အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အခန်း ၄၃၀ : ငါပဲ ဦးဆောင်လိုက်မယ်
ယဲ့ချန်းက ထိုအုပ်စုကို ဦးဆောင်ကာ ကုန်းပတ်ကို ဖြတ်ကျော်ပြီး ယာဉ်မောင်းခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
မိုက်ခ်က မိတ်ဆက်ပေးလိုက်သည်။
"ဒီတိုင်ရန်နိုဆောရပ်စ်ရုပ်တုကို အားလုံး မြင်ကြလား။ အဲဒါကို တကယ့်တိုင်ရန်နိုဆောရက်စ်ရုပ်ကြွင်းတွေနဲ့ ပြုလုပ်ထားတာပါ။ ဒီခန်းမကြီးကိုတော့ ဥက္ကာခဲတွေနဲ့ တည်ဆောက်ထားပါတယ်"
ကပ္ပတိန်မိုက်ခ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်း တုန်လှုပ်သွားကြသည်။
ဤသင်္ဘော၏ အပြင်ဘက်ကိုယ်ထည်ကို ပလက်တီနမ်ဖြင့် ပြုလုပ်ထားသောကြောင့် "ရွှေသင်္ဘော"ဟုလည်း ခေါ်ကြသည်။
ဤသည်မှာ အလွန်ခမ်းနားလွန်းလှသည်။
ထိုနေရာရှိ လူတိုင်းက ခမ်းနားထည်ဝါလှသော ဤရွက်လှေကြီးကြောင့် အံ့အားသင့်ကုန်ကြသည်။
လောကကြီးအကြောင်း ကောင်းကောင်းသိပြီးသားဖြစ်သော သူဌေးသားဝမ်ခုန်းခုန်းပင် ဤရွက်လှေ၏ ခမ်းနားမှုကြောင့် တအံ့တသြရေရွတ်မိသည်။
အခြားမိန်းကလေးများမှာမူ ယဲ့ချန်း၏ဆွဲဆောင်မှုအောက်တွင် လုံးဝကျရှုံးသွားကြလေပြီ။
ရုပ်လည်းချောသလို အဆမတန်လည်း ချမ်းသာပြန်လေရာ ဤလူမှာ "နိုင်ငံတော်အဆင့် ခင်ပွန်းလောင်း"ပင် မဟုတ်လော။
အားလုံးအတွက် တစ်ခုတည်းသော နောင်တမှာမူ ယဲ့ချန်းတွင် ရည်းစားရှိနေခြင်းပင်။ ထို့ပြင် သူက စုဝမ်ယိ၏လက်ကို အမြဲတွဲထားသည်။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ပုံရသည်။
ဒါပေမဲ့ ဘာဖြစ်လဲ... ရည်းစားမဖြစ်ရရင်တောင် အငယ်အနှောင်းပဲဖြစ်ဖြစ်လုပ်ရရင် ကျေနပ်ပါပြီ....
ထိုအချိန်တွင် အခန်းထဲရှိ မိန်းကလေးတော်တော်များများမှာ ယဲ့ချန်း၏အငယ်အနှောင်းအဖြစ်နေရန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်ကြသည်။
သူဌေးသားများလည်း ဤမြင်ကွင်းကို သည်အတိုင်းကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ကြပေ။
ယဲ့ချန်း၏ရွက်လှေမှာ အလွန်ခမ်းနားလွန်းလှသည်။ ဤနေရာရှိ လူအများစုမှာ သန်းသုံးဆယ်လေးဆယ်တန် ရွက်လှေများကို ပိုင်ဆိုင်ထားကြသော်လည်း ယဲ့ချန်း၏ရွက်လှေကိုတော့ မယှဉ်နိုင်တော့ပေ။
မိုက်ခ်က သူတို့အားလုံးကို ရွက်လှေအနှံ့ လိုက်လံပြသပေးချေသည်။
ရွက်လှေ၏ဒုတိယထပ်တွင် ရုပ်ရှင်ရုံတစ်ခုရှိပြီး အဆင့်မြင့်ဇိမ်ခံရုပ်ရှင်ရုံများထက် မနိမ့်ကျသော ပိတ်ကားကြီးများ တပ်ဆင်ထားသည်။
တတိယထပ်မှာမူ ဘားတစ်ခုဖြစ်ပြီး ကောင်တာတွင် အကောင်းစား အရက်မျိုးစုံဖြင့် ပြည့်နှက်နေသည်။
စတုတ္ထထပ်တွင် ရေကူးကန်နှင့် အနှိပ်ခန်းများ ပါရှိသည်။
ပဉ္စမထပ်မှာ ရုံးခန်းနေရာဖြစ်ပြီး အလုပ်လုပ်ရန်နေရာ၊ အစည်းအဝေးခန်းနှင့် စာကြည့်ခန်းတို့ဖြင့် ဖွဲ့စည်းထားသည်။
...
မိုက်ခ်၏ မိတ်ဆက်စကားများကို နားထောင်ရင်း လူတိုင်း ဆွံ့အသွားကြသည်။
ဤသည်မှာ ရွက်လှေတစ်စင်းသာ မဟုတ်တော့ဘဲ ပင်လယ်ပေါ်မှာမျောနေသည့် ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခုနှယ်ပင်။
ဆဋ္ဌမထပ်မှာမူ လဟာပြင်ကြီးဖြစ်ပြီး အဆုံးအစမရှိသော သမုဒ္ဒရာကြီးကို လှမ်းမြင်နေရသည်။
ပင်လယ်လေပြည်က ထူးထူးခြားခြား သက်သောင့်သက်သာဖြစ်သော ခံစားချက်ကို ပေးစွမ်းလေသည်။
ဝမ်ခုန်းခုန်းခမျာ ယဲ့ချန်း၏ရွက်လှေကို မြင်ပြီးနောက် သန်းနှစ်ရာအကုန်အကျခံ၍ ဝယ်ထားပြီး အမြဲဂုဏ်ယူနေခဲ့ရသည့် သူ့ရွက်လှေမှာ အမှိုက်တစ်ခုသာသာ ဖြစ်နေမှန်း သိလိုက်ရသည်။
မိုက်ခ်က ပြောလိုက်၏။
"မစ္စတာယဲ့... ခရီးစလိုက်ကြမလား"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။
"အားလုံးကိုခေါ်ပြီး ပင်လယ်ထဲ တစ်ပတ်မောင်းလိုက်ရအောင်"
ရွက်လှေကား စတင်ထွက်ခွာလာလေသည်။ သင်္ဘောပေါ်ရှိ လူအားလုံးလည်း ပျော်ရွှင်စရာကောင်းသော ပါတီကို ဆင်နွှဲကြသည်။
အားလုံး အံ့သြသွားရသည်မှာ ဤနေရာရှိ အစားအစာများကို ကြယ်သုံးပွင့်အဆင့် မီချယ်လင်းစားဖိုမှူးများက ကိုယ်တိုင်ပြင်ဆင်ပေးထားခြင်းပင်။
ရွက်လှေပေါ်တွင် တစ်နေကုန်ပျော်ပါးရင်း စုဝမ်ယိမှာ အလွန်ပျော်ရွှင်နေချေသည်။
ညနေစောင်းမှသာ သူတို့ ပြန်လာခဲ့ကြသည်။
ယဲ့ချန်းက စုဝမ်ယိကို အိမ်လိုက်ပို့ပေးခဲ့သည်။
"ယဲ့ချန်း... ကျေးဇူးတင်ပါတယ်။ ဒီနေ့ အရမ်းပျော်ဖို့ကောင်းတယ်"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"မင်း ပင်လယ်ဘက်ကို ထွက်ချင်တဲ့အချိန်တိုင်း ပြောသာပြော။ ကိုယ်လိုက်ပို့ပေးမယ်"
"အင်း..."
