်းခိုင်မာလာရန် မျှော်လင့်နေခဲ့သည်။
ဤအုပ်စုဖြင့်ဆိုလျှင် အဆင့်(၆)မှော်ဝင်သားရဲအား ကောင်းစွာရင်ဆိုင်နိုင်မည် မဟုတ်ပါလား။
ထိုသို့ဖြင့် ခရီးဆက်လာရင်း ရွှံ့နွံတောတစ်ခုရှိရာသို့ ရောက်ရှိလာသည်။
ရွှံ့နွံတောအစပ်တွင် စတော်ဘယ်ရီချုံများနှင့်ဆင်တူသည့် သာမန်ချုံပုတ်လေးများပေါက်ရောက်လျှက် ရှိသည်။
သို့သော်...
“ဟင်...”
ထူးခြားမှုကို အရင်ဆုံး သတိပြုမိသွားသူက နာ့ယီရှို့ဖြစ်သည်။
ခဏနေမှ အဲလစ်က တစ်စုံတစ်ရာကိုခံစားမိဟန်ဖြင့်...
“ဒီ... ဒီအနံ့... အရမ်းမွှေးတာပဲ...”
ထို့နောက်မှာတော့ သူတို့အားလုံး ချုံပုတ်လေးများထက်တွင်သီးနေသော လက်သီးဆုပ်ခန့်ရှိသည့် အစိမ်းရောင်သစ်သီးလေးနှစ်လုံးကို သတိပြုမိသွားကြတော့သည်။
မွှေးပျံ့သည့်ရနံ့က ထိုသစ်သီးများမှ ထွက်ပေါ်လာခြင်းပင်။
ချုံပုတ်ငယ်များက အလွန်ပင်သာမန်ဆန်သော်လည်း ထိုသစ်သီးမှထွက်ပေါ်လာသည့် ရနံ့ကတော့ အံ့သြစရာကောင်းလောက်အောင် မွှေးပျံ့လှသည်။
ထိုအချိန်မှာပင် နာ့ယီရှို့က ချုံပုတ်များအနားသို့တိုးကပ်သွားပြီး လက်မြန်ခြေမြန်ဖြင့် သစ်သီးနှစ်လုံးကို ခူးယူလိုက်တော့သည်။
ဟုတ်ပေ၏။
ထိုအစိမ်းရောင်သစ်သီးများမှာ အလွန်တရာရှားပါးသည့် သဘာဝရတနာဖြစ်သော “နတ်ဝိညာဉ်သစ်သီး” ပင် ဖြစ်သည်။
သစ်သီးရနံ့သာ ထွက်ပေါ်မလာဘူးဆိုလျှင် အာရုံခံစားမှု ထက်မြက်လှပါသည်ဆိုသေသာ မှော်ဝင်သားရဲများသည်ပင် သာမန်ဆန်လွန်းလှသည့် အစိမ်းရောင်သစ်သီးလေးများကို ထိပ်တန်းအဆင့် “ကောင်းကင်ရတနာ” ဖြစ်ကြောင်း ရိပ်မိကြမည် မဟုတ်ပေ။
ယခု သစ်သီးများမှ မွှေးရနံ့ထွက်ပေါ်နေသည်ကိုကြည့်ခြင်းအားဖြင့် ရင့်မှည့်နေပြီဟု သတ်မှတ်နိုင်သည်။
ပြောရမည်ဆိုလျှင် “နတ်ဝိညာဉ်သစ်သီး” ဆိုသည်က မှော်ဝင်သားရဲ အစောင့်အကြပ်မရှိသည့် တစ်ခုတည်းသော ဒဏ္ဍာရီလာ ရတနာပစ္စည်း ဖြစ်သည်။
သို့သော် ဤသစ်သီးရင့်မှည့်သည့်အချိန်နှင့်ကြုံကြိုက်ပြီး တိုက်ဆိုင်စွာ ခူးယူနိုင်ခွင့်ရရှိရန်ကတော့ အလွန်ပင်ခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဝိညာဉ်သစ်သီး ပေါက်ရောက်ရာဒေသနှင့် ရင့်မှည့်ချိန်တို့က ပုံသေမရှိဘဲ ခန့်မှန်းရ ခက်ခဲသောကြောင့်ပင်။
သစ်သီးရင့်မှည့်သွားပါကလည်း ထူးခြားသည့်မွှေးရနံ့ကို နာရီဝက်ခန့်သာ ထုတ်လွှတ်သည်။
ထိုအချိန်ကာလကုန်ဆုံးသွားသည်နှင့် မွှေးရနံ့ပျောက်ကွယ်သွားပြီး သစ်သီးမှာလည်း မြေပြင်ထက်သို့ကြွေကျကာ တစ်ခဏအတွင်း ပုပ်သိုးဆွေးမြေ့သွားတော့သည်။
