← Chapters

ကျင့်စဉ်အသစ်တီထွင်ခြင်း

Vol. 16 Ch. 175

ကျင့်စဉ်အသစ်တီထွင်ခြင်း

Vol. 16 Ch. 175

“ဒြပ်စင်ငါးပါးလည်ပတ်ခြင်း” ဆိုသည်မှာ ခုန်အိမ်တော်၏ တန်ဖိုးမဖြတ်နိုင်သော ဧကရာဇ်အဆင့်ကျင့်စဉ်ဖြစ်သည့် “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” ၏ အဓိကကျသော အယူအဆ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း(၅၀၀)ခန့်က ခုန်အိမ်တော်ကို စတင်တည်ထောင်ခဲ့သည့် ဘိုးဘေး’ခုန်ရှို့’ က ဒြပ်စင်ငါးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသဖြင့် ဒြပ်စင်ငါးပါးလုံးကို တပြိုင်တည်းကျင့်ကြံနိုင်စွမ်း ရှိခဲ့သည်။

သူက ဒြပ်စင်ငါးပါးလည်ပတ်ခြင်းအစွမ်းကို အပြည့်အဝထုတ်ဖော်နိုင်ခဲ့သဖြင့် “ဒြပ်စင်ငါးပါးလည်ပတ်ခြင်း ၊ အရာခပ်သိမ်းလွှမ်းခြုံခြင်း” ဆိုသော ဂုဏ်သတင်းဖြင့် ကျော်ကြားခဲ့သည်။

ထို့ကြောင့်ပင် “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” ကို ဧကရာဇ်အဆင့် ကျင့်စဉ်များထဲတွင် အစွမ်းထက်ဆုံးဟု အမွှမ်းတင်ခဲ့ကြသည်။

ချန်နန်အင်ပါယာကိုတည်ထောင်ခဲ့သော ဧကရာဇ်’ဟူရှော့’ ၏ ကျောက်စိမ်းမီးသစ္စာကျင့်စဉ်နှင့် ချောင်အိမ်တော်ဘိုးဘေး’ချောင်ပင်း’ ၏ “မရဏဖန်သားကျင့်စဉ်” တိုသည်ပင် “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” နှင့် နှိုင်းယှဉ်ပါက အနည်းငယ်မှေးမှိန်သွားရသည်။

သို့သော် ဤကျင့်စဉ်မှာ ကျင့်ကြံသူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံအပေါ်တွင် အလွန်တရာ တိကျသော သတ်မှတ်ချက်များ ရှိနေသည်။

ဤလောကတွင် ခုန်ရှို့မှလွဲပြီး ဒြပ်စင်ငါးပါးလုံးကျင့်ကြံနိုင်သော ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်မှ ထွက်ပေါ်မလာခဲ့ပေ။

ထို့ကြောင့် ခုန်ရှို့နောက်ပိုင်းတွင် ခုန်အိမ်တော်၏ဆက်ခံသူများထဲတွင် ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်ကို အထွတ်ထိပ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်သူ မရှိခဲ့ပေ။

ရာစုနှစ်များစွာကျော်လွန်လာသည့်အခါ “အစွမ်းထက်ဆုံး ဧကရာဇ်အဆင့်ကျင့်စဉ်” ဆိုသော ဘွဲ့ထူးမှာလည်း အမည်ခံမျှသာ ဖြစ်လာခဲ့တော့သည်။

တကယ်တော့ ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်၏ အကြီးမားဆုံးသောစွမ်းအားမှာ ဒြပ်စင်ငါးပါးလုံးကို တသားတည်းကျအောင် ပေါင်းစည်းနိုင်ခြင်း ဖြစ်သည်။

ကြီးမားသော ဒြပ်စင်စွမ်းအားလည်ပတ်မှု ဖြစ်ပေါ်သွားသည်နှင့်တပြိုင်နက် ဒြပ်စင်စွမ်းအားငါးမျိုး တသားတည်းပေါင်းစည်းသွားပြီး စိတ်ကူး၍ပင်မရနိုင်သော ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားကို ထုတ်လွှတ်ပေးသည်။

