← Chapters

အခန်း (၁၄၄၇-၁၄၄၉)

Vol. 97 Ch. 1447-1449

အခန်း (၁၄၄၇-၁၄၄၉)

Vol. 97 Ch. 1447-1449

အခန်း( ၁၄၄၇ )

ထွက်ပြေးလာသော နန်အန်း ဧကရာဇ်

ရေခဲဖီးနစ် နိုင်ငံသည် နန်အန်းနိုင်ငံ၏ အရှေ့တည့်တည့်တွင် တည်ရှိနေပြီး နန်အန်းနိုင်ငံကတော့ ရှန်ယွဲ့နိုင်ငံ၏ မလွှဲမသွေ ဖြတ်သန်းရမည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေ၏။ ရေခဲဖီးနစ် နိုင်ငံ မရှိတော့သည့်နောက်တွင် နန်အန်းနိုင်ငံသည် ရှန်ယွဲ့နိုင်ငံ၏ စစ်အင်အားကို နောက်ထပ် ရင်ဆိုင်ရတော့မည့် နိုင်ငံတစ်ခု ဖြစ်လာသည်။

မှန်ပါသည်။ ဤအချက်က အရေးကြီးဆုံးအချက် မဟုတ်သေးပေ။

အရေးကြီးဆုံးအချက်မှာ စစ်သည်များ ယူဆောင်လာသည့် သတင်းစကားတစ်ခုကြောင့် နန်အန်း ဧကရာဇ်၏စိတ်ထဲ ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရခြင်းပင် ဖြစ်သည်။

“ရှန်ယွဲ့ ဧကရာဇ် အသစ်က ဘယ်လို အညံ့ခံမှုကိုမှ လက်မခံဘူးတဲ့။”

ဤသတင်းက နန်အန်း ဧကရာဇ်အတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သွားသည်။

ဤသတင်း၏ အဓိပ္ပာယ်အရ ရှန်ယွဲ့နိုင်ငံသည် နန်အန်းနိုင်ငံကို နောက်ထပ် မလွှဲမသွေ တိုက်ခိုက်လာတော့မည်။ ရေခဲဖီးနစ် နိုင်ငံတွင် လုပ်ဆောင်ခဲ့သကဲ့သို့ပင် နန်အန်းနိုင်ငံမှ လူအားလုံးကိုလည်း ဧကန်မုချ သတ်ဖြတ်ပေလိမ့်မည်။

“မဖြစ်ဘူး။ ငါ ဒီအတိုင်း ထိုင်ပြီး အသေခံလို့ မဖြစ်တော့ဘူး”

ဟု နန်အန်းဧကရာဇ် တွေးတောလိုက်သည်။

နန်အန်း ဧကရာဇ် နဂါးပလ္လင်ပေါ်မှ ချက်ချင်း ထရပ်လိုက်သည်။ ထို့နောက် နန်အန်းနိုင်ငံပိုက်နက် ကြယ်နယ်မြေအားလုံးကို ကာကွယ်ရန် မင်းဆက်ကံစွမ်းအားကို စုစည်းလိုက်၏။ ဤနည်းလမ်းဖြင့် အချိန်ဆွဲရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။

ထို့နောက် သူက ခန်းမအတွင်းရှိ စစ်သည်များကို

“ကျုပ်တို့ရဲ့ မူလ အစီအစဉ်အတိုင်း တစ်ဆင့်ချင်း ဆုတ်ခွာဖို့ ချက်ချင်း လုပ်ဆောင်ကြ။”

ရှန်ယွဲ့နိုင်ငံ စတင်တိုက်ခိုက်လာနေသည်ဟု ကြားကတည်းက ထွက်ခွာရန် နန်အန်းဧကရာဇ် အသင့်ပြင်ထားပြီးသား ဖြစ်သည်။ သူသည် သူ၏ အင်အားကို ကောင်းစွာ သိ၏။

သူ ယခုအချိန်အထိ ထွက်မပြေးသေးသည်မှာ သူ တစ်သက်တာ တည်ဆောက်ခဲ့သမျှ အရာများကို စွန့်လွှတ်ရန် အတန်ငယ် ဝန်လေးနေသောကြောင့်ပင်။

ထို့ပြင် အင်အားကျဆင်းသွားခြင်းက သူ့အပေါ် ကြီးမားသော သက်ရောက်မှု ရှိနိုင်သည်။ အင်အားမရှိတော့ပါက စကြဝဠာကပ်ဘေးကြီးအတွင်း သေဆုံးသွားမှာကို စိုးရိမ်နေခြင်းဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင် သူသာ နန်အန်းနိုင်ငံမှ အခြားတစ်နေရာသို့ မရှောင်တိမ်းလျှင် ကပ်ဘေးကြီး မရောက်လာမီမှာပင် သူ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

မကြာမီ နန်အန်းနိုင်ငံ တစ်ခုလုံး လှုပ်ရှားလာတော့သည်။ နတ်လှေ အားလုံးသည် သူတို့၏ နောက်မှ ကြယ်နယ်မြေများဆီသို့ ပျံသန်းနေကြကုန်၏။

အရှေ့ဘက်ရှိ ကြယ်နယ်မြေ အမြောက်အမြားမှာ ပိတ်ဆို့ခံထားရသဖြင့် အရှေ့သို့ ပျံသန်းပါက ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေပေလိမ့်မည်။ ယခု တစ်ခုတည်းသော ထွက်ပေါက်မှာ အနောက်ဘက်ရှိ ကြယ်နယ်မြေများဆီသို့ ဦးတည်သွားခြင်းဖြစ်သည်။

မှန်ပါသည်။ လူတိုင်းက‌တော့ နတ်လှေပေါ်သို့ တက်ခွင့်ရသည် မဟုတ်ပေ။ ယေဘုယျအားဖြင့် အင်အားကြီး အဖွဲ့အစည်းအချို့သာ ထိုသို့လုပ်နိုင်စွမ်း ရှိကြသည်။

လူတိုင်းကို နန်းအန်းဧကရာဇ် မခေါ်သွားနိုင်ပေ။ သူ၏ ကမ္ဘာငယ်လေးအတွင်းသို့ လူ အရေအတွက်တစ်ခုကိုသာ ခေါ်ဆောင်သွားနိုင်သည်။

တော်ဝင်မိသားစုနှင့် ပတ်သက်သည့် သူများကိုသာ နန်အန်း ဧကရာဇ် အဓိက ခေါ်ဆောင်သွားခဲ့သည်။

သာမန်လူများ၏ ကံကြမ္မာနှင့် ပတ်သက်၍တော့ နန်အန်း ဧကရာဇ် ဂရုမစိုက်နိုင်တော့ပေ။ သူသည် မိမိကိုယ်တိုင် အန္တရာယ်မှ လွတ်မြောက်ရန် ကြိုးစားနေရသည် ဖြစ်ရာ သာမန်ပြည်သူများ၏ အသက်ကို မည်သို့ ဂရုစိုက်နိုင်မည်နည်း။

ထို့ပြင် ထိုသာမန်လူများသည် ယခု သူ့အတွက် ဘာတန်ဖိုးမှ မရှိတော့ပေ။ သူတို့ သေဆုံးသွားခြင်းက သူ့အတွက် အရေးမကြီးလှပေ။

……..

