← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အပိုင်း (၁၅၁) လက်ထပ်ထိမ်းမြားခြင်း-၂

ယနေ့ခေတ်အခါတွင် သတို့သမီးကိုကြိုဆိုရာ၌ သတို့သမီးဘက်က. အနည်းငယ် အခက်တွေ့အောင်လုပ်ခြင်းကလဲ သမားရိုးကျ ဖြစ်စဥ်တစ်ခုဖြစ်လေသည်။ တစ်ဖက်တွင်တော့ သတို့သမီးဘက်က တန်ဖိုးထားမြတ်နိုးကြောင်းပြရာရောက်ပြီး တစ်ခြားဖက်တွင်တော့ ပွဲကို ပိုပြီးစည်းကားစေလေသည်။

မင်းသားတစ်ပါးကိုယ်တိုင်က တံခါးဝသို့ လာရောက်ကြိုဆိုသည့်တိုင် လုမိသားစုသည် ညှာတာပေးမည့်အရိပ်အယောင် လုံးဝမရှိချေ။

မယားညီအစ်ကိုနှစ်ယောက်နှင့် လင်ညီအစ်မနှစ်ယောက်တို့ကလဲ အသင့်ပြင်ဆင်ထားကြပြီး တင်းတင်းကြပ်ကြပ် စောင့်ဆိုင်းနေကြလေသည်။ ထို့အပြင် လုမင်ဖန်း၊ ရှန်းလန်နှင့် တခြားသူများကလဲ ပြုံးရွှင်စွာဖြင့် ဘေးမှနေ၍ အားပေးနေကြ၏။

အနီရောင်မင်္ဂလာဝတ်ရုံလေးကို ဆင်မြန်းထားသည့် ကောင်းကင်ဘုံက နတ်သားတစ်ပါးနှင့် ခံ့ညားချောမောလှသည့် ဒုတိယမင်းသားလေးသည် တစ်ဦးချင်းစီကို တရင်းတနှီး လိုက်လံနှုတ်ဆက်လေသည်။

သာ့ကျဲဖူကတော့ တည်တည်ငြိမ်ငြိမ်ပြုံးကာ စနောက်လိုက်လေသည်။ "ဒီအချိန်မှာ ရင်းနှီးလာအောင် လာလုပ်နေလဲ ဘာမှမထူးဘူး။ ကျွန်တော်တို့က စုစုပေါင်းအဆင့်၈ခု ပြင်ဆင်ထားတယ်။ အရှင်မင်းသား အဲဒါတွေ အကုန်လုံးကျော်ဖြတ်ပြီးမှ ဆက်ပြောကြတာပေါ့"

လီကျင့် "..."

လီကျင့်သည် မတတ်သာတော့ဘဲ ပြုံးလျက်သာ မေးရတော့သည်။ "တခြားသူတွေ သတို့သမီးကြိုပြီဆိုရင် အဆင့်၃ဆင့်ပဲ ကျော်ရတာပါ။ ဘယ်လိုဖြစ်ပြီးမှ ဒီရောက်လာမှပဲ အဆင့်၈ခုဖြစ်ရတာလဲ"

ဒါတွေက အရမ်းများလွန်းမနေဘူးလား!

လုဖေးကလဲ ပြုံးကာ ပြန်ဖြေလိုက်သည်။ "အရှင်မင်းသားမှာ ယောက်ဖနှစ်ယောက်၊ မယားညီအစ်ကိုနှစ်ယောက်၊ လင်ညီအစ်မနှစ်ယောက်၊ ခယ်မလေးတစ်ယောက်နဲ့ မရီးတစ်ယောက် ရှိတယ်လေ။ တစ်ယောက် မေးခွန်းတစ်ပုဒ်စီနဲ့ အရှင်မင်းသားကို စမ်းသပ်မယ်ဆိုရင် စုစုပေါင်းလိုက်တော့ အဆင်၈ဆင့်ဖြစ်သွားတာပေါ့"

ယောက်ျားလေးတွေက မေးခွန်းထုတ်ရုံမကဘူး။ အမျိုးသမီးတွေကလဲ အကြောမခံကြဘူးပေါ့လေ!

လီကျင့်က ဘမှမပြောရသေးခင်မှာပင် သတို့သမီးကြိုဆိုရန်အတွက် အဖော်လိုက်ပါလာခဲ့သည့် ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့မှာ ရယ်မောပြောဆိုကြလေတော့သည်။ "အာ့တိ / အာ့ကော စိတ်မပူပါနဲ့။ အဆင့်၈ခု မပြောနဲ့။ ၁၀ခု၊ အခု၂၀ဖြစ်ဖြစ် တစ်ခုချင်းစီ ကျော်ဖြတ်သွားရမှာပေါ့"

လီဟောက်နှင့်လီချန်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ သတို့သမီးကြိုဆိုပွဲသို့ လိုက်ပါလာခြင်းမရှိဘဲ ဟွေ့အန်းကုန်းကျူ ကျင့်အန်းကုန်းကျူတို့နှင့်အတူ ဒုတိယမင်းသားအိမ်တော်တွင် ကျန်ရစ်ခဲ့ကြလေသည်။

ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့၏ ဤကဲ့သို့ ကြွားဝါးသည့်စကား ထွက်ပေါ်လာသည်နှင့်ချက်ချင်း တစ်စုံတစ်ယောက်ကလဲ အော်ဟစ်ကာ အားပေးလေတော့သည်။ ကြီးကျယ်ခမ်းနားလှသည့် မင်္ဂလာနေ့ကြီးတွင် ဒီလိုစည်းကားသိုက်မြိုက်ပြီး ပျော်စရာကောင်းနေသဖြင့် လူအများကလဲ ဒုတိယမင်းသားက မည်သို့တုံ့ပြန်မည်ကို ကြည့်ရှုရင်း အစောကြီးကတည်းက ဝန်းရံလာခဲ့ကြ၏။

ထိုသူများထဲတွင် ချောင်ဝမ်လဲ ပါရှိလေသည်။

ချောင်ဝမ်သည် လူအုပ်ထဲတွင်ရပ်ရင်း ပျော်ရွှင်မှုကြောင့် တောက်ပနေသယောင် ခံ့ညားချောမောလှသည့်မျက်နှာ ပိုင်ဆိုင်ထားသည့် လီကျင့်ကိုကြည့်ရင်း သူမ၏ ရင်ထဲတွင် ဝမ်းနည်းနာကျင်သလို ခံစားလိုက်ရ၏။ သို့သော်ငြား ယခင်က ကမ္ဘာပျက်မတတ် မျှော်လင့်ချက်မဲ့ခဲ့ရသည့် ခံစားချက်နှင့် ယှဥ်ကြည့်လျှင်တော့ ယခုအချိန်တွင် များစွာ သက်သာလျော့ပါးသွားခဲ့ပြီဖြစ်၏။

ဝမ်းကွဲအစ်ကိုတော်ကလဲ သူမအပေါ် သစ္စာမဖောက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက သူမရဲ့ တစ်ဖက်သတ်အချစ်ပဲလေ။ ဝမ်းကွဲအစ်ကိုတော်ကလဲ သူမအပေါ်မှာ ယောက်ျားမိန်းမသံယောဇဥ် ဘယ်တုန်းကမှ မရှိခဲ့ဘူး။ မပွင့်မလင်း လုပ်တာမျိုးလဲ ဘာမှမရှိခဲ့ဘူး။ ဒီတော့ သူမလဲ မဖြစ်သင့်တဲ့ အတွေးမှန်သမျှကို လက်လျှော့လိုက်သင့်ပါပြီ။

ချောင်ဝမ်သည် ခေါင်းကိုငုံ့လိုက်ပြီး မျက်ဝန်းအိမ်တွင် ဖြတ်ပြေးသွားသည့် မျက်ရည်စလေးကို ဖုံးကွယ်ထားလိုက်တော့၏။

ကံအားလျော်စွာ ဒီအခိုက်အတန့်တွင် အားလုံး၏အာရုံကလဲ လီကျင့်ဆီသို့ ရောက်နေကြသဖြင့် ချောင်ဝမ်၏ ဝမ်းနည်းကြေကွဲမှုကို ဘယ်သူကမှ သတိမထားမိလိုက်ပေ။

...