ထိုအချက်ကြောင့်ပင် “ဒြပ်စင်ငါးပါးသံသရာ” ကျင့်စဉ်မှာ ကျင့်စဉ်များထဲတွင် ထိပ်ဆုံးမှရပ်တည်နိုင်ခြင်း ဖြစ်၏။

သို့သော် ဒြပ်စင်ငါးပါးလုံးကျင့်ကြံနိုင်သည့် ရုပ်ခန္ဓာက အလွန်ပင် ရှားပါးလှသည်။

ဒြပ်စင်များ၏ အပြန်အလှန်ဖြည့်စွက်ခြင်းနိယာမအရ ဒြပ်စင်ငါးပါးလုံး ကျင့်ကြံနိုင်မှသာ ကြီးမားသော ဒြပ်စင်စွမ်းအားလည်ပတ်မှုကို ဖန်တီးနိုင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဒြပ်စင်စွမ်းအား ပေါင်းစည်းခြင်းကို ပြုလုပ်နိုင်ပေမည်။

ထို့ကြောင့် ခုန်အိမ်တော်သမိုင်းတစ်လျှောက်တွင် ခုန်ရှို့နောက်ပိုင်း ထိုကျင့်စဉ်ကို အထွတ်ထိပ်အထိ ကျင့်ကြံအောင်မြင်သူ မရှိခဲ့ပေ။

မျိုးဆက်တစ်လျှောက် ဒြပ်စင်စွမ်းအား(၃)မျိုး သို့မဟုတ် (၄)မျိုးကို ကျင့်ကြံပြီး ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူများပင်လျှင် မတူညီသော ဒြပ်စင်စွမ်းအားများကို တသားတည်းကျ တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်ခြင်း မရှိခဲ့ပေ။

ဒြပ်စင်စွမ်းအားများစွာကို တပြိုင်တည်းကျင့်ကြံထားသူများ၏ အားသာချက်မှာ ဒြပ်စင်စွမ်းအားများကို ပေါင်းစည်းနိုင်ခြင်းမရှိသည့်တိုင် မတူညီသော ဒြပ်စင်စွမ်းအားကျင့်စဉ်အမျိုးမျိုးကို ကျင့်ကြံနိုင်ပေသည်။

ထို့ကြောင့် တိုက်ပွဲရင်ဆိုင်ရသည့်အခါ မိမိစိတ်ကြိုက် ဒြပ်စင်စွမ်းအားကိုအသုံးပြုပြီး အဆုံးမရှိသော အလှည့်အပြောင်းတိုက်ကွက်များကို ဖန်တီးနိုင်သည်။

ဤသည်ကပင် ဒြပ်စင်စွမ်းအားတစ်မျိုးတည်းကျင့်ကြံထားသည့် သာမန်ကျင့်ကြံသူများထက် များစွာသာလွန်စေသည့်အချက် ဖြစ်၏။

ခုန်မင်အနေဖြင့် ဒြပ်စင်ငါးသံသရာကျင့်စဉ်အကြောင်း စတင်သိရှိခဲ့စဉ်ကတည်းက ဒြပ်စင်ငါးပါးလုံးကျင့်ကြံနိုင်မှသာ ဒြပ်စင်စွမ်းအားပေါင်းစည်းမှု ပြုလုပ်နိုင်ပြီး ဤကျင့်စဉ်၏အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော် ယခုတော့....

