အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
အပိုင်း ၄၃၃ : မိဘဆရာတွေ့ဆုံပွဲကို တက်ရောက်ခြင်း
ယဲ့ချန်းလည်း အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။
"ခင်ဗျားရဲ့ကုမ္ပဏီက ကျုပ်တို့ကုမ္ပဏီထက် သာလို့လား။ ကျုပ်ဘက်က တစ်သောင်းနှစ်ထောင်အထိ ပေးနိုင်တယ်။ အခုချက်ချင်းစာချုပ်ချုပ်လိုက်ကြစို့"
ယဲ့ချန်းဘက်က တစ်သောင်းနှစ်ထောင်ကမ်းလှမ်းလိုက်ကြောင်း ကြားလိုက်ရချိန်ဝယ် ချန်းတာ့ဖာလည်း အနည်းငယ်တွေဝေသွားသည်။
ဤသည်မှာ အရည်အချင်းထူးချွန်သူများ၏ လစာဖြစ်နေချေပြီ။
ချန်းတာ့ဖာ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ယဲ့ချန်းလည်း သရော်လိုက်သည်။
"မပေးနိုင်ဘူးမလား။ ဟမ်... ခင်ဗျားရဲ့အမှိုက်လိုကုမ္ပဏီနဲ့များ ကျုပ်ကို လာပြိုင်ရဲတယ်ပေါ့"
ချန်းတာ့ဖာခမျာ ချက်ချင်းဆိုသလို ဒေါသထွက်သွားလေသည်။
ငါ့ကုမ္ပဏီကိုများ အမှိုက်လို့ ပြောရဲတယ်ပေါ့...
ဤသည်မှာ ငွေကြေးနှင့်မဆိုင်တော့ဘဲ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ပြဿနာဖြစ်သွားလေပြီ။ ဤဝန်ထမ်းကို သူ ရအောင် ခန့်ရမည်။
ချန်းတာ့ဖာလည်း အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"ကောင်းပြီလေ။ ငါနဲ့လာပြိုင်တယ်ပေါ့။ ငါက နှစ်သောင်းပေးမယ်။ အခုချက်ချင်းလက်မှတ်ထိုးကြတာပေါ့"
လီထင်ခမျာ ကြောင်အသွားလေသည်။
နှစ်သောင်းဆိုသည်မှာ သူ(မ) အိပ်မက်ပင်မမက်ရဲသော လစာပမာဏပင်။
ယဲ့ချန်းလည်း ဤစကားကိုကြားသော် ထိတ်လန့်သွားသည်။
"ကိုယ်လူ.. ခင်ဗျားက အရမ်းကြမ်းတာပဲ။ အထင်ကြီးဖို့ကောင်းပါပေတယ်။ ခင်ဗျားတို့ကုမ္ပဏီက အာဏာပါဝါရှိသားပဲ"
ချန်းတာ့ဖာလည်း အေးတိအေးစက်သရော်လိုက်သည်။
"အခုရော ဘယ်လိုနေလဲ။ မင်း အထင်ကြီးသွားပြီမလား"
ယဲ့ချန်းက ပြောလိုက်၏။
"ပြောလို့တော့မရသေးဘူးလေ။ စာချုပ်မချုပ်ခင်အထိ ကျုပ်မှာ အခွင့်အရေးရှိသေးတယ်"
"မိန်းကလေး ပြန်စဉ်းစားဦးနော်။ ကျုပ်တို့ကုမ္ပဏီက လစာနှစ်သောင်းတော့ မပေးနိုင်ပေမဲ့ တစ်သောင်းရှစ်ထောင်တော့ ပေးနိုင်ပါတယ်။ ပိတ်ရက်လည်းပါမယ်။ အချိန်ပိုမဆင်းရဘူးနော်။ အဲဒါတွေအကုန်လုံးကို စာချုပ်ထဲမှာ ထည့်ရေးပေးနိုင်တယ်"
ယဲ့ချန်းက လက်မလျှော့သေးကြောင်း မြင်သောအခါ ချန်းတာ့ဖာမှာ အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"ငါလည်း အဲဒီအချက်တွေအကုန်လုံးကို စာချုပ်ထဲမှာ ထည့်ပေးလို့ရတယ်။ အတွင်းရေးမှူး.. စာချုပ်ကို ချက်ချင်းပြင်ထားလိုက်"
ခဏအကြာတွင် အတွင်းရေးမှူးက ပြင်ဆင်ထားသော အလုပ်စာချုပ်တစ်ခုကို ယူလာလေသည်။
လီထင်နှင့် ချန်းတာ့ဖာတို့ လက်မှတ်ထိုးလိုက်တော့မှသာ ယဲ့ချန်းလည်း သက်ပြင်းချလိုက်လေသည်။
"အာ.. ဒီလောက်တော်တဲ့ အလုပ်သမားတစ်ယောက်ကို ခင်ဗျား လုသွားတာပဲ။ ခင်ဗျား ဒီတစ်ခေါက်တော့ အများကြီးအမြတ်ထွက်သွားပြီ"
ယဲ့ချန်းမှာ ခေါင်းတခါခါလုပ်ရင်း အားမလိုအားမရဟန်ဖြင့် ပြန်သွားလေသည်။
ချန်းတာ့ဖာမှာမူ အေးစက်စက်သရော်လိုက်၏။
"ကောင်စုတ်လေး.. ငါ့ကိုများ လာပြိုင်ရဲတယ်ပေါ့"
လီထင်က ယဲ့ချန်း၏ကျောပြင်ကို ငေးကြည့်ရင်း အတန်ငယ်ကြက်သေသေသွားသည်။
တက္ကစီဒရိုင်ဘာအစ်ကိုကြီးက သူ(မ)ကို လစာတိုးအောင် ကူညီပေးမည်ဟု ပြောခဲ့သည်။ သူ(မ)မှာ ထိုစကားကို ဟာသလုပ်နေသည်ဟုသာ သဘောထားခဲ့သော်ငြား အမှန်ဖြစ်နေချေသည်။
ဤသည်မှာ အလွန်အထင်ကြီးဖို့ကောင်းလှသည်။
ယဲ့ချန်းလည်း စတားတက္ကသိုလ်လို့ မောင်းလာခဲ့လိုက်သည်။
လင်းရှစ်ယင်က ရုံးခန်းသို့ ရောက်လာသဖြင့် ယဲ့ချန်း မေးလိုက်သည်။
"သူတို့ရဲ့လက်တွေ့စမ်းသပ်မှုက အခြေအနေ ဘယ်လိုရှိလဲ"
"ပြဿနာနည်းနည်းတက်နေပုံရတယ်။ ဒီကျောင်းသားတွေက နေ့တိုင်း ဓာတ်ခွဲခန်းထဲမှာ နေနေကြတာ"
လင်းရှစ်ယင်က ဆို၏။
"အင်း... ပြဿနာတွေကို သူတို့ဘာသာ ဖြေရှင်းရမှာပဲ။ ဒါနဲ့ သူတို့ကို တစ်နေ့ ထမင်းသုံးနပ် အချိန်မှန်မှန်စားဖို့နဲ့ ဆယ်နာရီခွဲကျရင်အိပ်ဖို့ ပြောလိုက်။
"ကျွန်မ သူတို့ရဲ့အချိန်ဇယားကို စောင့်ကြည့်နေပါတယ်"
ညနေပိုင်းတွင် ဝမ်မုန့်နှင့် အခြားလူများမှာ ကန်တင်းသို့ ထမင်းသွားစားကြသည်။
လီမင်က ပြောလိုက်၏။
"ဝမ်မုန့်... ကျောင်းအုပ်ကြီးကို သွားမေးရအောင်လေ။ ငါတို့ သုတေသနလုပ်နေတာ တော်တော်ကြာပြီ။ အခုထိ ဘာမှတိုးတက်မှုမရှိသေးဘူး"
"မဖြစ်ဘူး။ ငါတို့တွေ လက်တွေ့စမ်းသပ်မှုကို ကိုယ်တိုင်ကျော်လွှားရမယ်လို့ ကျောင်းအုပ်ကြီးက ပြောထားတာ"
"ဒါပေမဲ့"
အခြားလူများမှာ စိုးရိမ်နေပေသည်။
ဝမ်မုန့်က ပြောလိုက်သည်.
