← Chapters

အခန်း (၁၄၅၀-၁၄၅၂)

Vol. 97 Ch. 1450-1452

အခန်း (၁၄၅၀-၁၄၅၂)

Vol. 97 Ch. 1450-1452

အခန်း (၁၄၅၀)

ဒေါသထွက်နေသော ထျန်းဟုန်ဧကရီ

နန်အန်းဧကရာဇ်က နတ်ဝိညာဉ်ထီး၏ အကာအကွယ်ကို ချိုးဖျက်ရန်အတွက် သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေလိမ့်မည်ဟု လုချန်း မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေခဲ့လျှင်တောင် နတ်ဝိညာဉ်ထီး၏ အကာအကွယ်ကို ချိုးဖျက်နိုင်မှာလားဟု လုချန်း စိုးရိမ်ပူပန်ခြင်း မရှိပေ။

နန်အန်းဧကရာဇ်က နတ်လက်နက်တစ်ခုကို ထုတ်မသုံးနိုင်သရွေ့တော့ သတိထားစရာ မလိုပေ။ သူ့၌ နတ်ဝိညာဉ်ထီးကို ထိုးဖောက်ရန် အခြားနည်းလမ်းမရှိပေ။ ဤစကြဝဠာအတွင်းရှိ နတ်လက်နက်များသည် တကယ်ပင် အနိုင်မတိုက်နိုင်သော တည်ရှိမှုမျိုး ဖြစ်ကြသည်။

နန်အန်းဧကရာဇ်က စကားအများကြီး ဆက်မပြောတော့ဘဲ သူ၏ နိယာမ ပုံရိပ်ကို ဖြည်းညင်းစွာ မြှင့်တင်လိုက်ရာ နောက်တစ်ခဏတွင် သူ၏ နိယာမ ပုံရိပ်လက်ထဲ၌ ဓားကြီးတစ်လက် ပေါ်လာသည်။ နိယာမ ပုံရိပ်ထံမှ ပြင်းထန်လှသော ဓားအငွေ့အသက်များ ထွက်ပေါ်လာပြီးနောက် နန်အန်းဧကရာဇ်၏ နိယာမ ပုံရိပ် ခေါင်းပေါ်တွင် ဓားလမ်းစဉ်များ ပေါ်ထွက်လာသည်။

ထို့နောက် ကြယ်နယ်မြေ တစ်ဝက်နီးပါးကို ဖုံးလွှမ်းသွားသည့် ဧရာမ ဓားကြီးတစ်လက် ပေါ်လာသည်။ သို့သော်လည်း သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်လိုက်စေပြီး လမ်းစဉ်စွမ်းအားကိုပါ အသုံးပြုနေသည့်တိုင် ဤနည်းဗျူဟာကို မချိုးဖျက်နိုင်သေးသဖြင့် နန်အန်းဧကရာဇ် မယုံနိုင်အောင် ဖြစ်နေ၏။

ဧကရာဇ်အဆင့်ခြောက်တွင်ရှိသော သူကိုယ်တိုင် စိတ်ဝိညာဉ်ကို လောင်မြိုက်စေပြီး လမ်းစဉ်စွမ်းအားကို အသုံးပြုကာ တိုက်ခိုက်နေသည့်တိုင် ဤအကာအကွယ်ကို မဖျက်ဆီးနိုင်ပါက ဤနည်းဗျူဟာ ပုံစံကို အဆင့်ကိုး ဧကရာဇ်တစ်ပါးတောင် ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုအတိုင်းသာ ဆိုပါက သူ လက်လျှော့ရန်သာ ရှိတော့သည်။ နန်အန်းဧကရာဇ်က လုချန်းကို ကြည့်ကာ

“ခင်ဗျားက ဘယ်သူပဲဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး။ ရှန်ယွဲ့နိုင်ငံရဲ့ မင်းသားပဲ ဖြစ်ဖြစ် ကျုပ်ရဲ့လမ်းကို ပိတ်ဆို့နေမယ်ဆိုရင်တော့ ကျုပ်က ခင်ဗျားကို တိုက်ခိုက်ရမှာပဲ။”

လုချန်းသည် ရှန်ယွဲ့နိုင်ငံ၏ မင်းသားဖြစ်သော်လည်း သူ့ကဲ့သို့ပင် ပြေးလွှားနေရသော ခွေးလေခွေးလွင့် တစ်ကောင်နှင့် ဘာမှမထူးဟု နန်အန်းဧကရာဇ် မြင်၏။ ရှန်ယွဲ့နိုင်ငံက လုချန်းအတွက် စကြဝဠာအဆင့် အလိုရှိကြောင်း ဝရမ်းတစ်စောင်ကို ထုတ်ပြန်ထားပြီး စစ်တပ်ပင် စေလွှတ်ထားပြီး ဖြစ်သည်။

ထို့ကြောင့် လုချန်း သေသွားလျှင်တောင် ဘယ်သူကမှ လက်စားချေပေးလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသာ လုချန်းကို သတ်နိုင်ခဲ့ပါက သူကိုယ်တိုင် ထွက်မပြေးနိုင်လျှင်တောင် ရှန်ယွဲ့ဧကရာဇ်ကို စိတ်ကျေနပ်စေရန် လုချန်း၏ အလောင်းကို ယူသွားနိုင်လိမ့်မည်ဟုပင် နန်အန်းဧကရာဇ် တွေးထားသည်။

ထိုသို့ တွေးတောရင်း နန်အန်းဧကရာဇ်သည် ချီတုံချတုံဖြစ်ခြင်း မရှိတော့ပဲ သူ၏ နိယာမ ပုံရိပ်က ရွှေရောင် ဓားကြီးကို ကိုင်ဆောင်ကာ အပြာရောင် အကာအကွယ်ဆီသို့ ဖြည်းညင်းစွာ ခုတ်ပိုင်းလိုက်သည်။

“လမင်းကိုဖြတ် ကောင်းကင်ကိုခွဲ “

ဤခုတ်ချက်က စကြဝဠာ ဟင်းလင်းပြင်အလွှာများကို ဖန်သားကဲ့သို့ ကွဲကြေသွားစေပြီး ဓားကြီး၏ ပတ်ပတ်လည်တွင် များပြားလှသော အာကာသ အက်ကြောင်းများကို ဖြစ်ပေါ်စေသည်။ နောက်တစ်ခဏတွင် ဓားလမ်းစဉ် စွမ်းအားများ လွှမ်းခြုံထားသော ဓားကြီးက အပြာရောင် အကာအကွယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ယခုတစ်ကြိမ်တွင်မူ အစောပိုင်းကကဲ့သို့ မဟုတ်ပဲ တုံ့ပြန်မှု အချို့ ရှိလာခဲ့သည်။ အပြာရောင် အကာအကွယ်ပေါ်တွင် အားနည်းသော လှိုင်းအနည်းငယ် ပေါ်လာသော်လည်း ထိုမျှသာ ဖြစ်သည်။ အခြား မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

ထိုဓားချက်ကြီးသည် ရေပြင်ပေါ်သို့ ကျဆင်းသွားသော ကျောက်တုံးကြီးတစ်တုံးကဲ့သို့ ခဏတာမျှ လှိုင်းထသွားပြီးနောက် ငြိမ်သက်သွားခဲ့သည်။

သို့သော်လည်း လမင်းဖြတ် ကောင်းကင်ခွဲ ကျင့်စဉ်၏ စွမ်းအား ကုန်ဆုံးစေမှုကို တောင့်ခံရန် ခက်ခဲလာသဖြင့် သူ၏ တိုက်ကွက်ကို နန်အန်းဧကရာဇ်က ချက်ချင်း ရပ်တန့်လိုက်ရသည်။ ထို့နောက် ကိုယ်တွင်းရှိ မငြိမ်မသက်ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအားများကို ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်သည်။

