လျှပ်စီးစွမ်းအား
Vol. 16 Ch. 173
ရေခဲမြူနဂါးကြီး၏ သာမန်တိုက်ကွက်တစ်ခုကပင် ကိုယ့်လူတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်နိုင်သဖြင့် လွန်ခါ အတော်လေးတုန်လှုပ်သွားသလို ဒေါသလည်း ထွက်သွားသည်။
သူက ကျုံးဝါးသံတစ်ချက်ပြုလိုက်ပြီးနောက်...
“ဒီသားရဲက အရမ်းအစွမ်းထက်တယ် ၊ ငါတို့ ဒီအတိုင်း ခုခံနေလို့မရဘူး ၊ ပြန်တိုက်မှရမယ် ၊ ခုချိန်မှာ သူ့လူကိုယ့်လူ အစွဲတွေကိုဘေးဖယ်ထားပြီး ငါတို့အားလုံး အပြည့်အဝ ပူးပေါင်းမှရမယ် ၊ မဟုတ်ရင်တော့ အနိုင်ရဖို့ အခွင့်အရေး မရှိနိုင်ဘူး”
အဲလစ်က ခေါင်းညိတ်လိုက်ပြီး...
“ကောင်းပြီ... ကျွန်မတို့အုပ်စု မှော်ပညာသုံးပြီး တိုက်ခိုက်မယ် ၊ ကျွန်မတို့ မန္တန်သုံးနေတဲ့အချိန် ရှင်တို့တွေက ကာကွယ်ပေးဖို့တော့ လိုလိမ့်မယ်”
လွန်ခါက...
“ခံစစ်ကို ငါတို့တာဝန်ထားလိုက်...”
နာ့ယီရှို့က...
“ပြဿနာမရှိဘူး... အားလုံးပူးပေါင်းပြီး တိုက်ကြတာပေါ့”
ထို့နောက် လွန်ခါတို့ (၄)ယောက်က အဲလစ်တို့အုပ်စုကို ကာကွယ်ပေးရန် ရှေ့သို့တက်လိုက်ကြသည်။
မြားထိသွားသည့် ကြံ့နက်မျိုးနွယ်စုဝင်မှာလည်း ဒဏ်ရာက ပခုံးတွင်သာဖြစ်ပြီး အသက်အန္တရယ်မစိုးရိမ်ရသဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်စွမ်း ရှိနေသေးသည်။
နာ့ယီရှို့သည်လည်း ရှေ့သို့ထွက်လာပြီး လွန်ခါနှင့် ပခုံးချင်းယှဉ်၍ မတ်တတ်ရပ်လိုက်၏။
ဤသည်ကိုမြင်တော့ ချောင်တတိယသခင်လေးကလည်း ပြုံးလိုက်ပြီး...
“အားလုံး အင်အားချင်းပေါင်းစည်းကြတယ်ဆိုတော့... ငါတို့ ချောင်အိမ်တော်ကလည်း ကျန်ခဲ့လို့ ဘယ်ဖြစ်မလဲ...”