စုဝမ်ယိလည်း ခေါင်းညိတ်ပြလိုက်သည်။
ကားပေါ်က ဆင်းဆင်းချင်းမှာပင် စုဝမ်ယိက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စတုတ္ထမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်ပါပြီ။ ဆုလာဘ် - ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်ရေးဆေးရည်]
စနစ်၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် ဆေးပုလင်းတစ်လုံးကို တွေ့လိုက်ရသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်ရေးဆေးရည် - သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အမြင့်ဆုံးအလားအလာအထိ မြှင့်တင်ပေးနိုင်သည်။
ဒါက ပစ္စည်းကောင်းပဲ....
ယခုအချိန်တွင် ယဲ့ချန်းက ရန်ပွဲများကို မကြောက်သော်လည်း သူ့အရှိန်အဝါ ကြီးထွားလာသည်နှင့်အမျှ နောင်တွင် ပိုမိုခက်ခဲသော ရင်ဆိုင်မှုများ ရှိလာမည်ဖြစ်၏။
ထို့ကြောင့် ဤဆေးရည်က ယဲ့ချန်းအတွက် ပိုမိုကောင်းမွန်သော နည်းလမ်းများကို ပေးစွမ်းနိုင်သည်။
ယဲ့ချန်းလည်း ထိုဆေးရည်ကို သောက်လိုက်လေရာ ပါးစပ်ထဲတွင် အေးမြသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
သောက်ပြီးနောက် နွေးထွေးသောစီးကြောင်းတစ်ခုက ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသလို ခံစားလိုက်ရသည်။
ထို့နောက် ယဲ့ချန်းလည်း သူ့ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများ ထွက်လာသည်ကို ကြားလိုက်ရ၏။
သူ့ကြွက်သားများ သိသိသာသာ ဖွံ့ဖြိုးလာသလိုလည်း ခံစားရသည်။
ဤခံစားချက်မှာ မကြုံဖူးစဖူးနေလို့ကောင်းလှသည်။
ဤဆေးရည်နှင့် သူ့ကိုယ်ခံပညာစွမ်းရည်တို့သာ ပေါင်းစပ်လိုက်လျှင် သာမန်လူများ သူ့ကို လုံးဝအန္တရာယ်ပြုနိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် ယဲ့ချန်း သတင်းဆောင်းပါးတစ်ပုဒ်ကို တွေ့လိုက်သည်။
ဆရာမတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုလုပ်၍ သီချင်းဆိုနေပြီး "မျှော်လင့်ချက်မူလတန်းကျောင်း"အတွက် အလှူငွေရှာနေလေသည်။
ယဲ့ချန်း ခေတ္တရပ်တန့်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်သူ မိန်းကလေးအမြောက်အမြားကို သူ တွေ့ဖူးသည်။
သူတို့၏ရည်မှန်းချက်မှာ တိုက်ရိုက်ထုတ်လွှင့်နေစဉ် သူဌေးများနှင့် ဆုံတွေ့ပြီး လက်ဆောင်များ ရရှိရန်သာ။
သို့သော် ဤထုတ်လွှင့်သူမှာမူ မူလတန်းကျောင်းသားများအတွက် လုပ်ဆောင်နေခြင်းပင်။
ယဲ့ချန်း စိတ်ဝင်စားသွားသည်။
ဤကဲ့သို့ ကောင်းမွန်လှသော စိတ်ဓာတ်မျိုးကို ဖြန့်ဝေပေးသည့် ထုတ်လွှင့်သူမျိုးမှာ အလွန်ရှားပါးလှသည်။
ထိုထုတ်လွှင့်သူမှာ သို့ယွီကွန်ရက်ပေါ်တွင် ထုတ်လွှင့်နေခြင်းဖြစ်၏။
ယဲ့ချန်းလည်း သူ(မ)၏အကောင့်ကို ရှာဖွေလိုက်လေရာ နာမည်မှာ စုရှောင်နွမ်ဟု သိလိုက်ရသည်။
အကောင့်ထဲသို့ ဝင်ကြည့်လိုက်သောအခါ သူ(မ)ထံတွင် ပရိသတ်တစ်ရာခန့်သာရှိကြောင်း တွေ့ရသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်လိုက်သောအခါ စုရှောင်နွမ်မှာ သီချင်းဆိုနေပေသည်။
ထူးခြားသည်မှာ သူ(မ)က သီချင်းကို နားဝင်ချိုအောင် ဆိုနိုင်ခြင်းပင်။
သူ(မ)၏အသံက ချိုသာပြီး သီချင်းဆိုဟန်ကလည်း ထူးခြားကောင်းမွန်လှသည်။
သို့သော် ထုတ်လွှင့်ခန်းထဲတွင် အလကားကြည့်သူများသာ များပြားနေပြီး အလှူငွေပေးသူမှာ အလွန်နည်းပါးလှသည်။
ယဲ့ချန်းမှာ "တက္ကစီဒရိုင်ဘာအစ်ကိုကြီး"ဟူသော အကောင့်ဖြင့် ဝင်လိုက်သည်။
သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထုတ်လွှင့်ခန်းတစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။
"ဝိုး... ဒဏ္ဍာရီလာတက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ငါမြင်လိုက်ရတယ်ထင်တယ်"
"မိုက်လိုက်တာ... တက္ကစီဒရိုင်ဘာအစ်ကိုကြီး တကယ်ရောက်လာတာပဲ"
ယဲ့ချန်းကမူ ထုတ်လွှင့်ခန်းထဲသို့ဝင်ပြီး ချက်ချင်းဆိုသလို စူပါဒုံးပျံအစင်းနှစ်ဆယ်ကို ပစ်လွှတ်လိုက်သည်။
ထို့ပြင် ဟက်ကာဆော့ဖ်ဝဲလ်ကို အသုံးပြု၍ စုရှောင်နွမ်၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သေးသည်။
သူ(မ)က ပရဟိတအလှူအတွက် တိုက်ရိုက်ထုတ်လွှင့်နေခြင်းဆိုသည်မှာ အမှန်ပင်။
စုရှောင်နွမ်က စိတ်ရင်းအမှန်ဖြင့် ပရဟိတအတွက် လုပ်ဆောင်နေခြင်းပင်။
အမှန်စင်စစ်တွင် စုရှောင်နွမ်ကိုယ်တိုင်လည်း သူဌေးသမီးတစ်ယောက်ဖြစ်ပြီး သူ(မ)၏ မိသားစုမှာ အလွန်ချမ်းသာကြွယ်ဝသည်။
သူ(မ)က ကျိုတိုမြို့၏ အထက်တန်းလွှာအသိုင်းအဝိုင်းတွင် နတ်ဘုရားမအဆင့်မျိုး ရှိ၏။
သို့သော် မနှစ်တုန်းက သူ(မ) လူမြင်ကွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားပြီး တောင်ပေါ်ဒေသများတွင် စာသွားသင်ပေးနေခဲ့သည်။
ယခုမူ သူ(မ)သည် တောင်ပေါ်ရှိ ကလေးများ၏ကျောင်းအတွက် အလှူငွေရရှိရန် နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်နေသည်။
ယဲ့ချန်းက သူ(မ)၏ဝေးပေါ်အကောင့်ကို ကြည့်ရင်း ထိုကလေးများ၏ဘဝမှာ မည်မျှခက်ခဲကြမ်းတမ်းကြောင်း နားလည်သွားသည်။
သူတို့တွင် သင်ခန်းစာများအတွက် ဖတ်စာအုပ်ပင် မရှိကြပေ။ ကလေးအများစုမှာ ကျောင်းကိုရောက်ရန် မနက်လေးနာရီကတည်းက အိမ်ကထွက်ပြီး ရေစီးသန်သော မြစ်များကို ဖြတ်ကျော်လာကြရသည်။
