ရေခဲမြူနဂါး၏တန်ခိုးစွမ်းအား
Vol. 16 Ch. 172
ယခု ရေခဲမြူနဂါးကြီးမှာ နာ့ယီရှို့တို့အုပ်စုနှင့် ပေ(၁၀၀)ခန့်သာ ဝေးတော့သည်။
သူသာ ခုန်အုပ်လိုက်မည်ဆိုပါက ထိုက်စန်းတောင်ကြီး ဖိချလိုက်သည့်ပမာ သူတို့တစ်အုပ်စုလုံး အမှုန့်ဖြစ်သွားနိုင်သည်။
ထို့ပြင် အကွာအဝေးက အလွန်နီးကပ်သွားပြီဖြစ်သောကြောင့် နဂါးကြီးထံမှထွက်ပေါ်နေသည့် လွှမ်းမိုးနိုင်စွမ်းရှိသော ရောင်ဝါက အလွန်တရာမြင့်မားနေပြီး လူတိုင်းကို အသက်ရှူကြပ်မတတ် ခံစားရစေသည်။
ထိုအချိန်မှာပင် တိုက်ပွဲအတွေ့အကြုံမြင့်မားသော လွန်ခါက လေးနက်သောအသံဖြင့် စကားဆိုလိုက်၏။
“အားလုံးပဲ... မသေချင်ရင်တော့ ငါတို့အားလုံးပူးပေါင်းပြီး ဒီကောင်ကြီးကို အစွမ်းကုန်ပြန်တိုက်ရမှာပဲ...”
သူက ဆက်ပြောလိုက်သည်။
“အားလုံး လူစုခွဲလိုက်... ဒီနဂါးကြီး ငါတို့အားလုံးကို တခါတည်းနဲ့ သိမ်းကျုံးတိုက်ခိုက်ဖို့ အခွင့်အရေးမပေးနဲ့ ၊ ပြီးတော့ ဒီသတ္တဝါကို အနိုင်ယူချင်ရင် သူ့ကို ဒီရေကန်နဲ့ဝေးရာကို မျှားခေါ်သွားဖို့ နည်းလမ်းရှာရမယ်”
အဆင့်(၆) သားရဲကြီးနှင့် ရင်ဆိုင်ရသဖြင့် လူတိုင်း ထိတ်လန့်ကြောက်ရွံ့နေကြသည်ဖြစ်ရာ လွန်ခါ၏ညွှန်ကြားချက်ကိုကြားသည်နှင့် အားလုံး အလိုအလျောက် လိုက်နာမိလျက်သား ဖြစ်သွားသည်။
ဤသည်မှာ လွန်ခါ၏သြဇာအာဏာ ရုတ်တရက်မြင့်မားလာခြင်း မဟုတ်ပေ။
အားလုံးက “အားကိုးရာမဲ့” နေသောအခြေအနေတွင် ပြတ်သားသောအမိန့်ပေးသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်ဖြစ်ရာ လူတိုင်းက ဗီဇအရပင် ထိုအမိန့်အတိုင်း လိုက်နာမိသွားကြခြင်း ဖြစ်၏။
လက်ရှိ သူတို့အဖွဲ့အင်အားဖြင့်ဆိုလျှင် စွမ်းအားကုန်ထုတ်သုံးလျှင်ပင် အနိုင်ရနိုင်ခြေ(၁၀)ရာနှုန်းခန့်ပင်ရှိပါမည်လားဟု သံသယဝင်စရာရှိသည်။
အကယ်၍ သူတို့အုပ်စုအနိုင်ရခဲ့သည်ဆိုဦးတော့ မည်သို့သောပေးဆပ်မှုများကို ပြုလုပ်ကြရပါမည်နည်း။
သို့သော် သူတို့ရှေ့မှ အဆင့်(၆) မှော်ဝင်သားရဲကြီးကို မောင်းထုတ်နိုင်ခဲ့လျှင် ရေကန်အလယ်တွင်ရှိနေသည့် ဒဏ္ဍာရီလာ ရတနာပစ္စည်းမှာ သူတို့လက်ထဲသို့ သေချာပေါက် ရောက်ရှိလာပေမည်။
ဤအချက်ကပင် အံတင်းတင်းကြိတ်ပြီး ရေခဲမြူနဂါးကြီးကို သူသေကိုယ်သေ တိုက်ခိုက်ရန် သူတို့အားလုံးကို တွန်းအားပေးနေခဲ့ခြင်း ဖြစ်၏။
ထိုအချိန် နဂါးကြီးက ခြောက်ခြားဖွယ်ရာအသံကြီးဖြင့် ရယ်မောလိုက်ပြန်သည်။
“ဟီး ဟီး ဟီး...”
