ပူးပေါင်းတိုက်ခိုက်မှု
Vol. 16 Ch. 170
အဲလစ်၏စကားကြောင့် လွန်ခါ၏မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။
သူက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း...
“ဘာလဲ... မင်းတို့နတ်သူငယ်တွေက သိပ်ကို ယုံကြည်ချက်ရှိနေတယ်ပေါ့လေ ၊ ကောင်းပြီ... ဒါဖြင့် အဖွဲ့လိုက်တိုက်မလား ၊ တစ်ယောက်ချင်းစီယှဉ်မလား ၊ ဘယ်လိုတိုက်ပွဲမျိုးဖြစ်ဖြစ် ငါတို့ကြံ့နက်မျိုးနွယ်စုက နောက်ဆုတ်မှာ မဟုတ်ဘူး”
လွန်ခါက သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို အကြွင်းမဲ့ယုံကြည်သည်။ ထို့ကြောင့် အဲလစ်၏စိန်ခေါ်မှုကို ကန့်ကွက်စရာ မရှိပေ။
အဲလစ်ကလည်း အပိုင်တွက်ပြီးမှ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
သူမသာ အစွမ်းကုန်တိုက်ခိုက်မည်ဆိုလျှင် လွန်ခါတို့အုပ်စုကို အနိုင်ယူနိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
မှော်ပညာဆိုသည်က ဒြပ်စင်စွမ်းအားနှင့် လုံးဝမတူကွဲပြားသည့် စွမ်းအားစနစ်တစ်ခု ဖြစ်သည်။
ရုပ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှုခြင်းယှဉ်မည်ဆိုလျှင် အဲလစ်က လွန်ခါ၏ခြေဖျားကိုပင်မမီသော်လည်း ၊ နတ်သူငယ်များအသုံးပြုသည့် မှော်ပညာဆိုသည်က ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်များကိုကျော်လွန်သည့် တန်ခိုးစွမ်းအား အသုံးချပညာရပ် ဖြစ်သည်။
အဲလစ်အနေဖြင့် သူမ၏မှော်စွမ်းအားကို အထွတ်ထိပ်အဆင့်ထိ တွန်းပို့လိုက်မည်ဆိုပါက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကို ပြဿနာမရှိဘဲ အနိုင်ယူနိုင်ပေမည်။
ပုံမှန်အခြေအနေဆိုလျှင် အဲလစ်က သူမ၏ တန်ခိုးစွမ်းအားအစစ်အမှန်ကို အချိန်မတိုင်ခင် ထုတ်ဖော်ပြသလိုခြင်း မရှိပေ။
သို့သော် “နတ်ဝိညာဉ်သစ်သီး” ဆိုသည်က နတ်သူငယ်မျိုးနွယ်စုအတွက် အလွန်အရေးပါသည်ဖြစ်ရာ သူမအနေဖြင့် လက်လွှတ်ရန် မဖြစ်နိုင်ပေ။
ဟုတ်ပေ၏။
“နတ်ဝိညာဉ်သစ်သီး” အတွက် တိုက်ခိုက်ကြမည်ဆိုပါက သူတို့ ခက်ခဲစွာ တည်ဆောက်ထားရသော မဟာမိတ်အဖွဲ့ကြီး ပျက်ဆီးသွားပေမည်။
ဤမဟာမိတ်အဖွဲ့ ပျက်ဆီးသွားမည်ကို အလိုမရှိဆုံးသူက နာ့ယီရှို့ပင် ဖြစ်သည်။
ထို့ပြင် လူတိုင်းက အင်အားအသုံးပြုပြီး ဆုံးဖြတ်ကြမည်ဆိုလျှင် တစ်ကိုယ်တည်းဖြစ်နေသော သူမအတွက် လုံးဝ အခွင့်အရေးမရှိတော့သည့်အနေအထားသို့ ရောက်ရှိသွားမည် မဟုတ်လား။