သို့သော်လည်း အပြာရောင် အကာအကွယ် လုံးဝ ပျက်စီးခြင်း မရှိသေးသည်ကို မြင်လျှင် နန်အန်းဧကရာဇ်က အလွန် ဒေါသထွက်သွားသည်။ သူ၏ ကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများလည်း ချက်ချင်းပင် ပို၍ မငြိမ်မသက် ဖြစ်သွားသည်။

၎င်းသည် သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်စေပြီး အသုံးပြုခဲ့သော အစွမ်းထက်ဆုံး တိုက်ကွက် ဖြစ်သည်။ အဆင့်ခြောက် ဧကရာဇ်တစ်ပါးက စိတ်ဝိညာဉ်ကို လောင်မြိုက်စေလျှင် အဆင့်ကိုး ဧကရာဇ်တစ်ပါးကိုပင် ဒဏ်ရာရရှိစေနိုင်သည်။

သို့သော်လည်း ယနေ့တော့ နည်းဗျူဟာ ပုံစံ တစ်ခုကို ရင်ဆိုင်ရာ၌ပင် သူ ကူကယ်ရာမဲ့ ဖြစ်နေရသည်။

မည်သို့သော နည်းဗျူဟာ ပုံစံမျိုးနည်း။

ဤမျှ အစွမ်းထက်သော နည်းဗျူဟာ ပုံစံကို တည်ဆောက်နိုင်ရန်အတွက် တစ်ဖက်လူသည် တကယ်ပင် အဆင့်တစ် ဧကရာဇ်တစ်ပါးသာ ဖြစ်နိုင်ပါ့မလား။

သူ၏ နောက်ကွယ်တွင် အစောင့်အရှောက်တစ်ဦး ရှိနေနိုင်သလား။

ယေဘုယျအားဖြင့် မြင့်မြတ်သော အဆင့်အတန်းရှိသူများ၏ နောက်ကွယ်တွင် အစောင့်အရှောက်များ ရှိတတ်ကြသည်။ နိုင်ငံတစ်နိုင်ငံ၏ မင်းသားတစ်ပါးတွင် အစောင့်အရှောက်များ ရှိရန် အခွင့်အလမ်း ပိုများသည်။

သို့သော်လည်း သူ၏ နောက်ကွယ်တွင် အစောင့်အရှောက် ရှိနေခဲ့လျှင်တောင် ထိုအစောင့်အရှောက်သည် ဤမျှ အစွမ်းထက်သော နည်းဗျူဟာပုံစံကို တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။ ဤမျှ အစွမ်းထက်သော နည်းဗျူဟာပုံစံကို တည်ဆောက်နိုင်သည့် ဧကရာဇ်တစ်ပါးသည် အခြားသူတစ်ဦး၏ အစောင့်အရှောက် ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

နန်အန်းဧကရာဇ် ရပ်တန့်သွားသည်ကို မြင်လျှင် လုချန်းက

“ခင်ဗျား အခု စိတ်ကျေနပ် သွားပြီလား။”

နန်အန်းဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်ပြီး မျက်နှာပျက်ပျက်နှင့် ဘာမှပြန်မပြောပေ။ ယခု သူတို့၏ အခြေအနေက အလွန် ဆိုးရွားနေပြီဖြစ်သည်။

နောက်မှ လိုက်လံတိုက်ခိုက်ခံနေရသလို ရှေ့သို့လည်း ဆက်သွား၍ မရပေ။ အကယ်၍ ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်သာ ယခုနေ ရောက်လာလျှင် သူတို့ သေရွာ သွားရန်သာ ရှိတော့သည်။

နန်အန်းဧကရာဇ် နှုတ်ဆိတ်နေသည်ကို မြင်လျှင် လုချန်းက

“ခင်ဗျားက ရှန်ယွဲ့နိုင်ငံ စစ်တပ်လက်ကနေ ထွက်ပြေးနေတာဆိုတော့ ကျုပ် ခင်ဗျားတို့အတွက် ကောင်းမွန်တဲ့ နေရာတစ်ခုနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။”

ထိုအချိန်တွင် နန်အန်းဧကရာဇ် တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး လှောင်ပြောင်သည့် လေသံဖြင့်

“ခင်ဗျားက ကျုပ်ကို ခင်ဗျားဆီမှာ သစ္စာခံစေချင်တာလား။”

“ရယ်စရာပဲ။ ကျုပ်က အဆင့်ခြောက် ဧကရာဇ်တစ်ပါး။ အဆင့်တစ် ဧကရာဇ်တစ်ပါးဖြစ်တဲ့ ခင်ဗျားဆီမှာ ဘယ်လိုလုပ် သစ္စာခံနိုင်မှာလဲ။ ကျုပ်ဒီနည်းဗျူဟာပုံစံကို ဘာမှမတတ်နိုင်တာနဲ့တင် ခင်ဗျားရဲ့ ခြိမ်းခြောက်မှုကို အရှုံးပေးမယ်လို့ မထင်နဲ့ဦးလေ။”

တစ်ဖက်လူ၏ အဆင့်က သူနှင့် နီးစပ်လျှင် သူ စဉ်းစားနိုင်သည်။ သို့သော်လည်း အဆင့်ချင်း အလွန် ကွာခြားနေသည်။ အဆင့်တစ်ဧကရာဇ်တစ်ပါးထံတွင် သူ မည်သို့ သစ္စာခံနိုင်ပါမည်နည်း။

ဤအကြောင်းသာ ပြန့်နှံ့သွားလျှင် ဤစကြဝဠာအတွင်း သူ ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။ နန်အန်းဧကရာဇ်၏ အမြင်တွင် လုချန်းသည် ဤမျှ အစွမ်းထက်သော နည်းဗျူဟာပုံစံကို ရရှိထားသဖြင့် ကံကောင်းနေခြင်းသာ ဖြစ်သည်။ ဤနည်းဗျူဟာပုံစံ မရှိလျှင် လုချန်းက ဘာမှမဟုတ်ပေ။

လက်ရှိတွင် လုချန်းသည် အပြင်သို့ ထွက်ရန် ပင် ကြောက်ရွံ့နေပြီး နည်းဗျူဟာ အကာအကွယ်အတွင်း၌သာ ပုန်းအောင်းနေရသည်။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့် ကမ္ဘာတွင် သူ့ထက် အားနည်းသော သူတစ်ဦးထံတွင် လက်နက်ချရန်က မဖြစ်နိုင်ပေ။

နန်အန်းဧကရာဇ်၏ ထိုသို့တုံ့ပြန်မှာကို လုချန်း ကြိုတင် ခန့်မှန်းထားပြီးဖြစ်သည်။ ဧကရာဇ်တစ်ပါးတွင် ဂုဏ်သိက္ခာ ရှိစမြဲဖြစ်၏။

အဆင့်ခြောက် ဧကရာဇ်တစ်ပါး ဆိုလျှင် ပို၍ပင် မာနကြီးမည်ဖြစ်သည်။ ထို့ကြောင့် လုချန်းလည်း ဆက်လက် ဖျောင်းဖျခြင်း မပြုတော့ပဲ စောင့်ကြည့်နေလိုက်သည်။

…..