ခြံဝန်းတံခါးရှေ့တွင် စိတ်လှုပ်ရှားဖွယ်ရာများနှင့် ရယ်မောသံများ မပြတ်တမ်း ထွက်ပေါ်နေလေသည်။

မင်္ဂလာပွဲအစီအစဥ် ဆောင်ရွက်ပေးသည့် အမျိုးသမီးက လုမင်ယွိကို အနီရောင်ပုဝါလေး လွှမ်းခြုံပေးလိုက်ပြီး ပြုံးကာတိုးတိုးလေး ပြောလိုက်၏။ "အပြင်မှာ ဒီလောက်စည်ကားနေတာ အနည်းဆုံးတော့ ၁နာရီ၂နာရီလောက်ကြာအုံးမှာပဲ။ သခင်မလေး ခဏလောက်တော့ သည်းခံပြီးစောင့်လိုက်ပါအုံးနော်"

လုမင်ယွိကလဲ အင်းဟု ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး အမှတ်တမဲ့ နားစွင့်ထားမိလေသည်။

သူမတွင် ထူးခြားသည့် ခွန်အားရှိရုံသာမက အမြင်အာရုံနှင့် အကြားအာရုံသည်လဲ သာမန်လူများထက် များစွာသာလွန်လေသည်။ ဒီလို ဆူညံမှုများကြားမှာပင် လီကျင့်နှင့် သက်ဆိုင်သည့်အသံကို ခွဲခြားသိရှိနိုင်သေးသည်။ သူ့အသံလေးသည် နူးညံ့သိမ်မွေ့ပြီး နှိမ့်ချမှုရှိကာ ကြည်လင်ပြီး နားဝင်ချိုလွန်းလှသည်။

ကျန်းကျုံးနှင့်လုမင်ယွိတို့ ပြင်ဆင်ထားသည်မှာ သိုင်းပညာ စမ်းသပ်မှုဖြစ်ပြီး ကျောက်တုံးမခြင်း၊ လက်မောင်းအားလှဲခြင်း၊ စသည်တို့ပါဝင်လေသည်။ ကျိုးလီတို့ ဇနီးမောင်နှံနှစ်ဦးအလှည့် ရောက်လာသည်တွင် ပဟေဠိဝှက်ခြင်း စကားထာဖွက်ခြင်းနှင့် ကဗျာရွတ်ဆိုခြင်းတို့ ဖြစ်ကြသည်။

အဆိုးဆုံးကတော့ လုရွှမ်းတစ်ယောက်ဖြစ်သည်မှာ သံသယဖြစ်ရန် မလိုချေ။

လုရွှမ်းသည် ဘယ်နေရာကမသိ ဝင်္ကပါပုံစံကားချပ်တစ်ခုကို ရှာဖွေလာခဲ့လေသည်။ ထိုဝင်္ကပါပုံကားချပ်လေးသည် သုံးပေပတ်လည်ရှိပြီး အလွန်ရှုပ်ထွေးပွေလီလှကာ ကြည့်ရှုသူများကို မျက်လုံးများပင် ပြာဝေသွားစေတော့သည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အတွင်း ဝင်ပေါက်မှဝင်ရောက်ပြီး မှန်ကန်သည့်ထွက်ပေါက်ကို ရှာဖွေရပေမည်။

"စစ်ကျဲဖူ.ကျွန်တော့်ရဲ့ဒီဝင်္ကပါကို လာကျော်ဖြတ်ပါတော့! " လုရွှမ်းသည် သူ့ခေါင်းကြီးကိုလှုပ်ရမ်းပြီး ရယ်ကျဲကျဲဖြင့် ပြောလိုက်ပုံမှာ အဆော့သန်ပြီး ချစ်စရာကောင်းလွန်းနေတော့၏။

လီကျင့်မှာလဲ မတတ်သာတော့ဘဲ ပြုံးကာပြောရတော့သည်။"လျို့တိ အစ်ကိုက ပုံမှန်အချိန်တွေမှာ မင်းကို ကောင်းကောင်း ဆက်ဆံခဲ့ပါတယ်နော်!"

လုရွှမ်းကလဲ တလေးတနက် ပြန်ဖြေလေသည်။ "ခင်မင်မှုကို အကြောင်းပြပြီးတော့ မပြောပါနဲ့။ ကျွန်တော်က ညှာတာပေးမှာ မဟုတ်ဘူးနော်။ အမွှေးတိုင်တစ်တိုင်ပဲ အချိန်ရှိတယ်။ စစ်ကျဲဖူ အချိန်ဆွဲမနေပါနဲ့တော့"

လူအများသည် တပြိုင်နက် ရယ်မောလိုက်ကြလေသည်။

ပထမမင်းသားသည် စစ်ရေးကျန်းစာအုပ်များကို ဖတ်ရှုခြင်းကိုနှစ်သက်ပြီး စစ်ဗျူဟာအခင်းအကျင်းများကိုလဲ အနည်းအကျဥ်း လေ့လာထားသူဖြစ်သဖြင့် စိတ်အားထက်သန်စွာဖြင့် တာဝန်ယူပေးလိုက်တော့၏။ "အာ့တိ ငါ မင်းအတွက် စမ်းကြည့်ပေးမယ်"

သတို့သမီးကြိုဆိုပွဲသို့ အဖော်လိုက်ပါလာသူသည် သတို့သားလောင်းကိုယ်စား အခက်အခဲများကို ကူညီဖြေရှင်းခွင့် ရှိလေသည်။ ယနေ့တွင် လီကျင့်သည် ပြင်ဆင်မှုအပြည့်အစုံ ပြုလုပ်လာခဲ့ပြီး သူ၏အစ်ကိုတော်နှင့် ညီတော်(၄)အပြင် ပညာတတ်စာသင်သားနှစ်ဦးကိုလဲ ခေါ်ဆောင်လာခဲ့သေးသည်။ ထို့အပြင် တုံးပင်ကျွင်း၏သားတော် လီရှန်းနှင့် မိမိသဘောအရလိုက်ပါလာသည့် ညီဝမ်းကွဲ ကျောက်ရွေ့တို့လဲ ပါရှိသေးသည်။ လီရှန်းသည် ယခုနှစ်မှ ၁၃နှစ်သာရှိသေးပြီး အပျော်သဘောဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်၏။

ကျောက်ရွေ့ကတော့ စာပေရောသိုင်းပညာမှာပါ သာမန်မျှသာဖြစ်ပြီး စားသောက်ပျော်ပါးခြင်းကို ကျွမ်းကျင်သူဖြစ်ရာ အသုံးဝင်လှသည်တော့ မဟုတ်ပေ။ သို့သော်ငြား ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့ကတော့ ယနေ့တွင် အထူးတလည် တက်ကြွလှုပ်ရှားနေကြလေသည်။ လီကျင့်ကလဲ ပထမမင်းသားဘက်သို့ လှည့်ကြည့်ကာ ပြုံးပြီး ခေါင်းညိမ့်ပြလိုက်တော့သည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်းတွင် မင်းသားများသည် မကြာခဏဆိုသလို အတူတူစုဝေးပြီး စားသောက်တတ်ကြလေသည်။ သူတို့၏ စိတ်ထဲတွင် မည်သို့ပင်ခံစားနေရသည်ဖြစ်စေ သူတို့ပြသရမည့် အရာကတော့ နက်ရှိုင်းလှသည့် ညီအစ်ကိုသံယောဇဥ်သာဖြစ်လေ၏။

ပထမမင်းသားက ချက်ချင်းဆိုသလို ဝင်္ကပါပုံ ကားချပ်လေးနားသို တိုးကပ်သွားတော့သည်။

လုရွှမ်းကလဲ နည်းနည်းလေးမှ အားနာခြင်းမရှိဘဲ နေရာတွင်ပင် အမွှေးတိုင်တစ်တိုင်ကို မီးထွန်းပေးလိုက်တော့သည်။ "အရှင်မင်းသား အမွှေးတိုင် တစ်တိုင်စာအချိန်ပဲ ရှိတယ်နော်။ အချိန်ကျော်လွန်သွားတာနဲ့ ရှုံးပြီလို့ သတ်မှတ်မှာပါ"

ပထမမင်းသားကလဲ ဝင့်ကြွားစွာဖြင့် ပြုံးကာပြောလိုက်၏။ "စောင့်ကြည့်နေလိုက်ပါ!"

ထို့နောက်တွင်တော့ ပထမမင်းသားမျက်နှာသည် ပါးရိုက်ခံလိုက်ရသလို ဖူးယောင်သွားလေတော့သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးသွားပြီးနောက် နောက်ထပ် အမွှေးတိုင်တစ်တိုင် ထပ်မံကုန်ဆုံးသွားသော်ငြား ဝင်္ကပါပုံကားချပ်ကို ဖြေရှင်းနိုင်ခြင်း မရှိသေးချေ။ လုရွှမ်းသည် မျက်နှာဝင်းပသွားကာ ဆိုလေတော့သည်။ "ကျွန်တော် တမင်တကာ အမွှေးတိုင်တစ်တိုင် အချိန်ပိုပေးခဲ့တာတောင် အရှင်မင်းသားက မဖြေရှင်းနိုင်သေးဘူးနော်။ ဒီတစ်ပွဲ ရှုံးသွားပြီ!"

ပထမမင်းသားကတော့ မကျေမနပ်နှင့်ပင် အံကြိတ်ကာ ပြောလေတော့သည်။ "ငါ့ကို အမွှေးတိုင်တစ်တိုင် အချိန်ထပ်ပေး ငါ မယုံဘူး။ ဒီနေ့ ဒီဝင်္ကပါပုံကားချပ်ကို မဖြစ်မနေဖြေရှင်းရမယ်"

"ဒီလိုတော့ ဂျီကျလို့မရဘူးလေ" လုရွှမ်းသည် လူငယ်သော်ငြားလည်း သတ္တိကတော့ နည်းနည်းလေးမှ မနည်းချေ။ ပထမမင်းသားကိုပင် ထိပ်တိုက်ရင်ဆိုင်ပြီး ပြောဆိုရဲလေသည်။

ပထမမင်းသားသည် အလွန်အနိုင်ယူလိုစိတ် ပြင်းပြသူဖြစ်ပြီး ယနေ့တွင် မျက်နှာပျက်ရလောက်အောင် ရှုံးနိမ့်ခဲ့လေသည်။ သူသည် ဂုဏ်သိက္ခာရော မျက်နှာပါပျက်ခဲ့ရ၏။ လုရွှမ်း၏ ထပ်မံစနောက်ခြင်းခံလိုက်ရသည်တွင် ရှက်ရမ်းရမ်းကာ ဒေါသထွက်လုနီးပါးပင် ဖြစ်သွားတော့သည်။

