အခန်း (၁၄၄၁-၁၄၄၃)
Vol. 97 Ch. 1441-1443
အခန်း (၁၄၄၁)
မယှဉ်နိုင်ဘူးလို့ ထင်နေတာလား
နတ်ဝိညာဉ်ထီးက ဖန်တီးထားသော အတားအဆီးကြောင့် နိုင်ငံကြီး ဆယ်နိုင်ငံမှ ဧကရာဇ်အဆင့်များ အကြံကုန်နေကြသည်။ ထိုစဉ်မှာပင် ဆန်းပြားတောက်ပသည့် နတ်လှေတစ်စင်း ဖုန်းယန် ကြယ်နယ်မြေအတွင်း၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
ထိုနတ်လှေကို မြင်လိုက်ရလျှင် ရန်ယန်ဧကရာဇ်သည် သူ၏ လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်ပြီးနတ်ဝိညာဉ်ထီးကို တိုက်ခိုက်နေခြင်းကိုလည်း ရပ်ဆိုင်းလိုက်သည်။
ဧကရာဇ် ပိုရှန်းက
“ဒီနတ်လှေက အရမ်းခမ်းနားတာပဲ...အထဲကလူက မင်းသား လုချန်း ဖြစ်ရမယ်။”
ရေခဲပိုးကောင် ဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး
“သူက ဆက်ပြီး မခံနိုင်တော့လို့ အသနားခံဖို့ ထွက်လာတာများလား။”
အတားအဆီးကို သူတို့ အနည်းငယ်မျှ မထိခိုက်စေနိုင်သော်လည်း ဤကဲ့သို့ အစွမ်းထက်သော နည်းဗျူဟာပုံစံ အတားအဆီးကို ထိန်းသိမ်းထားရန် အင်အား အလွန် ကုန်ဆုံးပေလိမ့်မည်။ ရှန်ယွဲ့နိုင်ငံ၏ မင်းသား လုချန်းသည် အများဆုံး ဧကရာဇ်အဆင့်တစ်လောက်သာ ရှိပေလိမ့်မည်။ ထို့ကြောင့် သူ၏ အင်အားနှင့် ကြာရှည် ခံနိုင်မည် မဟုတ်ဟု ရေခဲပိုးကောင် ဧကရာဇ် ယူဆထားခြင်း ဖြစ်သည်။
ရေခဲပိုးကောင် ဧကရာဇ်၏ ခန့်မှန်းချက်ကို ကြားလျှင် အခြားဧကရာဇ်များလည်း အကျိုးကြောင်းဆီလျော်သည်ဟု စဉ်းစားလိုက်ကြသည်။ ထို့ကြောင့် အားလုံး ခဏခန့် စိတ်သက်သာရာ ရသွားကြ၏။
မင်ရှင်းဧကရာဇ်ကတော့ နတ်လှေကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူ၏ စိတ်ထဲတွင်လည်း မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
…….
ထိုအခိုက်အတန့်တွင်။
ဖေးဟုန် နတ်လှေအတွင်း၌။
ထျန်းဟုန် ဧကရီ၏ နောက်တွင် လုချန်း ရပ်နေသည်။ သူသည် သူမ၏ ဝမ်းဗိုက်ကို သူ၏ လက်နှင့် ပွေ့ဖက်ထား၏။
သူတို့၏ ရှေ့တွင် နိုင်ငံဆယ်နိုင်ငံ မဟာမိတ်တပ်ဖွဲ့၏ ပုံရိပ်များ ပြသနေ၏။ ဧကရာဇ်အဆင့်များက တိုက်ခိုက်မှုကို ရပ်ဆိုင်းလိုက်သည်ကို မြင်လျှင် ထျန်းဟုန် ဧကရီ၏ နားနားသို့ လုချန်း ကပ်လိုက်ကာ
“ဟုန်ဟုန်... မင်း သူတို့ကို ရင်ဆိုင်နိုင်ပါ့မလား”
ဟု တိုးတိုးလေး မေးမြန်းလိုက်၏။
အကြောင်းရင်း တစ်ခုခုကြောင့် သို့မဟုတ် သူမ၏ ဝမ်းဗိုက်အတွင်းမှ သောင်းကျန်းနေသော ကလေးကြောင့် ယခုတလော ထျန်းဟုန် ဧကရီ စိတ်မငြိမ်မသက် ဖြစ်နေခဲ့သည်။ ရှနိုင်ငံ တိုက်ခိုက်ခံရကြောင်း သိလျှင် ထျန်းဟုန် ဧကရီ၏ မျက်လုံးများ သွေးကဲ့သို့ နီမြန်းလာခဲ့ပြီး သတ်ဖြတ်ခြင်း စွမ်းအားများလည်း သူမထံမှ အဆက်မပြတ် ထွက်ပေါ်နေသည်။ ထို့ကြောင့်သူမ၏ စိတ်ခံစားချက်များ တည်ငြိမ်စေရန် အတွက် လုချန်းက ယခုကဲ့သို့သော နည်းလမ်းဖြင့် သူမကို ခဏတာ ချိပ်ပိတ်ထားခြင်း ဖြစ်၏။
လုချန်းက သူမကို အပြင်သို့ ထွက်ခွင့်ပေးမည် မဟုတ်ဟု ထျန်းဟုန် ဧကရီ ထင်မှတ် နေ၏။ ထို့ကြောင့် လုချန်းအပေါ်တွင်လည်း မကျေမနပ် ဖြစ်နေခဲ့သည်။
သို့သော် လုချန်း၏ အရှိန်အဝါက သူမကို လွှမ်းမိုးထားသည်။ သူမ၏ ခန္ဓာကိုယ်ကလည်း ထိန်းချုပ်ခံထားရသည့် အပြင် နတ်ဝိညာဉ်ထီး၏ အတားအဆီးကြောင့် သူမ၌ ထွက်သွားနိုင်စရာ လမ်းမရှိပေ။
သူမကို လုချန်းက ဖုန်းယန် ကြယ်နယ်မြေသို့ ခေါ်ဆောင်လာမည်ဟု ထျန်းဟုန် ဧကရီ မထင်မှတ်ထားခဲ့ပေ။ သူပြောသည့် စကားအရ ဆိုလျှင် သူမကို တိုက်ခိုက်ခွင့် ပေးမည့်ပုံ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီ ပို၍ စိတ်လှုပ်ရှားလာကာ ကြွက်သားများ တင်းမာသွားခဲ့၏။ ခန္ဓာကိုယ်လည်း ပူလောင်လာသည်။ သူမ၏ သတ်ဖြတ်ခြင်း စွမ်းအားများကလည်း ဖေးဟုန် နတ်လှေအတွင်း၌ အဆက်မပြတ် သောင်းကျန်းနေလေသည်။ လုချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း
ဟူး...”
