မိစ္ဆာဖြိုခွင်းမိုးကြိုးမြား
Vol. 16 Ch. 176
ချောင်ညီအစ်ကို(၃)ယောက်၏ တိုက်ခိုက်မှုက ရေနဂါး(၅)ကောင်ကို တားဆီးထားနိုင်သည်မှာ အမှန်ပင် အံ့သြဖွယ်ရာ စွမ်းဆောင်မှု ဖြစ်၏။
ရေခဲမြူနဂါးက အဆင့်(၆)မှော်ဝင်သားရဲတန်ခိုးစွမ်းအားများကို အကုန်ထုတ်သုံးနေသည်ဖြစ်ရာ နာ့ယီရှို့နှင့် အခြားသူများ ရင်ဆိုင်နေရသည့်အခြေအနေက ပိုပြီးခက်ခဲလာသည်။
လွန်ခါ၏ ကြေးနီရောင်တူများဖြင့် ဖန်ဆင်းထားသည့် တောင်ကုန်းငယ်နှစ်ခုက ရေနဂါးတစ်ကောင်ဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
သို့သော် ရေလှိုင်းများ ခဏမျှလှုပ်ခတ်သွားပြီးနောက် ရေနဂါးကြီးက တောင်ကုန်းငယ်နှစ်ခုကို သူ့ခန္ဓာကိုယ်ထဲသို့ အလွယ်တကူပင် ဝါးမျိုပစ်လိုက်၏။
ဤသည်က လွန်ခါနှင့် ကြေးနီရောင်တူကြီးများကို ဝိညာဉ်စွမ်းအားချိတ်ဆက်မှု ပြတ်တောက်လုနီးပါးဖြစ်သွားစေသည်။
လွန်ခါမှာ ကြေးနီရောင်တူကြီးများကို ထိန်းချုပ်ပြီး ရေနဂါးခန္ဓာကိုယ်ထဲမှ ပြန်လည်ထုတ်ယူနိုင်ရန် အတော်လေး ရုန်းကန်နေရသည်။
သို့သော် ရေဒြပ်စင်စွမ်းအားက အလွန်ပျော့ပြောင်းပြီး ကြေးနီရောင်တူကြီးများက မာကျောသည်ဖြစ်ရာ ၊ ၎င်းတို့၏စွမ်းအားက ပျော့ပြောင်းမှုကို ကျော်လွှားရန် လုံလောက်ခြင်း မရှိခဲ့ပေ။
ကြေးနီရောင်တူကြီးများမှာ ရေနဂါးခန္ဓာကိုယ်ထဲတွင် ပိတ်မိနေပြီး ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ ဖျတ်ခနဲ တောက်ပနေကာ အပြင်သို့ ရုန်းမထွက်နိုင် ဖြစ်နေရသည်။
ထိုအချိန် နာ့ယီရှို့၏ နှင်းမုန်တိုင်းလက်ကိုင်ပုဝါမှ ထွက်ပေါ်လာသည့် နှင်းမုန်တိုင်းများက ရေနဂါးကြီးထက်သို့ ကျရောက်သွားပြီး ရေခဲလွှာများအဖြစ်ပြောင်းလဲသွားကာ ရေနဂါးကြီးကို အေးခဲပစ်ရန် ကြိုးစားလိုက်သည်။
သို့ပေသိ ရေနဂါးကြီး ခန္ဓာကိုယ် တစ်ချက်ခါယမ်းလိုက်သည်နှင့် ရေခဲများ အစိတ်စိတ်အမွှာမွှာ အက်ကွဲကုန်လေရာ ရေနဂါးကို အေးခဲပစ်ရန်မဆိုထားနှင့် အနည်းငယ်နှေးကွေးအောင်ပြုလုပ်ရန်ပင် မနည်းကြိုးစားလိုက်ရသည်။
လွန်ခါနှင့် နာ့ယီရှို့တို့ ကူရာကယ်ရာမဲ့နေစဉ် ချောင်တတိယသခင်လေး၏ အလင်းစီးဆင်းဓားက ရေနဂါးကြီး၏ခန္ဓာကိုယ်အား ဖောက်ထွင်းဝင်ရောက်သွားသည်။
သို့ရာတွင် ရေနဂါးကြီးအား ပြောပလောက်အောင် မထိခိုက်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ လွန်ခါ ၊ နာ့ယီရှို့နှင့် ချောင်တတိယသခင်လေးတို့၏ စုပေါင်းအားထုတ်မှုကြောင့် ရေနဂါးတစ်ကောင်ကိုတော့ သူတို့ဆီဝင်ရောက်မလာစေရန် ခဏမျှ တားဆီးထားနိုင်ခဲ့သည်။
ရေခဲမြူနဂါး ဖန်ဆင်းထားသည်က စုစုပေါင်း ရေနဂါး(၉)ကောင် ဖြစ်သည်။
ချောင်ညီအစ်ကို(၃)ယောက်က ရေနဂါး(၅)ကောင်ကိုထိန်းထားပြီး နာ့ယီရှို့ ၊ လွန်ခါနှင့် ချောင်တတိယသခင်လေးတို့က တစ်ကောင်ကို ပိတ်ဆို့ထားနိုင်သည့်တိုင် ရေနဂါး(၃)ကောင် ကျန်ရှိနေသေးသည်။
