← Chapters

လူတစ်ပိုင်း နဂါးတစ်ပိုင်းအဘိုးအို

Vol. 16 Ch. 171

လူတစ်ပိုင်း နဂါးတစ်ပိုင်းအဘိုးအို

Vol. 16 Ch. 171

ဆေးပင်ဥယျာဉ်ဗဟိုချက်သို့ရောက်သည်နှင့် အချင်းပေ(၃၀၀)ခန့်ရှိသော လူလုပ်ရေကန်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

ဤရေကန်အား ရေသိုလှောင်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားပုံရပြီး ရေကန်အောက်ခြေရှိ မြေအောက်ရေလမ်းကြောင်းမှတဆင့် ဆေးပင်ဥယျာဉ် ဝင်ပေါက်တံခါးရှိဆည်နှင့် ချိတ်ဆက်ထားသည်။

ရေကန်က အလွန်တရာ ကျယ်ဝန်းခြင်းမရှိသော်လည်း အတော်လေးနက်ရှိုင်းသည်ဟု ဆိုနိုင်သည်။

ရေကန်ထက်မှ အောက်ဘက်သို့ငုံ့ကြည့်မည်ဆိုလျှင် စိမ်းညို့သောရေများကိုသာတွေ့မြင်ရပြီး ကန်ရေပြင်အောက်ခြေကို လုံးဝ ထိုးဖောက်မြင်ရခြင်း မရှိပေ။

ထို့ပြင် နောက်ထပ် ထူးခြားချက်တစ်ခုမှာ ရေကန်အလယ်ဗဟိုတည့်တည့်တွင် ဆူးပင်ချုံပင်များ ပေါက်ရောက်နေခြင်း ဖြစ်၏။

ထိုဆူးချုံများက အလွန်တရာ ကြီးမားခြင်းမရှိသော်လည်း ပုံမှန်အားဖြင့် တောတောင်များထဲတွင်သာ တွေ့ရလေ့ရှိသောချုံပုတ်များက အဘယ့်ကြောင့် ရေကန်အလယ်တွင်ပေါက်ရောက်သည့် ရေနေပင်များ ဖြစ်သွားရပါသနည်း။

အရေးကြီးဆုံးအချက်မှာ ထိုဆူးချုံပင်များကိုတွေ့သည်နှင့် လူတိုင်း၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားခြင်း ဖြစ်သည်။

အချိန်အတော်ကြာ ရှာဖွေနေခဲ့သော အရာဝတ္ထုတစ်ခုကို မျှော်လင့်မထားသောအချိန်တွင် ရုတ်တရက် မျက်စိရှေ့၌ တွေ့လိုက်ရသကဲ့သို့ ဖြစ်သည်။

အစောပိုင်းတစ်လျှောက်လုံး အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လူအုပ်ကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြပြီး တစ်အုပ်စုနှင့် တစ်အုပ်စုကြား အကွာအဝေးတစ်ခု ခြားနားလိုက်ကြသည်။

ပူးပေါင်းဆောင်ရွက်ရေးကိုသာ တစ်ချိန်လုံးပြောဆိုနေခဲ့သော နာ့ယီရှို့သည်ပင် ပတ်ဝန်းကျင်မှလူတိုင်းအပေါ် အတော်လေး သတိထားကာ စောင့်ကြည့်နေလေသည်။

မည်သူမှ မငြင်းဆန်နိုင်လောက်အောင် ဆွဲဆောင်မှုကြီးမားသော အရာတစ်ခု မျက်စိရှေ့သို့ရောက်လာသည့်အခါ မဟာမိတ်ဆိုသည်ကလည်း ကျိုးပဲ့လွယ်သည့်အနေအထားသို့ ရောက်ရှိသွားသည်ပင်။

လက်ရှိတွင် နာ့ယီရှို့ ၊ အဲလစ် ၊ လွန်ခါနှင့် ချောင်တတိယသခင်လေးတို့၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ပဲ့တင်ထပ်နေလေသည်။

“ဒဏ္ဍာရီလာပစ္စည်းက တကယ်ပဲ ငါတို့မျက်စိရှေ့မှာ ရောက်နေပြီပဲ ၊ အဲဒါကိုသာ ရအောင်ယူနိုင်ရင် ဘာပဲပေးဆပ်ရ ပေးဆပ်ရ ထိုက်တန်ပါတယ်”

ယခု မေးစရာရှိလာသည်မှာ...