“မင်း... အေးအေးဆေးဆေး နေပါဦး။ ကိုယ် မင်းကို မကြာခင် အပြင်လွှတ်ပေးပါ့မယ်။”
ထိုအရာကို ကြားလျှင် ထျန်းဟုန် ဧကရီက
“ကျွန်မကို အပြင်လွှတ်ပေးရင် ရှင် အခုလို ရိုင်းပျခဲ့တာကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးမယ်”
ဟု အေးစက်စက် ပြောလိုက်၏။
လုချန်းက
“မလောပါနဲ့ဦး။ အဲ့ဒီလူတွေကို မင်း ရင်ဆိုင်နိုင်ပါ့မလား ဆိုတာ အရင်ကြည့်ပါဦး”
နိုင်ငံဆယ်နိုင်ငံ၏ ဧကရာဇ်အဆင့် ဆယ့်သုံးပါး စုရုံးနေကြသည်။ ထိုဧကရာဇ်များသည် အဆင့်တစ် သို့မဟုတ် နှစ်အဆင့်လောက်သာ ရှိသဖြင့် ကျင့်စဉ်အဆင့်ကတော့ အလွန်မမြင့်မားပေ။
သို့သော် အရေအတွက် ကတော့ များပြားလှသည်။ ထို့ကြောင့် သတိထားခြင်းက ပိုကောင်းမည်ဟု လုချန်းက ယူဆထား၏။ ထျန်းဟုန် ဧကရီ၏ ဝမ်းဗိုက်ထဲတွင် သူ၏ရင်သွေး ရှိနေသဖြင့် တစ်စုံတစ်ခု မှားယွင်းသွားပါက ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
လုချန်း၏ စကားကို ကြားလျှင် ထျန်းဟုန် ဧကရီက
“ကျွန်မက သူတို့ကို မယှဉ်နိုင်ဘူးလို့ ရှင် ထင်နေတာလား”
ဟု ပြန်လည် မေးမြန်းလိုက်သည်။
သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ်တစ်ပါးက ထိုလူစုလောက်ကို မယှဉ်နိုင်ဟု လုချန်း ထင်နေခြင်းက ရယ်စရာကောင်းလှသည်ဟု သူမ ယူဆ၏။ သူမ ပြင်ပနယ်မြေမှာ ရှိစဉ်က အဆင့်တစ်၊ နှစ်လောက်ရှိ ဧကရာဇ်များကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့ဖူးသည်။
ယခု ဧကရီဓားကို ပိုင်ဆိုင်ထားသဖြင့် ဧကရာဇ် ဆယ့်သုံးပါးကို မဆိုထားနှင့် စကြဝဠာတစ်ခုလုံးကိုပင် သူမ ဖျက်ဆီးပစ်နိုင်သည်ဟု ယုံကြည်ချက် ရှိနေသည်။ သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်စိုးထားသူသည် သဘာဝအတိုင်း သွေးဆာနေတတ်၏။
ရန်သူက မည်မျှပင် အင်အားကြီးစေကာမူ သူမ၏ စိတ်ထဲ၌တော့ ကြောက်ရွံ့ခြင်း အလျင်း မရှိပေ။ လုချန်းက ရယ်မောလိုက်ပြီး
“မင်း ကိုယ့်ကိုတောင် မနိုင်သေးပဲနဲ့ အပြင်ကို ဘယ်လို စိတ်ချလက်ချ လွှတ်ပေးနိုင်မှာလဲ။”
“ဟင်”
ထျန်းဟုန် ဧကရီ ထုတ်ဖော်လိုက်သော သတ်ဖြတ်ခြင်း စွမ်းအားများ ပိုပြင်းထန်လာသည်။ ဖေးဟုန် နတ်လှေသာ သူမ နှင့် ဆက်စပ် မနေပါက သောင်းကျန်းနေသော စွမ်းအားများကြောင့် ပျက်စီးသွားလောက်ပြီ ဖြစ်၏။
အကယ်၍ တကယ်တမ်း တိုက်ခိုက်မည် ဆိုပါက လုချန်း ဆယ်ယောက်ဆိုလျှင်တောင် သူမကို ယှဉ်နိုင်မည် မဟုတ်ဟု ထျန်းဟုန် ဧကရီက ယူဆထားသည်။ အဓိကအချက်မှာ လုချန်း၏ ကလေးကို လွယ်ထားရသဖြင့် လုချန်းနှင့် သူမကြားရှိ ကံကြမ္မာ အနှောင်အဖွဲ့က ပိုတင်းကျပ်လာခြင်း ဖြစ်၏။
ထို့ပြင် သူမသည် လုချန်းနှင့် စာချုပ်ချုပ်ထားသော ပစ္စည်းကပ် ဝိညာဉ် ဖြစ်နေသည်။ ထို့အချက်များကြောင့် သူမ သူ့ကို မတွန်းလှန်နိုင်ခြင်း ဖြစ်၏။ထို့ကြောင့်လည်း ဖုန်းယန် ကြယ်နယ်မြေသို့ မလာခင် လုချန်း၏ ထိန်းချုပ်မှုကို သူမ လွယ်လွယ်ကူကူ ခံလိုက်ရခြင်း ဖြစ်သည်။
ထျန်းဟုန် ဧကရီ တိတ်ဆိတ်သွား၏။ လုချန်းက သူမကို အပြင်ထွက်ခွင့် မပေးလိုလျှင်လည်း သူမ၌ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရန် နည်းလမ်းမရှိသဖြင့် ထပ်ပြောနေခြင်းက အဓိပ္ပာယ် မရှိပေ။
နောက်တစ်ခဏတွင် ထျန်းဟုန် ဧကရီသည် သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြု၍ လုချန်း၏ အသက်မျိုးစေ့များကို အပြင်းအထန် နှောင့်ယှက်လိုက်သည်။ ထိုအခါ သူမ၏ ကိုယ်ပေါ်ရှိ မိစ္ဆာအငွေ့အသက်များ ပို၍အားကောင်းလာခဲ့၏။
ထျန်းဟုန် ဧကရီ၏ ဖိအားကို ခံစားရသော်လည်း လုချန်းက အသာအယာ ရယ်မောလိုက်သည်။ သူက သူမ၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
“မင်းကို ဖုန်းယန် ကြယ်နယ်မြေကို ခေါ်လာတာက အပြင်လွှတ်ပေးဖို့ပါပဲ။ ဒါပေမဲ့ အရင်ဆုံး အဲ့ဒီလူတွေရဲ့ အင်အားကို ကြည့်လိုက်ပါဦး။”
လုချန်း၏ စကားကို ကြားလျှင် ထျန်းဟုန် ဧကရီ အနည်းငယ် တည်ငြိမ်သွားသည်။ ထို့နောက် သူမ၏ စိတ်အာရုံကို တိုက်ရိုက် ထုတ်လွှတ်လိုက်ရာ သတ်ဖြတ်ခြင်း စွမ်းအားများ ပါဝင်နေသော စိတ်အာရုံသည် ဖုန်းယန် ကြယ်နယ်မြေ အပြင်ဘက်ရှိ ဧကရာဇ် ဆယ့်သုံးပါးကို ချက်ချင်း လွှမ်းခြုံသွားခဲ့၏။
ထိုအခိုက်အတန့်တွင် ရန်ယန်ဧကရာဇ်တို့လူစုကတော့ ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။ ထိုစဉ် သူတို့ကို လွှမ်းခြုံသွားသော စိတ်အာရုံတစ်ခုကို အားလုံး ခံစားလိုက်ရသည်။
ထိုစိတ်အာရုံအတွင်းရှိ သတ်ဖြတ်ခြင်း စွမ်းအားကို ခံစားလိုက်ရသောအခါ အားလုံး၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကြ၏။ အထူးသဖြင့် ယခင်က ပြင်ပနယ်မြေတွင် ရှန်ဝူဧကရာဇ်၏ သတ်ဖြတ်မှုများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသော မင်ရှင်းဧကရာဇ်ဖြစ်၏။