"ငါတို့ရဲ့လမ်းကြောင်းက မှန်တယ်။ တစ်နေရာရာမှာ ပြဿနာရှိနေတာဖြစ်ရမယ်"
ထိုအချိန်တွင် သူတို့ဘေးစားပွဲရှိ ကျောင်းသားနှစ်ယောက်ထံသို့ မှာထားသည့်အစားအသောက်များ ရောက်လာသည်။
ကျောင်းသားတစ်ယောက်က ပြောလိုက်၏။
"ဟေး... ဒီနေ့ချက်တဲ့ဟင်းတွေက ပေါ့လိုက်တာ"
အခြားကျောင်းသားက ပြောလိုက်သည်။
"ပေါ့နေရင် ဆားထည့်လိုက်ပေါ့"
သူတို့နှစ်ယောက်၏စကားကို ကြားလိုက်ရသောအခါ ဝမ်မုန့်၏မျက်လုံးများမှာ တောက်ပသွားသည်။
"ဟုတ်တယ်။ အဲဒါက စွမ်းအင်ပမာဏအများကြီးကို မထုတ်ပေးနိုင်တာဆိုတော့ ဒြပ်စင်တစ်ခုခုလိုနေတာပဲဖြစ်ရမယ်။ ငါတို့သာ ဒြပ်စင်တစ်ခု ထပ်ဖြည့်လိုက်ရင် ပြဿနာရှင်းသွားပြီမဟုတ်လား"
ရုတ်ခြည်းပင် ဝမ်မုန့်၏စိတ်အစဉ်ကား ရှင်းလင်းသွားသည်။
"ဓာတ်ခွဲခန်းကို သွားကြစို့။ ပြဿနာက ဘယ်နေရာမှာရှိတာလဲဆိုတာ ငါသိပြီ"
ဝမ်မုန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
ဓာတ်ခွဲခန်းထဲသို့ ရောက်သော် ဝမ်မုန့်က ပြောလိုက်၏။
"ငါတို့ရဲ့နျူကလီးယားပေါင်းစပ်မှုက ကျေနပ်လောက်တဲ့ စွမ်းအင်ကို ထုတ်မပေးနိုင်တာက အများဆုံးစွမ်းအင်ပေါက်ကွဲမှုကိုဖြစ်စေတဲ့ ဓာတ်ကူပစ္စည်းတစ်ခု လိုနေလို့ပဲ။ ဒီဓာတ်ကူပစ္စည်းကိုသာ ထည့်လိုက်ရင် ငါတို့ စွမ်းအင်ပမာဏအများကြီးထုတ်လို့ရပြီ"
ဝမ်မုန့်၏စကားကို ကြားသောအခါ အားလုံး သဘောပေါက်သွားကြသည်။
သူတို့က ဖော်မြူလာတွင် ပြဿနာရှိမရှိသာ စစ်ဆေးခဲ့ကြသည်။ ဖော်မြူလာက ပြဿနာမရှိပါဘဲ တစ်စုံတစ်ခု လိုအပ်နေခြင်းဖြစ်ကြောင်း သတိမထားမိခဲ့ပေ။
ဝမ်မုန့်က ပြောလိုက်၏။
"ငါတို့တာဝန်က အဲဒီဓာတ်ကူပစ္စည်းကို ရှာဖွေဖို့ပဲ"
လမ်းကြောင်းရသွားပြီဖြစ်ရာ သူတို့လည်း လက်တွေ့စမ်းသပ်မှုကို အရူးအမူးလုပ်ဆောင်ကြပြန်သည်။
ဒြပ်စင်ပေါင်းများစွာကို မွမ်းမံပြီး လက်တွေ့စမ်းသပ်မှုများစွာ ပြုလုပ်သည်။
ယဲ့ချန်းကတော့ ဓာတ်ခွဲခန်းထဲတွင် လက်တွေ့စမ်းသပ်မှုလုပ်နေသော သူတို့ကို စောင့်ကြည့်ကင်မရာကတစ်ဆင့် စောင့်ကြည့်ရင်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတော့ ဤကလေးများ လမ်းကြောင်းမှန်ကို ရှာတွေ့သွားလေပြီ။
သူတို့၏အရည်အချင်းက သူထင်ထားသည်ထက် ပိုတော်နေသဖြင့် ပြဿနာကို မြန်မြန်ဆန်ဆန်ရှာတွေ့လိုက်သည်ဟု ဆိုရပေမည်။
ဦးတည်ချက်အမှန်ကို ရှာတွေ့ခြင်းမှာ အောင်မြင်ဖို့ မဝေးတော့ဘူးဟူသော အဓိပ္ပာယ်ပင်။
ယဲ့ချန်းလည်း ဗီဒီယိုကို ပိတ်လိုက်တော့သည်။
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာလေသည်။
"မစ္စတာယဲ့လား"
အမျိုးသမီးတစ်ယောက်၏အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
"ဟုတ်ပါတယ်။ ဘယ်သူလဲ"
"သမီးက ရှောင်မေ့ပါ"
"ဪ.. မင်္ဂလာပါ ရှောင်မေ့.. ဘာလိုချင်လို့လဲ"
"ဦးဦး.. သမီးရဲ့မိဘဆရာအစည်းအဝေးကို တက်ပေးလို့ရမလား"
ယဲ့ချန်း အံ့အားသင့်သွားလေသည်။
"မိဘဆရာအစည်းအဝေးကို တက်ရမှာလား။ မင်းရဲ့မေမေက ဘယ်ရောက်နေလို့လဲ"
"မေမေတို့အလုပ်ကလည်း အစည်းအဝေးရှိတယ်လေ။ အဲဒါကြောင့် လာနိုင်မှာမဟုတ်ဘူး"
"ဦးဦး.. လုပ်ပါနော်။ အဲဒီလိုမှမဟုတ်ရင် ရှောင်ဖန်က သမီးရဲ့မိဘတွေ မလာနိုင်ပြန်ဘူးဆိုပြီး စနေတော့မှာ"
ယဲ့ချန်း၏ရင်ထဲ စူးခနဲနာကျင်သွားရသဖြင့် စူးစမ်းလိုဟန်ဖြင့် မေးလိုက်လေသည်။
"မင်းဖေဖေကရော ဘယ်မှာလဲ"
"သမီးဖေဖေနဲ့မေမေက ကားအက်ဆီးဒင့်ကြောင့် ဆုံးသွားပြီ။ တကယ်တော့ သူက သမီးရဲ့မွေးစားမေမေပါ"
"အဲဒီလိုကိုး။ ကောင်းပြီလေ။ ဦးဦးလာခဲ့မယ်"
"ကောင်းလိုက်တာ"
ညနေငါးနာရီတွင် ယဲ့ချန်းလည်း မိုတုအမှတ်တစ်မူလတန်းကျောင်းသို့ ရောက်လာခဲ့သည်။
စုရှောင်မေ့က ယဲ့ချန်းကို မြင်သောအခါ အလွန်ပျော်သွားလေသည်။
သူ(မ)က သူ(မ)၏သူငယ်ချင်းလေးများကိုပင် ပြောလိုက်သေးသည်။
"ဟွန်း.. ငါ့မှာ ဖေဖေမရှိဘူးလို့ ထပ်မပြောနဲ့တော့။ ဒါက ငါ့အဖေပဲ"
ယဲ့ချန်းမှာ ရှက်သွားရသည်။
ဖုန်းထဲတွင်မူ သူ(မ)က သူ့ကို ဦးဦးဟု ခေါ်ခဲ့သည်။ ယခုမူ ခဏအတွင်းမှာပင် သူသည် အဖေဖြစ်သွားရလေပြီ။
ထိုအချိန်မှာပင် ကောင်လေးတစ်ယောက်၏ဘေးနားရှိ အမျိုးသမီးတစ်ယောက်က ယဲ့ချန်းကို မြင်သွားပြီး အံ့အားသင့်သွားလေသည်။
ယဲ့ချန်းက အလွန်ချောမောခန့်ညားပြီး ငယ်လွန်းလှသော်ငြား သမီးတစ်ယောက်ရှိနေလေပြီ။
ထိုအမျိုးသမီးက ယဲ့ချန်းကို ပြုံးပြ၍ ပြောလိုက်သည်။
"မင်္ဂလာပါ ကျွန်မက ဖန်ဖန့်အမေပါ"
ယဲ့ချန်းလည်း ပြန်ပြုံးပြလိုက်သည်။
"မင်္ဂလာပါ မင်္ဂလာပါ"
သူ့ကိုယ်သူတော့ မိတ်မဆက်လိုက်ပေ။ အဓိကအကြောင်းအရင်းမှာမူ သူ့ကိုယ်သူ ဘယ်လိုမိတ်ဆက်ရမှန်း မသိသောကြောင့်သာ။
သူက ရှောင်မေ့၏အဖေပါဟုလည်း ပြော၍မဖြစ်ချေ။
ခဏအကြာတွင် ဆရာမ ဝင်လာလေသည်။