နောက်ဆုံးတွင် ရယ်မောနိုင်သူဖြစ်လာစေရန် မည်သို့လုပ်ဆောင်ကြမည်နည်း။

နောက်တစ်ချက်မှာ ဒဏ္ဍာရီလာပစ္စည်းက ဆူးချုံများထဲတွင် အမှန်တကယ်ရှိနေသည်ဆိုပါက ထိုပစ္စည်းကိုစောင့်ကြပ်သည့် အစွမ်းထက်မှော်ဝင်သားရဲတစ်ကောင်လည်း သေချာပေါက် ရှိနေပေမည်။

ထိုအချိန်မှာပင် လူတိုင်းက စွမ်းအားရောင်ဝါများ ထုတ်ဖော်လိုက်ကြသည်။

ဤသို့ပြုလုပ်သည်က ဘေးနားရှိလူများကို သတိထားစောင့်ကြည့်ခြင်းဖြစ်သလို အရိပ်ထဲတွင် ပုန်းကွယ်နေသည့် ရန်သူကိုလည်း အာရုံခံလိုက်ခြင်း ဖြစ်သည်။

ခုန်မင်သည်လည်း ထိုအုပ်စုနှင့် ခပ်ဝေးဝေးသို့ ဆုတ်ခွာသွားလိုက်သည်။

သူက ရောင်ဝါဖုံးကွယ်ခြင်းအတတ်နှင့် ပတ်ဝန်းကျင်မှ ထူထပ်သည့် သစ်ပင်များကို အကာအကွယ်ယူပြီး ရေကန်ဘေးနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက ထက်မြက်လွန်းသည့် ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ကာ ရေကန်ထဲတွင် မည်သို့သောရန်သူ ပုန်းကွယ်နေသည်ကို အာရုံခံကြည့်လိုက်၏။

သူတွက်ချက်ထားသည့်အတိုင်းသာ မှန်ကန်မည်ဆိုပါက ကျားခြင်္သေ့သားရဲကို ဒဏ်ရာရအောင်ပြုလုပ်ပြီး ဤနယ်မြေကို သိမ်းပိုက်ထားသော အဆင့်(၆)သားရဲက ရေကန်ပတ်ဝန်းကျင် သို့မဟုတ် ရေကန်ထဲတွင် ရှိနေနိုင်သည်။

ဖီးနစ်ကျဆုံးတောင်ကြားတွင် လှည့်လည်သွားလာနေသည့် အဆင့်(၆) မှော်ဝင်သားရဲများထဲတွင် နာမည်ကျော်ကြားသည့် ရေဒြပ်စင်သားရဲတစ်ကောင် ရှိပေသည်။

ထိုသားရဲကို “ရေခဲမြူနဂါး” ဟု ခေါ်ဆိုလေသည်။

ထိုကဲ့သို့ နဂါးမျိုးနွယ်ဝင်သားရဲများက ရေရှိသော မည်သည့်နေရာတွင်မဆို ကြီးမားသော တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိသည်။

ဖီးနစ်ကျဆုံးတောင်ကြားအတွင်းရှိ မရေမတွက်နိုင်သော မြေအောက်မြစ်များအားလုံးမှာ ရေခဲမြူနဂါး စိုးမိုးကျက်စားရာနယ်မြေများဖြစ်ပြီး သူ့ကို တောင်ကြားရေရင်းမြစ်များ၏ အရှင်သခင်ဟုပင် ခေါ်ဆိုနိုင်သည်။

ဤဆေးပင်ဥယျာဉ်၏ အဝင်တံခါးတွင်တည်ဆောက်ထားသည့် ဆည်မှာ မြေအောက်မြစ်များနှင့် ချိတ်ဆက်နေသဖြင့် ထိုနဂါးကြီး ဤနေရာသို့ ရောက်ရှိလာရန် ဖြစ်နိုင်ချေ ရှိပေသည်။

