← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အပိုင်း (၁၅၄) ဇနီးမောင်နှံ (၁)

နောက်ဆုံးတွင် အားလုံး ထွက်ခွာသွားကြပြီ ဖြစ်၏။ မင်္ဂလာခန်းဆောင်သစ်ထဲတွင် နောက်ဆုံးတွင် ငြိမ်သက်တိတ်ဆိတ်ခြင်းသို့ ရောက်ရှိသွားလေသည်။

မူလက မင်္ဂလာခန်းဆောင်သစ်ထဲတွင် အမှုထမ်းနေကြသည့် မင်္ဂလာပွဲကူရသော အမျိုးသမီးနှင့် ဒုတိယမင်းသားအိမ်တော်မှ အစေခံမလေး အနည်းငယ်တို့သည်လည်း အလိုက်တသိပင် အပြင်သို့ ဆုတ်ခွာထွက်သွားကြလေသည်။

လုမင်ယွိသည် တိတ်တဆိတ် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိ၏။

သူမ၏ အနားတွင် အမြဲတစေ စောင့်ဆိုင်းနေသော ချီယွင်သည် လက်ခြေများကို အနည်းငယ် လှုပ်ရှားလိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြုံးလျက် ပြောလိုက်လေသည်။ “သခင်မလေး တစ်နေ့လုံး ထိုင်နေရတာ တော်တော် ပင်ပန်းနေရောပေါ့။ အခု ဘေးနားမှာ ဘယ်သူမှ မရှိတုန်း သခင်မလေး လက်တွေ ခြေထောက်တွေ နည်းနည်း လှုပ်ရှားလိုက်ပါဦး”

သတို့သမီးသစ်သည် သာမန်ကာလျှံကာ နေရာရွှေ့လို့ မဖြစ်သော်လည်း ထရန် အဆင်မပြေသည့်အတွက် ကုတင်စွန်းတွင် ထိုင်ရင်း အနည်းငယ် လှုပ်ရှားလိုက်ခြင်းကတော့ အနှောင့်အယှက် မဖြစ်ပေ။

လုမင်ယွိသည် 'အင်း' ဟု အသံတစ်ချက် ပြုလိုက်သည်။

အချိန်အကြာကြီး ထိုင်နေခဲ့ရသဖြင့် သူမ၏ ခါးနှင့် ကျောပြင်တို့သည် အမှန်တကယ်ပင် အနည်းငယ် တောင့်တင်းနေလေသည်။ သည်အချိန်တွင် လှုပ်ရှားဖြေလျှော့လိုက်သောအခါ များစွာ သက်သောင့်သက်သာ ဖြစ်သွားလေ၏။

ကြီးမားကျယ်ဝန်းလှသော မင်္ဂလာခန်းဆောင်သစ်ထဲတွင် လုမင်ယွိတို့ သခင်နှင့် အစေခံ နှစ်ဦးတည်းသာ ရှိနေသည်။ တစ်နေ့လုံး စကားမပြောခဲ့ရသော ချီယွင်သည် တိတ်တိတ်လေး ပြုံးလိုက်ပြီး “သခင်မလေး အရင်တုန်းက နေခဲ့တဲ့ အိပ်ဆောင်တောင် တော်တော် ကျယ်နေပြီ၊ ဒီမင်္ဂလာခန်းဆောင်သစ်က သခင်မလေးရဲ့ အိပ်ဆောင်ထက်တောင် အများကြီး ပိုကျယ်သေးတယ်နော်”

လုမင်ယွိ၏ မျက်ဝန်းများက ဝေ့ဝဲကြည့်ရှုလိုက်သည်။ မင်္ဂလာခန်းဆောင်သစ်သည် ကျယ်ဝန်းရုံမျှသာမက အပြင်အဆင်များသည်လည်း ပိုလို့ပင် လှပတင့်တယ်လှ၏။

လုမင်ယွိသည် ဘဝဟောင်းက မင်းသား ကြင်ရာတော် ဖြစ်ခဲ့ဖူးပြီး ဧကရီဘုရင်မ အဖြစ်လည်း နှစ်အနည်းငယ် နေထိုင်ခဲ့ဖူးရာ သူမ မြင်တွေ့ သုံးစွဲခဲ့သမျှ အရာဝတ္ထုတိုင်းသည် အကောင်းတကာ့ အကောင်းဆုံးများသာ ဖြစ်ကြသည်။ 'ငါ့လို မျက်စိမျိုးနဲ့ ကြည့်တာတောင်မှ၊ ဒီမင်္ဂလာခန်းဆောင်က တကယ်ကို ဂရုတစိုက် ပြင်ဆင်ထားမှန်း သိသာတယ်။'

မျက်စိတဆုံး မြင်တွေ့ရသည့် နေရာတိုင်းသည် မင်္ဂလာရှိသော အနီရောင်များဖြင့် ပြည့်နှက်နေသည်။ ထူထဲလှသော နီရောင်ဖယောင်းတိုင်ကြီး တစ်စုံသည် မီးတောက်များဖြင့် တောက်လောင်လျက်ရှိပြီး မင်္ဂလာခန်းဆောင်သစ်ကို လင်းထိန်နေစေ၏။

သည်နေရာသည် နောင်အနာဂတ်တွင် သူမ နေထိုင်ရမည့် နေရာပင် ဖြစ်တော့သည်။ လုမင်ယွိသည် စိတ်ထဲတွင် ထိုစကားကို အကြိမ်များစွာ တိတ်တဆိတ် ရေရွတ်လိုက်မိ၏။ ထို့နောက် ချီယွင်ကို လေသံတိုးတိုးဖြင့် မှာကြားလိုက်လေသည်။ “ဒီနေ့ ငါနဲ့အတူ လိုက်လာတဲ့ ကိုယ်ရံတော် စစ်သားတွေ၊ ပြီးတော့ အစေခံမလေးတွေနဲ့ အိမ်တော်ထိန်းမားမားတွေကို သေသေချာချာ နေရာချထားပေးရမယ်။ နင် အပြင်ထွက်ကြည့်လိုက်ဦး။ သေချာ မေးမြန်းပြီးရင် ငါ့ကို ပြန်လာ သတင်းပို့”

ချီယွင်သည် 'ဟုတ်ကဲ့' ဟု ဖြေကြားလိုက်ပြီး အပြင်သို့ ထွက်သွားတော့သည်။

ခဏအကြာတွင် အသက် ၂၀ဝန်းကျင် ချောမောလှပသော မျက်နှာသွင်ပြင်နှင့် ရိုကျိုးသော အမူအရာရှိသည့် နန်းတွင်းအစေခံမလေး တစ်ဦး ဝင်လာလေသည်။ “ကျွန်တော်မျိုးမ 'ချွေ့ရုံ' ပါ၊ ကြင်ရာတော်မယ်မယ် (ကြင်ရာတော်မင်းသမီး)ကို ဂါရဝပြုပါတယ်”

'ချွေ့ရုံ' သည် လီကျင့်၏ အနားတွင် အနီးကပ်အမှုထမ်းရသော နန်းတွင်းအစေခံမလေးများ၏ ခေါင်းဆောင်ပင် ဖြစ်လေသည်။

လုမင်ယွိက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။ “ထပါ”

လုမင်ယွိသည် မကောင်းသတင်းဖြင့် နာမည်ကြီးသူဖြစ်ရာ ချွေ့ရုံသည် နန်းတော်ထဲတွင် ရှိစဉ်ကတည်းက မကြာခဏ ကြားသိခဲ့ရဖူးသည်။ အခုတော့ ဒုတိယမင်းသား ကြင်ရာတော် ဖြစ်လာပြီဆိုတော့ အရင်က ရိုသေတာထက် 'ပိုပြီး' ဆိုတဲ့ စကားလုံးတစ်လုံး ထပ်ထည့်ရတော့မှာပဲ။

ချွေ့ရုံသည် သခင်မ၏ ကျေးဇူးတင်စကားကို လက်ခံပြီးနောက် ရိုသေစွာ လျှောက်တင်လိုက်လေသည်။ “အရှင်မင်းသားက ကြိုတင် မှာကြားထားပြီးသားပါ၊ စားဖိုဆောင်က အထူးတလည် လုပ်ထားတဲ့ အရသာရှိပြီး သိမ်မွေ့တဲ့ ဟင်းလျာလေးတွေ ရှိပါတယ်။ ကြင်ရာတော်မယ်မယ် ဖြည်းဖြည်းချင်း သုံးဆောင်တော်မူပါ”

ထိုသို့ ပြောဆိုရင်း နန်းတွင်းအစေခံမလေး နှစ်ဦးသည် စားစရာသေတ္တာများကို ကိုင်ကာ ဝင်ရောက်လာကြသည်။ စားစရာသေတ္တာထဲမှ ဟင်းလျာများကို တစ်မျိုးချင်းစီ စားပွဲဝိုင်းငယ်လေးပေါ်တွင် တင်လိုက်ကြလေသည်။ ဟင်းလျာ အရေအတွက်မှာ များများစားစား မဟုတ်လှပေ။ ပေါ့ပေါ့ပါးပါး သက်သတ်လွတ် ဟင်းလျာ ၄ မျိုး၊ ချိုချဉ်နံရိုးပေါင်းနှင့် ငါးပေါင်းတို့ ပါဝင်သည်။ ထို့အပြင် ဆန်ပြုတ် ပန်းကန်လုံးကြီး တစ်လုံးနှင့် မုန့်ပဲသွားရည်စာ အနည်းငယ်လည်း ရှိနေသည်။