တစ်လခန့် ကြာပြီးနောက်။

မင်ရှင်းနိုင်ငံ၏ ဧကရာဇ်ကြယ်သို့ လုချန်းရောက်ရှိလာသည်။

မင်ရှင်းဧကရာဇ်သည် လုချန်း ရောက်ရှိလာမည်ကို စောင့်မျှော်ရင်း အခမ်းအနားအတွက် ပြင်ဆင်နေ၏။

မကြာသေးမီက သူသည် ရှန်ယွဲ့နိုင်ငံ၏ တိုက်ခိုက်မှု အခြေအနေများကိုလည်း စောင့်ကြည့်နေခဲ့သည်။ ရှန်ယွဲ့စစ်တပ် ကျောက်ဖြူ ကြယ်နယ်မြေစုသို့ ဝင်ရောက်သွားပြီဟု သိရလျှင် သူ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထို့ကြောင့် မင်ရှင်းနိုင်ငံသို့ ရှဧကရာဇ် အမြန်ဆုံး ရောက်လာပြီး ရှနိုင်ငံ၏ အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းပေးစေလိုသည်။

လက်ရှိတွင် မင်ရှင်းဧကရာဇ်သည် ဧကရာဇ် ကြယ်၏ အထက်တွင် ဝဲပျံနေကာ အဝေးရှိ ကျောက်ဖြူ ကြယ်နယ်မြေစုကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

အဝေးမှ ကြည့်လျှင် ကျောက်ဖြူ ကြယ်နယ်မြေစု တစ်ခုလုံး ပြောင်းလဲခြင်း မရှိသလို ထင်ရသော်လည်း ထိုနေရာသည် ငရဲဘုံတစ်ခု ဖြစ်သွားပြီဖြစ်ကြောင်း မင်ရှင်းဧကရာဇ် သိသည်။

ထိုအခိုက်အတန့်တွင် ဧကရာဇ်လောင်း အဆင့်ရှိသော စစ်သူကြီးတစ်ဦး မင်ရှင်းဧကရာဇ်၏ ဘေး၌ ရုတ်တရက် ပေါ်လာကာ

“မင်းကြီး... ရှန်းယွမ် ကြယ်နယ်မြေမှာ ရာနဲ့ချီတဲ့ နတ်လှေတွေ ရုတ်တရက် ပေါ်လာပါတယ်။ သူတို့က အတင်းအဓမ္မ ဝင်ရောက်လာဖို့ ကြံစည်နေပုံရတယ်။”

ထိုအရာကို ကြားလျှင် မင်ရှင်းဧကရာဇ် မျက်မှောင်ကြုတ်လိုက်သည်။

သူက အရေးတကြီး မေးလိုက်၏။

“အဲ့ဒါ ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်လား”

ရှန်ယွဲ့နိုင်ငံ၏ ချီတက်မှု အရှိန်အဟုန်ကို ထည့်သွင်းစဉ်းစားလျှင် ထိုနတ်လှေများသည် သူတို့၏ စစ်တပ် ဖြစ်နိုင်ခြေများပေသည်။

ဧကရာဇ်လောင်းက

“မဖြစ်နိုင်ပါဘူး။ နတ်လှေတွေပေါ်က အလံတွေမှာ ရှန်ယွဲ့နိုင်ငံရဲ့ အမှတ်အသား မပါပါဘူး။ အလံတွေကို ကြည့်ရရင် နန်အန်းနိုင်ငံရဲ့ လှေတွေ ဖြစ်ပုံရပါတယ်။ ကျွန်တော့်ရဲ့ လေ့လာချက်အရဆိုရင် နန်အန်းနိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ဘူး။ တခြားနိုင်ငံတွေက ထွက်ပြေးလာတဲ့ လှေတွေလည်း ပါဝင်နေပါတယ်။”

ထိုအဖြေကို ကြားရလျှင် မင်ရှင်းဧကရာဇ် အသက်ရှူ အနည်းငယ် ချောင်သွားသည်။ ရှန်ယွဲ့နိုင်ငံ၏ စစ်တပ် မဟုတ်လျှင် တော်သေးသည်ဟု သူက တွေးတောလိုက်၏။

အခြားနိုင်ငံများမှ ထွက်ပြေးလာသော လှေများနှင့် ပတ်သက်၍မူ ထိုကဲ့သို့သော နေ့မျိုး ရောက်လာမည်ကို သူ အစောကတည်းက ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ရှန်ယွဲ့နိုင်ငံသည် ဤလမ်းကြောင်းအတိုင်း ချီတက်လာရာ သူတို့၏ နတ်လှေများက ဘေးပတ်ပတ်လည်ရှိ ကြယ်နယ်မြေ အမြောက်အမြားကို ပိတ်ဆို့ထားသဖြင့် ထွက်ပြေးလိုသော နိုင်ငံများသည် ဤလမ်းကြောင်းအတိုင်းသာ မလွှဲမသွေ ထွက်ပြေးကြရမည် ဖြစ်သည်။

ဤအချက်က ရှန်ယွဲ့နိုင်ငံ၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ထင်ရှားစွာ ပြသနေသည်။ စကြဝဠာကြီးက ကျယ်ပြောလှသော်လည်း သူတို့သည် ကျယ်ပြန့်သော ကြယ်နယ်မြေများကို ပိတ်ဆို့ထားနိုင်ပြီး ထွက်ပြေးနေသော နိုင်ငံများကိုလည်း လမ်းကြောင်းတစ်ခုတည်းအတိုင်းသာ ပြေးနိုင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိကြ၏။ ဤအရာက သာမန် ထိပ်တန်း အင်အားစုများ မလုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။

စကြဝဠာအတွင်းရှိ မြင့်မြတ်နယ်မြေ အဆင့်ရှိသော ထိပ်တန်း အင်အားစုများအတွက်ပင် ဤကဲ့သို့ လုပ်ဆောင်နိုင်ရန် မလွယ်ကူပေ။

မင်ရှင်းဧကရာဇ် တိတ်ဆိတ်နေသည်ကို မြင်လျှင် သူ၏ ဘေးရှိ ဧကရာဇ်လောင်းက

“မင်းကြီး... ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ရာနဲ့ချီတဲ့ နတ်လှေတွေ အတင်းဝင်လာမယ်ဆိုရင် စိုးရိမ်ရတာက...”

နတ်လှေများစွာ ရှိနေသဖြင့် ထိုအထဲတွင် ထွက်ပြေးလာသော ဧကရာဇ်များစွာလည်း ပါဝင်နေပေလိမ့်မည်။ အကယ်၍ ထိုဧကရာဇ်များက သူတို့၏ အင်အားကို ပြန်လည်ရရှိရန် မင်ရှင်းနိုင်ငံ၏ ကံစွမ်းအားကို လုယူလိုကြလျှင် ရှန်ယွဲ့နိုင်ငံ၏ စစ်တပ် မရောက်လာမီမှာပင် မင်ရှင်းနိုင်ငံမှာ ပျက်စီးသွားပေလိမ့်မည်။

အားကြီးသူက အားနည်းသူကို အနိုင်ယူသော ဤလောကတွင် ထိုကဲ့သို့ အခြေအနေမျိုးက အဆန်းမဟုတ်ပေ။ စစ်ပွဲများသည် နိုင်ငံများစွာကို ထိခိုက်စေတတ်သည်။ နိုင်ငံနှစ်နိုင်ငံကြား စစ်ဖြစ်လျှင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော နိုင်ငံများကိုပါ ရိုက်ခတ်မှု ရှိစေသည်။