ပြောပြီးသည်နှင့် သူက ချောင်ညီအစ်ကို(၃)ယောက်ကို ဦးဆောင်ကာ နတ်သူငယ်များရှေ့တွင် ခံစစ်တန်းတစ်ခု တည်ဆောက်လိုက်သည်။
ယခုတစ်ကြိမ်မှာတော့ ချောင်တတိယသခင်လေး ပေါ့ပေါ့ဆဆ သဘောမထားဘဲ သူ၏ကိုယ်ပိုင် ဝိညာဉ်လက်နက်ဖြစ်သော အလင်းစီးဆင်းဓားကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။
ရေခဲမြူနဂါး မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းပြီး နာမည်ဆိုးဖြင့် ကျော်ကြားစေကာမူ ၊ သူ့အနေဖြင့် ဖီးနစ်ကျဆုံးတောင်ကြား၏ ကန့်သတ်ချက်ကိုကျော်လွန်ပြီး အပြင်လောကသို့ ထွက်ခွာနိုင်စွမ်း မရှိပေ။
သို့ဖြစ်ရာ ရေခဲမြူနဂါးအနေဖြင့် နတ်သူငယ်များကို တစ်ခါမှမမြင်ဖူးသလို မှော်ပညာဆိုသည်ကိုလည်း အရိပ်အယောင်ပမျှပင် ကြားဖူးနားဝ မရှိပေ။
နဂါးကြီးက အဆင့်(၆) မှော်ဝင်သားရဲဖြစ်ပြီး ပတ်ဝန်းကျင်မှ ရေဒြပ်စင်စွမ်းအား အထောက်အပံ့လည်း ရှိနေသည်ဖြစ်ရာ သာမန်ဒြပ်စင်စွမ်းအားများဖြင့် သူ့ကို ထိခိုက်ဒဏ်ရာရအောင် မပြုလုပ်နိုင်ပေ။
သို့ဖြစ်ရာ တစ်ခုတည်းသောအခွင့်အရေးမှာ ဤသားရဲ၏ မှော်ပညာအပေါ် မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး အလစ်ဖမ်းတိုက်ခိုက်ရန် ဖြစ်သည်။
ထို့ကြောင့်လည်း လွန်ခါက အားလုံးပူးပေါင်းတိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်၏။
တစ်ဖက်မှာတော့ ရေခဲမြူနဂါးကြီးက လွန်ခါ ၊ အဲလစ် ၊ နာ့ယီရှို့နှင့် ချောင်တတိယသခင်လေးတို့ တစ်စုတစ်ဝေးတည်း စုရုံးလာကြသည်ကို တွေ့မြင်နေသည့်တိုင် တားဆီးရန်အတွက် မည်သည့်လှုပ်ရှားမှုမှ မပြုခဲ့ပေ။
ထိုအစကား သူက လှောင်ပြောင်သရော်သည့်လေသံဖြင့်...
“မင်တို့ကလေးတွေ... အတော်ရယ်ရတာပဲ ၊ စောစောကတော့ အကုန်လုံး တပြိုင်တည်းအပြတ်ရှင်းခံရမှာကြောက်လို့ လူစုခွဲပြီးပြေးကြတယ် ၊ အခုကျတော့ လူပြန်စုနေကြပြန်ပြီ ၊ ကြည့်ရတာ... ငါတော့ တစ်လုပ်တည်းနဲ့ အားလုံးကိုစားရတော့မယ်ထင်တယ်”
သူက ဆက်ပြောလိုက်သည်။
“အဟက်... ငါ့ကိုသတ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မင်းတို့အကုန်လုံးကိုစားပစ်ပြီး ဗိုက်ကားသေစေမယ့် နည်းလမ်းပဲကွ”
ရေခဲမြူနဂါး၏ပုံစံက အလွန်မောက်မာပြီး နာ့ယီရှို့တို့အုပ်စုကို အရေးမစိုက်သည်မှာ ထင်ရှားသည်။