ထို့ကြောင့် နာ့ယီရှို့က သက်ပြင်းတစ်ချက်ချရင်း စကားဝင်ပြောတော့၏။
“ဖြစ်မှဖြစ်ရလေရှင်... ရှင်တို့အားလုံးက ထိပ်တန်းပါရမီရှင်တွေဖြစ်ပါလျှက်နဲ့ ဘာလို့ ဒီလောက် အမြင်ကျဉ်းရတာလဲ ၊ ရှင်တို့ ဒီရတနာသိုက်ထဲကိုဝင်လာတာ ‘နတ်ဝိညာဉ်သစ်သီး’ တစ်ခုတည်းအတွက်ပဲလား ၊ အခုကတည်းက သူသေကိုယ်သေတိုက်ခိုက်ကြမယ်ဆိုရင် နောက်ပိုင်း ရတနာတွေဆက်ရှာဖို့ အင်အားရှိပါတော့မလား ၊ ရှေ့ဆက်ဘာတွေဖြစ်မလဲဆိုတာ ကျွန်မဖြင့် တွေးတောင်မတွေးရဲဘူး”
နာ့ယီရှို့၏ စကားများက ကျိုးကြောင်းဆီလျော်ပေသည်။
သို့သော် နတ်ဝိညာဉ်သစ်သီးကို မည်သူက စွန့်လွှတ်ချင်ပါမည်နည်း။
အဲလစ်နှင့်လွန်ခါတို့မှာ နာ့ယီရှို့စကားကြောင့် ခဏမျှတုံ့ဆိုင်းသွားကြသော်လည်း ထိုသစ်သီးကို လက်လွှတ်ရမည်ဆိုခြင်းကိုတော့ လုံးဝ လက်မခံနိုင်ဘဲ ရှိနေကြသည်။
ထိုအချိန် ချောင်တတိယသခင်လေးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး...
“အားလုံးပဲ... နတ်ဝိညာဉ်သစ်သီးကို လူတိုင်းလိုချင်ကြတယ်ဆိုတာ မှန်ပါတယ် ၊ ဒါပေမဲ့... ငါ့အမြင်ပြောရရင်... ဒီရတနာမြေမှာ ဒီသစ်သီးက အဖိုးတန်ဆုံး ရတနာပစ္စည်း မဟုတ်သေးပါဘူး ၊ ဒီတော့... ဒီပစ္စည်းကို နတ်သူငယ်တွေနဲ့ ကြံ့နက်မျိုးနွယ်စုက ဒီလောက်လိုချင်နေမှတော့... ငါတို့ ချောင်အိမ်တော်က ဝင်ပြီးမပတ်သက်တော့ပါဘူး”
သူက နာ့ယီရှို့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး...
“မိန်းကလေး နာ့ယီရှို့လည်း ဒီလိုပဲတွေးမယ်လို့ ယုံကြည်ပါတယ် ၊ ဒါကြောင့် ဒီသစ်သီးကို မင်းတို့အုပ်စုနှစ်စုပဲ ယူလိုက်ကြပါ ၊ ဒါပေမဲ့... နောက်ပိုင်း တခြားရတနာပစ္စည်းတွေ တွေ့လာခဲ့ရင်တော့ အဲဒါတွေကို ငါနဲ့ မိန်းကလေး နာ့ယီရှို့ကိုပဲ ပိုင်ဆိုင်ခွင့်ပေးရမယ် ၊ ဒါမှ ငါတို့အဖွဲ့ စစ်မှန်တဲ့ မဟာမိတ်ဖြစ်မှာပေါ့...”
ထို့နောက် သူက နာ့ယီရှို့အား ပြုံးပြလိုက်ပြီး...
“ဟုတ်တယ်မလား မိန်းကလေး နာ့ယီရှို့”
ချောင်တတိယသခင်လေး၏ ဆောင့်ကြွားကြွားပုံစံအား နာ့ယီရှို့ အမှတ်တစ်မှတ်မှ မပေးခဲ့သော်လည်း လောလောဆယ်တွင် ထိုလူငယ်က သူမဘက်မှ ရပ်တည်ပေးနေသဖြင့် အပြုံးဖြင့်ပင် တုံ့ပြန်လိုက်ရသည်။
“သခင်လေးပြောတာ ဆီလျော်ပါတယ်ရှင်...”