အထူးသဖြင့် အင်အားကြီးနိုင်ငံတစ်ခုက စစ်ပွဲဆင်နွှဲလျှင် အားနည်းသော ဘက်မှ နိုင်ငံများသည် ထွက်ပြေးရင်း အခြား ပိုမိုအားနည်းသော နိုင်ငံများကို တိုက်ခိုက်ကာ သူတို့၏ ကံစွမ်းအားကို အသုံးပြု၍ အင်အားပြန်ယူရင်း ထွက်ပြေးတတ်ကြသည်။

မင်ရှင်းဧကရာဇ် ခဏခန့် စဉ်းစားပြီးနောက် ပြတ်သားစွာ ပြောလိုက်၏။

“ကျုပ်ကိုယ်တိုင် သွားကြည့်မယ်”

စကားသံ ဆုံးသည်နှင့် မင်ရှင်းဧကရာဇ် ထိုနေရာမှ ပျောက်ကွယ်သွားပြီး သူ ပြန်ပေါ်လာသောအခါ ရှန်းယွမ် ကြယ်နယ်မြေ၏ နယ်စပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် ဟင်းလင်းပြင်ထဲတွင် ဝဲပျံနေရင်း အဝေးမှ သိပ်သည်းစွာ ရောက်ရှိလာနေသော အစက်အပြောက်များကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ထိုအစက်အပြောက် အားလုံးမှာ နတ်လှေများ ဖြစ်ကြပြီး အများစုမှာ နန်အန်းနိုင်ငံမှ ဖြစ်ကြောင်း သိလိုက်ရ၏။

အခြားနိုင်ငံများမှ လှေများလည်း ရှိသော်လည်း အနည်းငယ်သာ ရှိသည်။

မကြာမီ နတ်လှေများ ရှန်းယွမ် ကြယ်နယ်မြေသို့ ရောက်ရှိလာကြသည်။ နယ်စပ်၌ စောင့်ကြပ်နေသော ဧကရာဇ်တစ်ပါးကို မြင်လျှင် နန်အန်း ဧကရာဇ်က ချက်ချင်း အသံလွှင့်လိုက်၏။

“ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်က ကျောက်ဖြူ ကြယ် နယ်မြေစုထဲကို ဝင်လာနေပြီ။ ခင်ဗျားက မပြေးဘဲ ဒီမှာ ဘာလုပ်နေတာလဲ။”

ထိုအရာကို ကြားလျှင် မင်ရှင်းဧကရာဇ်က သတိထားလျက်

“ဒါက ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး။ ခင်ဗျားက ကျုပ်ရဲ့ မင်ရှင်းနိုင်ငံကို ဘာလို့ ရောက်လာတာလဲ။”

နန်အန်း ဧကရာဇ် ဤနေရာသို့ ရောက်လာခြင်းက ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ ဖြတ်သန်းခွင့် တောင်းရန် သို့မဟုတ် မင်ရှင်းနိုင်ငံ၏ ကံစွမ်းအားကို လုယူကာ အင်အားပြန်ဖြည့်ရန် ဖြစ်သည်။

အကယ်၍ ဖြတ်သန်းသွားရုံသက်သက် ဆိုလျှင် သူတို့ကို ဖြတ်ခွင့်ပေးရန် စဉ်းစားပေးနိုင်သည်။ နတ်လှေများကြားတွင် ဧကရာဇ် အဆင့်ရှိသူ အတော်များများကို သူ၏ စိတ်အာရုံဖြင့် မင်ရှင်းဧကရာဇ် အစကတည်းက သတိပြုမိထားသည်။

ဧကရာဇ်များစွာ ရှိနေသဖြင့် သူတစ်ယောက်တည်းနှင့် ထိပ်တိုက်ရင်ဆိုင်လျှင် အနိုင်ရရန် အခွင့်အရေး မရှိပေ။

အကယ်၍ သူတို့သည် မင်ရှင်းနိုင်ငံ၏ ကံစွမ်းအားကို လုယူရန် လာခြင်းဖြစ်ပါက သူ တစ်ယောက်တည်း ဖြစ်နေစေကာမူ လုချန်း ရောက်လာသည်အထိ မင်ရှင်းနိုင်ငံကို အသက်ပေး၍ ကာကွယ်ရပေလိမ့်မည်။

သူသည် ရှနိုင်ငံထံသို့ အညံ့ခံပြီးသား ဖြစ်သဖြင့် တိတိကျကျ ပြောရလျှင် မင်ရှင်းနိုင်ငံကို သူမပိုင်ဆိုင်တော့ပေ။ သူ ထွက်ပြေးသွားလျှင် လုချန်းက သူ့ကို တာဝန်ယူခိုင်းပေလိမ့်မည်။

အခန်း (၁၄၄၈ )

နန်အန်းဧကရာဇ် လှုပ်ရှားခြင်း

မင်ရှင်းဧကရာဇ်၏ မေးခွန်းကို ကြားလျှင် နန်အန်းဧကရာဇ် မရယ်ပဲ မနေနိုင်အောင် ဖြစ်သွားသည်။ ယခုကဲ့သို့ အချိန်မျိုးတွင် ဧကရာဇ်တစ်ပါးက ဤမျှ မိုက်မဲသော မေးခွန်းကို မေးလိမ့်မည်ဟု သူ စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းလှသည်။

နန်အန်းဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး

“ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်က ပတ်ဝန်းကျင်က ကြယ်နယ်မြေတွေကို ပိတ်ဆို့ထားပြီးပြီ။ ဒါက တစ်ခုတည်းသော ထွက်ပေါက်ပဲ။ ကျုပ်တို့ ဘာလို့ လာတာလဲဆိုတာ ခင်ဗျားက မေးနေသေးတာလား။”

“ဒါပေါ့...ရှန်ယွဲ့နိုင်ငံရဲ့ ဝိုင်းရံပိတ်ဆို့မှုကနေ မြန်မြန်ဆန်ဆန် လွတ်မြောက်ဖို့အတွက် ကျုပ်တို့ရဲ့ အင်အားတွေကို ပြန်ဖြည့်တင်းဖို့ မင်းဆက်ကံစွမ်းအား တချို့ လိုအပ်တယ်။ မင်းဆက်ကံစွမ်းအားကို ကိုယ့်သဘောနဲ့ကိုယ် လွှဲပြောင်းပေးပြီး ကျုပ်တို့ကို ကူညီပေးပါလို့ ခင်ဗျားကို ဒုက္ခပေးပါရစေ။”

ထိုအရာကို ကြားလျှင် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသဖြင့် မင်ရှင်းဧကရာဇ်၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားသည်။ ဤလူများသည် လမ်းဖြတ်သွားရန်သာ ရည်ရွယ်နေခြင်း မဟုတ်တာ ထင်ရှားလှသည်။

ဤလောကသည် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့် လောက ဖြစ်သည်။ ဤနတ်လှေများပေါ်တွင် ဧကရာဇ်အဆင့် အမြောက်အမြား ရှိနေသည်။ ယခု သူတို့ရှေ့တွင် မင်ရှင်းနိုင်ငံအတွက် အကျိုးအမြတ်များကို မြင်နေရပြီ ဖြစ်သည်။ ဘာမှမလုပ်ပဲ တိတ်ဆိတ်စွာ မည်သို့ ကျော်ဖြတ်သွားနိုင်ပါမည်နည်း။

မင်ရှင်းဧကရာဇ်က ခပ်တိုးတိုးရယ်လိုက်ပြီး “လောလောဆယ်မှာ မင်ရှင်းနိုင်ငံက ရှနိုင်ငံဆီကို လက်နက်ချပြီးပြီ။ ခင်ဗျားက မင်ရှင်းနိုင်ငံရဲ့ ကံစွမ်းအားကို လိုချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ ဖြစ်ချင်သလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိတယ်။”

နန်အန်းဧကရာဇ်သည် ထိုစကားကို ကြားသော်လည်း လုံးဝ ဂရုမစိုက်သလို စိတ်ထဲလည်း မထားပေ။

ရှနိုင်ငံ......