ထိုနတ်လှေကို မြင်ရုံနှင့် သူ၏ စိတ်ဝိညာဉ် ဘာကြောင့် တုန်လှုပ်နေရတာလဲဟု မင်ရှင်းဧကရာဇ် တွေးတောနေခဲ့ခြင်း ဖြစ်၏။ နတ်လှေအတွင်း၌ သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ်တစ်ပါး ရှိနေသည်ကို ယခု သူ သိလိုက်ရပြီ ဖြစ်သည်။ ဧကရာဇ်တစ်ပါးက
“ဒါက သတ်ဖြတ်ခြင်းစွမ်းအားပဲ... ရှနိုင်ငံမှာ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားတဲ့ ဧကရာဇ်တစ်ပါး ဘယ်လိုလုပ် ရှိနေတာလဲ”
ဟု ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ချက်ချင်းပင် အခြားဧကရာဇ်တစ်ပါးကလည်း
“တစ်ဖက်လူက ကျုပ်တို့ကို ဘာကြောင့် အလေးမထားတာလဲဆိုတာ မဆန်းတော့ဘူး။ ကျုပ် ဒီမှာ ဆက်မနေနိုင်တော့ဘူး”
ဟု ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တိုးတိုးလေး ဆိုလိုက်သည်။
ရေခဲပိုးကောင် ဧကရာဇ် သတိပြန်ဝင်လာပြီး “ဒါ မဖြစ်နိုင်ဘူး။ ရှန်ဝူဧကရာဇ် တစ်ယောက်ပဲ သတ်ဖြတ်ခြင်းစွမ်းအားနဲ့ လမ်းစဉ်ကို ဖော်ဆောင်နိုင်ခဲ့တာ။ ရှန်ဝူဧကရာဇ် ကွယ်လွန်သွားပြီ ဖြစ်တဲ့အတွက် တခြားဘယ်သူမှ သတ်ဖြတ်ခြင်းစွမ်းအားကို အသုံးမပြုနိုင်တော့ဘူး”
ဟု အလျင်အမြန် ဝင်ပြောလိုက်သည်။
“ဒါက ရှန်ဝူဧကရာဇ် လက်ထက်က နတ်လက်နက် တစ်ခုခုပေါ်မှာ ကျန်ရစ်ခဲ့တဲ့ စိတ်အာရုံ ဖြစ်ရမယ်။ ရှနိုင်ငံက ဒီစိတ်အာရုံကို သုံးပြီး ကျုပ်တို့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာပဲ။”
ထိုစကားကို ကြားလျှင် အားလုံး အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားကြ၏။ မင်ရှင်းဧကရာဇ်က
“ဟုတ်တယ်။ ကျုပ် ဘယ်လိုလုပ် မေ့သွားရတာလဲ။ အဲ့ဒီလူက ရှန်ယွဲ့နိုင်ငံရဲ့ မင်းသား လုချန်းပဲ။ သူ့ဆီမှာ ရှန်ဝူဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာတစ်ခုခု ပါလာတာ ဖြစ်နိုင်တယ်။”
ဤသတ်ဖြတ်ခြင်း စွမ်းအားသည် ရှန်ဝူဧကရာဇ်၏ စွမ်းအားသာ ဖြစ်သည်ဟု တွေးလိုက်မိသဖြင့် အားလုံးက သက်ပြင်းချနိုင်သွားကြ၏။ ရှန်ဝူဧကရာဇ် ကွယ်လွန်သွားပြီဖြစ်ရာ စိတ်အာရုံလေးတစ်ခုက သူတို့ကို ခြောက်လှန့်ရန်သာ အသုံးဝင်ပေလိမ့်မည်။
ရန်ယန်ဧကရာဇ်က
“ဒါဆိုရင် ဆက်ပြီး တိုက်ခိုက်ကြစို့။ သူက ကျုပ်တို့ကို ခြောက်ဖို့ စိတ်အာရုံကို ထုတ်သုံးနေပြီဆိုကတည်းက ဒီအတားအဆီးကလည်း ကြာရှည် ခံတော့မှာ မဟုတ်ဘူး။”
ပြောရင်းဆိုရင်း အပြာရောင် အတားအဆီးကို ထပ်မံ တိုက်ခိုက်ရန် ရန်ယန်ဧကရာဇ် ပြင်ဆင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် အဝေးရှိ တောက်ပနေသည့် နတ်လှေဆီမှ ထူထပ်သော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာသည်။
ချက်ချင်းပင် နတ်လှေပတ်ပတ်လည်ရှိ အာကာသ ဟင်းလင်းပြင်အား မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းသွားခဲ့၏။ သွေးနီရောင် သတ်ဖြတ်ခြင်း စွမ်းအားများလည်း ထိုအငွေ့အသက်များအတွင်းမှ ထွက်ပေါ်လာသည်။ ထိုအရာကို မြင်ရသောအခါ မင်ရှင်းဧကရာဇ်၏ မျက်နှာလည်း သွေးဆုတ်သွားသကဲ့သို့ ဖြူလျော်သွားလေတော့၏။
……………
အခန်း (၁၄၄၂ )
ဧကရာဇ်တစ်ပါး ဓားချက်တစ်ချက်
မင်ရှင်းဧကရာဇ်သည် လူမိုက်တစ်ယောက် မဟုတ်ပေ။ ပထမအကြိမ် ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းစွမ်းအား လွှမ်းခြုံထားသည့် စိတ်အာရုံကို ရှန်ဝူဧကရာဇ်၏ စိတ်အာရုံဟု ရှင်းပြနိုင်ပေသည်။
သို့သော်လည်း နောက်ပိုင်းတွင် ထိုနတ်လှေမှ ထွက်ပေါ်လာသော အစွမ်းထက်သည့် သတ်ဖြတ်ခြင်းစွမ်းအားကမူ ရှန်ဝူဧကရာဇ် သက်ရှိထင်ရှား ရှိစဉ်က ချန်ထားခဲ့ခြင်း မဖြစ်နိုင်ကြောင်း သူ သိသည်။
ရှန်ဝူဧကရာဇ်၏ လှုပ်ရှားမှုများကိုမင်ရှင်းဧကရာဇ် မြင်ဖူး၏။ ထို့ကြောင့် ဤကဲ့သို့ ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားမျိုး ထုတ်လွှတ်နိုင်ရန်က ရှန်ဝူဧကရာဇ်ကိုယ်တိုင် သက်ရှိထင်ရှား ရှိနေမှသာ ဖြစ်နိုင်လိမ့်သည်။
ရှန်ဝူဧကရာဇ်သည် ကွယ်လွန်သွားပြီ ဖြစ်သည်။ ထို့အချက်က ရှနိုင်ငံတွင် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးသည့် အသစ်တက်လာသော ဧကရာဇ်တစ်ပါး တကယ် ရှိနေကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။
ယခင်က ရှန်ဝူဧကရာဇ်သည် အဆင့်ငါး ဧကရာဇ်တစ်ပါးကို အလွယ်တကူ သတ်ဖြတ်ခဲ့သည်ကို သူ ပြန်လည် သတိရလိုက်မိ၏။ ထိုအခါ မင်ရှင်းဧကရာဇ်၏ စိတ်ထဲရှိ ကြောက်ရွံ့မှုများလည်း အဆမတန် ကြီးထွားလာလေတော့သည်။