ချောင်ညီအစ်ကို(၃)ယောက်က ဒြပ်စင်စွမ်းအား(၃)မျိုးကို တသားတည်းကျအောင် ‌ပေါင်းစည်းပြနေခဲ့လေပြီ။

ဤသည်မှာ ဒြပ်စင်စွမ်းအားပေါင်းစည်းမှုပြုလုပ်ရန်အတွက် ဒြပ်စင်ငါးပါးလုံး ပြီးပြည့်စုံရန်မလိုအပ်ဟု ဆိုလိုခြင်းပေလား။

ဒြပ်စင်စွမ်းအား(၃)မျိုးတည်းဖြင့်ပင် ဒြပ်စင်စွမ်းအားပေါင်းစည်းခြင်းကို ပြုလုပ်နိုင်သည်လား။

ဤအတွေးကို ဆက်လက်ချဲ့ထွင်ကြည့်မည်ဆိုလျှင် ဒြပ်စင်စွမ်းအား(၂)မျိုး သို့မဟုတ် (၂)မျိုးနှင့်အထက်ဆိုလျှင်ရော ပေါင်းစည်းမှုကို ပြုလုပ်နိုင်မည်လား။

ဤအချက်သာ အမှန်ဖြစ်ခဲ့မည်ဆိုလျှင် ဒြပ်စင်စွမ်းအားမျိုးစုံ ကျင့်ကြံထားသူများအတွက် အလွန်တရာ ကျယ်ပြန့်ပြီး အလားအလာကောင်းသော ကျင့်ကြံခြင်းလမ်းစတစ်ခုကို ရှာဖွေနိုင်ပေလိမ့်မည်။

ဒြပ်စင်စွမ်းအား(၂)မျိုး ၊ (၃)မျိုး သို့မဟုတ် (၄)မျိုးကိုသာ ဒြပ်စင်ငါးပါးပေါင်းစည်းသကဲ့သို့ ပေါင်းစည်းနိုင်မည်ဆိုလျှင် ထွက်ပေါ်လာမည့် ဒြပ်စင်စွမ်းအားမှာ ဒြပ်စင်စွမ်းအားတစ်မျိုးတည်းထက် အဆပေါင်းများစွာ သာလွန်ပေမည်။

ဟုတ်ပေ၏။

ချောင်ညီအစ်ကိုများ ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစည်းနိုင်သကဲ့သို့ အခြားကျင့်ကြံသူများသည်လည်း ပြုလုပ်နိုင်မည်ဟု မဆိုလိုပေ။

ချောင်ညီအစ်ကိုများ၏ ထူးခြားသောသွေးမျိုးဆက်ကြောင့် ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစည်းခြင်းကို ဖော်ဆောင်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် ခုန်မင်ကတော့ သစ်သား ၊ မီး ၊ မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ၏ဒြပ်စင်စွမ်းအားများက ချောင်ညီအစ်ကို(၃)ယောက် ကျင့်ကြံထားသည့် ဒြပ်စင်စွမ်းအားများနှင့် တစ်ထပ်တည်းကျနေသည်။

ချောင်ညီအစ်ကိုများ၏ သွေးမျိုးဆက်စွမ်းအားက တစ်စုံတစ်ရာ ထူးခြားမှုရှိသည်ဆိုလျှင် ခုန်မင်၏ ဒြပ်စင်သုံးပါး ဝိညာဉ်ခန္ဓာသည်လည်း ထူးခြားချက် မရှိနိုင်ဘူးလား။

ချောင်ညီအစ်ကိုများ ဒြပ်စင်သုံးပါး ပေါင်းစည်းခြင်းကို ပြုလုပ်နိုင်လျှင် ခုန်မင်ရော အဘယ့်ကြောင့် မပြုလုပ်နိုင်ရပါမည်နည်း။

ထိုခဏတွင် ခုန်မင်၏ခေါင်းထဲ၌ အတွေးပေါင်းများစွာ အရှိန်အဟုန်ဖြင့် လှည့်ပတ်သွားသည်။

ထို့ကြောင့်ပင် လွန်ခါတို့အုပ်စုနှင့် ရေခဲမြူနဂါး၏ အလွန်တရာပြင်းထန်သော တိုက်ပွဲကိုပင် သတိမထားမိသလောက် ဖြစ်သွားရသည်။