နာ့ယီရှို့၏ ချစ်စဖွယ်အပြုံးလေးနှင့် ချိုမြသည့်အသံလေးအောက်တွင် ချောင်တတိယသခင်လေးမှာတော့ အရည်ပျော်ပြီးရင်းပျော်ရင်း ဖြစ်နေတော့သည်။
တကယ်တော့ သူက နတ်ဝိညာဉ်သစ်သီးကို စိတ်မဝင်စားခြင်း မဟုတ်ပေ။
ချောင်ဟူတို့ ညီအစ်ကို(၃)ယောက် ရှိနေသရွေ့ အဲလစ်နှင့် လွန်ခါက သူ၏ပြိုင်ဘက်မဟုတ်ကြောင်း ချောင်သခင်လေး ယုံကြည်ထားသည်။
ထိုသူများ မည်မျှအဖိုးတန်သော ရတနာပစ္စည်းများ ရယူထားပါစေ အဆုံးသတ်မှာတော့ သူက သူတို့အားလုံးကို သတ်ဖြတ်ပြီး ရတနာပစ္စည်းများအားလုံးကို ပြန်လည်ရယူရန် ကြံစည်ထားပြီးသားပင်။
နောက်တစ်ချက်မှာ နာ့ယီရှို့၏ စကားများက အတော်လေး ကျိုးကြောင်းဆီလျော်သည်။
ရတနာမြေအတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်မည်ဆိုလျှင် လူအင်အားကောင်းမှသာ အဆင်ပြေမည် ဖြစ်သည်။
နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များအနေဖြင့် အချင်းချင်းတိုက်ခိုက်ပြီး စောစီးစွာ အင်အားဖြုန်းတီးပစ်မည့်အစား တကယ်အရေးကြုံမှ သူတို့၏စွမ်းအားကို အသုံးချခြင်းက ပိုမိုကောင်းမွန်ပေမည်။
အားလုံးထက်ပိုပြီးအရေးကြီးသည်မှာ လူပုံအလယ်တွင် နာ့ယီရှို့ဘက်မှ ထောက်ခံပေးလိုက်ခြင်းအားဖြင့် မိန်းမချောလေး၏ မျက်နှာသာပေးခြင်းကို ခံရနိုင်သည် မဟုတ်လား။
ချောင်တတိယသခင်လေးက သူ၏သဘောထားကို ပြောဆိုလာသည့်အခါ လွန်ခါနှင့် အဲလစ်တို့ ပိုပြီးအလေးအနက်ထားကာ စဉ်းစားရတော့သည်။
အခြားအရာကိုအသာထား ၊ ချောင်တတိယသခင်လေးတို့အုပ်စုကိုလည်း လျှော့တွက်၍ မရပေ။
နတ်ဝိညာဉ်သစ်သီးအတွက် နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များ တိုက်ပွဲဖြစ်ပွားပြီး အထိအခိုက်အကျဆုံး များခဲ့မည်ဆိုလျှင် သူတို့အနေဖြင့် ‘ချောင်’အုပ်စုကို ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့သောအချိန်မျိုးတွင် ‘ချောင်’ အုပ်စုက သူတို့ကိုသတ်ဖြတ်ပြီး သူတို့ထံမှ ရတနာပစ္စည်းများကို အလွယ်လေး ရယူသွားနိုင်သည်။
နောက်တစ်ချက်မှာ လက်ရှိအခြေအနေအရ နာ့ယီရှို့က ချောင်သခင်လေးတို့အုပ်စုနှင့် ပူးပေါင်းရန် အလားအလာများနေသည်။
သူတို့နှစ်ယောက်ပူးပေါင်းသွားပါက မသိမသာဖြင့်ပင် နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များကို ယှဉ်ပြိုင်နိုင်သည့် အင်အားတစ်ရပ် ဖြစ်လာပေမည်။
အဲလစ်နှင့် လွန်ခါတို့ တုံ့ဆိုင်းနေသည်ကိုမြင်တော့ နာ့ယီရှို့က ချက်ချင်းပင် ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးလိုက်သည်။
“ကဲ... ကဲ... ချောင်တတိယသခင်လေးကတောင် နတ်ဝိညာဉ်သစ်သီးကို မယူတော့ဘူးလို့ပြောနေပြီပဲ ၊ ကျွန်မလည်း အတူတူပဲဆိုတော့... အခု နတ်ဝိညာဉ်သစ်သီးနှစ်လုံးကို နတ်သူငယ်တွေနဲ့ ကြံ့နက်မျိုးနွယ်စုကပဲ တစ်လုံးစီခွဲယူလိုက်ရင် မကောင်းဘူးလား ၊ ဒါဆို ရှင်တို့နှစ်ဖွဲ့ ဘာမှတိုက်ခိုက်နေစရာ မလိုတော့ဘူး”
သူမက ပြုံးလျှက်ပင် အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး...