မည်သည့် အမည်မသိ နိုင်ငံနည်း။

သူ တစ်ခါမှပင် မကြားဖူးပေ။

ထိုအခိုက်အတန့်တွင် နန်အန်းဧကရာဇ်က “ခင်ဗျားက ကောင်းကောင်းပြောတာကို နားမထောင်ဘူးဆိုတော့ ကျုပ်တို့ကို အပြစ်မတင်ပါနဲ့တော့။”

နန်အန်းဧကရာဇ်၏ စကားအဆုံးတွင် ထိုကြယ်နယ်မြေအတွင်းသို့ ဧကရာဇ်အဆင့် အငွေ့အသက် ငါးခု ဆင်းသက်လာသည်။ ထိုဧကရာဇ်များ၏ အငွေ့အသက်များကို ခံစားမိလျှင် မင်ရှင်းဧကရာဇ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ထိုဧကရာဇ်များ၏ စွမ်းအားသည် သူ့ထက် ပိုသာ၏။ သူတစ်ဦးတည်း ထိုသူတို့၏ တိုက်ခိုက်မှုကို ခုခံရန် ခဲယဉ်းလှသည်။

အချိန်မည်မျှကြာအောင် တားဆီးထားနိုင်မည်ကိုလည်း မသိပေ။ ထို့နောက် သူ၏ စိတ်ဝိညာဉ်အတွင်းပိုင်းရှိ ဝိညာဉ်တံဆိပ်ခတ်နှိပ်မှုမှတစ်ဆင့် လုချန်းကို ချက်ချင်း ဆက်သွယ်ရန် မင်ရှင်းဧကရာဇ် ကြိုးစားလိုက်သည်။

“မင်းကြီး... မင်းကြီး... မင်ရှင်းနိုင်ငံကို ဧကရာဇ်အဆင့်တွေ ကျူးကျော်ဝင်ရောက်လာပါပြီ...”

အကြိမ်ကြိမ် ခေါ်ဆိုပြီးနောက်တွင် မည်သည့် တုံ့ပြန်မှုကိုမှ သူ မရရှိခဲ့ပေ။ သူ၏ စိတ်ထဲ၌လည်း အလွန်ထိတ်ထိတ်ဖြာဖြာ ဖြစ်သွားသည်။

ဒါက တကယ့် ပြဿနာပင်။

လုချန်း ရောက်လာသည့် အချိန်တွင် မင်ရှင်းနိုင်ငံ တစ်နိုင်ငံလုံး ပျက်စီးသွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ထိုလူများကို တားဆီးထားရန် အကောင်းဆုံး ကြိုးစားရမည်သာ ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်တွင် ဝိညာဉ်တံဆိပ် ခတ်နှိပ်ခံထားရသည်။ လုချန်း၏ အမိန့်မရှိပဲ သူ ထွက်မပြေးနိုင်သဖြင့် အစွမ်းကုန် ရင်ဆိုင်ရန်သာ ရှိတော့သည်။

နောက်တစ်ခဏတွင် သူ၏ ဧကရာဇ် နိယာမ ကိုယ်ထည်ကို မင်ရှင်းဧကရာဇ် ထုတ်ဖော်လိုက်သည်။ ထို့နောက် နန်အန်းဧကရာဇ်နှင့် သူတို့၏ နတ်လှေရှေ့တွင် သေရဲသည့် သတ္တိဖြင့် ခိုင်ခိုင်မာမာ ရပ်လိုက်သည်။

မင်ရှင်းဧကရာဇ်ထံမှ ထွက်ပေါ်လာသော အနီရောင် အငွေ့အသက်ကို မြင်လျှင် နန်အန်းဧကရာဇ် မျက်မှောင်ကြုတ်သွားကာ

“မိတ်ဆွေ... ဒါက တကယ် လိုအပ်လို့လား။ ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်က မကြာခင် တိုက်ခိုက်တော့မှာ။ ခင်ဗျားတို့နိုင်ငံကို ကာကွယ်နေလို့ရော ဘာထူးမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားလည်း ထွက်ပြေးရမှာပဲ။ မင်းဆက်ကံစွမ်းအားကို ဘာလို့ အေးအေးဆေးဆေး မပေးတာလဲ။”

“ဘာလို့ အာဇာနည် လုပ်ချင်နေရတာလဲ။”

ထိုအခိုက်အတန့်တွင် မင်ရှင်းဧကရာဇ်သည် သူ၏ စိတ်ဝိညာဉ်ကို စတင် လောင်မြိုက်စေလိုက်သည်။ ဧကရာဇ်အဆင့်တစ်ပါးသည် သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေလျှင် တိုက်ခိုက်နိုင်စွမ်းက အဆမတန် တိုးလာတတ်သည်။

နန်အန်းဧကရာဇ်တို့လူစုသည် စိတ်ဝိညာဉ် လောင်မြိုက်ထားသော မင်ရှင်းဧကရာဇ်ကို ဖျက်ဆီးနိုင်သော်လည်း တိုက်ပွဲသည် မြန်မြန်ဆန်ဆန် ပြီးဆုံးလိမ့်မည် မဟုတ်ပေ။ အရေးကြီးဆုံး အချက်မှာ နန်အန်းဧကရာဇ်နှင့် သူ၏ မဟာမိတ်များသည် ထွက်ပြေးနေရခြင်း ဖြစ်သည်။

အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက် ဒဏ်ရာရသွားလျှင် သူတို့အတွက် အလွန် နစ်နာပေလိမ့်မည်။ အစပိုင်းတွင် သူတို့ ငါးယောက်လုံး အငွေ့အသက်ကို အတူတူ ထုတ်ဖော်လိုက်လျှင် မင်ရှင်းဧကရာဇ်ကို ခြောက်လှန့်နိုင်မည်ဟု နန်အန်းဧကရာဇ် ထင်မှတ်ခဲ့သည်။

သူတို့၏ အမြင်တွင် ရှန်ယွဲ့နိုင်ငံ စစ်တပ်က ဖိအားပေးလာလျှင် အနီးနားရှိ ကြယ်နယ်မြေရှိ နိုင်ငံများ၏ အုပ်ချုပ်သူများသည် သူတို့၏ နိုင်ငံများကို စွန့်ခွာကြလိမ့်မည် ဖြစ်သည်။ ယခု သူတို့ရှေ့ရှိ ဧကရာဇ်သည်လည်း ခြွင်းချက် မဟုတ်ပေ။ သို့သော် ယခုကြည့်ရတာ သူတို့ တွက်ချက်မှု မှားယွင်းသွားပုံရသည်။