“မင်းတို့က ငယ်ပေမယ့် သတ္တိတော့ ရှိသားပဲ ၊ ငါ့ကိုတောင် ပြန်တိုက်ခိုက်ကြမလို့ပေါ့လေ ၊ ကောင်းတယ်... သိပ်ကောင်းတယ် ၊ ငါ့ကိုကြောက်ပြီး သည်းခြေမပေါက်သေးဘူးဆိုတော့... ငါ မင်းတို့ကို စားတဲ့အခါကျ အရသာကလည်း မခါးတော့ဘူးပေါ့”
စကားဆုံးသွားသည်နှင့် ရေခဲမြူနဂါးက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ မူလက တည်ငြိမ်နေသောကန်ရေပြင်က ပေါက်ကွဲထွက်သွားပြီး ပေပေါင်းများစွာမြင့်မားသော ရေလှိုင်းလုံးကြီးများမြင့်တက်လာကာ နာ့ယီရှို့တို့အုပ်စုဆီသို့ အရှိန်အဟုန်ဖြင့် ပြိုဆင်းလာသည်။
ရေခဲမြူနဂါးအတွက်တော့ ရေရှိသော မည်သည့်နေရာမဆို သူ၏ကိုယ်ပိုင်နယ်မြေ ဖြစ်သည်။
သူ့အတွက်တော့ ရေဒြပ်စင်စွမ်းအားကိုအသုံးပြုပြီး ဤမျှမြင့်မားသော လှိုင်းလုံးကြီးများဖန်တီးခြင်းမှာ ကလေးကစားစရမျှသာ ဖြစ်သည်။
လွန်ခါက အော်ဟစ်လိုက်သည်။
“အားလုံး နောက်ဆုတ်ကြ... ဒီနဂါးကြီးကို ရေကန်နဲ့ဝေးရာကို မျှားခေါ်ကြ”
စကားဆုံးသည်နှင့် လွန်ခါကိုယ်တိုင်လည်း မြေပြင်ထက်ခြေတစ်ချက်ဆောင့်လိုက်ပြီး နောက်ဘက်သို့ ပေပေါင်းများစွာ လွင့်ပျံဆုတ်ခွာသွားသည်။
တစ်ချိန်တည်းမှာပင် သူက လက်ကောက်ဝတ်ကိုခါလိုက်ပြီး ခိုဥခန့်အရွယ်အစားရှိသော အနက်ရောင်အလုံးနှစ်လုံးဖြင့် ရေခဲမြူနဂါးထံသို့ ပစ်ပေါက်လိုက်သည်။
ကြံ့နက်မျိုးနွယ်စုက တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် တိုက်ခိုက်စွမ်းရည် အကျွမ်းကျင်ဆုံးဟု ကျော်ကြားသည်။
နှစ်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပွားနေခဲ့သော တောရိုင်းဒေသတိုက်ပွဲများတွင် သူတို့မျိုးနွယ်စုက တိုက်ခိုက်ရေးနည်းစနစ်များစွာ တီထွင်နိုင်ခဲ့ကြသည်။
အထူးသဖြင့် သူတို့၏ စစ်မြေပြင်သုံးလက်နက်များက မည်သူမှထင်မထားလောက်အောင် အလွန်တရာ ပြင်းထန်လွန်းလှသည်။
