← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အပိုင်း (၁၅၇) အတိတ်ဘဝ (၂)

လီကျင့်သည် ဒီစကားများကို ထုတ်ပြောရန်မလိုဘဲ လုမင်ယွိသည်လဲ အလိုလိုနားလည် သဘောပေါက်မိ၏။

နားလည်သဘောပေါက်ခဲ့သောကြောင့်ပင် လုမင်ယွိ၏နှလုံးသားထဲတွင် ပိုလို့ပင် အပြစ်ရှိသလို ခံစားလိုက်ရပြီး လီကျင့်အတွက် ပို့လိုပင် ရင်နာမိတော့သည်။

နေ့တိုင်း မိမိ၏ရန်သူကို မျက်နှာချင်းဆိုင်နေရပြီး လက်စားချေနိုင်ခြင်း မရှိသည့်အပြင် သူမ၏ တနေကုန် ငြီးငြူနေသည့်စကားကိုလဲ တချိန်လုံး နားထောင်ရန် တွန်းအားပေးခံနေရသည်။ သူမတစ်ဦးတည်းကိုသာ မြင်တွေ့နိုင်ခဲ့လေသည်။ အမုန်းတရားသည် တနေထက်တနေ့ လျှော့ပါးလာခဲ့ပြီး ချစ်ခင်စိတ်ကပင် မသိမသာ ရှင်သန်ပေါက်ဖွားလာခဲ့၏။

ဒီလိုခံစားချက်မျိုးက အမှန်ပင် မကောင်းလှချေ။

"တောင်းပန်ပါတယ်" လုမင်ယွိက သက်ပြင်းချလိုက်ကာ "ဒီစကားက အရမ်းကို ပေါ့ပြက်ပြက်နိုင်လွန်းပါတယ်။ ဒါပေမဲ့ ဒီစကားကလွဲရင်လည်း တခြားဘာပြောရမယ်မှန်း မသိတော့ဘူး"

လီကျင့်သည် ရှက်ရွံ့မှုအပြည့်ဖြစ်နေသည့် သူ့ဇနီးလောင်းအသစ်လေးကို စိုက်ကြည့်ရင်း တိုးညှင်းစွာဖြင့် ဆက်ပြောလိုက်လေသည်။ "ကို ပြောလို့မပြီးသေးဘူး။ တကယ်တော့ ဒီမတိုင်ခင်ကတည်းက ကိုက မင်းကို စိတ်ဝင်စားနေခဲ့တာ"

လုမင်ယွိ "..."

လုမင်ယွိသည် အမှန်တွင်တော့ အနည်းငယ် သဘောပေါက်သလိုရှိနေခဲ့၏။

သို့သော်ငြား သူမသည် အတိတ်ဘဝက သူ့ညီတော်၏ ဇနီးတစ်ယောက် ဖြစ်နေခဲ့သည်။ လက်မထပ်ခင်ကလဲ အဝေးမှသာ တစ်ကြိမ် နှစ်ကြိမ်လောက်သာ တွေ့ခဲ့ဖူးသည်။ သူသည် မည်သည့်အချိန်ကများ သူမအပေါ် စိတ်များယိမ်းယိုင်သွားခဲ့ပါသနည်း။

"ဟိုတုန်းက မင်းအသက်၁၃နှစ်အရွယ် နွေဦးအမဲလိုက်ပွဲမှာ လီဟောက်နဲ့ ပထမဦးဆုံးတွေ့ဆုံခဲ့တယ်။ တကယ်တော့ အဲဒီ့နေ့က ကိုလဲ ပါလာခဲ့တယ်။ လီဟောက်ပစ်လိုက်တဲ့ အဲဒီ့မြှား ပြီးတော့ သူက မြန်မြန်ပဲ မြင်းကို အရှိန်တင်ပြီး သားကောင်ကို သွားကောက်ခဲ့တာ။ မင်းနဲ့လဲ စကားစပြောနိုင်ခဲ့တယ်။ ကိုကတော့ မင်းကို အဝေးကနေပဲ လှမ်းကြည့်နေခဲ့တာ။ မင်းက သိပ်ကိုရဲရင့်ပြီး တက်ကြွတဲ့ဟန်ပန်နဲ့ ဆွဲဆောင်မှုရှိတယ်လို့ ခံစားခဲ့ရတယ်။ ပြုံးလိုက်တဲ့အခိုက်အတန့်မှာ အရမ်းကို တောက်ပသွားခဲ့တာပဲ"

"ငယ်ငယ်လေးနဲ့ ပထမဦးဆုံးအကြိမ် ချစ်ကျွမ်းဝင်သွားတဲ့အချိန်မှာ ချစ်ခင်မြတ်နိုးတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကိုယ်မသိခဲ့ဘူး။ ကိုယ့်ရဲ့ခံစားချက်တွေ ဖြည်းဖြည်းချင်း သတိထားမိလာတဲ့အချိန်မှာ မင်းနဲ့လီဟောက်တို့က နှစ်ဦးသဘောတူ ချစ်ကြိုက်နေခဲ့ကြပြီ"

"ကိုက ညီအစ်ကိုချင်း လုယက်တဲ့ကိစ္စမျိုး မလုပ်နိုင်ခဲ့ဘူး။ ဒီစိတ်ခံစားချက်တွေကိုလည်း ဘယ်သူ့ကိုမှ တခါမှမပြောပြခဲ့ဖူးဘူး။ ဒါက မူဟုပ်တောင်မှမသိခဲ့ဘူး။ ကို့စိတ်ထဲမှာ သဘောကျရတဲ့ မိန်းကလေးတစ်ယောက် ရှိနေတယ်ဆိုတာကိုပေါ့"