စတုတ္ထမင်းသားသည် အခြေအနေမကောင်းမှန်း မြင်လိုက်ရသည်တွင် ပထမမင်းသား၏ အင်္ကျီလက်စကို မြန်မြန်လှမ်းဆွဲလိုက်ပြီး ပထမမင်းသားကို အဆက်မပြတ် မျက်ရိပ်ပြလိုက်ရတော့၏။ "သတို့သမီးကြိုတာက စည်ကားဖို့ အဓိကထားတာပါ။ နိုင်တာရှုံးတာက အရေးမကြီးပါဘူး။ မင်္ဂလာအချိန်ကျရင် အာ့ကောကို ဘယ်သူမှ တားထားမှာ မဟုတ်တာ သေချာပါတယ်"

သတို့သမီးကြိုဆိုခြင်းသည် သင့်သင့်မြတ်မြတ် ပျော်ပျော်ရွှင်ရွှင် ဖြစ်သင့်သည်။ စိတ်မချမ်းမြေ့ဖွယ်တော့ ပြုလုပ်၍မဖြစ်ချေ။

ပထမမင်းသားသည် မကျေနပ်သည့်စိတ်ကို မျိုသိပ်ထားလိုက်ကာ အားတင်းကာ ပြောလိုက်၏။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ လုရွှမ်းကို တိတ်တိတ်လေး တေးထားလိုက်တော့သည်။

ဒီစိတ်အနှောက်အယှက်ဖြစ်စရာ ကောင်စုတ်လေး။ အသက်က ငယ်သေးပေမဲ့ တော်တော်လေးကို ကောက်ကျစ်ပြီး ဒေါသထွက်စရာကောင်းလိုက်တာ။

ဒီအခိုက်တွင် လီကျင့်က အပြုံးဖြင့် ရှေ့တက်လာကာ လုရွှမ်းကို ပြောလိုက်လေသည်။ "လျို့တိ အစ်ကို စမ်းကြည့်လို့ရမလား"

လုရွှမ်းကလဲ သဘောတူလိုက်တော့သည်။ ထို့နောက်တွင်တော့ လူအများသည် လီကျင့်က အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အတွင်းမှာပင် ဝင်္ကပါပုံကားချပ်ကို ကျွမ်းကျင်စွာ ဖြေရှင်းနိုင်သွားသည်ကို တွေ့လိုက်ရ၏။

ပထမမင်းသား ဝင်္ကပါပုံကားချပ်ကို ဖြေရှင်းနေချိန်တွင် လူအများသည် မျှော်လင့်စောင့်စားရင်း တိတ်တိတ်ကလေး တွေးတောနေခဲ့ကြ၏။ သို့သော်ငြား လီကျင့်၏ သန့်ရှင်းလှပသည့် လက်ချောင်းလေးများကတော့ လူအများ၏ ချီးကျူးအားပေးသံကို ရရှိခဲ့လေသည်။

ပထမမင်းသား "..."

သူ့မှာ ညီတော်အတွက် မတော်တဆ ခြေနင်းခုံဖြစ်သွားရတယ်လို့။ တကယ် ဒေါသထွက်စရာ ကောင်းလိုက်တာ!

...

၁နာရီကျော် ကြာမြင့်ပြီးသွားသောအခါ လီကျင့်သည် နောက်ဆုံးတော့ အတားအဆီးများ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီး လုမင်ယွိ၏ အပျိုဆောင်လေးဆီသို့ ဝင်ရောက်လာနိုင်တော့သည်။

လူအများကြီးက သတို့သားလောင်းကို ဝန်းရံကာ အခန်းအတွင်းသို့ အတူတူ ဝင်ရောက်လာကြလေသည်။

အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော လှပကျော့ရှင်းသည့် မိန်းမပျိုလေးသည် ကုတင်ပေါ်တွင် ငြိမ်သက်စွာထိုင်နေပြီး သူမ၏ နူးညံ့သွယ်လျလှသည့်လက်များကို ဒူးပေါ်တွင် ညင်သာစွာ တင်ထားလေသည်။

လီကျင့်၏ နှလုံးခုန်သံမှာ ရုတ်တရက်ဆိုသလို စည်းချက်လွဲသွားပြီး ခြေလှမ်းများပင် ရပ်တန့်သွားတော့၏။

စတုတ္ထမင်းသားက ပြုံးကာ လီကျင့်အနားသို့ တိုးကပ်လာပြီး မျက်စိမှိတ်ပြကာ ရယ်မောပြီးပြောလေသည်။ "အာ့ကော ဘာလို့ ကြောင်ကြည့်နေတာလဲ။ မဟုတ်ရင် ကျွန်တော်က အာ့ကောကိုယ်စား အာ့စောင်ကို သွားဆွဲခေါ်ပေးရမှာလား"

လူအုပ်ကြီးမှာ ဝါးလုံးကွဲရယ်မောလေတော့သည်။

လီကျင့်သည် သတိပြန်ဝင်လာပြီး ပြုံးကာ စတုတ္ထမင်းသားကို ခြေထောက်နှင့် လှမ်းကန်လေတော့သည်။ ထို့နောက်တွင်တော့ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ဆက်လျှောက်သွားပြီး ကိုယ်ကိုညွှတ်ကာ သူမ၏ နားနားသို့ တီးတိုးလေးပြောလိုက်လေသည်။

"ရှောင်ယွိ ကို မင်းကိုလာခေါ်ပြီ"

ထူထဲလှသည့်ပုဝါသည် အမြင်အာရုံအားလုံးကို ကာဆီးထားလေသည်။

လုမင်ယွိသည် မျက်လုံးကို ပင့်ကြည့်လိုက်သော်ငြား အနီရောင်အလွှာကိုသာ မြင်တွေ့ရဆဲဖြစ်ကာ သူမကလဲ ညင်သာစွာဖြင့် ပြန်လည်ထူးလိုက်တော့သည်။ "ဟုတ်ကဲ့"

...

အပိုင်း (၁၅၂) လက်ထပ်ထိမ်းမြားခြင်း- ၃

ဒီအခိုက်အတန့်တွင် တစ်စုံတစ်ယောက်၏ အသက်ရှူနှုန်းက အနည်းငယ် ပုံမှန်မဟုတ်ဖြစ်နေပြီး တစ်စုံတစ်ယောက်၏ နှလုံးသားကတော့ အနည်းငယ် ပိုမြန်မြန်ခုန်လို့နေသည်။

လောကကြီးသည် ရပ်တန့်သွားသကဲ့သို့ ထင်ရလေ၏။

လုမင်ယွိသည် မျက်လုံးကိုပင့်ကာ အနီရောင်ပုဝါစလေးကြားခံလျက် လီကျင့်ကို မော့ကြည့်လိုက်၏။ သူတို့သည် အချင်းချင်း၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသယောင်ပင်။

မင်္ဂလာပွဲ အစီအစဥ်ဆောင်ရွက်သူ အမျိုးသမီးက မြန်မြန်လျှောက်လာကာ အနီရောင်မင်္ဂလာပိုးစကို လုမင်ယွိ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ကျန်တစ်ဖက်ကိုတော့ လီကျင့်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ လီကျင့်သည် ထိုမင်္ဂလာပိုးသားစလေးကို တင်းကြပ်နေအောင် အလိုလို ဆုပ်ကိုင်ထားမိ၏။

မင်္ဂလာပွဲစီစဥ်ဆောင်ရွက်သူ အမျိုးသမီးကလဲ နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးကာအသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "ဒုတိယမင်းသားလေး သတို့သမီးကို ဦးဆောင်ပြီးတော့ ခန်းမဆောင်ကို အရိုအသေပေးဖို့ကြွပါ”

အမျိုးသမီးဘက်တွင် ပြုလုပ်သည်မှာ ဒူးထောက် ဦးချနှုတ်ဆက်ခြင်း ဓလေ့ဖြစ်ပြီး အမျိုးသားဖက်အိမ်တံခါးဝသို့ ဝင်ရောက်မှသာ မင်္ဂလာဦးကန်တော့ပွဲဓလေ့ ပြုလုပ်လေသည်။

လီကျင့်က မင်္ဂလာပွဲအစီအစဥ်ဆောင်ရွက်သူ အမျိုးသမီးကို အထူးတလည် မှာကြားလိုက်၏။ "ဖြည်းဖြည်းလျှောက်ပါ။ မြဲနေအောင် တွဲထားပေးနော်"

ဒုတိယမင်းသားလေးကို ကြည့်ပါအုံး။ ဘယ်လောက်တောင် ဂရုစိုက်ပြီးတော့ အသေးစိတ်ကျလိုက်သလဲ! "မင်္ဂလာပွဲစီစဥ်ပေးသည့် အမျိုးသမီးသည် ပျော်ရွှင်စွာဖြင့် ပြုံးလိုက်ပြီး အကြိမ်ကြိမ်ပင် ခေါင်းညိမ့်ကာ ပြန်ဖြေလိုက်လေသည်။ လုမင်ဖန်းနှင့် တခြားသူများကလဲ ဒီမြင်ကွင်းကို ကြည့်ကြပြီး အလွန် ကျေနပ်ပီတိ ဖြစ်သွားကြတော့၏။

မင်္ဂလာပွဲ စီစဥ်သည့်အမျိုးသမီးသည် လုမင်ယွိ၏ လက်မောင်းကို တွဲထူပေးလိုက်ကာ မကြာခဏဆိုသလို သူမကို တီးတိုးစကားဖြင့် သတိပေးလေသည်။ "တံခါးကို ကျော်တော့မှာမလို့ သခင်မလေး ခြေထောက်ကိုကြွပါ"

