← Chapters

ဒြပ်စင်ငါးပါးလည်ပတ်ခြင်း ၊ စွမ်းအားသုံးမျိုးပေါင်းစည်းခြင်း

Vol. 16 Ch. 174

ဒြပ်စင်ငါးပါးလည်ပတ်ခြင်း ၊ စွမ်းအားသုံးမျိုးပေါင်းစည်းခြင်း

Vol. 16 Ch. 174

ရေခဲမြူနဂါးက အဲလစ်တို့အုပ်စုကို သင်ခန်းစာပေးချင်သည်ဆိုသော်လည်း တကယ်တော့ သူ့စိတ်ထဲတွင် တိုးပွားလာသည့် မလုံခြုံမှုများကို ဖြေဖျောက်ရန်သာ ဖြစ်သည်။

တကယ်တော့ လျှပ်စီးစွမ်းအားက ရေခဲမြူနဂါးအတွက် အကြီးမားဆုံး အားနည်းချက်တစ်ခုဖြစ်နေသည် မဟုတ်လား။

သူက အဲလစ်အနေဖြင့် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးစွမ်းအားကို ဆင့်ခေါ်နိုင်မည်ဟု မယုံကြည်သော်လည်း ၊ သူမကို အနှောက်အယှက်မရှိဘဲ လျှပ်စီးစွမ်းအားများ ဆက်လက်စုဆောင်းခွင့်ပေးမည် မဟုတ်ပေ။

ထို့ကြောင့် သူက အဲလစ်၏လုပ်ရပ်ကို အပြီးတိုင်ရပ်တန့်ပစ်နိုင်ရန် တိုက်ကွက်ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းက သူ့အတွက် စိတ်အချရဆုံး ဖြစ်ပေမည်။

ရေခဲမြူနဂါး အစောပိုင်းက ပစ်လွှတ်လိုက်သည့် ရေမြားတံများက ဧရိယာအနှံ့ ဖြန့်ကျက်တိုက်ခိုက်မှုဆိုလျှင် ယခု ရေဒြပ်စင်နဂါးတစ်ကောင် ဖန်တီးလိုက်ခြင်းက ပစ်မှတ်တစ်ခုတည်းကို အာရုံစိုက်တိုက်ခိုက်သည့် အထူးတိုက်ကွက် ဖြစ်သည်။

ယခု အဲလစ် ၊ လွန်ခါနှင့် အခြားသူများအားလုံး တစ်စုတစ်ဝေးတည်းရှိနေကြသဖြင့် ဧရာမရေနဂါးကြီးက သူတို့အားလုံးကို ဖိနှိပ်ဝါးမျိုပစ်ရန် လုံလောက်‌သော အတိုင်းအတာတွင် ရှိနေသည်။

ထိုအချိန် လွန်ခါက ပြတ်သားသောအသံဖြင့် အော်ဟစ်လိုက်သည်။

“အားလုံးပဲ... မကြောက်ကြနဲ့ ၊ ရှိသမျှ အားကုန်သုံးပြီး တိုက်ကြ...”

ပြောပြီးသည်နှင့် လွန်ခါက သူ့လက်ထဲမှ ကြေးနီတူကြီးနှစ်လက်ကို လေထဲသို့ ပစ်တင်လိုက်သည်။

ရုတ်ချည်းပင် မြေဒြပ်စင်စွမ်းအားဖြစ်သော မြေဝါရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဧရာမတူကြီးများမှာ (၁၀)ပေကျော်အမြင့်ရှိသော ရွေရောင်ဘီလူးကြီးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဘီလူးကြီးများ၏ပခုံးထက်တွင် ရွှေရောင်တောင်ထွတ်နှစ်ခုကိုထမ်းထားပြီး အားလုံးကို အကာအကွယ်ပေးရန်အတွက် ထိုတောင်ထွတ်နှစ်ခုကိုဘေးချင်းယှဉ်ကာ ခိုင်ခံသော တံခါးတစ်ချပ်သဖွယ် ပိတ်ဆို့ထားလိုက်ကြသည်။