ယခု လွန်ခါပစ်လွှတ်လိုက်သည့် အနက်ရောင်အလုံးနှစ်လုံးမှာ ကြံ့နက်မျိုးနွယ်စုမှ တီထွင်ထားသည့် ‘မိုးကြိုးဗုံး’ ဟု ခေါ်ဆိုသည့် အထူးလက်နက်တစ်ခု ဖြစ်သည်။
မိုးကြိုးဗုံးကို ပေါက်ကွဲစေနိုင်သည့် ယမ်းမှုန့်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ပေါက်ကွဲအား အလွန်ပြင်းထန်ခြင်း မရှိသည့်တိုင် ၊ ပေါက်ကွဲသွားသည်နှင့် ထူထပ်မှောင်မဲသော ယမ်းငွေ့များထွက်ပေါ်လာသည်ဖြစ်ရာ ရန်သူ၏စိတ်အာရုံကို ရှုပ်ထွေးသွားစေနိုင်သည်။
လွန်ခါက မိုးကြိုးဗုံးကိုအသုံးပြုလိုက်ခြင်းမှာ ရေခဲမြူနဂါးအား ဒဏ်ရာရသွားစေရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ ယမ်းငွေ့များကြောင့် ထိုသားရဲကြီး စိတ်အနှောက်အယှက်ဖြစ်သွားစေရန်သာ ပြုလုပ်လိုက်ခြင်း ဖြစ်၏။
နဂါးကြီး၏ ဒေါသကိုဆွပေးနိုင်မှသာ ရေကန်ထဲမှထွက်လာပြီး သူတို့ကို လိုက်လံတိုက်ခိုက်လာအောင် မျှားခေါ်နိုင်မည် မဟုတ်ပါလား။
သို့သော် လွန်ခါ၏တွက်ချက်မှု လုံးဝ လွဲချော်သွားလေသည်။
နဂါးကြီးက အော်ဟစ်ရယ်မောလိုက်ပြီး လွန်ခါပစ်လွှတ်လိုက်သည့် မိုးကြိုးဗုံးနှစ်ခုလုံးကို ပါးစပ်ဟကာ အမိအရ ဝါးမျိုပစ်လိုက်သည်။
နဂါးကြီးက မည်သည့်ပညာကိုအသုံးပြုလိုက်သည် မသိ ၊ မိုးကြိုးဗုံးများက သူ၏ဝမ်းဗိုက်ထဲတွင် ပေါက်ကွဲသွားခြင်းမရှိဘဲ အစအနမကျန် ပျောက်ကွယ်သွားသည်။
“ဟီး ဟီး ဟီး....”
“ဒီဥတွေက အရသဆိုးလိုက်တာ... မင်းတို့လို နုနုထွတ်ထွတ်လူငယ်အသားကတော့ ချိုမယ်လို့ မျှော်လင့်ရတာပဲ”
နဂါးကြီးကိုကြည့်ပြီး လွန်ခါ၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။
ယခုဆိုလျှင် သူက နောက်သို့ ပေပေါင်းများစွာ ဆုတ်ခွာလာခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ ကျန်လူများမှာလည်း သူနှင့်အတူ ဆုတ်ခွာလာကြောင်း တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာရသွားမိသည်။