“မဖြစ်ဘူး... ဒီမှာ ဆက်မနေနိုင်တော့ဘူး”
အာကာသ ကူးပြောင်းခြင်းကို အသုံးပြု၍ ဤကြယ်နယ်မြေမှ ထွက်ပြေးရန် မင်ရှင်းဧကရာဇ် ချက်ချင်း ပြင်ဆင်လိုက်သည်။ သို့သော် နောက်တစ်ခဏတွင်တော့ ကြယ်နယ်မြေတစ်ခုလုံး ရုတ်တရက် ချိပ်ပိတ်ခံလိုက်ရသည်။
ထို့ကြောင့် အာကာသ ကူးပြောင်းခြင်း အတတ်ကို အသုံးပြု၍ မရတော့ကြောင်းလည်း မင်ရှင်းဧကရာဇ် တွေ့ရှိသွားသည်။ ဧကရာဇ်တစ်ပါးကိုပင် အာကာသထဲ ချိပ်ပိတ်နိုင်ခြင်းက တစ်ဖက်လူ၏ အင်အား မည်မျှကြီးမားကြောင်း ခန့်မှန်းကြည့်နိုင်သည်။
အာကာသ ကူးပြောင်းခြင်း အတတ်ကို အသုံးမပြုနိုင်လျှင်ပင် သူသည် အမြန်ဆုံး ထွက်ပြေးရမည် ဖြစ်သည်။ ထိုသို့ဖြင့် မင်ရှင်းဧကရာဇ်လည်း ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား တော့သည်။
သို့သော် နောက်တစ်ခဏတွင် သတ်ဖြတ်ခြင်းစွမ်းအား ပါဝင်သော ဓား အငွေအသက်တစ်ခု ရုတ်တရက် ကျရောက်လာ၏။ ထို့နောက် မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှိနေသမျှ ဧကရာဇ်များ အားလုံးကို အလင်းတစ်နှစ်၏ တစ်ဝက်ခန့် အကွာအဝေးသို့ လွင့်စင်သွားစေခဲ့သည်။
ဧကရာဇ်များ သူတို့၏ ကိုယ်ဟန်အနေအထားကို ပြန်လည် တည်ငြိမ်အောင် လုပ်နေစဉ်မှာပင် အနီရောင် ဝတ်စုံဝတ်ထားသော ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်သည် ရှနိုင်ငံ၏ အတားအဆီးကို ဖြတ်ကျော်ကာ သူတို့ရှေ့တွင် ပေါ်လာခြင်း ဖြစ်သည်။
ထိုအမျိုးသမီးသည် အနီရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး လှပသော ရုပ်ရည်နှင့် ရှည်လျားသော ခြေတံများ ရှိသည်။ သူမတွင် မြင့်မြတ်သော အရှိန်အဝါလည်း ရှိနေ၏။
သွေးနီရောင် သတ်ဖြတ်ခြင်းစွမ်းအားများလည်း သူမထံမှ ထွက်ပေါ်နေပြီး သူမ၏ ဘေးတွင် ဓားတစ်စင်း ဝဲပျံနေသည်။ ၎င်းဓားသည် လူပေါင်းများစွာကို သတ်ဖြတ်ထားသည့်အလား အမည်းရောင် မိစ္ဆာအငွေ့အသက်များ ထုတ်လွှတ်လျက်ရှိသည်။
ထျန်းဟုန် ဧကရီ၏ သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားလိုက်ရလျှင် ဧကရာဇ်များလည်း တည်တည်ငြိမ်ငြိမ် မနေနိုင်ကြတော့ပေ။
ရေခဲပိုးကောင် ဧကရာဇ်က
“မဖြစ်နိုင်ဘူး။ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားတဲ့ တခြားဧကရာဇ်တစ်ပါး ဘယ်လိုလုပ် ရှိနိုင်မှာလဲ”
ဟု တိုးတိုးလေး ဆိုလိုက်သည်။
သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို ဖော်ဆောင်နိုင်ရန် များပြားလှသော သတ်ဖြတ်မှု ပြုလုပ်ရန် လိုအပ်၏။ ဥပမာ ရှန်ဝူဧကရာဇ်ဖြစ်သည်။
သူသည် အဆက်မပြတ် စစ်ချီခဲ့သောကြောင့်သာ ထိုလမ်းစဉ်ကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ သူသတ်ခဲ့သည့် လူအရေအတွက်သည် ကြယ်နယ်မြေ အတော်များများရှိ လူဦးရေထက်ပင် ကျော်လွန်၏။ ထို့နောက် နောက်ဆုံးတွင် သူ၏ လမ်းစဉ်ကို ရှန်ဝူဧကရာဇ် အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
လောလောဆယ်တွင် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ဖော်ဆောင်နိုင်သည့် တစ်ဦးတည်းသော ဖြစ်နိုင်ခြေသူမှာ ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်အသစ် ဖြစ်သည်။ သို့သော်လည်း ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ် အသစ်၏ သတ်ဖြတ်ခြင်း လမ်းစဉ်သည် အမည်ခံမျှသာရှိသေးသည်ဟု တစ်ချို့ ခန့်မှန်းကြသည်။ ရှန်ယွဲ့နိုင်ငံ အလျင်အမြန် စစ်ချီနေခြင်းက လုယန်ဟွာကို သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ဖော်ဆောင်နိုင်ရန် ပြုလုပ်ပေးနေခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။
လုယန်ဟွာသည် သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ် ဟုတ်မဟုတ် မည်သူမှ မသိပေ။ သို့သော် ယခု စကြဝဠာ အစွန်အဖျားရှိ နိုင်ငံတစ်ခုတွင် သတ်ဖြတ်ခြင်းစွမ်းအားကို တကယ် ပိုင်စိုးထားသည့် ဧကရီတစ်ပါးနှင့် သူတို့ ထိပ်တိုက်တွေ့နေရပြီ ဖြစ်သည်။
အကယ်၍ သူမသာ လမ်းစဉ်ဖော်ဆောင်နိုင်ခဲ့လျှင် များစွာသောသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရမည် ဖြစ်၏။ ထိုအခါ သူမ၏ ဂုဏ်သတင်းလည်း ကျော်ကြားနေရမည် ဖြစ်ပေသည်။ စကြဝဠာအတွင်း သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ဖော်ဆောင်သည့် ဧကရီတစ်ပါး ရှိကြောင်း သူတို့ အဘယ်ကြောင့် တစ်ခါမှ မကြားဖူးရသနည်း။
ရန်ယန်ဧကရာဇ်သည် စိတ်ကို တည်ငြိမ်အောင် ထားကာ ထျန်းဟုန် ဧကရီကို ဂါရဝပြုလိုက်၏။ ထို့နောက် သူက
“ဒီ စီနီယာက သူနဲ့ ရှနိုင်ငံက ဘယ်လို ပတ်သက်မှု ရှိလို့လဲ ဆိုတာ သိပါရစေ။”