သို့သော် လွန်ခါ ၊ နာ့ယီရှို့နှင့် အခြားသူများမှာ အသက်ငယ်ရွယ်သည့်တိုင် သက်ဆိုင်ရာမျိုးနွယ်စုများ၏ ထိပ်တန်းအဆင့် ပါရမီရှင်များဖြစ်ကြသလို အတွေ့အကြုံရင့်ကျက်သူများလည်း ဖြစ်ကြသည်။
သို့ဖြစ်ရာ ရေခဲမြူနဂါး၏စကားများကြောင့် ကြောက်စိတ်ဝင်မိသည့်တိုင် အသိစိတ်လွတ်သည်အထိ သတိလက်လွတ်မဖြစ်ခဲ့ကြပေ။
အဲလစ်က ရေခဲမြူနဂါး၏စကားများကို လျစ်လျူရှုလိုက်ပြီး သူမ၏ကျောထက်တွင်လွယ်ထားသည့် မြစိမ်းရောင် ကျောက်စိမ်း”လေး” ကို ဆွဲယူလိုက်သည်။
ထို့နောက် သူမက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“အားလုံးပဲ... ငါ့အတွက် နည်းနည်းလောက် အချိန်ဆွဲထားပေးကြပါ ၊ ဒီအဆင့်(၆) မှော်ဝင်သားရဲကို ငါတို့ ဘယ်လောက်စွမ်းထလဲဆိုတာ ပြလိုက်ကြတာပေါ့”
အဲလစ်က သူမ၏လက်ထဲတွင် မြစိမ်းရောင်ကျောက်စိမ်း”လေး” ကို တင်းတင်းဆုပ်ကိုင်လိုက်သည်နှင့် အခြားသော နတ်သူငယ်(၄)ယောက်မှာလည်း မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။
သူတို့က ချက်ချင်းပင် အဲလစ်ကိုဗဟိုပြု၍ လေးဘက်လေးတန်တွင် နေရာယူလိုက်ကြပြီး ထူးဆန်းသောမန္တန်များကို တပြိုင်တည်းရွတ်ဆိုလိုက်ကြသည်။
နတ်သူငယ်များ မန္တန်ရွတ်လိုက်သည်နှင့် အလွန်တရာ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုက အဲလစ်၏ပတ်ဝန်းကျင်တွင် စုစည်းလာပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံး ပိုမိုသိပ်သည်းလေးလံလာသည့်ပမာ ခံစားလိုက်ရသည်။
ဤသည်က မှော်ပညာ တန်ခိုးစွမ်းအားပင် ဖြစ်သည်။
မှော်ပညာတစ်ရပ် ပို၍အစွမ်းထက်လေ ထိုပညာရပ်ကို အသက်သွင်းရန် ပြင်ဆင်ချိန် ပိုမိုလိုအပ်လေ ဖြစ်သည်။
ယခု နတ်သူငယ်များ၏ အမူအရာကိုကြည့်ခြင်းအားဖြင့် အပြင်းထန်ဆုံးသော လျှို့ဝှက်တိုက်ကွက်တစ်ခုကို ထုတ်ဖော်ရန်ကြိုးစားနေသည်မှာ ထင်ရှားသည်။
ရေခဲမြူနဂါးမှာ တစ်သက်လုံး ဖီးနစ်ကျဆုံးတောင်ကြားထဲတွင်သာ နေထိုင်ခဲ့သူဖြစ်သည်။
ရှေးယခင်အချိန်ကတည်းက နတ်သူငယ်များက ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ပြီး စမ်းသပ်ပွဲယှဉ်ပြိုင်ခဲ့ဖူးခြင်း လုံးဝမရှိခဲ့ပေ။
ထို့ကြောင့် ရေခဲမြူနဂါးအနေဖြင့် မှော်ပညာအကြောင်း နကန်းတစ်လုံးပင် နားလည်ခြင်း မရှိပေ။
နတ်သူငယ်များ၏ပတ်ဝန်းကျင်တွင် ထူးခြားသော စွမ်းရောင်ဝါများ စုစည်းလာကြောင်း အာရုံခံမိသည့်တိုင် ထူးပြီးအရေးစိုက်စရာ မထင်မှတ်ခဲ့ပေ။