ထို့ပြင် သူတို့ရှေ့တွင်ရှိနေသော ရေကန်ကြီးက ထိုသို့သောသတ္တဝါမျိုး ပုန်းကွယ်ရန်အတွက် အကောင်းဆုံးနေရာပင် ဖြစ်သည်။

ဤရေကန်ကိုအခြေပြု၍ ရေခဲမြူနဂါးက သူ၏ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပေမည်။

သို့ဖြစ်ရာ ရေခဲမြူနဂါးနှင့် တိုက်ခိုက်နိုင်ရန်အတွက် လူအင်အားအသာစီးရယူရန် အမှန်တကယ် လိုအပ်သည်။

သို့သော် လက်ရှိတွင် အကျိုးစီးပွား ပဋိပက္ခ

သို့သော် လက်ရှိအခြေအနေအရ နာ့ယီရှို့တို့အုပ်စုမှာ စုစည်းမှုမရှိတော့ဘဲ ကွဲပြားနေပြီဖြစ်သဖြင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် ရန်သူကို ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

သူတို့ကို ပြန်လည်စုစည်းစေရန် တစ်ခုတည်းသောနည်းလမ်းမှာ ကျရောက်လာမည့်အန္တရယ်ကို အာရုံခံမိအောင် ပြုလုပ်ရပေမည်။

အဆင့်(၆) မှော်ဝင်သားရဲကို ကိုင်တွယ်ရန်အတွက် ရနိုင်သမျှအင်အားကို စုဆောင်းရမည်ဖြစ်ရာ ခုန်မင်က သူတို့၏မဟာမိတ်ကို ပြန်လည်တည်ဆောက်ပေးရန် ဆုံးဖြတ်လိုက်သည်။

ရရှိလာမည့် ရတနာပစ္စည်းများကို လုယူကြမည်ဆိုလျှင်တောင်မှ ထိုသားရဲကြီးကို အရင်ဆုံးရှင်းလင်းပြီးမှသာ ဖြစ်နိုင်ပေမည်။

ခုန်မင်က အသာထိုင်ချလိုက်ပြီး မြေပြင်ထက် သူ၏လက်ဖဝါးကို ဖိကပ်လိုက်သည်။

ထို့နောက် ကျောက်တုံးထိန်းချုပ်နည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် မြေဒြပ်စင်စွမ်းအားများက ရေကန်အောက်ခြေသို့ နက်ရှိုင်းစွာစီးဝင်သွားပြီး ရေကန်ထဲတွင် ရေဝဲဂယက်တစ်ခု ဖြစ်တည်လာသည်။

ရေကန်က အလွန်နက်ရှိုင်းသည်ဖြစ်ရာ ခုန်မင်က ဒြပ်စင်စွမ်းအားကို ရေကန်အစွန်းမှ စတင်ဖြန့်ကျက်လိုက်သော်လည်း မြေအောက် ပေ(၃၀၀)ခန့်အထိ ဆင်းသက်သွားပြီးမှ ရေကန်အောက်ခြေကို ထိတွေ့နိုင်ခဲ့သည်။

အလွန်ဝေးကွာလှသဖြင့် သူထုတ်လွှတ်လိုက်သည့် မြေဒြပ်စင်စွမ်းအားမှာ အလွန်တရာကြီးမားသော အင်အားကို မထုတ်ဖော်နိုင်သော်လည်း ငြိမ်သက်နေသော ကန်ရေပြင်ကိုတော့ လှုပ်ခတ်သွားစေသည်။

ရေကန်အောက်ခြေတွင် စတင်ဖြစ်ပေါ်လာသော ရေဝဲဂယက်က သေးငယ်သော်လည်း ပေ(၃၀၀) အမြင့်ရှိသော ရေပြင်ထက်သို့ လည်ပတ်မြင့်တက်လာသည့်အခါ အတော်လေးကြီးမားသော ရေဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ငြိမ်သက်နေသော ရေကန်ကြီးမှာလည်း ပြင်းထန်သောလှိုင်းလုံးများထွက်ပေါ်လာကာ ရုတ်ချည်းပင် ကသောင်းကနင်း ဖြစ်သွားတော့၏။