လွန်ခါ၏ ကြေးနီတူများမှာ ပုံသဏ္ဌန်ပြောင်းလဲနိုင်စွမ်းရှိသဖြင့် အနည်းဆုံး အဆင့်မြင့် ဝိညာဉ်လက်နက်များဖြစ်ကြောင်း သိသာလှသည်။

သို့သော် လွန်ခါက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ မရောက်ရှိသေးသဖြင့် ဤဝိညာဉ်လက်နက်၏ စစ်မှန်သောစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် သူဖန်တီးလိုက်သော ရွှေရောင်ဘီလူးကြီးများမှာ ကြီးသင့်သလောက် မကြီးမားခဲ့ပေ။

သာမန်မျက်စိဖြင့်ကြည့်မည်ဆိုလျှင် (၁၀)ပေခန့်မြင့်သော ဘီလူးကြီးများမှာ အလွန်ပင်ခန့်ညားထည်ဝါသည်ဟု ထင်ရသော်လည်း ရေခဲမြူနဂါးဖန်ဆင်းထားသော ရေနဂါးကြီးနှင့် ယှဉ်လိုက်ပါက အားနည်းလွန်းနေသေးသည်။

ထိုအချိန်မှာပင် နာ့ယီရှို့ကလည်း ကျုံးဝါးအော်ဟစ်လိုက်ပြီး သူမ၏ နှင်းမုန်တိုင်းလက်ကိုင်ပုဝါကို ဝှေ့ယမ်းပစ်လွှတ်လိုက်သည်။

ထိုလက်ကိုင်ပုဝါက လေထဲသို့ ဝဲပျံတက်သွားကာ အရှိန်အဟုန်နှင့်လည်ပတ်သွားပြီး အပြာရောင်အလင်းတန်းများထုတ်လွှတ်ကာ ရေနဂါးကြီးထံသို့ ပစ်ခတ်လိုက်သည်။

အပြာရောင်အလင်းတန်းများ ရေနဂါးကြီးခန္ဓာကိုယ်ထက် ကျရောက်သွားသည်နှင့် ရေခဲပွင့်လွှာများ လျှင်မြန်စွာ ဖုံးလွှမ်းသွားသည်။

သို့သော် နဂါးကြီးမှာ အဆက်မပြတ်စီးဆင်းဝင်ရောက်နေသည့် ရေဒြပ်စင်စွမ်းအားဖြင့် ဖန်ဆင်းထားခြင်းဖြစ်လေရာ ထိုရေခဲပွင့်များမှာ ချက်ချင်းပင်အရည်ပျော်သွားလေသည်။

နာ့ယီရှို့၏ကျင့်ကြံခြင်းအဆင့် ယခုထက်ပိုမိုမြင့်မားမည်ဆိုလျှင်တော့ ရေနဂါးကြီးတစ်ကိုယ်လုံးကို အေးခဲပစ်နိုင်ပြီး သူ၏အရှိန်ကို လျှော့ချပေးနိုင်ပေမည်။

ယခုတော့ သူမ၏တိုက်ကွက်က ရေနဂါးကြီးအတွက် အယားပြေရုံမျှသာဖြစ်ပြီး ထိရောက်မှု မရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ လွန်ခါနှင့် နာ့ယီရှို့တို့က ရှိသမျှစွမ်းအားကို အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုက်နေကြသည်ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ အလျှော့မပေးဘဲ တင်းခံထားကြကြောင်းကို ပြသသည်။

ထိုခဏမှာပင် ချောင်တတိယသခင်လေးသည်လည်း စွမ်းအားကုန်ထုတ်သုံးရန် အသင့်ဖြစ်နေပေပြီ။

“ချောင်ဟူ ချောင်ပေါင် ချောင်ပြောင်... ရှိသမျှစွမ်းအားကုန်သုံးပြီး တိုက်ကြ...”