ခုန်မင်က သူ၏ မြင့်မားသောဝိညာဉ်စွမ်းအားကိုအသုံးချကာ ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစည်းနိုင်မည့်နည်းလမ်းကို စိတ်ကူးဖြင့် စတင်ပုံဖော်ကြည့်လိုက်၏။

သူသာ ဤအချက်ကို အောင်မြင်စွာလုပ်ဆောင်နိုင်မည်ဆိုပါက သူ၏စွမ်းအားသည်လည်း အဆင့်အတန်းတစ်ခုအထိ သေချာပေါက် မြင့်တက်သွားပေမည်။

ဒြပ်စင်စွမ်းအား(၃)မျိုးပေါင်းစည်းခြင်းက မည်မျှအစွမ်းထက်ကြောင်း ချောင်ညီအစ်ကိုများက သက်သေပြထားပြီ မဟုတ်လား။

ထို့ပြင် ခုန်မင်က ထူးခြားသော သစ်သား ၊ မီး ၊ မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဒြပ်စင်စွမ်းအား(၃)မျိုးကို ပေါင်းစည်းနိုင်မည်ဆိုပါက ထွက်ပေါ်လာမည့်စွမ်းအားမှာလည်း ချောင်ညီအစ်ကိုများထက် လျော့နည်းမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် မီးလျှံဖီးနစ်ငှက်မွှေး၏အစွမ်းကို အသုံးမပြုဘဲ ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်နှင့် အဆင့်အတန်းတူညီသည့် အခွင့်အ‌ရေးကို ရရှိပေမည်။

မီးလျှံဖီးနစ်ငှက်မွှေးကိုသာ ထည့်သွင်းအသုံးပြုလိုက်ပါက ရေခဲမြူနဂါးကဲ့သို့ အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်ကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သည့်ကိစ္စ မဟုတ်တော့ပေ။

ခုန်မင် တိတ်တဆိတ်ပုန်းအောင်းရင်း သူ့ရှေ့မှ သူသေကိုယ်သေတိုက်ပွဲကို အကိုးအကားယူကာ ကျင့်စဉ်အသစ်တစ်ခုတီထွင်ရန် စဉ်းစားနေချိန် လွန်ခါတို့အုပ်စုနှင့် ရေခဲမြူနဂါးကြီး၏တိုက်ပွဲကတော့ ပြင်းထန်လျှက် ရှိသည်။

ချောင်ညီအစ်ကို(၃)ယောက်၏ အရည်အချင်းကိုတွေ့မြင်ပြီးနောက် ဤလူငယ်လေးများကို အထင်သေးမိခဲ့ကြောင်း ရေခဲမြူနဂါး သဘောပေါက်သွားသည်။

ရေခဲမြူနဂါးသာ ဒဏ်ရာရမထားဘူးဆိုလျှင် ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်နှင့် စွမ်းအားချင်းညီမျှသော ချောင်ညီအစ်ကိုတို့၏ စုပေါင်းတိုက်ကွက်ကို အရေးစိုက်မည် မဟုတ်ပေ။

သူ့အနေဖြင့် ဒဏ်ရာများကို အရေးမစိုက်ဘဲ အစွမ်းကုန်တိုက်ခိုက်မည်ဆိုပါက အခြေအနေပိုမိုဆိုးရွားသွားနိုင်သည်။

သို့ပေသိ သူသာ အားလျှော့ပြီးတိုက်ခိုက်နေမည်ဆိုလျှင် ဤလူငယ်များအား ဒဏ်ရာရအောင်သာပြုလုပ်နိုင်ပြီး တစ်ခါတည်းအသေသတ်နိုင်တော့မည် မဟုတ်ပေ။