ရုတ်တရက်ဖြစ်ပေါ်လာသော ပြောင်းလဲမှုကြောင့် နာ့ယီရှို့တို့အုပ်စု အကြီးအကျယ် ထိတ်လန့်သွားကြသည်။

သူတို့၏စိတ်အာရုံများ ရေကန်ဆီသို့ ချက်ချင်းရောက်ရှိသွားပြီး လူတစ်ယောက် သို့မဟုတ် မှော်ဝင်သားရဲတစ်ကောင်ကောင်က ပရိယာယ်ဆင်နေသည်လားဟု တွေးတောလိုက်မိကြသည်။

သူတို့ကြားမှ အပြန်အလှန် ရန်လိုမှုများမှာလည်း မသိမသာ လျော့ပါးသွားပြီး ၊ သူတို့အားလုံး အတူတကွ ပူးပေါင်းရင်ဆိုင်ရမည့် ဘုံရန်သူတစ်ယောက် မလွဲဧကန်ရှိနေပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

ခုန်မင်ကတော့ ရေကန်ကိုနှောက်ယှက်လိုက်ခြင်းက အဆင့်(၆) မှော်ဝင်သားရဲကြီးကို အပြင်သို့ မျှားထုတ်လာနိုင်မည်လားဟု သိချင်နေမိသည်။

သူဖန်တီးလိုက်သည့် ရေဝဲဂယက်က အတော်လေးအားကောင်းသော်လည်း ရေကန်တစ်ခုလုံးအား သက်ရောက်မှုရှိစေရန် မလုံလောက်သေးပေ။

ခုန်မင်က အခြားနေရာသို့ရွှေ့ပြောင်းပြီး ရေပြင်တစ်ခုလုံး လှုပ်ခတ်သွားစေရန် ထပ်မံလုပ်ဆောင်သင့်သည်လားဟု တွေးတောလိုက်သည်။

သို့သော် ထိုအချိန်မှာပင်...

ကျောချမ်းစရာကောင်းလှသော အသံနက်ကြီးတစ်သံ ထွက်ပေါ်လာတော့၏။

“ငါ...အိပ်နေတာကို... ဘယ်ကောင်နှောက်ယှက်တာလဲ... ၊ မင်းတို့က... ငါ့ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မှတော့... ငါကလည်း... မင်းတို့အားလုံးကို... သွားကြားထိုးတံလုပ်ပစ်မယ်”

ထိုအသံက မာတောင့်တောင့်ဖြစ်နေပြီး အသံထွက်ကလည်း ထစ်ငေါ့ကာ မပီမသဖြစ်နေသည်။

သို့သော် ထိုသို့ ပုံမှန်မဟုတ်သည့် အသံအနေအထားကြောင့်ပင် ပို၍ကြောက်ရွံ့တုန်လှုပ်ဖွယ် ဖြစ်နေခဲ့သည်။

ထိုသို့ ခြောက်ခြားဖွယ်ရာ အသံနက်ကြီးထွက်ပေါ်လာသည်နှင့် လူတိုင်း အသံလာရာသို့ တပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။

ရေကန်၏ အလယ်ဗဟိုရှိ ဆူးချုံပင်များထဲမှ အဖြူရောင်အရိပ်တစ်ရိပ် မတ်တတ်ထရပ်လာသည်ကို တွေ့လိုက်ရသည်။

ထိုသူ၏ကိုယ်ဟန်က အနည်းငယ်ကိုင်းညွှတ်နေပြီး ဆံပင်ဖြူ ၊ မုတ်ဆိတ်ဖြူများနှင့် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် ဖြစ်၏။

သူ၏မျက်နှာသွင်ပြင်က ပုံမှန်ပင်ရှိနေသော်လည်း တစ်ဖက်လူကို ကြောက်ရွံ့ရိုသေသွားစေနိုင်သော ခန့်ညားထည်ဝါမှုမျိုး ပိုင်ဆိုင်ထားသည်။