မူဟုပ်က သဘောအတိုင်းစီစဥ်ပြီး ကို့အတွက် မုန့်မိသားစုနဲ့ စေ့စပ်ပေးခဲ့တယ်။ သဘောကျရတဲ့လူကို ယူလို့မရမှတော့ ဘယ်သူနဲ့ပဲ လက်ထပ်ရပါစေ အရေးမကြီးတော့ဘူးလို့ ကိုယ့်ဟာကို စဥ်းစားခဲ့ဖူးတယ်။ ကိုက မူဟုပ်ရဲ့ အစီအစဥ်အတိုင်းပဲ လိုက်နာပြီး မုန့်ယွင်လော်ကို လက်ထပ်ခဲ့တယ်။

ကိုနဲ့ လီဟောက်တို့က တရက်တည်းမှာ မင်္ဂလာပွဲကျင်းပခဲ့ကြတယ်။ ဒုတိယနေ့မှာတော့ နန်းတော်ထဲကို အတူတူဝင်ပြီး ဂါရဝပြုခဲ့ကြတယ်"

"ကို အဲဒီ့နေ့ကို အခုထိမှတ်မိနေတုန်းပဲ။ အဲဒီ့နေ့ကလဲ မင်းက အနီရောင်ဝတ်စုံကို ဝတ်ထားပြီး တောက်ပလန်းဆန်းနေခဲ့တာ။ ကို စိတ်မထိန်းနိုင်ဘဲ တစ်ချက်လောက် ခိုးကြည့်မိသွားတယ်။ မုန့်ရှီက သတိထားမိသွားပုံပဲ တော်တော်လေးကို ဒေါသထွက်ပြီး ပြန်ရောက်လာတော့ ကို့ကိုလာပြီးတော့ မေးတယ်။ ကိုကလဲ ဂရုမစိုက်ခဲ့ပါဘူး။ သူက အဲဒီ့အချိန်ကတည်းက စိတ်ထဲမှာ အစွဲအလန်းထားပြီး အမြဲတမ်းရန်ရှာတတ်ပြီး ကိုနဲ့လဲ ရန်ဖြစ်တော့တာပဲ"

ထို့ကြောင့်ပင် အတိတ်ဘဝက သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လေးစားခဲ့သော်ငြား ရေခဲတမျှအေးစက်ခဲ့ကြပြီး လင်မယားဆက်ဆံရေးမှာ အေးစက်ခက်ထန်ခဲ့ခြင်းဖြစ်လေသည်။

ထို့ကြောင့်ပင် မုန့်ယွင်လော်သည် နေရာတိုင်းတွင် သူမကို မျက်စိထဲမထည့်နိုင်ဖြစ်နေခဲ့ပြီး အချိန်တိုင်း သူမနှင့်ပြိုင်ဆိုင်နေခဲ့ခြင်းပင်။

အရာအားလုံး၏ အစပျိုးအကြောင်းအရာမှာ ဒီနေရာတွင်ရှိနေခဲ့ခြင်းပင်။

လုမင်ယွိ၏ စိတ်အစဥ်သည် မည်မျှနူးညံ့သိမ်မွေ့ပြီး ရှုပ်ထွေးနေသည်ကိုတော့ ပြောဖွယ်ရာမရှိတော့ချေ။ သူမသည် လီကျင့်ကို ကြည့်ရင်း အတန်ကြာမှ စကားတစ်ခွန်း ထုတ်ပြောလိုက်၏။ "ကျွန်မ အဲဒီ့ကိစ္စတွေကို လုံးဝမသိခဲ့ဘူး"

လီကျင့်ကလဲ ကိုယ့်ဟာကို ရယ်မောနေသယောင်ရှိသည့်အပြင် သက်ပြင်းချလိုက်သယောင်လဲ ဖြစ်နေ၏။ "ကိုယ့်ညီရဲ့ဇနီးကို တိတ်တခိုး သဘောကျနေမိတာ။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် ပြောထွက်ရက်မှာလဲ။ မုန့်ရှီက နောက်ကွယ်မှာ သီးသန့်မေးခွန်းထုတ်တဲ့အခါ ကိုယ်လဲ ဘယ်တော့မှ ဝန်မခံခဲ့ဘူးလေ"

လုမင်ယွိ "..."

လုမင်ယွိသည် ခဏလောက် ငြိမ်သက်သွားပြီးမှ တိုးညှင်းစွာ ပြောလိုက်လေသည်။ "ရှင် ကျွန်မလက်ထဲမှာ သေဆုံးခဲ့ရမှန်း ကိုယ့်ဟာကို သိလိုက်တော့ ကျွန်မကို ပိုပြီးမုန်းသွားတယ်မဟုတ်လား"

လီကျင့်က အင်းဟု နှာခေါင်းသံဖြင့်ပြန်ဖြေလိုက်လေသည်။ "မုန်းတာပေါ့။ အခုပြန်စဥ်းစားကြည့်ရင်တောင် ဒေါသကို ဖြေလို့မရသေးဘူး။ ဒါကြောင့် ဒီဘဝမှာ မင်းက ကို့ကိုပဲ လက်ထပ်ရမယ်။ မင်းရဲ့လက်ကျန်ဘဝနဲ့ ကို့ကိုယ် ဖြည်းဖြည်းချင်း ပြန်ပေးဆပ်ပြီး ဖြည့်ဆည်းပေးရမှာပေါ့"

လုမင်ယွိ၏ လည်ချောင်းထဲတွင် တစ်စုံတစ်ခု ဆို့နစ်သွားသဖြင့် စကားဆက်မပြောနိုင်ဘဲ ခေါင်းကိုသာ ညိမ့်ပြလိုက်ရတော့သည်။

လီကျင့်က ထပ်ပြောလာခဲ့၏။ "ကို့ရဲ့နောက်ဆုံးမှတ်ဉာဏ်က မင်းအဆိပ်သင့်တဲ့ တတိယနေ့မှာ ကိုယ်ဟာကိုပြောခဲ့တဲ့စကားတွေပဲ။ နောက်ပိုင်း တခဏမှာ ကို ရုတ်တရက် တစ်ကိုယ်လုံး လေထဲလွင့်ပျံသွားပြီး မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားခဲ့တယ်"