ယဲ့ချန်းလည်း ထိုအဖြစ်ကြောင့် စိတ်မကောင်းဖြစ်သွားသည်။
ထို့ကြောင့် စူပါဒုံးပျံအစင်းနှစ်ဆယ်ကို ပစ်လွှတ်လိုက်ခြင်းပင်။
စုရှောင်နွမ်တစ်ယောက် သီချင်းဆိုနေခိုက် တစ်စုံတစ်ယောက်က စူပါဒုံးပျံအစင်းနှစ်ဆယ် ပစ်လွှတ်လိုက်သည်ကို မြင်သောအခါ အံ့သြမှင်တက်သွားသည်။
သူ(မ)သည် ထုတ်လွှင့်မှုလုပ်နေစဉ်အတွင်း လက်ဆောင်အနည်းငယ်သာ ရလေ့ရှိသဖြင့် ယခုလို စူပါဒုံးပျံအစင်းနှစ်ဆယ်ရရှိလိုက်ခြင်းကြောင့် သတိလက်လွတ်ဖြစ်သွားရသည်။
စူပါဒုံးပျံတစ်စင်းလျှင် ငါးထောင်တန်ဖိုးရှိသဖြင့် အစင်းနှစ်ဆယ်ဆိုလျှင် တစ်သိန်းခန့်ရှိသည်။
တက္ကစီဒရိုင်ဘာအစ်ကိုကြီး ပေါ်လာသောကြောင့် သို့ယွီကွန်ရက်တစ်ခုလုံး ချက်ချင်းလှုပ်ခတ်သွားသည်။
ကြည့်ရှုသူတစ်ရာခန့်သာရှိသော တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ချက်ချင်းဆိုသလို တစ်သောင်းအထိ မြင့်တက်သွားသည်။
ယခင်က ယဲ့ချန်းသည် အမျိုးသမီးထုတ်လွှင့်သူတစ်ယောက်ကို ဂိုဏ်းပြိုင်ပွဲတွင် တစ်ဦးတည်းအင်အားဖြင့် အနိုင်ရအောင် ကူညီပေးခဲ့ဖူးသဖြင့် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် ထိုနောက်ပိုင်းတွင် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ယခုတစ်ကြိမ်တွင် သူ ရုတ်တရက်ပြန်ပေါ်လာသောကြောင့် သူသည် လက်ဆောင်များဆက်ပေးပြီး ဤအမျိုးသမီးကို နာမည်ကြီးအောင် လုပ်ပေးဦးမလားဟု အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
စုရှောင်နွမ်က သီချင်းဆိုပြီးနောက် ပြောလိုက်၏။
"လက်ဆောင်ပေးတဲ့အတွက် တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့ကြင်နာမှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီလက်ဆောင်တွေအားလုံးကို ဒီမှာရှိတဲ့ ကလေးတွေအတွက် ကျောင်းဆောက်ဖို့ လှူဒါန်းသွားမယ်လို့ ကတိပေးပါတယ်"
ယဲ့ချန်းက ပြောလိုက်သည်။
"ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုပါ။ အားလုံးလည်း စုရှောင်နွမ်ကို ဝိုင်းဝန်းအားပေးဖို့နဲ့ စေတနာထားပေးကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကပဲ အရင်ဦးဆောင်လိုက်ပါ့မယ်"
ထို့နောက် ယဲ့ချန်းက နောက်ထပ်ဒုံးပျံအစင်းတစ်ရာကို ပစ်လွှတ်လိုက်ပြန်သည်။
သို့ယွီကွန်ရက်တစ်ခုလုံး အံ့သြတုန်လှုပ်သွားပြန်သည်။
"ဝိုး... တက္ကစီဒရိုင်ဘာအစ်ကိုကြီးရဲ့ လုပ်ရပ်က အရမ်းထူးခြားတာပဲ"
"သူ့ကို တက္ကစီဒရိုင်ဘာအစ်ကိုကြီးလို့ ခေါ်တာလည်း မဆန်းပါဘူး"
"ငါလည်း ကလေးတွေအတွက် လှူချင်လာပြီ"
...
မကြာခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ လူတိုင်း အလှူငွေများ ပေးလာကြသည်။
သို့ယွီကွန်ရက်၏ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တချို့ပင် စုရှောင်နွမ်ကို လာရောက်လှူဒါန်းကြသည်။
စုရှောင်နွမ်က ကလေးများအတွက် ကောင်းမွန်သော ကျောင်းတစ်ကျောင်း ဆောက်ပေးရန် ရည်ရွယ်ချက်ဖြင့်သာ တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်၏။
မိသားစုထဲက ခွဲထွက်လာခဲ့သဖြင့် သူ(မ)တွင် ပိုက်ဆံအများကြီးမရှိသောကြောင့် တိုက်ရိုက်ထုတ်လွှင့်ရန် စိတ်ကူးရခဲ့ခြင်းပင်။
သို့သော် တိုက်ရိုက်ထုတ်လွှင့်ရာမှ သူ(မ) လစဉ်ရရှိသောအမြတ်ငွေမှာ ကျောင်း၏ကုန်ကျစရိတ်များကို ကာမိရုံသာ ရှိသည်။
တက္ကစီဒရိုင်ဘာအစ်ကိုကြီး ရောက်လာခြင်းမှာ သူ(မ)၏ထုတ်လွှင့်ခန်းကို ဤမျှအထိ ပွက်လောရိုက်သွားစေလိမ့်မည်ဟု လုံးဝထင်မထားပေ။
••••••••••••••••••
အပိုင်း ၄၃၁ : ခန္ဓာကိုယ်ကြံ့ခိုင်မှု၏ စွမ်းအား
စုရှောင်နွမ်က တိုက်ရိုက်ထုတ်လွှင့်မှုများကို အချိန်အတော်ကြာအောင် လုပ်လာခဲ့သူဖြစ်လေရာ သူ(မ)၏ စိတ်လှုပ်ရှားမှုများကို အလျင်အမြန်ထိန်းချုပ်လိုက်နိုင်သည်။
"စေတနာထားပေးတဲ့အတွက် တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်ရှင်။ ဒီငွေတွေအားလုံးကို ကလေးတွေအတွက်ပဲ အသုံးပြုသွားမယ်လို့ ကတိပေးပါတယ်"
ယဲ့ချန်းမှာ ကျေးဇူးတင်စကားများစွာကို ကြားဖူးသော်လည်း စုရှောင်နွမ်၏ ကျေးဇူးတင်စကားက သူ့အတွက် ကျေနပ်စရာအကောင်းဆုံးပင်။
ဤတိုက်ရိုက်ထုတ်လွှင့်သူအမျိုးသမီးက ရုပ်ရည်လှပရုံသာမက စိတ်ရင်းလည်း ကောင်းမွန်ချေသည်။ ဤကဲ့သို့သော မိန်းကလေးမျိုးမှာ ရှားပါးလှပေသည်။
စုရှောင်နွမ်က ပြောလိုက်၏။
"တက္ကစီဒရိုင်ဘာအစ်ကိုကြီး... ဘယ်သီချင်းကို သဘောကျလဲဟင်။ ရှောင်နွမ်ဆိုပြပါ့မယ်"
ယဲ့ချန်းလည်း ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ဒါဆိုရင် 'စာတိုနဲ့ထာဝရအချစ်'ဆိုတဲ့ သီချင်းလေး ဆိုပြပါလား"
ဤသီချင်းမှာ ယဲ့ချန်း ယခင်ဘဝတုန်းက သူ သဘောကျခဲ့သော သီချင်းတစ်ပုဒ်ပင်။
ယဲ့ချန်းပြောလိုက်သော သီချင်းနာမည်ကို ကြားလိုက်ရသည့်အခါ စုရှောင်နွမ်ခမျာ ကြောင်အမ်းသွားသည်။
"စိတ်မရှိပါနဲ့... ဒီသီချင်းကို ကျွန်မ မဆိုတတ်လို့ပါ"
"မင်း ဂီတသင်္ကေတတွေ ဖတ်တတ်တယ်မလား။ ကိုယ် သီချင်းစာသားနဲ့ ဂီတနုတ်တွေကို ပို့ပေးမယ်"
"ဟုတ်ကဲ့"
စုရှောင်နွမ်လည်း ယဲ့ချန်းဆီက သီချင်းစာသားနှင့် နုတ်များကို ရလိုက်ပြီးနောက် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသီချင်းကို သဘောကျသွားသည်။
အမလေး...ဒီသီချင်းက နားဝင်ချိုလိုက်တာ...