တကယ်တော့ သူ့ရှေ့တွင် ရှိနေသူများထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဆို၍ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် တစ်ယောက်သာလျှင် ရှိသည်။
နဂါးကြီးအတွက်တော့ ဤမျှလောက်သော ကျင့်ကြံခြင်းအဆင့်က ပုရွက်ဆိတ်သာသာမျှသာ ဖြစ်ပေသည်။
အနှစ်(၂၀)တွင်တစ်ကြိမ် လူတို့၏အသွေးအသားကို စားသောက်ခဲ့ပြီးနောက် ရေခဲမြူနဂါး၏ လူသားစားချင်စိတ်မှာ ပိုမိုပြင်းထန်လာခဲ့သည်။
ယခုလည်း သူ့မှာ လူသားစားရန်အတွက် အနှစ်(၂၀)တိတိ စောင့်ဆိုင်းနေခဲ့ရပြီး ၊ ဤသည်က အမှန်တကယ် စိတ်ပျက်စရာ ဝေဒနာတစ်ရပ်ပင် ဖြစ်၏။
သူက မျှော်လင့်မထားသည့် အခြေအနေတချို့ကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသရန်အတွက် ဤဆေးပင်ဥယျာဉ်ထဲ လာရောက်ပုန်းအောင်းနေခြင်း ဖြစ်သည်။
သို့သော် အခါအခွင့်သင့်စွာပင် လူသားများကိုယ်တိုင် သူ့ရှေ့သို့ရောက်ရှိလာပြီး အရသာရှိလှသည့် စားသောက်ဖွယ်ရာကို တဖန်ပြန်လည် မြည်းစမ်းခွင့်ရလိမ့်မည်ဟု အိပ်မက်ပင် မက်မထားခဲ့မိပေ။
သူ၏ဒဏ်ရာက မသက်သာသေးသော်လည်း သူ့ရှေ့မှလူသားလေးမျးက အလွန်ပင်ငယ်ရွယ်နုနယ်သေးသည်ဖြစ်ရာ သူ့ကို မည်သည့်နည်းနှင့်မှ ခြိမ်းခြောက်နိုင်ကြမည် မဟုတ်ပေ။
ယခု သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။
သူ့ရှေ့သို့ရောက်နေသည့် လူသားများကို အကုန်လုံးတပြိုင်တည်း ဝါးမျိုစားသောက်ပစ်ရမည်လား။ သို့မဟုတ် တစ်ယောက်ချင်းဖမ်းဆီးပြီး အေးအေးဆေးဆေး အရသာခံ စားသောက်ရမည်လား ဟူ၍ ဖြစ်၏။
ရေခဲမြူနဂါးကြီးက စတင်တိုက်ခိုက်ခြင်း မရှိသေးသဖြင့် အတော်လေး အချိန်ဆွဲထားနိုင်သည်ဖြစ်ရာ လွန်ခါ ၊ နာ့ယီရှို့နှင့် ချောင်တတိယသခင်လေးတို့အုပ်စု အတော်လေး စိတ်သက်သာရာရသွားကြသည်။
ထိုအချိန် အဲလစ်က ထူးဆန်းသောမန္တန်တစ်ပုဒ်ကို စတင်ရွတ်ဆိုလိုက်သည်။
ထို့နောက် သူမက လေးကိုတင်လိုက်ရာ ကျောက်စိမ်း”လေး” ထက်တွင် မြားရှည်တစ်စင်း ပေါ်လာသည်။ ထိုမြားရှည်က နတ်သူငယ်တို့၏အစဉ်အလာအတိုင်း အလွန်ပင် ခန့်ညားထည်ဝါကာ လက်ရာမြောက်လှသည်။
မြားထိပ်ဖျားက ကွေးညွှတ်နေသည့် လင်းယုန်ငှက်နှုတ်သီးဆင်းဆင်တူပြီး မြားမြီးက ခန့်ညားသောငှက်ကြီးတစ်ကောင် အတောင်ပံများ ဖြန့်ကားထားသည်နှင့် ဆင်တူလှသည်။
မြားတံထက်တွင် ထွင်းထုထားသည့် အနုစိတ်လက်ရာများမှာလည်း တစ်လွှာချင်းစီ စီရီနေသည့်ငှက်မွှေးများပမာ အံ့သြစရာကောင်းစွာပင် လှပလွန်း၏။