သို့သော် အနီးကပ်သေချာကြည့်မည်ဆိုလျှင် သူ၏ ကိုင်းညွှတ်နေသော ကျောကုန်းတစ်လျှောက် ဆူးတောင်များပေါက်နေသည်ကို တွေ့ရမည် ဖြစ်၏။

ထို့ပြင် သူ၏ခန္ဓာကိုယ်အောက်ပိုင်းသည်လည်း မြွေတစ်ကောင်ကဲ့သို့ ခွေလိပ်နေသော ရှည်လျားကြီးမားသည့် နဂါးအမြီးကြီးတစ်ခု ဖြစ်နေလေသည်။

ဤအဘိုးအိုက အမှန်တကယ်ပင် လူတစ်ပိုင်း နဂါးတစ်ပိုင်း သတ္တဝါကြီးတစ်ကောင် ဖြစ်ပေသည်။

နဂါးအမြီးကြီးကို ပလ္လင်တစ်ခုပမာ ခွေလိပ်ထားသည့်အဘိုးအို၏ပုံစံက ကုလားထိုင်ထက်တွင် ခြေထောက်ချိတ်ထိုင်နေသည့်ပမာ အတော်လေး အေးအေးလူလူ ရှိလှသည်။

သို့သော် ဤလူတစ်ပိုင်း နဂါးတစ်ပိုင်းသတ္တဝါကြီးကို သဘောကောင်းသည်ဟုထင်မိပါက အကြီးအကျယ် မှားယွင်းသွားပေမည်။

သူ၏န္ဓာကိုယ်မှ အရာအားလုံးကို ဖျက်ဆီးပစ်ချင်သည့် ရက်စက်ကြမ်းတမ်းသော အငွေ့အသက်များထွက်ပေါ်နေသည်။

ထိုသို့ လွှမ်းမိုးနိုင်သောရောင်ဝါများမရှိပါက မာတောင့်တောင့်စကားသံတစ်ခုတည်းဖြင့် လူတိုင်းကို ကျောချမ်းသွားအောင် လုပ်နိုင်မည် မဟုတ်ပေ။

အဆင့်(၆) မှော်ဝင်သားရဲဆိုသည်က အလယ်ဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအား ဆရာသခင်တစ်ယောက်နှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူတို့က အဆင့်(၇)နှင့်အထက် သားရဲများကဲ့သို့ လူသားအသွင် အပြည့်အဝ မပြောင်းလဲနိုင်သေးသော်လည်း ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကိုတော့ လူသားအသွင်ပြောင်းလဲနိုင်ကြသည်။

စကားပြောသည့်လေသံက အနည်းငယ် ပုံမကျပန်းမကျဖြစ်သည့်တိုင် လူသားများကဲ့သို့လည်း လွယ်ကူစွာ စကားပြောနိုင်ဆိုနိုင်ကြသည်။

ဟုတ်ပေ၏။

သူတို့ရှေ့တွင်ပေါ်လာသော လူတစ်ပိုင်း နဂါးတစ်ပိုင်းအဘိုးအိုမှာ ဖီးနစ်ကျဆုံးတောင်ကြားတွင် လှည့်လည်သွားလာနေသည့် “ရေခဲမြူနဂါး” ပင်ဖြစ်သည်မှာ သံသယရှိစရာ မလိုတော့ပေ။

နာ့ယီရှို့တို့အုပ်စုမှာ မည်မျှပင်အားတင်းထားပါစေ ကျောရိုးထဲစိမ့်သည်အထိ ထိတ်လန့်မှုကို ခံစားနေကြရသည်။

သူတို့အုပ်စုတွင် အမြင့်ဆုံးအဆင့်ကျင့်ကြံသူဆို၍ နှောင်းပိုင်းအဆင့် ဒြပ်စင်စင်စွမ်းအားဆရာသခင် အထွတ်ထိပ်အဆင့်မျှသာ ရှိလေရာ ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်နှင့်ညီမျှသော အဆင့်(၆) မှော်ဝင်သားရဲကြီးနှင့် မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။