ရှောင်မေ့၏ဘေးနားရှိ ယဲ့ချန်းကို မြင်လိုက်သောအခါ ဆရာမက အနားသို့ လျှောက်လာလေသည်။
"အာ... နောက်ဆုံးတော့ ရှောင်မေ့ရဲ့မိဘကို တွေ့ရပြီပဲ။ ကျွန်မက ရှောင်မေ့ရဲ့အတန်းပိုင်ဆရာမ ဆရာမချန်းပါ။ ရှင်တို့မိဘတွေက ကလေးကို ဂရုစိုက်ဖို့တောင် မအားကြဘူးပဲ"
ယဲ့ချန်းလည်း ကိုးရိုးကားရားပြုံးပြလိုက်သည်။
"ဟုတ်ပါတယ် ဆရာမ"
ဆရာမချန်းက ရှောင်မေ့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ပြောလိုက်လေသည်။
"ရှောင်မေ့ရဲ့အဖေ.. အပြင်ထွက်ကြရအောင်လေ။ ကျွန်မ ရှင်နဲ့ စကားပြောချင်လို့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှောင်မေ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဤကလေးမလေးက ကျောင်းတွင် ပြဿနာရှာထားလေသလား။
ဆရာမချန်းက ဆိုလာလေသည်။
"ရှောင်မေ့ရဲ့အဖေ.. ရှောင်မေ့ရဲ့ပညာရေးအခြေအနေက ကောင်းပါတယ်။ ဒါပေမဲ့ ရှင်တို့မိဘတွေအနေနဲ့ ကလေးကို ကျောင်းကိုပဲလွှတ်ပြီး ဂရုမစိုက်တာမျိုး လုပ်လို့မရဘူးလေ။ ပထမတန်းတုန်းက ကျောင်းသားဆရာတွေ့ဆုံပွဲကိုတောင် မတက်ခဲ့ဘူး။ ဒုတိယတန်းမှာလည်း တက်ဖို့အချိန်မရှိပြန်ဘူး။ တခြားကလေးတွေကို မိဘတွေက ကျောင်းလိုက်ပို့နေတဲ့အချိန်မှာ ရှင်ကလေးကတော့ ဘတ်စ်ကားနဲ့ သူ့ဘာသာလာရရှာတယ်။ ဒီလိုမိဘမျိုးကို ကျွန်မ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ"
ယဲ့ချန်းခမျာ ကြက်သေသေသွားလေသည်။ ရှောင်မေ့က ရှစ်နှစ်အရွယ်မျှသာ ရှိသေးသော်ငြား ကျောင်းကို တစ်ယောက်တည်း ဘတ်စ်ကားဖြင့် သွားနေရရှာသည်။
အတန်းထဲတွင် တစ်ယောက်တည်းထိုင်နေသော ရှောင်မေ့ကို သူ လှမ်းကြည့်လိုက်သည်။
ဤကလေးက သနားစရာကောင်းလွန်းလှသည်။
ယဲ့ချန်းက ဆို၏။
"ဆရာမ.. ခင်ဗျား အထင်လွဲနေပြီ။ ကျွန်တော်က တကယ်တော့ ရှောင်မေ့အမေရဲ့မိတ်ဆွေပါ။ ကျွန်တော့်မိတ်ဆွေကလည်း ရှောင်မေ့ရဲ့အမေမဟုတ်ပါဘူး။ ရှောင်မေ့ရဲ့မိဘတွေက ကားအက်ဆီးဒင့်ကြောင့် ဆုံးသွားပြီ။ တခြားဆွေမျိုးတွေလည်းမရှိလို့ ကလေးက ကျွန်တော့်မိတ်ဆွေနဲ့ အတူနေနေရတာ"
"အာ အဲဒီလိုကိုး.. ကလေးက တစ်ယောက်တည်းနေတတ်တာလည်း မဆန်းတော့ပါဘူး။ ကျွန်မလည်း အလုပ်မှာ ပြဿနာလေးတွေရှိတော့ ရှောင်မေ့ကို ကောင်းကောင်းသတိမထားမိလိုက်ဘူး"
ဆရာမချန်းက တောင်းပန်လေဟန်ဖြင့် ပြောလာလေသည်။
ယဲ့ချန်းက မေးလိုက်၏။
"ဆရာမ.. ကျောင်းမှာ ရှောင်မေ့ကို အနိုင်ကျင့်တဲ့ ကလေးတစ်ယောက်ယောက်များရှိလား"
••••••••••••••
အပိုင်း ၄၃၄ : မွေးစားအဖေ
ယဲ့ချန်းလည်း ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ကျွန်တော့်မိတ်ဆွေကို သေချာဂရုစိုက်ခိုင်းလိုက်ပါ့မယ်"
"ကောင်းပါပြီ။ ဒါဆို အခုကစပြီး ကျွန်မလည်း ရှောင်မေ့ကို စောင့်ရှောက်ပေးပါ့မယ်လို့ ရှင့်မိတ်ဆွေကို ပြောပေးပါ"
ဤမိဘဆရာတွေ့ဆုံပွဲမှာ နှစ်ဝက်စာမေးပွဲများအပြီး ရလဒ်များကို အကျဉ်းချုပ်ပြီး နောက်စာသင်နှစ်အတွက် ရမှတ်များအကြောင်း ဆွေးနွေးရန်ပင်။
ယဲ့ချန်းလည်း ရှောင်မေ့၏အဖြေလွှာများကို ကြည့်လိုက်သည်။ အခြားဘာသာများတွင် အမှတ်ကောင်းပါသော်ငြား စာစီစာကုံးတွင်မူ ဗလာကြီးချန်ထားခဲ့သဖြင့် ၂၅မှတ်လျော့သွားရသည်။
"မင်း နောက်ဆုံးစာစီစာကုံးကို ဘာလို့မရေးခဲ့တာလဲ"
ယဲ့ချန်းလည်း သိချင်လေဟန်ဖြင့် မေးလိုက်၏။
ရှောင်မေ့က ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။
"သမီးမှာ အဖေမှမရှိတာ.. ဘယ်လိုလုပ်ပြီး မေးလို့ရမှာလဲ။ ဦးဦးအကြောင်းရေးရမှာလား"
ယဲ့ချန်းလည်း ပြောစရာစကားများ ပျောက်ရှသွားရသည်။ ထိုစာစီစာကုံး၏ခေါင်းစဉ်ကား "ကျွန်မဖေဖေ"ဖြစ်နေချေသည်။
အစည်းအဝေးပြီးသောအခါ ယဲ့ချန်းလည်း ရှောင်မေ့နှင့်အတူ ကျောင်းထဲက ထွက်လာခဲ့လိုက်သည်။
ထိုအချိန်မှာပင် ဖန်ဖန့်အမေနှင့် ပက်ပင်းတိုးလေသည်။
ဖန်ဖန်၏မိသားစုက အလွန်ချမ်းသာကြွယ်ဝဟန်တူသည်။ သူ့အမေက ဘီအမ်ဒဗလျူကားကို မောင်း၏။
ယဲ့ချန်းက ကျီလိကားမောင်းလာသည်ကို မြင်သောအခါ ဖန်ဖန့်အမေက အထင်အမြင်သေးဟန်ဖြင့် ကြည့်နေချေသည်။
ဖန်ဖန့်အမေက ဖန်ဖန့်ကို ပြောလိုက်သည့်စကားကိုလည်း ယဲ့ချန်း ပြတ်ပြတ်သားသားကြားလိုက်သည်။
"အဲဒီရှောင်မေ့နဲ့ ဝေးဝေးနေနော်။ မိသားစုနောက်ခံပိုကောင်းတဲ့ ကလေးတွေနဲ့ပဲ ပေါင်းရမယ်"
ထိုစကားကိုကြားသောအခါ ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ရှောင်မေ့ကမူ ဂရုမစိုက်ဘဲ ကားထဲသို့ ပျော်ပျော်ကြီးဝင်သွားလေသည်။
"ဦးဦး သမီးဗိုက်ဆာနေပြီ။ KFCစားချင်တယ်"
"ရှောင်မေ့.. ဦးဦးက မင်းရဲ့အဖေပါလို့ ဆရာမနဲ့သူငယ်ချင်းတွေကို ပြောခဲ့တယ်မလား"
"ဒီတိုင်းဟန်ဆောင်နေတာပါ။ ဦးဦးက သမီးရဲ့သူငယ်ချင်းလေ"
ယဲ့ချန်း : "..."