"ရှေ့မှာကွေ့ရတော့မယ်"

"ခန်းမဆောင်တွင်းကို ဝင်ပါတော့မယ်"

အလွန်ပင် ဆူညံလှသဖြင့် လုမင်ယွိသည် စိတ်ထဲမှ တိတ်တိတ်လေး မျက်စောင်းထိုးမိလေတော့သည်။ သာမန်အချိန်ဆိုလျှင် သူမသည် သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။ ယနေ့ကတော့ လက်ထပ်မင်္ဂလာပွဲ ကျင်းပသည့် နေ့ထူးနေ့မြတ်ဖြစ်နေသဖြင့် သည်းခံလိုက်ရုံသာ ရှိလေတော့သည်။

ခန်းမဆောင်အတွင်း ဝင်ရောက်လာပြီးနောက်တွင် သူမသည် မင်္ဂလာပွဲဦးဆောင်သည့် အမျိုးသမီး၏ ဦးဆောင်မှုဖြင့် ထိုင်ခုံပေါ်တွင် ဒူးထောက်ချလိုက်ပြီး အဖေဖြစ်သူကို သုံးကြိမ်တိုင်တိုင် ဦးချကန်တော့လိုက်လေသည်။

လုလင်း၏အသံသည် နားထဲသို့ဝင်ရောက်လာခဲ့၏။ "ရှောင်ယွိ သမီး ဒီနေ့ လက်ထပ်သွားပြီ။ အဖေက သမီးတစ်ဘဝလုံး အဆင်ပြေချောမွေ့ပြီး အေးချမ်းပျော်ရွှင်ဖို့ မျှော်လင့်တယ်။ ခင်ပွန်းရဲ့ အိမ်တော်ကို ရောက်သွားရင်လည်း ယောက္ခမတွေကို ရိုသေလေးစားရမယ်။ ခင်ပွန်းကို ဂရုစိုက်ရမယ်။ နောင်တချိန်မှာ သမီးက မိခင်ကောင်းတစ်ယောက် ဖြစ်အောင်လုပ်ရမယ်"

လုလင်းသည် ဝမ်းနည်းမှုနှင့် နှမြောတွန့်တိုမှုတို့ကို အစွမ်းကုန် ကြိုးစားထိန်းချုပ်ထားရမှာ သိသာထင်ရှားလှ၏။ သူ့အသံသည်လဲ မသိမသာ ရှိုက်သံပါနေတော့၏။ လုမင်ယွိ၏ မျက်လုံးများသည် ပူနွေးလာသလို ခံစားရကာ တိုးတိုးလေး ပြန်ဖြေလိုက်တော့သည်။ "သမီး အဖေ့ဆုံးမစကားကို လိုက်နာပါ့မယ်"

ခန်းမဆောင်အတွင်းမှ ဆူညံသံသည် တဖြည်းဖြည်း တိုးညှင်းသွားပြီး ဘယ်အချိန်ကပင် တိတ်ဆိတ်ငြိမ်သက်သွားမှန်း မသိလိုက်ချေ။

လုမင်ယွိသည် အကူအညီဖြင့် ထရပ်လိုက်ပြီး လီကျင့်က လုမင်ယွိ၏ ဘေးတွင်ရပ်နေလေသည်။ သူသည် လုမင်ယွိထက် ခေါင်းတစ်ခြမ်းခန့် ပိုအရပ်မြင့်ပြီးကိုယ်ဟန်မှာလည်း ကျော့ရှင်းသွယ်လျကာ မျက်နှာထားမှာ ခံ့ညားချောမောပြီး တည်ဝါခံ့ညားသည့်ဟန်ပန်ရှိလေသည်။

မည်မျှပင် အပြစ်ရှာချေးများတတ်သည့် ယွဲ့ဖုဖြစ်စေကာမူ ဤကဲ့သို့ သမက်မျိုးကို မြင်တွေ့လိုက်ရလျှင် ချီးကျူးစကား ပြောဆိုရမည်ဖြစ်ပြီး အပြစ်အနာအဆာ အနည်းငယ်မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

လုလင်းသည် လီကျင့်ကို ကြည့်လိုက်ရင်း စကားထောင်လုံးသောင်းမကသည့် နှုတ်ခမ်းဝသို့ ရောက်လာသော်ငြား နောက်ဆုံးတွင်တော့ ရိုးရိုးရှင်းရှင်း စကားတစ်ခွန်းသာ ပြောင်းလဲသွားတော့သည်။ "အရှင်မင်းသား ကျွန်တော့်နှလုံးသားထဲက အမြတ်တနိုးရတနာကို အရှင်မင်းသား ဆီအပ်နှံလိုက်ပါတယ်။ သူ့ကို တန်ဖိုးထားပြီး ချစ်ခင်ပေးဖို့ မျှော်လင့်ပါတယ်"

လီကျင့်သည် မျက်နှာကိုအောက်ချထားကာ လက်နှစ်ဖက်ကိုယှက်ပြီး အရိုအသေပေးလိုက်၏။ "ယွဲ့ဖု စိတ်ချပါ။ ဒီဘဝမှာ ကျွန်တော်သူ့အပေါ် တစ်စိတ်တစ်ဝမ်းတည်းဆက်ဆံပြီး ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး"

လုလင်း၏ မျက်လုံးများက နီရဲသွားပြီး လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်လေတော့သည်။ "ကောင်းတယ် ကောင်းတယ်။ အရှင်မင်းသား ဒီနေ့ ပြောတဲ့စကားကို ယွဲ့ဖုဖြစ်တဲ့ ကျွန်တော်က အကုန်မှတ်ထားလိုက်ပါပြီ။ နောင်တချိန်မှာ သူသာ မတရားခံရတာ၊ စိတ်အနှောက်အယှက် ဖြစ်ရတာမျိုးရှိခဲ့ရင် ကျွန်တော်က ဒီမျက်နှာကို အရင်းအနှီး လုပ်ပြီးတော့ အရှင်မင်းကြီးဆီ သွားတိုင်တည်ပြီး တရားမျှတမှုကို ရှာဖွေမှာပဲ"

အားလုံးကလဲ အလွန်သဘောကျသွားကြတော့၏။

ဖခင်များက သူတို့၏ သမီးဖြစ်သူကို ချစ်ခင်မြတ်နိုးသည်ကို မြင်တွေ့ခဲ့ဖူးသော်ငြား ဒီလောက်ရင်နာရသည်အထိ ချစ်ခင်ကြသည်ကိုတော့ တခါမှ မမြင်ခဲ့ဖူးချေ။ ရှေ့တွင်ရပ်နေသူမှာ လုမိသားစု၏ သမက်ဖြစ်သည့်အပြင် သာ့ဝေတိုင်းပြည်၏ အဆင့်အတန်း အမြင့်မြတ်ဆုံး မင်းသားတပါးလဲ ဖြစ်လေသည်။ လုလင်း၏ ဒီလိုအကာအကွယ်ပေးသည့် စကားများသည် သတ္တိရှိသလို အနည်းငယ်လဲ ရယ်စရာကောင်းသလိုလို ဖြစ်နေ၏။

သို့သော်ငြား ရယ်ရင်းမောရင်းပင် သူတို့၏ စိတ်နှလုံးသားထဲက ဖော်မပြနိုင်သည့် ဝမ်းနည်းခံစားမှုတစ်ခု ဖြစ်ပေါ်လာစေတော့သည်။ လုမင်ယွိ၏ မျက်ဝန်းထဲက မျက်ရည်ကြည်တို့သည် မျက်ရည်စက်များ အဖြစ်ပြောင်းလဲကာ စီးကျလာလေတော့သည်။

မင်္ဂလာအချိန် ကျရောက်လာပြီဖြစ်သဖြင့် မင်္ဂလာဝေါယာဥ်ပေါ်သို့ တက်ရပေတော့မည်။

လုဖေးက ရှေ့သို့တိုးလာပြီး ကိုယ်ကို အနည်းငယ် ကွေးထားလိုက်ကာ လုမင်ယွိကို ကျောပိုးပြီး မင်္ဂလာဝေါယာဥ်ပေါ်သို့ တင်ပေးလိုက်လေသည်။

လုမင်ယွိသည် မင်္ဂလာဝေါယာဥ်ပေါ်သို့ တက်လိုက်သည့်ခဏတွင် မွေးစားအစ်ကိုဖြစ်သူ လုဖေး၏ လျင်လျင်မြန်မြန် တီးတိုးစကားသံကို ကြားလိုက်ရ၏။ "စစ်မေ့ ကိုယ့်ဟာကို ဂရုစိုက်နော်"

သူတို့တွေ တကယ်ပဲ စိတ်ပူစရာ မလိုပါဘူး။ အရင်ဘဝတုန်းကတောင် သူမ ဘယ်သူ့ အနိုင်ကျင့်တာမှ မခံခဲ့ဘူး။ မယ်တော်ကြီးစူးကလဲ နောက်ကွယ်မှာ အကွက်ဆင်ပြီး ခြေထိုးခဲ့ပေမဲ့လည်း သူမရှေ့မှာတော့ ဘယ်တုန်းကမှ မလှုပ်ရဲခဲ့ပါဘူး။

ဒီဘဝမှာ သူမက လီကျင့်နဲ့ လက်ထပ်ခဲ့တယ်။ အရည်အချင်းပြည့်မှီတဲ့ ဇနီးတစ်ယောက်၊ မိခင်ကောင်းတစ်ယောက် ဖြစ်အောင်လုပ်ရမယ်။ နောင်တစ်ချိန်မှာ သူမက အရည်အချင်းပြည့်မှီတဲ့ မင်းသားကြင်ရာတော်၊ အိမ်ရှေ့စံမိဖုရား ဖြစ်လာရအုံးမယ်။ အလယ်နန်းဆောင်ကို အုပ်စိုးပြီး လောကကြီးကို အုပ်စိုးမဲ့နေ့အထိပေါ့။

သူမက ကိုယ့်ဟာကိုလဲ ကောင်းကောင်းကာကွယ်ရမယ်။ မိသားစုဝင် အားလုံးကိုလဲ ကာကွယ်စောင့်ရှောက်ပြီး အားလုံးကို ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်သွားအောင် ပြုလုပ်ပေးရမယ်။

လုမင်ယွိသည် စိတ်ထဲတွင် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။ နောက်ထပ် မျက်ရည်စက်တို့သည် တကြိမ်ထပ်မံစီးကျလာတော့သည်။

...