"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက သီချင်းပါရေးတတ်လိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး။ ဒီသီချင်းက အရမ်းကောင်းလွန်းတယ်။ အခုပဲ အားလုံးကို ဆိုပြပါ့မယ်"
အသံစစ်ဆေးမှု အနည်းငယ်ပြုလုပ်ပြီးနောက် စုရှောင်နွမ်လည်း သီချင်းစဆိုလေတော့သည်။
"ဒီသီချင်းလေးက အရမ်းနားထောင်လို့ကောင်းတာပဲ"
"ဟုတ်ပါရဲ့... ဒါက တက္ကစီဒရိုင်ဘာအစ်ကိုကြီးရေးထားတဲ့သီချင်းလား"
"လန်းတယ်ကွာ... ဒီသီချင်းနဲ့ ရှောင်နွမ်ရဲ့အသံ ပေါင်းစပ်လိုက်ရင် လုံးဝပေါက်သွားမှာ သေချာတယ်"
စုရှောင်နွမ် သီချင်းဆိုနေစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူတိုင်း အံ့သြမှင်တက်သွားကြသည်။
ပရိသတ်များက စုရှောင်နွမ်အတွက် စူပါဒုံးပျံလက်ဆောင်များကို ဆက်တိုက်ပေးပို့နေကြသည်။
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ထိုသီချင်းကို အင်တာနက်ပေါ်သို့ တင်လိုက်သည်။
"အမလေး... ဒီသီချင်းက အရမ်းကောင်းတာပဲ"
"ဒီမိန်းကလေးရဲ့အသံက အံ့သြဖို့ကောင်းလိုက်တာ။ သူက တောင်ပေါ်ဒေသက ကလေးတွေကို ကူညီဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်တာလို့ ကြားတယ်"
"ဒီသီချင်းကို ဘယ်သူရေးတာလဲ။ အရမ်းအံ့သြဖို့ကောင်းတယ်"
...
သူ ပေါ့ပေါ့ပါးပါး ရေးပေးလိုက်သည့် သီချင်းက စုရှောင်နွမ်ကို ဤမျှနာမည်ကြီးသွားစေလိမ့်မည်ဟု ယဲ့ချန်း ထင်မထားခဲ့ပေ။
ယခုမူ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုသူအရေအတွက်မှာ တစ်သိန်းကျော်သွားပြီဖြစ်၏။
လူတွေကလည်း လက်ဆောင်များကို မရပ်မနားပေးပို့နေကြသည်။
ယဲ့ချန်းလည်း နှမြောမနေဘဲ စူပါဒုံးပျံအစင်းတစ်ထောင်ကို ပို့လိုက်ပြန်သည်။
"တက္ကစီဒရိုင်ဘာအစ်ကိုကြီး ပီသပါပေတယ်။ အမြဲရက်ရောနေတာပဲ"
"တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို လက်မထောင်လိုက်ပြီ။ ရှောင်နွမ်ကလည်း ဒီငွေတွေအကုန်လုံးကို တောင်ပေါ်က ကလေးတွေအတွက် သုံးမယ်လို့ ပြောထားတယ်"
"အရင်ကတော့ အလကားပဲကြည့်ခဲ့တာ။ အခုတော့ ရှောင်နွမ်ကို အားပေးတဲ့အနေနဲ့ ခြောက်ယွမ်လောက် လှူလိုက်ပြီ"
...
တိုက်ရိုက်ထုတ်လွှင့်မှု၏ စာတန်းတွင် စူပါဒုံးပျံလက်ဆောင်များ ဆက်တိုက်တက်လာကြောင်း မြင်သောအခါ စုရှောင်နွမ် ကြောင်အမ်းသွားသည်။
ကြည့်ရှုသူအရေအတွက်ကလည်း မိနစ်အနည်းငယ်အတွင်းမှာပင် နှစ်သိန်းကျော်အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
ယခင်ကမူ သူ(မ)ရရှိသော လက်ဆောင်အများစုမှာ ငါးဘောလုံးကဲ့သို့ အသေးအဖွဲလက်ဆောင်လေးများသာ ဖြစ်၏။
တောင်ပေါ်က ကလေးများကို ကူညီရန်ဟု ပြောခဲ့သော်လည်း လူအများအပြားက သိပ်ဂရုမစိုက်ခဲ့ကြပေ။
ယခုလိုလက်ဆောင်များစွာ ရလိုက်သဖြင့် တောင်ပေါ်ဒေသရှိ ကလေးများအတွက် ကျောင်းတစ်ကျောင်းဆောက်ပေးရန် လုံလောက်သွားပြီဖြစ်၏။
စုရှောင်နွမ်မှာ ယဲ့ချန်းကို ပိုကျေးဇူးတင်သွားသည်။
စုရှောင်နွမ်က သို့ယွီကွန်ရက်ပေါ်တွင် ချက်ချင်းပင် နာမည်ကြီးသွားတော့သည်။
စိတ်ကိုကုစားပေးနိုင်သော သီချင်းတစ်ပုဒ်၊ တက္ကစီဒရိုင်ဘာအစ်ကိုကြီး၏ လက်ဆောင်များနှင့် ပရဟိတအပေါ် စိတ်အားထက်သန်မှုတို့ကြောင့်ပင်။
ဂီတတက္ကသိုလ်ရှိ ဆရာမတစ်ဦးက တောရွာများတွင် စာသွားသင်ပေးနေပြီး တက္ကစီဒရိုင်ဘာအစ်ကိုကြီးထံမှ တစ်သန်းဆုချခံရသည်ဟူသော အကြောင်းအရာမှာ အင်တာနက်ပေါ်တွင် ရေပန်းအစားဆုံးသတင်းတစ်ခု ဖြစ်လာခဲ့သည်။
တိုးပွားလာသော ဖော်လိုဝါအရေအတွက်ကို ကြည့်ရင်း စုရှောင်နွမ်၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီလာသည်။
ဤအတောအတွင်း သူ(မ) ထိုကလေးများအတွက် အလှူငွေရရှိရန် မနားမနေ ကြိုးစားခဲ့ရသည်။
ထိုကလေးငယ်များမှာ အလွန်ပင် ဆင်းရဲဒုက္ခ ရောက်နေကြရှာသည်။
သို့သော် သူ(မ)ကို ကူညီအားပေးသူမှာ အလွန်နည်းပါးလှသည်။
တစ်လလုံး တိုက်ရိုက်ထုတ်လွှင့်သော်လည်း ဝင်ငွေမှာ နှစ်ထောင်ကျော်သာ ရရှိပြီး ထိုငွေများမှာ ကျောင်းပြုပြင်ထိန်းသိမ်းစရိတ်အတွက်ပင် မလောက်မငှဖြစ်ခဲ့ရသည်။
တစ်ခါတစ်ရံတွင် သူ(မ) အထီးကျန်ပြီး အားကိုးရာမဲ့သလို ခံစားခဲ့ရသည်။
သို့သော် ယနေ့တွင်မူ တက္ကစီဒရိုင်ဘာအစ်ကိုကြီးက တစ်သန်းလှူဒါန်းခဲ့ရုံသာမက စိတ်အားထက်သန်နေသော အင်တာနက်အသုံးပြုသူများကိုပါ လာရောက်လှူဒါန်းရန် ဆွဲဆောင်ပေးခဲ့သည်။