အကယ်၍ ဤအရာက မြားတစ်စင်းသာမဟုတ်ပါက လက်ရာမြောက်လှသ်ည့ အနုပညာပစ္စည်းတစ်ခုဟုပင် ထင်မှတ်ရသည်။
ယခုတော့ အနုပညာမြောက်စွာ လှပလွန်းသော မြားတံက အဲလစ်၏မြစိမ်းရောင်ကျောက်စိမ်း”လေး” ထက်သို့ ရောက်ရှိနေပြီး မြားတံတစ်ခုလုံးတွင် အလွန်ပြင်းထန်သော စွမ်းအားတစ်ခု စုစည်းနေသည့်ပမာ တုန်ခါလျှက်ရှိသည်။
အဲလစ် ပတ်ဝန်းကျင်ရှိလေထုက ပိုမိုသိပ်သည်းလာပြီး လေထုထဲတွင် သေးငယ်သော လျှပ်စီးကြောင်းလေးများ ဖျတ်ခနဲ ဖျတ်ခနဲ လူးလွန့်လှုပ်ရှားနေသည်ကို တွေ့မြင်ရသည်။
ထို့နောက်မှာတော့ လျှပ်စီးအလင်းတန်းများက လေးညှို့ထက်မှ မြားတံဆီသို့ စုရုံးရောက်ရှိသွားပြီး မြားတံကို ရစ်ပတ်ဝန်းရံလိုက်ကြသည်။
အစပိုင်းတွင် ရေခဲမြူနဂါးက လှောင်ပြောင်သရော်သည့်အမူအရာဖြင့်ကြည့်နေခဲ့သော်လည်း မြားတံထက်မှ သေးငယ်သည့် လျှပ်စီးကြောင်းများကိုတွေ့မြင်သည့်အခါ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
သူ့စိတ်ထဲ မသိမသာ တင်းကျပ်သွားသလို ခံစားလိုက်ရပြီး...
“ဒီကလေးတွေက တကယ်ပဲ လျှပ်စီးစွမ်းအားကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတာလား...”
ရေခဲမြူနဂါးက ရေဒြပ်စင်စွမ်းအားကို စိတ်ကြိုက်ခြယ်လှယ်နိုင်သည့် အတတ်ပညာတွင် အထွတ်ထိပ်သို့ရောက်ရှိနေသော အဆင့်(၆) မှော်ဝင်သားရဲဖြစ်သည်။
သူ့အနေဖြင့် ရေရင်းမြစ်တစ်ခုနှင့် နီးကပ်စွာရှိနေသရွေ့ အခြားသောဒြပ်စင်စွမ်းအားများက သူ့ကို ခြိမ်းခြောက်နိုင်လောက်အောင် အစွမ်းမရှိဟု ယုံကြည်ထားသည်။
သို့သော် လျှပ်စီးစွမ်းအားကတော့ ချွင်းချက်ဖြစ်၏။
ဒြပ်စင်စွမ်းအားများအကြောင်း ပြောရမည်ဆိုလျှင် ရေဒြပ်စင်မှ ရေခဲဒြပ်စင်သို့ ဆင့်ကဲပြောင်းလဲနိုင်သကဲ့သို့ လျှပ်စီးစွမ်းအားဆိုသည်က သတ္တုဒြပ်စင်မှ ဆင့်ကဲပြောင်းလဲထားခြင်း ဖြစ်သည်။
သို့သော် လျှပ်စီးဒြပ်စင်က ထိန်းချုပ်ရန် အခက်ခဲဆုံးသော စွမ်းအားများထဲတွင် ပါဝင်သည်။
ထိုစွမ်းအားက အဖျက်စွမ်းအား အလွန်ကြီးမားသော်လည်း ရန်သူကိုသာမက အသုံးပြုသူကိုပါ ပြန်လည်ထိခိုက်စေနိုင်သော အန္တရယ်လည်းရှိသည်။
ထို့ကြောင့် လျှပ်စီးစွမ်းအားကို ကျွမ်းကျင်စွာအသုံးပြုနိုင်သည့်ကျင့်ကြံသူ ဆိုသည်က ဖီးနစ်ငှက်မွှေး ၊ ယူနီကွန်းဦးချိုများကဲ့သို့ပင် အလွန်တရာရှားပါးပြီး ရှာဖွေရခက်ခဲလှသည်။