ထိုအခိုက်အတန့်တွင်။

ဖေးဟုန်နတ်လှေအတွင်း၌။

ထျန်းဟုန်ဧကရီသည် လုချန်း၏ ပင်မခန္ဓာကို ဒေါသတကြီး စိုက်ကြည့်နေ၏။ အပြင်ဘက်တွင် အဆင့်ခြောက် ဧကရာဇ်တစ်ပါး ရှိနေသည်ကို ခံစားမိသည်နှင့် ချက်ချင်း ထွက်သွားပြီး အပြင်မှ ဧကရာဇ်နှင့် တိုက်ခိုက်ရန် သူမ ရည်ရွယ်ထားသည်။ သို့သော်လည်း လုချန်း၏ ပင်မခန္ဓာက သူမကို အတင်း ပြန်ဆွဲထားပြီး အပြင်သို့ ထွက်မသွားနိုင်အောင် တင်းတင်းကျပ်ကျပ် ဖိထားသည်။

ထျန်းဟုန်ဧကရီ၏ မကြည်လင်သော အကြည့်များကို မြင်လျှင် လုချန်းက ရယ်မောလိုက်ပြီး

“သူက ဘယ်လိုပဲဖြစ်ဖြစ် အဆင့်ခြောက် ဧကရာဇ်တစ်ပါးပဲ။ မင်းက သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြုနိုင်ရင်တောင် အဆင့် ကွာခြားချက်ဆိုတာ လမ်းစဉ်စွမ်းအားတစ်ခုတည်းနဲ့ ကျော်လွှားနိုင်တာ မဟုတ်ဘူး။”

ထျန်းဟုန်ဧကရီက လုချန်းကို စိုက်ကြည့်ကာ

“ပြင်ပနယ်မြေမှာတုန်းက ကျွန်မ အဆင့်တစ်ဧကရာဇ် ဘဝမှာ အဆင့်ခြောက် ဧကရာဇ်တွေကို အကြိမ်ကြိမ် သတ်ခဲ့ဖူးတယ်။ နောက်ပြီး အခု ကျွန်မက အဆင့်သုံး ရောက်နေပြီ။ ဖယ်စမ်းပါ..”

ထျန်းဟုန်ဧကရီ၏ သတ်ဖြတ်ခြင်း စွမ်းအားများ မြင့်တက်လာပြီး ခန်းမတစ်ခုလုံးကို သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားသည်။ သူမ၏ မျက်ဝန်းများလည်း သွေးရောင် လွှမ်းသွားသည်။ သူမသည် ထိန်းချုပ်မရသော အခြေအနေသို့ ရောက်ရှိသွားပုံရသည်။ တစ်ချိန်တည်းမှာပင် ထျန်းဟုန်ဧကရီက လျှို့ဝှက်ဆန်းကြယ်မိန်းမပျို ကျင့်စဉ်ကို ပြင်းထန်စွာ အသုံးပြုလိုက်ရာ လုချန်း၏ ဧကရာဇ် ပင်မခန္ဓာပင် တောင့်ခံရန် ခက်ခဲသွားရသည်။

လုချန်း၏ ကျောရိုးထဲသို့ ရုတ်တရက် အေးစိမ့်မှုတစ်ခု ဝင်ရောက်သွား၏။ သူက သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုးချလိုက်ရင်း

“အခု မင်းမှာ ကလေးရှိနေပြီ။ အဆင့်ခြောက် ဧကရာဇ်တစ်ပါးနဲ့ တိုက်ခိုက်နိုင်တဲ့ အင်အား ရှိရင်တောင် မင်း အန္တရာယ်ဖြစ်နိုင်မယ့်နေရာကို သွားခွင့်မပြုနိုင်ဘူး။ မင်း ကိုယ့်ကို ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ အလကားပဲ။”

စကားအဆုံးတွင် လုချန်းကလည်း သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြုလိုက်သည်။ လုချန်းထံမှ သွေးနီရောင် သတ်ဖြတ်ခြင်း စွမ်းအားများကို မြင်လျှင် ထျန်းဟုန်ဧကရီ အံ့အားသင့်သွားရသည်။

နောက်တစ်ခဏတွင် လုချန်း၏ ခန္ဓာကိုယ်က သူမ၏ ထိန်းချုပ်မှုကို ချိုးဖျက်ကာ စတင် လှုပ်ရှားလာသည်ကို သူမ တွေ့ရှိလိုက်ရတော့သည်။

အစောပိုင်းက သူမသည် လျှို့ဝှက်ဆန်းကြယ်မိန်းမပျို ကျင့်စဉ်ဖြင့် သူ့ကို လုံးဝ ပိတ်ဆို့ထားခဲ့သော်လည်း လုချန်း၏ လက်ရှိအင်အားက သူမထက် သာလွန်နေပြီဖြစ်ကြောင်း မကြာမီ သူမ နားလည်လိုက်သည်။ သူမ၏ အဆင့်သုံး ဧကရာဇ် အဆင့် လျှို့ဝှက်ဆန်းကြယ်မိန်းမပျို ကျင့်စဉ်အစွမ်းက လုချန်းကို အရင်ကကဲ့သို့ ပိတ်လှောင်ထားနိုင်ခြင်း မရှိတော့ပေ။

လုချန်းကို ဘာမှမတတ်နိုင်တော့သည်ကို သိလိုက်ရလျှင် ထျန်းဟုန်ဧကရီက လုချန်းကို မကြည့်ပဲ မျက်နှာလွှဲလိုက်ကာ ကန့်ကွက်ကြောင်း တိတ်တဆိတ် ပြသလိုက်သည်။ လုချန်းက အသာအယာ ပြုံးလိုက်ပြီးနောက် ထျန်းဟုန်ဧကရီ၏ လက်ကို ဆွဲကာ သူမကို ဆွဲထူလိုက်သည်။

“ဒီတစ်ခါကော ဘာလုပ်မလို့လဲ”

ဟု ထျန်းဟုန်ဧကရီက အေးစက်စွာ မေးလိုက်၏။

လုချန်းက ဘာမှထပ်မပြောပဲ ထျန်းဟုန်ဧကရီကို လှည့်စေကာ သူမ၏ ခန္ဓာကိုယ်ကို အနောက်မှ ပွေ့ဖက်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ဖေးဟုန်နတ်လှေ၏ အပြင်ဘက် မြင်ကွင်းများ ခန်းမတစ်ခုလုံးတွင် ပေါ်လာသည်။

………….

အခန်း (၁၄၅၁)

သတ်ဖြတ်ခြင်းစွမ်းအား

ထျန်းဟုန် ဧကရီသည် သူမရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်ပြီး လုချန်း ဘာလုပ်ရန် ကြိုးစားနေသလဲဟု အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ သူမသည်လည်း ဧကရာဇ်တစ်ဦး ဖြစ်သည့်အပြင် သူမ၏ စိတ်အာရုံဖြင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို သိမြင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လုချန်းက အပြင်ဘက် မြင်ကွင်းကို အတွင်း၌ အထူးတလည် ပြသရန် မလိုအပ်ပေ။

လုချန်းသည် ထျန်းဟုန် ဧကရီ၏ ခါးကို ဖက်လိုက်ပြီး သူမ၏ မွှေးပျံ့သော ပခုံးပေါ် မှီကာ

“ကိုယ့်ရဲ့ ဧကရာဇ်အဆင့်တစ်ကိုယ်ပွားက သတ်ဖြတ်ခြင်းစွမ်းအားကို သုံးပြီး နန်အန်း ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ရင် မင်းကို နောက်ပိုင်းကျ အပြင်ထုတ်ပေးမယ်။”

တကယ်တော့ အဆင့်ခြောက် ဧကရာဇ်တစ်ဦးဖြစ်သော နန်အန်း ဧကရာဇ်ကို လက်အောက်ခံအဖြစ် လုချန်းက သိမ်းသွင်းလိုခြင်း ဖြစ်သည်။ အဆင့်ခြောက် ဧကရာဇ်တစ်ဦးက နောင်အနာဂတ်တွင် သူ့အတွက် ပြဿနာ အမြောက်အမြားကို ဖြေရှင်းပေးနိုင်သည်။ သို့သော်လည်း ရန်သူက အဆင့်ခြောက် ဧကရာဇ်တစ်ဦး ဖြစ်နေသဖြင့် သူ၏ ကိုယ်ပွားမဟုတ်ပဲ မူလခန္ဓာကိုယ် ကိုယ်တိုင် ပေါ်လာလျှင်ပင် ထိုရန်သူ၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် အဆင့်တစ်ရှိ သူ၏ ဧကရာဇ်ကိုယ်ပွားဖြင့် သတ်ဖြတ်ခြင်းစွမ်းအား အသုံးပြုကာ အဆင့်ခြောက် ဧကရာဇ်၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။ သူ တားဆီးနိုင်ခဲ့လျှင် ထျန်းဟုန် ဧကရီကို အပြင် ထုတ်သင့်မသင့် ဆက်လက် စဉ်းစားမည် ဖြစ်သည်။