ထိုကျန်ရှိသော နဂါး(၃)ကောင်က တဟုန်ထိုးမြင့်တက်လာသည့် ရေစီးကြောင်းနှင့်အတူ နာ့ယီရှို့တို့အုပ်စုတစ်ခုလုံးအား တိုက်စားဝါးမျိုပစ်တော့မည့်ပမာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
ထိုအချိန် ကြံ့နက်မျိုးနွယ်စုမှ ကျန်ရှိသော နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်(၃)ယောက်က အံတင်းတင်းကြိတ်ပြီး အသက်ကိုပဓာနမထားဘဲ ဝိညာဉ်လက်နက်များကို ကျစ်ကျစ်ပါဆောင်ဆုပ်ကိုင်ကာ ဝင်ရောက်လာသည့် ရေနဂါး(၃)ကောင်ကို မကြောက်မရွံ့ ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအား ဆရာသခင်(၃)ယောက်လုံး ရေနဂါးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
သို့သော် သူတို့က အရှုံးပေးခြင်း မရှိပေ။
ရေနဂါးများ၏ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသည့်တိုင် ရှိသမျှဒြပ်စင်စွမ်းအားများကို စွမ်းအင်ဗဟိုချက်တွင်စုစည်းလိုက်ပြီး စွမ်းအားများ ဖောက်ခွဲထုတ်ပစ်လိုက်ကြသည်။
သူတို့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ခြင်းမှ ထွက်ပေါ်လာမည့်အဖျက်စွမ်းအားက ရေနဂါး(၃)ကောင်ကို အမှုန့်ချေပစ်ရန်အထိ လုံလောက်ပေသည်။
အဘယ်ကြောင့်ဆိုသော် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် အသေခံပြီး စွမ်းအားဖောက်ခွဲ တိုက်ခိုက်မည်ဆိုလျှင် ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် ခံနိုင်ရည်ရှိမည် မဟုတ်လေရာ ရေဖြင့်ဖန်ဆင်းထားသော ရေနဂါးများကတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သူ၏ညီအစ်ကို(၃)ယောက် အသက်စွန့်ရတော့မည့်အခြေအနေကို တွေ့မြင်သည်နှင့် လွန်ခါ၏မျက်ဝန်းမျးက ဒေါသကြောင့် နီမြန်းတောက်လောင်လာသည်။
သူက ဒေါတကြီး ကျုံးဝါးလိုက်ရင်း ပါးစပ်ထဲမှ သွေးအနှစ်သာရ သုံးလုပ်ကို ထွေးထုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ရေနဂါးခန္ဓာကိုယ်ထဲတွင်ပိတ်မိနေသည့် တောင်ကုန်းငယ်နှစ်ခုမှ စူးရှသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး ရေနဂါး၏ခန္ဓာကိုယ်ကို အားဖြင့်ထိုးဖောက်ကာ လေထဲသို့ပျံတက်သွားသည်။
ထို့နောက် တောင်ကုန်းငယ်နှစ်ခုမှ အဝါရောင်အလင်းတန်းများ ဖြာထွက်လာပြီး သူတို့၏မူလပုံစံဖြစ်သော ကြေးနီရောင်တူကြီးများအဖြစ် ပြန်လည်ပြောင်းလဲသွားကာ ၎င်းတို့ကိုပိတ်လှောင်ထားသည့် ရေနဂါးဦးခေါင်းအား အားကုန်လွှဲ ရိုက်ခွဲချလိုက်သည်။
လွန်ခါက အမှန်ပင် အသက်နှင့်ရင်းပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