“ကျွန်မ ဒီလိုပြောရတာက တခြားရည်ရွယ်ချက် မရှိဘူးနော် ၊ ကျွန်မတို့အဖွဲ့ မပြိုကွဲစေချင်တာပဲ ရှိတာပါ ၊ နတ်ဝိညာဉ်သစ်သီးကိစ္စ ဖြေရှင်းပြီးရင်လည်း ခရီးဆက်ရအောင် ၊ ဒီရတနာမြေထဲမှာ ဘယ်လိုထိပ်တန်းရတနာတွေ ထပ်တွေ့ရဦးမလဲဆိုတာ အရမ်းစိတ်ဝင်စားနေပြီ”
အဲလစ်နှင့် လွန်ခါတို့ ခဏမျှစဉ်းစားလိုက်ကြသည်။
နတ်ဝိညာဉ်သစ်သီး၏ဆွဲဆောင်မှုက အလွန်တရာကြီးမားသော်လည်း တစ်ယောက်တစ်လုံးရမည်ဆိုလျှင်လည်း မဆိုးလှသည့်ကိစ္စပင်။
ထိုသို့ဖြင့် နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များ နတ်ဝိညာဉ်သစ်သီးကို တစ်ယောက်တစ်လုံး ခွဲဝေယူလိုက်ကြတော့သည်။
ခုန်မင်ကတော့ အဖြစ်အပျက်များအားလုံးကို နောက်ကွယ်တွင်ပုန်းအောင်းရင်း ကြည့်ရှုနေလေသည်။
အမှန်တော့ ခုန်မင်သည်လည်း နတ်သူငယ်များနှင့် ကြံ့နက်မျိုးနွယ်စုဝင်များ၏အင်အားကို စောစောစီးစီး မဖြုန်းတီးစေချင်ပေ။
အဆင့်(၆)မှော်ဝင်သားရဲနှင့် ရင်ဆိုင်ရမည်ဆိုလျှင် လူတစ်ယောက်ချင်းစီတိုင်း၏အင်အားက အလွန်ပင်တန်ဖိုးရှိသော ရင်းမြစ်များဖြစ်နေသည် မဟုတ်လား။
ထို့ပြင် ခုန်မင်သည်လည်း နတ်ဝိညာဉ်သစ်သီးကို လိုချင်သည်အမှန်ပင်။
ထိုအချက်တွင် သူ၏အမြင်က ချောင်တတိယသခင်လေးနှင့် ထပ်တူကျသည်။
လွန်ခါနှင့် အဲလစ်တို့လက်ထဲတွင်ရှိနေသည့် ရတနာပစ္စည်းများမှာ နောက်ဆုံး သူ့လက်ထဲသို့သာ ရောက်ရှိလာရမည်ဟု တေးမှတ်ထားလိုက်၏။
နာ့ယီရှို့တို့အုပ်စု ထွက်ခွာသွားသည်နှင့် ခုန်မင်လည်း နောက်မှ ဆက်လက်လိုက်ပါသွားသည်။ သူတို့အုပ်စုမှာ ဆေးပင်ဥယျာဉ် ဗဟိုချက်ဆီသို့ တဖြည်းဖြည်း နီးကပ်လာကြသည်။
ရှေ့ဆက်ရမည့်ခရီးက တဖြည်းဖြည်း ပိုမိုကြမ်းတမ်းလာသည်။
တစ်နေရာအရောက်မှာတော့ အလွန်ပင်လှပသည့် ပန်းခင်းငယ်တစ်ခုကို တွေ့လိုက်ရသည်။
လွန်ခါက ပန်းခင်းကိုတစ်ချက်ကြည့်လိုက်ပြီး...
“အဲဒါ ‘ဝတ်ဆံငါးခုရှစ်လွှာပန်း’ ပဲ...”
ထိုအချိန် ထူးဆန်းပြီး သေးငယ်သည့်အသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ပျားများ ပျံသန်းနေသည့်အသံ...။
“ဝီ... ဝီ... ဝီ....”