ထျန်းဟုန် ဧကရီသည် ရှနိုင်ငံသို့ ဒီအတိုင်း ဖြတ်သွားခြင်းသာ ဖြစ်ပါစေဟု ရန်ယန်ဧကရာဇ် ဆုတောင်းနေမိသည်။ အကယ်၍ သူမ လှုပ်ရှားလိုက်လျှင် သူတို့ဘက်က အခွင့်အရေး လုံးဝမရှိဟု မဆိုနိုင်သော်လည်း သူတို့ထဲမှ အချို့ကတော့ ဤဧကရီ၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။
သတ်ဖြတ်ခြင်းကို ပိုင်စိုးထားသည့် ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ရလျှင် မသေချာမှုများ များပြားလှသည်။ မည်သူမှ အထိအခိုက်မရှိ လွတ်မြောက်နိုင်မည်ဟု အာမမခံနိုင်ပေ။ ထို့ကြောင့် ရှောင်လွှဲ၍ ရနိုင်ပါက ရန်ယန်ဧကရာဇ် အနေနှင့် တိုက်ခိုက်မည် မဟုတ်တာ သေချာသည်။
ထျန်းဟုန် ဧကရီက ရန်ယန်ဧကရာဇ်၏ စကားကို လျစ်လျူရှုလိုက်သည်။ သူမသည် သူမ၏ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် သူမ၏ လက်ကို မြှောက်လိုက်ရာ လက်ထဲသို့ ဧကရီဓား ရောက်ရှိလာ၏။ ထို့နောက် သူမ၏ သတ်ဖြတ်ခြင်းစွမ်းအားကို စုစည်းလိုက်ပြီး ဧကရာဇ်များထဲမှ တစ်ဦးထံသို့ တိုက်ရိုက် ဦးတည် တိုက်ခိုက်လိုက်လေတော့သည်။
ထျန်းဟုန် ဧကရီက ချက်ချင်း လှုပ်ရှားလိုက်သည်ကို မြင်လျှင် အားလုံး၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ဖော်ဆောင်သူများသည် ရူးသွပ်ကြပြီး အခြားသူများ ပြောသမျှကို နည်းနည်းမှ ဂရုမစိုက်တတ်ကြဟု ပြောကြသည်က အမှန်ပင် ဖြစ်သည်။
ရန်ယန်ဧကရာဇ်က
“အားလုံး အတူတူ တိုက်ခိုက်ကြစို့။ သူ့မှာ သတ်ဖြတ်ခြင်းစွမ်းအား ရှိနေရင်တောင် ကျုပ်တို့ရဲ့ အဆင့်အတန်းနဲ့ သိပ်ကွာမှာ မဟုတ်ဘူး။ ကျုပ်တို့ ဒီလောက် လူအများကြီး ရှိနေတာ။ သူ ကျုပ်တို့လက်ကနေ လွတ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။”
ရန်ယန်ဧကရာဇ်၏ စကားကို ကြားလျှင် အားလုံးက လှုပ်ရှားလိုက်ကြသည်။ နောက်တစ်ခဏတွင် ထျန်းဟုန် ဧကရီ၏ အောက်၌ နည်းဗျူဟာ ပုံစံတစ်ခု ပေါ်လာသည်။
ရန်ယန်ဧကရာဇ်က
“ကောင်းကင်ကိုးထပ် နဂါးချိပ်ပိတ် နည်းဗျူဟာ... အသက်သွင်းစမ်း”
ဟု အော်ဟစ်လိုက်သည်။
မကြာမီပင် ကြီးမားသော နည်းဗျူဟာပုံစံ ကြီး ပေါ်လာပြီး ထျန်းဟုန် ဧကရီကို အတွင်း၌ ပိတ်လှောင်လိုက်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ထျန်းဟုန် ဧကရီ ပစ်မှတ်ထားခြင်း ခံခဲ့ရသော ဧကရာဇ်လည်း အနည်းငယ် သက်ပြင်းချနိုင်သွားသည်။
ရန်ယန်ဧကရာဇ်က
“ပေါ့ပေါ့တန်တန် မနေကြနဲ့ဦး”
ဟု ဆက်လက် သတိပေးလိုက်သည်။
သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ်တစ်ပါးသည် ဤမျှ လွယ်လွယ်ကူကူ အညံ့ခံမည် မဟုတ်ဟု သူ သိထားသည်။
ရန်ယန်ဧကရာဇ် ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်၏။ သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထျန်းဟုန် ဧကရီ၏ ဧကရီဓားသည် ဟင်းလင်းပြင်ထဲတွင် ဝဲပျံနေသော မရေမတွက်နိုင်သည့် ဓားများအဖြစ် ပြောင်းလဲသွားတော့သည်။
ထို့နောက် သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်သော ထိုဓားများသည် သူမကို ဝန်းရံထားသော နည်းဗျူဟာကို အပြင်းအထန် ထိုးနှက်လိုက်သည်။ ထိုအခါ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ကိုးထပ် နဂါးချိပ်ပိတ် နည်းဗျူဟာ ပျက်စီးသွားတော့သည်။
သက်ပြင်းချနိုင်ရုံသာ ရှိသေးသော ဧကရာဇ်လည်း ချက်ချင်းပင် ထိတ်လန့်သွားရပြန်၏။ သူသည် သူ၏ နိယာမ ပုံရိပ်ကို ထုတ်ဖော်ကာ
“လေမိုးကြိုး “
ဟု အော်ဟစ်လိုက်သည်။
ထို့နောက် သူ၏ ရွှေရောင် နိယာမ ကိုယ်ထည်၏ လက်ထဲရှိ ဓားကြီးမှ ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုများသည် ထျန်းဟုန် ဧကရီအပေါ် သက်ရောက်မှု မရှိပေ။ ဧကရီဓားပွားများသည် ထျန်းဟုန် ဧကရီ၏ ရှေ့တွင် အလိုအလျောက် ပျံသန်းကာ ထိုဓားအလင်းတန်း အားလုံးကို ကာကွယ်ပေးလိုက်သည်။
နောက်တစ်ခဏတွင် ထျန်းဟုန် ဧကရီ၏ ပုံရိပ် ဝေဝါးသွားပြီး ထိုဧကရာဇ်၏ ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူမ၏ သတ်ဖြတ်ခြင်းစွမ်းအားကို စုစည်းကာ ဓားနှင့် ထိုးလိုက်၏။
ထိုအခါ သွေးနီရောင် ဓားအငွေ့အသက်သည် သူ၏ နိယာမ ပုံရိပ်ကို ချက်ချင်း ဖောက်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုပါ တစ်ပါတည်း ဖောက်ထွက်သွားစေတော့သည်။
ဤကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်ရှိနေသော ဧကရာဇ်များလည်း အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားကြ၏။ ထို့နောက် ကြောက်လန့်တကြားနှင့် မတူညီသော လမ်းကြောင်းအသီးသီးသို့ ထွက်ပြေးကြတော့သည်။
ဓားချက်တစ်ချက်တည်း...