သစ်သီးပုပ်ဆွေးသွားသည်နှင့် ၎င်း၏အနှစ်သာရများက မြေကြီးထဲသို့ လုံးဝပျော်ဝင်သွားပြီး နေရာမသိ အချိန်မသိ နောင်တစ်ချိန်တွင်မှ ပြန်လည်ပေါက်ဖွားလာတတ်သည်။
ထို့ကြောင့် ဤသစ်သီးကိုခူးယူလိုလျှင် သစ်သီးရင့်မှည့်သည့် နာရီဝက်အတွင်း စောနိုင်သမျှစောအောင် ခူးယူခြင်းက အကောင်းဆုံး ဖြစ်သည်။
မဟုတ်ပါက သစ်သီးရနံ့ လေထဲသို့ပျံ့လွင့်သွားသည်နှင့် မိုင်တစ်ရာပတ်လည်မှ မှော်ဝင်သားရဲများအားလုံး သစ်သီးရှိရာနေရာသို့ စုပြုံရောက်လာနိုင်သည်။
ထိုအချိန်ရောက်လျှင်တော့ ထိုသစ်သီးက ရတနာပစ္စည်းမဟုတ်တော့ဘဲ မည်သူမှ လက်ထဲကိုင်မထားချင်သည့် မီးကျီးခဲ ဖြစ်သွားပေမည်။
ယခု နာ့ယီရှို့တို့အုပ်စုက ကံကောင်းသည်ဟု ဆိုရမည်။
နတ်ဝိညာဉ်သစ်သီးကို ရင့်မှည့်ခါစအချိန်မှာပင် တိုက်ဆိုင်စွာ တွေ့ရှိခဲ့သည်။
ထို့ကြောင့် နာ့ယီရှို့က သစ်သီးရနံ့များ အဝေးသို့ပျံ့လွင့်မသွားခင် လက်ဦးမှုယူကာ အလျှင်အမြန် ဆွတ်ခူးလိုက်ခြင်း ဖြစ်၏။
သို့သော် နာ့ယီရှို့လက်ထဲသို့ “နတ်ဝိညာဉ်သစ်သီး” ရောက်ရှိသွားသည်နှင့် ပဋိပက္ခလည်း ချက်ချင်း စတင်လေတော့သည်။
နာ့ယီရှို့ ခူးဆွတ်လိုက်သည်က သစ်သီး(၂)လုံးမျှသာဖြစ်သော်လည်း ထိုသစ်သီးကိုလိုချင်သည့်အုပ်စုက (၄)စု ဖြစ်နေသည် မဟုတ်လား။
ဤသစ်သီးများကို မည်သို့ ခွဲဝေကြမည်နည်း။
“နတ်ဝိညာဉ်သစ်သီး” ဆိုသည်က ရှားပါး ‘ကောင်းကင်ရတနာ’ ဖြစ်ပြီး ၎င်း၏ အဓိကအာနိသင်က လူတစ်ယောက်၏ ဝိညာဉ်စွမ်းအားကို အားကောင်းလာစေခြင်း ဖြစ်သည်။
ဤသို့သော ရတနာပစ္စည်းမျိုးက ထျန်းယွမ်ကုန်းမြေတွင် ဖီနစ်ငှက်မွှေး ၊ ယူနီကွန်းဦးချိုပမာ အလွန်တရာ ရှားပါးပေသည်။
နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်များ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်သို့ တက်လှမ်းရန်ကြိုးပမ်းသည့်အခါ ကိုယ်တွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ‘စိတ်ဝိညာဉ်နတ်ဆိုး’ ၏ စမ်းသပ်မှုကို ရင်ဆိုင်ကြရသည်။
ထိုအဆင့်ကိုကျော်ဖြတ်နိုင်ခြင်း ရှိ မရှိဆိုသည်မှာ မွေးရာပါ ပါရမီ သို့မဟုတ် တန်ခိုးစွမ်းအားတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ ကျင့်ကြံသူတစ်ယောက်၏ဝိညာဉ်စွမ်းအား မည်မျှကြံ့ခိုင်သနည်းဆိုသည့်အချက်ပေါ်တွင်သာ မူတည်သည်။