ဤလူ့အဖွဲ့အစည်းအတွင်း နွေးထွေးမှုများ ကျန်ရှိနေသေးသည်ဟု သူ(မ) ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် စုရှောင်နွမ်၏ မျက်နှာလေးမှာ နီရဲလာပြီး ဤတက္ကစီဒရိုင်ဘာအစ်ကိုကြီးအပေါ် ပိုစိတ်ဝင်စားသွားသည်။
"ဝိုး... တိုက်ရိုက်ထုတ်လွှင့်သူ ရှက်သွေးဖြာသွားတာကို သတိထားမိလား"
"ဟုတ်တယ်။ တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို စိတ်ဝင်စားသွားတာလား မသိဘူး"
"ဟားဟား... ရှောင်နွမ်ရှက်သွားတာလေးက အရမ်းလှတာပဲ"
အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ တက်လာသောအခါ စုရှောင်နွမ်၏ မျက်နှာလေးမှာ ပူထူသွားပြီး အမြန်စာရိုက်လိုက်၏။
"လျှောက်မပြောကြပါနဲ့။ ကလေးတွေအတွက် ကျောင်းတစ်ကျောင်းဆောက်ပေးနိုင်တော့မှာမို့လို့ ကျွန်မဝမ်းသာနေတာပါ"
ယဲ့ချန်းလည်း စုရှောင်နွမ်၏အမူအရာကို ကြည့်ပြီး အသာပြုံးလိုက်မိသည်။
စုရှောင်နွမ် ရှက်သွားသည့်ပုံစံလေးမှာ စင်စစ်ချစ်စရာကောင်းလှသည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ဒီငွေတွေအကုန်လုံးကို ကျောင်းသားတွေအတွက် ကျောင်းဆောင်သစ်ဆောက်တဲ့နေရာမှာ သုံးလိုက်ပါ။ အခက်အခဲရှိရင် ကိုယ့်ကို အချိန်မရွေးဆက်သွယ်လို့ရပါတယ်"
"ကျေးဇူးတင်ပါတယ် တက္ကစီဒရိုင်ဘာအစ်ကိုကြီး... ဒီကျောင်းကို အစ်ကို့နာမည် မှည့်ပေးမယ်ဆိုရင် အဆင်ပြေမလား။ ဘယ်လိုနာမည် မှည့်သင့်တယ်လို့ထင်လဲ"
ယဲ့ချန်း ခဏမျှစဉ်းစားလိုက်သည်။ သူ့အနေနှင့် နာမည်မကြီးချင်သော်လည်း စုရှောင်နွမ်က အကြံပြုလာသဖြင့် စာရိုက်လိုက်သည်။
"စတားမျှော်လင့်ချက်မူလတန်းကျောင်းလို့ပဲ နာမည်ပေးလိုက်ပါ"
စုရှောင်နွမ်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့ပါ။ နောက်တစ်ခါ ထပ်ပြီးကျေးဇူးတင်ပါတယ် အစ်ကို... ကျောင်းသားလေးတွေကိုလည်း ဒီကျောင်းကို တက္ကစီဒရိုင်ဘာအစ်ကိုကြီးက ဆောက်ပေးထားတာလို့ ကျွန်မ ပြောလိုက်ပါ့မယ်"
ယဲ့ချန်းက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ခဏဆက်နေပြီးနောက် အိပ်ရာဝင်လိုက်တော့သည်။
နောက်တစ်နေ့တွင် ယဲ့ချန်းက မနက်စောစောထ၍ လေ့ကျင့်ခန်းလုပ်ပြီး တက္ကစီမောင်းပြန်သည်။
ရေဒီယိုဖွင့်လိုက်သည်နှင့် စုရှောင်နွမ်၏အသံကို ကြားလိုက်ရသည်။
ရေဒီယိုအစီအစဉ်တင်ဆက်သူ၏အသံ ပေါ်ထွက်လာသည်။
"မနေ့က အင်တာနက်ပေါ်မှာ စိတ်ကိုကုစားပေးနိုင်တဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒီသီချင်းကို တက္ကစီဒရိုင်ဘာတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်သူအမျိုးသမီးလေးကို ပေးခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အင်တာနက်မှာ အတော်လေးရေပန်းစားနေပါပြီ"
"ဟုတ်ပါတယ်။ ဆယ်လီတော်တော်များများကလည်း အဲဒီသီချင်းကို ပြန်ဆိုနေကြပါပြီ။ သီချင်းလေးက အရမ်းစိတ်ကြည်လင်စေပါတယ်"
...
ယဲ့ချန်း အသာပြုံးလိုက်မိသည်။ ယခင်ဘဝတုန်းကလည်း ဤသီချင်းမှာ အလွန်ပေါက်ခဲ့သဖြင့် ကမ္ဘာနှစ်ခုလုံးရှိ လူများ၏ အနုပညာခံစားမှုမှာ ဆင်တူနေကြောင်း သိလိုက်ရသည်။
လမ်းထိပ်ရှိ စားသောက်ဆိုင်လေးတစ်ခုတွင် ယဲ့ချန်းက အီကြာကွေးနှင့် တို့ဖူးကို ဝယ်ယူခဲ့သည်။
သူ စားတော့မည့်အချိန်မှာပင် လမ်းဘေးတွင် ဘောလုံးကစားနေသော ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုစဉ် ဘောလုံးက လမ်းမအလယ်သို့ လိမ့်သွားခဲ့သည်။
ကလေးအမေက ဖုန်းပြောနေသဖြင့် သတိမထားမိပေ။
ကောင်မလေးက ဘောလုံးသွားယူရန် လမ်းမအလယ်သို့ ပြေးသွားလေသည်။
ထိုအချိန် အရှိန်ပြင်းပြင်း မောင်းနှင်လာသော ကားတစ်စီးက သူ(မ)ရှိရာသို့ ဦးတည်လာချေသည်။
ထိုနေရာမှာ ကားသမားများအတွက် မြင်ကွင်းမရှင်းသောနေရာဖြစ်သဖြင့် ကလေးကို မြင်လိုက်ရသည့်အချိန်တွင် ဘရိတ်အုပ်ရန် အချိန်မမီတော့ပေ။
ယဲ့ချန်းလည်း အရှေ့သို့ ဝုန်းခနဲပြေးထွက်သွားပြီး ကလေးမလေးကို ပွေ့ချီလိုက်သည်။
ထိုအချိန်တွင် ကားက အရှေ့သို့ တိုးလာပြီဖြစ်ရာ ယဲ့ချန်းလည်း လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ကား၏အရှေ့ပိုင်းကို တားဆီးလိုက်သည်။
မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုကားကို ယဲ့ချန်း၏လက်တစ်ဖက်တည်းဖြင့် ရပ်တန့်ခဲ့ခြင်းပင်။
မနက်စာဆိုင်ရှိ လူအများအပြားမှာ ဤမြင်ကွင်းကိုမြင်ပြီး အံ့သြတုန်လှုပ်သွားကြသည်။
အမှန်စင်စစ်တွင် အစောက အခြေအနေကို တော်တော်များများ မြင်တွေ့ခဲ့ရသဖြင့် ကလေးမလေး ကားတိုက်ခံရတော့မည်ဟု ထင်ခဲ့ကြသည်။
မနက်စာဆိုင်ရှိ လူအချို့ဆိုလျှင် လန့်အော်ကြချေသည်။