ကျယ်လောင်လှသည့် ဗျောက်အိုးဖောက်သံများသည် ကောင်းကင်ယံကို တုန်လှုပ်သွားစေပြီး လူ၈ဦးထမ်းသည့် မင်္ဂလာဝေါယာဥ်သည် တည်တည်ငြိမ်ငြိမ် ရှေ့သို့ရွေ့လျားသွားလေတော့သည်။

စတုတ္ထသခင်မလေးလုသည် နောက်ဆုံးတော့ လက်ထပ်သွားခဲ့လေပြီ!

သတို့သမီး ကြိုဆိုသောအဖွဲ့သည် ကြီးကျယ်ခမ်းနားကာ လက်ဖွဲ့ပစ္စည်းများကို သယ်ဆောင်၍ ပိုဆောင်ကြသည့်အဖွဲ့သည်လဲ သတို့သမီး ကြိုဆိုသည့်အဖွဲ့ထက်ပင် ပိုပြီးရှည်လျားလှသေးသည်။ ဆယ်လီမျှရှည်လျားသည့် အနီရောင်မင်္ဂလာလက်ဖွဲ့များ၏ ခမ်းနားထည်ဝါသည့် မြင်ကွင်းဟူသည်မှာ ဤသို့ပင် ဖြစ်ပေမည်။

လမ်းတလျှောက်တွင် မင်္ဂလာပွဲကို စောင့်ကြည့်နေကြသူများမှာ မရေမတွက်နိုင်အောင် ရှိကြပြီး ရှည်လျားလှသည့် မင်္ဂလာယာဥ်တန်းကြီးကို မှင်သက်အံ့သြစွာဖြင့် ကြည့်နေကြတော့၏။ "ကြည့်ပါအုံး။ ရှင်းယန်ဝမ်ရဲ့သမီးကို လက်ထပ်ပေးတာ လက်ဖွဲ့ပစ္စည်းတွေက တကယ်အများကြီးပဲ!"

"ဒါက ပြောနေစရာ လိုသေးလို့လား။ ရှင်းယန်ဝမ်မှာ တရားဝင်သမီးဆိုလို့ ဒီတစ်ယောက်ပဲရှိတာ။ လုမိသားစုရဲ့ စီးပွားဥစ္စတွေ တဝက်လောက် လက်ဖွဲ့လိုက်ပုံရတယ်"

တခြားအိမ်က မိန်းကလေးတွေလက်ထပ်ရင် အစေခံမိန်းကလေးတွေ အဒေါ်ကြီးတွေ နည်းနည်းပါးပါးပဲ ထည့်ပေးလိုက်တာ။ လုမိသားစုကြတော့ ပျော်စရာကြီးပဲ။ အတူလိုက်ပါပို့ဆောင်တဲ့အဖွဲ့ထဲမှာ အရပ်မြင့်မြင့် ခွန်အားကြီးကြီး သက်တော်စောင့်တွေ ကိုယ်ရံတော်တွေကြီးပဲ"

"အားရိုး မသိနားမလည်ဘဲ ကြောက်စရာမရှိတဲ့ မျက်နှာပေးကြီးကို သိမ်းထားလိုက်စမ်းပါ။ လုမိသားစုရဲ့ ကိုယ်ရံတော်တွေက မြို့တော်မှာ နာမည်အကြီးကြီးပဲ။ တစ်ယောက်က ဆယ်ယောက်ကို နိုင်တယ်လို့တောင် ပြောရင်တောင် လွန်တာမဟုတ်ဘူး။ ပြီးတော့ သူတို့အားလုံးက စစ်မြေပြင်ကို သွားခဲ့ကြဖူးတယ်။ သွေးကို မြင်ခဲ့ဖူးတယ်။ ပြီးတော့ သစ္စာလဲ အရမ်းရှိကြတယ်။ ဒီကိုယ်ရံတော်တွေကို အခြေခံအဖြစ်ထားပြီး စစ်သည်သစ် တစ်သောင်းလောက် စုဆောင်းလို့ရတယ်။ ပြီးတော့ အတော်ဆုံး တပ်ဖွဲ့တစ်ဖွဲ့ဖြစ်အောင် လေ့ကျင့်ပေးလို့ရတယ်။ ရွှေ ငွေကျောက်စိမ်း အဝတ်အထည် လက်ဝတ်ရတနာတွေက ဘာမှမဟုတ်သေးဘူး။ ဒါတွေကမှသာ စတုတ္ထသခင်မလေးလုရဲ့ တကယ့်လက်ဖွဲ့ပစ္စည်းတွေကွ!"

တံတွေးစင်အောင် ပြောဆိုနေသည့် လူတန်းကြီး၏စကားများသည် အလွန်အထင်ကြီးစရာ ကောင်းလှသဖြင့် သာမန်ပြည်သူတစ်ချို့၏ ခေါင်းများပင် တိုးကပ်လာကြလေသည်။

လူတန်းကြီးကလဲ အာပေါင်အာရင်းသန်သန်ဖြင့် မရပ်မနား ဆက်ပြောလေသည်။ "မင်းသားကြင်ရာတော်တွေ အားလုံးက စစ်သူကြီးမျိုးနွယ်ကပဲ လာကြတာ။ ဒါပေမဲ့ သေချာနှိုင်းယှဥ်ကြည့်ရင်တော့ စတုတ္ထသခင်မလေးလုရဲ့မျိုးရိုးက အကောင်းဆုံးပဲ"

"ပထမမင်းသားကြင်ရာတော်ရဲ့ အဖေအရင်းက နန်းတွင်းကိုယ်ရံတော်တပ်ရဲ့ စစ်သူကြီးချုပ်။ အိမ်တော်က ကျွန်မျိုးနွယ်က လာတာ။ မိသားစုအခြေအနေက သာမန်ပဲ။ ပထမမင်းသားကြင်ရာတော် လက်ထပ်တုန်းကလဲ လက်ဖွဲ့ပစ္စည်းတွေက များများစားစား မပါဘူး။ တတိယမင်းသားကြင်ရာတော်နဲ့ စတုတ္ထမင်းသားကြင်ရာတော်တို့ရဲ့ လက်ဖွဲ့ပစ္စည်းကလဲ စတုတ္ထသခင်မလေးလုကို ဘယ်မှီပါ့မလဲ။ မုန့်မိသားစုနဲ့ ကျောက်မိသားစုတွေက သားသမီးတွေပေါတယ်။ မြေးမြစ်တွေအတွက် စဥ်းစားရင်တောင် အများကြီး ထည့်ပေးနိုင်မှာ မဟုတ်ဘူး။ စတုတ္ထသခင်မလေးလုနဲ့ ဘယ်လိုနှိုင်းယှဥ်လို့ရမှာလဲ။ သူက ရှင်းယန်ဝမ်ရဲ့ တစ်ဦးတည်းသော ချစ်ရတဲ့သမီးလေ ..."

ပြည်သူများ၏ အတင်းအဖျင်း ပြောဆိုသံများသည် တီးမှုတ်သံများနှင့် ဆူညံသံများဖြင့် ရောနှောနေကာ သူတို့သမီးကြိုသူများ၏နားထဲသို့ တပြိုင်နက်တည်း ပျံ့လွင့်လာလေတော့သည်။

ပထမမင်းသားသည် ခေါင်းတစ်ချက် လှည့်လိုက်ပြီး အဆုံးအစ မမြင်နိုင်သည့် လက်ဖွဲ့ပစ္စည်းပို့ဆောင်သောအဖွဲ့ကို ကြည့်ရင်း သူ့ဦးနှောက်ထဲတွင် လွန်လဲ့သည့်၃နှစ်ခန့်က လျန်ရှီသည် သူ့ထံသို့ လက်ထပ်လာစဥ်က အချိန်ကို ပြန်လည်သတိရမိလိုက်တော့သည်။