ချောင်သခင်လေးက အမိန့်ပေးပြီးသည်နှင့် သူကိုယ်တိုင်လည်း စတင်လှုပ်ရှားတော့သည်။

သူ့လက်ထဲရှိ အလင်းစီးဆင်းဓားမှ ဓားအလင်းတန်းများ အဆက်မပြတ်ပေါက်ကွဲထွက်လာပြီး လေထုကိုထိုးခွင်းကာ ရေနဂါးကြီးထံသို့ ဝင်ရောက်သွားသည်။

ချောင်တတိယသခင်လေး၏ ကျင့်ကြံခြင်းမှာ ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်မျှသာဖြစ်သော်လည်း ချောင်အိမ်တော်၏ "မရဏဖန်သားကျင့်စဉ်" က အံ့သြဖွယ်ရာ တိုက်စစ်စွမ်းအားကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ရွှေရောင်ဓားအလင်းတန်းများက ရေနဂါးကြီး၏ခန္ဓာကိုယ်အား ခုတ်ပိုင်းလိုက်နိုင်ပြီး ရေမှုန်ရေမွှားများပင် လွင့်စင်ထွက်သွားစေသည်။

သို့သော် ထိုရွှေရောင်ဓားအလင်းတန်းက အကန့်အသတ်ရှိသည်ဖြစ်ရာ ရေနဂါးကြီး၏ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်သည့်တိုင် ကြီးမားသည့်ထိခိုက်မှုမျိုးဖြစ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

လွန်ခါနှင့်ပါလာသော နှောင်းပေါင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၃)ယောက်ကလည်း တိုက်ကွက်အသီးသီးထုတ်ဖော်ပြီး တိုက်ခိုက်ခဲ့ကြသည်။

သို့သော် ရေနဂါးကြီးအား ကြီးမားစွာထိခိုက်သွားစေရန် မတတ်နိုင်ခဲ့ကြပေ။

ရေနဂါးကြီးမှာ သူတို့အားလုံး၏အနားသို့ တဖြည်းဖြည်းတိုးကပ်လာပြီး တိုက်ခိုက်တော့မည့်အနေအထားသို့ ရောက်ရှိလာသည်။

ကြေးနီရောင်တူကြီးများဖြင့်ဖန်ဆင်းထားသော ရွှေရောင်ဘီလူးကြီးများသည်လည်း သူတို့အားလုံးကို အကာအကွယ်ပေးနိုင်ပါမည်လား မသေချာတော့ပေ။

ထိုသို့အရေးကြီးသောအချိန်တွင် ချောင်ဟူ ၊ ချောင်ပေါင်နှင့် ချောင်ပြောင်တို့ ညီအစ်ကို(၃)ယောက်က သူတို့၏ဝှက်ဖဲကို ထုတ်ဖော်လိုက်ကြသည်။

ညီအစ်ကို(၃)ယောက်က တြိဂံပုံစံ နေရာယူလိုက်ကြပြီး

ချောင်ပေါင်နှင့် ချောင်ပြောင်တို့က ချောင်ဟူ၏အနောက်တွင်ရပ်ကာ သူ၏ကျောပြင်က်သို့ လက်တစ်ဖက်စီ တင်လိုက်ကြသည်။

သူတို့၏ တူညီသည့်သွေးမျိုးဆက်ကိုအသုံးချကာ ဒြပ်စင်စွမ်းအားများကို ချောင်ဟူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်စီးဝင်စေလိုက်ခြင်း ဖြစ်သည်။

ချောင်ဟူက မိုးခြိမ်းသံပမာ ကျယ်လောင်သည့် ကျုံးဝါးသံတစ်ချက် ပြုလုပ်လိုက်၏။

“ဒြပ်စင်ငါးပါးလည်ပတ်ခြင်း ၊ စွမ်းအားသုံးမျိုးပေါင်းစည်းခြင်း”

ထို့နောက် ချောင်ဟူက ပြင်းထန်သောအရှိန်အဟုန်ဖြင့် ရှေ့သို့ လက်ဝါးဖြင့်တွန်းထုတ်လိုက်သည်။

ထိုအခါ စည်ပိုင်းတစ်ခုစာခန့်ထူထဲသော ဒြပ်စင်စွမ်းအားလင်းတိုင်ကြီးတစ်ခု သူ့လက်ဖဝါးမှ ပေါက်ကွဲထွက်လာပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသောအရှိန်အဟုန်ဖြင့် ရေနဂါးကြီးထံသို့ ဝင်ရောက်သွားသည်။