"ဒါဆို မင်း သူ့ကိုရော ဘယ်လိုခေါ်လဲ"
"သူက သမီးရဲ့မွေးစားမေမေ"
ယဲ့ချန်း : "မဟုတ်သေးဘူး။ ဒါဆို မင်း ငါ့ကို မွေးစားဖေဖေလို့ခေါ်လေ"
"မရဘူး.. သမီးရဲ့မွေးစားမေမေကို အခွင့်အရေးယူချင်တာလား။ မရဘူးနော်"
ယဲ့ချန်း : "..."
ဤဝါစဉ်ကား အကုန်ရှုပ်ထွေးကုန်လေပြီ။
"ဒါနဲ့ မနက်ဖြန်ကျရင် မင်းကို ငါ ကျောင်းလိုက်ပို့ပေးမယ်"
ယဲ့ချန်းက ရုတ်တရက်ပြောလိုက်လေသည်။
"အာ ဟုတ်ကဲ့"
ရှောင်မေ့ကလည်း ခေါင်းညိတ်ပြသည်။
ယဲ့ချန်းလည်း မုန့်ဝမ်ထင်ကို ဖုန်းဆက်လိုက်သည်။
"ဟယ်လို... ယဲ့ချန်းပြောနေတာပါ။ ကိုယ် ရှောင်မေ့အတွက် မိဘဆရာအစည်းအဝေးကို သွားတက်ပေးခဲ့တယ်။ အခု အိမ်ပြန်ပို့ပေးမလို့"
"မိဘဆရာအစည်းအဝေးလား။ သူ ကျွန်မကို ဘာလို့မပြောတာလဲ"
မုန့်ဝမ်ထင်က ပြောလိုက်သည်။
"မင်း အစည်းအဝေးရှိလို့တဲ့"
ယဲ့ချန်းကလည်း ပြန်ဖြေလိုက်၏။
"ဟင့်အင်း.. ဒီကောင်မလေးကတော့.. ကျွန်မကို ထပ်နှောင့်ယှက်ရမှာစိုးနေတာ။ ဒီလိုလုပ်ရင်ရော.. အိမ်ကို ခဏလာခဲ့လေ"
မုန့်ဝမ်ထင်က ပြောလိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ဖြစ်ရပ်အပြီး မုန့်ဝမ်ထင်မှာ ယဲ့ချန်းကို ကျေးဇူးတင်ရမည့် အခွင့်အရေးကို ရှာဖွေနေခဲ့သည်။
ယဲ့ချန်းလည်း သဘောတူလိုက်သည်။
"ကောင်းပြီလေ"
မုန့်ဝမ်ထင်၏အိမ်က မိုတုမြို့ ပိပေါ်ဥယျာဉ်တွင် ရှိ၏။ ထိုနေရာကား ရပ်ကွက်ကောင်းတစ်ခုပင်။
ထင်မှတ်မထားပါဘဲ မုန့်ဝမ်ထင်က အလွန်ချမ်းသာပေသည်။
ကားက အိမ်ရာဝင်း၏ဝင်ပေါက်တွင် ထိုးရပ်လိုက်သည်။ ယဲ့ချန်းလည်း ရှောင်မေ့ကိုခေါ်၍ အိမ်ရာဝင်းထဲသို့ ဝင်လာခဲ့လိုက်သည်။
သူတို့နှစ်ယောက်သား ဓာတ်လှေကားစီး၍ မုန့်ဝမ်ထင်၏အိမ်သို့ ရောက်လာခဲ့သည်။ ထို့နောက် ရှောင်မေ့က တံခါးဖွင့်လိုက်သည်။
မကြာခင်မှာပင် အရသာရှိလှသော ရနံ့တစ်ခုက လေထုထဲဝယ် သင်းပျံ့လာလေသည်။
ချက်ပြုတ်သံများကလည်း မီးဖိုချောင်ထဲတွင် ထွက်ပေါ်နေဆဲသာ။
တံခါးဖွင့်သံကို ကြားသောအခါ မုန့်ဝမ်ထင်က အပြင်သို့ထွက်လာသည်။
သူ(မ)က အေပရွန်ကို ဝတ်ထားရင်း ယဲ့ချန်းကို ကိုးရိုးကားရားတောင်းပန်လိုက်သည်။
"ပြဿနာပေးမိလို့ တကယ်တောင်းပန်ပါတယ်"
ယဲ့ချန်းက ရှောင်မေ့ကို ပွေ့ချီထားသည်။ သူ့မျက်နှာမှာ ပန်းပုရုပ်တစ်ခုအလား သေသပ်လှပပြီး နက်ရှိုင်းလှသော မျက်ဝန်းများနှင့် နှုတ်ခမ်းထက်ရှိ အပြုံးရေးရေးတို့ကြောင့် ဆွဲဆောင်မှုအပြည့် ရှိနေသည်။
မုန့်ဝမ်ထင်ခမျာ တစ်ခဏမျှ မှင်တက်သွားရသည်။
ထိုချောမောခန့်ညားမှုက နာမည်ကြီးအိုင်ဒေါများထက်ပင် အပြတ်အသတ် သာလွန်နေလေသည်။
မုန့်ဝမ်ထင်မှာမူ ကိုယ်တိုင်ပင်သတိမထားမိလိုက်ဘဲ ရင်ခုန်သံမြန်ဆန်သွားသည်။
"မွေးစားဖေဖေ... ဝင်ထိုင်လေ"
ရှောင်မေ့က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ရုတ်တရက်ထွက်ပေါ်လာသော ထိုအခေါ်အဝေါ်ကြောင့် ယဲ့ချန်းရော မုန့်ဝမ်ထင်ပါ အငိုက်မိသွားကြသည်။
အထူးသဖြင့် မုန့်ဝမ်ထင်၏ မျက်နှာလှလှလေးမှာ ရဲခနဲဖြစ်သွားချေသည်။
ယဲ့ချန်းလည်း အနေခက်သွားသဖြင့် ချောင်းတစ်ချက်ဟန့်လိုက်သည်။
"ကဲ... ရှောင်မေ့ကိုလည်း အိမ်ပြန်ပို့ပေးပြီးပြီဆိုတော့ ပြန်လိုက်ပါဦးမယ်"
မုန့်ဝမ်ထင်က အမြန်ပြောလိုက်သည်။
"မပြန်ပါနဲ့ဦး။ ဒီအထိ ရောက်လာပြီးမှတော့ ညစာစားပြီးမှ ပြန်ပါလား"
ရှောင်မေ့ကလည်း ယဲ့ချန်း၏လက်ကို ဆွဲထားသည်။
"မွေးစားဖေဖေ... မွေးစားမေမေက အိမ်ပြန်ရောက်ကတည်းက မွေးစားဖေဖေ့အကြောင်းပဲ ပြောနေတာ။ ညစာစားသွားပါနော်"
"ရှောင်မေ့... နင် ဘာတွေလျှောက်ပြောနေတာလဲ။ ဒီကောင်မလေးတော့လေ"
ရှောင်မေ့က လျှာထုတ်၍ ပြောင်ပြရင်း ပြောလိုက်သည်။
"သမီးတော့ ဖေဖေတို့မေမေတို့ကြားမှာ အပိုလူမဖြစ်ချင်ပါဘူး။ အိမ်စာပဲ သွားလုပ်တော့မယ်"
မုန့်ဝမ်ထင်၏ မျက်နှာကား ရဲခနဲဖြစ်သွားပြီး နေရခက်ဟန်ဖြင့် ပြောလိုက်သည်။
"ဒီကောင်မလေးကတော့... လူတတ်ကြီးလုပ်နေတာပဲ"
ယဲ့ချန်းကလည်း ရယ်မောလျက် ပြောလိုက်သည်။
"ရှောင်မေ့က ချစ်ဖို့ကောင်းပါတယ်"
ဤတိုက်ခန်းမှာ စတုရန်းမီတာတစ်ရာကျော်ခန့် ကျယ်ဝန်းပြီး အလွန်သပ်ရပ်သန့်ရှင်းသည်။
မုန့်ဝမ်ထင်က ယဲ့ချန်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီး ပြောလိုက်၏။
"ခဏလောက် စောင့်ဦးနော်။ ကျွန်မလက်ရာကို မြည်းခိုင်းရမယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီ။ ဒါပေမဲ့ တူးနံ့ရသလိုပဲနော်"