လုချန်း၏ အစီအစဉ်ကို ကြားရလျှင် ထျန်းဟုန် ဧကရီ၏ ရင်ထဲတွင် တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရသည်။ အကယ်၍ လုချန်းက သူမကို အပြင်သို့ တကယ် ထုတ်ပေးခဲ့ပြီး အပြင်ဘက်ရှိ လူအားလုံးကို သတ်ခွင့်ရပါက သူမ၏ ကျင့်စဉ်အဆင့် ထပ်မံ မြင့်တက်လာနိုင်မည်ဟု သူမ ကြိုတင် ခံစားလိုက်ရ၏။

ထိုသို့ တွေးမိရင်း ထျန်းဟုန် ဧကရီ စိတ်လှုပ်ရှားလာသည်။ သူမ၏ ခန္ဓာကိုယ်ထံမှ တုံ့ပြန်မှုကို ခံစားမိလျှင် လုချန်း ခပ်ဖွဖွပြုံးလိုက်သည်။

ထျန်းဟုန် ဧကရီသည် အလွန် အေးစက်လွန်းပြီး ဆက်ဆံရ ခက်ခဲသည်ဟု သူ အမြဲ တွေးခဲ့ဖူး၏။ သို့သော်လည်း သူမ၌ နားလည်ပေးနိုင်စရာ အချက်များ ရှိနေကြောင်း ယခု တွေ့လိုက်ရသည်။ သူမကို လူသတ်ခွင့် ပေးလိုက်ပါက သူမ အထူးတလည် စိတ်လှုပ်ရှားလာတတ်သည်။ ထိုအခါ သူတို့ နှစ်ဦးကြား ဆက်ဆံရေးက ပိုမိုနီးကပ်လာပေလိမ့်မည်။

ထိုအချိန်တွင် လုချန်း၏ ဧကရာဇ်ကိုယ်ပွားက နန်အန်း ဧကရာဇ်ကို

“အခု ခင်ဗျားမှာ ရွေးချယ်စရာ ရှိတော့ပုံမရဘူး။ ခင်ဗျားရဲ့ အင်ပါယာကို စွန့်ခွာပြီး အသက်လု ထွက်ပြေးဖို့ ရွေးချယ်ခဲ့ကတည်းက ခင်ဗျား အသက်ရှင်ချင်နေသေးတယ်ဆိုတာ သက်သေပြနေတာပဲ။ အခု ခင်ဗျား ရှေ့မှာ လမ်းတစ်လမ်းပဲ ရှိတော့တယ်။ ဘယ်လို ရွေးချယ်ရမလဲဆိုတာ ခင်ဗျား ရှင်းရှင်းလင်းလင်း သိမယ်လို့ ကျုပ်ယုံကြည်တယ်။”

ထိုသို့ပြောရင်း လုချန်း၏ ဧကရာဇ်ကိုယ်ပွား အပြာရောင် အတားအဆီးဆီသို့ ရောက်ရှိလာ၏။ နောက်တစ်ခဏတွင် အပြာရောင် အတားအဆီး၌ အက်ကြောင်းတစ်ခု ပေါ်လာကာ လုချန်း၏ ကိုယ်ပွား ထိုအက်ကြောင်းမှ ထွက်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်း ဆွံ့အသွားကြကုန်၏။

ဒီလူက ဒီအတိုင်းပဲ ထွက်လာတာလား.....

မင်ရှင်း ဧကရာဇ်လည်း ဇဝေဇဝါ ဖြစ်သွားသည်။

အစက လုချန်း အပြင်သို့ မထွက်ခြင်းက လုချန်းသည် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးသော ဧကရာဇ်တစ်ဦး ဖြစ်သော်လည်း အဆင့်ခြောက် ဧကရာဇ်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သိသောကြောင့် အကာအကွယ်အတွင်း၌ ပုန်းနေခြင်းဟု ထင်မှတ်ခဲ့၏။

“ဒါပေမဲ့ အခု သူက ဒီအတိုင်းကြီး ထွက်သွားတာလား။ အပြင်ထွက်တာက သေတွင်းထဲ ဆင်းတာ မဟုတ်ဘူးလား”

ဟု သူ တွေးလိုက်သည်။

နန်အန်း ဧကရာဇ်၏ နောက်မှ ဧကရာဇ်အချို့လည်း တစ်ဦးကိုတစ်ဦး လျင်မြန်စွာ ကြည့်လိုက်ကြ၏။ နန်အန်း ဧကရာဇ် ဘာမှမပြောရသေးမီမှာပင် သူတို့ ရုတ်တရက် လှုပ်ရှားလိုက်ကြသည်။ နောက်တစ်ခဏတွင် ဧကရာဇ်လေးဦးသည် လုချန်း၏ ပတ်ပတ်လည်တွင် ပေါ်လာပြီး သူ့ကို ဝိုင်းရံထားလိုက်ကြသည်။

ဧကရာဇ်တစ်ဦးက ကျယ်လောင်စွာ ရယ်မောကာ

“ခင်ဗျား အထဲမှာသာ ရှိနေရင် ကျုပ်တို့ တကယ် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားက အပြင်ကို ထွက်လာရဲတဲ့အထိ အူကြောင်ကြောင် နိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ခင်ဗျား သေချင်နေမှတော့ ကျုပ်တို့က ခင်ဗျားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။”

နန်အန်း ဧကရာဇ်ကတော့ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသဖြင့် မျက်ခုံးတွန့်လိုက်သည်။ ပြိုင်ဘက်သည် အဆင့်တစ် ဧကရာဇ်တစ်ဦး ဖြစ်သော်လည်း သူကိုယ်တိုင်ပင် ဖျက်ဆီးနိုင်ခြင်း မရှိသော နည်းဗျူဟာ ပုံစံကို တည်ဆောက်ထားပြီး ယခုအခါ ထိုပုံစံအတွင်းမှ အပြင်သို့ ထွက်လာရဲသည်။

သူ၏ ကိုယ်ပေါ်တွင် အားကိုးစရာ တစ်ခုခုသာ မရှိပါက ဤကဲ့သို့ တိုက်ရိုက် ထွက်လာရဲပါ့မလား။

တစ်ခုခုတော့ မှားနေပြီ။

အတော်လေးကို မှားယွင်းနေပြီ။

လုချန်းထံတွင် ရတနာတစ်ခုခု ရှိနေသလားဟု နန်အန်း ဧကရာဇ် တွေးတောနေစဉ်မှာပင် ဧကရာဇ်လေးဦးသည် လုချန်းကို ဖမ်းဆီးရန် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ သို့သော်လည်း ထိုအချိန်တွင် လုချန်း၏ ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်များ ရုတ်တရက် မြင့်တက်လာပြီး ဟင်းလင်းပြင်ထဲတွင် သက်ရှိများစွာ မွေးဖွားလာသည့် မြင်ကွင်းအမြောက်အမြား ပေါ်လာသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဧကရာဇ်လေးဦးလည်း အထင်အမြင်သေးသော အမူအရာများကိုသာ ပြသလိုက်ကြသည်။