ထိုအလင်းတိုင်လုံးကြီးက သစ်သား ၊ မီး ၊ မြေ ဒြပ်စင်စွမ်းအားများကိုကိုယ်စားပြုသော အစိမ်း ၊ အနီ ၊ အဝါ အရောင်သုံးမျိုးဖြင့်တောက်ပနေသည်။

ထူးဆန်းသည်မှာ ထိုဒြပ်စင်စွမ်းအား(၃)မျိုးက တစ်ခုနှင့်တစ်ခု ရောယှက်ပေါင်းစည်းသွားပြီး ပိုမိုအားကောင်းသော စွမ်းအားအသစ်တစ်ခုအဖြစ် ပြောင်းလဲသွားခြင်းပင်။

ဟုတ်ပေ၏။

ချောင်ညီအစ်ကို(၃)ယောက်က မိခင်တစ်ယောက်ထဲမှမွေးဖွားလာသော ညီအစ်ကိုရင်းများဖြစ်ကြပြီး ထူးခြားသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည်။

သူတို့ငယ်ရွယ်စဉ် စတင်ကျင့်ကြံသည့်အချိန်တွင် သူတို့တစ်ဦးချင်းစီ၏ ဒြပ်စင်စွမ်းအားများက အချင်းချင်းကြား အဟန့်အတားမရှိ လွတ်လပ်စွာစီးဆင်းနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။

တစ်ဦး၏ခန္ဓကိုယ်တွင်းသို့ အခြားသူများ၏ မတူညီသော ဒြပ်စင်စွမ်းအားများကို ထည့်သွင်းပေးသည့်တိုင် မည်သည့်ငြင်းပယ်မှုမှ မရှိခဲ့ပေ။

သို့ဖြစ်ရာ ညီအစ်ကို(၃)ယောက်၏ တန်ခိုးစွမ်းအားပေါင်းစည်းလိုက်ပါက ခေါင်းသုံးလုံး ၊ လက်ခြောက်ဘက်ရှိသော ဘီလူးကြီးတစ်ကောင်က ဒြပ်စင်စွမ်းအား(၃)မျိုးကို တပြိုင်တည်းအသုံးပြုနေသကဲ့သို့ ဖြစ်ပေသည်။

တိုက်ဆိုင်စွာပင် ချောင်ဟူ ၊ ချောင်ပေါင်နှင့် ချောင်ပြောင်တို့မှာ သစ်သား ၊ မီး ၊ မြေ ဒြပ်စင်စွမ်းအားများကို အသီးသီးကျင့်ကြံထားကြသည်ဖြစ်ရာ ဒြပ်စင်များ အပြန်အလှန်ဖြည့်စွက်ခြင်းနှင့် သံသရာလည်ခြင်းတွင် အံကိုက်ဖြစ်နေပေသည်။

ထျန်းယွမ်ကုန်းမြေရှိ လူသားများမှာ ဒြပ်စင်စွမ်းအား အပြည်အလှန်ဖြည့်စွက်ခြင်းနှင့် လည်ပတ်ခြင်းဆိုင်ရာ နိယာမများကို စနစ်တကျ ဖော်ထုတ်နိုင်ခြင်း မရှိကြသေးသော်လည်း နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သည့်ကျင့်ကြံသူများက ဒြပ်စင်စွမ်းအား အသုံးချပုံနှင့် သံသရာလည်ပုံကို အစွမ်းကုန်ရှာဖွေဖော်ထုတ်ရန် ဘဝကို ရင်းနှီးမြှုပ်နှံခဲ့ကြပေသည်။

ချောင်အိမ်တော်နှင့် ခုန်အိမ်တော်တို့က ကာလရှည်ကြာ ပြိုင်ဘက်များဖြစ်ကြသည်ရ ချေင်အိမ်တော်အနေဖြင့် ခုန်အိမ်တော်၏ “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” ကို အတော်အတန် နားလည်ထားသည်။

ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်က မတူညီသော ဒြပ်စင်စွမ်းအားများကို ပေါင်းစည်းအသုံးပြုသည့်အခါ အကြီးမားဆုံးသောစွမ်းအားကို ထုတ်ဖော်ပေးနိုင်ကြောင့် သူတို့ ကောင်းစွာသိရှိထားကြသည်။