"သေချာတာကတော့ မင်းက အဆိပ်နဲ့သေဆုံးသွားခဲ့ပြီး ကို့ရဲ့ဝိညာဥ်ကလဲ လွင့်ပြယ်သွားခဲ့တာပဲ"

"မထင်ထားဘဲ ကိုကတမလွန်ဘဝကို ကူးပြောင်းမသွားဘဲ မျက်လုံးဖွင့်လိုက်တာနဲ့ ငယ်ရွယ်တဲ့အချိန်ကို ပြန်ရောက်လာခဲ့မိတယ်"

လုမင်ယွိက လေသံတိုးတိုးဖြင့် မေးခွန်းကို ပြန်ဖြေလိုက်လေသည်။ "စစ်တပ်ကြီး မြို့တော်ကို ပြန်လာတဲ့လမ်းမှာ ရှင်မြင်းပေါ်ကပြုတ်ကျပြီး နိုးလာတော့ လူတွေနဲံ မတွေ့ချင်ဘူး ဖြစ်နေတယ်။ အရှက်ရလို့မဟုတ်ဘဲ ပြန်လည်မွေးဖွားလာလို့ အရမ်းကို ထိတ်လန့်သွားတာပဲဖြစ်ရမယ်"

လီကျင့်ကလဲ ခေါင်းညိမ့်ပြလိုက်၏။ "ဟုတ်တယ်။ ရက်တွေအများကြီးပဲ ဆက်တိုက်စိတ်တွေရှုပ်ထွေးနေခဲ့တာ။ နန်းတော်ထဲပြန်ရောက်တော့မှ တည်ငြိမ်သွားခဲ့တာ။ အနာဂတ်လမ်းကြောင်ကိုလည်း စဥ်းစားထားပြီးသား ဖြစ်သွားတယ်"

လုမင်ယွိက သူ့ကို မေးလိုက်လေသည်။ "ရှင် လုအိမ်တော်ကို အရင်ဆုံးလာရှာပြီး ကျွန်မကို ဓားတစ်ချက်တည်းနဲသတ်ပြီး လက်စားချေဖို့ စိတ်မကူးခဲ့မိဘူးလား"

"စိတ်ကူးခဲ့မိတာပေါ့" လီကျင့်က သူမကို တလေးတနက် စိုက်ကြည့်လိုက်ကာ "ဒါပေမဲ့ တွေးလေလေ တကယ်တမ်း မလှုပ်ရှားနိုင်ခဲ့လေလေပဲ"

"ဒီလိုဖြစ်နေမှတော့ ကိုလဲ တွေးလိုက်တာပေါ့။ အရင်ဆုံး မင်းနဲ့ လီဟောက်ရဲ့စေ့စပ်ပွဲကို နှောက်ယှက်ပြီး မင်းကို အရင်လုယူလိုက်မယ်။ ဘယ်လိုမှ ထင်မထားတာက မင်းက လီဟောက်ကို လက်မထပ်ချင်ဘဲ သူ့အပေါ်မှာ အေးစက်စက် ဆက်ဆံနေခဲ့တာပဲ"

"ကို့ဆီမှာ ဒီလို ထူးဆန်းအံ့သြစရာ အတွေ့အကြုံရှိနေမှတော့ ဘယ်လိုဖြစ်တာလဲဆိုတာကို ခန့်မှန်းမိတာပေါ့။ မင်းလဲ သေပြီးနောက်မှာ တမလွန်ဘဝကိုမသွားဘဲ ကိုနဲ့အတူတူ ငယ်ရွယ်တဲ့အချိန်ကို ပြန်ရောက်လာခဲ့တာပဲ"

အင်း ဟုတ်တာပေါ့။ ဘယ်သူက ထင်ထားမိမှာလဲ။

ထို့ထက် ထိုနောက်ပိုင်းတွင်ကိစ္စများကိုတော့ ထပ်ပြောရန်မလို အပ်တော့ချေ။ လီကျင့်သည် သူ့ကံကြမ္မာကို ပြောင်းလဲရန်နှင့် သူ့မကို လက်ထပ်ဖို့ရန် ဆုံးဖြတ်ချက် ချခဲ့ပြီးသားပင်။ အရင်ဆုံး ချောင်မိဖုရားကို ဖျောင်းဖျခဲ့ပြီး သူမကို နန်းတော်ထဲသို့ ခေါ်ယူစေခဲ့သည်။ ထို့နောက်တွင်တော့ အကြွေးရှင်၏ပုံစံဖြင့် သူမရှေ့မှောက်တွင် ပေါ်ထွက်လာကာ တရားဝင် ပွင့်ပွင့်လင်းလင်း အကြွေးတောင်းလာခဲ့ခြင်းပင် ...

လုမင်ယွိသည် အတန်ကြာအောင် စကားမဆိုနိုင် ဖြစ်သွားတော့၏။ လီကျင့်ကလဲ နှုတ်ဆိတ်နေမိတော့သည်။

အနီရောင်ဖယောင်းတိုင်သည် အားလုံး လောင်ကျွမ်းလုနီးပါးဖြစ်သွားပြီး ကောင်းကင်ကြီးသည်လဲ အနည်းငယ်လင်းလက်လာခဲ့၏။ ငါးချက်တီး မောင်းခေါက်သံသည် နားထဲသို့ ပျံ့လွင့်လာခဲ့လေသည်။

အချိန်သည် မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့ပြီး မသိလိုက်ချိန်မှာပင် မိုးလင်းသွားခဲ့တော့သည်။

မင်္ဂလာဦးညအကြောင်းတော့ ပြောရန်မလိုချေ။ တရေးပြန်အိပ်ဖို့ရန်ပင် အချိန်မရှိတော့ချေ။ ယနေ့သည် မင်္ဂလာဆောင်ပြီး ဒုတိယမြောက်နေ့ ဖြစ်လေသည်။ သူတို့သည် ကိုယ်လက်သန့်စင်ကာ ပြင်ဆင်ခဲ့ကြပြီး နန်းတော်ထဲသို့ ဝင်ရောက်ကာ ဂါရဝပြုလက်ဖက်ရည် ဆက်သရတော့သည်။