မင်ရှင်းဧကရာဇ်က ခပ်အေးအေးပင်

“စကားအများကြီး ပြောနေတာက အဓိပ္ပာယ် မရှိပါဘူး။ စလိုက်ကြရအောင်။”

မင်ရှင်းဧကရာဇ်၏ စကားအဆုံးတွင် နန်အန်းဧကရာဇ်တို့ လူစု ချက်ချင်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြပေ။ ထိုအချိန်တွင် ဧကရာဇ်တစ်ပါးက နန်အန်းဧကရာဇ်ထံ စိတ်အာရုံဖြင့် ဆက်သွယ်ကာ

“မင်းကြီး... ကျွန်တော်တို့ တိုက်ခိုက်သင့်ပြီလား”

ဧကရာဇ်တစ်ပါးတည်းကို စုပေါင်း ရင်ဆိုင်ခြင်းက ကြီးမားသော စိန်ခေါ်မှု မဟုတ်ပေ။ သို့သော် တစ်ယောက်ယောက် ဒဏ်ရာရသွားမည်ကိုတော့ စိုးရိမ်နေကြသည်။ အကယ်၍ ဤလူက မသေဆုံးမီ သူ၏ စိတ်ဝိညာဉ်ကို ရုတ်တရက် ဖောက်ခွဲလိုက်လျှင် သူတို့အားလုံး အတူတူ သေဆုံးမသွားလျှင်တောင် ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်သည်။

ထွက်ပြေးနေစဉ်အတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းသည် သူတို့အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လိမ့်မည်။ ဧကရာဇ်အဆင့် ငါးပါးလုံး ချက်ချင်း တိုက်ခိုက်ခြင်း မရှိသည်ကို မြင်လျှင် မင်ရှင်းဧကရာဇ်လည်း သူတို့၏ စိုးရိမ်ပူပန်မှုကို ချက်ချင်း ရိပ်မိသွားသည်။ သူ လောင်းကြေးထပ်လိုက်တာ မှန်သွားပုံရသဖြင့် သက်ပြင်းအသာ ချလိုက်သည်။

ပြန်စဉ်းစားကြည့်လျှင် ဤဧကရာဇ်များသည် သူတို့၏ နိုင်ငံများကို စွန့်ခွာကာ ထွက်ပြေးလာသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ သူတို့အားလုံးသည် အန္တရာယ်ကို ရှောင်ရှားလိုသူများသာ ဖြစ်သည်။

ဤကဲ့သို့ အချိန်မျိုးတွင် မင်းဆက်တစ်ခု၏ ကံစွမ်းအားအတွက် ပြင်းထန်သော ဒဏ်ရာရရှိမည့် အန္တရာယ်ကို သူတို့ မည်သို့ ရင်ဆိုင်ဝံ့ပါမည်နည်း။

သူတို့ တိုက်ခိုက်တော့မည် မဟုတ်ဟု မင်ရှင်းဧကရာဇ် ထင်မှတ်နေစဉ်မှာပင် နန်အန်းဧကရာဇ်၏ နိယာမ ကိုယ်ထည် ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

နန်အန်းဧကရာဇ်က သူ၏ နောက်မှ ဧကရာဇ်များထံသို့

“ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို ကျုပ်ဆီ လွှဲပေးကြပါ”

ဟု စိတ်အာရုံဖြင့် ပြောလိုက်သည်။

ဧကရာဇ်လေးပါးလည်း နန်အန်းဧကရာဇ်၏ ဗျူဟာကို ချက်ချင်း နားလည်သွားပြီး သူတို့၏ စွမ်းအားများကို နန်အန်းဧကရာဇ်ထံသို့ ချက်ချင်း ပို့လွှတ်လိုက်ကြသည်။ ထိုမြင်ကွင်းကို တွေ့ရလျှင် မင်ရှင်းဧကရာဇ် ခဏခန့် ကြောင်အသွားသည်။ ထိုအချိန်တွင် နင်းအန်းဧကရာဇ်က အသာအယာ ရယ်မောလိုက်ကာ

“ခင်ဗျားက ဒီအင်ပါယာကို သေသည်အထိ ကာကွယ်မယ်လို့ ဇွတ်လုပ်နေမှတော့ ကျုပ်ကပဲ ခင်ဗျားကို သေရွာပို့ဆောင်ပေးလိုက်ပါ့မယ်။”

“ဖရိုဖရဲ တိမ်တိုက်ဓား”

နောက်တစ်ခဏတွင် နန်အန်းဧကရာဇ်၏ ပတ်ပတ်လည်တွင် ရေတွက်၍ မရသော ဓားကြီးများ ပေါ်လာပြီး မင်ရှင်းဧကရာဇ်ထံသို့ ရူးသွပ်စွာ ပစ်လွှတ်လိုက်သည်။

မင်ရှင်းဧကရာဇ် မျက်နှာ ပျက်သွားသည်။ သူလောင်းကြေးထပ်ခဲ့တာ မှန်ကန်သည်ဟု ယုံကြည်နေချိန်တွင် နန်အန်းဧကရာဇ်က တိုက်ခိုက်လာခြင်းဖြစ်၏။

ခုနကအထိ တိုက်ခိုက်ရန် ချီတုံချတုံ ဖြစ်နေသော နန်အန်းဧကရာဇ် ယခု ဘာကြောင့် တိုက်ခိုက်လာရသလဲဆိုတာကို မင်ရှင်းဧကရာဇ် နားမလည်နိုင်ဖြစ်‌နေ၏။ အမှန်စင်စစ် ဤနေရာတွင် နန်အန်းဧကရာဇ် အချိန်အများကြီး မဖြုန်းတီးလိုပေ။ မင်ရှင်းဧကရာဇ်က သူ၏ စိတ်ဝိညာဉ်ကို ဖောက်ခွဲလိုက်လျှင် သူလည်း ဒဏ်ရာရရှိမည်ကို စိုးရိမ်နေသည်။

သို့သော် ဆက်လက် စဉ်းစားကြည့်လျှင် သူ၏ အင်ပါယာသည် ရှန်ယွဲ့နိုင်ငံ စစ်တပ်၏ ဖျက်ဆီးခြင်းကို ခံရတော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ စွမ်းအား သိသိသာသာ အားနည်းသွားမှာ သေချာလှသည်။ သူ၏ ကျင့်စဉ်ကို တည်ငြိမ်စေရန် အခြားမင်းဆက်များမှ ကံစွမ်းအားအချို့ကို မစုပ်ယူလျှင် သူ၏ စွမ်းအား ကျဆင်းမှုအလွန် ပြင်းထန်လိမ့်မည်။

ထိုအခါ ကျရောက်လာမည့် ဘေးအန္တရာယ်များကို သူ မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။ မကြာမီ ကျရောက်တော့မည့် ကပ်ဘေးအကြောင်းကို တွေးတောရင်း နောက်ဆုံးတွင် တိုက်ခိုက်ရန် နန်အန်းဧကရာဇ် ဆုံးဖြတ်လိုက်သည်။