ချောင်ညီအစ်ကို(၃)ယောက်၏ ထူးခြားသောစွမ်းရည်ကို ရှာဖွေတွေ့ရှိသည့်အခါ ချောင်အိမ်တော်အတွက် ဒြပ်စင်စွမ်းအား(၃)မျိုးကို တပြိုင်တည်းအသုံးပြုနိုင်သော ကျင့်ကြံသူတစ်ယောက် ရရှိထားသကဲ့သို့ ဖြစ်သွားသည်။

ထို့ကြောင့် ငယ်ရွယ်စဉ်ကတည်းကပင် ထိုညီအစ်ကို(၃)ယောက်အား လူတစ်ယောက်တည်းပမာ တသားတည်းကျအောင် လေ့ကျင့်ပေးထားခဲ့ရာ သူတို့၏စုပေါင်းတိုက်ကွက်များက တသားတည်းကျပြီး အလွန်တရာ အစွမ်းထက်လှသည်။

ပို၍ထူးခြားသည်မှာ ချောင်ညီအစ်ကိုများသည် သူတို့၏ မတူညီသောဒြပ်စင်စွမ်းအားများကို ခန္ဓာကိုယ်ထဲတွင် အတူယှဉ်တွဲထားနိုင်ရုံသာမက ၊ ထိုကွဲပြားသော စွမ်းအားများကို တစ်ခုတည်းအဖြစ်ပေါင်းစပ်ကာ သစ်သား ၊ မီး ၊ မြေ ဂုဏ်သတ္တိများစုစည်းနေသော ပေါင်းစပ်စွမ်းအားတစ်ရပ်ကို ဖန်တီးနိုင်ခြင်းပင် ဖြစ်သည်။

ဤသို့သော ထူးခြားသည့်စွမ်းရည်မျိုးအား ဒြပ်စင်စွမ်းအားပေါင်းစုံ ကျင့်ကြံနိုင်စွမ်းရှိသော ခုန်အိမ်တော်မှ ကျင့်ကြံသူများသည်ပင် ပိုင်ဆိုင်ထားခြင်း မရှိပေ။

ဒြပ်စင်စွမ်းအားပေါင်းစုံ ကျင့်ကြံထားသူများမှာ သူတို့၏ခန္ဓာကိုယ်ထဲရှိ ဒြပ်စင်စွမ်းအားများအကြားတွင် တိကျသော စည်းခြားမှုများထားရှိကြရသဖြင့် ထိုစွမ်းအားများကို တသားတည်းကျ တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်စွမ်း မရှိကြပေ။

သူတို့အတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ရည်မှာ ဒြပ်စင်စွမ်းအား တစ်ခုမှတစ်ခုသို့ လျှင်မြန်စွာ ကူးပြောင်းအသုံးချနိုင်ရုံသာ ရှိ၏။

ဒဏ္ဍာရီအရဆိုလျှင်တော့ ဒြပ်စင်ငါးပါးလုံးကို တသားတည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းအသုံးပြုနိုင်သူဆို၍ ခုန်အိမ်တော်ကို စတင်တည်ထောင်ခဲ့သော ဘိုးဘေးကြီးသာလျှင် ရှိခဲ့ဖူးသည်။

ဘိုးဘေးကြီး’ခုန်ရှို့’ က ဒြပ်စင်စွမ်းအားများကို ထိုသို့အသုံးပြုနိုင်ခြင်းမှာ အလွန်တရာရှားပါးသော “ဒြပ်စင်ငါးပါးရုပ်ခန္ဓာ” ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

နောက်ပိုင်းကာလမှာတော့ ခုန်ရှို့ကဲ့သို့ ဒြပ်စင်စွမ်းအားငါးမျိုး ပေါင်းစည်းအသုံးပြုခြင်းဆိုသည်မှာ ဒဏ္ဍာရီပုံပြင်တစ်ခုမျှသာ ကျန်ရှိခဲ့သည်။