လီကျင့်က ထရပ်လိုက်ပြီး လုမင်ယွိ၏ ရှေ့တည့်တည့်သို့လျှောက်သွားကာ လက်ကို ဆန့်တန်းလိုက်တော့၏။ "ကိုတို့ အဝတ်အစားလဲပြီး ပြင်ဆင်ပြီးရင် နန်းတော်ထဲက အဘွားတော် ဖုဟွမ်နဲ့ မူဟုပ်တို့ကို သွားပြီးတော့ ဂါရဝပြုကြမယ်"

ထိုနက်ရှိုင်းလှသည့် မျက်ဝန်းနက်နက်တစ်စုံထဲတွင် အပြုံးအရိပ်အယောင်များ ပါဝင်လို့နေ၏။

လုမင်ယွိ၏ လေးလံနေသည့် စိတ်အစဥ်သည်လဲ များစွာပေါ့ပါးသွားသည်။ သူမသည် လက်ကို လီကျင့်၏ လက်ထဲသို့ လှမ်းထည့်ပေးလိုက်ကာ ထရပ်လိုက်တော့၏။

အတိတ်ကကိစ္စများသည် ဖြစ်ပျက်ခဲ့ပြီးသွားပြီဖြစ်၏။ ထပ်ပြီး နောင်တရနေလို့လည်း အကျိုးမရှိတော့ပေ။ ဒီဘဝ၏ လျှောက်ရမဲ့လမ်းသည် သူ့ရွေးချယ်မှုဖြစ်ပြီး သူမ၏ ရွေးချယ်မှုလဲဖြစ်၏။ ဒီလိုဆိုမှတော့ သူတို့သည် ဇနီးမောင်နှံအဖြစ် လက်ချင်းတွဲကာ အတူဆက်လျှောက်သွားရတော့မည်။

လီကျင့်သည် သူမ၏စိတ်ကို ထိုးထွင်းမြင်လိုက်ဟန်တူကာ ကြိတ်ပြီး ပြုံးလိုက်မိလေသည်။

...

အိပ်ခန်းဆောင်ထဲတွင် ငွေခေါင်းလောင်းငယ်လေးတစ်လုံးရှိကာ နံရံဘေးက များပြားလှသည့် ရတနာများစီခြယ်ထားသည့် စင်ပေါ်တွင် တင်ထားလေသည်။ ကြိုးကို အနည်းငယ်လေး ဆွဲလိုက်သည်နှင့် ငွေခေါင်းလောင်းသံလေးသည် ကြည်လင်နေသည့်အသံလေးကို ထုတ်လွင့်လာခဲ့၏။

အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် နန်းတွင်းအစေခံမလေးများသည် တံခါးကိုတွန်းဖွင့်ကာ တန်းစီပြီးဝင်လာကြတော့သည်။

ဦးဆောင်လာသူမှာ မနေ့က မျက်နှာပြခဲ့ပြီးဖြစ်သည့် ထွီရုံပင်ဖြစ်လေသည်။

လုမင်ယွိ၏ မျက်ဝန်းများက ဝေ့ဝဲကြည့်လိုက်ကာ အမှုထမ်း ဝင်ရောက်လာသည့် နန်းတွင်းအစေခံမလေး စုစုပေါင်း၈ယောက် ရှိနေသည်။ လီကျင့်က မင်သားတစ်ပါးဖြစ်သဖြင့် ဒီလိုအခမ်းအနားအပြင်အဆင်ကတော့ ထူးဆန်းဖွယ်ရာမရှိချေ။

သို့သော်ငြား လုမင်ယွိသည် မိမိ၏အနားတွင် လူအများအပြားရှိနေခြင်းကို မနှစ်သက်လှပေ။ အတိတ်ဘဝက သူမ မိဖုရားခေါင်ကြီးဖြစ်စဥ်ကလဲ ချီယွင်ကိုသာ ကိုယ်တိုင်ကိုယ်ကျ အမှုထမ်းစေခဲ့သည်။ ကျန်နေသည့် နန်းတွင်းသူများကတော့ သူမ၏ အနားသို့ လုံးဝကပ်နိုင်ခြင်းမရှိခဲ့ချေ။

လီကျင့်က ပြုံးကာ တိုးတိုးလေး ပြောလိုက်၏။ "မင်း ဒီလောက်လူ အများကြီး ခစားတာကို မကြိုက်ဘူးဆိုရင် သူတို့ကို ပြန်လွှတ်လိုက်လေ"

လုမင်ယွိသည် တံခါးကဝင်လာသည့် ဒုတိယမင်းသား ကြင်ရာတော် ဖြစ်လေသည်။ အိမ်တော်အတွင်းက လူမှုကိစ္စအဝဝကို သူမက စီမံခန့်ခွဲရပေမည်။ လီကျင့်က ဒီစကားကိုဆိုလိုက်ခြင်းက နောက်ပြောင်လိုသည့်သဘော မကင်းချေ။ လုမင်ယွိကလဲ ဖြစ်သင့်သည့်သဘောကို ဆောင်ကာ အင်းဟု ခပ်တိုးတိုးပြောလိုက်ပြီးမှ အမိန့်ပေးလိုက်တော့၏။ "မင်းတို့အားလုံး ပြန်ထွက်သွားလို့ရပြီ။ ရှောင်ယွမ်ကို ဝင်လာဖို့ခေါ်လိုက်။ ချီယွင်ကို အဝတ်အစားလဲပေးဖို့ ဝင်လာဖို့ပြောလိုက်"

နန်းတွင်းအစေခံမလေးမျာသည် တရိုတသေဖြင့် အမိန့်ကိုနာခံကြကာ မြန်မြန်ပြန်ထွက်သွားကြတော့၏။

ခဏအကြာတွင်တော့ ချီယွင်နှင့် ရှောင်ယွမ်ကုန်းကုန်းတို့သည် ရှေ့ဆင့်နောက်ဆင့် အခန်းထဲသို့ ဝင်လာကြတော့သည်။