ထမင်းဟင်းတို့၏ မွှေးရနံ့များက နှာဖျားဝသို့ လာရောက်သင်းပျံ့လိုက်သည်နှင့် လုမင်ယွိသည် ချက်ချင်းပင် ဆာလောင်မွတ်သိပ်လာသည်ကို ခံစားလိုက်ရသည်။ သူမသည် ချွေ့ရုံကို တစ်ချက် ကြည့်လိုက်ပြီး “ငါ ထမင်းစားတဲ့အချိန် လူ အနားမှာ စောင့်နေစရာ မလိုဘူး။ မင်း အရင် အပြင်ထွက်ပြီး စောင့်နေလိုက်”

ချွေ့ရုံသည် ရိုသေစွာ 'ဟုတ်ကဲ့' ဟု ဖြေကြားပြီး ဆုတ်ခွာထွက်သွားသည်။ နန်းတွင်းအစေခံမလေး နှစ်ဦးသည်လည်း အတူတကွ ဆုတ်ခွာထွက်သွားကြသည်။

သူတို့ သုံးဦးသည် တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော်လည်း အနီးကပ် စောင့်ရဲခြင်း မရှိဘဲ မီတာ အနည်းငယ်မျှ တမင်တကာ ခွာနေလိုက်ကြသည်။ ထို့နောက်မှ တီးတိုး စကားဆိုကြလေသည်။ “အစ်မချွေ့ရုံ၊ ကျွန်မက ကြင်ရာတော်မယ်မယ်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ၊ ကျွန်မ ထင်ထားတာထက်တောင် အများကြီး ပိုလှသေးတယ်”

“လှတာတစ်ခုတည်းတင် မဟုတ်ဘူး၊ သူ့ရဲ့ အရှိန်အဝါကလည်း ကြောက်စရာကြီးပဲ။ သူ ခုနက ကျွန်မကို ဒီတိုင်းလေးပဲ ဖျတ်ခနဲ ကြည့်လိုက်တာ၊ ဘာကြောင့်မှန်း မသိဘူး၊ ကျွန်မ ခြေထောက်တွေ ပျော့ခွေသွားပြီး အဲဒီနေရာမှာတင် ဒူးထောက်လိုက်ချင်စိတ် ပေါက်သွားတယ်”

“ကြားရတာတော့ ကြင်ရာတော်မယ်မယ်က မယုံနိုင်စရာ ခွန်အားတွေရှိပြီး သိုင်းပညာကလည်း ကမ္ဘာပေါ်မှာ ပြိုင်စံရှားတဲ့။ ငါတို့ အရှင်မင်းသားတောင် သူ့ပြိုင်ဘက် မဟုတ်ဘူးတဲ့”

ချွေ့ရုံသည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး အသံကို နှိမ့်၍ ပြောလိုက်လေသည်။ “အရှင်မင်းသားက ကြင်ရာတော်မယ်မယ်အပေါ် ဘယ်လောက် အလေးထားလဲဆိုတာ မင်းတို့လည်း သိသားပဲ။ နောင်ကျရင် သခင်ကို အမှုထမ်းတဲ့အခါ ပေါ့ဆလို့ မဖြစ်ဘူးနော်”

နန်းတွင်းအစေခံမလေး နှစ်ဦးသည် 'ဟုတ်ကဲ့၊ ဟုတ်ကဲ့' ဟု အကြိမ်ကြိမ် ဖြေကြားလိုက်ကြသည်။

သူတို့က အရူးတွေမှ မဟုတ်တာ။ အရှင်မင်းသားက ဒုတိယမင်းသား ကြင်ရာတော်ကို ဘယ်လောက် ဂရုစိုက်လဲ ဆိုတာကို ထားလိုက်ဦး။ ဒုတိယမင်းသား ကြင်ရာတော်ရဲ့ ဟိန်းထွက်တဲ့ အရှိန်အဝါကို ကြည့်ရုံနဲ့တင် သူတို့က သွားမစရဲပါဘူး။

အမွှေးတိုင် တစ်တိုင်ခန့် အချိန် ကြာသောအခါ ချီယွင်သည် ပြန်လည် ရောက်ရှိလာလေသည်။ “ကျွန်မ သွားကြည့်ပြီးပါပြီ။ မင်းသားအိမ်တော်မှာ အစကတည်းက ပြင်ဆင်ထားပြီးသားပဲ။ သူတို့အားလုံးကို နေစရာ နေရာချထားပေးပြီး ညစာလည်း စားပြီးပါပြီ”

လုမင်ယွိက မသိမသာ ခေါင်းညိတ်ပြပြီး ပြုံးကာ ပြောလိုက်လေသည်။ “ထမင်းဟင်းတွေက မအေးသေးဘူး။ နင်လည်း မြန်မြန်ထိုင်ပြီး နည်းနည်း စားလိုက်ဦး။ အဆာခံမနေနဲ့”

သခင်နှင့် အစေခံ နှစ်ဦးတို့သည် သီးသန့်ရှိနေချိန်တွင် စည်းကမ်း များများစားစား မရှိလှပေ။ ချီယွင်သည် ငြင်းဆန်ခြင်း မပြုဘဲ ပြုံးကာ သဘောတူလိုက်သည်။ ကျန်ရှိသော ထမင်းဟင်းများကို ပြောင်စင်သွားသည်အထိ စားသုံးလိုက်သည်။ ထို့နောက်မှ လူကိုခေါ်ကာ လာရောက် ရှင်းလင်းခိုင်းလိုက်လေသည်။

နန်းတွင်းအစေခံမလေးများ ဝင်ရောက်လာသည့် အချိန်တွင် လုမင်ယွိသည် ကုတင်စွန်းတွင် ပြန်လည် ထိုင်နေခဲ့ပြီး ဖြစ်သည်။ သူမ၏ လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် ယှက်တင်ထားလျက် သတို့သမီးသစ် တစ်ဦး၏ တည်ငြိမ်သော ဟန်ပန်ကို ဆောင်ထားလေသည်။

စားသောက်ပြီး ဝလင်သွားပြီးနောက် နောက်ဆက်တွဲ လုပ်ဆောင်ရန်မှာ မင်္ဂလာသတို့သားလောင်း မင်္ဂလာခန်းဆောင်သစ်သို့ ပြန်လာမည်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။

မည်မျှ ကြာအောင် စောင့်ဆိုင်းလိုက်ရသည် မသိ။ လုမင်ယွိသည် တဖြည်းဖြည်း အိပ်ချင်စိတ်များ ဖြစ်ပေါ်လာပြီး တည်ငြိမ်စွာ ထိုင်နေသော အနေအထားအတိုင်းပင် မျက်လုံးများကို တိတ်တဆိတ် မှိတ်ထားလိုက်သည်...။

ချီယွင်သည်လည်း သမ်းဝေလိုက်ပြီး မျက်လုံးများကို အနည်းငယ် မှေးစင်းထားလိုက်သည်။

သခင်နှင့် အစေခံ နှစ်ဦး၊ တစ်ဦးက ရပ်လျက်၊ တစ်ဦးက ထိုင်လျက်ပင် နှစ်ဦးစလုံး အိပ်မောကျသွားခဲ့ကြသည်။

ရှောင်ယွမ် ကုန်းကုန်း ၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာပြီး သခင်နှင့် အစေခံ နှစ်ဦးလုံးကို တစ်ပြိုင်နက် လန့်နိုးသွားတော့၏။ “အရှင်မင်းသား မူးနေပြီ။ မင်းတို့နှစ်ယောက် သေသေချာချာ ထိန်းကြ။ အား... ကျွန်တော် လာထိန်းမယ်”

လုမင်ယွိသည် ခဏလောက် မှေးစက်လိုက်ရသဖြင့် သည်အချိန်တွင် မျက်လုံး ဖွင့်လိုက်သည်နှင့် မြန်မြန်ဆန်ဆန်ပင် ကြည်လင်သွားတော့သည်။

ချီယွင်က မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မျက်နှာကို ပုတ်ကာ ကိုယ့်ဟာကို လန်းသွားအောင် လုပ်လိုက်ပြီး တံခါး သွားဖွင့်ပေးလိုက်လေသည်။

ရှောင်ယွမ်နှင့် နောက်ကုန်းကုန်း တစ်ယောက်သည် သေရည်မူးပြီး လူမှန်းသူမှန်း မသိတော့သည့် လီကျင့်ကို တွဲကာ ဝင်လာကြလေသည်။ ရှောင်ယွမ်က ယစ်မူးနေသော သခင်ကို ထိန်းရင်း တစ်ဖက်ကလည်း ပြုံးရယ်လျက် ရှင်းပြရသေးသည်။ “ကြင်ရာတော်မယ်မယ်၊ အရှင်မင်းသားက သောက်ပွဲမှာ သေရည်တွေ အများကြီး အတိုက်ခံလိုက်ရလို့ နေရာမှာတင် မူးသွားတာပါ။ ကျွန်တော်မျိုးလည်း ဘာမှ လုပ်လို့မရတော့တာနဲ့ သခင်ကို ထူပြီး ပြန်ခေါ်လာခဲ့ရတာ”