သူ၏ သွေးအနှစ်သာရများကိုစတေးပြီး ကြေးနီရောင်တူကြီးများ၏ အစစ်အမှန်စွမ်းအားကို အတင်းအကျပ် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ သွေးအနှစ်သာရ သုံးလုပ်ထွေးထုတ်လိုက်သဖြင့် လွန်ခါအနေဖြင့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန် အနည်းဆုံး (၁)နှစ်ခန့် အပြင်းအထန် ပြန်လည်ကျင့်ကြံရမည်ဖြစ်သလို နောင်တစ်ချိန် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက်ပါ ထိခိုက်သွားနိုင်သည်။
သို့သော် ဤသို့ ကြီးမားသောပေးဆပ်မှုနှင့်အတူ လွန်ခါ၏လက်ထဲမှ အဆင့်မြင့် ဝိညာဉ်လက်နက်တစ်စုံဖြစ်သော ‘မြေခွင်းတူကြီးများ’ ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။
ရေခဲမြူနဂါးဖန်ဆင်းထားသည့် ရေနဂါးက အစစ်အမှန်မဟုတ်သော်လည်း ထိုတူကြီးများဖြင့် ရိုက်နှက်ခံလိုက်ရသည်နှင့် နဂါးဦးခေါင်း အစိတ်စိတ်အမွှာမွှာအက်ကွဲသွားပြီး ရေမှုံရေမွှားများအဖြစ်လွင့်စင်သွားသည်။
နာ့ယီရှို့က ထိုအခွင့်အရေးကိုအရယူပြီး နှင်းမုန်တိုင်းလက်ကိုင်ပုဝါ၏စွမ်းအားကိုထုတ်ဖော်ကာ ရေနဂါး၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရေခဲတုံးများဖြစ်သွားအောင် အေးခဲပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချောင်တတိယသခင်လေးက သူ၏ဓားကိုဝှေ့ယမ်းလိုက်ပြီး အေးခဲနေသည့်ရေခဲတုံးများကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် ခုတ်ပိုင်းပစ်လိုက်၏။
ထိုသို့ဖြင့် လွန်ခါတို့(၃)ယောက်၏ သက်စွန့်စံဖျားအားထုတ်မှုကြောင့် ရေနဂါးတစ်ကောင် လုံးဝ ပျက်ဆီးသွားလေသည်။
သို့သော် လွန်ခါအနေဖြင့် သူ၏ ညီအစ်ကို(၃)ယောက်ကိုတော့ ကယ်တင်နိုင်ခြင်း မရှိတော့ပေ။
“ဝုန်း... ဝုန်း... ဝုန်း...”
နားစည်ကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး(၃)ခုက တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။
ကြံ့နက်မျိုးနွယ်စုဝင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၃)ယောက်က သူတို့၏စွမ်းအင်ဗဟိုချက်မှ ဒြပ်စင်စွမ်းအားများကို အားကုန်သုံးဖောက်ခွဲပစ်ပြီး ကျန်ရှိသည့် ရေနဂါး(၃)ကောင်ကို လုံးဝ အမှုန့်ချေပစ်လိုက်လေသည်။
ထို့ပြင် ကျင့်ကြံသူ(၃)ယောက်၏ အသေခံဖောက်ခွဲမှု အရှိန်အဟုန်ကြောင့် ဖြစ်ပေါ်လာသည့်ရိုက်ခတ်မှုက ရေခဲမြူနဂါး၏ ခန္ဓာကိုယ်အစစ်ကိုပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေခဲ့သည်။
ကြံ့နက်မျိုးနွယ်စုဆိုသည်က တိုက်ခိုက်ရန်အတွက်မွေးဖွားလာသည့် တောရိုင်းမျိုးနွယ်စုတစ်ခု ဖြစ်သည်။
ဤနှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၃)ယောက်က သူတို့မျိုးနွယ်စု၏ ကြောက်မက်ဖွယ်ရာဂုဏ်သတင်း အလကားမဟုတ်ကြောင်းကို အသက်နှင့်ရင်းပြီး သက်သေပြသွားခြင်းပင်။
မည်မျှစွမ်းအားကြီးသည့် ရန်သူမျိုးနှင့်ရင်ဆိုင်ရပေစေ သူတို့က ဘယ်သောအခါမှနောက်မဆုတ်သည့် စစ်သည်တော်၏ဂုဏ်သိက္ခာကို အသက်နှင့်လဲလှယ်သွားကြခြင်းပင် ဖြစ်၏။