ချောင်ညီအစ်ကို(၃)ယောက်ကတော့ သူတို့၏ ထူးခြားသောသွေးမျိုးဆက်ကြောင့် သစ်သား ၊ မီး ၊ မြေ ဟူသော ဒြပ်စင်စွမ်းအား(၃)မျိုးကို အောင်မြင်စွာ ပေါင်းစပ်အသုံးပြုနိုင်ခဲ့ကြသည်။

ဤသည်မှာ ကျင့်ကြံခြင်းလောက၏ သာမန်အသိတရားများကို စိန်ခေါ်သော ထူးခြားဖြစ်စဉ်တစ်ခုပင် ဖြစ်၏။

ထို့ပြင် သူတို့၏ ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစည်းခြင်းမှထွက်ပေါ်လာသော စွမး်အားမှာလည်း သာမန်မဟုတ်ဘဲ အဆပေါင်းများစွာ မြှင့်တင်ထားသည့်ပမာ ကြောက်မက်ဖွယ်ရာ ပြင်းထန်လှသည်။

ဤသို့ထူးခြားသည့်စွမ်းရည်ရှိနေခြင်းကြောင့် ချောင်ညီအစ်ကို(၃)ယောက်မှာ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များသာ ဖြစ်ကြသော်လည်း စွမ်းအားချင်းပေါင်းစပ်လိုက်သည့်အခါ ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်၏ အင်အားမျိုးကို ရရှိလာပေသည်။

ဤသို့သောဝှက်ဖဲသာမရှိပါက ချောင်တတိယသခင်လေးအနေဖြင့် ဖီးနစ်ကျဆုံးတောင်ကြားသို့ ယုံကြည်ချက်အပြည့်ဖြင့် ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ချောင်ညီအစ်ကိုများ၏ စုပေါင်းတိုက်ကွက်က ကနဦးအဆင့် ဒြပ်စင်စွမ်းအားရှင်သခင်တစ်ယောက်နှင့် ညီမျှသည်ဆိုသော်ငြား အဆင့်(၆) မှော်ဝင်သားရဲကြီးနှင့် ယှဉ်နိုင်ရန်ကတော့ အလှမ်းဝေးနေဆဲပင်။

ဤနေရာတွင်ရှိနေသူအားလုံး စုပေါင်းတိုက်ခိုက်မှသာ ရေခဲမြူနဂါးကို တွန်းလှန်နိုင်မည် ဖြစ်၏။

ပြီးတော့ ထိုသားရဲကြီးကို မောင်းထုတ်နိုင်မှသာ ချောင်သခင်လေးသည်လည်း ဒဏ္ဍာရီလာပစ္စည်းကို ရယူနိုင်ရန် အခွင့်အ‌ရေးရရှိပေမည်။

မည်သို့ပင်ဖြစ်စေ ဒြပ်စင်စွမ်းအား(၃)မျိုးပေါင်းစည်းထားသည့် ချောင်ညီအစ်ကိုတို့၏ စုပေါင်းတိုက်ကွက်က အမှန်တကယ်ပင် အစွမ်းထက်လှပြီး ရေခဲမြူနဂါး၏ မျှော်လင့်ချက်ကိုပင် များစွာကျော်လွန်သွားစေသည်။

လက်ရှိတွင် ရေခဲမြူနဂါးက ဒဏ်ရာရရှိထားသည်ဖြစ်ရာ သူ၏စွမ်းအားအကုန်လုံးကို ထုတ်သုံးခြင်း မရှိပေ။ ထို့ကြောင့် သူဖန်ဆင်းထားသည့် ရေနဂါးကြီးမှာ ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်မျှသာ ရှိလေသည်။

သာမန် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအား ဆရာသခင်များအတွက်တော့ ဤသို့သောတိုက်ကွက်မျိုးကိုပင် တောင့်ခံရန် ခက်ခဲမည် ဖြစ်သည်။

သို့သော် ကနဦးအဆင့် ဒြပ်စင်စွမ်းအားရှင်သခင်၏ စွမ်းအားနှင့်ညီမျှသော ချောင်ညီအစ်ကိုတို့၏ တိုက်ကွက်ကတော့ ထိုရေနဂါးကြီးကို အပြည့်အဝ တန်ပြန်ခုခံနိုင်စွမ်းရှိသည်။