မုန့်ဝမ်ထင်မှာမူ နှာခေါင်းရှုံ့၍ အနံ့ခံကြည့်လိုက်ပြီးနောက် မျက်နှာပျက်သွားပြီး မီးဖိုချောင်ထဲသို့ အမြန်ပြေးဝင်သွားလေသည်။
မကြာခင်မှာပင် မီးဖိုချောင်ထဲမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
ယဲ့ချန်းလည်း သူ(မ)နောက်က လိုက်ဝင်သွားလိုက်လေရာ ပွစာကြဲနေသော အခြေအနေကို တွေ့လိုက်ရသည်။ အိုးထဲရှိ ဟင်းများမှာ တူးကုန်လေပြီ။ ယဲ့ချန်းကို နှုတ်ဆက်ရင်း မီးဖိုပိတ်ရန် မေ့သွားပုံရသည်။
"ရပါတယ်။ ပြန်ချက်လိုက်ရင် ရတာပဲ"
မုန့်ဝမ်ထင်မှာမူ အားနာသွားပြီး ပြောလိုက်၏။
"ဒါမှမဟုတ် ဒီနားက ဆိုင်တစ်ဆိုင်မှာပဲ သွားစားကြမလား"
ယဲ့ချန်းက ဆို၏။
"ဟင်းချက်စရာတွေ အများကြီးကျန်နေသေးတာပဲ။ ကျွန်တော် ချက်လိုက်ရမလား"
"ရှင် ချက်တတ်လို့လား"
မုန့်ဝမ်ထင် အံ့သြသွားရသည်။
ယဲ့ချန်းက အသာပြုံးလိုက်၏။
"ဒါပေါ့။ ကျွန်တော့်လက်ရာက မီချယ်လင်းစားဖိုမှူးအဆင့် ရှိတယ်နော်"
မုန့်ဝမ်ထင်က သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ကြွားလိုက်တာ"
ယဲ့ချန်းက အသာပြုံးလိုက်သည်။ "နတ်ဘုရားအဆင့်ဟင်းချက်စွမ်းရည်"နှင့် ယှဉ်လိုက်လျှင် မီချယ်လင်းကြယ်သုံးပွင့်စားဖိုမှူးဆိုသည်မှာ ယဲ့ချန်း၏မျက်လုံးထဲတွင် အမှိုက်မျှသာ။
ယဲ့ချန်းက အေပရွန်ဝတ်လိုက်ပြီး အိတ်ထဲမှ အာလူးများကို ထုတ်လိုက်သည်။
သူ့လက်ထဲရှိ ဓားက အာလူးပေါ်တွင် ပေါ့ပါးစွာ လှုပ်ရှားသွားပြီးနောက် အာလူးခွံများမှာ ယဲ့ချန်း၏လက်ရာအောက်တွင် အလွယ်တကူ ကွာကျသွားသည်။
ဤမြင်ကွင်းကို ကြည့်ရင်း မုန့်ဝမ်ထင် ဆွံ့အသွားရသည်။
ဓားကိုင်သည့်စွမ်းရည်က မယုံနိုင်လောက်အောင် ကောင်းလွန်းလှသည်။
ယဲ့ချန်း စတင်ချက်ပြုတ်သည့်အခါ မုန့်ဝမ်ထင်မှာ အံ့သြတကြီးငေးနေမိသည်။
ယဲ့ချန်း ချက်ပြုတ်နေပုံကို ကြည့်ရသည်မှာ ကြည်နူးစရာကောင်းလှသည်။ ဟင်းသီးဟင်းရွက် လှီးဖြတ်သည့်မြင်ကွင်းကအစ ပါဝင်ပစ္စည်းများကို ကိုင်တွယ်ပုံအဆုံး အဆင့်တစ်ခုချင်းစီတိုင်းက အနုပညာဆန်လွန်းလှသည်။
မကြာခင်မှာပင် အငွေ့တထောင်းထောင်းထနေသော အာလူးအမဲသားနှပ်ဟင်းလည်း အဆင်သင့်ဖြစ်နေချေပြီ။
မုန့်ဝမ်ထင်မှာ ဟင်းပန်းကန်ကိုကိုင်ပြီး အနံ့ခံကြည့်လိုက်သည်။
ဘုရားရေ... အနံ့က မွှေးလိုက်တာ။
မုန့်ဝမ်ထင်ခမျာ အခြားဟင်းပွဲများကို ချက်ပြုတ်ရင်း အလုပ်ရှုပ်နေသော ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဟင်းကို ခိုးမြည်းကြည့်လျှင် ပြဿနာမရှိလောက်ဘူးဟု တွေးလိုက်သည်။
ထို့နောက် သူ(မ)လည်း အမဲသားတစ်ဖတ်ကို လက်ဖြင့်ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အရသာက ပါးစပ်ထဲတွင် ပေါက်ကွဲထွက်သွားသလိုပင်။ အမဲသားက အနေတော်လေး ကျက်နေပြီး ဝါးရသည်မှာလည်း အိစက်ညက်ညောကာ အာလူး၏အရသာနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေပေသည်။
တစ်လုတ်စားပြီးသည်နှင့် ရပ်မရတော့ပေ။
သူ(မ)လည်း မနေနိုင်တော့ဘဲ နောက်ထပ် အမဲသားတစ်ဖတ်ကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်ပြန်သည်။
ထိုအချိန်တွင် ရှောင်မေ့ကလည်း အနံ့ရသဖြင့် အပြင်ထွက်လာသည်။
"မွေးစားမေမေ... ဘာဟင်းမို့လို့ ဒီလောက်တောင် မွှေးနေတာလဲ"
မုန့်ဝမ်ထင်က အမြန်ပြောလိုက်သည်။
"ရှောင်မေ့... ဒါက သမီးရဲ့ဦးလေးယဲ့ ချက်ထားတဲ့ အာလူးအမဲသားနှပ်လေ။ မြည်းကြည့်ဦး"
ရှောင်မေ့က တူကို အမြန်ကောက်ကိုင်ပြီး အသားတစ်ဖတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
သူ(မ)၏မျက်နှာထက်တွင် နှစ်ခြိုက်သဘောကျသွားသော အမူအရာတစ်ခု ပေါ်လာသည်။
"ဝိုး... ဦးဦးယဲ့ရဲ့ အာလူးအမဲသားနှပ်က အရမ်းစားကောင်းတာပဲ။ မေမေချက်တာထက် အဆတစ်ထောင်လောက် ပိုကောင်းတယ်"
မုန့်ဝမ်ထင်က ရှောင်မေ့၏ခေါင်းလေးကို ခပ်ဖွဖွ ခေါက်လိုက်သည်။
"မွေးစားမေမေကို ဘယ်လိုတောင် နှိမ်လိုက်တာလဲ"
ပါးစပ်ကသာ ထိုသို့ပြောနေသော်လည်း သူ(မ)၏လက်ကမူ အလိုအလျောက်ပင် နောက်ထပ်အသားတစ်ဖတ်ကို တူဖြင့်လှမ်းညှပ်လိုက်မိပြန်သည်။
ထိုအချိန်တွင် ယဲ့ချန်းက ဟင်းပွဲနှစ်ပွဲကိုကိုင်၍ ရောက်လာသည်။
ဧည့်သည်တောင် မစားရသေးဘဲ ကိုယ်ကအရင်စားမိနေသဖြင့် ရှက်စရာကောင်းသည်ဟု မုန့်ဝမ်ထင် တွေးလိုက်မိသည်။