ရေခဲမြူနဂါးကဲ့သို့ ရေဒြပ်စင်မှော်ဝင်သားရဲများအဖို့တော့ လျှပ်စီးစွမ်းအားက မုန်းတီးစရာအကောင်းဆုံး စွမ်းအားပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် လျှပ်စီးစွမ်းအားက ရေထဲတွင် လျှပ်ကူးနိုင်စွမ်းရှိသည့်အပြင် ရေနှင့်ထိတွေ့ပါက အဖျက်စွမ်းအားမှာလည်း အဆပေါင်းများစွာ ဖြင့်တက်သွားသည်ဖြစ်ရာ ရေဒြပ်စင်စွမ်းအား အသုံးပြုသည်များ၏ အဓိကရန်သူဟုပင် ခေါ်ဆိုနိုင်သည်။
ထို့ထက်ပိုဆိုးသည်မှာ ရေခဲမြူနဂါး၏ တိုက်ကွက်အများစုက ရေဒြပ်စင်ကို အခြေခံသည်ဖြစ်ရာ ထိုတိုက်ကွက်များအားလုံး လျှပ်စီးစွမ်းအား၏ လွှမ်းမိုးနှိမ်နင်းခြင်းကို ခံရနိုင်ပေသည်။
တကယ်တော့ ရေခဲမြူနဂါးမှာ အဆင့်(၆) လျှပ်စီးဒြပ်စင် မှော်ဝင်သားရဲ၏လက်ချက်ဖြင့် ဒဏ်ရာရလာသည့်အတွက် ဤလျှို့ဝှက်နေရာသို့ဆုတ်ခွာလာပြီး ကျားခြင်္သေ့သားရဲကိုမောင်းထုတ်ကာ ဒဏ်ရာကုသနေခြင်း ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ရေခဲမြူနဂါးမှာ လျှပ်စီးစွမ်းအားနှင့်ပတ်သက်လာလျှင် အလွန်ပင် ထိလွယ်ရှလွယ် ဖြစ်နေခဲ့သည်။
ယခု အဲလစ်တို့ဘက်မှ လျှပ်စီးစွမ်းအားကို အသုံးပြုနေသည်ကို တွေ့မြင်သည့်အခါ သူ့စိတ်ထဲ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာရုံသာမက နာကျည်းချက်နှင့် ဒေါသများပါ အရှိန်အဟုန်ဖြင့် တိုးပွားလာတော့၏။
“ဒီကလေးတွေ လျှပ်စီးကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့နည်းလမ်းကို သိရင်တောင်မှ... သူတို့ရဲ့ အဆင့်နဲ့ ဘယ်လောက်များတဲ့လျှပ်စီးစွမ်းအားကို အသုံးပြုနိုင်မှာမို့လို့လဲ”
“မသိနားမလည်တဲ့ဟာလေးတွေကိုတော့ သင်ခန်းစာပေးမှ ဖြစ်တော့မယ်”
ထိုသို့တွေးတောပြီးသည်နှင့် ရေခဲမြူနဂါးက သူ၏နဂါးအမြီးကြီးကို ဝှေ့ယမ်းကာ ကန်ရေပြင်အား ပြင်းထန်စွာ ရိုက်နှက်ချလိုက်လေသည်။
ရုတ်ချည်းပင် မြေကမ္ဘာတစ်ခုလုံး တုန်ဟည်းသွားရလောက်အောင် မြင့်မားသည့် ရေလှိုင်းလုံးကြီးတစ်လုံး အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
ထိုဧရာမလှိုင်းလုံးကြီးမှ လက်သည်းခြေသည်းများနှင့် အစွယ်များထွက်ပေါ်လာပြီး ဧရာမနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ အဲလစ်တို့အုပ်စုရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာတော့၏။