လီကျင့်က ပြုံးကာ မြှောက်ပင့်ပြောဆိုလိုက်တော့သည်။ "အာ့ဟွမ်စစ်ဖေး(ဒုတိယမင်းသားကြင်ရာတော်)က တကယ်ကို သြဇာအာဏာကြီးမားတာပဲ။ လေးစားပါတယ် လေးစားပါတယ်"

"ပြောပြစရာမလိုပါဘူး" လုမင်ယွိကလဲ ပြုံးကာ မျက်ခုံးများကို ပင့်ပြလိုက်ပြီး "တကယ်လို့ ဒုတိယမင်းသား အရှင်မင်းသားက နောင်အနာဂတ်မှာ လိုအပ်တဲ့နေရာရှိခဲ့မယ်ဆိုရင် ကျွန်မကတော့ သေချာပေါက် အစွမ်းကုန်ကြိုးစားပေးမှာပါ။ ဘယ်တော့မှ ငြင်းဆန်မှာမဟူတ်ဘူး"

လီကျင့်ကလဲ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်တော့သည်။

ဘေးတွင်ရှိနေသည့် ရှောင်ယွမ်ကုန်းကုန်းသည် ပျော်ရွှင်ဝမ်းမြောက်နေသည့် သခင်ကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် တစ်ယောက်တည်း ရေရွတ်လိုက်တော့၏။ ဆန္ဒရှိတဲ့အတိုင်း စိတ်ထဲကလူကို လက်ထပ်ခွင့်ရသွားတော့ အရှင်မင်းသားက တကယ်ကို စိတ်ခံစားချက် အရမ်းကောင်းမွန်နေတာပဲ။ ကြည့်ပါအုံး။ ဒီလိုတောင် အရူးတစ်ယောက်လို ပြုံးဖြီးနေတယ်တဲ့လေ။

...

အပိုင်း (၁၅၈) လက်ဖက်ရည်ဆက်သခြင်း (၁)

လက်ဖက်ရည်ဆက်သရမည့် သည်နေ့အတွက် ဝတ်စုံကိုတော့ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်လေသည်။

နန်းတွင်းရေးရာဌာနက မင်းသားကြင်ရာတော်၏ အဆင့်အတန်းအလိုက် နှစ်မကူးမီကတည်းက ဝတ်စုံများကို ချုပ်လုပ်ပြီးစီးခဲ့ကာ လုအိမ်တော်သို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်၏။

ချီယွင်သည် ဝတ်စုံသစ်ကို သွက်လက်စွာ ယူဆောင်လာပြီး လုမင်ယွိကို အဝတ်အစားလဲလှယ်ရန် ပြင်ဆင်ပေးတော့သည်။

လီကျင့်သည်လည်း အဝတ်အစား သွားရောက် လဲလှယ်သင့်သော်လည်း မျက်နှာပြောင်တိုက်ကာ ထွက်ခွာသွားရန် ငြင်းဆန်နေ၏။

လုမင်ယွိသည် သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ကန့်လန့်ကာ၏ နောက်ကွယ်သို့ သွားရောက်ကာ စကတ်နှင့် ဝတ်ရုံကို လဲလှယ်ပြီးမှ ပြန်ထွက်လာခဲ့သည်။

မီးလျှံကဲ့သို့ အနီရောင်ဝတ်စုံ၊ ရှည်လျားသည့်မျက်ခုံး၊ နက်မှောင်လှသည့်ဆံနွယ်၊ ကြည်လင်သော မျက်ဝန်းနှင့် နီထွေးသော နှုတ်ခမ်း။ မျက်ဝန်းများ လှုပ်ရှားသွားသည့်အခိုက်တွင် အေးစက်စက် လှပမှုနှင့် တောက်ပမှုတို့က ပေါ်လွင်နေသည်။

လီကျင့်၏ နှလုံးသားသည် ပူနွေးသွား၏။

မနေ့ညက အမူးတိုက်ခံလိုက်ရတာကိုပဲ မကျေနပ်တော့ဘူး။ ညသန်းခေါင်ကျော်တော့လည်း ရင်ဖွင့်ပြီး စကားတွေ ရှည်ရှည်ဝေးဝေး ပြောလိုက်ကြသေးတယ်။ မျက်စိတစ်မှိတ်အတွင်း မိုးလင်းသွားရော။ မင်္ဂလာဦးည ဝင်ရမယ့် အချိန်တောင် မရှိလိုက်ဘူး...

လီကျင့် မည်သို့ တွေးတောနေသည်ကို ထိုတည်ငြိမ်မှုမရှိသော မျက်ဝန်းများကို ကြည့်ရုံမျှဖြင့် သိရှိနိုင်လေသည်။

လုမင်ယွိသည် စိတ်ဆိုးချင်သလို ရယ်လည်း ရယ်ချင်သွားပြီး မျက်စောင်းတစ်ချက် ထိုးလိုက်တော့သည်။ “မြန်မြန် သွား အဝတ်အစားလဲတော့။ နန်းတော်ထဲ လက်ဖက်ရည်ဆက်သရမယ့် ပထမဆုံးနေ့မှာတောင် နောက်ကျမနေနဲ့”

လီကျင့်သည် ပြုံးလျက် အင်း ဟု အသံတစ်ချက် ပြုလိုက်ပြီး ရှောင်ယွမ်ကို အဝတ်အစားလဲလှယ်ရန် အမှုထမ်းစေသည်။

သူသည် ကန့်လန့်ကာ နောက်ကွယ်သို့ မသွားဘဲ လုမင်ယွိ၏ ရှေ့မှောက်တွင် ပွင့်ပွင့်လင်းလင်းပင် အဝတ်အစား လဲလှယ်လေသည်။