ထိုအရာက လမ်းစဉ်စွမ်းအားမျှသာ ဖြစ်၏။ အဆင့်တစ် ဧကရာဇ်တစ်ဦး၏ လမ်းစဉ်စွမ်းအားက မည်မျှအထိ သေကျေပျက်စီးစေနိုင်သော စွမ်းအား ရှိနိုင်ပါမည်နည်း။

နန်အန်း ဧကရာဇ်သည် ထိုအချိန်အထိ စကားတစ်ခွန်းမှ မပြောသလို လုချန်းအနားသို့လည်း မချဉ်းကပ်သေးပေ။ သူ၏ မျက်ခုံးများကတော့ ပို၍ တွန့်သွားသည်။

သူသည် အဆင့်ခြောက် ဧကရာဇ်တစ်ဦး အနေနှင့် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး စကြဝဠာအတွင်း မတူညီသော လမ်းစဉ်ကြီးများကို နားလည်ထားသည့် ဧကရာဇ်အမြောက်အမြားကို တွေ့ဖူးကာ လမ်းစဉ်စွမ်းအား အားလုံးနီးပါးကိုလည်း ခံစားဖူးခဲ့သည်။ သို့သော်လည်း ဤကဲ့သို့သော လမ်းစဉ်စွမ်းအားမျိုးကိုတော့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သလို တစ်ခါမှလည်း မကြားဖူးခဲ့ပေ။

ဧကရာဇ်လေးဦး လုချန်းကို ဖမ်းဆီးတော့မည့် အချိန်မှာပင် ဟင်းလင်းပြင်ထဲရှိ လမ်းစဉ်စွမ်းအားများ ရုတ်တရက် ပြောင်းလဲသွားသည်။ အစက သက်ရှိများဖြင့် အသက်ဝင်နေသော မြင်ကွင်းသည် ချက်ချင်းပင် အလောင်းတောင်များနှင့် သွေးပင်လယ်များအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် လုချန်း၏ ခန္ဓာကိုယ်မှ သွေးနီရောင် သတ်ဖြတ်ခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။

သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားမိလိုက်သော ခဏခန့်တွင် ဧကရာဇ်လေးဦး၏ မျက်နှာများ သိသိသာသာ ပျက်သွားပြီး သွေးမရှိသကဲ့သို့ ဖြူဖျော့ကာ ခဏခန့် ကြောင်အသွားကြသည်။ သို့သော်လည်း သတိပြန်ဝင်လာသောအခါ လူတိုင်း ချက်ချင်းထိတ်လန့်သွားကြတော့၏။

သတ်ဖြတ်ခြင်းစွမ်းအား။

ဒါက တကယ့်ကို သတ်ဖြတ်ခြင်းစွမ်းအားပဲ။

သူက ဘယ်လိုလုပ်ပြီး သတ်ဖြတ်ခြင်းစွမ်းအားကို တတ်မြောက်ထားတဲ့ ဧကရာဇ် ဖြစ်နေရတာလဲ။

ဒီလို ဧကရာဇ်မျိုးက စကြဝဠာရဲ့ အစွန်အဖျားမှာ ဘာလို့ ရှိနေရတာလဲ။

သူတို့ အသက်လု ထွက်ပြေးနေရခြင်းမှာ သတ်ဖြတ်ခြင်းစွမ်းအားကို တတ်မြောက်ထားသည့် အရူးတစ်ယောက်က စစ်ပွဲစတင်ခဲ့ပြီး သူတို့၏ အင်ပါယာမှ ထွက်ပြေးရန် ဖိအားပေးခဲ့သောကြောင့် ဖြစ်သည်။ သူတို့၏ ထွက်ပြေးရာ လမ်းကြောင်းတွင် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်သည့် နောက်ထပ် ဧကရာဇ်တစ်ဦးနှင့် တကယ် တွေ့ဆုံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဒါက ကံဆိုးခြင်း သက်သက်လား။

သို့သော်လည်း ပြန်တွေးကြည့်လျှင် ဤလူသည် အဆင့်တစ် ဧကရာဇ်တစ်ဦးမျှသာ ဖြစ်ပြီး သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခဲ့လျှင်ပင် သူတို့ကြားရှိ အဆင့်ကွာခြားချက်က ထင်ရှားနေဆဲ ဖြစ်သည်။ ထိုအတွေးဖြင့် ဧကရာဇ်လေးဦး အနည်းငယ် စိတ်အေးသွားပြီး လုချန်းကို ဆက်လက် တိုက်ခိုက်လိုက်ကြသည်။

“အားလုံးပဲ အတူတူ တိုက်ခိုက်ကြစို့။ သူ့ကို အသက်ရှင်ခွင့် ပေးလို့ မဖြစ်ဘူး။”

ဤသူသည် သတ်ဖြတ်ခြင်းစွမ်းအားကို တတ်မြောက်ထားသည့် ဧကရာဇ်တစ်ဦး ဖြစ်သည်။ ထိုအကာအကွယ်အတွင်းသို့ သူ ပြန်လည် ထွက်ပြေးမသွားနိုင်ခင် သူ့ကို မသတ်နိုင်ပါက နောင်အနာဂတ်၌ သူနှင့် ပြန်ဆုံရလျှင် သေရမည့်သူမှာ သူတို့သာ ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့သော လူမျိုးကို ရန်စမိခဲ့ပြီဖြစ်သဖြင့် သူတို့အနေနှင့် ထိုသူကို တစ်ခါတည်း သတ်ပစ်ရန်သာ ရွေးချယ်စရာ ရှိတော့သည်။ မဟုတ်ပါက နောင်တွင် ထိုသူ ပို အားကောင်းလာသောအခါ အသတ်ခံရရန် စောင့်ဆိုင်းနေဖို့သာ ရှိတော့သည်။ ထို့နောက် ဧကရာဇ်လေးဦးသည် လုချန်းကို အမြစ်ပြတ် ချေမှုန်းရန် မျှော်လင့်ချက်ဖြင့် သူတို့၏ လမ်းစဉ်စွမ်းအားများကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ကြသည်။

လုချန်းက ခပ်ဖွဖွပြုံးလိုက်ပြီးနောက် သတ်ဖြတ်ခြင်းစွမ်းအားကို စုစည်းကာ ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်း ရှစ်ခုသည် ဟင်းလင်းပြင်အတွင်း တောက်ပစွာ ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် ဧကရာဇ်လေးဦး၏ လမ်းစဉ်စွမ်းအားများ အားလုံးကို ကြေမွသွား စေ၏။ လုချန်းအပေါ်၌တော့ အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဧကရာဇ်လေးဦးစလုံး ဆွံ့အသွားကြကုန်၏။ သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခဲ့သည့် ဧကရာဇ်များ အင်အားအလွန်ကြီးသည်ကို သူတို့ သိထားသော်လည်း လုချန်း ဤမျှအထိ အင်အားကြီးနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

လုချန်းက ရယ်မောကာ

“ခင်ဗျားတို့မှာ တခြား နည်းလမ်းတွေ ရှိသေးလား။ မရှိရင်တော့ အခု ကျုပ်အလှည့် ရောက်ပြီ။”

ထိုစကားကို ကြားလျှင် ဧကရာဇ်လေးဦး၏ မျက်နှာများ သိသိသာသာ ပျက်သွား၏။ ထိုစဉ် နန်အန်း ဧကရာဇ်က လျင်မြန်စွာ သတိပေးလိုက်သည်။

“ချက်ချင်း ဆုတ်ခွာကြ။”

တစ်စုံတစ်ခု မှားယွင်းနေသည်ကို အစောကတည်းက နန်အန်းဧကရာဇ် ခံစားမိနေခဲ့သည်။ လုချန်းထံတွင် အားကိုးစရာ မရှိလျှင် သို့မဟုတ် အကြွင်းမဲ့ ယုံကြည်ချက် မရှိလျှင် သူက ဘာလို့ အထဲမှ ထွက်လာမည်နည်း။ သတ်ဖြတ်ခြင်းစွမ်းအားကို တတ်မြောက်ထားသည့် ဧကရာဇ်တစ်ဦး၏ အင်အားကို သူတို့ လျှော့တွက်ခဲ့ကြပုံရသည်။