"ယဲ့ချန်း... ရှင်ချက်ထားတဲ့ဟင်းတွေက အရမ်းစားကောင်းလွန်းတော့ ကျွန်မ မနေနိုင်လိုက်ဘူး"
ယဲ့ချန်းက ပြုံးလိုက်၏။
"ရပါတယ်ဗျာ။ ဒီဟင်းနှစ်ပွဲကိုလည်း မြည်းကြည့်ကြဦး"
မုန့်ဝမ်ထင်နှင့် ရှောင်မေ့တို့ မြည်းစမ်းကြည့်လိုက်ကြပြီးနောက် မရပ်တန့်နိုင်တော့လောက်အောင် ဖြစ်သွားကြသည်။
•••••••••••••••••
အပိုင်း ၄၃၅ : နိုင်ငံတော်ရတနာအဆင့်ရှိသောချစ်သူ
စားပွဲပေါ်တွင် ဟင်းပွဲများဖြင့် ပြည့်နှက်နေပြီး သားအမိနှစ်ယောက်မှာ လေပွေမုန်တိုင်း တိုက်ခတ်သည့်အလား အားပါးတရစားသောက်နေကြသော်လည်း ယဲ့ချန်းကမူ သိပ်မစားပေ။
ညစာစားပြီးနောက် ရှောင်မေ့က မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
"မွေးစားဖေဖေရဲ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ"
မုန့်ဝမ်ထင်က မျက်နှာလေး ရဲသွားပြီး ပြောလိုက်၏။
"ရှောင်မေ့... ဦးဦးလို့ပဲ ခေါ်ရမယ်လေ။ မွေးစားဖေဖေလို့ မခေါ်ရဘူး"
ရှောင်မေ့က ဆို၏။
"သမီးတို့က ဘော်ဒါတွေလေ။ ပြီးတော့ မေမေလည်း ရှိနေတာဆိုတော့ သူက သမီးရဲ့မွေးစားဖေဖေ ဖြစ်သင့်တာပေါ့"
မုန့်ဝမ်ထင်က ယဲ့ချန်းကို အားတုံ့အားနာဖြစ်နေဟန်ဖြင့် ကြည့်၍ ပြောလိုက်သည်။
"ဒီကလေးကို ကြည့်ပါဦး"
ယဲ့ချန်းလည်း အသာပြုံးလိုက်၏။
"ရပါတယ်။ သူကြိုက်သလို ခေါ်ပါစေ"
ရှောင်မေ့က မျက်နှာပြောင်ပြပြီးနောက် အခန်းထဲသို့ ပြန်ပြေးကာ အိမ်စာဆက်လုပ်နေလေသည်။
မုန့်ဝမ်ထင်က ပြောလိုက်သည်။
"ရှင်ချက်တဲ့ဟင်းတွေက အရမ်းစားကောင်းတယ်နော်။ သင်တန်းတက်ပြီး သင်ထားတာလား"
ယဲ့ချန်းက ခေါင်းခါပြ၍ ပြောလိုက်သည်။
"ကိုယ့်ဘာသာပဲ လေ့လာထားတာပါ"
"ဝိုး... ကိုယ့်ဘာသာ လေ့လာထားတာလား။ တကယ်အံ့သြဖို့ကောင်းတာပဲ"
"ပုံမှန်ပါပဲ"
"ရှင့်လက်ရာကိုသာ နေ့တိုင်းစားရရင် ကျွန်မတော့ သေချာပေါက်ဝလာတော့မှာပဲ"
မုန့်ဝမ်ထင်က ပြောလိုက်သည်။
မုန့်ဝမ်ထင်မှာ ယဲ့ချန်းအပေါ် အမြင်ကောင်းတစ်ခု ရှိထားသည်။
သူက ရုပ်ရည်ချောမောပြီး စိတ်သဘောထား ပြည့်ဝသည်။ ဟင်းချက်လက်ရာလည်း ကောင်းသည်ဖြစ်ရာ အလွန်ပြီးပြည့်စုံသော အမျိုးသားတစ်ယောက်ပင်။
မုန့်ဝမ်ထင်အနေနှင့် ထူးချွန်သော အမျိုးသားများကို တွေ့ဖူးသော်လည်း ယဲ့ချန်းကတော့ အတော်ဆုံးဖြစ်ကြောင်း သူ(မ) သေချာပေါက်ပြောရဲသည်။
ယဲ့ချန်းက ရယ်မောပြီး စကားဆိုလိုက်သည်။
"မင်းသဘောကျတယ်ဆိုရင် ကျွန်တော် မကြာခဏလာပြီး မင်းနဲ့ ရှောင်မေ့အတွက် ချက်ကျွေးပါ့မယ်"
မုန့်ဝမ်ထင်ကိုယ်တိုင်ကလည်း အလှပဂေးတစ်ယောက်ဖြစ်ပြီး ရှောင်မေ့ကလည်း အလွန်ချစ်စရာကောင်းလှသည်။
ယဲ့ချန်း၏အပြုံးကို မြင်လိုက်ရသောအခါ မုန့်ဝမ်ထင်တစ်ယောက် ကြွေဆင်းသွားရသည်။
မုန့်ဝမ်ထင်ခမျာ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး စားပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကာ ပြောလိုက်၏။
"ကျွန်မ ပန်းကန်သွားဆေးလိုက်ဦးမယ်"
ယဲ့ချန်း ရေနွေးကြမ်းသောက်နေစဉ် မီးဖိုချောင်ထဲမှ အော်သံတစ်သံနှင့်အတူ ပန်းကန်ကျကွဲသံကို ရုတ်တရက်ကြားလိုက်ရသည်။
"ဘာဖြစ်သွားသေးလဲ"
ယဲ့ချန်းလည်း မီးဖိုချောင်ထဲသို့ အမြန်ပြေးဝင်သွားသည်။
ကြမ်းပြင်ပေါ်တွင် ပန်းကန်ကွဲစများ ပြန့်ကျဲနေပြီး မုန့်ဝမ်ထင်၏လက်တွင် ဒဏ်ရာရထားကြောင်း သူ တွေ့လိုက်ရသည်။
"ဘယ်လိုလုပ်ပြီး နမော်နမဲ့နိုင်ရတာလဲ။ ကြည့်ကြည့်ရအောင်"
ယဲ့ချန်းက နူးညံ့လှသော မုန့်ဝမ်ထင်၏လက်ကို ဆွဲယူလိုက်သည်။
မုန့်ဝမ်ထင်၏မျက်နှာလှလှလေးမှာ ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ချက်ချင်း ရဲခနဲဖြစ်သွားသည်။
ယဲ့ချန်းက အနားသို့ အလွန်နီးကပ်နေသည့်အပြင် ဂရုစိုက်တတ်သော သူ့ပုံစံကြောင့် မုန့်ဝမ်ထင်၏ရင်ခုန်သံများ မြန်ဆန်လာသည်။
မုန့်ဝမ်ထင်က ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။
"ကျွန်မက နမော်နမဲ့နိုင်လို့ ဘာမှမလုပ်တတ်ဘူးလို့ ရှင်ထင်လားဟင်"
ယဲ့ချန်းက အသာပြုံးလိုက်၏။
"မထင်ပါဘူး။ ကျွန်တော်က ဒီပန်းကန်ပြားအတွက် စိတ်ပူနေတာပါ။ ဒါက နည်းနည်းဈေးကြီးတယ်လေ"
"လူဆိုး"
ယဲ့ချန်း စနောက်နေမှန်းသိသဖြင့် မုန့်ဝမ်ထင်လည်း သူ့ကို နှစ်ချက်လောက် ထုရိုက်လိုက်သည်။
ယဲ့ချန်းက မေးလိုက်၏။