လောလောဆယ်၌ သူသည် ဧကရာဇ်အဆင့် ခြောက်တွင် ရှိနေသဖြင့် အဆင့်တစ် နှစ် လောက်သာရှိသော ဧကရာဇ်တစ်ပါးအပေါ် သူ လုံးဝ အသာစီးရထားသည်။ သူ၏ အင်ပါယာ ပျက်စီးသွားပြီးနောက် အဆင့်သုံးသို့မဟုတ် တစ်၊နှစ်အဆင့်များသို့ ကျဆင်းသွားလျှင် အခြားအင်ပါယာများကို ဖျက်ဆီးပြီး ကံစွမ်းအား စုပ်ယူရန် ပို၍ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူ၏ အင်အား တောင့်တင်းနေဆဲ အချိန်တွင် သူ၏ ကျင့်စဉ်ကို တည်ငြိမ်စေရန် အင်ပါယာများကို တတ်နိုင်သမျှ ဖျက်ဆီးရန် သူ ရည်ရွယ်ထားသည်။

နန်အန်းဧကရာဇ်က စတင် တိုက်ခိုက်လာသည်ကို မြင်လျှင် မင်ရှင်းဧကရာဇ်လည်း အကောင်းဆုံး ရင်ဆိုင်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

“တိမ်ပင်လယ် လက်ဝါး”

မင်ရှင်းဧကရာဇ်၏ နိယာမ ကိုယ်ထည်က စတင်တိုက်ခိုက်လာသည်။ ထိုအခါ ဟင်းလင်းပြင်ထဲတွင် ကြီးမားသော ရွှေရောင် လက်ဝါးပုံရိပ်တစ်ခု ပေါ်လာ၏။ ချက်ချင်းပင် ရေတွက်၍မရနိုင်သော ဓားကြီးများသည် ကြီးမားသော လက်ဝါးကို ဝင်တိုက်လိုက်ပြီး ခဏချင်းအတွင်းမှာပင် ကြီးမားသော လက်ဝါးကြီးအား ထိုးဖောက်လိုက်သည်။

မင်ရှင်းဧကရာဇ် ချက်ချင်း မျက်နှာမည်းသွား၏။ သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေခဲ့သော်လည်း ရန်သူ၏ တိုက်ကွက်တစ်ခုကိုပင် သူ မတားဆီးနိုင်ခဲ့ပေ။

မဖြစ်ပေ။

ဒီအတိုင်း ဆက်သွားလို့ မရနိုင်ဟု သူ တွေးလိုက်သည်။

နောက်တစ်ခဏတွင် မင်ရှင်းဧကရာဇ်သည် မင်ရှင်းနိုင်ငံ၏ ကံစွမ်းအား တစ်ခုလုံးကို အမိန့်ပေးစေခိုင်းလိုက်သည်။ ထိုအခါ သူ၏ နိယာမ ကိုယ်ထည်ရှေ့တွင် ကံကြမ္မာ ရွှေနဂါးတစ်ကောင် ချက်ချင်း ပေါ်ထွက်လာသည်။ ကံကြမ္မာ ရွှေနဂါးမှ ထွက်ပေါ်လာသော စွမ်းအားသည် ဝင်ရောက်လာသည့် ဓားကြီးများကို ခက်ခဲစွာ ခုခံထားနိုင်ခဲ့သည်။ သို့သော် ကံကြမ္မာ ရွှေနဂါး ပျက်စီးလုနီးပါး ဖြစ်နေသည်ကို မင်ရှင်းဧကရာဇ် ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

…………..

အခန်း (၁၄၄၉)

လုချန်း ရောက်ရှိလာခြင်း

ကံကြမ္မာ ရွှေနဂါး၌ အက်ကြောင်းများ ပေါ်နေပြီး ကံစွမ်းအားများ စတင် ယိုစိမ့်လာသည်ကို ကြည့်ရင်း မင်ရှင်းဧကရာဇ်တစ်ယောက် လုံးဝ ကူကယ်ရာမဲ့နေတော့သည်။ တစ်ဖက်လူ ဘာကြောင့် လှုပ်ရှားလာသည်ကိုလည်း သူ နောက်ဆုံးတွင် နားလည်သွားတော့သည်။

သူတို့ကြား အင်အား ကွာခြားချက်က မသေးငယ်ပေ။ ထို့ပြင် တစ်ဖက်တွင် ဧကရာဇ်အဆင့် ငါးပါး ရှိနေသည်။ သူတို့ အင်အားချင်း ပူးပေါင်းလိုက်လျှင် အသတ်မခံရမီ သူ၏ စိတ်ဝိညာဉ်ကို ဖောက်ခွဲရန်ပင် အခွင့်အရေး ရလိမ့်မည် မဟုတ်ဟု သူ စိုးရိမ်နေမိသည်။

“မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားလို့ မရဘူး”

သူ၏ နိယာမ ကိုယ်ထည်ကို နန်အန်းဧကရာဇ် အနီးသို့ တိုက်ရိုက် ပို့လွှတ်ကာ ဖောက်ခွဲရန် စဉ်းစားလိုက်ပြီး မင်ရှင်းဧကရာဇ်သည် သူ၏ စိတ်ဝိညာဉ်ကို ထပ်မံ လောင်မြိုက်စေလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင်

“ဧကရာဇ်အဆင့်ခြောက်ပါလား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ”

ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလျှင် မင်ရှင်းဧကရာဇ် နောက်ဆုံးတွင် သက်ပြင်းအသာ ချနိုင်တော့သည်။ လုချန်း ရောက်လာပြီ ဖြစ်သဖြင့် သူ စိတ်အေးသွားရသည်။

ထိုအသံကို ကြားလျှင် နန်အန်းဧကရာဇ် ချက်ချင်း သတိထားလိုက်သည်။ ထိုအသံ မထွက်ပေါ်လာခင် အချိန်အထိ အနီးနားတွင် အစွမ်းထက်သူတစ်ဦး ရှိနေကြောင်း သူ လုံးဝ မသိခဲ့ပေ။ ဤအချက်က ရောက်ရှိလာသူ၏ အင်အားသည် သူ့ထက် သာလွန်နိုင်ကြောင်း ဖော်ပြနေသည်။

သို့သော် ထိုအရာက နန်အန်းဧကရာဇ်၏ အထင်မှားမှု တစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသူ၏ ကျင့်စဉ်အဆင့်က သူ့ထက် မမြင့်မားသောကြောင့် ဖြစ်သည်။

ယခု မင်ရှင်းဧကရာဇ်ကို ကူညီနေသည့် အစွမ်းထက်သော မဟာမိတ်တစ်ဦး ရှိနေသည်ဟု နန်အန်းဧကရာဇ်က သံသယဝင်သွားသည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး အဝေးရှိ ဟင်းလင်းပြင်ကို ကြည့်ကာ

“ခင်ဗျားက ဘယ်သူလဲ။ အမှောင်ထဲမှာပဲ ပုန်းနေတော့မှာလား။”

ထိုအရာကို ကြားလျှင် လုချန်း အသာအယာ ရယ်မောလိုက်သည်။ နောက်တစ်ခဏတွင် အာကာသ ကူးပြောင်းခြင်းကို အသုံးပြုကာ မင်ရှင်းဧကရာဇ်၏ အနောက်ရှိ ဟင်းလင်းပြင်တွင် ကြီးမားသော ဝဲဂယက်တစ်ခု ပေါ်လာအောင် လုပ်လိုက်သည်။ ထို့နောက် အာကာသ လမ်းကြောင်းထဲမှ ကြီးမားသော နတ်လှေတစ်စင်း ပျံသန်း ထွက်ပေါ်လာခဲ့သည်။