လီကျင့်ရဲ့ သောက်နိုင်တဲ့ စွမ်းရည်က တကယ်ကို ဆိုးတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလဲ လုအိမ်တော်မှာ မူးသွားပြီး တစ်နေ့တစ်ဝက်လုံး အိပ်ခဲ့ရတာ။ ဒီည သောက်တဲ့ သေရည်က အရင်တစ်ခေါက်ထက် အများကြီး ပိုများတယ်။ အခု တစ်ကိုယ်လုံး သေရည်နံ့တွေနဲ့။ ချောမောတဲ့ မျက်နှာကလဲ နီရဲနေပြီး တစ်ကိုယ်လုံး သေရည်နံ့တွေချည်းပဲ။ ဒီပုံစံနဲ့ မင်္ဂလာဦးည နေဖို့ နေနေသာသာ ကုတင်က ဘယ်မှာ ရှိမှန်းတောင် သိမှာ မဟုတ်ဘူး။

ရှောင်ယွမ်သည် အိမ်တော်သို့ အသစ်ရောက်ရှိလာသော ကြင်ရာတော်မယ်မယ် စိတ်ဆိုးမှာကို အလွန် စိုးရိမ်နေမိသည်။ မထင်မှတ်ဘဲ တော်တော်လေး စိတ်ထားကောင်းသည်ဟု မဆိုနိုင်သော ကြင်ရာတော်မယ်မယ်သည် စိတ်ဆိုးခြင်း မရှိဘဲ တစ်ချက် လှမ်းကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။ “ကုတင်ပေါ်ကို တွဲတင်လိုက်။ စားဖိုဆောင်ကို အမူးပြေဟင်းရည် တစ်ပန်းကန် ပို့ခိုင်းလိုက်”

ရှောင်ယွမ်သည် သက်ပြင်းချလိုက်ပြီး အလျင်အမြန် ပြုံးရယ်လျက် 'ဟုတ်ကဲ့' ဟု ဖြေကြားလိုက်သည်။

လုမင်ယွိသည် ထရပ်လိုက်လေသည်။ ကုန်းကုန်းများသည် သခင်ကို ကုတင်ပေါ်သို့ ရွှေ့ပြောင်းပေးနေကြသည်။ ထိုသို့ လုပ်ဆောင်ရာတွင် အလွန် သတိထားနေရသဖြင့် လှုပ်ရှားမှုများမှာ မလွဲသာဘဲ နှေးကွေးနေတော့သည်။ လုမင်ယွိသည် အနည်းငယ် စိတ်မရှည် ဖြစ်လာပြီး ရှေ့သို့ တိုးလာကာ ပြောလိုက်လေသည်။ “မင်းတို့ အားလုံး ဖယ်ကြ”

ကုန်းကုန်းများသည် မနာခံဘဲ မနေရဲသဖြင့် လက်များကို လွှတ်လိုက်ရုံသာ တတ်နိုင်ကြတော့သည်။ ထို့နောက် သူတို့ မျက်စိရှေ့တွင်ပင် ကြင်ရာတော်မယ်မယ်သည် လွယ်ကူပေါ့ပါးစွာ လက်လွှဲယူလိုက်ပြီး ဒုတိယမင်းသား လီကျင့်ကို ကုတင်၏ အတွင်းဘက်သို့ ရွှေ့ပြောင်းပေးလိုက်သည်ကို တွေ့မြင်လိုက်ကြရသည်။

ရှောင်ယွမ်: “...”

ရုတ်တရက်ကြီး အားအင်မရှိတဲ့ ကိုယ့်ကိုယ်ကိုယ် သနားသွားမိပြီ။

မကြာမီ စားဖိုဆောင်မှ အမူးပြေဟင်းရည်ကို ပို့ဆောင်လာခဲ့သည်။

ရှောင်ယွမ်သည် မူးပြီး နိုးမလာသေးသော လီကျင့်ကို ကြည့်ရင်း အနည်းငယ် စိတ်ပူသွားတော့သည်။ “အရှင်မင်းသားက ဒီလောက်တောင် မူးနေတာ။ အမူးပြေဟင်းရည်ကို ဘယ်လို တိုက်ရပါ့မလဲ”

လုမင်ယွိက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မင်းတို့ အားလုံး ပြန်ကြတော့။ ညသန်းခေါင် အရှင်မင်းသား နိုးလာတဲ့အခါမှ ထပ်သောက်လိုက်ရုံပဲ”

မည်သို့ပင်ဖြစ်စေ လူကို ကုတင်ပေါ်သို့ ပို့ဆောင်ပြီးစီးခဲ့ပြီ ဖြစ်၏။ သူတို့ ဆက်ရှိနေလျှင်လည်း မျက်စိနောက်စရာ ဖြစ်နေရုံသာ။ ကုန်းကုန်း နှစ်ဦးသည် အတူတကွ အရိုအသေပြုပြီး နှုတ်ဆက် ထွက်ခွာသွားကြလေသည်။ ချီယွင်သည်လည်း တိတ်တဆိတ် ဆုတ်ခွာ ထွက်သွားခဲ့သည်။

ဖယောင်းတိုင်မီးသည် တဖျပ်ဖျပ် တောက်လောင်နေပြီး နွေးထွေးသော အနီရောင် အလင်းတန်းများက ငြိမ်သက်စွာ ဖြာကျလျက် ရှိ၏။ အနီရောင် အိပ်ရာခင်းကြီးပေါ်မှ လူငယ်လေးသည် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ခါးမှာ သွယ်လျပြီး ခြေတံများမှာ ဖြောင့်စင်း ရှည်လျားလှသည်။ ချောမောလှပသော မျက်နှာပြင်ထက်တွင် နီရဲသော အရောင်အသွေးများဖြင့် ပြည့်နှက်နေလေသည်။

ကြည့်ရတာ... တော်တော်လေး... အရသာရှိမဲ့ပုံပဲ။

ငါးသေတစ်ကောင်လို မူးနေတာတော့ နှမြောစရာပဲ။ ဒီညတော့ စားလို့မရတော့ဘူး။

လုမင်ယွိသည် နှုတ်ခမ်းများကို တင်းတင်း စေ့ထားလိုက်ပြီး အရင်ဆုံး အနီရောင် မင်္ဂလာဝတ်စုံကို ချွတ်လိုက်ကာ ရွှေရောင် ဆံထိုးများနှင့် ဆံထုံးများကို ဖြုတ်ချလိုက်သည်တွင် ရှည်လျားနက်မှောင်သည့် ဆံနွယ်များသည် ပခုံးထက်သို့ ပိုးသားလေးလို ဖြာကျလာသည်။ ထို့နောက် သူမသည် ကုတင်၏ အပြင်ဘက်အခြမ်းတွင် လှဲလျောင်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ အိပ်စက်လိုက်တော့သည်။

မင်္ဂလာဦးည အထမြောက်အောင် လုပ်စရာမလိုဘူးဆိုတော့ အရင်ဆုံး အိပ်လိုက်တာပဲ ကောင်းပါတယ်။

...

အပိုင်း (၁၅၅) ဇနီးမောင်နှံ (၂)

စိမ်းသက်သက် ပတ်ဝန်းကျင်သစ်သို့ ရောက်ရှိနေပြီး မိမိ၏ အနားတွင်တော့ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည့်အပြင် ယစ်မူးကာ နိုးမလာသေးသော မင်္ဂလာသတို့သားလောင်း ရှိနေလေသည်။ လုမင်ယွိသည် မိမိကိုယ်မိမိ လူးလွန့်ကာ အိပ်မပျော်နိုင် ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မထင်မှတ်ဘဲ မျက်လုံးများကို မှိတ်လိုက်သည်နှင့် လျင်မြန်စွာ အိပ်မောကျသွားလေသည်။

သို့ရာတွင် သူမသည် အိပ်မောကျနေစဉ်မှာပင် သိုင်းပညာရှင်တစ်ဦး၏ နိုးကြားမှုကို ပိုင်ဆိုင်ထားဆဲ။

ညည်းညူသံတစ်ချက် နားထဲသို့ ဝင်ရောက်လာသည်နှင့် လုမင်ယွိသည် ချက်ချင်း မျက်လုံးများ ဖွင့်ကြည့်လိုက်ပြီး သူမ၏ဘေးက မင်္ဂလာသတို့သားလောင်းကို လှမ်းကြည့်လိုက်မိသည်။

အချိန်သည် ည ၃ ချက်တီး အချိန်ကို ကျော်သွားလောက်ပြီဖြစ်ကာ နီရောင်ဖယောင်းတိုင်ကြီးများသည် တစ်ဝက်ခန့် လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။

လီကျင့်သည် အပြင်းအထန် ခေါင်းကိုက်နေဟန်တူ၏။ လက်ဖြင့် သူ့နဖူးကို ဖိကပ်ထားကာ ချောမောသော မျက်နှာသည် အနည်းငယ် ရှုံ့မဲ့သွားလေသည်။ မျက်လုံးများက မှိတ်ထားဆဲဖြစ်ပြီး ပါးစပ်မှ တိုးညှင်းညှင်း နာကျင် ညည်းသံများ ထွက်ပေါ်နေ၏။