ဒဏ္ဍာရီလာပစ္စည်း၏ ဆွဲဆောင်မှုကသာ အလွန်အမင်း မကြီးမားခဲ့ပါ သူတို့အုပ်စု အရိပ်ပင်မမြင်ရအောင် ထွက်ပြေးမိကြမည် ဖြစ်သည်။

စောစောက လူစုခွဲသွားကြသော အုပ်စုများမှာ ယခုတော့ အလိုလိုနေရင်း တစ်ယောက်အနားတစ်ယောက် ပြန်လည်တိုးကပ်သွားကြကာ ဘုံရန်သူကို အတူရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြသည်။

အဆင့်(၆) မှော်ဝင်သားရဲဆိုသည်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်ဖြစ်ရာ တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့အနေဖြင့် အဆုံးထိတောင့်ခံနိုင်ပါမည်လား။

ထိုမေးခွန်းအတွက် မည်သည့်ထံတွင်မှ အဖြေမရှိပေ။

အရေးကြုံပါက အသက်လုထွက်ပြေးနိုင်ရန် အားလုံးက သူတို့၏ အသက်ကယ်ဝှက်ဖဲများကိုသာ တိတ်တဆိတ် ပြင်ဆင်ထားလိုက်ကြသည်။

နာ့ယီရှို့တို့အုပ်စုအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေချိန် ရေခဲမြူနဂါးကြီးကတော့ အလွန်ပင် အေးဆေးစွာ ရှိနေသည်။

သူက ပါးစပ်ကြီးကိုပင်ဖြဲကာ ခြောက်ခြားဖွယ်ရာ ရယ်မောလိုက်သေး၏။

“ဟီး ဟီး ဟီး....”

“ဒီလိုမျိုး လူသူမနီးတဲ့နေရာမှာ လတ်ဆတ်ပြီး အရသာရှိမယ့် လူသားနုနုထွတ်ထွတ်လေးတွေ ငါ့အိမ်တံခါးဝအထိ ရောက်လာမယ်လို့ ထင်မထားမိဘူး ၊ မင်းတို့က ငါအိပ်နေတာကို နှောက်ယှက်တဲ့အတွက် ငါဗိုက်ပြည့်သွားအောင် အလျော်ပေးရလိမ့်မယ်”

ပြောပြီးသည်နှင့် သဘောကောင်းပြီး ကြင်နာတတ်ပုံရသော အဘိုးအိုက နီးမြန်းသောလျှာကြီးကိုထုတ်ကာ နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး ဆာလောင်မွတ်သိပ်ဟန်ဖြင့် သွားရည်တမြားမြားကျလာတော့သည်။

မြင်ကွင်းကိုကြည့်ရင်း နာ့ယီရှို့တို့အုပ်စုမှာ အော့အန်ချင်စိတ်များပင် ဖြစ်လာရသည်။

ထိုအချိန်မှာပင် လူတစ်ပိုင်း နဂါးတစ်ပိုင်းအဘိုးအိုက စပရိန်ပမာ ရစ်ခွေထားသော သူ၏အမြီးကိုဆန့်ထုတ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးက ဆူးချုံများထဲမှ လွင့်ပျံလာပြီး ရေကန်မျက်နှာပြင်ထက်သို့ ရောက်ရှိလာသည်။

ထူးဆန်းသည်မှာ နဂါးကြီး ရေကန်ထက်သို့ ဆင်းသက်လိုက်သည့်တိုင် ရေမှုံရေမွှားများ လွင့်စင်ထွက်လာခြင်းမရှိသလို ကန်ရေပြင်သည်လည်း ပကတိငြိမ်သက်နေခြင်းပင်။

ထို့ပြင် အစောပိုင်းက ခုန်မင် ဖန်တီးခဲ့သော ရေဝဲဂယက်ကြီးသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ရေခဲမြူနဂါးကြီး၏ခန္ဓာကိုယ်က ရေပြင်ထက်တွင် အသာလေးပေါ်နေပြီး ရေထဲသို့ တစ်လက်မပင် နစ်မြုပ်သွားခြင်း မရှိခဲ့ပေ။

All Chapters