ချီယွင်ခမျာ လျင်မြန်စွာပင် ကိုယ်ကို လှည့်ထွက်သွားခဲ့ရသည်။

လုမင်ယွိသည် ထို အမွှေးအတောင် ဖြန့်ကျက်ရန် ကြံရွယ်နေသော ဒေါင်းငှက်ကို ကြည့်မနေဘဲ ချီယွင်ကို ပြောလိုက်၏။ “နင် ချွေ့ရုံကို သွားပြောလိုက်၊ မီးဖိုချောင်ကို မနက်စာ နည်းနည်း ပို့ခိုင်းလိုက်။ သိပ် အများကြီး ပြင်ဆင်စရာ မလိုဘူး၊ ရိုးရိုးရှင်းရှင်းဆို ရပြီ”

အိမ်တော်ကို အသစ်ရောက်လာတဲ့ မင်းသားကြင်ရာတော်က နန်းတော်ထဲ လက်ဖက်ရည်ဆက်သဖို့ ဝင်ရမှာဆိုတော့ တိုက်ပွဲပြင်းတစ်ပွဲ နွှဲရတော့မှာပဲ။ ဗိုက်ဆာဆာနဲ့တော့ နန်းတော်ထဲ ဝင်လို့ မဖြစ်ဘူး။ ဗိုက်ပြည့်အောင် စားထားမှ နန်းတော်ထဲက အကောက်ကြံစိတ်ထား အမျိုးမျိုးရှိတဲ့ လူတွေကို ရင်ဆိုင်ဖို့ အားရှိမှာ။

ချီယွင်သည် ပြုံးလျက် ဟုတ်ကဲ့ ဟု ဖြေကြားလိုက်သည်။

အိပ်ခန်းဆောင်မှ ထွက်လာသည်နှင့် ချွေ့ရုံသည် တံခါးအပြင်ဘက် မလှမ်းမကမ်းတွင် စောင့်ဆိုင်းနေသည်။ ချီယွင်သည် ပြုံးရွှင်စွာ ရှေ့သို့ တိုးသွားပြီး ရင်းနှီးစွာ ပြောလိုက်၏။ “မိန်းကလေးချွေးရုံကို အလုပ်ရှုပ်စေရတော့မယ်။ ဟွမ်စစ်ဖေးညန်ညန် (ကြင်ရာတော်မယ်မယ်)က မနက်စာ နည်းနည်း သုံးဆောင်ချင်လို့တဲ့။ ကျွန်မက ဒီကို အခုမှ ရောက်ကာစဆိုတော့၊ မိန်းကလေးချွေးရုံကိုပဲ မီးဖိုချောင်အထိ တစ်ခေါက်လောက် သွားပေးဖို့ အကူအညီတောင်းရတော့မယ်”

ချောင်မိဖုရားခေါင်၏ ယုံကြည်မှုကို ရရှိထားပြီး ဒုတိယမင်းသား အနားတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ရသည့်အပြင် ဒုတိယမင်းသား အိမ်တော်သို့ပါ တစ်ပါတည်း လိုက်ပါ တာဝန်ထမ်းဆောင်နိုင်သူ ချွေ့ရုံသည် အမှန်ပင် မိုက်မဲသူ တစ်ဦး မဟုတ်ပေ။

ချီယွင်က တမင်တကာ ချစ်ကြည်ရင်းနှီးမှု ပြသလာရာ ချွေ့ရုံသည် အလျင်အမြန် ပြုံးကာ ဖြေကြားလိုက်လေသည်။ “ကျွန်မက ရှင့်ထက် တစ်နှစ် နှစ်နှစ်လောက် အသက်ပိုကြီးပါတယ်။ ရှင် ကျွန်မကို အစ်မချွေ့ရုံလို့ ခေါ်လိုက်ရုံပါပဲ။ ဒီလိုအသေးအဖွဲကိစ္စလေးတွေ ရှိရင် ကျွန်မကိုသာ ပြောပါ”

ချီယွင်သည် ချက်ချင်းပင် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်ပြီး ပြုံးလိုက်ကာ ကျေးဇူးတင်စကား ပြောလိုက်၏။

မီးဖိုချောင်သည် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ ချွေ့ရုံ သွားရောက်ပြီးနောက် လက်ဖက်ရည် တစ်ခွက် သောက်သုံးချိန်ပင် မကြာလိုက်ဘဲ မနက်စာကို ပို့ဆောင် ရောက်ရှိလာသည်။

အရံဟင်း ၈ မျိုး၊ မုန့်ပဲသွားရည်စာ ၄ မျိုး၊ ဆန်ပြုတ်နှင့် ဟင်းချိုတို့မှာ အစုံအလင် ပါဝင်လေသည်။

လုမင်ယွိနှင့် လီကျင့်တို့သည် အတူတကွ ဝင်ထိုင်လိုက်ကြသည်။ မျက်လုံးချင်း ဆုံပြီး အချစ်စိတ်များ ဖလှယ်နေရန် အချိန်မရှိဘဲ တစ်ဦးစီက မိမိ ဗိုက်ပြည့်ရုံမျှ လျင်မြန်စွာ စားသုံးလိုက်ကြပြီးနောက် အတူတကွ မင်းသားအိမ်တော်မှ ထွက်ခွာခဲ့ကြသည်။

မြင်းလှည်းကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ လုမင်ယွိသည် မြင်းလှည်းပေါ်သို့ မတက်မီ သူမ၏ အကြည့်များသည် အလိုအလျောက်ပင် ဘေးဘက် အိမ်နီးချင်းဆီသို့ တစ်ချက် ဝေ့ကြည့်လိုက်မိသည်။

မင်းသားအိမ်တော်များတို့သည် တစ်ခုနှင့်တစ်ခု ကပ်လျက် တည်ရှိနေကြသည်။ တတိယမင်းသား အိမ်တော်သည် ဘေးဘက် အိမ်နီးချင်းတွင်ပင် ရှိနေ၏။

သူမ အတိတ်ကို ပြန်သတိရနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါက ခန္ဓာကိုယ်ရဲ့ အလိုအလျောက် တုံ့ပြန်မှုပဲ။ ဘာပဲဖြစ်ဖြစ် သူမက တတိယမင်းသား အိမ်တော်မှာ နှစ်အတော်ကြာ နေခဲ့ဖူးတာကိုး။