ခံလေ။

ကိုယ့်သောက်နိုင်တဲ့ ပမာဏက မကောင်းမှန်း သိသိကြီးနဲ့ သေရည် ဒီလောက် အများကြီး သောက်ထားသေးတယ်။

လုမင်ယွိတွင် သူ့ကို သနားကြင်နာစိတ် စိုးစဉ်းမှ မရှိဘဲ လက်ကိုဆန့်ထုတ်ကာ လီကျင့်၏ မျက်နှာကို ဖြည်းဖြည်း ပုတ်လိုက်လေသည်။ “နိုးပြီလား။ ခေါင်းကိုက်နေတုန်းပဲလား”

လီကျင့်က မျက်လုံးများကို အားယူ ဖွင့်လိုက်၏။ အနည်းငယ် ဝေဝါးနေသော မျက်ဝန်းအိမ်များသည် တဖြည်းဖြည်း အာရုံစိုက်လာပြီး မျက်စိရှေ့က ချောမောလှပသော မျက်နှာလေးကို ရှင်းလင်းစွာ မြင်တွေ့သွားသည်။

ခေါင်းသည် အလွန်အမင်း နာကျင်နေသဖြင့် ရင်ခုန်ကြည်နူးဖွယ် အတွေးများလည်း မရှိတော့ပေ။

လီကျင့်သည် ခါးသက်စွာ ပြုံးလိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။ “ဒီကောင်တွေ တစ်လှည့်စီ လာပြီး သေရည်တွေ တိုက်ကြတာ။ ကိုက အမူးပြေဆေးလုံးကိုတောင် ခိုးသောက်ထားသေးတာ။ ဒါတောင် မူးလဲသွားတဲ့အထိ အတိုက်ခံလိုက်ရတယ်”

စကားပြောသည်မှာလည်း ပုံမှန်အတိုင်း သွက်လက်မှု မရှိတော့ဘဲ လျှာကို ကိုက်၍ စကားပြောနေသကဲ့သို့ ဖြစ်နေရာ အနည်းငယ် ချစ်စဖွယ် ကောင်းနေသလိုလို။

လုမင်ယွိသည် ဟက်ခနဲ ရယ်မောလိုက်မိ၏။

မျက်စိရှေ့မှ မြင်ကွင်းသည် ပန်းတစ်ပွင့် လှပစွာ ပွင့်လန်းလာသည့်နှယ်ပင်။

လီကျင့်သည် ယစ်မူးနေသော်လည်း ခန္ဓာကိုယ်၏ ပင်ကိုအသိစိတ်များ ရှိနေသေးရာ လက်ကိုဆန့်ထုတ်လိုက်ပြီး မင်္ဂလာဇနီးသစ်၏ သွယ်လျလျ ခါးလေးကို ပွေ့ဖက်လိုက်လေသည်။ ဤကဲ့သို့သော အချိန်တွင် ခေါင်းကိုက်ခြင်းကိုပင် မခံစားရတော့ဘဲ ဦးခေါင်းကို တိုးကပ်ကာ နမ်းရှိုက်လိုက်လေသည်။

နှုတ်ခမ်းများ မရောက်ရှိမီမှာပင် သေရည်နံ့က အရင်ဆုံး သင်းပျံ့လာခဲ့သည်။

လုမင်ယွိက တစ်ဖက်သို့ ခေါင်းလှည့်လိုက်သဖြင့် အနမ်းတစ်ချက်သည် ပါးပြင်ပေါ်သို့ ကျရောက်လာခဲ့သည်။ “တစ်ကိုယ်လုံး သေရည်နံ့တွေချည်းပဲ။ အရင် အမူးပြေဟင်းရည် သောက်လိုက်ဦး”

လီကျင့်သည် ချိုမြိန်မှုကို မမြည်းစမ်းလိုက်ရသဖြင့် လက်မလျှော့ဘဲ မျက်နှာပြောင်တိုက်ကာ တိုးကပ်လာပြီး သူမ၏ နှုတ်ခမ်းထက်တွင် တစ်ချက် နမ်းရှိုက်လိုက်သည်။

သို့သော် ထို့ထက်ပိုသော အရာများကိုတော့ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။ လုမင်ယွိ တွန်းဖယ် တားဆီးရန်ပင် မလိုဘဲ လီကျင့်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ပြန်လှဲချလိုက်လေသည်။ “လူက လှုပ်လိုက်တာနဲ့ လောကြီးက ချာချာလည်သွားတာပဲ

လုမင်ယွိ၏ မျက်နှာသည်လည်း နီမြန်းသွားတော့သည်။ ထိုအနမ်းကြောင့်များလား။ သို့တည်းမဟုတ် သေရည်နံ့ ပြင်းပြင်း ကြောင့်များလားတော့ မသိနိုင်ပေ။ “အရင်ဆုံး မလှုပ်နဲ့ဦး။ ကျွန်မ အမူးပြေဟင်းရည် သွားယူလိုက်ဦးမယ်”

လီကျင့်သည် အင်း ဟု အသံတစ်ချက် ပြုလိုက်ပြီး ငါးသေတစ်ကောင်လို ဆက်လက် လှဲလျောင်းနေလိုက်၏။

လုမင်ယွိသည် ကုတင်ပေါ်မှ ဆင်းကာ စားပွဲနားသို့ သွားပြီး အမူးပြေဟင်းရည်ကို ယူလာရတော့သည်။

လီကျင့်က သနားစဖွယ် ကူကယ်ရာမဲ့သလို သူမကို ကြည့်လိုက်၏။

လုမင်ယွိမှာ မတတ်သာတော့ဘဲ လက်လှမ်းကာ လီကျင့်ကို တွဲထူပေးလိုက်ရတော့သည်။ လီကျင့်သည် အခွင့်ကောင်းကို အသုံးချလိုက်ပြီး သူမ၏ ကိုယ်ပေါ်သို့ တွယ်ကပ်လာပြီး သူမ၏ ပေါင်ပေါ်တွင် လှဲအိပ်လိုက်လေသည်။

လုမင်ယွိက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်တော့သည်။

လီကျင့်က ဆက်တိုက် သက်ပြင်းချလိုက်ပြီး “ကို တကယ် ခေါင်းကိုက်တာ အရမ်းဆိုးနေလို့။ ထဖို့လည်း အားမရှိတော့ဘူး။ မင်းက ကို့ကို တစ်ခါလောက် သနားတယ်လို့ သဘောထားပြီး အရင် အမူးပြေဟင်းရည် တိုက်ပါဦး”

သူသည် အမှန်တကယ် သည်လောက်အထိ မူးယစ်နေခြင်းလား။ သို့တည်းမဟုတ် တမင်တကာ သနားစဖွယ် ဟန်ဆောင်နေခြင်းလားတော့ မသိနိုင်ပေ။

လုမင်ယွိမှာ သူ့ကို ကန်ကျောက်ပစ်လိုသော စိတ်ဆန္ဒကို ထိန်းချုပ်လိုက်ပြီး ပန်းကန်လုံးကို သူ့ပါးစပ်နားသို့ တေ့ပေးလိုက်လေသည်။ အမူးပြေဟင်းရည်သည် အစောကြီးကတည်းက အေးစက်နေလေပြီ။ သို့သော် ယစ်မူးပြီး အပူဒဏ်ကို မခံစားနိုင်တော့သည့် လီကျင့်အတွက်တော့ အနေတော်ပင် ဖြစ်လေသည်။

ဦးခေါင်းကို မင်္ဂလာဇနီးသစ်၏ ပေါင်ပေါ်တွင် မှီထားလျက် နှာဖျားတွင် သင်းပျံ့ပျံ့ မိန်းမပျိုလေး၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း ပါးစပ်ထဲတွင် အေးမြသော အမူးပြေဟင်းရည်ကို သောက်သုံးနေရသည်။

ခံစားချက်ကတော့ အကောင်းတကာ့ အကောင်းဆုံးပင်။

လီကျင့်တစ်ယောက် မူးလာလျှင် အလွန် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မူးနေချိန်တွင် လူမှန်းသူမှန်း မသိသော်လည်း နိုးထလာသည်နှင့် မြန်မြန် အမူးပြေသွားတတ်သည်။ သည်အချိန်တွင် အသိစိတ်သည် ကြည်လင်နေပြီ ဖြစ်ပြီး ခေါင်းသည်လည်း ထင်သလောက် မကိုက်ခဲတော့ပေ။

သို့သော် သူသည် နွေးထွေးမွှေးကြိုင်မှု၏ နူးညံ့မှုကို တပ်မက်နေသဖြင့် တမင်တကာပင် ခေါင်းက အလွန် ကိုက်ခဲနေသေးသကဲ့သို့ ဟန်ဆောင်ကာ အမယ်လေး၊ အမယ်လေး ဟု မရပ်မနား ညည်းညူနေလေသည်။