သို့သော် သူတို့အားလုံးကို အံ့အားသင့်သွားစေသောအရာမှာ ယဲ့ချန်းက ကားကို လက်တစ်ဖက်တည်းဖြင့် ရပ်တန့်လိုက်နိုင်ခြင်းပင်။
ဘုရားရေ... ဒီလူက ဘယ်လောက်တောင် ခွန်အားကြီးတာလဲ
ယဲ့ချန်း စိတ်သက်သာရာရဟန်သက်ပြင်းချလိုက်သည်။
ကြံ့ခိုင်အောင် လုပ်ထားသော သူ့ခန္ဓာကိုယ်မှ ထူးကဲသောစွမ်းအားကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။
သာမန်လူတစ်ယောက်သာဆိုလျှင် အရှိန်နှင့်လာသော ကားတစ်စီးကို လက်တစ်ဖက်တည်းဖြင့် လုံးဝတားနိုင်မည်မဟုတ်ပေ။
ထိုအချိန်မှာပင် ထိုကလေးမလေး၏ အမေလည်း အပြေးအလွှား ရောက်လာလေသည်။
သူ(မ) ဖုန်းပြောနေစဉ် လူအုပ်ကြီး၏ အော်သံကြောင့် သတိထားမိလိုက်ပြီး သူ့သမီးထံသို့ ကားတစ်စီး ပြေးဝင်လာကြောင်း မြင်လိုက်ရသည့်အခါ သေမတတ်ကြောက်လန့်သွားရသည်။
သို့သော် မထင်မှတ်ထားဘဲ လူငယ်တစ်ယောက်က ပြေးထွက်သွားပြီး သူ(မ)၏သမီးကို ကယ်တင်ပေးခဲ့သည်။
"ရှောင်မေ့... သမီးလေး ဘာဖြစ်သွားသေးလဲ"
"မေမေ... သမီး ဘာမှမဖြစ်ဘူး။ ဒီဦးလေးကြောင့်သာမဟုတ်ရင် သမီး ကားတိုက်ခံရတော့မှာ"
ယဲ့ချန်းလည်း ကလေးမလေးကို ထိုအမျိုးသမီးထံသို့ ပြန်အပ်ပြီး အသာပြောလိုက်၏။
"နောက်တစ်ခါ ကလေးနဲ့အတူ ရှိနေချိန်မှာ ဖုန်းမကြည့်ပါနဲ့။ အရမ်းအန္တရာယ်များလွန်းတယ်"
"ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးတင်ပါတယ်ရှင်"
ထိုအမျိုးသမီးလည်း အဖြစ်အပျက်ကို ပြန်တွေးပြီး ကြောက်ရွံ့နေမိသည်။
ထိုအမျိုးသမီးက ကျေးဇူးတင်စကားပြောလိုက်သည်။
"အစ်ကို... အစ်ကို့ရဲ့ ဝေရွှင်းအကောင့်လေး ပေးလို့ရမလား။ ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းဖိတ်ကျွေးချင်လို့ပါ"
••••••••••••••••••
အပိုင်း ၄၃၂ : အရည်အချင်းရှိသူများကို ရှာဖွေခြင်း
အစတုန်းက ယဲ့ချန်း ငြင်းလိုက်ချင်ပါသော်ငြား ကလေးမလေးက သူ့လက်ကို ဆုပ်ကိုင်လိုက်လေသည်။
"ဦးဦး.. သမီးကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းကျရင် ဦးဦးနဲ့ အတူကစားလို့ရမလား"
သူလည်း ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်လေရာ သူ(မ)၏ရုပ်ရည်ရမှတ်က ၉၈မှတ်ဖြစ်သော်ငြား ကံဆိုးချင်တော့ သူ(မ)တွင် ကလေးရှိနေပေသည်။
ယဲ့ချန်းလည်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုကလေးမလေး၏မျက်နှာကို ဆွဲဖဲ့လိုက်သည်။
"ရတာပေါ့။ ဦးဦးနာမည်က ယဲ့ချန်း.. မင်းနာမည်က ဘာလဲ"
"ဦးဦး.. သမီးနာမည်က စုရှောင်မေ့ပါ"
"ဪ.. နာမည်လေးက လှလိုက်တာ"
ယဲ့ချန်းက ထိုအမျိုးသမီးကြီးကို ပြောလိုက်လေသည်။
"မင်္ဂလာပါ ကျွန်တော့်နာမည်က ယဲ့ချန်းပါ"
ထိုအမျိုးသမီးကလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"ကျွန်မနာမည်က မုန့်ဝမ်ထင်ပါ"
ယဲ့ချန်းနှင့် မုန့်ဝမ်ထင်လည်း ဖုန်းနံပါတ်နှင့် ဝေ့ရွှင်းနံပါတ်များ ဖလှယ်လိုက်ကြပြီးနောက် တက္ကစီဆက်မောင်းလိုက်တော့သည်။
ထို့နောက် အော်ဒါဝင်လာသဖြင့် လူသွားခေါ်ရသည်။
မိန်းကလေးတစ်ယောက်က ကားထဲသို့ဝင်လာပြီးနောက် စိုးရိမ်ပူပန်လေဟန်ဖြင့် ပြောလိုက်သည်။
"ဆရာ... ကားကို ပိုမြန်အောင် မောင်းပေးလို့ရမလား"
ယဲ့ချန်းမှာမူ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။
"ညီမလေး.. မင်းမြင်တဲ့အတိုင်း အခုအချိန်က ယာဉ်ကြောပိတ်နေတာလေ။ ငါလည်း မြန်မြန်မောင်းချင်ပါတယ်။ မရလို့ပါ"
"သွားပြီ။ ကျွန်မတော့သွားပြီ"
ထိုမိန်းကလေး၏မျက်နှာထက်တွင် စိတ်ပျက်သွားလေဟန်အရိပ်အယောင်တို့က အထင်းသားပင်။
"မင်း လောနေတာလား"
ယဲ့ချန်းက မေးလိုက်သည်။
"ဟုတ်တယ်။ ကျွန်မ ဒီနေ့ အလုပ်နောက်ကျတော့မှာ။ ကျွန်မတို့ကုမ္ပဏီရဲ့စည်းမျဉ်းက အလုပ်နောက်ကျရင် တစ်လစာဘောနပ်စ်အဖြတ်ခံရမှာ။ ကျွန်မမောင်လေးက အခုမှ တက္ကသိုလ်တက်ခါစပဲရှိသေးတာ။ ကျွန်မကပဲ သူ့ကျူရှင်ခကို ပေးနေရတာ။ အဲဒါကြောင့် နောက်ကျလို့မဖြစ်ဘူး"
"မင်းရဲ့အလုပ်ချိန်က ကိုးနာရီလား"
ယဲ့ချန်းလည်း နာရီတစ်ချက်ကြည့်ပြီးနောက် မေးလိုက်လေသည်။
"ရှစ်နာရီခွဲ"
ထိုမိန်းကလေးကလည်း စိတ်ပျက်အားငယ်စွာ ပြောလိုက်၏။
ယဲ့ချန်းလည်း ထိုစကားကိုကြားသော် သူဘက်က ဘာမှလုပ်မပေးနိုင်ကြောင်း သဘောပေါက်လိုက်သည်။
ကိုးနာရီဆိုလျှင် ယဲ့ချန်းအနေနှင့် တစ်ခုခုစဉ်းစားပေးနိုင်သော်ငြား ရှစ်နာရီခွဲဖြစ်နေသဖြင့် ဆယ်မိနစ်သာ အချိန်ရှိတော့သည်ဖြစ်ရာ ယဲ့ချန်းအနေနှင့် ဘာမှလုပ်မပေးနိုင်ပေ။