လီကျင့်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ရှေ့သို့ တိုးလာကာ လုမင်ယွိကို မြင်းလှည်းပေါ်သို့ တက်ရန် ကြင်နာစွာ ထူမပေးလိုက်သည်။

အဲဒီ ဖွင့်မပြောနိုင်တဲ့ စိတ်သဘောထား သေးသိမ်မှုလေးကတော့ တကယ် ကြည့်မကောင်းတာပါ။

လုမင်ယွိသည် ပြုံးကာ သူ့ကို တစ်ချက် စွေကြည့်လိုက်ရာ လီကျင့်သည် မျက်နှာပြောင်တိုက်စွာ ပြန်လည် ပြုံးပြလိုက်သည်။

အခြားသူများ၏ မျက်လုံးထဲတွင်တော့ ဤသည်မှာ မင်္ဂလာဇနီးမောင်နှံသစ်တို့ အချစ်စိတ်များ ပြင်းထန်လျက် မျက်လုံးချင်း ဆုံကာ အပြန်အလှန် စနောက်နေကြသည် မဟုတ်ပါလား။

ဒုတိယမင်းသား အိမ်တော်သည် နန်းတော်တံခါးနှင့် အလွန် နီးကပ်လှပြီး လက်ဖက်ရည် တစ်ခွက် သောက်သုံးချိန်အတွင်းမှာပင် ရောက်ရှိသွားသည်။

တိုတောင်းလှသော ခဏတာ အချိန်လေးအတွင်း လုမင်ယွိနှင့် လီကျင့်တို့သည် မြင်းလှည်းပေါ်တွင် များများစားစား ပြောဆိုခြင်း မရှိခဲ့ကြပေ။ သူတို့နှစ်ဦးသည် ယခုအချိန်တွင် သေတိုင်အောင် ခွဲမခွာနိုင်သော ဇနီးမောင်နှံ အချစ်စိတ်များအထိ ဝေးကွာနေသေးသော်လည်း စိတ်ချင်းဆက်နေပြီဟု ဆိုနိုင်လေသည်။

တရားဝင်ပွင့်ပွင့်လင်းလင်းနဲ့ နန်းမွေဆက်ခံခွင့်ကို အရယူသွားမယ်ဆိုမှတော့ တရားဝင် မိဖုရားခေါင်က မွေးဖွားတဲ့ မင်းသားနဲ့ မင်းသားကြင်ရာတော်ရဲ့ ဂုဏ်ပုဒ်ကို ထုတ်ပြရမှာပေါ့။ ရုပ်ရည်သွင်ပြင်ပဲ ဖြစ်ဖြစ်၊ အမူအရာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အပြုအမူပဲ ဖြစ်ဖြစ်၊ ကျန်တဲ့လူတွေ အားလုံးထက် သာလွန်နေရမယ်။

နန်းတော်တံခါးသို့ ဝင်လိုက်သည်နှင့် လီကျင့်သည် လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးလျက် သူမကို ကြည့်လိုက်ပြီး “ကိုတို့တွေ ရှို့နဉ်နန်းဆောင်ကို အတူတူ သွားကြရအောင်”

လုမင်ယွိသည် ကောင်းပါပြီ ဟု အသံတစ်ချက် ပြုလိုက်သည်။

မယ်တော်ကြီးကျောက်သည် မျိုးဆက်အားဖြင့် အကြီးဆုံးဖြစ်ပြီး အဆင့်အတန်းအားဖြင့်လည်း အမြင့်မြတ်ဆုံး ဖြစ်သည်။ နန်းတော်ထဲတွင် မဆိုထားနှင့် သာမန် မိသားစုများတွင်ပင် အဘွားဖြစ်သူ သက်ရှိထင်ရှား ရှိနေသေးပါက အရင်ဆုံး အဘွားကို သွားရောက်ကာ လက်ဖက်ရည် ဆက်သရမည် ဖြစ်သည်။

နှစ်ဦးသားသည် လက်တွဲကာ ရှေ့သို့ လျှောက်လှမ်းသွားကြရင်း ရံဖန်ရံခါ တီးတိုးစကား ပြောလိုက်၏။ “စိတ်လှုပ်ရှားနေလား”

လုမင်ယွိသည် ခပ်ဖျော့ဖျော့ ပြောလိုက်၏။ “ပုံမှန်အတိုင်း ပြောရရင်တော့ ဒီစကားက ကျွန်မနဲ့ တွေ့ရမယ့် လူတွေအပေါ်မှာပဲ သုံးလေ့ရှိတယ်”

ဒီစကားကတော့ တကယ်ကို အာဏာပြင်းပြီး ခန့်ညားတာပဲ။

လီကျင့်သည် အသံထွက် ရယ်မောလိုက်မိပြီး အနည်းငယ် အားထည့်ကာ သူမ၏ လက်ကို ပိုပြီး တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလိုက်သည်။

ရှို့နဉ်နန်းဆောင်သို့ ဝင်ရောက်ပြီးနောက် နန်းတွင်းအစေခံမလေးသည် အရင်ဆုံး ဝင်ရောက် သတင်းပို့လေသည်။ တမင်တကာလား သို့တည်းမဟုတ် မရည်ရွယ်ဘဲလားတော့ မသိချေ။ မယ်တော်ကြီးကျောက်သည် နှစ်ဦးသားကို ချက်ချင်း ဝင်ရောက်ခွင့် မပြုသေးပေ။ အေးစိမ့်စိမ့် နံနက်ခင်း လေပြေသည် ပင်မနန်းဆောင် အပြင်ဘက်တွင် ရပ်စောင့်နေသော မင်္ဂလာဇနီးမောင်နှံသစ်ကို ဖြတ်သန်း တိုက်ခတ်သွားသည်။

နှစ်ဦးသားလုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှု ရှိကြသဖြင့် အေးဆေးတည်ငြိမ်လျက် အနည်းငယ်မျှပင် တုန်လှုပ်မှု မတွေ့ရပေ။