လုမင်ယွိမှာ မတတ်သာတော့ဘဲ ပန်းကန်လုံးကို ကုတင်ဘေးရှိ စားပွဲငယ်လေးပေါ် တင်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ လီကျင့်၏ နားထင်များကို နှိပ်နယ်ပေးလိုက်လေသည်။ သူမ၏ လက်ချောင်းများသည် သွယ်လျားပြီး အားအင် ရှိလှရာ အနည်းငယ် နှိပ်နယ်လိုက်သည်နှင့် ခေါင်းကိုက်ခြင်းသည် များစွာ သက်သာသွားလေသည်။

လီကျင့်ကတော့ ပျော်ရွှင်စွာ မျက်လုံးများကို မှိတ်ထားလိုက်လေ၏။

လုမင်ယွိ၏ နူးညံ့သော အသံသည် နားနားတွင် ထွက်ပေါ်လာသည်။ “အခု နည်းနည်း သက်သာသွားပြီလား”

လီကျင့်သည် သတိမထားမိဘဲ အမှန်တရား စကားနှစ်ခွန်းကို ပြောထွက်သွားသည်။ “အမူးပြေဟင်းရည် သောက်လိုက်တော့ အများကြီး သက်သာသွားပြီ။ အခု ခေါင်းက သိပ်မနာတော့ဘူး”

စကားလုံးများက ပါးစပ်မှ ထွက်သွားသည်နှင့် ချက်ချင်း နောင်တရသွားတော့၏။

ထင်သည့်အတိုင်းပင်။ လုမင်ယွိသည် ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်ပြီး လက်ကို အားဖြင့် တွန်းကာ လီကျင့်ကို တွန်းချလိုက်တော့သည်။ လီကျင့်မှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် ကုတင်ပေါ်တွင် တစ်ပတ်လည်သွားပြီး ကုတင်၏ အတွင်းဘက်ခြမ်းနှင့် ဆောင့်မိကာ ‘အား’ဟု အသံထွက် ညည်းညူလေတော့၏

လုမင်ယွိက တစ်ချက် စွေကြည့်လိုက်ကာ “ခုထိ ဟန်ဆောင်နေတုန်းပဲလား”

လီကျင့်မှာ ခါးသက်သက် ပြုံးလိုက်တော့သည်။ “ကို မင်းကို လိမ်တာ မဟုတ်ပါဘူး။ ခုနက တကယ် ခေါင်းကိုက်နေတာ။ အခုမှ နည်းနည်းလေးပဲ သက်သာသွားတာ။ မင်း ဒီလို တွန်းပြီး ဆောင့်လိုက်တော့ ‌ခေါင်းပြန်ကိုက်သွားပြီ”

လုမင်ယွိသည် စကားမဆိုဘဲ သည်အတိုင်း သူ့ကို စိုက်ကြည့်နေလိုက်တော့သည်။

လီကျင့်က နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ဖြည်းညင်းစွာ ထထိုင်လိုက်၏။ “ကို့ကို ဒီလိုကြီး မကြည့်ပါနဲ့။ မင်း ဘာမေးချင်လဲ၊ အခုပဲ မေးသာမေးတော့”

လုမင်ယွိ၏ ရင်ထဲတွင် သံသယများ ပြည့်နှက်နေပြီး နှစ်ဝက်ကျော်တိုင်အောင် ချုပ်တည်းထားခဲ့ရသည်။ နောက်ဆုံးတွင် မင်္ဂလာဦးညသို့တိုင်အောင် သည်းခံစောင့်ဆိုင်းခဲ့ပြီးနောက် သဘာဝကျကျပင် ရှင်းရှင်းလင်းလင်း သိရှိရန် မေးမြန်းရတော့မည်။ ဖွင့်မေးလိုက်တော့၏ “ရှင် အရင် ကျွန်မကို ပြောပြ။ အရင်ဘဝက ကျွန်မ လက်ချက်မှန်း ရှင် ဘယ်လို သိခဲ့တာလဲ”

လီကျင့်သည် နောက်ပြောင်လိုသော စိတ်ကို သိမ်းဆည်းလိုက်ပြီး လုမင်ယွိကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။

လုမင်ယွိသည် မင်္ဂလာဝတ်စုံကို ချွတ်ထားခဲ့ပြီး ဖြစ်ကာ သည်အချိန်တွင် ပေါ့ပါး နူးညံ့သော အနီရောင် အတွင်းခံအင်္ကျီကို ဝတ်ဆင်ထားလေသည်။ ပြည့်သင့်သော နေရာများက ပြည့်ဖြိုးပြီး သွယ်လျသင့်သော နေရာများက သွယ်လျလျက် သေးသွယ် ကျော့ရှင်းသော ကိုယ်ဟန်ကို ရှင်းလင်းစွာ မြင်သာနေ၏။

နီရောင်ဖယောင်းတိုင်မှ ဖြာထွက်နေသော အလင်းရှိန်သည် သူမကို လွှမ်းခြုံထားလေသည်။ တောက်ပလှသည့် မျက်ဝန်းနက်များထဲတွင် သူမ၏မျက်နှာသွင်ပြင်က ထင်ဟပ်နေလေ၏။

အရာအားလုံးက အလှပဆုံးသော အိပ်မက်တစ်ခုနှင့် တူလှပေသည်။

လုမင်ယွိသည် ခဏလောက် စောင့်ဆိုင်းလိုက်လေသည်။ လီကျင့် စကားပြောလာသည်ကို မစောင့်ဆိုင်းနိုင်တော့ဘဲ စိတ်မရှည်စွာဖြင့် တိုက်တွန်းရန် ပြင်လိုက်စဉ်မှာပင် လီကျင့်က ရုတ်တရက် လက်ဖြင့် နှာခေါင်းကို အုပ်လိုက်ပြီး ဦးခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်ကို တွေ့လိုက်ရသည်။

လုမင်ယွိသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ရှင် ဘာဖြစ်တာလဲ”

လီကျင့်သည် ချောင်းတစ်ချက် ဆိုးလိုက်သည်။ “ကို နှာခေါင်းသွေး လျှံလာလို့။ တော်တော် ကြည့်မကောင်း ဖြစ်သွားပြီ။ မင်း ခဏစောင့်ဦး။ ကို ရေမိုးချိုး အဝတ်အစားလဲပြီးမှ မင်းနဲ့ လာစကားပြောမယ်”

လုမင်ယွိ: “...”

လုမင်ယွိသည် စိတ်ဆိုးချင်သွားသော်လည်း အဘယ်ကြောင့်မှန်းမသိ ရယ်စရာ ကောင်းသည်ဟုလည်း ခံစားလိုက်ရသည်။ လီကျင့်က နှောင့်နှေး ကြန့်ကြာစွာဖြင့် အင်္ကျီလက်စဖြင့် မျက်နှာကို ကာကာ ကုတင်ပေါ်မှ ဆင်းသွားသည့်အခါ သူမသည် မထိန်းနိုင်ဘဲ ရယ်မောရင်း သူ့ကို ဟင်းခနဲ အသံတစ်ချက် ပြုလိုက်မိသည်။

...

လီကျင့်တစ်ယောက် သန့်စင်ခန်းသို့ သွားရောက်ခဲ့ပြီး နှောင့်နှေးကြန့်ကြာ နေခြင်းမရှိဘဲ အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာ အချိန်အတွင်းမှာပင် ရေမိုးချိုးပြီး ပြန်လည် ရောက်ရှိလာခဲ့သည်။

မင်္ဂလာဝတ်စုံကို အနီရောင် အတွင်းခံဝတ်ရုံဖြင့် လဲလှယ်ခဲ့ပြီး ဖြစ်သည်။ သေရည်နံ့များသည်လည်း တစ်ဝက်ခန့် လွင့်ပြယ်သွားခဲ့ပြီး ချောမောသော မျက်နှာသည်လည်း များစွာ လန်းဆန်းလာခဲ့သည်။ သူ့ကိုယ်ပေါ်မှ အနည်းငယ် စိုစွတ်နေသော အငွေ့အသက်များသည် ဝတ်ရုံ၏ လည်ပင်းပေါက်မှ ထွက်ပေါ်နေလေသည်။ ၎င်းသည် ကောက်ချိတ်တစ်ခုအလား လူတို့၏ အကြည့်များကို အတွင်းဘက်ကို ကြည့်ပါဟု ဆွဲဆောင်နေတော့၏။

လုမင်ယွိသည် တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လည် ရုပ်သိမ်းထားလိုက်တော့သည်။

အလှအပ ကိစ္စတွေက လောလောဆယ် အရေးမကြီးသေးဘူး။ အခု အရေးကြီးဆုံးက အရင်ဆုံး ရှင်းရှင်းလင်းလင်း မေးမြန်းဖို့ပဲ။

လုမင်ယွိက ကုတင်စွန်းတွင် ထိုင်ရင်း လီကျင့်ကို လက်ဟန်ပြလိုက်သည်။

လီကျင့်လည်း ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။ နှစ်ဦးသားသည် ပေအနည်းငယ်မျှ ကွာဝေးသွားပြီး နှစ်ယောက်ကြားက အကွာအဝေးမှာ ပိုကျယ်သွားပြီး ရစ်တွယ်နေသည့် ရင်းနှီးမှုကလဲ အားနည်းသွားတော့သည်။