"ကျွန်မအမှားပါ။ မနေ့ညတုန်းက အချိန်ပိုဆင်းထားလို့ နာရီနှိုးစက်သံကို မကြားလိုက်ဘူး"
ယဲ့ချန်းက မေးလိုက်လေသည်။
"မင်းက အချိန်ပိုဆင်းထားတာလား"
"ဟုတ်တယ်။ ကုမ္ပဏီမှာ ပရောဂျက်တစ်ခုရှိလို့ မနက်လေးနာရီအထိ အလုပ်လုပ်ထားရတာ။ အလုပ်မသွားခင် ခဏလောက်မှေးလိုက်ဦးမယ်ဆိုပြီး မတော်တဆအိပ်ပျော်သွားတယ်"
ယဲ့ချန်းက ဆို၏။
"မင်းက ကုမ္ပဏီအတွက် အချိန်ပိုဆင်းခဲ့ရတာဆိုတော့ မင်းရဲ့သူဌေးကို ရှင်းပြလိုက်လေ။ အဲဒီလိုဆိုရင် မင်းလစာကို မဖြတ်လောက်ပါဘူး"
"ကျွန်မတို့ဘော့စ်က အချိန်ပိုဆင်းတာက မဖြစ်မနေလုပ်ရမှာဆိုပေမဲ့ အလုပ်နောက်ကျတာက ကိုယ့်ပြဿနာမို့ လစာဖြတ်တာက မဖြစ်မနေလုပ်ရမယ်တဲ့"
"မင်း အချိန်ပိုကြေးရလား"
ယဲ့ချန်းက မေးလိုက်သည်။
"မရပါဘူး"
ယဲ့ချန်း ဆွံ့အသွားရလေသည်။
ဤသူဌေးက အလွန်ရက်စက်လှပေသည်။
ဝန်ထမ်းများက သူ့အတွက် အချိန်ပိုဆင်းပေးရပြီး အလုပ်မသွားခင် နှစ်နာရီမျှသာ အနားယူရသည်ဆိုခြင်းမှာ အလွန်အလုပ်ကြိုးစားပေးနေခြင်းပင်။
သို့တိုင် သူကတော့ ဝန်ထမ်းများ၏လစာကို ဖြတ်တောက်နေဆဲပင်။
ဤသည်မှာ ကျိုးကြောင်းဆီလျော်မှုမရှိပေ။
ထိုမိန်းကလေးက သက်ပြင်းချလိုက်သည်။
"သွားပါပြီ။ အချိန်မီရောက်မှာမဟုတ်တော့ဘူး"
ယဲ့ချန်းက ပြုံးလိုက်၏။
"ညီမလေး.. စိတ်မပူနဲ့။ နောက်ကျလည်း ဘာပြဿနာမှမရှိဘူး။ မင်းရဲ့လစာကို တစ်ပြားမှမဖြတ်စေရဘူး။ ငါ မင်းကို လစာတိုးပေးမယ်။ အချိန်ပိုကြေးလည်း ရမယ်"
"ဟင်"
ထိုမိန်းကလေးက ယဲ့ချန်း၏စကားကြောင့် ကြက်သေသေသွားလေသည်။ သို့သော် လုံးဝမယုံကြည်နိုင်ပေ။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
ယဲ့ချန်းက သူဌေးတစ်ယောက်ဖြစ်ပြီး သူ(မ)၏အလုပ်ရှင်နှင့် သိသည်ဆိုလျှင် သူ့အနေနှင့် စကားကောင်းပြောပေးနိုင်သော်ငြား ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေချေသည်။
အစတုန်းကတော့ ယဲ့ချန်းက သူ(မ)ကို နှစ်သိမ့်ရန် စနောက်နေသည်ဟု ထိုမိန်းကလေး ထင်မိသဖြင့် ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်သည်။
"ထားလိုက်ပါတော့။ အဆင်မပြေရင်လည်း ကျွန်မ ငွေတိုးချေးလိုက်ပါ့မယ်"
ယဲ့ချန်းက ပြောလိုက်လေသည်။
"ငွေတိုးချေးမှာလား။ သူတို့ရဲ့အတိုးက ထပ်ဆင့်တိုးသွားတာနော်။ အဲဒီလိုအကြွေးမျိုးကို မင်း ဘာလို့ယူမှာလဲ။ စိတ်ချ.. အဆင်ပြေသွားစေရမယ်လို့ ကတိပေးတယ်"
"ဒါနဲ့ မင်းက ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်တာလဲ"
ယဲ့ချန်းက မေးလိုက်လေသည်။
"ကျွန်မက ဟုန်တာ့နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီမှာ အလုပ်လုပ်တာ"
ထိုမိန်းကလေးက ထိုသို့ပြောပြီးနောက် အဆောက်အအုံထဲသို့ အမြန်ပြေးဝင်သွားသည်။
ထိုမိန်းကလေးက ကုမ္ပဏီသို့ရောက်သောအခါ အထဲသို့ ဝင်သွားလိုက်သည်။ သူ(မ)၏သူဌေးကမူ သူ(မ)အား အေးစက်ခက်ထန်စွာ ကြည့်နေပေသည်။
"လီထင်.. အချိန်ကိုကြည့်စမ်း.. ဒါနဲ့ဆိုရင် မင်း အလုပ်နောက်ကျတာ နှစ်ခါရှိပြီနော်"
"သူဌေး.. ကျွန်မ မနက်လေးနာရီအထိ အချိန်ပိုဆင်းထားရလို့ နာရီနှိုးစက်သံကို မကြားလိုက်တာပါ။ ကျေးဇူးပြုပြီး ကျွန်မကို အခွင့်အရေးတစ်ခုလောက်ထပ်ပေးပါဦး"
"အချိန်ပိုတဲ့။ ထင်ထားတဲ့အတိုင်းပဲ။ အလုပ်ကို အချိန်မီအရောက်လာရမှာ စည်းမျဉ်းပဲ။ စည်းမျဉ်းကို ချိုးဖောက်ရင် အပြစ်ပေးခံရမှာပဲ။ မင်းကို အလုပ်ထုတ်လိုက်ပြီ"
သူဌေး၏ပြစ်ဒဏ်ကို ကြားလိုက်ရသောအခါ ထိုမိန်းကလေး၏အမူအရာကား ချက်ချင်းပျက်ယွင်းသွားသည်။
သူ(မ) ကုမ္ပဏီတွင် အလုပ်လုပ်နေသည်မှာ သုံးလရှိပြီဖြစ်လေရာ စာချုပ်အရဆိုလျှင် တရားဝင်ဝန်ထမ်းဖြစ်တော့မည်သာ။
အကယ်၍ အလုပ်ထုတ်ခံလိုက်ရလျှင် တစ်ပြားမှ ရတော့မည်မဟုတ်ချေ။
သို့ဆိုပါက သူ(မ)မောင်လေး၏ကျူရှင်ခကို မည်သို့လုပ်ရမည်နည်း။
ဤကုမ္ပဏီတွင် ဆက်အလုပ်လုပ်နိုင်ရန်အတွက် သုံးလအတွင်း သူ(မ) မနားမနေ အလုပ်လုပ်ခဲ့ရသည်။
သို့သော် ထင်မှတ်မထားပါဘဲ တရားဝင်ဝန်ထမ်းဖြစ်ရန် တစ်ရက်အလိုမှာပင် အလုပ်ထုတ်ခံလိုက်ရသည်။
ရုံးခန်းထဲရှိ အခြားဝန်ထမ်းများမှာ လီထင့်ကို သနားနေဟန်ဖြင့် ကြည့်နေကြသည်။
သူဌေး၏နာမည်က ချန်းတာ့ဖာဖြစ်ပြီး သူသည် ဝန်ထမ်းများကို အလုပ်ခန့်ကာ တရားလွန်အလုပ်ခိုင်းတတ်သည်။ ထို့နောက် တရားဝင်ဝန်ထမ်းမဖြစ်ခင်မှာပင် အကြောင်းပြချက်တစ်ခုခုပေးကာ အလုပ်ထုတ်ပစ်တတ်သည်။
လီထင်လည်း ကံဆိုးသူနောက်တစ်ယောက်ဖြစ်နေဟန်ပင်။
"HRဌာန.. စာရွက်စာတမ်းကို ချက်ချင်းပြင်ထားလိုက်။ သူက ငါတို့ကုမ္ပဏီရဲ့ဝန်ထမ်းမဟုတ်တော့ဘူး"