တကယ်တော့ သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခဲ့သည့် ဧကရာဇ်တစ်ဦး မယုံကြည်နိုင်လောက်အောင် အင်အားမကြီးပါက တစ်ချိန်က ရှန်ဝူဧကရာဇ်သည် ထိပ်တန်း အင်အားစုများ အသံမထွက်ရဲလောက်သည်အထိ မည်သို့ အာဏာစက် ပြင်းထန်ခဲ့မည်နည်း။

ရှန်ဝူဧကရာဇ်သည် အစက သာမန် ဧကရာဇ်တစ်ဦးမျှသာ ဖြစ်ခဲ့ပြီး သူသွားလေရာ အရပ်တိုင်းတွင် စစ်ပွဲများ စတင်ခဲ့သော်လည်း မည်သည့် ထိပ်တန်းအင်အားစုကမှ သူ့ကို လာရောက် မတားဆီးရဲခဲ့သည်ကို သိထားရမည် ဖြစ်သည်။

ထိုအချက်အရ အစကတည်းက မည်သည့် ထိပ်တန်းအင်အားစုကမှ သူ့ကို ရန်မစရဲခဲ့ကြောင်း ဖော်ပြနေသည်။ နန်အန်း ဧကရာဇ်၏ သတိပေးသံအဆုံးတွင် ဧကရာဇ်လေးဦးလည်း အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး လျင်မြန်စွာ ဆုတ်ခွာကာ လုချန်းနှင့် ဝေးရာသို့ ပြေးရန် ကြိုးစားလိုက်ကြသည်။

……………

အခန်း (၁၄၅၂)

လမ်းစဉ်စွမ်းအား အမြောက်အမြား

ထိုသူများ ထွက်ပြေးရန် ကြံစည်နေသည်ကို မြင်လျှင် လုချန်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွှတ်သွားလေသည်။ ဤမျှ နီးကပ်သော အကွာအဝေးတွင် ထွက်ပြေးရန် ကြိုးစားခြင်းက လူမိုက်များ၏ အိပ်မက်သာ ဖြစ်ပေလိမ့်မည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ သတ်ဖြတ်ခြင်း စွမ်းအားကို လုချန်း ချက်ချင်း စုစည်းလိုက်ပြီး နောက်တစ်ခဏ၌ သူတို့ရှိနေသော ဟင်းလင်းပြင်သည် ချက်ချင်းပင် သွေးနီရောင်သို့ ပြောင်းသွားတော့သည်။ အနီးနားရှိ ဟင်းလင်းပြင်သည် အလောင်းတောင်များနှင့် သွေးပင်လယ်အဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့တွင် အလောင်းများနှင့် အရိုးဖြူများ ပြည့်နှက်သွားခဲ့သည်။

ဗဟုသုတ ကြွယ်ဝသော ဧကရာဇ်အဆင့် တစ်ဦးက ချက်ချင်း တုံ့ပြန်လိုက်လေသည်။

“မကောင်းတော့ဘူး... ဒါက သတ်ဖြတ်ခြင်း နယ်ပယ်ပဲ။”

သတ်ဖြတ်ခြင်း စွမ်းအားကို ကျွမ်းကျင်သော ဧကရာဇ်အဆင့် တစ်ဦးနှင့် ပထမဆုံးအကြိမ် ဆုံဖူးခြင်း ဖြစ်သော်လည်း အချို့သော ဧကရာဇ်များသည် သတ်ဖြတ်ခြင်း နယ်ပယ်အကြောင်းကို ကြားဖူးနားဝ ရှိကြသည်။

“အားလုံး တူတူ တိုက်ကြစို့။ မဟုတ်ရင် ကျုပ်တို့အားလုံး ဒီထဲမှာ သေကုန်ကြလိမ့်မယ်။”

တစ်ချိန်တည်းမှာပင် နတ်လှေအတွင်း၌ လုချန်း၏ ပင်မခန္ဓာ၏ ဖိအားပေးခြင်းကို ခံနေရသည့် ထျန်းဟုန် ဧကရီသည် လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွားက သတ်ဖြတ်ခြင်း နယ်ပယ်ကို မမျှော်လင့်ပဲ အသုံးပြုလိုက်သည်ကို မြင်လျှင် ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

ဤလူသည် လူအများ အာရုံစိုက်မှုကို ထပ်ပြီး လုယူချင်နေပြန်ပြီ။

သူမကိုသာ ကိုင်တွယ်ခွင့်ပေးမည်ဟု သူ သဘောတူထားခဲ့သည် မဟုတ်ပါလား။

ပြီးခဲ့တဲ့ အကြိမ်ကလည်း သူမ၏ ရှေ့တွင်ပင် ဧကရာဇ်များကို သူက သတ်ဖြတ်ချင်ခဲ့၏။ ယခုလည်း သူမရဲ့ မျက်စိရှေ့တွင်ပင် နောက်ထပ် ဧကရာဇ်များကို အမြစ်ပြတ် သုတ်သင်ရန် ကြိုးစားနေပြန်သည်။

ထျန်းဟုန် ဧကရီက ခေါင်းကို ချက်ချင်းလှည့်ကာ လုချန်းကို အေးစက်စွာ ကြည့်လိုက်လေသည်။

“ရှင် ဘာလုပ်နေတာလဲ။”

“သူတို့ကို ကျွန်မလက်ထဲ အပ်လိုက်ပါ။”

ထိုဧကရာဇ်များကို သူ သတ်ပစ်လိုက်မှာ စိုးရိမ်ကာ ထျန်းဟုန် ဧကရီ အလွန် ထိတ်လန့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“စိတ်ချပါ... ကိုယ်က သတ်ဖြတ်ခြင်း စွမ်းအားကို စမ်းသပ်ကြည့်ရုံတင်ပါ။ တကယ် သတ်မှာ မဟုတ်ပါဘူး။”

“ပြီးတော့ အဆင့်ခြောက် ဧကရာဇ်က အခုထိ မလှုပ်ရှားသေးဘူး။ သူ လှုပ်ရှားလိုက်တာနဲ့ ကိုယ့်ရဲ့ သတ်ဖြတ်ခြင်း နယ်ပယ်က ပြိုလဲသွားနိုင်တယ်။”

ဤစကားကို ကြားသော်လည်း ထျန်းဟုန် ဧကရီက လုချန်းကို သံသယရှိစွာဖြင့် ကြည့်နေဆဲ ဖြစ်သည်။

ယောက်ျားများ၏ စကားကို ယုံစား၍မရပေ။ အထူးသဖြင့် သူမ၏ နောက်ရှိ ဤယောက်ျား၏ စကားဆိုလျှင် ပို၍ပင် မယုံကြည်သင့်ပေ။

သူပြောတဲ့ စကားကိုသာ မယုံကြည်ခဲ့ရင် သူမ သူ၏ရင်သွေးကို လွယ်ထားရတဲ့ အဖြစ်မျိုး ကြုံရမည် မဟုတ်ပေ။

ထိုဧကရာဇ်များကို သူသတ်လိုက်ပြီး မတော်တဆ သတ်မိသည်ဟု အကြောင်းပြမှာ သူမ စိုးရိမ်၏။ ထိုအခါ သူမ လှုပ်ရှားဖို့ အခွင့်အရေး ရတော့မည် မဟုတ်ပေ။

လုချန်းကို သူမ၏ စိတ်ထဲမှ မယုံကြည်သော်လည်း ယခု သူမသည် သူ၏ ထိန်းချုပ်မှုကို ခံထားရပြီး ရုန်းထွက်ရန်လည်း နည်းလမ်းမရှိပေ။

သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခဲ့သည့် ဧကရာဇ်တစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော ယောက်ျားတစ်ယောက်၏ ထိန်းချုပ်မှုကို ခံနေရခြင်းက သူမကို အလွန် အရှက်ရစေသည်။

နောက်တစ်ခဏတွင် ထျန်းဟုန် ဧကရီသည် လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်ကို ထပ်မံ၍ ပြင်းပြင်းထန်ထန် အသုံးပြုကာ လုချန်းကို ဆက်လက် ဖိအားပေးလိုက်ပြန်သည်။ သို့သော်လည်း လုချန်း၏ ပင်မခန္ဓာသည် ယခင်ကလောက် တုန်လှုပ်ခြင်း မရှိတော့ပဲ တည်ငြိမ်စွာပင် ရှိနေသည်။

…….