အလွန်တရာ စိတ်ဓာတ်ကြံ့ခိုင်သူများသာလျှင် ဤအတားအဆီးကို ဖြတ်ကျော်နိုင်ပြီး သူတို့၏စိတ်အခြေအနေသည်လည်း နယ်ပယ်အသစ်တစ်ခုသို့ ရောက်ရှိသွားကာ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်သို့ တက်လှမ်းနိုင်သည့်အခွင့်အရေးကို ရရှိကြသည်။
ထို့ကြောင့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်များအတွက် “နတ်ဝိညာဉ်သစ်သီး” က အစားထိုးမရသည့် ထိပ်တန်းရတနာပင် ဖြစ်၏။
ထို့ကြောင့် အင်အားစုတိုင်း ၊ ဂိုဏ်းဂနတိုင်းက ဤသို့သော ရတနာပစ္စည်းများကို မက်မောကြသည် အမှန်ပင်။
အခြေအနေကို ပိုမိုဆိုးရွားစေသည့်အချက်မှာ “နတ်ဝိညာဉ်သစ်သီး” က နတ်သူငယ်များအတွက်လည်း အစားထိုးမရနိုင်သော ရတနာဖြစ်နေခြင်းပင်။
နတ်သူငယ်များအသုံးပြုသည့် မှော်ပညာက ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းနှင့် လုံးဝ မတူကွဲပြားသော နည်းစနစ်တစ်ခု ဖြစ်သည်။
မှော်ပညာကျင့်ကြံမည်ဆိုလျှင် အလွန်မြင့်မားသော ဝိညာဉ်စွမ်းအားလိုအပ်ပေသည်။
တကယ်တော့ နတ်သူငယ်တစ်ယောက်၏ ဝိညာဉ်စွမ်းအား အဆင့်အတန်းက သူ၏ မှော်ပညာပါရမီကိုတိုင်းတာသည့် စံနှုန်းပင် ဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်စွမ်းအား မြှင့်တင်ပေးနိုင်သည့် ထိပ်တန်းရတနာပစ္စည်းများကို နတ်သူငယ်များအနေဖြင့် လုံးဝ လက်လွှတ်မခံနိုင်ကြပေ။
တစ်ခဏအတွင်းမှာပင် လူတိုင်း၏အကြည့်များက နာ့ယီရှို့ထံသို့ ရောက်ရှိသွားသည်။
ပိုပြီး အတိအကျဆိုရသော် သူတို့အားလုံး၏ အကြည့်များက သူမဆွတ်ခူးလိုက်သော “နတ်ဝိညာဉ်သစ်သီး” ထက်သို့ ကျရောက်သွားခြင်းသာ ဖြစ်၏။
နာ့ယီရှို့ကိုယ်တိုင်လည်း “နတ်ဝိညာဉ်သစ်သီး” ကို အလွန်တရာ မက်မောလေသည်။
သို့သော် သူမကို ဝိုင်းဝန်းကြည့်ရှုလာကြသည့် မျက်ဝန်းများနောက်ကွယ်မှ လိုချင်တပ်မက်မှုအရိပ်အယောင်များကို တွေ့မြင်လိုက်သည်နှင့် အခြေအနေကို သဘောပေါက်သွားသည်။
အုပ်စု (၄)ခုတွင် သူမက တစ်ယောက်တည်းသမားဖြစ်လေရာ ဤသစ်သီးများကို အတင်းဆုပ်ကိုင်ထားမည်ဆိုပါက အဆုံးသတ်လှနိုင်မည် မဟုတ်ပေ။
နာ့ယီရှို့က အလွန်ပါးနပ်သော မိန်းကလေးတစ်ယောက်ဖြစ်လေရာ မလွှဲမရှောင်သာသည့် အခြေအနေမျိုးမှလွဲပြီး ကိုယ့်ဒုက္ခကိုယ်ရှာမည် မဟုတ်ပေ။
အခြေအနေက အချိန်မရွေး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်ကြောင်း ရိပ်မိသည်နှင့် သူမက ချက်ချင်းပင် စိတ်ထားပြောင်းလဲလိုက်သည်။
နာ့ယီရှို့က ချစ်စရာကောင်းစွာ ပြုံးရယ်လိုက်ရင်း...