သူတို့၏ရည်ရွယ်ချက်က ရေခဲမြူနဂါး ရေကန်ထဲမှထွက်လာအောင် မျှားခေါ်ရန်ဖြစ်သည်။
နဂါးကြီး၏ ကိုယ်ပိုင်နယ်မြေဖြစ်သော ရေကန်ထဲတွင်ဆိုလျှင် သူ့ကို အနိုင်ယူရန် အလွန်ခက်ခဲပေမည်။ ကုန်းပေါ်သို့မျှားခေါ်နိုင်မည်ဆိုလျှင် သူတို့အုပ်စုအတွက် အနိုင်ရနိုင်ခြေ မြင့်တက်လာနိုင်သည်။
သို့သော် ရေခဲမြူနဂါး၏တန်ခိုးစွမ်းအားက သူတို့ခန့်မှန်းထားသည်ထက် ပိုမိုမြင့်မားနေခဲ့သည်။
သူဖန်တီးလိုက်သော ကြီးမားသည့်ရေလှိုင်းလုံးကြီးများက ကမ်းစပ်သို့ ရိုက်ခတ်သွားသည့်တိုင် ပျောက်ကွယ်သွားခြင်းမရှိပေ။
ရေများက မမြင်နိုင်သော ရေမြောင်းတစ်ခုရှိနေသည့်ပမာ တစ်စုတဝေးတည်းစီးဆင်းသွားပြီး အရှိန်အဟုန်ပြင်းစွာဖြင့် နာ့ယီရှို့တို့အုပ်စုထံသို့ ဝင်ရောက်လာတော့သည်။
အဆင့်(၆) မှော်ဝင်သားရဲဖြစ်သည့် ရေခဲမြူနဂါးအဖို့ အနီးအနားတွင် ရေရှိနေသရွေ့ မွေးရာပါစွမ်းအားကိုအသုံးပြုကာ ရေစီးကြောင်းများကို စိတ်ကြိုက်ခြယ်လှယ်ထိန်းချုပ်ပြီး မိမိအလိုရှိရာသို့ စီးဆင်းစေနိုင်စွမ်း ရှိသည်။
သို့သော် ရေခဲမြူနဂါးအား ရေမရှိသောအရပ်သို့ မျှားခေါ်သွားရန်မှာ ထင်သလောက် မလွယ်ကူလှပေ။
ထိုသားရဲကြီးအား ရေမရှိသည့်ပတ်ဝန်းကျင်သို့ မျှားခေါ်နိုင်သည်ဆိုလျှင်တောင်မှ ရေခဲမြူနဂါး၏တန်ခိုးစွမ်းအားက လွန်ခါတို့အုပ်စုထက် များစွာသာလွန်နေဆဲ ဖြစ်သည်။
ရေစီးကြောင်းက အလွန်လျှင်မြန်သည်ဖြစ်ရာ အချိန်ခဏအတွင်းမှာပင် လွန်ခါ၏ခြေဖျားထိပ်သို့ ရောက်ရှိလာသည်။
ထိုအချိန်မှာပင် ရေခဲမြူနဂါးက အမြီးကိုတစ်ချက်ခါယမ်းလိုက်ပြီး လေထဲသို့ခုန်တက်ကာ ရေစီးကြောင်းအသစ်တစ်ခုဖန်ဆင်းလိုက်သည်။
ထို့နောက် သူက ထိုရေစီးကြောင်းထက်သို့ တည့်တည့်မတ်မတ် ဆင်းသက်လိုက်၏။
ရေခဲမြူနဂါးအဘိုးအိုက အရုပ်ဆိုးစွာပြုံးလိုက်ပြီး မာတောင့်တောင့်အသံဆိုးကြီးဖြင့်...