တစ်ချိန်တည်းမှာပင်။

သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌။

လုချန်း စတင် လှုပ်ရှားလာသည်။ သို့သော်လည်း သူက နယ်ပယ်အတွင်းရှိ သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးမပြုခဲ့ပေ။

ဧကရာဇ်အဆင့် လေးဦး ပူးပေါင်းလိုက်ပြီးနောက် ဧကရာဇ် နိယာမ ကိုယ်ထည်တစ်ခုက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကြီးမားသော လက်ဝါးကြီးက လုချန်းဆီသို့ တိုက်ရိုက် ဦးတည်လာသည်။ ထိုအခါ လုချန်းက တည်ငြိမ်စွာဖြင့် မူလအစ လမ်းစဉ် စွမ်းအားကို အသုံးပြုလိုက်၏။

ထို့နောက် မူလအစ လမ်းစဉ်မှ လာသော လမ်းစဉ် စွမ်းအားသည် အခြားသော လမ်းစဉ်များ၏ စွမ်းအားအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

လုချန်းထံမှ ထွက်ပေါ်လာသော အနက်ရောင် လမ်းစဉ် စွမ်းအားကို မြင်လျှင် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းရှိ ဧကရာဇ် လေးဦးလုံး ဆွံ့အသွားကြတော့သည်။

ဧကရာဇ်အဆင့် တစ်ဦးက ဇဝေဇဝါဖြင့်

“ဒါ… ဒါက သတ်ဖြတ်ခြင်း စွမ်းအား မဟုတ်ဘူးလား။”

အခြား ဧကရာဇ်တစ်ဦးကလည်း

“ဒါက မရဏ စွမ်းအားပဲ။”

ဧကရာဇ် လေးဦးသည် ဇဝေဇဝါ ဖြစ်လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြတော့သည်။

ဘာတွေ ဖြစ်ပျက်နေတာပါလိမ့်။

ဤလူသည် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခဲ့သော ဧကရာဇ်တစ်ဦး မဟုတ်လား။

သူက ဘာကြောင့် မရဏ စွမ်းအားကို အသုံးပြုနိုင်ရတာပါလိမ့်။

သူတို့သည် နှစ်ပေါင်း သိန်းချီ ရှင်သန်ခဲ့သော်လည်း လမ်းစဉ်နှစ်ခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်သော ဧကရာဇ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

လုချန်းထံမှ ထွက်ပေါ်လာသော မရဏ စွမ်းအားများသည် သူ၏ လက်ထဲရှိ ဓားပေါ်သို့ ချက်ချင်း စုစည်းသွားပြီး သူက ဓားကို ဝှေ့ယမ်းလိုက်သည်။

ကြယ်တာရာရွှေ့ပြောင်း ဓားတစ်ထောင်...

နောက်တစ်ခဏတွင် လုချန်း၏ အနောက်၌ ကြီးမားသော အနက်ရောင် ကြယ်ကြီး တစ်လုံး ပေါ်လာပြီး မရဏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော ရေတွက်၍မရသည့် အနက်ရောင် ဓားရှည်များသည် ထိုဧကရာဇ်များဆီသို့ ပျံသန်းသွားသည်။

မရဏ စွမ်းအားမှ စုစည်းထားသော ဓားများသည် ဧကရာဇ် လေးဦး ပေါင်းစပ်ဖွဲ့စည်းထားသော နိယာမ ကိုယ်ထည်ကို ချက်ချင်း ထိုးဖောက်သွားတော့သည်။

မရဏ စွမ်းအားသည် အသက်ဓာတ်ကို တိုက်စားနိုင်ပြီး ပြိုင်ဘက်၏ အသက်နယ်ပယ်ကို ကျူးကျော်နိုင်သည့် စွမ်းရည် ရှိသည်။ သို့သော်လည်း သတ်ဖြတ်ခြင်း စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ ခြိမ်းခြောက်မှုက မများပေ။

ဧကရာဇ်အဆင့် အမြောက်အမြားသည် မရဏ စွမ်းအား၏ တိုက်စားမှုကို ခုခံရန် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုနိုင်သော်လည်း သတ်ဖြတ်ခြင်း စွမ်းအားကတော့ ကွဲပြားသည်။ အဘယ့်ကြောင့် ဆိုသော် သတ်ဖြတ်ခြင်းစွမ်းအားသည် အသက်ရှင်သန်မှု၏ အင်အားကို တိုက်ရိုက် အဆုံးသတ်စေသောကြောင့်ဖြစ်သည်။

သတ်ဖြတ်ခြင်း စွမ်းအားကို မတောင့်ခံနိုင်ပဲ မိမိ၏ စိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်ခွင့် ပေးလိုက်ရပါက သေရွာသို့ ရောက်ရန်သာ ရှိတော့သည်။ ထို့ကြောင့် စကြဝဠာအနှံ့ရှိ ဧကရာဇ်များက သတ်ဖြတ်ခြင်း လမ်းစဉ် ဧကရာဇ်များကို ကြောက်ရွံ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် မရဏ စွမ်းအားနှင့် ထိတွေ့မိပါက အသက်ရှင်ရန် အခွင့်အရေး ရှိသေးသော်လည်း သတ်ဖြတ်ခြင်း စွမ်းအားက ခန္ဓာကိုယ်၊ အထူးသဖြင့် စိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်သွားပါက ကယ်တင်ရန် မဖြစ်နိုင်တော့ပေ။

ဧကရာဇ် လေးဦး အနည်းငယ် သက်ပြင်းချလိုက်နိုင်သည်။ လုချန်း မရဏ စွမ်းအားကို ဘာကြောင့် အသုံးပြုနိုင်သည်ကို မသိသော်လည်း သတ်ဖြတ်ခြင်း စွမ်းအားနှင့် နှိုင်းယှဉ်လျှင် မရဏ စွမ်းအားကို ရင်ဆိုင်ရပါက အသက်ရှင်ရန် မျှော်လင့်ချက် ရှိနေသေးသည်။

လုချန်းကို ပြန်သတ်ရန်ပင် အခွင့်အရေး ရှိနိုင်သည်။

ချက်ချင်းပင် ဧကရာဇ် လေးဦးက နောက်တစ်ကြိမ် အစွမ်းကုန် ပြန်လည် တိုက်ခိုက်လိုက်ကြသည်။ သူတို့ ထင်ထားသည့်အတိုင်းပင် လုချန်း၏ မရဏ စွမ်းအား သူတို့၌ စွန်းထင်နေသော်လည်း ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုကာ မရဏ စွမ်းအား၏ တိုက်စားမှုကို သူတို့ ခုခံနိုင်သည်။

ဤအချက်က ဧကရာဇ် လေးဦးကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။ သူတို့ ပြန်လည် တိုက်ခိုက်သင့်လား ဝေခွဲမရတော့ပေ။ အကယ်၍ ပြိုင်ဘက်က မရဏ စွမ်းအားကိုသာ အသုံးပြုနိုင်သည်ဆိုလျှင် ခြိမ်းခြောက်မှု မရှိသကဲ့သို့ ဖြစ်နေသည်။