ပုရွက်ဆိတ်များကဲ့သို့ အားနည်းသည်ဟု ယူဆထားသည့်လူသားများက ဤမျှပြင်းထန်သည့်တိုက်ခိုက်မှုမျိုး ထုတ်ဖော်လာလိမ့်မည်ဟု ရေခဲမြူနဂါး အိပ်မက်ပင်မက်မထားခဲ့ပေ။
သူ ရှိသမျှအားကုန်သုံးဖန်ဆင်းထားသည့် ရေနဂါး(၉)ကောင်က ဤလူသားများကို လွှမ်းမိုးချေဖျက်ပစ်နိုင်မည်ဟု မူလက ရေခဲမြူနဂါး ယူဆထားခဲ့သည်။
ယခုတော့ ရေနဂါး(၅)ကောင်က ချောင်ညီအစ်ကို(၃)ယောက်၏ စွမ်းအားတိုင်လုံးကြီးဖြင့် အကျပ်ရိုက်နေဆဲဖြစ်ပြီး ကျန်သည့်(၄)ကောင်ကတော့ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များ၏လက်ချက်ဖြင့် ပျက်ဆီးသွားခဲ့ပေပြီ။
ပိုဆိုးသည်မှာ သူကိုယ်တိုင်ပင် နောက်သို့ အနည်းငယ်ဆုတ်ခွာသွားခဲ့ရခြင်း ဖြစ်၏။
အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်အနေဖြင့် ဘာမဟုတ်သည့်လူသားများအောက်တွင် မည်သို့ သိက္ခာကျခံနိုင်ပါမည်နည်း။
ရေခဲမြူနဂါး၏စိတ်ထဲ ဒေါသများဟုန်းဟုန်းထလာပြီး သူ၏ဒဏ်ရာများကိုပင် အရေးမစိုက်တော့ဘဲ သွေးအနှစ်သာရတစ်လုပ်ကို ထွေးထုတ်ကာ သူ့ခြေဖဝါးအောက်မှ ရေစီးကြောင်းထဲသို့ ထည့်သွင်းရောနှောလိုက်သည်။
သွေးအနှစ်သာရ စီးဝင်သွားသည်နှင့် ရေစီးကြောင်းက ဆူနာမီလှိုင်းလုံးတစ်ခုပမာ ကြောက်မက်ဖွယ်ရာ ထကြွသောင်းကျန်းလာပြီး မိုးမြေတစ်ခွင် နဂါးဟိန်းသံသဲ့သဲ့ပင် ထွက်ပေါ်လာသလို ထင်မှတ်ရသည်။
ထို့နောက်မှာတော့ ရေခဲမြူနဂါး၏ ခြေထောက်အောက်မှ ရေစီးကြောင်းက အသက်ဝင်လာပြီး ပေ(၃၀၀)ကျော် ရှည်လျားသည့် ဧရာမ ရေနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
စောစောက ဖန်ဆင်းခဲ့သည့် ရေနဂါး(၉)ကောင်က ဤ ဧရာမ ရေနဂါးကြီးနှင့်ယှဉ်လျှင် ကလေးစကားစရာအဆင့်သာ ရှိပေသည်။
ရေခဲမြူနဂါးက သွေးအနှစ်သာရကိုအန်ထုတ်ပြီး ရေကန်တစ်ခုလုံးမှရေများကို စုစည်းကာ ဧရာမနဂါးကြီးတစ်ကောင် ဖန်ဆင်းခဲ့သည်။
သူက ဒဏ်ရာများကို ထိခိုက်ခံပြီး သွေးအနှစ်သာရ အန်ထုတ်ခဲ့သည်ဖြစ်ရာ ၊ သူ၏ပေးဆပ်မှုက လွန်ခါထက်တောင် ပိုမိုကြီးမားပေသည်။
အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်ကို ဤသို့သောအခြေအနေထိ တွန်းပို့နိုင်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် လွန်ခါတို့အုပ်စု အဆုံးသတ်တိုက်ပွဲတွင် ရှုံးနိမ့်သွားသည့်တိုင် စစ်မှန်သည့်စစ်သည်တော်များအဖြစ် ဂုဏ်သိက္ခာရှိရှိ တိုက်ပွဲဝင်ခဲ့ကြောင်း မှတ်ယူရပေမည်။
ပေ(၃၀၀)ကျော်မြင့်မားသည့် ဧရာမ ရေနဂါးကြီးနှင့် ယှဉ်လိုက်လျှင် နာ့ယီရှို့တို့အုပ်စုမှာ ပုရွက်ဆိတ်လေးများပမာ အလွန်ပင် သေးငယ်သွားကြသည်။
နဂါးကြီးအမြီးတစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့အားလုံး လွင့်ထွက်သွားရန် လုံလောက်သည်။