“ကလေးတွေ... ကစားပွဲ ပြီးသွားပြီကွ”
စကားဆုံးသွားသည်နှင့် သူ့ခြေထောက်အောက်မှရေစီးကြောင်းက လှိုင်းထန်လာပြီး ရေစက်ရေပေါက်များက သံမဏိပမာ မာကျောသော လူသတ်မြားတံများအဖြစ် ပြောင်းလဲသွားသည်။
ထိုရေမြားတံများက နာ့ယီရှို့ ၊ လွန်ခါနှင့် အခြားသူများထံသို့ မြားမိုးများပမာ ရွာသွန်းကျလာ၏။
အသက်အန္တရယ်ရင်ဆိုင်ရပြီဖြစ်ရာ နာ့ယီရှို့တို့အုပ်စုမှာ နဂါးကြီး၏တိုက်စစ်ကို ခုခံရနအတွက် သူတို့၏ဝှက်ဖဲများကို ထုတ်သုံးရတော့သည်။
နာ့ယီရှိ့လက်ထဲတွင် အပြာရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သူမ၏ ဝိညာဉ်လက်နက်ဖြစ်သော နှင်းမုန်တိုင်းလက်ကိုင်ပုဝါ ထွက်ပေါ်လာသည်။
သူမခန္ဓာကိုယ်ပတ်ပတ်လည်တွင် အပြာရောင်လင်းစက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ၊ သူမထံသို့ဝင်ရောက်လာသည့် ရေမြားတံများမှာ လေထဲမှာပင် အေးခဲသွားပြီး နှင်းပွင့်များပမာ ပြောင်းလဲသွားသည်။
ရေမြားတံများ အေးခဲပြီး အရှိန်လျော့သွားသည့်တိုင် နာ့ယီရှို့က လုံးဝ မပေါ့ဆရဲခဲ့ပေ။
နှင်းမုန်တိုင်းလက်ကိုင်ပုဝါက သူမရှေ့တွင် အရှိန်အဟုန်ဖြင့် လည်ပတ်သွားပြီး မူလအရွယ်အစားထက် အဆပေါင်းများစွာ ကြီးမားလာကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား ဒိုင်းသဖွယ် ကာကွယ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် နတ်သူငယ်များမှာလည်း တစ်စုတစ်ဝေးတည်း စုရုံးလိုက်ပြီး ထူးဆန်းသော မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ရာ မြစိမ်းရောင်အလင်းစက်ဝန်း အကာအကွယ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းစက်ဝန်းက အဲလစ်တို့တစ်အုပ်စုလုံးအား လွှမ်းခြုံကာကွယ်ပေးလိုက်သည်။
နတ်သူငယ်များ၏အကာအကွယ်က နူးညံ့ပုံရသည့်တိုင် ရေမြားတံများ လာရောက်ထိမှန်သည့်အခါ အလင်းစက်ဝန်းကို ဖောက်ထွင်းနိုင်ခြင်းမရှိခဲ့ပေ။
အပြင်ဘက်မှကြည့်မည်ဆိုလျှင် မြားတံများက အလင်းစက်ဝန်းတွင်စိုက်ဝင်နေကြပြီး ကြည်လင်လှပသည့် မြင်ကွင်းတစ်ခုသဖွယ်ပင် ဖြစ်နေသည်။
အရိုးရှင်းဆုံး တုံ့ပြန်လိုက်သူကတော့ ချောင်တတိယသခင်လေး ဖြစ်သည်။
သူက ချောင်ညီအစ်ကို(၃)ယောက်၏နောက်သို့ ခပ်သွက်သွက်ပင် ဝင်ပုန်းလိုက်ခြင်း ဖြစ်၏။
ချောင်ဟူတို့ညီအစ်ကို(၃)ယောက်က တြိဂံပုံစံ မတ်တတ်ရပ်လိုက်ကြပြီး ဒြပ်စင်စွမ်းအားကို လှည့်ပတ်လိုက်ကြသည်။
သူတို့၏ ထူးခြားသော မွေးရာပါ သွေးမျိုးဆက်ကိုချိတ်ဆက်ပြီး စွမ်းအားများ ပေါင်းစည်းလိုက်သည့်အခါ သာမန် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ထက် များစွာသာလွန်သော အားကောင်းသည့် ဒြပ်စင်စွမ်းအားဒိုင်းကာတစ်ခု ဖြစ်ပေါ်လာသည်။
ရေမြားတံများမှာ ညီအစ်ကို(၃)ယောက်၏ ဒြပ်စင်စွမ်းအားဒိုင်းကာကို ထိမှန်သွားသည်နှင့် အမှုန်အမွှားများအဖြစ် ကွဲကြေပျက်ဆီးသွားကြသည်။
ချောင်ညီအစ်ကို(၃)ယောက်၏စွမ်းရည်က ထူးခြားပေသည်။
သူတို့(၃)ယောက် စွမ်းအားချင်းပေါင်းစပ်လိုက်သည့်အခါ ထွက်ပေါ်လာသည့်စွမ်းအားက သာမန်ထက် များစွာသာလွန်နေသည်မှာ ထင်ရှားသည်။