“အားလုံးပဲ... ရတနာပစ္စည်းက ဘယ်လောက်တန်ဖိုးကြီးပါစေ ၊ အသက်ရှိမှသာ အသုံးပြုလို့ရမှာပါ ၊ ကျွန်မက ဒီ ‘နတ်ဝိညာဉ်သစ်သီး’ ကို ခူးလိုက်တာ ကိုယ်ကျိုးအတွက် မဟုတ်ပါဘူး ၊ ဒီသစ်သီးနံ့ကြောင့် မှော်ဝင်သားရဲတွေ ရောက်လာမှာ စိုးလို့ပါ ၊ ဥပမာ... စောစောက ဟိုကျားခြင်္သေ့သားရဲကြီး ရောက်လာနိုင်တယ်လေ ၊ ဒါဆို ကျွန်မတို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
သူမက ဆက်ပြောလိုက်သည်။
“ကျွန်မက ဒီသစ်သီးတွေကို အပိုင်သိမ်းဖို့ မရည်ရွယ်ပါဘူးနော် ၊ ဒါပေမဲ့... သစ်သီးက နှစ်လုံးပဲရှိတာဆိုတော့ ဘယ်လိုခွဲဝေယူမလဲဆိုတာ ဆွေးနွေးကြရမှာပေါ့ ၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ မဟာမိတ်အဖွဲ့ ပျက်သွားလို့မဖြစ်ဘူး မဟုတ်လား”
စကားပြောနေစဉ်မှာပင် နာ့ယီရှို့က သူမ၏ ဖြူဝင်းနုနယ်သည့် လက်ဖဝါးထက်တွင် သစ်သီးနှစ်လုံးကို တင်ထားလိုက်သည်။
ပြီးမှ သစ်သီးမှထွက်နေသော မွှေးရနံ့များပျောက်ကွယ်သွားစေရန်အတွက် အိတ်ငယ်နှစ်လုံးကိုထုတ်ယူကာ သစ်သီးတစ်လုံးစီကို အိတ်ငယ်တစ်လုံးစီအတွင်းသို့ ထည့်သွင်းလိုက်သည်။
လူတိုင်းက သူမကိုအာရုံစိုက်နေသဖြင့် သူမက မည်သည့်လှည့်စားမှုမှမရှိကြောင်း ပွင့်လင်းမြင်သာစွာ ပြသလိုက်ခြင်းပင်။
ထိုအချိန် လွန်ခါက သူ့သဘောထားကို ပြတ်သားစွာ ထုတ်ဖော်လာသည်။
“အဲဒီသစ်သီးနှစ်လုံးထဲက တစ်လုံးက ငါတို့ကြံ့နက်မျိုးနွယ်စုအတွက် ဖြစ်ရမယ် ၊ ကျန်တဲ့တစ်လုံး ဘယ်သူယူမလဲဆိုတာကိုတော့ ငါတို့မျိုးနွယ်စုက ဝင်စွက်မှာ မဟုတ်ဘူး”
လွန်ခါက သစ်သီးနှစ်လုံးစလုံးကို မတောင်းဆိုခဲ့ပေ။
ထိုမျှလောဘကြီးပါကလည်း နာ့ယီရှို့ ၊ အဲလစ်နှင့် ချောင်တတိယသခင်လေးတို့ ပူးပေါင်းပြီး သူတို့အုပ်စုကို ပညာပေးပေလိမ့်မည်။
လက်ရှိတွင် သူက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ဖြစ်သဖြင့် ဤနေရာတွင် ရှိနေသူများအားလုံးထဲတွင် စွမ်းအားအကြီးမားဆုံးဖြစ်သည်။
ကြံ့နက်မျိုးနွယ်စုသည်လည်း တောရိုင်းဒေသ အဓိကအင်အားစု(၃)ခုတွင် တစ်ခုအပါအဝင်ဖြစ်လေရာ သစ်သီးတစ်လုံး တောင်းဆိုရုံဖြင့် ပြင်းထန်သောတုံ့ပြန်မှုနှင့် ကြုံတွေ့ရမည်မဟုတ်ဟု ယူဆထားခဲ့သည်။
သို့သော် လွန်ခါ၏တွက်ကိန်းက သူ့ကိုယ်သူ အတော်လေး အထင်ကြီးရာရောက်သွားသည်။
သူ့စကားမဆုံးခင်မှာပင် အဲလစ်က နှာတစ်ချက်မှုတ်လိုက်ပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ဒီနေရာက ဖီးနစ်ကျဆုံးတောင်ကြားနော် ၊ ကြံ့နက်မျိုးနွယ်စုရဲ့ နယ်မြေ မဟုတ်ဘူး ၊ ဘာအကြောင်းပြချက်နဲ့ ရှင်တို့အုပ်စုကို သစ်သီးတစ်လုံးပေးရမှာလဲ”
သူမက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“အမျှတဆုံးနည်းလမ်းကတော့ ဘယ်သူစွမ်းအားအကြီးဆုံးလဲဆိုတာ ယှဉ်ပြိုင်ကြမယ် ၊ ‘နတ်ဝိညာဉ်သစ်သီး’ က စွမ်းအားအကြီးဆုံးသူနဲ့ပဲ ထိုက်တန်တယ် ၊ ဘယ်သူမှ လက်ညှိုးထိုးပြီး အပိုင်တောင်းစရာ အကြောင်းမရှိဘူး”