ချောင်ဟူ၏လက်ဖဝါးမှ ထွက်ပေါ်လာသော ဧရာမအလင်းတိုင်လုံးကြီးက သူတို့ထံသို့ဝင်ရောက်လာသော ရေနဂါးဦးခေါင်းကြီးနှင့် တည့်တည့်မတ်မတ် ရိုက်ခတ်မိသွားသည်။

ထိုခဏတွင် မိုးခြိမ်းသံပမာ ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး မိုးမြေကို ပြောင်းပြန်လှန်ပစ်မည့်အလား အလွန်တရာ စူးရှတောက်ပသော ရောင်စဉ်သုံးမျိုး အလင်းတန်းများ လွင့်စင်ထွက်လာသည်။

ချောင်ညီအစ်ကိုတို့က အစွမ်းကုန်တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး ရေခဲမြူနဂါးကတော့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသဖြင့် ရေနဂါးကြီးအတွင်းသို့ လုံလောက်သည့် ဒြပ်စင်စွမ်းအား ထည့်သွင်းထားခြင်း မရှိပေ။

ထို့ကြောင့် စွမ်းအားအလင်းတိုင်လုံးကြီး၏ ပြင်းထန်သောရိုက်ခတ်မှုကို တွန်းလှန်နိုင်ခြင်းမရှိဘဲ ရေနဂါးကြီးမှာ ၎င်း၏ပုံသဏ္ဌန်ကို ဆက်လက်ထိန်းထားနိုင်ခြင်းမရှိတော့ဘဲ အစိတ်စိတ်အမွှာမွှာ အက်ကွဲကာ နေရာအနှံ့သို့ ရေမှုန်ရေမွှားများအဖြစ် လွင့်စင်ထွက်သွားလေသည်။

သို့သော် ထိုရေမှုန်ရေမွှားများကို အထင်သေး၍ မရပေ။

ရေစက်တစ်စက်ချင်းစီတိုင်းတွင် ရေဒြပ်စင်စွမ်းအားများ အတော်အသင့်ပါရှိနေသဖြင့် တိုက်ခိုက်စွမ်းအားများ ကျန်ရှိနေသေးသည်ဖြစ်ရာ ၊ ထိုရေမှုန်ရေမွှားများထိမှန်မိပါက လုံးဝသက်သာမည် မဟုတ်ပေ။

ဤအချိန်တွင် လွန်ခါ၏ ကြေးနီတူကြီးများမှ ဖန်ဆင်းထားသော ရွှေရောင်ဘီလူးကြီးများနှင့် နာ့ယီရှို့၏ နှင်းမုန်တိုင်းလက်ကိုင်ပုဝါတို့က အသုံးဝင်လာခဲ့သည်။

ဤဝိညာဉ်လက်နက်များက ရေနဂါးကြီးကိုတားဆီးရန် မစွမ်းသာသော်လည်း လွင့်စင်လာသည့်ရေစက်များကို အလွယ်တကူပင် ကာကွယ်ပေးနိုင်သဖြင့် မည်သူမှထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိပေ။

ဟုတ်ပေ၏။

ရေခဲမြူနဂါး၏တိုက်ကွက်ကို ဟန့်တားရန်အတွက် အဓိကတိုက်ခိုက်ခဲ့ကြသူများမှာ ချောင်ညီအစ်ကိုများ ဖြစ်ပေသည်။

သူတို့၏ပေါင်းစည်းစွမ်းအားက အလွန်တရာ ပြင်းထန်လှသဖြင့် လူတိုင်းအံ့အားသင့်သွားရပြီး ချောင်ညီအစ်ကိုများအအပေါ်တွင်လည်း ချက်ချင်းပင် အမြင်ပြောင်းလဲသွားကြသည်။

ထိုအချိန်...

မှောင်ရိပ်ခိုပုန်းကွယ်နေသည့် ခုန်မင်၏စိတ်ထဲမှာတော့ စကားတစ်ခွန်းသာလျှင် ပဲ့တင်ထပ်နေခဲ့လေသည်။

“ဒြပ်စင်ငါးပါးလည်ပတ်ခြင်း ၊ စွမ်းအားသုံးမျိုးပေါင်းစည်းခြင်း...”

All Chapters