သူဌေးဖြစ်သူက အေးတိအေးစက်ပြောလိုက်လေသည်။
ထိုအချိန်တွင် ချောမောခန့်ညားသော လူတစ်ယောက် အထဲသို့ဝင်လာလေသည်။
ယဲ့ချန်းကိုမြင်သော် လီထင်မှာ အံ့အားသင့်သွားချေသည်။
ယဲ့ချန်းက ဟားမ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်ထက်တွင်လည်း ပါတက်ခ်ဖီလစ်နာရီကို ပတ်ထားသဖြင့် အောင်မြင်နေသော လူတစ်ယောက်နှင့် တူလှပေသည်။
အစောက ယဲ့ချန်း သူ(မ)ကို ကူညီနိုင်သည်ဟု ပြောခဲ့စဉ်ဝယ် ထိုမိန်းကလေးမှာ စနောက်နေသည်ဟု ထင်ခဲ့မိသော်ငြား ယဲ့ချန်း တကယ်ရောက်လာလိမ့်မည်ဟု လုံးဝထင်မထားပေ။
သူဌေးလည်း ယဲ့ချန်းကိုမြင်လိုက်ရချိန်ဝယ် အကြောင်သားဖြစ်သွားလေသည်။
ယဲ့ချန်း၏ဝတ်စုံကို မြင်သောအခါ ဖော်လံဖားအမူအရာဖြင့် အနားသို့ ချက်ချင်းတိုးသွားသည်။
"ဆရာ.. ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"
ယဲ့ချန်းကမူ ချန်းတာ့ဖာကို အရေးမလုပ်ဘဲ လီထင်ကိုသာ ကြည့်လိုက်သည်။
"အလှလေး... နောက်ဆုံးတော့ ရှာတွေ့ပြီ။ ခုနတုန်းက ဆွေးနွေးထားတဲ့ အချက်တွေကို မင်း လက်မခံဘူးဆိုရင် ငါ မင်းကို ထပ်တိုးပေးနိုင်တယ်"
"ထပ်တိုးမှာလား"
သူဌေးကား အံ့ဩမှင်တက်သွားချေသည်။
သူဌေးသာမက လီထင်ပါ ကြောင်အသွားသည်။
ယဲ့ချန်းက ဆို၏။
"အလှလေး.. ဒီမှာ မင်း လစာဘယ်လောက်ရလဲ"
လီထင်ခမျာ ခဏမျှတုံ့ဆိုင်းသွားသည်။
"သုံးထောင်ပါ။ ဘောနပ်စ်နဲ့ဆိုရင် ငါးထောင်"
"မင်းလို အရည်အချင်းရှိတဲ့လူတစ်ယောက်အတွက် ငါးထောင်ဆိုတာ နည်းလွန်းတယ်။ ငါတို့ကုမ္ပဏီကို လိုက်ခဲ့။ ငါ မင်းကို နှစ်ဆတိုးပြီး တစ်သောင်းပေးမယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ချန်းတာ့ဖာလည်း ကြက်သေသေသွားချေသည်။
ဘာတွေဖြစ်နေတာလဲ.. ဒီလူက သူ့ကုမ္ပဏီထဲကနေ ဘာလို့ လူလာရှာနေတာလဲ...
ချန်းတာ့ဖာက ပြောလိုက်၏။
"ဆရာ ဒါက ဘာအဓိပ္ပာယ်လဲ"
ယဲ့ချန်းက ဆို၏။
"ဒီကောင်မလေးကို အလုပ်သမားရှာဖွေရေးအေဂျင်စီက ကျုပ်တို့အတွက် ထောက်ခံပေးထားတာ။ သူ့မှာ ကောင်းမွန်တဲ့မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေရှိတယ်။ ကိုယ့်လူ... သူ့ကို အလုပ်ထုတ်လိုက်ပြီလို့ ခင်ဗျားပြောလိုက်တယ်မလား"
ချန်းတာ့ဖာလည်း ခဏမျှ အံ့အားသင့်သွားလေသည်။
နောက်ခံနဲ့ အဆက်အသွယ်တွေရှိတာလား...
သူတို့၏နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီတွင် အလိုအပ်ဆုံးအရာမှာ ဘာလဲ။
နောက်ခံနှင့် အဆက်အသွယ်ပင်။
ထိုမိန်းကလေးတွင် နောက်ခံနှင့် အဆက်အသွယ်များရှိကြောင်း ကြားလိုက်ရသောအခါ ချန်းတာ့ဖာ၏မျက်လုံးများ လင်းလက်သွားလေသည်။
"ပေါက်ကရတွေ.. သူ့ကို အလုပ်ထုတ်ပါတယ်လို့ ဘယ်တုန်းက ပြောလို့လဲ"
ယဲ့ချန်းက ဆို၏။
"ကျုပ် သေချာပေါက်ကြားလိုက်တယ်။ ခင်ဗျား သူ့ကို အလုပ်မထုတ်ဘူးဆိုလည်း ကိစ္စမရှိဘူး။ ရတယ်လေ.. အလှလေး.. မင်း အလုပ်ထွက်လိုက်။ ငါတို့ဘက်က မင်းကို လစာတစ်သောင်းအပြင် အချိန်ပိုကြေးသုံးဆပါပေးမယ်"
လီထင်မှာ ယဲ့ချန်းကြောင့် အကြောင်သားဖြစ်သွားလေသည်။
ယဲ့ချန်း၏အလျင်လိုနေဟန်အမူအရာကိုကြည့်ရင်း ချန်းတာ့ဖာလည်း ပြောလိုက်သည်။
"ကိုယ့်လူ.. ခင်ဗျားက ကျင့်ဝတ်မရှိလိုက်တာ.. ကျုပ်တို့ကုမ္ပဏီကိုလာပြီး ဝန်ထမ်းလာရှာနေတာ သူများကို သက်သက်အနိုင်ကျင့်နေတာမဟုတ်ဘူးလား"
ယဲ့ချန်းက ပြောလိုက်သည်။
"အနိုင်ကျင့်တယ်ဆိုတာက ဘာသဘောလဲ။ ဒီမိန်းကလေးဘက်က သူအလုပ်လုပ်ချင်တဲ့ ကုမ္ပဏီကို သူ့ဘာသာရွေးချယ်လို့ရတယ်လေ။ ဒါက သူ့လွတ်လပ်ခွင့်ပဲ"
ချန်းတာ့ဖာလည်း ထိုစကားကိုကြားသော် မျက်မှောင်ကြုတ်လိုက်မိသည်။
လီထင်မှာမူ သူ့ကို မျက်လုံးမှိတ်ပြလိုက်သော ယဲ့ချန်းကို ကြည့်ရင်း ယဲ့ချန်း၏ရည်ရွယ်ချက်ကို ရုတ်ခြည်းသဘောပေါက်သွားသည်။
သူ(မ) အမြန်ဝင်ပြောလိုက်၏။
"ကောင်းပြီလေ။ ဒါဆို ကျွန်မ ရှင့်ကုမ္ပဏီမှာ အလုပ်လုပ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း အလုပ်ထုတ်ခံလိုက်ရပြီပဲ"
ဤသို့ဖြင့် လီထင်က ယဲ့ချန်းနှင့်အတူ ထွက်သွားရန် ပြင်လိုက်သည်။
ချန်းတာ့ဖာခမျာ စိုးရိမ်ပူပန်သွားရပြီး သူတို့နှစ်ယောက်ကို ပိတ်တားထားလိုက်သည်။
"နေဦး.. ငါ မင်းကို လစာနှစ်သောင်းပေးမယ်။ အချိန်ပိုကြေးက ငါးဆ.. ရှောင်ထင်.. ဒီမှာဆက်အလုပ်လုပ်ပါကွာ"
တစ်ဖက်လူက လီထင်ကို အသည်းအသန်အလုပ်ခန့်ချင်နေသည်ဖြစ်ရာ သူ(မ)၏နောက်ခံအသိုင်းအဝိုင်းက အလွန်တောင့်တင်းရပေမည်။
ချန်းတာ့ဖာအနေနှင့် လီထင်ကို လက်လွှတ်မခံနိုင်ပေ။