"ပလာစတာရှိလား။ မင်းဘာသာ ကပ်ထားနှင့်လိုက်။ ကျွန်တော် ပန်းကန်တွေဆေးလိုက်မယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ပန်းကန်အကွဲစများကို အမှိုက်ပုံးထဲသို့ထည့်ကာ ပန်းကန်ဆေးကြောလေသည်။
ယဲ့ချန်းက ကျွမ်းကျင်ပိုင်နိုင်စွာ ပန်းကန်ဆေးနေသည်ကို ကြည့်ရင်း မုန့်ဝမ်ထင် ရှက်သွေးဖြာရပြန်သည်။
နောက်နောင် ယဲ့ချန်းသာ သူ(မ)အိမ်ကို မကြာခဏလာဖြစ်လျှင် ဘယ်လောက်ကောင်းလိုက်လေမလဲ။
သူ(မ)သည် တစ်ချိန်လုံး တစ်ယောက်တည်း နေထိုင်ခဲ့ရသဖြင့် တစ်ခါတစ်ရံတွင် အထီးကျန်သလို ခံစားရသည်။
အမျိုးသားတစ်ယောက်က အနားတွင် ရှိနေခြင်းကြောင့် မုန့်ဝမ်ထင် နွေးထွေးမှုကို ခံစားမိသည်။
မုန်ဝမ်ထင်က အကြောင်သား ရပ်နေဆဲဖြစ်ကြောင်း ယဲ့ချန်း မြင်လိုက်ရသဖြင့် မေးကြည့်မိသည်။
"ဘာလို့ ပလာစတာမကပ်သေးတာလဲ။ ဆေးသေတ္တာ ဘယ်မှာလဲဆိုတာသာ ပြောပြတော့"
ဆေးသေတ္တာကို ရှာတွေ့သောအခါ ယဲ့ချန်းလည်း နူးညံ့လှသော မုန့်ဝမ်ထင်၏လက်ကလေးကို ဆွဲယူပြီး ပလာစတာကို ဂရုတစိုက် ကပ်ပေးရင်း ပြောလိုက်သည်။
"နောက်နှစ်ရက်လောက် ရေမထိစေနဲ့နော်။ ကြားလား"
မုန့်ဝမ်ထင်လည်း နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ချန်းကိုကြည့်ရင်း မုန့်ဝမ်ထင် တခစ်ခစ် ရယ်လိုက်မိသည်။
ယဲ့ချန်းမှာမူ ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
"လက်နာနေတာတောင် ပျော်နေသေးတာလား"
မုန့်ဝမ်ထင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။
"ပျော်တာပေါ့။ ရှင်က ဂရုစိုက်ပေးတတ်မှန်း ခံစားမိလို့လေ။ ရှင့်ကောင်မလေးဖြစ်ခွင့်ရတဲ့လူကတော့ သေချာပေါက်ကံကောင်းမှာပဲ"
မုန့်ဝမ်ထင်၏စကားကို ကြားသောအခါ ယဲ့ချန်းလည်း အသာပြုံးလိုက်မိသည်။
"ဒါပေါ့... ကျွန်တော်က နိုင်ငံ့ရတနာအဆင့်ချစ်သူလေ"
ယဲ့ချန်းမှာ အချိန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
"ကဲ... မိုးချုပ်နေပြီ။ ကျွန်တော် ပြန်တော့မယ်နော်။ နောက်တစ်ခါချက်ပြုတ်ရင် သတိထားဦး။ ဒီတစ်ခါတော့ နည်းနည်းပဲရှသွားတာ။ နောက်တစ်ခါကျရင် လက်ချောင်းပြတ်ထွက်မသွားစေနဲ့ဦး"
"လျှောက်ပြောနေပြန်ပြီ။ ဘာတွေပြောနေတာလဲ"
မုန့်ဝမ်ထင်က စိတ်ဆိုးဆိုးဖြင့် ပြောလိုက်သည်။
ယဲ့ချန်း စာကြည့်ခန်းထဲသို့ ဝင်သွားသောအခါ ရှောင်မေ့က စာစီစာကုံးရေးနေသည်ကို တွေ့လိုက်ရ၏။
ရှောင်မေ့၏ စာစီစာကုံးခေါင်းစဉ်ကို မြင်လိုက်ရချိန်တွင် ယဲ့ချန်း ကြက်သေသေသွားသည်။
အကြောင်းမှာ ရှောင်မေ့၏ စာစီစာကုံးခေါင်းစဉ်က "ကျွန်မ၏ဖေဖေ" ဖြစ်နေသောကြောင့်ပင်။
"ကျွန်မဖေဖေက အလွန်ချောမောသည်။ တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်သော်လည်း ဟင်းချက်လက်ရာ အလွန်ကောင်းမွန်သည်။ ကျွန်မ ဖေဖေ့ကိုအလွန်ချစ်သည်"
ဤစာသားများကို မြင်လိုက်ရသောအခါ ဘာကြောင့်မှန်းမသိသော်ငြား ယဲ့ချန်း၏ရင်ထဲတွင် နွေးထွေးသွားပြီး အနည်းငယ်ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။
ယဲ့ချန်းကို မြင်သောအခါ ရှောင်မေ့လည်း အနည်းငယ်ရှက်သွားပြီး စာစီစာကုံးစာရွက်ကို အုပ်ထားလိုက်သည်။
ယဲ့ချန်းက ပြုံးပြီး ပြောလိုက်သည်။
"ရှောင်မေ့... မွေးစားဖေဖေ ပြန်တော့မယ်နော်။ ဒါနဲ့ မနက်ဖြန်ကျရင် ကျောင်းလိုက်ပို့ပေးမယ်"
အတန်းထဲရှိ ကျောင်းသားများက ရှောင်မေ့တွင် အဖေမရှိဘူးဟုဆိုကာ အနိုင်ကျင့်ကြကြောင်း ဆရာမက ပြောပြလိုက်သည်။
ဤတစ်ခါတွင်မူ ရှောင်မေ့၏အဖေက ဘယ်လောက်မိုက်သလဲဆိုသည်ကို ကျောင်းသားအားလုံး သိသွားအောင် ယဲ့ချန်း လုပ်ပြချင်သည်။
ယဲ့ချန်း ပြန်တော့မည့်အချိန်တွင် ရှောင်မေ့ရော မုန့်ဝမ်ထင်ပါ နှုတ်ဆက်ရမည်ကို ဝန်လေးနေကြသည်။
ယဲ့ချန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှောင်မေ့က ရုတ်တရက်ပြောလိုက်၏။
"မွေးစားမေမေ... မွေးစားဖေဖေကို လက်ထပ်လိုက်ပါ့လား။ မေမေမလှုပ်ရှားရင် သမီး ကြီးလာတဲ့အခါ ယူပစ်လိုက်မှာနော်"
မုန့်ဝမ်ထင်လည်း အံ့သြသွားပြီး ရှောင်မေ့၏ နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်လိုက်သည်။
"ဒီကောင်မလေး... ဘာတွေတွေးနေတာလဲ"
သို့သော် မုန့်ဝမ်ထင် ဆိုဖာပေါ်သို့ထိုင်ချပြီးနောက် မူလအတိုင်း တိတ်ဆိတ်သွားသော အခန်းကို ငေးကြည့်ရင်း အနည်းငယ် ငူငူငိူင်ငိုင်ဖြစ်သွားသည်။
မခံစားရတာကြာပြီဖြစ်သော နွေးထွေးမှုလေးတစ်ခု....