ချောင်ညီအစ်ကို(၃)ယောက်ပေါင်းလိုက်ပါက "ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်" နှင့် ညီမျှသည်ဆိုသော်လည်း အရွယ်အစားကွာဟချက်က အလွန်ကြီးမားနေသည်ဖြစ်ရာ သူတို့၏တိုက်ခိုက်မှုများသည်လည်း အရာမထင်ဖြစ်သွားရသည်။
အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်၏ အမှန်တကယ် ကြောက်စရာကောင်းသည့်မြင်ကွင်းကို ယခုမှ အထင်းသား တွေ့မြင်ကြရခြင်း ဖြစ်၏။
သို့ဆိုလျှင် လွန်ခါတို့အုပ်စုအတွက် တကယ်ပဲ မျှော်လင့်ချက် မရှိတော့ပြီလား။
အခြေအနေက အဆုံးစွန်အထိတော့ ဆိုးရွားသွားခြင်း မရှိသေးပေ။
နာ့ယီရှို့တို့အုပ်စု အသက်နှင့်ရင်းပြီး ကာကွယ်ပေးသည့်အတွက် အဲလစ်တို့နတ်သူငယ်အုပ်စုက မန္တန်စွမ်းအားကို အနှောက်အယှက်မရှိ စုစည်းနိုင်ကြခြင်း ဖြစ်သည်။
ယခု သူတို့စုစည်းနေသည့် မန္တန်စွမ်းအားက ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေပေပြီ။
အဲလစ်ကိုင်ထားသည့် မြစိမ်းရောင်ကျောက်စိမ်းလေးထက်မှ မြားရှည်ထက်တွင် မရေမတွက်နိုင်သည့် လျှပ်စီးအလင်းတန်းများ စုဝေးရစ်ပတ်နေကြလေရာ မြား၏ပုံသဏ္ဌန်ကိုပင် တွေ့မြင်ရခြင်းမရှိတော့ဘဲ သန့်စင်သည့် လျှပ်စီးကြောင်းတစ်ခုကိုသာ တွေ့မြင်ရတော့သည်။
အဲလစ်နှင့် နတ်သူငယ်များ၏ မန္တန်ရွတ်ဆိုသံကလည်း ပိုမိုမြန်ဆန်လာပြီး ရုတ်တရက်ပင် အဲလစ်ကိုဝန်းရံထားသည့် နတ်သူငယ်(၄)ယောက် သွေးတစ်ပွက်ဆီ အန်ထုတ်လိုက်ကြသည်။
ထို့နောက် သူတို့၏ မန္တန်ရွတ်ဆိုသံများ ရပ်တန့်သွားပြီး ခန္ဓာကိုယ်ထဲမှ အသက်သွေးများအားလုံး အကုန်အစင် စုပ်ယူခံလိုက်ရသူများပမာ ခြောက်ကပ်နွမ်းလျစွာဖြင့် မြေပြင်ထက်သို့ လဲကျသွားကြတော့သည်။
ထိုစဉ်မှာပင် အဲလစ်၏ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ဝဲဂယက်စီးကြောင်းတစ်ခုဖြစ်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်အား ဝေဟင်ထက်ဆီသို့ ပင့်တင်ပေးလိုက်သည်။
ကောင်းကင်ထက်တွင် ပျံသန်းနိုင်သည့်တန်ခိုးစွမ်းအားကို "ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်" ကျွမ်းကျင်သူများသာလျှင် ပိုင်ဆိုင်ကြသည်။
ယခု အဲလစ် လေထဲတွင်ပျံသန်းနေခြင်းက စစ်မှန်သည့် ပျံသန်းခြင်းမျိုးမဟုတ်သော်လည်း နတ်သူငယ်များ၏ မှော်ပညာစွမ်းအား မည်မျှအံ့သြဖွယ်ကောင်းသည်ကို အထင်အရှား ပြသလိုက်ခြင်း ဖြစ်သည်။
လေဝဲဂယက်မှထွက်ပေါ်လာသော လေပြင်းများကြောင့် အဲလစ်၏ အစိမ်းနုရောင်ဆံနွယ်များက လွင့်ပျံလျှက်ရှိသည်။
သူမလက်ထဲတွင်ကိုင်ထားသည့် ကျောက်စိမ်းလေးထက်မှ “လျှပ်စီးမြားတံ” ကတော့ ရေခဲမြူနဂါးကြီးအား အသေအချာ ပစ်မှတ်ထားချိန်ရွယ်ထားသည်။
အဲလစ်၏နှုတ်ဖျားဆီမှ တည်ကြည်လေးနက်သည့် မန္တန်ရွတ်ဆိုသံ ထွက်ပေါ်လာသည်။
“မိုးနဲ့မြေကြားမှာရှိတဲ့ မိုးကြိုးနဲ့လျှပ်စီး ဝိညာဉ်အပေါင်းတို့... ငါ့အမိန့်ကို နာခံပါ ၊ မိစ္ဆာဖြိုခွင်းမိုးကြိုးမြား...”
“မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ဟု ရွတ်ဆိုပြီးသည်နှင့် သူမ လေးညို့မှ မြားတံကိုပစ်လွှတ်လိုက်သည်။
“ဝှစ်...”
လျှပ်စီးမြားတံက ကျယ်လောင်သည့်အသံနှင့်အတူ လေထုကိုဖြိုခွင်းပြီး အရှေ့ဆီသို့ ဝင်ရောက်သွားသည်။
နတ်သူငယ်များ၏ လေးအတတ်က ထျန်းယွမ်ကုန်းမြေတစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။
နတ်သူငယ်မျိုးနွယ်၏ တော်ဝင်ပါရမီရှင်(၅)ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်သော အဲလစ်၏ လေးအတတ်က ပြောစရာမရှိအောင် ပြီးပြည့်စုံလွန်းသည်။
သူမ၏မြားချက်က လမ်းကြောင်းအနည်းငယ်ပင် လွဲချော်တိမ်းစောင်းခြင်းမရှိဘဲ ရေခဲမြူနဂါး၏ အစစ်အမှန်ခန္ဓာကိုယ်ရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားလေသည်။
“လျှပ်စီးမြား” လေထုကို ထိုးခွင်းသွားချိန် ပြင်းထန်လှသော လျှပ်စီးစွမ်းအားကြောင့် လမ်းကြောင်းတစ်လျှောက် မီးပွားများပင် တောက်လောင်ကျန်ရစ်ခဲ့သည်။
အဆက်မပြတ်ထွက်ပေါ်နေသည့် မိုးခြိမ်းသံများက ပေါက်ကွဲသံများပမာဖြစ်ပြီး လျှပ်စီးမြားတံ ဖြတ်သန်းသွားရာ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းအမာရွတ်ကြီးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
“လျှပ်စီးမြား” က အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှပေ၏။
ထိုမြားချက်က အလွန်တရာအန္တရယ်များကြောင်း ရေခဲမြူနဂါး၏ ပင်ကိုယ်သိစိတ်က သတိပေးနေလေသည်။ သို့သော် ထိုမြားတံဆီမှ မည်သည့် ဒြပ်စင်စွမ်းအားလှုပ်ခတ်မှုကိုမှ သူ အာရုံခံမိခြင်း မရှိပေ။
မြားတံတွင် ကပ်ငြိနေသည့်စွမ်းအားက အလွန်ထူးဆန်းပြီး အံ့သြစရာကောင်းသည်ကိုတော့ ရေခဲမြူနဂါး သဘောပေါက်လိုက်သည်။
ထို ထူးဆန်းသောစွမ်းအားက သူ့ကို အမှန်တကယ်ပင် ဒုက္ခပေးနိုင်မည်လား။
အဆင့်(၆) မှော်ဝင်သားရဲဖြစ်သော ရေခဲမြူနဂါးအနေဖြင့် ယခုအချိန်တွင် နောက်ဆုတ်သွားရန် အစီအစဉ်မရှိပေ။
ရေကန်ထဲမှ ရေများအားလုံးကိုအသုံးပြုကာ သူဖန်ဆင်းထားသည့် ဧရာမ ရေနဂါးကြီး ရုတ်တရက်ဆိုသလို ဦးခေါင်းကိုမော့လိုက်ပြီး ပါးစပ်ကြီးကိုဖွင့်ဟကာ “လျှပ်စီးမြား” ကို တစ်ချက်တည်းဖြင့် မျိုချပစ်လိုက်လေသည်။