လွန်ခါနှင့် ကြံ့နက်မျိုးနွယ်စုဝင်များ၏တုံ့ပြန်မှုကတော့ ပို၍ပင် ကြမ်းတမ်းခက်ထန်လှသည်။
လွန်ခါ၏လက်ထဲတွင် ဧရာမ ကြေးနီရောင် တူကြီးတစ်စုံ ထွက်ပေါ်လာသည်။
သူက တူကြီးများကို အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်ရာ လေထဲတွင် မြေသားရောင်အလင်းတန်းများထွက်ပေါ်လာပြီး လွန်ခါတို့အုပ်စုအား ခေါင်းအစခြေအဆုံး ကာကွယ်ပေးထားလိုက်သည်။
ဝင်ရောက်လာသည့်ရေမြားတံများမှာ တူကြီးများနှင့်ရိုက်ခတ်မိသည်နှင့် ရေစက်လေးများအဖြစ် ပြောင်းလဲလွင့်စင်သွားလေသည်။
လွန်ခါ၏လက်ထဲမှ တူများက ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက်များဖြစ်ပေသည်။ မဟုတ်ပါက အဆက်မပြတ်ဝင်ရောက်လာသည့် ရေမြားတံများကို တောင့်ခံနိုင်စွမ်းရှိမည် မဟုတ်ပေ။
သို့သော် ရေမြားတံများက အလွန်တရာများပြားသည်ဖြစ်ရာ လွန်ခါ၏ ဧရာမ ကြေးနီရောင်တူကြီး၏ကာကွယ်မှုမှ လွတ်ထွက်သွားသော မြားတံများကို ကျန်ရှိသော ကြံ့နက်မျိုးနွယ်စုဝင်များက သူတို့၏ ဒြပ်စင်စွမ်းအားလက်နက်များထုတ်ယူပြီး ကိုယ်စီကာကွယ်လိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ အားလုံးက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရေမြားတံများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ကြသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူတို့အုပ်စုမှာ သာမန် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်ထက် များစွာပိုမိုသာလွန်ကြောင်း ထင်ရှားသည်။
သို့သော် ရေမြားတံများက မိုးစက်မိုးပေါက်များအလား အဆက်မပြတ်ကျရောက်နေဆဲဖြစ်လေရာ အဲလစ်တို့ နတ်သူငယ်အုပ်စုမှာ မြစိမ်းရောင် အလင်းစက်ဝန်းအကာအကွယ် ပျက်ဆီးမသွားစေရန် အတော်လေးတောင့်ခံထားကြရသည်။
လွန်ခါမှာလည်း ဧရာမ ကြေးနီရောင်တူကြီးကိုဝှေ့ယမ်းရင်း နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာနေရသည်။
ကံဆိုးသည်မှာ ကြံ့နက်မျိုးနွယ်စုဝင်တစ်ယောက်ကိုင်ဆောင်သည့် ဓားတစ်လက်မှာ အဆင့်နိမ့် ဝိညာဉ်လက်နက်တစ်ခုမျှသာ ဖြစ်သဖြင့် ရေမြားတံ (၁၀)ခုကျော်ကို တားဆီးပြီးနောက် ထပ်မံတောင့်ခံနိုင်ခြင်း မရှိတော့ပေ။
ထိုခဏမှာပင် ရေမြားတံတစ်စင်းက လွန်ခါ ကာကွယ်ပေးနေသည့် ဧရာမတူကြီးများ၏ မြေသားရောင်အလင်းတန်းကို ဖြတ်ကျော်လာပြီး ထိုသူ၏ ပခုံးတည့်တည့်သို့ စိုက်ဝင်သွားတော့သည်။
ကြံ့နက်မျိုးနွယ်စုဝင်များက ရုပ်ခန္ဓာကျင့်စဉ် ကျင့်ကြံသူများဖြစ်ကြသဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းကြသော်လည်း အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင် ပစ်လွှတ်လိုက်သည့် ရေမြားတံများကိုတော့ တောင့်ခံနိုင်ခြင်း မရှိပေ။
ထိုရေမြားတံက ဓားကိုင်သည့် ကြံ့နက်မျိုးနွယ်စုဝင်၏ ပခုံးသို့ဖောက်ဝင်သွားပြီး သွေးများပန်းထွက်လာသည်။
ထိုလူငယ် ဒဏ်ရာရသွားသည်ကိုတွေ့မြင်သည်နှင့် ရေခဲမြူနဂါးကြီးက ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်ပြန်၏။
“ဟီး ဟီး ဟီး....”