“လီကျင့်” လုမင်ယွိ၏ အသံသည် ခပ်ဖျော့ဖျော့ ဖြစ်နေလေသည်။ “ရှင် အခုတော့ ပြောသင့်ပြီမလား”

လီကျင့်သည် လုမင်ယွိကို လေးနက်စွာ တစ်ချက် ကြည့်လိုက်၏။ “ကိုနဲ့မင်းက အခု ဇနီးမောင်နှံ ဖြစ်သွားပြီ။ ပြောလို့မရတဲ့ ကိစ္စ ဘာမှ မရှိတော့ပါဘူး”

“အရင်ဘဝတုန်းက ကိုက မင်း ပစ်လိုက်တဲ့ မြားတစ်ချက်နဲ့ သေဆုံးခဲ့ပြီး မြင်းပေါ်ကနေ ပြုတ်ကျသွားတယ်။ ကို မသေခင်က သိပ်ပြီး မကျေမနပ် ဖြစ်ခဲ့လို့ပဲ ဖြစ်ရမယ်။ ဝိညာဉ်တစ်စက လုံးဝ မပျောက်ကွယ်သွားဘဲ လူ့လောကမှာ လှည့်လည် ကျန်ရစ်နေခဲ့တယ်”

ထင်သားပဲ။

လုမင်ယွိသည် အံ့အားသင့်ချိန်ပင် မရလိုက်ဘဲ မေးမြန်းလိုက်လေသည်။ “ရှင် သေပြီးတော့ အသိစိတ် ရှိနေသေးတာလား။ အရာအားလုံးကို မြင်နေရတာလား”

လီကျင့်က လေသံတိုးတိုးဖြင့် ပြောလာ၏။ “အဲဒီလိုတော့လည်း မဟုတ်ဘူး”

“အစပိုင်းမှာ ကို့ရဲ့ အသိစိတ်က ဝေဝေဝါးဝါး ဖြစ်နေပြီး အသံတချို့ကို ခပ်သဲ့သဲ့ ကြားရတယ်။ အကြာကြီး နားထောင်မိတော့မှ အဲဒီအသံက နည်းနည်း ရင်းနှီးသလို ခံစားလာရတယ်။ ကို နားလည်လိုက်တာက ကိုယ့်ဝိညာဉ်က မပျောက်ကွယ်သေးဘဲ ဘယ်နေရာမှာ ကပ်တွယ်နေမှန်း မသိဘူး။ အချိန်တိုင်းတော့ မဟုတ်ပေမဲ့ အသံတချို့ကို ကြားနေရတယ်”

“အချိန်အတိုင်းအတာတစ်ခု ကြာသွားတော့မှ ကို တဖြည်းဖြည်း နားလည်လာတယ်။ အဲဒီ စကားပြောနေတဲ့သူက မင်းပဲ။ ကို ကပ်တွယ်နေတဲ့ နေရာက... လေးမြားတစ်လက် ဖြစ်နေတာ”

လုမင်ယွိ: “...”

...

အပိုင်း (၁၅၆) အတိတ်ဘဝ (၁)

လုမင်ယွိသည် လီကျင့်ကို ကြည့်နေ၏။ လီကျင့်ကလည်း လုမင်ယွိကို ကြည့်နေသည်။ မကြာသေးမီကမှ လက်ထပ်ထားသော မင်္ဂလာဇနီးမောင်နှံသစ်တို့သည် အတန်ကြာအောင် အပြန်အလှန် စိုက်ကြည့်နေကြလေသည်။

လုမင်ယွိသည် အနည်းငယ် ခက်ခဲစွာဖြင့် နှုတ်ဖွင့်လိုက်တော့သည်။ “ဒါဆို ရှင် သေပြီးတဲ့နောက်မှာ ဝိညာဉ်က မလွင့်ပြယ်ဘဲ ကျွန်မရဲ့ နွားချိုလေးပေါ်မှာ ကပ်တွယ်နေခဲ့တာပေါ့”

လီကျင့်က ခေါင်းညိတ်ပြလိုက်၏။

တိတ်ဆိတ်မှုက တစ်ဖန် ဝင်ရောက်လာပြန်၏။

လုမင်ယွိ၏ စိတ်အစဉ်သည် ရှုပ်ထွေးနေသော ကြိုးထုံးတစ်ခုပမာ လုံးဝ ရှုပ်ထွေးနေပြီး ရှင်းလင်းလို့ပင် မရနိုင်တော့ပေ။

ဒီလို ဖြစ်နေတာကိုး။

ထို့ကြောင့်ပင် သူက သူမ၏ အရာအားလုံးကို လက်ဖဝါးပေါ်တင်ကြည့်သကဲ့သို့ သိရှိနေခဲ့ခြင်း ဖြစ်သည်။

ထို နွားချိုလေးနှင့် ‌ပေါင်ယွိဓားရှည် တို့သည် သူမ အမြတ်နိုးဆုံး အရာဝတ္ထုများ ဖြစ်ကြပြီး လက်နက်စင်ပေါ်တွင် အတူတကွ ထားရှိလေသည်။ သူမသည် နေ့စဉ် နံနက်စောစော ထကာ သိုင်းလေ့ကျင့်ချိန် တစ်နာရီ ယူလေ့ရှိပြီး အားလပ်ချိန်များတွင်လည်း သိုင်းလေ့ကျင့်ရေးကွင်းထဲတွင် အချိန် ဖြုန်းလေ့ရှိသည်။

ရက်အနည်းငယ် ကြာတိုင်း သူမသည် လေးရှည်ကို သေသေချာချာ သုတ်သင်ရှင်းလင်းလေ့ရှိပြီး စိတ်ညစ်ညူးနေသည့် အခါများတွင် လေးရှည်ကို မျက်နှာမူကာ တစ်ကိုယ်တည်း စကားပြောလေ့ ရှိ၏။

သူမ၏ ပင်ကိုစရိုက်သည် မာနကြီးပြီး ခေါင်းမာလှရာ လူရှေ့တွင် အားနည်းသောဟန်ကို ပြသလိုခြင်း မရှိပေ။ လီဟောက်နှင့် သဘောထားကွဲလွဲပြီး ပြတ်စဲခဲ့စဉ်ကပင် မျက်ရည် တစ်စက်မှ ကျဆင်းခဲ့ခြင်း မရှိခဲ့။ သူမ၏ အားနည်းမှုနှင့် နာကျင်မှုတို့သည် တစ်ဦးတည်း ရှိနေသည့် အခါများတွင်မှသာ သိသိသာသာ ထွက်ပေါ်လာတတ်သည်။

မိမိ ပြောကြားခဲ့ဖူးသော စကားများအားလုံးကို လီကျင့်က ကြားသွားခဲ့သည်ဟု တွေးမိလိုက်သည်နှင့် လုမင်ယွိသည် အသက်ရှူ မဝတော့သလို ခံစားလိုက်ရလေသည်။

ချွေးမတစ်ယောက်အနေနဲ့ ဒီလို ယောက္ခမမျိုးနဲ့ တွေ့ရတာကတော့ ဘဝ ၈ ဆက်စာ ကံဆိုးတာပဲ။ ပါးစပ် ဟလိုက်တာနဲ့ ငိုယိုပြီး သနားစရာကောင်းအောင် ဟန်ဆောင်တော့တာပဲ။ ထွီ။

သူမ တကယ် မျက်စိကန်းခဲ့တာပဲ။ ဒီလို ခွေးလိုလူစားမျိုးကို ယူခဲ့မိတယ်။ သူ့စိတ်ထဲမှာ အမေအရင်းနဲ့ ညီအရင်းက သူမထက်တောင် ပိုပြီး ယုံကြည်ရတယ်တဲ့။ အရင်တုန်းက ပြောခဲ့တဲ့ ပင်လယ်ကျယ်ဝန်းတဲ့ ကတိတွေ၊ တောင်လိုခိုင်မာတဲ့ သစ္စာတွေ အားလုံး ခွေးကျွေးလိုက်တာပဲ။

စူးမိသားစုက တကယ် ယုတ်မာတဲ့ မျိုးနွယ်စုပဲ။ အရင်တုန်းက သမီးကို ရောင်းပြီး အဆိုမယ် လုပ်ခိုင်းတယ်။ အခုလည်း မြေးမကို နန်းတော်ထဲ အတင်း ထိုးထည့်ပြန်ပြီ။ ဘာ ကြင်ရာတော်လဲ။ မယားငယ်တစ်ယောက်ပါပဲ။ သူက လီဟောက်ကို ရွံလို့ သူ့နဲ့ ဘယ်တော့မှ အတူတူ အိပ်ရာထဲ ဝင်မှာ မဟုတ်ဘူး။ စူးမိသားစုက သူမက မယ်တော်ကြီးစူးနဲ့ စူးရော့ကို ကြောက်နေတယ်လို့ ထင်နေကြတာ။ တကယ်လို့သာ အိမ်တိုင်ရာရောက် ရန်လာရှာရဲရင် သူမက တစ်ယောက်ကို တစ်ချက်နှုန်းနဲ့ ထိုးပစ်လိုက်မယ်။