ဧကရာဇ်တစ်ပါးကို သတ်ရန် ဓားချက်တစ်ချက်သာ လိုအပ်ခဲ့သည်။
ထိုဧကရာဇ်သည် အဆင့်တစ်တွင်သာ ရှိသေးသော်လည်း ဧကရာဇ်တစ်ပါးပင် ဖြစ်သည်။ သို့သော် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ်သည် အကြောင်းပြချက် မဲ့စွာပင် အင်အားကြီးမားလွန်းလှသည်။ ထို့ကြောင့် ဧကရာဇ်အဆင့်ချင်း တူသော်လည်း အင်အားကွာခြားချက်က အလွန်ပင် ကြီးမားလှသည်။
ကျန်ရှိသော ဧကရာဇ်များ ချက်ချင်း နောင်တ အကြီးအကျယ် ရသွားကြသည်။ ရှနိုင်ငံကို ဝိုင်းရံတိုက်ခိုက်ရန် သူတို့ ဘယ်တုန်းကမှ မလာခဲ့သင့်ပေ။
နိုင်ငံကို စွန့်ခွာထွက်ပြေးခြင်းက အင်အား လျော့နည်းသွားစေနိုင်သော်လည်း အနည်းဆုံးတော့ သူတို့၏ အသက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဦးမည် ဖြစ်သည်။ ဤကဲ့သို့သော သတ်ဖြတ်ခြင်း နတ်ဘုရားနှင့် ရင်ဆိုင်ရလျှင်တော့ အသက်ရှင်ရန်က အလွန်ပင် ခဲယဉ်းလှသည်။
ထွက်ပြေးရန် ကြိုးစားနေသော ဧကရာဇ်များကို မြင်လျှင် ထျန်းဟုန် ဧကရီသည် ဘာခံစားချက်မှ မပါပဲ သူမ လက်ကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် တစ်ခဏအတွင်းမှာပင် ဟင်းလင်းပြင် တစ်ခုလုံး သွေးနီရောင် ပြောင်းလဲသွားတော့သည်။ ဧကရာဇ်များ၏ ရှေ့တွင်လည်း သွေးနီရောင် အတားအဆီးတစ်ခု ပေါ်လာပြီး သူတို့ အားလုံးကို အတွင်း၌ ပိတ်လှောင်လိုက်သည်။
ထိုအတားအဆီးကို မြင်လျှင် မင်ရှင်းဧကရာဇ် အလန့်တကြား အော်ဟစ်လိုက်သည်။
“မကောင်းတော့ဘူး...ဒါက သတ်ဖြတ်ခြင်း နယ်ပယ်ပဲ။”
ပြင်ပနယ်မြေရှိ အင်အားကြီး ကျင့်ကြံသူများကို ရှန်ဝူဧကရာဇ် သတ်ဖြတ်ခဲ့ပုံများကို သူ မြင်ဖူးခဲ့သည်။ ထို့ကြောင့် ဤသတ်ဖြတ်ခြင်း နယ်ပယ် မည်မျှ ကြောက်စရာကောင်းကြောင်း သူ သိ၏။ သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ဖော်ဆောင်သူများ မဟုတ်ပါက ဤသတ်ဖြတ်ခြင်း နယ်ပယ် အတွင်း၌ အင်အားများစွာ လျော့ကျသွားမည် ဖြစ်သည်။
အရေးကြီးဆုံး အချက်က ဤနယ်ပယ်အတွင်း၌ ပိတ်မိသွားလျှင် သူတို့အတွက် လွတ်မြောက်ရန် အခွင့်အရေး လုံးဝ မရှိတော့ခြင်း ဖြစ်သည်။ ယခု ပတ်ဝန်းကျင် အာကာသသည်လည်း ချိပ်ပိတ်ခံထားရသဖြင့် ထွက်ပြေးရန် ကြိုးစားလျှင်လည်း မဖြစ်နိုင်တော့ပေ။
မင်ရှင်းဧကရာဇ်က
“မြန်မြန်... အားလုံး လက်တွဲပြီး ဒီနယ်ပယ်ကို ဖျက်ဆီးကြစို့။ မဟုတ်ရင် ဒီနေ့ ကျုပ်တို့အားလုံး ဒီမှာ သေကြရလိမ့်မယ်”
ထိုစကားကို ကြားလျှင် ရောက်ရှိနေသော ဧကရာဇ်များလည်း ထျန်းဟုန် ဧကရီ ဖန်တီးထားသော သတ်ဖြတ်ခြင်း နယ်ပယ်ကို ဖျက်ဆီးရန် ချက်ချင်း လှုပ်ရှားလိုက်ကြလေတော့သည်။
…………
အခန်း (၁၄၄၃ )
အညံ့ခံလိုသူများ
ထိုသို့ဖြင့် သတ်ဖြတ်ခြင်း နယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို လူတိုင်း သိသွားကြသည်။ သို့သော်လည်း သူတို့အားလုံး၏ အင်အားများ ပူးပေါင်းလျှင်ပင် ထိုနယ်ပယ်ကို အချိန်တိုအတွင်း ဖောက်ထွက်ရန် ဖြစ်နိုင်ခြေ မရှိသလောက်ပင်။
သတ်ဖြတ်ခြင်း နယ်ပယ်သည် သူတို့အတွင်းရှိ လမ်းစဉ်စွမ်းအားများကို ဖိနှိပ်ထား၏။ ဤနယ်ပယ်အတွင်း၌ ထျန်းဟုန် ဧကရီသည် သူမထက် ကျင့်စဉ်အဆင့် နှစ်ဆင့် သုံးဆင့်ခန့် ပိုမြင့်သော ဧကရာဇ်များကိုပင် သတ်ဖြတ်နိုင်သည်။
ထျန်းဟုန် ဧကရီက ဧကရီဓားကို ထပ်မံ မြှောက်လိုက်၏။ ထိုအခါ သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌ ဧကရီဓား၏ ဓားပွားများစွာ ထပ်ပေါ်လာပြန်၏။ ထိုဓားပွား တစ်စင်းချင်းစီတွင်လည်း ကြီးမားသော သတ်ဖြတ်ခြင်းစွမ်းအားများ ကိန်းအောင်းနေလျက်ရှိသည်။
ထို့နောက် ထျန်းဟုန် ဧကရီက သူမ၏ လက်ကို ဝေ့ယမ်းလိုက်၏။ ထိုအခါ သတ်ဖြတ်ခြင်းစွမ်းအားများ ဖုံးလွှမ်းနေသော မရေမတွက်နိုင်သည့် ဧကရီဓားများသည် သွေးနဂါးများအဖြစ်သို့ ပြောင်းလဲသွားပြီး သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း ရုန်းကန်နေကြသော ဧကရာဇ်များထံသို့ ပျံသန်းသွားကြသည်။
ထိုအရာကို မြင်လျှင် ရန်ယန်ဧကရာဇ်တို့ လူစုလည်း ခုခံနိုင်ရန် သူတို့၏ အသက်ကယ် နောက်ဆုံး လျှို့ဝှက် ဝှက်ဖဲများကို ထုတ်သုံးကြရတော့၏။ သို့သော် သတ်ဖြတ်ခြင်းစွမ်းအား ပါဝင်သော ဧကရီဓားနှင့် ရင်ဆိုင်ရလျှင် သူတို့၏ ဝှက်ဖဲများသည် မကြာမီပင် လုံလောက်ခြင်း မရှိတော့ပေ။ သူတို့၏ ဝှက်ဖဲများ ကုန်ဆုံးလုနီးပါး ဖြစ်နေချိန်တွင် ရေခဲပိုးကောင် ဧကရာဇ်က ရုတ်တရက် အော်ဟစ်လိုက်သည်။
“စီနီယာ... ကျွန်တော် အရှုံးပေးပါတယ်။ အခုကစပြီး ရှနိုင်ငံအပေါ် သစ္စာစောင့်သိပါ့မယ်။ စီနီယာ... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။”
ရေခဲပိုးကောင် ဧကရာဇ် သူ့အတွက်သူ တွေးလိုက်ခြင်းဖြစ်သည်။ သူသည် ဧကရာဇ်တစ်ပါး ဖြစ်ပြီး ရှနိုင်ငံသည် မကြာမီ ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်၏။
ထိုအချိန်တွင် မြင့်မားသော တိုက်ခိုက်ရေးစွမ်းအားက ရှနိုင်ငံအတွက် အလွန်အရေးကြီးသည်။ သူသာ အညံ့ခံလိုက်လျှင် ရှနိုင်ငံ၏ ဧကရာဇ်သည် သူ့ကို ဆက်လက်၍ အခက်တွေ့ စေတော့မည် မဟုတ်ဟု သူ ယုံကြည်၏။ ရေခဲပိုးကောင် ဧကရာဇ်၏ စကားကို ကြားလျှင် အခြားဧကရာဇ်များကလည်း လိုက်လံ၍
“စီနီယာ... အသက်ချမ်းသာပေးပါ။ ကျွန်တော်လည်း ရှနိုင်ငံကို အညံ့ခံဖို့ ဆန္ဒရှိပါတယ် “
“စီနီယာသူ... ကျွန်တော်လည်း ပဲ...”
ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီ၏ အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်ခြင်းစွမ်းအားများလည်း အလုံးအရင်းနှင့် ထွက်ပေါ်လာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သတ်ဖြတ်ခြင်း နယ်ပယ်တစ်ခုလုံး သတ်ဖြတ်ခြင်းစွမ်းအားများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် ထျန်းဟုန် ဧကရီက အေးစက်စွာဖြင့်
“ပါးစပ်ပိတ်ထားစမ်း”
လုချန်းအတွက် ဆိုလျှင်တော့ ဤဧကရာဇ်များသည် တကယ်ပင် တန်ဖိုးရှိ၏။ သို့သော် လုချန်းသည် လုချန်းဖြစ်ပြီး ထျန်းဟုန် ဧကရီသည် ထျန်းဟုန် ဧကရီ ဖြစ်သည်။ ထျန်းဟုန် ဧကရီသည် သတ်ဖြတ်ရန်သာ အလိုရှိ၏။
သူမကတော့ ဤဧကရာဇ်များကို အညံ့ခံခွင့် လုံးဝ ပေးမည်မဟုတ်ပေ။ အကယ်၍ သူတို့အားလုံးကို အညံ့ခံခွင့် ပေးလိုက်ပါက သူမ၏ သတ်ဖြတ်လိုစိတ်ကို မည်သို့ ဖြေဖျောက်ရမည်နည်း။
လုချန်း၏ အသက်မျိုးစေ့ကို သတ်ဖြတ်ခြင်းဖြင့် သူမ၏ သတ်ဖြတ်လိုသော ဆန္ဒကို အနည်းငယ် ဖြေဖျောက်နိုင်သော်လည်း ဧကရာဇ်များကို သတ်ဖြတ်ရခြင်းက ထိုအသက်မျိုးစေ့များကို သုတ်သင်ရခြင်းထက် သူမကို ပို၍ စိတ်လှုပ်ရှားစေတာကတော့ ထင်ရှားသည်။
ထျန်းဟုန် ဧကရီ ဒေါသထွက်နေသည်ကို မြင်ရပြီး သူမ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းစွမ်းအားများ ရူးသွပ်စွာ ထွက်ပေါ်လာလျှင် ရောက်ရှိနေသော ဧကရာဇ်များ မှင်တက်သွားကြ၏။
သူတို့အားလုံး အညံ့ခံရန် ဆုံးဖြတ်ပြီးပြီ မဟုတ်ပါလား။
ဤအမျိုးသမီးက ဘာကြောင့် ဒေါသထွက်နေသေးသနည်း။
ဘာတွေ ဖြစ်နေတာပါလိမ့်။
ထျန်းဟုန် ဧကရီက ရေခဲပိုးကောင် ဧကရာဇ်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ အညံ့ခံရန် ပထမဆုံး အဆိုပြုခဲ့သည်မှာ ထိုဖားပြုတ်နှင့် တူသော လူ ဖြစ်သည်။ သူက အရင်ဆုံး အညံ့ခံရန် ပြောခဲ့သောကြောင့် သူသည် ပထမဆုံး သေရမည့်သူ ဖြစ်သည်။
နောက်တစ်ခဏတွင် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းရှိ ဧကရီဓားပွားများ အတူတကွ စုစည်းသွားကြ၏။ ထို့နောက် ကြီးမားသော သွေးနီရောင် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ရေခဲပိုးကောင် ဧကရာဇ်ထံသို့ တိုက်ရိုက် ဦးတည်သွားသည်။ ရေခဲပိုးကောင် ဧကရာဇ်လည်း ချက်ချင်းပင် ချွေးစေးများ ထွက်လာပြီး ထပ်ခါတလဲလဲ တောင်းပန်တော့၏။
“စီနီယာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါဦးဗျာ”
“စီနီယာ... ကျွန်တော်...”
“အား”
ရေခဲပိုးကောင် ဧကရာဇ် စကားမဆုံးခင်မှာပင် သူ၏ ကာကွယ်ရေး နတ်လက်နက် ချက်ချင်း ကြေမွသွား၏။ သတ်ဖြတ်ခြင်းစွမ်းအားဖြင့် ဖွဲ့စည်းထားသော သွေးနဂါးသည် သူ၏ ခန္ဓာကိုယ်ကို မျက်တောင်တစ်ခတ်အတွင်း ဖောက်ထွက်သွားသည်။ နောက်တစ်ခဏတွင် ရေခဲပိုးကောင် ဧကရာဇ်၏ စိတ်ဝိညာဉ် လုံးဝ ဥဿုံ ပျက်စီးသွားလေတော့သည်။
ဧကရာဇ်တစ်ပါး ထပ်မံ သေဆုံးသွားသည်ကို မြင်ရလျှင် ကျန်ရှိနေသော ဧကရာဇ်များမှာ လုံးဝ ဆွံ့အသွားကြပြီး အလွန် ထိတ်လန့်တုန်လှုပ်သွားကြ၏။ အညံ့ခံ၍လည်း မရ၊ တိုက်ခိုက်၍လည်း မနိုင်ပေ။
သူတို့အားလုံး ဤသတ်ဖြတ်ခြင်း နယ်ပယ်ထဲတွင် သေရန်သာ စောင့်နေကြရတော့မှာလား။
ထျန်းဟုန် ဧကရီက နောက်ထပ် သတ်ဖြတ်မည့်သူကို ရှာရန် ပြင်ဆင်နေစဉ်မှာပင် သူမ၏ သတ်ဖြတ်ခြင်း နယ်ပယ်၌ ရုတ်တရက် အပေါက်တစ်ပေါက် ပေါ်လာ၏။ ထိုအရာကို မြင်လျှင် အားလုံးလည်း အသက်ရှင်ရန် မျှော်လင့်ချက်ကို မြင်လိုက်ရသကဲ့သို့ ထိုအပေါက်ဆီသို့ ပြေးသွားကြသည်။
“ကြည့်စမ်း... သူရဲ့ သတ်ဖြတ်ခြင်း နယ်ပယ်က ပျက်ပြယ်တော့မှာလား။”
“မြန်မြန်... အဲဒီအပေါက်ကနေ ထွက်ပြေးကြစို့။”
“ဟားဟားဟား... လွတ်လမ်း အမြဲရှိတာပဲ။ သတ်ဖြတ်ခြင်း နယ်ပယ်ထဲကနေ ထွက်သွားနိုင်ရင်တော့ ဒီမိန်းမရူး ငါ့ကို အမီလိုက်နိုင်မယ်လို့ မယုံဘူး။”
သေဘေးနှင့် ရင်ဆိုင်နေရသဖြင့် ဤဧကရာဇ်အချို့သည် ရူးသွပ်လုနီးပါး ဖြစ်နေကြပြီး သတ်ဖြတ်ခြင်း နယ်ပယ်ရှိ အပေါက်ဆီသို့ မဆင်မခြင် ပြေးထွက်ကြကုန်၏။
ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီကိုယ်တိုင်လည်း တောင့်တင်းသွားသည်။ သူမ၏ သတ်ဖြတ်ခြင်း နယ်ပယ်ကို တစ်စုံတစ်ယောက်က အပြင်ဘက်မှ လာဖွင့်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အရေးကြီးဆုံး အချက်မှာ အပြင်ဘက်တွင်လည်း သတ်ဖြတ်ခြင်းစွမ်းအား၏ လှိုင်းတစ်လှိုင်း ရှိနေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိခြင်း ဖြစ်၏။ ရှန်ယွဲ့နိုင်ငံမှ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ရောက်လာခြင်းများလားဟု သူမ တွေးတောမိသည်။