ထို့နောက် ပလာစတာကပ်ထားသော သူ(မ)၏လက်ကိုကြည့်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ။
မုန့်ဝမ်ထင်လည်း ဖုန်းဖွင့်ပြီး သူ(မ)၏အခင်ဆုံးသူငယ်ချင်းလီယောင်ယောင်ထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။
"ယောင်ယောင်... ငါ ဘယ်လိုလုပ်ရမလဲ။ ငါ ယောကျ်ားတစ်ယောက်ကို ချစ်မိသွားပြီထင်တယ်"
လီယောင်ယောင်က မုန့်ဝမ်ထင်၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ဟိုတယ်တစ်ခုတွင် စားဖိုမှူးလုပ်နေပေသည်။
သို့သော် သူ(မ)က အစမ်းခန့်ကာလတွင်သာ ရှိသေးသည်။
သူတို့နှစ်ယောက်က အထက်တန်းကျောင်းကတည်းက အလွန်ရင်းနှီးခဲ့ကြပြီး မည်သည့်လျှို့ဝှက်ချက်ကိုမဆို မျှဝေလေ့ရှိကြသည်။
ထို့ကြောင့် မုန့်ဝမ်ထင်တွင် စိတ်ညစ်စရာရှိလျှင် လီယောင်ယောင်ကို တိုင်ပင်လေ့ရှိသည်။
လီယောင်ယောင်ကလည်း အမြန်စာပြန်လာသည်။
"အမလေး... ဘယ်က ပြီးပြည့်စုံတဲ့ ကိုလူချောမို့လို့ ငါတို့ဝမ်ထင်ရဲ့နှလုံးသားကို ဖမ်းစားနိုင်တာလဲ"
လီယောင်ယောင်က စကားပြောရင်း မျက်နှာပြောင်သည့် အီမိုဂျီတစ်ခုကိုပါ ပို့လိုက်သည်။
"နင့်အသက်ကလည်း ငယ်တော့တာမဟုတ်ဘူး။ ကြိုက်တဲ့ယောကျ်ားတွေ့ရင် တွေဝေမနေနဲ့။ ဖမ်းဆုပ်ထားလိုက်တော့။ ငါ ထောက်ခံတယ်။ ဒါနဲ့... ပြီးရင် ဓာတ်ပုံပြဦး။ လူယုတ်မာဟုတ်မဟုတ် ငါ ကူကြည့်ပေးမယ်။ နင် အလိမ်မခံရအောင်လို့"
"မဟုတ်ပါဘူးဟယ်"
မုန့်ဝမ်ထင်က ယဲ့ချန်း ရှောင်မေ့ကို ကယ်တင်ခဲ့ကြောင်း၊ မိဘဆရာတွေ့ဆုံပွဲတွင် ကူညီပေးခဲ့ကြောင်းနှင့် ချက်ပြုတ်ပေးခဲ့ကြောင်းတို့ကို ပြောပြလိုက်သည်။
"သြော်... အဲဒီလိုကိုး။ ငါတို့ဝမ်ထင် ကြွေသွားတာ မဆန်းပါဘူးလေ။ ရုပ်ချောတယ်။ စိတ်ထားကောင်းတယ်။ အရေးကြီးဆုံးက ဟင်းချက်ကောင်းတယ်ဆိုတော့ အဲဒီလိုယောကျ်ားမျိုးက တကယ်ရှိလို့လား"
မုန့်ဝမ်ထင်က ပြန်ဖြေလိုက်သည်။
"ငါလည်း အိမ်မက်လို့ ထင်နေတာ။ ဒါပေမဲ့ အဲဒီလိုလူမျိုး ငါ့ဘဝထဲကို တကယ်ရောက်လာတယ်ဟ"
လီယောင်ယောင်က ပြောလိုက်၏။
"နင်ပြောသလို ကောင်းတယ်ဆိုရင် ဘာစောင့်နေဦးမှာလဲ။ ဖမ်းဆုပ်ထားလိုက်တော့။ အခုခေတ်မှာ ဒီလိုယောကျ်ားမျိုး သိပ်မရှိတော့ဘူး။ နင် တန်ဖိုးမထားရင် တခြားတစ်ယောက်က လုသွားလိမ့်မယ်"
မုန့်ဝမ်ထင်က ပြောလိုက်လေသည်။
"ဒါပေမဲ့ ငါ ကြောက်တယ်ဟ။ သူက အရမ်းထူးချွန်တော့ ရည်းစားရှိနေမှာစိုးလို့"
"ဒါနဲ့ သူ့ပုံစံကိုကြည့်ရအောင် ဓာတ်ပုံလေးပို့ပေးပါဦး"
လီယောင်ယောင်က ပြောလိုက်သည်။
မုန့်ဝမ်ထင်လည်း သူဟင်းချက်နေစဉ် ဘေးတိုက်အနေအထားဖြင့် ရိုက်ထားသော ဓာတ်ပုံကို ပို့ပေးလိုက်သည်။
"ဘုရားရေ... ဝမ်ထင်... ဒီလူက အရမ်းချောတာပဲ။ ဒီလိုနိုင်ငံ့ရတနာအဆင့် ရည်းစားမျိုးကို နင်မလိုချင်ရင် ငါလုသွားမှ အပြစ်မတင်နဲ့နော်"
"လုပ်ရဲရင် လုပ်ကြည့်လေ။ နင်သာ လုရဲရင် နင့်ဖင်ကို ရိုက်ပစ်မယ်"
မုန့်ဝမ်ထင်က ပြန်ပြောလိုက်သည်။
လီယောင်ယောင်က ဆို၏။
"ဒါဆိုလည်း ကြိုးစားလေ။ သူက ချောတယ်။ နင်က လှတယ်ဆိုတော့ ရှေ့ဆက်တိုးလိုက်။ နင် သေချာပေါက်လုပ်နိုင်မှာပါ"