နောက်တစ်ချက်မှာ အရေးမပါဟုထင်ရသော အုပ်စုတစ်စုကလည်း လျှပ်စီးစွမ်းအားကို စုဆောင်းနေကြသေးသည်။ သူတို့သာ အချိန်ထပ်ရသွားမည်ဆိုလျှင် ရေခဲမြူနဂါးအတွက် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။

ထိုသို့တွေးမိသည်နှင့် ရေခဲမြူနဂါး၏ မွေးရာပါ ကြမ်းတမ်းသောဗီဇက ပေါက်ကွဲထွက်လာသည်။

သူ့အနေဖြင့် အားကုန်သုံးတိုက်ခိုက်မည်ဆိုပါက ဒဏ်ရာများ ပြန်ပွင့်လာနိုင်သည့်အန္တရယ်ရှိသော်ငြားလည်း အတင့်ရဲလွန်းသည့် ဤလူငယ်လေးများကို သင်ခန်းစာပေးချင်စိတ်က ပြင်းထန်နေသည်။

ထို့ကြောင့် ဤ မလောက်လေး မလောက်စား သတ္တဝါလေးများ စိတ်ထင်တိုင်းမလုပ်နိုင်စေရန် တားဆီးမည်ဟု ဆုံးဖြတ်လိုက်၏။

ထိုသို့ဆုံးဖြတ်ချက်ချလိုက်သည်နှင့် ရေခဲမြူနဂါး၏ စွမ်းအားရောင်ဝါက ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုသို့ မြင့်တက်လာသည်။

တစ်ချိန်တည်းမှာပင် ရေကန်အတွင်းရှိရေများမှာလည်း ကြီးမားသောဆွဲငင်အားကြောင့် ကမ်းခြေသို့ အရှိန်အဟုန်ဖြင့်ဝင်ရောက်လာပြီး ရေခဲမြူနဂါးဖန်ဆင်းထားသော ရေစီးကြောင်းထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြသည်။

ပတ်ဝန်းကျင်ရေထုတစ်ခုလုံး ဆူပွက်လှုပ်ရှားလာပြီး မိုးထိအောင်မြင့်မားသည့် ရေလှိုင်းလုံးကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုရေလှိုင်းလုံးကြီးများက ရေခဲမြူနဂါး၏ ရေဒြပ်စင်ထိန်းချုပ်မှုကြောင့် ရေနဂါးကြီးများအသွင်သို့ လျှင်မြန်စွာ ပြောင်းလဲသွားသည်။

ရေခဲမြူနဂါး၏ပတ်ပတ်လည်တွင် အလွန်တရာကြီးမားသော ရေနဂါးကြီး(၉)ကောင် ထွက်ပေါ်လာလေသည်။

အစောပိုင်းက ရေနဂါးကြီးတစ်ကောင်ပင်လျှင် အလွန်တရာစွမ်းအားပြင်းထန်လှသည်ဖြစ်ရာ ရေနဂါး(၉)ကောင် တပြိုင်တည်းဝင်ရောက်လာပါက လွန်ခါတို့အုပ်စုအနေဖြင့် မည်သို့ခုခံနိုင်ပါမည်နည်း။

တိုက်ပွဲက ဤအခြေအနေထိရောက်လာမှတော့ မည်သူမှ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။

လွန်ခါက အော်ဟစ်လိုက်သည်။

“ဒီကောင်ကြီး တိုက်ခိုက်မှာကိုစောင့်နေမယ့်အစား... ငါတို့ဘက်က အရင်ဦးအောင်တိုက်ကြမယ် ၊ နတ်သူငယ်တွေအတွက် အချိန်နည်းနည်းလောက် ဆွဲထားပေးရအောင်”

သူက စကားဆုံးသည်နှင့် စွမ်းအားထုတ်‌ဖော်လိုက်ရာ ကြေးနီရောင်တူကြီးများမှ ပြောင်းလဲဖန်ဆင်းထားသည့် ရွှေရောင်ဘီလူးကြီးနှစ်ကောင်က သူတို့ထမ်းပိုးထားသည့် တောင်ကုန်းငယ်များကို ရှေ့သို့ အရှိန်အဟုန်ဖြင့် ပစ်ပေါက်လိုက်ကြသည်။