ထျန်းဟုန် ဧကရီက ထွက်ပြေးရန် ပြင်နေသော ဧကရာဇ်များကို ကိုင်တွယ်ရန် တွေးနေစဉ်မှာပင် သတ်ဖြတ်ခြင်း နယ်ပယ်၏ အပေါက်တွင် ခန့်ညားသော ပုံရိပ်တစ်ခု ပေါ်လာ၏။ မင်းသား လုချန်း၏ ကိုယ်ပွားမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားလိုက်ရလျှင် ထွက်ပြေးရန် ပြင်နေသော ဧကရာဇ်များ ချက်ချင်း ရပ်တန့်သွားကြသည်။
ရန်ယန်ဧကရာဇ်က
“ဒါက ရှန်ယွဲ့နိုင်ငံရဲ့ မင်းသား လုချန်းလား”
ပေါ်လာသူမှာ လုချန်း ဖြစ်နေသည်ကို မြင်ရလျှင် ထျန်းဟုန် ဧကရီ၏ ရင်ခုန်သံ မြန်ဆန်သွား၏။ ဤဧကရာဇ်များကို သူမ ဆက်ပြီး တိုက်ခိုက်၍ ရတော့မည်မဟုတ်ကြောင်းလည်း သူမ သိလိုက်သည်။
ဤဧကရာဇ်များ၏ အညံ့ခံလိုသော စကားများကြောင့် လုချန်း ရောက်လာခြင်း ဖြစ်ရပေမည်။
ထျန်းဟုန် ဧကရီသည် မအပေ။ လုချန်း၏ ရပ်တည်ချက် သူမနှင့် ကွဲပြားသည်ကို သူမ သိသည်။ ဧကရာဇ်တစ်ပါး အနေနှင့် လုချန်းသည် သူ၏ နိုင်ငံအတွင်း ဧကရာဇ်အဆင့်များ ပိုများလာရန် သဘာဝအတိုင်း မျှော်လင့်မည် ဖြစ်သော်လည်း သူမကတော့ ဤဧကရာဇ်များကို အမဲလိုက်ရန်သာ အလိုရှိပေသည်။
အညံ့ခံရန် ဦးဆောင်ပြောဆိုခဲ့သော ဖားပြုတ်နှင့် တူသည့် ဧကရာဇ်ကို တွေးမိလျှင် ထျန်းဟုန် ဧကရီ၏ ဒေါသများ မထိန်းနိုင်အောင် ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းရှိ စွမ်းအားများလည်း ဆက်လက် သောင်းကျန်းနေတော့သည်။
လုချန်းက သူ၏ ရှေ့ရှိ ဧကရာဇ်များကို ကြည့်ကာ ပြုံးလျက်
“ခင်ဗျားတို့က တိုက်ရိုက် တိုးမထွက်လာကြဘူးပဲ။”
ယေဘုယျအားဖြင့် လူတို့သည် အသက်ရှင်ရန် မျှော်လင့်ချက်ကို မြင်ပါက မဆင်မခြင် တိုးထွက်တတ်ကြသော်လည်း ဤဧကရာဇ်များကတော့ သူ့ကို မြင်သောအခါ ရပ်တန့် သွားကြ၏။ သူတို့သည် ဦးနှောက်လုံးဝမရှိသူများ ဟုတ်ပုံမရပေ။
မင်ရှင်းဧကရာဇ်က
“ဒီလိုအချိန်မှာ ကျုပ်တို့ရဲ့ လမ်းကို ပိတ်နိုင်တယ်ဆိုကတည်းက ခင်ဗျားမှာ တစ်ခုခုတော့ ရှိရမယ် မဟုတ်လား။ အတင်းတိုးထွက်ရင် အခုလေးတင် သေသွားတဲ့ ဧကရာဇ်နှစ်ပါးလိုပဲ ဖြစ်သွားလိမ့်မယ်။”
ရန်ယန်ဧကရာဇ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ခင်ဗျား ဘာလိုချင်တာလဲ”
လုချန်းက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်က ထျန်းဟုန် ဧကရီထံသို့ ကျရောက်သွားသည်။ ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီစိတ်ထဲ ဒေါသများဖြင့် ပြည့်နှက်နေပြီး လုချန်းက သူမဘက်သို့ ကြည့်လိုက်သည်ကို မြင်လျှင် ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်၏။
ထို့ပြင် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ခြင်းစွမ်းအားများလည်း သိသိသာသာ တိုးလာသည်။ လုချန်းက အသာအယာ ရယ်မောလိုက်ပြီး ဧကရာဇ်များကို ပြန်ကြည့်ကာ မေးမြန်းလိုက်၏။
“ခင်ဗျားတို့ ရှနိုင်ငံကို သစ္စာစောင့်သိချင်တယ်လို့ ပြောတာ ခုနက ကြားလိုက်သလိုပဲ။”
ထိုမေးခွန်းကို ကြားလျှင် ဧကရာဇ်များ မှင်တက်သွားကြ၏။ အသက်ရှင်လိုသဖြင့်သာ သူတို့ ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
အသက်ရှင်နေသရွေ့သာ အရာရာ ဖြစ်နိုင်မည် မဟုတ်ပါလား။
ယခု သတ်ဖြတ်ခြင်း နယ်ပယ်တွင် အပေါက်တစ်ပေါက်ပွင့်နေပြီ ဖြစ်ရာ အတင်းတိုးထွက်ပါက လွတ်မြောက်ရန် မျှော်လင့်ချက် လုံးဝ မရှိသည်တော့ မဟုတ်ပေ။ ဤအချိန်တွင် အညံ့ခံရန် ဆက်လက် ဆုံးဖြတ်သင့်သလားဟု သူတို့ တွေးတောမိကြ၏။
ခဏခန့် ဧကရာဇ်များ ချီတုံချတုံ ဖြစ်သွားကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရန်ယန်ဧကရာဇ်က နှာခေါင်းရှုံ့ကာ
“စိတ်မကောင်းပါဘူး။ ကျုပ်ကတော့ ခင်ဗျားကို ဘယ်တော့မှ သစ္စာခံမှာ မဟုတ်ဘူး။”
ထိုစကားအဆုံးတွင် ရန်ယန်ဧကရာဇ်၏ နောက်၌ ကြီးမားသော နိယာမ ပုံရိပ်တစ်ခု ပေါ်လာပြီး
“နေဝင်ချိန် ပျက်စီးခြင်း”
ရန်ယန်ဧကရာဇ်၏ နိယာမ ပုံရိပ်၏ ထိပ်တွင် သွေးနီရောင် မီးလုံးကြီးတစ်ခု ပေါ်လာပြီးနောက် ထိုမီးလုံးအတွင်းမှ နီရဲသော မီးတောက် အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာ၏။
ရန်ယန်ဧကရာဇ် စိတ်ထဲ တွေးလိုက်၏။ လုချန်းမှာ အရည်အချင်း အချို့ ရှိနိုင်သော်လည်း သူသည် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ် မဟုတ်ပေ။ ထို့ပြင် လုချန်း၏ အင်အားသည် ဧကရာဇ်အဆင့်တစ်၌သာ ရှိသော်လည်း သူကတော့ ဧကရာဇ် အဆင့်နှစ်တွင် ရှိနေသည်။ ဤဧကရာဇ်များ အားလုံး စုပေါင်းလိုက်လျှင် ဖောက်ထွက်၍ မရနိုင်စရာ မရှိဟု သူ ယုံသည်။