ထို့နောက် သူက လက်တစ်ဖက်ဝှေ့ယမ်းကာ သူပစ်လွှတ်လိုက်သော ရေမြားတံများအားလုံးကို ပြန်လည်ရုတ်သိမ်းလိုက်၏။
ရေမြားတံများက ရေစီးကြောင်းငယ်လေးများအဖြစ် ပြောင်းလဲကာ သားရဲကြီး၏ခြေဖဝါးအောက်ရှိ ရေစီးကြောင်းထဲသို့ ပြန်လည်စီးဝင်သွားကြသည်။
ရေခဲမြူနဂါး ပြန်လည်ရုတ်သိမ်းလိုက်သော ရေမြားတံတစ်စင်းတွင် ကြံ့နက်မျိုးနွယ်စုဝင်ကိုထိမှန်သွားသဖြင့် သွေးများစွန်းထင်းနေသည့် မြားတံတစ်စင်း ပါဝင်လေသည်။
ထိုရေမြားတံကိုတော့ နဂါးကြီးက ပါးစပ်ထဲသို့ စုပ်ယူဝါးမျိုပစ်လိုက်သည်။
သားရဲကြီးက ရေမြားတံတွင်ပေကျံနေသည့် နီရဲသောသွေးစက်များကို တစ်ကျိုက်တည်းမျိုချပစ်လိုက်ပြီး အလွန်အရသာတွေ့သွားဟန်ဖြင့် နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။
“အမှန်ပဲ... သွေးအားလုံးထဲမှာ လူသားတွေရဲ့သွေးက အချိုဆုံးပဲ ၊ ငါ ဒီလိုသွေးမျိုး မသောက်ရတာ ဆယ်စုနှစ်နဲ့ချီနေပြီ ၊ အခု မင်းတို့တွေ ငါ့ရှေ့မှောက် တည့်တည့်ရောက်လာတာ သိပ်ကိုကောင်းသကွာ”
ရေခဲမြူနဂါးကြီးက နာ့ယီရှို့တို့အုပ်စုအား သူ၏ပြိုင်ဘက်ဟု သဘောမထားဘဲ အလိုလျောက် ရောက်ရှိလာသည့် အစားအစာများအဖြစ် မှတ်ယူထားသည်မှာ ထင်ရှားသည်။
တကယ်တော့ ရေခဲမြူနဂါးကြီးက ဖီးနစ်ကျဆုံးတောင်ကြားတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော သားရဲတစ်ကောင် ဖြစ်သည်။
သူက လူသားစားရသည်ကို အလွန်နှစ်သက်မြတ်နိုးသည်ဖြစ်ရာ လွန်ခဲ့သော စမ်းသပ်ပွဲခရီးစဉ်များတွင်လည်း ပြိုင်ပွဲဝင်များစွာကို သတ်ဖြတ်စားသောက်ခဲ့ပြီး ဖြစ်သည်။
သူ့အတွက်တော့ လူသားများဆိုသည်က ခံတွင်းမြိန်စေမည့် အရသာရှိသော အစားအသောက်များသာ ဖြစ်ပေ၏။