သို့သော်လည်း အကယ်၍ သူတို့ ပြန်တိုက်လိုက်စဉ် ပြိုင်ဘက်က ရုတ်တရက် သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြုလာပါက သူတို့ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

ဧကရာဇ် လေးဦးသည် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း ပျံဝဲနေရင်း လုချန်းကို သတိဖြင့် စောင့်ကြည့်နေရင်း ဆက်လက်တိုက်ခိုက်နေကြသည်။ သူတို့၏ မျက်ဝန်းများတွင် သတိနှင့် ကြောက်ရွံ့မှုတို့ ရောနှောလျက်ရှိသည်။

……

တစ်ချိန်တည်းမှာပင်။

မျက်စိရှေ့မှ သွေးနီရောင် နယ်ပယ်ကို မြင်သောအခါ နန်အန်းဧကရာဇ်၏ မျက်နှာ အလွန် ပျက်ယွင်းသွားသည်။

၎င်းကို သတ်ဖြတ်ခြင်း နယ်ပယ်ဖြစ်ကြောင်းလည်း သူ မှတ်မိလိုက်သည်။ သတ်ဖြတ်ခြင်း ဧကရာဇ်ကို ရင်ဆိုင်ရင်း ထိုနယ်ပယ်အတွင်း ရောက်သွားပါက အသက်ရှင်ရန် ခဲယဉ်းသည်ဟု ကောလာဟလ ရှိသည်။

ထို့နောက် နန်အန်းဧကရာဇ်က သူ၏ ဓားလမ်းစဉ်၏ စွမ်းအားကို စုစည်းကာ ဓားကို ဝှေ့ယမ်းလိုက်သည်။

လမင်းဖြတ်တောက် ကောင်းကင်ခွဲ သိုင်းကွက်...

ထိုဓားချက်ကြောင့် လုချန်း၏ သတ်ဖြတ်ခြင်း နယ်ပယ်သည် အလွယ်တကူပင် ထက်ပိုင်း ကွဲသွားသည်။

ဒါက…

သတ်ဖြတ်ခြင်း ဧကရာဇ်တစ်ဦး၏ သတ်ဖြတ်ခြင်း နယ်ပယ်ကို ဤမျှ လွယ်ကူစွာ ဖြတ်တောက်နိုင်လိမ့်မည်ဟု နန်အန်းဧကရာဇ် မထင်ထားခဲ့ပေ။

ထိုဧကရာဇ် လေးဦးလုံး ကျဆုံးသွားပြီလားဟု သူက တွေးမိသည်။

နန်အန်းဧကရာဇ် ထိုသို့ တွေးလိုက်စဉ်မှာပင် ဧကရာဇ် လေးဦးသည် ဟင်းလင်းပြင်တွင် ပျံဝဲနေဆဲ ဖြစ်ပြီး ဘာမှ မလုပ်ပဲ လုချန်းကို သတိဖြင့် စောင့်ကြည့်နေသည်ကို သူ သတိပြုမိလိုက်သည်။

ဒါက ဘာဖြစ်တာပါလိမ့်…

ဘာတွေဖြစ်ပျက်ခဲ့မှန်း မသိသောကြောင့် ဧကရာဇ် လေးဦး၏ နောက်သို့ နန်အန်းဧကရာဇ် ချဉ်းကပ်သွားလိုက်ကာ

“ဘာဖြစ်တာလဲ။”

စကားပြောပြီးသည်နှင့် နန်အန်းဧကရာဇ်က လုချန်းရှိရာဘက်သို့ ကြည့်လိုက်သည်။

ကြည့်လိုက်သည်နှင့် နန်အန်းဧကရာဇ် ကိုယ်တိုင် ဆွံ့အသွားတော့သည်။

လုချန်းထံမှ ထွက်ပေါ်နေသော စွမ်းအားသည် သွေးနီရောင် သတ်ဖြတ်ခြင်း စွမ်းအား မဟုတ်တော့ပဲ အနက်ရောင် မရဏ စွမ်းအား ဖြစ်နေသည်ကို သူ မြင်လိုက်ရလေသည်။

ဘာတွေ ဖြစ်ပျက်နေတာပါလိမ့်။

ဤလူက သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခဲ့သော ဧကရာဇ်တစ်ဦး မဟုတ်လား။ သူက မရဏ စွမ်းအားကို ဘယ်လိုလုပ် အသုံးပြုနိုင်ရတာပါလိမ့်။

လုချန်းက နန်အန်းဧကရာဇ်ကို တိုက်ရိုက် ကြည့်လိုက်ကာ

“ကျုပ်ကို တိုက်ပါ။ ခင်ဗျား နိုင်ရင် ခင်ဗျားကို လွှတ်ပေးဖို့ စဉ်းစားပေးမယ်။”

ဒါက…

နန်အန်းဧကရာဇ်၏ မျက်ခုံးများ တွန့်နေသော်လည်း လေးနက်သော မျက်နှာထား ရှိနေဆဲဖြစ်သည်။ လုချန်းသည် ဧကရာဇ် အဆင့်တစ်တွင်သာ ရှိနေသော်လည်း သူ သတိမလျော့ဝံ့ပေ။

ထိုသူသည် သူကိုယ်တိုင်ပင် မဖျက်ဆီးနိုင်သော နည်းဗျူဟာ ပုံစံ တည်ဆောက်နိုင်သည့် အပြင် လမ်းစဉ်နှစ်ခုကို ကျင့်ကြံနိုင်သော လူတစ်ယောက် ဖြစ်၏။ သူ၏ အရှေ့က လူသည် အလွန် ထူးဆန်းသူတစ်ယောက်ဖြစ်သည်။

အခြား စကြဝဠာ တစ်ခုထဲ ရောက်နေတာလားဟုပင် နန်အန်းဧကရာဇ် သံသယ ဖြစ်မိသည်။ ဤလောကတွင် လမ်းစဉ်နှစ်ခုကို လျှောက်လှမ်းနိုင်သော ဧကရာဇ် ဘယ်လိုရှိနိုင်မည်နည်း။

နန်အန်းဧကရာဇ် သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားပြီးနောက်

“တကယ်လား။”

လုချန်းက

“ကျုပ် ဘယ်တော့မှ ကတိမဖျက်ဘူး။”

နန်အန်းဧကရာဇ်က ခပ်ဖွဖွပြုံးလိုက်သည်။

“ခင်ဗျား လမ်းစဉ် သစ္စာဆိုရဲလား။”

လုချန်းက ခပ်အေးအေးပင်

“ကျုပ်မှာ လမ်းစဉ်တွေ အမြောက်အမြား ရှိတယ်။ ဘယ်လမ်းစဉ်နဲ့ သစ္စာဆိုစေချင်တာလဲ။”

ထိုသို့ ပြောပြီးသည်နှင့် လုချန်း၏ ရှေ့ရှိ ဟင်းလင်းပြင်တွင် မြောက်မြားလှသော လမ်းစဉ် ထူးခြားဖြစ်စဉ်များ ပေါ်လာတော့သည်။

ဖန်တီးခြင်း လမ်းစဉ်၊ မရဏ လမ်းစဉ်၊ သတ်ဖြတ်ခြင်း လမ်းစဉ်၊ ဓာတ်ကြီးငါးပါး လမ်းစဉ်…

ဤမြင်ကွင်းကို မြင်လျှင် ရှိနေသူ အားလုံး ဆွံ့အသွားကြတော့သည်။ ထိုမျှများပြားသော လမ်းစဉ်များကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်သူ ဤစကြဝဠာအတွင်း ရှိနိုင်လိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးထားခဲ့ကြဖူးပေ။

All Chapters