“ပျားတွေ... ဒါ... တောင်ပံနက်ပျားတွေပဲ”
အဲလစ် ရေရွတ်လိုက်သည်။
လွန်ခါက...
“ဟုတ်တယ်... ဒီလောက်များတဲ့ပျားအုပ်ကြီးတွေ့ရမယ်လို့ ထင်မထားမိဘူး ၊ ဒီပျားတွေက တစ်ကောင်ချင်းဆို အဆင့်(၄)ပဲရှိပေမယ့် အရေအတွက်များတော့ ရင်ဆိုင်ရခက်ခဲလိမ့်မယ်”
နာ့ယီရှို့က ပန်းခင်းငယ်လေးကို တစ်ချက်အကဲခတ်ရင်း...
“ဝတ်ဆံငါးခုရှစ်လွှာပန်း... ဒီပန်းရဲ့ ပွင့်လွှာတွေထဲမှာ ဒြပ်စင်စွမ်းအား(၅)ခုလုံး ပါဝင်နေတယ် ၊ ဒါကြောင့် ဘယ်ဒြပ်စင်စွမ်းအားအတွက်မဆို အသုံးဝင်တယ်”
ဟုတ်ပေ၏။
ဤသို့သော ရတနာပစ္စည်းက ‘ကောင်းကင်ရတနာ’ အဆင့် မရောက်သေးလျှင်ပင် အလွယ်တကူ လက်မလွှတ်နိုင်လောက်အာင် တန်ဖိုးကြီးမားလွန်းသည်။
နောက်ဆုံးမှာတော့ နာ့ယီရှို့တို့အုပ်စုတစ်ခုလုံး သူတို့ပိုင်ဆိုင်ထားသည့် ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက်များကိုထုတ်ယူပြီး တောင်ပံနက်ပျားများဖြင့် ပြငန်းထန်စွာတိုက်ခိုက်ကြသည်။
အဆုံးသတ်မှာတော့ အဆင့်(၄) မှော်ဝင်သားရဲများကို သုတ်သင်ပစ်နိုင်ပြီး ‘ဝတ်ဆံငါးခုရှစ်လွှာပန်း’ အနည်းငယ်စီ လူတိုင်းရရှိခဲ့ကြသဖြင့် စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရသည်။
တိုက်ပွဲအပြီးမှာတော့ သူတို့အုပ်စုကြား ပူးပေါင်းတိုက်ခိုက်ခြင်းတွင် ထုတ်ပြောစရာမလိုအောင် နားလည်မှုရသွားကြသည်။
ယခုတိုက်ပွဲတွင် သူတို့အားလုံး၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်မပခဲ့သော်လည်း အနည်းဆုံး (၇၀)ရာနှုန်းမှ (၈၀)ရာနှုန်းအထိ အားစိုက်ထုတ်ခဲ့ကြသည်။
အထူးသဖြင့် နတ်သူငယ်များ၏ မှော်ပညာစွမ်းရည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရပေသည်။
နတ်သူငယ်များက မန္တန်များရွတ်ဆိုလျုက်သည်နှင့် ပတ်ဝန်းကျင်ဧရိယာအတွင်း ပြင်းထန်သည့်တိုက်ကွက်များကို ထုတ်ဖော်နိုင်ကြသည်။
ဓားချီများ ၊ ရေခဲမြားများ ၊ မီးလျှံအလင်းစက်ဝန်းများ ၊ လျှပ်စီးများကို ဖန်ဆင်းတိုက်ခိုက်ခြင်းပြုလုပ်သည်ဖြစ်ရာ သူတို့၏ တိုက်ခိုက်မှုပုံစံက ဒြပ်စင်စွမ်းအားကျင့်ကြံသူများနှင့် အလွန်ပင် ကွာခြားသည်။
ထိုမှော်ပညာစွမ်းအားများက နတ်သူငယ်များ၏ ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ မိုးနှင့်မြေ၏ သဘာဝစွမ်းအားများကို ဆွဲယူအသုံးပြုနေခြင်း ဖြစ်ဟန်တူသည်။
ကံကောင်းသည်မှာ မှော်ပညာဖြင့် ဆွဲယူအသုံးပြုသည့် သဘာဝစွမ်းအားများမှာ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျွမ်းကျင်သူများ ပြင်ပဒြပ်စင်စွမ်းအားကို ထိန်းချုပ်အသုံးပြုခြင်းနှင့် တူညီခြင်းမရှိပေ။