လွန်ခါ၏ကြေးနီရောင်တူကြီးများဖြင့် ဖန်ဆင်းထားသော ရွှေရောင်ဘီလူးကြီးများက အရပ်(၁၀)ပေကျော်ခန့်မြင့်မားပြီး သူတို့ပခုံးထက်ထမ်းထားသည့် တောင်ကုန်းငယ်များမှာလည်း အရွယ်အစားသေးငယ်ခြင်း မရှိပေ။

ထိုတောင်ကုန်းများ လေထဲသို့ အရှိန်အဟုန်ဖြင့် ဝဲပျံသွားသည့်မြင်ကွင်းက အတော်လေး အံ့သြစရာကောင်းလှသည်။

ရွှေရောင်ဘီလူးကြီးများက တောင်ကုန်းများကိုပစ်ပေါက်လိုက်သည်နှင့် သူတို့ပုံရိပ်များက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ပစ်ပေါက်လိုက်သော တောင်ကုန်းငယ်များမှာ ကြေးနီရောင်တူကြီးများ၏ ရုပ်ဝတ္ထုအစစ်အမှန် ဖြစ်နေသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် နာ့ယီရှို့ကလည်း အံတင်းတင်းကြိတ်လိုက်ပြီး နှင်းမုန်တိုင်းလက်ကိုင်ပုဝါကို ပစ်လွှတ်လိုက်သည်။ လက်ကိုင်ပုဝါက အပြာရောင်အလင်းတန်းများဖြင့်တောက်ပနေသည့် နှင်းမုန်တိုင်းအဖြစ်ပြောင်းလဲသွားကာ ရေခဲမြူနဂါးဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

ချောင်တတိယသခင်လေးကလည်း သူ၏ အလင်းစီးဆင်းဓားကိုဝှေ့ယမ်းလိုက်ပြီး ရှိသမျှစွမ်းအားကုန်သုံးကာ ရေခဲမြူနဂါးထံသို့ ပစ်ပေါက်လိုက်သည်။

အဓိကတိုက်ခိုက်ရမည့်သူများဖြစ်သော ချောင်ညီအစ်ကိုများကတော့ အမှားအယွင်းမရှိစေရန် သတိကြီးကြီးထားလျှက် ရှိကြသည်။

ချောင်ပေါင်နှင့် ချောင်ပြောင်က သူတို့၏လက်နှစ်ဖက်လုံးကို ချောင်ဟူ၏ကျောပြင်ထက်သို့တင်လိုက်ကြပြီး သူတို့တွင်ရှိသမျှ ဒြပ်စင်စွမ်းအားများအားလုံးကို ချောင်ဟူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်စေလိုက်သည်။

ချက်ချင်းပင် ချောင်ဟူ၏စွမ်းအားရောင်ဝါ ပေါက်ကွဲထွက်သွားပြီး ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်၏ တန်ခိုးစွမ်းအား ထွက်ပေါ်လာသည်။

သူက လက်ဖဝါးနှစ်ဖက်လုံး ရှေ့သို့တွန်းထုတ်လိုက်ရာ ဒြပ်စင်စွမ်းအား(၃)မျိုးပေါင်းစည်းထားသည့် စွမ်းအားတိုင်လုံးကြီး(၂)ခု ရုန်းကြွထွက်ပေါ်လာသည်။

ထိုစွမ်းအားတိုင်လုံးကြီး(၂)ခုက ခရုပတ်ပုံစံ လိမ်ယှက်စီးဆင်းသွားပြီး မိုးနှင့်မြေကိုပင် တုန်လှုပ်စေနိုင်သော အရှိန်အဟုန်ဖြင့် ရေခဲမြူနဂါးထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