နှိုင်းယှဥ်စရာမရှိရင် အနိမ့်အမြင့်ဆိုတာလဲ ရှိလာမှာ မဟုတ်ဘူး။

နှိုင်းယှဥ်စရာမရှိရင် မကျေနပ်ချက်လဲ ဖြစ်လာမှာ မဟုတ်ဘူး။

ပထမမင်းသားသည် ကလေးဘဝကတည်းက မျက်နှာသာပေးခံခဲ့ရပြီး အရာအားလုံးသည် ညီအစ်ကိုများထဲတွင် ထိပ်ဆုံးမှဖြစ်ခဲ့လေသည်။ လူရှေ့တွင် မျက်နှာပွင့်ကာ အနိုင်ယူလိုစိတ် ပြင်းထန်လေ့ရှိရာ ယနေ့သို့ ရောက်လာသောအခါ ကြင်ရာတော် ရွေးချယ်သည့်ကိစ္စတွင် သူသည် အမှန်တကယ်ပင် တစ်ဆင့်နိမ့်ကျသွားသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသဖြင့် စိတ်ထဲက ခံစားချက်မှာ ပြောလို့ပင် မကုန်နိုင်တော့ချေ။

လျန်ရှီသည် ခက်ခက်ခဲခဲ ကိုယ်ဝန်တစ်ကြိမ် လွယ်ခဲ့ရသော်လည်း ပျက်ကျသွားခဲ့သည်။ ယခု ကိုယ်ဝန်ရှိနေသည့် အပျိုတော်ယန်သည် အဆင့်အတန်း နိမ့်ကျသူဖြစ်ရာ မြေးတော်မွေးဖွားခဲ့လျှင်လည်း သာမန်ကိုယ်လုပ်တော်မှသာ မွေးဖွားခြင်းဖြစ်ပေမည်။

ပထမမင်းသားသည် စဥ်းစားလေလေ စိတ်ထဲတွင် မကျေမနပ် ဖြစ်လာလေလေပင်။

စတုတ္ထမင်းသားကတော့ မကျေမနပ် ဖြစ်ခြင်းမရှိသော်ငြား စိတ်ထဲတွင်တော့ တိတ်တိတ်လေး တွေးတောနေမိမှာကတော့ ရှောင်လွှဲလို့ရမည် မဟုတ်ချေ။ သူသည် ကျောက်ယွီကို လက်ထပ်သည့်အခါတွင် ကျောက်မိသားစုက ရဲစွမ်းသတ္တိရှိသည့် ကိုယ်ရံတော်တစ်ချို့ လက်ဖွဲ့အဖြစ်ထည့်ပေးလိုက်ပါမလား မသိနိုင်ပေ။

လီကျင့်သည် နီညိုရောင်မြင်းရတနာကို စီးနင်းကာ အခါအားလျော်စွာ မင်္ဂလာဝေါယာဥ်ကို လှည့်ကြည့်လိုက်တိုင်း သူ့မျက်ဝန်းနက်နက်ထဲတွင် ပျော်ရွှင်မှုတို့ ပြည့်နှက်နေတော့သည်။

ချီယွင်သည် မင်္ဂလာဝေါယာဥ်နှင့်အတူ ရှေ့သို့လျှောက်လှမ်းရင်း ရံဖန်ရံခါ လေသံတိုးတိုးဖြင့် စကားတစ်ခွန်း နှစ်ခွန်းလောက်ပြောတတ်သည်။ "သခင်မလေး ခဏလောက် သည်းခံလိုက်ပါအုံးနော်။ ခဏနေရင် ဒုတိယမင်းသား အိမ်ယာတော်ကို ရောက်တော့မှာပါ"

ရှင်းယန်ဝမ်အိမ်တော်နှင့် ဒုတိယမင်းသား၏ အိမ်တော်သည် အမှန်တကယ် မကွာဝေးလှဘဲ မြင်းကို အရှိန်နှင့်စီးနင်းပါက အလွန်ဆုံး နာရီဝက်ခန့်သာ ကြာမြင့်လေသည်။ လုမင်ယွိကလဲ အင်းဟု ခပ်တိုးတိုး ပြန်ဖြေလိုက်၏။

မင်္ဂလာဝေါယာဥ်ထဲတွင် ထိုင်နေရသဖြင့် မည်သူ့ကိုမှလဲ မမြင်နိုင်ချေ။ ပင်ပန်းလာလျှင် ခြေလက်များ အနည်းငယ် လှုပ်ရှားလိုက်လျှင်လည်း အရေးမကြီးလှပေ။

နေဝင်ဆည်းဆာချိန်သို့ ရောက်လုနီးစအချိန်တွင်တော့ သတို့သမီး ကြိုဆိုသည့်အဖွဲ့သည် နောက်ဆုံးတော့ ဒုတိယမင်းသား အိမ်တော်သို့ ရောက်ရှိလာခဲ့လေတော့သည်။

...

အပိုင်း (၁၅၃) မင်္ဂလာဦး ကန်တော့ခြင်း

ဒုတိယမင်းသား အိမ်တော်တံခါးမကြီးကို ကျယ်ဝန်းစွာ ဖွင့်လှစ်ထားလေသည်။

ဟွေ့အန်းကုန်းကျူသည် အကြီးဆုံးဖြစ်ပြီး ဒုတိယမင်းသား၏ အမေတစ်ယောက်တည်းက ဖွားမြင်သည့် အစ်မအရင်း တော်စပ်သူဖြစ်သဖြင့် ယနေ့တွင် အားလုံး၏ရှေ့၌ တာဝန်ယူကာ ရပ်နေလေသည်။

ဝူဖုမာကတော့ ဟွေ့အန်းကုန်းကျူ၏ ဘေးတွင်ရပ်ကာ ပြုံးလို့နေသည်။

ထို့နောက်တွင်တော့ တတိယမင်းသားလီဟောက်၊ ပဥ္စမမင်းသားလီချန်နှင့် ကျင့်အန်းကုန်းကျူတို့ ရှိကြသည်။ နီညိုရောင်မြင်းရတနာကို စီးနင်းလိုက်ပါလာကာ နွေဦးလေပြေကဲ့သို့ ကြည်လင်ရွှင်လန်းနေသည့် လီကျင့်၏ပုံရိပ် မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်နှင့် လီဟောက်၏ မျက်လုံးအစုံသည် စူးရှနာ ကျင်သွားလေတော့သည်။

ဝေါယာဥ်သည် ရပ်တန့်သွားပြီး မင်္ဂလာပွဲအစီအစဥ်ဆောင်ရွက်သူ အမျိုးသမီးက သတို့သမီးလောင်းကို ဝေါယာဥ်ပေါ်မှ တွဲကူကာ ခေါ်ဆောင်လာခဲ့လေသည်။

လီဟောက်သည် အဝေးတနေရာမှနေ၍ ရင်းနှီးနေပြီးသား လှပကျော့ရှင်းသည့် ကိုယ်ဟန်ကို ကြည့်နေမိရင်း မျက်စိရှေ့က အရာအားလုံးသည် ရုတ်တရက်ဝေဝါးသွားကာ အလင်းရောင် အရိပ်အယောင်များကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ လုမင်ယွိ၏ ပုံရိပ်တစ်ခုတည်းသာ ကျန်ရစ်နေတော့၏။

ရှောင်ယွိ မင်း နောက်ဆုံးတော့ လက်ထပ်သွားခဲ့ပြီ။ မင်းကို လက်ထပ်တဲ့သူက သူ မဟုတ်ခဲ့ဘူး။

လက်တစ်ဖက်သည် ရုတ်တရက် ဆန့်တန်းလိုက်ပြီး သူ့လက်မောင်းကို ဆွဲကိုင်ထားလိုက်၏။ သူ့ညီရင်းလီချန်က စိုးရိမ်တကြီး တိုးတိုးလေး မေးလာခဲ့လေသည်။ "စန်းကော ဘာဖြစ်တာလဲ။ မျက်နှာက ဘာလို့ အဲလောက်မကောင်းရတာလဲ"

တနှစ်တာ ကုန်ဆုံးလာခဲ့ပြီးနောက် လီချန်သည် ၁၁နှစ်အရွယ် ရောက်ရှိလာခဲ့ပြီး အရပ်အနည်းငယ် ပိုရှည်လာသည့်အပြင် ယခင်ကထက်လဲ အနည်းငယ် ပိုပြီးဝလာလေသည်။

လီဟောက်ကတော့ မှန်မကြည့်လျှင်ပင် သည်အခိုက်အတန့်တွင် သူ့မျက်နှာအခြေအနေက အလွန်တရာ ဆိုးဝါးနေမည်ကို သိရှိနေသည်။

ကံအားလျော်စွာ အားလုံး၏အာရုံက လီကျင့်နှင့် လုမင်ယွိတို့ထံတွင်သာ ရောက်နေသဖြင့် ဘယ်သူကမှ သူ့ကို လှမ်းမကြည့်လာကြချေ။

လီဟောက်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ပြင်းစွာသောနာကျင်မှုကို ဖိနှိပ်ထားလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြ င့်ပြောလိုက်၏။ "မနေ့ညတုန်းက ကောင်းကောင်းအိပ်မပျော်လို့ အအေးမိသွားတာ ဖြစ်မယ်"

လီချန်သည် ၃နှစ်အရွယ်ကလေး မဟုတ်တော့ချေ။ သူသည် တမင်ဖုံးကွယ်ထားဖို့ရန် အကောင်းဆုံးကြိုးစားနေသည့် အစ်ကိုဖြစ်သူကို လှမ်းကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် အကြံပြုလိုက်တော့၏။ "နောက်တစ်ခုက မင်္ဂလာကန်တော့ပွဲပဲ အစ်ကို နေလို့ထိုင်လို့ မကောင်းဘူးဆိုရင် အရင်ဆုံး သွားနားနေလိုက်ပါလား။ မင်္ဂလာပွဲစပြီဆိုမှ ပြန်ထွက်လာခဲ့လေ"