နတ်သူငယ်များ၏အဆင့်က ထိုသို့ ကြောက်မက်ဖွယ်ရာအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။
သို့သော် အဲလစ်တို့အဖွဲ့က မှော်ပညာစွမ်းအား အဆင့်နိမ့်သေးသောကြောင့်လည်း ဖြစ်နိုင်၏။ အဆင့်မြင့် မှော်ပညာရှင်များဆိုလျှင်တော့ မည်သို့ရှိမည် မသိနိုင်သေးပေ။
တောင်ပံနက်ပျားများနှင့် လက်တွေ့တိုက်ခိုက်သည့်အခါ ဒြပ်စင်စွမ်းအားကျ့င်ကြံသူများနှင့် မှော်ဆရာများ၏ ပေါင်းစပ်စွမ်းအားက အလွန်ပင်ပြင်းထန်သောတိုက်စစ်ကို ထုတ်ဖော်နိုင်ကြောင်း သက်သေပြလိုက်သလို ဖြစ်သွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံးရှိ ရန်သူများကို ချေမှုန်းနိုင်စွမ်းရှိသော မှော်ပညာတိုက်ကွက်များက အလွန်ပြင်းထန်သည့်တိုင် ထူးခြားဆန်းကြယ်သော ရှေးဟောင်းမန္တန်များကိုအသုံးပြုရသဖြင့် ပြင်ဆင်ချိန်အနည်းငယ်လိုအပ်သည်။
နတ်သူငယ်များ မန္တန်အသုံးပြုနေချိန် ကျန်ရှိသည့် ဒြပ်စင်စွမ်းအားကျင့်ကြံသူများက သူတို့ကို အကာအကွယ်ပေးရန် တိုက်ခိုက်ပေးနေသဖြင့် နတ်သူငယ်များအနေဖြင့် စိုးရိမ်စရမလိုဘဲ မှော်အတတ်ကို အချိန်ယူကာ ထုတ်ဖော်နိုင်ကြသည်။
ထိုသို့ဖြင့် ဒြပ်စင်စွမ်းအားကျင့်ကြံသူများနှင့် မှော်ဆရာများ ဟန်ချက်ညီညီပေါင်းစပ်မှုက စစ်မြေပြင်တွင် အကောင်းဆုံးရလဒ်များကို ဆောင်ကြဉ်းပေးလေသည်။
ဤတိုက်ပွဲအပြီးမှာတော့ လူတိုင်း ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးကို သေချာစွာ နားလညသွားကြသည်။
အကယ်၍ အားလုံးပူးပေါင်းခြင်းမဟုတ်ဘဲ အဖွဲ့တစ်ဖွဲ့တည်းကသာ တောင်ပံနက်ပျားအုပ်နှင့် ရင်ဆိုင်မည်ဆိုပါက တိုက်ပွဲအနိုင်ရလျှင်ပင် အလွန်ကြီးမားသည့်ပေးဆပ်မှုမျိုး ခံစားရပေမည်။
ထို့ကြောင့် လူတိုင်းသာ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မည်ဆိုပါက တောင်ပံနက်ပျားများသာမက အခြားသော ဒုက္ခပေးနိုင်သည့် မှော်ဝင်သားရဲများကိုပင် အလွယ်တကူ ရှင်းလင်းနိုင်ပေမည်။
လက်ရှိမှာတော့ သူတို့အုပ်စုအတွက် ရရှိလာမည့် ရတနာပစ္စည်းများကို ခွဲဝေယူငင်သည့်ကိစ္စမှလွဲပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းတွင် ပြဿနာသိပ်မရှိတော့ပေ။
ထိုသို့ဖြင့်...
သူတို့၏ခရီးစဉ်က ပိုမိုချောမွေ့အဆင်ပြေလာခဲ့ပြီး နေ့ဝက်ခန့်အချိန်အတွင်းမှာပင် ဆေးပင်ဥယျာဉ် ဗဟိုချက်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလေတော့သည်။