ဖေးဟုန်နတ်လှေ ပေါ်လာလျှင် အပြာရောင် အကာအကွယ် အလွှာတစ်ခုက မင်ရှင်းနိုင်ငံ တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ မင်ရှင်းဧကရာဇ်ကိုလည်း ထိုအထဲတွင် ထည့်သွင်း အကာအကွယ် ပေးလိုက်သည်။

အပြာရောင် အကာအကွယ်ကို မြင်လျှင် ရှနိုင်ငံ၏ အကာအကွယ်ကို မင်ရှင်းဧကရာဇ် သတိရသွားသည်။ သူတို့၏ အခမ်းအနား ပြီးဆုံးမှသာ မင်ရှင်းနိုင်ငံအထိ အကာအကွယ် ပျံ့နှံ့လာမည်ဟု ပြောထားသဖြင့် သူ ဇဝေဇဝါ ဖြစ်သွားသည်။

အခမ်းအနား မကျင်းပရသေးပဲနှင့် ဤအပြာရောင် အကာအကွယ်က မင်ရှင်းနိုင်ငံကို ဘာကြောင့် ကာကွယ်ထားနှင့်ပြီနည်း။

“ရှဧကရာဇ်ရဲ့ ဒီအကာအကွယ်က တကယ်ပဲ အကန့်အသတ်မရှိ ပြန့်ကားနိုင်တာလား။”

ဤဖြစ်နိုင်ခြေကို တွေးတောရင်း မင်ရှင်းဧကရာဇ် ပို၍ထိတ်လန့်သွားသည်။ ထိုအတိုင်းသာ ဖြစ်ပါက ရှဧကရာဇ်၏ အင်အားသည် သူ ထင်ထားသည်ထက် ဧကန်မုချ သာလွန်နေမည် ဖြစ်သည်။

ဤကဲ့သို့ နည်းဗျူဟာ အကာအကွယ်တစ်ခုကို ထိန်းသိမ်းထားရန်အတွက် ကြီးမားသော ကုန်ကျစရိတ်များ ရှိလိမ့်မည်ဟုလည်း တွေးတောရင်း မင်ရှင်းဧကရာဇ်၏ စိတ်ထဲ အလွန်အံ့သြနေမိတော့သည်။

ဧကရာဇ်အဆင့်ခြောက်တွင် ရှိသဖြင့် စွမ်းအား တုန်ခါမှုများကို ပိုမိုအာရုံခံနိုင်သော နန်အန်းဧကရာဇ်သည် အပြာရောင် အကာအကွယ်ကိုကြည့်ရင်း မျက်ခုံး အနည်းငယ်တွန့်လိုက်သည်။ ဤအကာအကွယ်ကို တစ်ချက် ကြည့်ရုံနှင့်ပင် ထိုးထွက်ရန် မလွယ်ကူကြောင်း သူ နားလည်လိုက်သည်။

စကြဝဠာ အစွန်အဖျားတွင် ဤကဲ့သို့သော နည်းဗျူဟာ အကာအကွယ်မျိုး သို့မဟုတ် ယင်းကို တည်ဆောက်နိုင်သည့် ဧကရာဇ်တစ်ပါး မည်သို့ ရှိနိုင်ပါမည်နည်း။

နန်အန်းဧကရာဇ်၏ အကြည့်က ဖေးဟုန်နတ်လှေထံသို့ ရောက်သွားသည်။ မကြာမီ ဖေးဟုန်နတ်လှေသည် အာကာသ လမ်းကြောင်းထဲမှ အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။ လုချန်း၏ ကိုယ်ပွားလည်း နတ်လှေ၏ နန်းဆောင်ခေါင်မိုးပေါ်တွင် ပေါ်ထွက်လာ၏။

“ဟင်”

ဖေးဟုန်နတ်လှေပေါ်ရှိ ဧကရာဇ်သည် ဧကရာဇ်အဆင့်တစ်တွင်သာ ရှိနေကြောင်း တွေ့ရှိလျှင် နန်အန်းဧကရာဇ် အလွန်အံ့သြသွား၏။ သူ မှားကြည့်မိသလားဟုလည်း တွေးမိလိုက်သည်။

ထို့နောက် မျက်တောင်ခတ်ပြီး ထပ်မံ၍ အသေအချာ ကြည့်ရှုလိုက်သည်။ သို့သော်လည်း ထိုသူထံမှ ဧကရာဇ်အဆင့်တစ်၏ အငွေ့အသက်သာ ထွက်ပေါ်နေဆဲ ဖြစ်သည်။

နန်အန်းဧကရာဇ်၏ အနီးရှိ ဧကရာဇ်အဆင့်သုံး တစ်ပါးက

“အစွမ်းထက်သူတစ်ယောက်လို့ ထင်နေတာ။ တကယ်တော့ ဧကရာဇ်အဆင့်တစ်ပဲ ရှိတာပါလား”

ဟု ရယ်မောရင်း လှောင်ပြောင်လိုက်သည်။

“ဧကရာဇ်အဆင့်တစ် တစ်ယောက် တိုးလာတာနဲ့ ကျုပ်တို့က ခင်ဗျားကို မကိုင်တွယ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား။”

ထိုသို့ ပြောရင်း ထိုဧကရာဇ်သည် သူ၏ နိယာမ ပုံရိပ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ မကြာမီ ထိုပုံရိပ်သည် အပြာရောင် အကာအကွယ် အနီးသို့ ရောက်သွားရင်း လျင်မြန်စွာပင် ဓားတစ်လက်ကို ဝှေ့ယမ်းလိုက်သည်။

“ရွှမ်မင် ကောင်းကင်ခွဲဓား”

ဧကရာဇ်၏ နိယာမ ပုံရိပ် ကိုင်ဆောင်ထားသော ဓားကြီးမှ ထူထပ်သော အမှောင်စွမ်းအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို လျင်မြန်စွာ ဖုံးလွှမ်းသွား၏။ ထူထဲသော ဓားအငွေ့အသက်များကလည်း အပြာရောင် အကာအကွယ်ဆီသို့ ခုတ်ပိုင်းသွားသည်။

လုချန်းကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်မည်ဟု ထိုဧကရာဇ် မျှော်လင့်ထား ပုံရသည်။ သို့သော် ဓားအငွေ့အသက်သည် အပြာရောင် အကာအကွယ်ကို ရိုက်ခတ်ရုံသာ ရှိပြီး တုန်ခါလှိုင်းအနည်းငယ်ပင် မထပေ။

အကာအကွယ်သည် လုံးဝ မလှုပ်မယှက် ရှိနေသည်။ ထိုဓားအငွေ့အသက်များသည် ရေထဲသို့ ကျဆင်းသွားသော သဲပွင့်များကဲ့သို့ တိတ်ဆိတ်စွာပင် ပျော်ဝင်ပျောက်ကွယ်သွားလေသည်။

သူ၏ အင်အား ကိုးဆယ်ရာခိုင်နှုန်းကို အသုံးပြုခဲ့သော်လည်း လွယ်ကူစွာပင် တားဆီးခံလိုက်ရသဖြင့် ထိုဧကရာဇ်လည်း ဟင်းလင်းပြင် အလယ်တွင် ကြောင်အသွားရသည်။

“ဒီအပြာရောင် အကာအကွယ်က ဘာလဲ။ ဒီလို အစွန်အဖျားဒေသမှာ ဘာလို့ ဒီလို အကာအကွယ်မျိုး ရှိနေရတာလဲ။”