မင်္ဂလာမောင်နှံ ဦးချကန်တော့တဲ့မြင်ကွင်းကို မကြည့်တာပဲ ကောင်းပါတယ်။ လူအများရှေ့မှာ မျက်နှာပျက်စရာ မဖြစ်ရအောင်လို့ပေါ့။

လီဟောက်သည် ခဏလောက် နှုတ်ဆိတ်သွားပြီးမှ ပြောလိုက်လေသည်။ "မလိုပါဘူး။ ဒီနေ့က အာ့ကောရဲ့ မင်္ဂလာနေ့ပဲလေ။ ငါက ညီတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီးတော့ ရှောင်ပုန်းလို့ရမှာလဲ"

သူတို့တွေ ဘယ်လောက်ကြာကြာ ရှောင်တိမ်းနိုင်မှာမလို့လဲ။ သူကရော ဘယ်ကို သွားနိုင်မှာမလို့လဲ။

ဒီနေ့ပြီးသွားရင် လုမင်ယွိက သူ့ရဲ့ အာ့စောင်ဖြစ်သွားပြီ။ နောင်တချိန်တွေ့ဆုံရမဲ့ အခွင့်အရေးတွေ အများကြီးပဲ။ အကြိမ်တိုင်း ပုန်းရှောင်နေလို့ရမှာ မလို့လား။

ဟင့်အင်း။ သူ ဘယ်ကိုမှ မသွားဘူး။

သူ ခန်းမဆောင်ထဲကို ဝင်ရမယ်။ လုမင်ယွိနဲ့လီကျင့်တို့ ဦးချကန်တော့တာကို ကြည့်ရမယ်။ ဒီနေ့ သူ ခံစားရတဲ့နာကျင်မှု နှိပ်စက်မှုအားလုံးကို သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ထွင်းထုထားမယ်။ နောင်တချိန်ကျရင် တစ်ခုချင်းစီ ပြန်တောင်းယူဖို့ ချန်ထားရမယ်။

လီချန်သည် အနည်းငယ် ဖြူဆုတ်နေသည့် အစ်ကိုဖြစ်သူ၏ ချောမောလှပသည့်မျက်နှာကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ သူ့အစ်ကိုဖြစ်သူက ဘာများ စဥ်းစားနေသည်ကိုပင် သူအမှန်ပင် နားမလည်နိုင်တော့ချေ။ သူ့မှာလဲ မတတ်သာတော့ဘဲ လေသံတိုးတိုးဖြင့် ထပ်ပြီး နှစ်သိမ့်ရတော့သည်။ "အစ်ကို မကြည့်ချင်ရင်လည်း မကြည့်ပါနဲ့။ ဘာဖြစ်လို့ ကိုယ့်ဟာကို ဒီလောက်နှိပ်စက်နေတာလဲ"

လီဟောက်ကတော့ တိုတိုတုတ်တုတ်သာ ပြန်ဖြေလေသည်။ "ငါ ဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်"

လီချန်သည်လဲ နှုတ်ပိတ်နေရုံသာ တတ်နိုင်တော့သည်။

လူအများသည် မင်္ဂလာမောင်နှံကို ဝန်းရံကာ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာကြလေသည်။

လီဟောက်သည်လဲ အတူတူ လိုက်ပါသွားလေတော့၏။

လီချန်တစ်ယောက်မှာ မိမိ၏အစ်ကိုဖြစ်သူကို တားဆီးမရနိုင်သဖြင့် မြန်မြန်ပင် နောက်က လိုက်ပါသွားရတော့သည်။ စိတ်ထဲကနေတော့ ကြိတ်ပြီး တွေးတောနေမိတော့၏။ ခဏနေကျရင် စန်းကောရဲ့ဘေးမှာ ကပ်နေမှ ဖြစ်မယ်။ မတော်တဆ စန်းကောသာ မျက်နှာပျက်သွားခဲ့ရင် သူလဲ အစ်ကို့ကို အချိန်မှီတွဲကူပေးနိုင်တာပေါ့။

လီချန်သည် ထိုသို့တွေးတောနေခြင်းမှာ လီဟောက်ကို အထင်သေးရာ ကျလွန်းလေသည်။

နောက်ဆက်တွဲ မင်္ဂလာဦးကန်တော့ပွဲအတွင်းတွင် လီဟောက်သည် ပထမမင်းသား၊ စတုတ္ထမင်းသားနှင့်အတူ အကောင်းဆုံးနေရာတွင် ရပ်ကာ ငြိမ်ငြိမ်သက်သက်လေး ကြည့်ရှုနေခဲ့လေသည်။ အစမှအဆုံးအထိ အမှားအယွင်း တစ်စုံတစ်ရာမရှိခဲ့ချေ။

-

မယ်တော်ကြီးကျောက် ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့သည် နန်းတော်ထဲက ထွက်ခွာလာခြင်းမရှိချေ။ ယနေ့မင်္ဂလာကိစ္စကို ဦးစီးဦးဆောင်ပြုလုပ်သူမှာ ဓလေ့ထုံးတမ်းဝန်ကြီးဌာနက ဝန်ကြီးချုပ် ဖြစ်လေသည်။ သူသည် ဝူဖုမာ၏ဖခင်အရင်းဖြစ်ပြီး ဟွေ့အန်းကုန်းကျူး၏ ယောက္ခမတော်စပ်သူလဲ ဖြစ်သည်။

ဝူအမတ်ကြီးသည် အသက်၅၀အရွယ်ခန့် ရှိပြီဖြစ်ကာ ရုပ်ရည်မှာ ပညာတတ်ဆန်ပြီး ခံ့ညားထည်ဝါသောဟန်ပန် ရှိလေ၏။ သူသည် နှုတ်ကဖွင့်ဟကာ ပြုံးလျက် ပြောလိုက်လေသည်။ "ဒုတိယမင်းသားနဲ့ ဒုတိယမင်းသားကြင်ရာတော် နေရာယူပါ။ မင်္ဂလာဦးချကန်တော့ပွဲ စတင်ပါမယ်"

ပထမကောင်းကင်နှင့် မြေကြီးကို ဦးချ။ ဒုတိယ ဘိုးဘွားကို ဦးချ။ မိဘဘိုးဘွားများ နန်းတော်ထဲတွင် ရှိနေကြသဖြင့် နန်းတော်ရှိရာအရပ်သို့ မျက်နှာမူကာ ဦးချလိုက်ရုံသာ ဖြစ်လေသည်။

ဇနီးမောင်နှံ အပြန်အလှန် ဦးချကြသည့်အခါ လီကျင့်က အရိုအသေပြုသောအချိန်တွင် အထူးတလည် ပိုကြာမြင့်နေလေသည်။ ဘေးက ကြည့်ရှုနေကြသည့် တော်ဝင်မျိုးနွယ်များကလဲ ရယ်မောကာ စနောက်ကြလေတော့၏။ "ဒုတိယမင်းသား ဒီတစ်ခါ အရိုအသေပြုတာ ထကို မထချင်ဘူးနဲ့ တူတယ်"

"သတို့သမီးကို မင်္ဂလာခန်းထဲ မြန်မြန်ခေါ်သွားပါတော့။ အဲဒီ့မှာ ကြည့်ချင်သလောက် ကြည့်လို့ရပါပြီ"

လူအများ၏ ရယ်မောသံများကြားတွင် လီကျင့်သည် မျက်နှာကို တည်ငြိမ်စွာဖြင့် ထားလိုက်ကာ လက်နှစ်ဖက်ကိုယှက်ပြီး ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် မျက်ဝန်းထဲက အပြုံးရိပ်တစ်ခုက တခဏလေးမှပင် ရပ်တန့်မသွားခဲ့ချေ။

သူသည် မင်္ဂလာပိုးစကို ဆုပ်ကိုင်ထားပြီး သူ့ခြေလှမ်းများမှာ နှေးကွေးပြီး တည်ငြိမ်လွန်းလှ၏။

လီဟောက်၏ ဘေးနားသို့ ဖြတ်သွားချိန်တွင် သူသည် ရပ်လဲမရပ်လိုက်သလို ဂုဏ်ဖော်ထုတ်ခြင်းလဲမရှိချေ။ အလွန်တည်ငြိမ်စွာပင် ဒီအတိုင်း ဖြတ်လျှောက်သွားလေသည်။

လီဟောက်၏ မျက်ဝန်းအရောင်မှာ မည်းနက်သွားပြီး လီကျင့်၏ ပျော်ရွှင်နေ့သည့်မျက်နှာကို ကျော်ဖြတ်ကာ ပုဝါခြုံထားပြီး မည်သို့သော အမူအယာ ရှိနေသည်မသိနိုင်သည့် လုမင်ယွိကို လှမ်းကြည့်လိုက်လေသည်။

ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် အမူအယာမပျက် ကြည့်ရှုနေကြပြီး မျက်လုံးထဲတွင် ပွဲကောင်းကြည့်ရတော့မည့် အရိပ်အယောင်များ ဖြတ်ပြေးသွားတော့၏။

ညီအစ်ကိုများသည် အပေါ်ယံတွင် ချစ်ခင်ကြင်နာဟန် ရှိကြသော်ငြားလည်း နောက်ကွယ်တွင်တော့ တိတ်တဆိတ်အားပြိုင်ခြင်း အနိုင်လုခြင်းတို့က တခါမှ ရပ်တန့်ခဲ့ခြင်းမရှိပေ။ လီဟောက်နှင့် လီကျင့်တို့ကြားက ပြဿနာကို လူတိုင်းကသိရှိပြီးသားပင်။