စွမ်းအားတိုင်လုံးကြီး(၂)ခု ခရုပတ်ပုံစံ လိမ်ယှက်ပေါင်းစည်းသွားသည့်အခါ အဖျက်စွမ်းအားက နှစ်ဆမက မြင့်တက်ပြင်းထန်လာသည်။

ဤသည်က ချောင်ညီအစ်ကိုများ၏ နောက်ဆုံးဝှက်ဖဲဖြစ်သလို သူတို့ထုတ်ဖော်နိုင်သမျှ အားအကောင်းဆုံးတိုက်ကွက်လည်း ဖြစ်သည်။

လွန်ခါ ၊ နာ့ယီရှို့နှင့် အခြားသူများက အရင်ဦးအောင်တိုက်ခိုက်လာသည်ကို တွေ့မြင်သည့်အခါ ရေခဲမြူနဂါး ဒေါသအထွတ်ထိပ်သို့ ရောက်ရှိသွားသည်။

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ရင်း...

“မင်းတို့လို အဆင့်မရှိတဲ့ ပုရွက်ဆိတ်တွေကများ... ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ ၊ ဒီနေ့တော့ စစ်မှန်တဲ့စွမ်းအားဆိုတာ ဘယ်လိုမျိုးလဲသိရအောင် မင်းတို့ကို ပြပေးရသေးတာပေါ့”

စကားဆုံးသွားသည်နှင့် ရေခဲမြူနဂါးဖန်ဆင်းထားသော ရေနဂါးကိုးကောင်က အစွယ်များကိုထုတ်ဖော်လိုက်ပြီး နာ့ယီရှို့တို့အုပ်စုရှိရာသို့ တပြိုင်တည်း ပြေးဝင်လာကြသည်။

တစ်ချိန်တည်းမှာပင် ရေကန်ထဲမှ ကြီးမားသောရေထုကြီးသည်လည်း ကုန်းပေါ်သို့လျှံတက်လာပြီး ရေခဲမြူနဂါးဖန်ဆင်းထားသ်ည့ ရေစီးကြောင်းနှင့်ပေါင်းစပ်သွားကာ ဝင်ရောက်တိုက်ခိုက်လာသည်။

ရေခဲမြူနဂါး၏ ထိုးစစ်ဆင်မှုက သူတို့အားလုံးကို တစ်ချက်တည်းဖြင့် အမှုန့်ချေပစ်တော့မည့်ပမာပင်။

ထိုအချိန် ချောင်ညီအစ်ကိုများထုတ်လွှတ်လိုက်သည့် ခရုပတ်ပုံစံ စွမ်းအားတိုင်လုံးကြီးက ရေနဂါးကိုးကောင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

စွမ်းအားတိုင်လုံးကြီးက ရေနဂါး(၅)ကောင်ကို ဆက်တိုက်ချိုးဖျက်ပြီးနောက်မှာတော့ တဖြည်းဖြည်း အရှိန်အဟုန်လျော့နည်းသွားပြီး ရှေ့ဆက်တိုးနိုင်ခြင်း မရှိတော့ပေ။

ချိုးဖျက်ခံလိုက်ရသည့် ရေနဂါး(၅)ကောင်သည်လည်း လုံးဝ ပျက်ဆီးသွားခြင်းမျိုးမဟုတ်ဘဲ ရေစီးကြောင်းဆီမှ စွမ်းအားပြန်လည်ရယူကာ သူတို့၏ပျက်ဆီးသွားသည့်ခန္ဓာကိုယ်အား ပြန်လည်ပြုပြင်နေကြသည်။

တစ်ချိန်တည်းမှာပင် စွမ်းအားတိုင်လုံးကြီး ရေခဲမြူနဂါး၏ ခန္ဓာကိုယ်အစစ်ဆီသို့ ရောက်ရှိမသွားစေရန် တားဆီးထားကြလေသည်။

All Chapters