တစ်စုံတစ်ခုကို တွေးတောမိရင်း နန်အန်းဧကရာဇ်ကတော့ ချက်ချင်း တိုက်ခိုက်ခြင်း မပြုပေ။

“ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ သူ့ကို ကယ်တာလဲ”

ဟု မေးခွန်းထုတ်လိုက်သည်။

ထိုသို့ ပြောရင်း နန်အန်းဧကရာဇ်က မင်ရှင်းဧကရာဇ်ကို တစ်ချက် ကြည့်လိုက်သည်။

လုချန်း စကားမပြောမီ မင်ရှင်းဧကရာဇ်က လုချန်းကို

“မင်းကြီးကို ဂါရဝပြုပါတယ်”

ဟု အလျင်အမြန် ပြောလိုက်သည်။

“မင်ရှင်းနိုင်ငံက ပြည်သူတွေကို ကယ်တင်ပေးတဲ့အတွက် မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

မင်ရှင်းဧကရာဇ်၏ စကားကို ကြားလျှင် ရောက်လာသူမှာ အစောပိုင်းက ပြောခဲ့သော ရှနိုင်ငံမှ ဖြစ်ရမည်ဟု နန်အန်းဧကရာဇ် နားလည်လိုက်သည်။ လုချန်းကို အနီးကပ် လေ့လာရင်း ဧကရာဇ်အဆင့်တစ်၌သာ ရှိသော နိုင်ငံအုပ်ချုပ်သူ တစ်ဦးက အခြားဧကရာဇ် တစ်ပါးကို မည်သို့ သိမ်းသွင်းထားနိုင်တာလဲဟု နန်အန်းဧကရာဇ် တွေးတောနေမိသည်။

ထိုသူ၌ မည်သည့် ထူးခြားချက် ရှိသနည်း။ သို့မဟုတ် ဤအပြာရောင် အကာအကွယ်သည် သူ၏ အကြီးမားဆုံးသော လက်နက် ဖြစ်သလားဟု နန်အန်းဧကရာဇ် တကယ်ပင် နားမလည်နိုင် ဖြစ်နေသည်။

လုချန်းက နန်အန်းဧကရာဇ်၏ မေးခွန်းကို ချက်ချင်း မဖြေပေ။ သူက မင်ရှင်းဧကရာဇ်ကို ကြည့်ကာ

“ခင်ဗျား တကယ် ကောင်းကောင်း လုပ်ခဲ့ပါတယ်”

ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

လုချန်း၏ ချီးကျူးမှုကို ရရှိလျှင် မင်ရှင်းဧကရာဇ်က အလျင်အမြန် တုံ့ပြန်လိုက်သည်။

“ဒါက လက်အောက်ငယ်သားတစ်ယောက် လုပ်သင့်တဲ့ အလုပ်ပါ။”

လုချန်းက နန်အန်းဧကရာဇ်ဘက်သို့ လှည့်ကာ ပြုံးလျက်

“ဧကရာဇ်အဆင့်ခြောက် ဖြစ်နေပြီးတော့ ကိုယ့်နိုင်ငံကို မကာကွယ်ပဲ ပြည်သူတွေကို ပစ်ထားပြီး ထွက်ပြေးတာ ရှက်ဖို့ မကောင်းဘူးလား။”

နန်အန်းဧကရာဇ်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“ဧကရာဇ်အဆင့်တစ်ပဲ ရှိတဲ့သူက ကျုပ်ကို ဆုံးမစရာ မလိုပါဘူး။ ပြောပါဦး။ ခင်ဗျားက ဘယ်သူလဲ။ စကြဝဠာ အစွန်အဖျားမှာ ဒီလို နည်းဗျူဟာတွေကို ကျွမ်းကျင်တဲ့ ဧကရာဇ်မျိုး ရှိနေစရာ အကြောင်း မရှိဘူး။”

လုချန်း၏ မည်သူမည်ဝါဖြစ်ကြောင်း သံသယဖြစ်မိပြီးနောက် ဤမျှ အစွမ်းထက်သော နည်းဗျူဟာ အကာအကွယ်မျိုးကို စကြဝဠာ အစွန်အဖျားမှ ဧကရာဇ်တစ်ပါးက ဖန်တီးနိုင်မည် မဟုတ်ဟု နန်အန်းဧကရာဇ်က ခန့်မှန်းလိုက်သည်။

ရှန်ယွဲ့နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှု အကြောင်းရင်းကို ပြန်လည် စဉ်းစားရင်း မိမိရှေ့ရှိသူမှာ မင်းသား လုချန်း ဖြစ်နိုင်ကြောင်းလည်း နန်အန်းဧကရာဇ် ခန့်မှန်းမိသွားသည်။

လုချန်းက

“ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”

ဟု ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။

နန်အန်းဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ခင်ဗျားရဲ့ နည်းဗျူဟာက ဘယ်လောက်အထိ ခိုင်ခံ့လဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။”

ထိုသို့ ပြောရင်း နန်အန်းဧကရာဇ်ထံမှ အငွေ့အသက်များသည် မြင့်တက်လာသည်။

ထို့နောက် သူက

“ဖရိုဖရဲ တိမ်တိုက်ဓား”

ဟု အော်ဟစ်လိုက်သည်။

ချက်ချင်းပင် နတ်ဝိညာဉ်ထီးက ဖန်တီးထားသော အကာအကွယ်ဆီသို့ ရေတွက်၍မရသော ရွှေရောင်ဓားများ ပစ်လွှတ်လိုက်၏။ သို့သော်လည်း အစောပိုင်းကကဲ့သို့ပင် ထိုဓားများသည် အပြာရောင် အကာအကွယ်ကို ထိမှန်ပြီးသည်နှင့် သမုဒ္ဒရာထဲသို့ ခဲပစ်ချလိုက်သကဲ့သို့ မည်သည့် သက်ရောက်မှုမှ မပေးနိုင်ပဲ ချက်ချင်း ပျောက်ကွယ်သွားသည်။

ရှုံးနိမ့်မှုကို လက်မခံလိုသဖြင့် နန်အန်းဧကရာဇ် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ရလဒ်ကတော့ ပြောင်းလဲသွားခြင်း မရှိပေ။

နောက်ဆုံးတွင် နန်အန်းဧကရာဇ်လည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် သူ၏ သိန်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများဖြင့် အပြာရောင် အကာအကွယ်ကို စိုက်ကြည့်နေသည်။ ထိုအကြည့်တွင် ဒေါသထက် သိချင်စိတ်က ပိုမိုများပြားနေ၏။

နန်အန်းဧကရာဇ်က တိုက်ခိုက်မှုကို ရပ်လိုက်သည်ကို မြင်လျှင် လုချန်းက ပြုံးလျက်

“ခင်ဗျား လက်နက်ချဖို့ ပြင်နေတာလား။”

နန်အန်းဧကရာဇ်က ရယ်မောလိုက်ပြီး သူ၏ အငွေ့အသက်များလည်း ထပ်မံ မြင့်တက်လာသည်။

“ဟင်”

နန်အန်းဧကရာဇ်ထံမှ မှိန်ဖျော့သော ခရမ်းရောင် မီးတောက်များ ထွက်ပေါ်လာသည်ကို သတိထားမိသဖြင့် လုချန်း ခဏခန့် တုံ့ဆိုင်းသွားသည်။

“ဒါက...”

All Chapters