လီဟောက်၊ ဒီအသက်တိုမယ့်ကောင်၊ ဒဏ်ရာဟောင်း ပြန်ထပြီး သေသွားခဲ့တယ်တဲ့။ ရာဇပလ္လင်ကို ယန့်အာဆီ မလွှဲဘဲနဲ့ လီချန်ကို သွားလွှဲပေးခဲ့တယ်။ တကယ် မယုံနိုင်စရာပဲ။ လောကကြီးမှာ ဒီလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ ယောက်ျားမျိုး ရှိသေးတယ်တဲ့လေ။ ရာဇပလ္လင်ကို တခြားသူကို လွှဲပေးပြီးသွားမှ တခြားသူက ပြန်ပေးလိမ့်ဦးမယ်လို့ မျှော်လင့်နေသေးတယ်။

ဒီ လီချန်က တကယ်ကို ရွံစရာကောင်းတဲ့ အကောင်ပဲ။ လီဟောက်က ဘယ်လောက်ပဲ ဆိုးဆိုး သူ့အပေါ်မှာတော့ အမြဲတမ်း ကောင်းခဲ့တယ်။ သူကတော့ ကောင်းရော။ နဂါးပလ္လင်ပေါ်မှာ ထိုင်လို့တောင် ဖင်မနွေးသေးဘူး။ သူမအပေါ်မှာ ယုတ်မာတဲ့စိတ်တွေ မွေးရဲတယ်တဲ့လေ။ သူမ သူ့ရဲ့... ကို တစ်ချက်တည်း ကန်ပစ်လိုက်တာပေါ့။

ဟက် ဟက်။ လီချန်က အသုံးမကျတဲ့ကောင် ဖြစ်သွားပြီး ကြင်ရာတော်တွေနဲ့လည်း အတူမအိပ်နိုင်တော့ဘူး။ သားလည်း မွေးနိုင်တော့ဘူး။ နောင်ကျရင် ရာဇပလ္လင်က ယန့်အာဆီကိုပဲ ပြန်ရောက်ရမှာပဲ။ သူကတော့ တော်တော် ဟန်ဆောင်ကောင်းတယ်။ အစ်ကိုကြီးအတွက် ၃ နှစ် ဝမ်းနည်းပူဆွေးကာလ ဆောက်တည်တယ်လို့ အပြင်ကို ကြေညာထားတယ်တဲ့လေ။ ဟက် ဟက်...

သာ့ကျဲဖူနဲ့ သာ့ကျဲက သံယောဇဉ် သိပ်ခိုင်မြဲတာ။ လုအိမ်တော် အားနည်းသွားတာတောင် သာ့ကျဲဖူက သာ့ကျဲအပေါ်မှာ ကောင်းနေတုန်းပဲ။ တုံးပင်ကျွင်းကတော့ လေယူရာတိမ်းတတ်တဲ့ မြက်ပင်ပဲ။ လီချန် အဲဒီအကောင် နဂါးပလ္လင်ပေါ် ထိုင်တာကို မျက်စိနဲ့ မြင်လိုက်တာနဲ့ မယ်တော်ကြီးစူးကို စပြီး ကပ်ဖားတော့တာပဲ။ စန်းကျဲကလည်း အိမ်တော်ဆက်ခံသူ ကြင်ယာတော်တစ်ယောက်အနေနဲ့ နေရတာ အဆင်မပြေဘူး၊ တော်တော်လေး ပိန်ကျသွားတယ်။ အမုန်းဖို့အကောင်းဆုံးက ကျိုးမိသားစုပဲ။ အရင်တုန်းက စန်းကျဲအပေါ်မှာ အရာအားလုံးကို လိုက်လျောညီထွေ နေခဲ့တယ်။ အခုတော့ နှိပ်စက်ပြီး အေးစက်စက် လုပ်တယ်။ စန်းကျဲ သူမကို လာတွေ့ဖို့ နန်းတော်ထဲ မဝင်တာတောင် အတော်ကြာသွားခဲ့တယ်။

ယန့်အာအတွက်သာ မဟုတ်ရင် တကယ် လီချန် သားအမိနဲ့ မျက်နှာဖုံးခွာပြီး အားရအောင် ရန်ဖြစ်ပစ်လိုက်ချင်တာ။

မုန့်ကွေ့ဖေး၊ ချောင်မိဖုရားခေါင်၊ ချင်ဖေး၊ တစ်ယောက်ပြီးတစ်ယောက် ရောဂါနဲ့ ကွယ်လွန်ကုန်ကြပြီ။ စတုတ္ထမင်းသားလည်း လက်ဝေခံပြည်နယ်မှာ ရောဂါနဲ့ ကွယ်လွန်သွားပြန်ပြီ။

သူမ နိမိတ်တစ်ခု ခံစားနေမိတာ။ လီချန်တို့ သားအမိနှစ်ယောက်က သိပ်ကြာကြာ သည်းခံနိုင်တော့မှာ မဟုတ်ဘူး။ သူမကို ရှင်းပစ်ကြတော့မယ်။ သူတို့နှစ်ယောက်က မဟုတ်တာတွေ အများကြီး လုပ်ထားတော့ သူမကို မြင်တာနဲ့ လိပ်ပြာမလုံဘဲ ကြောက်နေကြတာ။ ကောင်းကင်ဘုံက တကယ် မတရားဘူး။ ဒီလို ယုတ်မာတဲ့လူစားတွေကမှ အာဏာကို ရသွားရတယ်လို့။

နောက်ဆုံးတစ်ကြိမ် လေးရှည်ကို မျက်နှာမူပြီး တီးတိုးစကားဆိုခဲ့သည်မှာ နာတာရှည်အဆိပ်သင့်ပြီး တတိယမြောက်နေ့တွင် ဖြစ်သည်။

ထိုစဉ်အခါက သူမသည် ကုတင်ပေါ်မှ မဆင်းနိုင်တော့ဘဲ မိမိ၏ နေ့ရက်များ နီးကပ်လာပြီ ဖြစ်ကြောင်း သိရှိနေခဲ့သည်။ သူမသည် ချီယွင်ကို မိမိ အမြဲသုံးနေကျ လေးရှည်နှင့် ပေါင်ယွိဓားရှည်ကို ယူဆောင်လာစေခဲ့ပြီး အင်အားများကို ကြိုးစား ထိန်းချုပ်ကာ လေးရှည်နှင့် ဓားရှည်ကို သန့်ရှင်းစင်ကြယ်သွားသည်အထိ သုတ်သင်ခဲ့သည်။

ထို့နောက် သူမသည် တိုးညှင်းစွာ ပြောလိုက်လေသည်။ “ငါ သေတော့မယ်။ တကယ်တော့ ငါ သေရမှာကို နည်းနည်းလေးမှ မကြောက်ဘူး။ ငါက ငါ့ရဲ့ ယန့်အာကိုပဲ စိတ်မချနိုင်တာ။ သူက ၅ နှစ်ပဲ ရှိသေးတယ်။ ကလေးလေးပဲ ရှိသေးတယ်။ အမေအရင်းရဲ့ အကာအကွယ် မရှိတော့ဘဲနဲ့ သူ အန္တရာယ်ကင်းကင်း ကြီးပြင်းနိုင်ပါ့မလား မသိဘူး”

“မသေခင်မှာ ငါ အဖော်စပ်ဖို့ တစ်ယောက်တော့ ဆွဲခေါ်သွားရမယ်။ မယ်တော်ကြီးစူးရဲ့ စရိုက်နဲ့ဆိုရင် သေချာပေါက် ငါ့ရှေ့ကို ရောက်လာပြီး ကြွားဝါ ထုတ်ဖော်ပြလိမ့်မယ်။ သူ့စိတ်ထဲက မကျေနပ်မှုတွေကို လာပေါက်ကွဲမှာပဲ။ ငါ ပေါင်ယွိဓားရှည်ကို အိပ်ရာခင်းအောက်မှာ ထားထားမယ်။ အဲဒီအချိန်ကျရင် ဓားတစ်ချက်တည်းနဲ့ သူ့ကို အဆုံးသတ်ပစ်လိုက်မယ်”

“ငါ့ရဲ့ ဒီဘဝတစ်ဝက်မှာ လုပ်ခဲ့ဖူးတဲ့ တစ်ခုတည်းသော လိပ်ပြာမလုံတဲ့ကိစ္စကတော့ လုပ်ကြံသတ်ဖြတ်သူ လုပ်ပြီး ဒုတိယမင်းသားကို မြားတစ်ချက်တည်းနဲ့ ပစ်သတ်ခဲ့တာပဲ။ တကယ်လို့သာ ဒုတိယမင်းသား အသက်ရှင်နေသေးရင် ဒီရာဇပလ္လင်က သူ့ရဲ့ဟာ ဖြစ်သင့်တာ”

“တကယ်လို့သာ နောက်ဘဝဆိုတာ ရှိခဲ့ရင် ငါ သေချာပေါက် အသက်နဲ့ ပြန်ပေးဆပ်ပြီး ဒီအကြွေးကို ပြန်ဆပ်ပါ့မယ်”

...