ယနေ့တွင် လီကျင့်နှင့်လုမင်ယွိတို့သည် မင်္ဂလာဆောင်သည်ကို လီဟောက်က မျက်စိရှေ့မှောက်တွင် မြင်တွေ့ခဲ့ရသဖြင့် မည်သို့သော ခံစားချက်များ ရှိနေပါမည်နည်း။

သို့သော်ငြား လီဟောက်ကတော့ ခါတိုင်းလိုပင်ဖြစ်နေပြီး မားမားမတ်မတ် ရပ်လို့နေလေသည်။ ပွဲကြည့်ရန် စောင့်ဆိုင်းနေကြသည့် ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့မှာ အနည်းငယ် စိတ်ပျက်သွားကြလေတော့သည်။

စတုတ္ထမင်းသားကလဲ ပြုံးကာဖြင့် အကြံပြုလိုက်လေတော့၏။ "မင်္ဂလာဦးအခန်းထဲကို သွားပြီးတော့ သတို့သမီးကို တစ်ချက်လောက် သွားကြည့်ကြရအောင်"

ပထမမင်းသားကလဲ ပြုံးကာပြန်ဖြေလိုက်ပြီး လီဟောက်၏ ပုခုံးကို အားဖြင့် လှမ်းပုတ်လိုက်ကာ "စန်းတိ အတူတူ သွားကြမလား"

လီဟောက်က မငြင်းဆိုလိုက်ဘဲ ပြုံးကာသာ ခေါင်းညိမ့် သဘောတူလိုက်လေသည်။ လီချန်သည်လဲ ဘာမှမပြောဘဲ လီဟောက်နောက်မှနေ၍ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့တော့၏။ ဟွေ့အန်းကုန်းကျူနှင့် တခြားတော်ဝင်မိသားစုဝင်များကလဲ မင်္ဂလာဦးခန်းမထဲသို့ စုပြုံကာဝင်လာကြတော့သည်။

"အာ့ကော ပုဝါကို မြန်မြန်ဖယ်လိုက်ပါတော့။ ကျွန်တော်တို့ သတို့သမီးကို ကြည့်ခွင့်ပေးပါအုံး" စတုတ္ထမင်းသားကာ ပြုံးကာ အော်ဟစ် ပြောဆိုလိုက်လေသည်။ လီရှန်း၊ ကျောက်ရွေ့နှင့် တခြားလူငယ်များကလဲ စတင်ရယ်မောကြတော့သည်။

လီကျင့်ကတော့ ပြုံးကာသာ ပြန်ဖြေလိုက်၏။

သတို့သမီးလေးကတော့ ကုတင်စောင်းတွင် တည်ငြိမ်စွာ ထိုင်လို့နေလေသည်။

လီကျင့်သည် မင်္ဂလာပွဲအစီအစဥ်ဆောင်ရွက်သူ အမျိုးသမီး၏ လက်ထဲက မင်္ဂလာတုတ်တံကို ယူလိုက်ပြီး အနီရောင်ပုဝါလေးကို ညင်သာစွာ ဖယ်ရှားလိုက်လေတော့သည်။

အနီရောင်ပုဝါလေးသည် မြန်မြန်ဆန်ဆန်ပင် လျှောကျသွားပြီး မျက်နှာလှလှလေးတစ်ခုက ပေါ်ထွက်လာတော့၏။

အားလုံးမှာ အခိုက်အတန့် မှင်သက်အံ့သြသွားကြတော့သည်။

မင်္ဂလာဦးအခန်းထဲတွင် စုရုံးရောက်ရှိနေကြသူများထဲတွင် ထက်ဝက်ကျော်သည် လုမင်ယွိကို မြင်ဖူးကြပြီး သူမ၏ ရုပ်ရည်အလှအပနှင့် မစိမ်းကြပေ။

ဒီနေ့တွင် လုမင်ယွိသည် အနီရောင်တောက်တောက် လက်ရာမြောက်လှသည့် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသည့်မျက်ခုံးနှင့် တောက်ပသည့်မျက်လုံးများ ပိုင်ဆိုင်ထားလေသည်။ သည်အလှတရားသည် အားလုံးကို လွှမ်းမိုးလုနီးပါး ဖြစ်သွားကာ လူတိုင်း၏ နှလုံးခုန်သံနှင့် အသက်ရှူသံများကို လုယူသွားတော့၏။

လီကျင့်၏ အသက်ရှူသံမှာလဲ အခိုက်အတန့်ရပ်တန့်သွားပြီး သူ၏ မျက်ဝန်းနက်နက်ထဲတွင် ရုတ်တရက် အလင်းရောင်တစ်ခု ကွဲထွက်လာတော့သည်။

လုမင်ယွိနှင့် လီကျင့်တို့သည် အကြည့်ချင်း ဆုံလိုက်ကြပြီး မျက်ဝန်းများကို အောက်ချထားလိုက်တော့သည်။

သတို့သမီးလောင်းဆိုတာ ရှက်ရွံ့ဟန်ပြရမှာပေါ့လေ။

ဒီအခိုက်အတန့်သို့ရောက်မှသာ လူအများသည်လဲ သက်ပြင်းတစ်ချက် ချနိုင်ကြတော့၏။

"အာ့စောင်က ဒီနေ့ တကယ်လှတာပဲ" စတုတ္ထမင်းသားက ပြုံးကာ ချီးကျူးစကား ပြောလိုက်သည်။

ဒီလောက်လှတဲ့သူမို့လဲ အာ့ကောနဲ့စန်းကောတို့ ပြိုင်ရင်းလုရင်း ရန်ဖြစ်ကြတာ မဆန်းတော့ပါဘူး။

ပထမမင်းသားကလဲ ပြုံးကာ ချီးကျူးစကား ပြောလေတော့သည်။ "အရင်ကလဲ အာ့တိရဲ့ ဇနီးလောင်းကို မြင်ဖူးပါတယ်။ ဒီနေ့ တစ်ခေါက် ထပ်မြင်ရတော့ တကယ့်ကို တိုင်းပြည်ပါ သိမ်းပိုက်နိုင်လောက်အောင် လှပတာပဲ"

ကျောက်ရွေ့သည်လဲ မျက်တောင်ပင် မခပ်ဝံ့အောင်ပင်။ ဒီညကို အခွင့်ကောင်းယူပြီး ကြည့်နိုင်သလောက် ကြည့်ထားရမှာပဲ။ နောင်တစ်ချိန်မှာ လုမင်ယွိက ဒုတိယမင်းသားကြင်ရာတော်ဖြစ်လာရင် သူကလဲ အာ့စောင်လို့ ခေါ်ရတော့မှာ။

လီဟောက်သည် ကုတင်စောင်းတွင် ထိုင်နေသည့် အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးကို တည်ငြိမ်စွာ စိုက်ကြည့်နေမိပြီး နှလုံးသားတစ်ခုလုံးမှာ ချွန်မြလှသည့် ဓားတစ်လက်ဖြင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ အေးစက်စက် လေပြင်းများက အတွင်းသို့ တရစပ် တိုးဝင်လာပြီး ကလီစာအားလုံး အေးခဲသွားလေတော့သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ လုမင်ယွိကတော့ အစမှအဆုံးထိ သူ့ကို တစ်ချက်လေးမှပင် မော့မကြည့်ချေ။

အားလုံးက လုမင်ယွိကို ငေးကြည့်နေကြသည်ကို မြင်လိုက်သည်တွင် လီကျင့်မှာ စိတ်ထဲတွင် မကျေမနပ် ဖြစ်လာတော့သည်။ သူက ချောင်းဟန့်ကာ ရယ်မောပြီး ပြောလိုက်တော့၏။ "မင်္ဂလာပွဲစတော့မှာ အရင်ဆုံးသွားထိုင်ပြီး သေရည်သောက်ကြရအောင်"

ပထမမင်းသားကလဲ အတွေ့အကြုံရှိသူပီပီ ပြုံးကာ စနောက်လေတော့သည်။ "မင်းရဲ့ ကပ်စီးနဲနေတဲ့ပုံစံကို ကြည့်ပါအုံး။ ငါတို့က နည်းနည်းလေး ပိုကြည့်တာတောင် မကြိုက်ဘူးလား"

နည်းနည်းလေး ပိုကြည့်စရာ လိုလို့လား။

ကျောက်ရွေ့ကတော့ ဆက်တိုက်ဆိုသလို ဆက်ကြည့်နေပြီး လီဟောက်သည်လဲ အကြည့်ကမခွာစတမ်းပင်။

လီကျင့်သည် ထိုအချင်းအရာများကို ဂရုမစိုက်တော့ဘဲ နှုတ်ကဖွင့်ကာ ဧည့်သည်များကို နှင်ထုတ်လေတော့သည်။ လူအများကလဲ ရယ်မောကာ မင်္ဂလာခန်းမှ ထွက်ခွာသွားမှသာ လုမင်ယွိဘက်သို့လှည့်ကာ ပြုံးပြီးပြောလာတော့၏။ "ခဏနေကျရင် ကို တစ်ယောက်ယောက်ကို အစားအသောက်တွေ လာပို့ခိုင်းလိုက်မယ်။ မင်အရင်ဆုံး တစ်ခုခုကို အဆာပြေစားထားလိုက်နော်"

စကားမဆုံးသေးခင်မှာပင် စတုတ္ထမင်းသားက သူ့ကို ဆွဲခေါ်သွားလေတော့သည်။

...

All Chapters