သည်မြင်ကွင်း တစ်ခုချင်းစီသည် ဦးနှောက်ထဲသို့ အစီအရီ တိုးဝင်လာလေသည်။

ခံစားချက်သည် အပြင်ဘက်တွင် တည်ငြိမ် လှပပြီး ကျက်သရေရှိသော အမျိုးသမီးကောင်းတစ်ဦးက မိမိ၏ အိပ်ဆောင်ထဲတွင် တစ်ဦးတည်း အဝတ်အစားများ ချွတ်ချကာ ကိုယ်လုံးတီးဖြင့် ကခုန်မြူးထူးနေပြီး စိတ်ရှိတိုင်း ပျော်ပါးနေသည်ကို တစ်စုံတစ်ယောက်က ရှင်းရှင်းလင်းလင်း မြင်တွေ့သွားရသကဲ့သို့ပင် ဖြစ်လေသည်။

အမှန်တကယ်ပင် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှ၏။

လုမင်ယွိ၏ အမူအရာသည် ရှုပ်ထွေးသွားပြီး အခိုက်တန့်အတွင်း မည်သို့ ပြောဆိုရမည်ကို မသိတော့ပေ။

လီကျင့်က ပျော့ပြောင်းတိုးညင်းစွာဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။ “အစပိုင်းမှာ ကို အရမ်း တုန်လှုပ်ခြောက်ခြားပြီး ဝေဝါးသွားတယ်။ ဘာလို့ သေပြီးတဲ့နောက်မှာ အထီးကျန်ဝိညာဉ်တစ်ခု ဖြစ်သွားပြီး ဘဝသစ်ကို အကြာကြီး မသွားဖြစ်ခဲ့လဲ မသိဘူး”

“မင်းရဲ့ အသံကို သေသေချာချာ ကြားရတော့မှ ကျွကို ဘယ်နေရာမှာ ရှိနေလဲဆိုတာကို တဖြည်းဖြည်း စဉ်းစားလို့ ရလာတယ်”

“နောက်ပိုင်းမှာ မင်းက လေးရှည်ကို မျက်နှာမူပြီး အပြစ်ရှိသလို ခံစားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတော့မှ ကို သိလိုက်ရတယ်။ တကယ်တော့ မင်းက ကို့ကို မြားတစ်ချက်တည်းနဲ့ သတ်ခဲ့တာကိုး”

လုမင်ယွိ၏ စိတ်အစဉ်သည် ပိုလို့ပင် ရှုပ်ထွေးသွားသည်။ “ရှင် ကျွန်မကို မမုန်းဘူးလား”

လီကျင့်သည် မဆိုင်းမတွပင် စကားကို ဆက်လိုက်လေသည်။ “မုန်းတာပေါ့။ အရမ်းမုန်းလို့ အံတောင် ကြိတ်ထားမိတယ်။ အသက်ပြန်ရှင်လာပြီး မင်းကို ဓားတစ်ချက်တည်းနဲ့ သတ်ပြီး လက်စားချေပစ်လိုက်ချင်စိတ် ပေါက်သွားတာ”

“အမုန်းဆုံးကတော့ မူဟုပ် ရောဂါနဲ့ ကွယ်လွန် သွားရပြီး ဟွမ်ကျဲက သီလရှင်ကျောင်းကို အပို့ခံရပြီး တရားစာရွတ်ခိုင်းတာပဲ”

“သူက မယားငယ်ရဲ့သား။ စားတာဝတ်တာ သုံးတာစွဲတာက ကျွန်တော့်ထက် နည်းနည်း နိမ့်ကျတာကလွဲရင် ပိုးသားလို နူးညံ့ပြီး ကျောက်စိမ်းလို အစားအစာတွေနဲ့ နေခဲ့ရတာပဲ။ မူဟုပ်က သူ့ကို ဘယ်တုန်းကမှ ညှဉ်းပန်းနှိပ်စက်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော် သေသွားတော့ မူဟုပ်က အဓိက အားကိုးရာ ပျောက်သွားခဲ့ပြီ။ သူက ဘာလို့ မူဟုပ်ကို နန်းတော်ထဲမှာ အေးအေးချမ်းချမ်း အသက်ကြီးတဲ့အထိ နေခွင့် မပေးနိုင်ရတာလဲ။ ဘာလို့ သူ့ကို သေလမ်းရောက်အောင် အတင်း တွန်းပို့ရတာလဲ”

“ဟွမ်ကျဲက မာနကြီးပြီး ဆက်ဆံရခက်ပေမဲ့ သူ့အပေါ်မှာတော့ အသင့်အတင့် ဆက်ဆံခဲ့တာပဲ။ နောက်ပြီးတော့ စစ်တပ်အင်အားလည်း မရှိ၊ အာဏာလည်း မရှိတဲ့ မင်းသမီးတစ်ယောက်က သူ့ရဲ့ ဧကရာဇ်နေရာကို လုံးဝ ထိခိုက်နိုင်မှာ မဟုတ်ဘူး”

“ရာဇပလ္လင် လုဖို့အတွက် သေတဲ့အထိ တိုက်ခိုက်ကြတာကတော့ ထားလိုက်ပါတော့။ လီဟောက်က နဂါးပလ္လင်ပေါ် ထိုင်ပြီးသွားပြီပဲ။ ဘာလို့ တရားဝင်မိခင်နဲ့ တော်ဝင်အစ်မတော်ကို လက်မခံနိုင်ရတာလဲ”

“စူးရှီက လက်စတုံးလိုက်တာလို့တော့ လာမပြောနဲ့။ ဒီလိုကိစ္စမျိုးက လီဟောက်ကသာ တိတ်တဆိတ် ခွင့်မပြုခဲ့ဘူးဆိုရင် စူးရှီရဲ့ အရည်အချင်းနဲ့ ဒါတွေကို သူ လုံးဝ လုပ်နိုင်မှာ မဟုတ်ဘူး”

“ဒါကြောင့် ကို အမုန်းဆုံးလူက မင်း မဟုတ်ဘူး။ လီဟောက်ပဲ”

အတိတ်ဘဝမှ အမုန်းတရားဟောင်းများသည် နှလုံးသားထဲသို့ တိုးဝင်လာသဖြင့် လီကျင့်၏ အသံသည် အနည်းငယ် နက်ရှိုင်းသွားပြီး မျက်ဝန်းနက် တစ်စုံထဲတွင် ဒေါသတကြီး အေးစက်သော အလင်းရောင်များ လက်ခနဲ ဖြတ်ပြေးသွားလေသည်။

လုမင်ယွိသည် တိတ်ဆိတ်စွာ စကားမဆိုဘဲ နေလိုက်တော့သည်။

ဟုတ်တာပေါ့။ နောက်ဆုံး ကောက်ချက်ချလိုက်ရင် ဒါတွေအားလုံးက အမြင်ကျဉ်းပြီး ရက်စက်လွန်းတဲ့ လီဟောက်ကြောင့်ပဲ။

သူ၏ မျက်လုံးထဲတွင် အမေအရင်းနှင့် ညီအရင်းသည်သာ သူ၏ အရေးကြီးဆုံး မိသားစုဝင်များ ဖြစ်ကြသည်။ မုန့်ကွေ့ဖေး၊ ချောင်မိဖုရားခေါင် အစရှိသူတို့သည်ကတော့ လမ်းပိတ်သော ကျောက်တုံး၊ လမ်းတားသော ကျားများသာ ဖြစ်ကြပြီး ဖယ်ရှားပစ်လိုက်မှသာ စိတ်အေးချမ်းသာစွာ နေနိုင်မည်။

“ကို့မှာ ဝိညာဉ်အကြွင်းအကျန် တစ်စပဲ ကျန်တော့တာ၊ ဘာမှ လုပ်လို့မရဘူး။ မင်းက လေးရှည်ကို မျက်နှာမူပြီး တိုးတိုးလေး ပြောနေတဲ့ အချိန်မျိုးတွေမှာပဲ ကိုက အသံတချို့ကို ကြားရတယ်။ နောက်ပိုင်းကျတော့ ကျွန်တော့်အသိစိတ်က ပိုပိုပြီး ကြည်လင်လာပြီး ရံဖန်ရံခါမှာ တချို့အရာတွေကို မြင် နိုင်လာတယ်။ ဒါပေမဲ့ လေးရှည်ရဲ့ ပတ်ဝန်းကျင် ၂ မီတာ၊ ၃ မီတာ အတွင်းလောက်ပဲ”

နွားချိုလေးကို လက်နက်စင်ပေါ်တွင် ထားရှိထားပြီး မည်သူမှ ထိကိုင်ရဲခြင်း မရှိပေ။

ထို့ကြောင့် သူသည် လေးရှည်ပေါ်တွင် နှစ်ပေါင်းများစွာ ကပ်တွယ်နေခဲ့စဉ် တစ်ဦးတည်းသော ကြားနိုင်သည့် အသံမှာ သူမ၏ အသံသာ ဖြစ်လေသည်။

တစ်ဦးတည်းသော မြင်တွေ့နိုင်သည့် အရာသည်လည်း သူမ၏ မျက်နှာသွင်ပြင်သာ ဖြစ်လေ၏။

သည်လို လစ်ဟာပြီး အဆုံးမရှိသယောင် အမှောင်ထုကြီးထဲတွင် သူမသည် သူ၏ တစ်ခုတည်းသော အလင်းရောင် ဖြစ်ခဲ့လေသည်။

...

All Chapters