“မနက်စာ အရင် စားလာခဲ့လို့ တော်သေးတာပေါ့” လီကျင့်သည် တိုးညှင်းစွာ ရယ်မောရင်း မိမိကိုယ်မိမိ လှောင်ပြောင်လိုက်သည်။ “နာရီဝက်လောက် စောင့်ရမယ် ဆိုရင်တောင် မတုန်လှုပ်ပါဘူး”

"ပြောရမယ်ဆိုရင်တော့ မယ်တော်ကြီးကျောက်က နည်းနည်း လွန်တာပဲ။ မင်္ဂလာဆောင် ဒုတိယနေ့မှာတောင် မြေးချွေးမကို ဒီလိုမျိုး မျက်နှာပြောင်တိုက်ပြီး အရှက်ခွဲရတယ်လို့။ ဒါက မြေးဖြစ်တဲ့လူရဲ့ မျက်နှာကိုရော ကောင်းစေလို့လား”

လုမင်ယွိသည် တိုးညှင်းသော အသံဖြင့် နှစ်သိမ့်လိုက်သည်။ “မိုက်မဲတဲ့လူတွေနဲ့ သွားပြီး အဆင့်တူအောင် လုပ်မနေပါနဲ့”

လီကျင့်: “...”

အဲဒီ မိုက်မဲတဲ့လူက ငါ့ရဲ့ အဘွားအရင်း ဖြစ်နေတာကိုး။

မျိုးဆက်ငယ် တစ်ဦးအနေဖြင့် သက်ကြီးဝါကြီးသူ၏ မကောင်းကြောင်းကို ပြောလို့ မဖြစ်ပေ။ သို့သော် ချင်ဖေး သားအမိကို မျက်နှာသာပေးသော အဘွားဖြစ်သူသည် တစ်ခါတစ်ရံ လုပ်ဆောင်လိုက်သော ကိစ္စများမှာ အမှန်တကယ်ပင် လူကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ပြောလို့လဲ မနိုင်ချေ။

လီကျင့်သည် ခဏလောက် တိတ်ဆိတ်သွားပြီး တိုးညှင်းစွာ ပြောလိုက်၏။ “အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး အပြစ်တင်လေ့ရှိတယ်။ ကိုက လုံလောက်အောင် မထူးချွန်လို့ အဘွားတော်ရဲ့ ချစ်ခင်မှုကို မရတာ၊ ဖုဟွမ်ရဲ့ မျက်နှာသာပေးမှုကိုလည်း မရတာလို့ ထင်ခဲ့တယ်။ နောက်မှ သဘောပေါက်လာတာက မင်းကို သဘောကျတဲ့လူက မင်း ဘာလုပ်လုပ် အကောင်းချည်းပဲ။ မင်းကို သဘောမကျတဲ့လူကတော့ မင်း ဘာပဲလုပ်လုပ် သူတို့ရဲ့ နှစ်သက်မှုကို ရနိုင်မှာ မဟုတ်ဘူး”

လုမင်ယွိသည် အနည်းငယ် သနားသွားဟန်ဖြင့် သူ့ကို တစ်ချက် ကြည့်လိုက်မိလေသည်။ “ဒီအချက်နဲ့ ပတ်သက်လို့တော့ ကျွန်မမှာ ဘာမှ သိပ်ပြီး ခံစားချက်တူတာ မရှိဘူး။ ငယ်ငယ်ကတည်းက ကျွန်မအဖေက ကျွန်မကိုပဲ ချစ်တယ်၊ မောင်နှမတွေကလည်း ကျွန်မကိုပဲ အလိုလိုက်ပြီး အလျှော့ပေးကြတယ်။ မျက်နှာသာပေးတယ်လို့ ပြောရမယ်ဆိုရင်တောင် အားလုံးက ကျွန်မ တစ်ယောက်တည်းကိုပဲ မျက်နှာသာပေးကြတာ။ မျက်နှာသာပေး မခံရတာက ဘယ်လို ခံစားချက်မျိုးလဲဆိုတာ ကျွန်မ မသိဘူး”

လီကျင့်: “...”

ရင်ဘတ်ကို မြားတစ်စင်း တိတ်တဆိတ် စိုက်ဝင်သွားသလိုပဲ။

လီကျင့်သည် ရင်ဘတ်နေရာကို ပွတ်သပ်ရင်း အနည်းငယ် ဝမ်းနည်းနာကျင်စွာ စွပ်စွဲလိုက်လေသည်။ “မင်းလေ နည်းနည်းလေးတောင် သနားကြင်နာစိတ် မရှိဘူး”

နုနယ်တဲ့ ပန်းပွင့်လေးမှ မဟုတ်တာ။ ဘာ သနားကြင်နာမှု လိုအပ်လို့လဲ။

လုမင်ယွိကတော့ နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေသည်။

စင်္ကြံလမ်း ခေါင်မိုးအောက်မှ နန်းတွင်းအစေခံမလေးသည် ဒုတိယမင်းသား ဇနီးမောင်နှံတို့မှာ စကားပြောဆို ရယ်မောနေကြပြီး အနည်းငယ်မျှပင် စိုးရိမ်ကြောင့်ကြမှု မတွေ့ရသည်ကို စောင့်ကြည့်လိုက်ပြီး ပင်မနန်းဆောင်ထဲသို့ ခြေသံဖွဖွဖြင့် ဝင်ရောက်သွားသည်။

ယနေ့သည် သတို့သမီးသစ် အိမ်သို့ ဝင်ရောက် လက်ဖက်ရည်ဆက်သသည့် နေ့ဖြစ်ရာ မိသားစု ဓလေ့ထုံးတမ်းအရ နေရာများကို စီစဉ်ထားလေသည်။

ပင်မနန်းဆောင်ထဲတွင် မယ်တော်ကြီးကျောက်သည် အထက်ဘက်တွင် အေးချမ်းစွာ ထိုင်နေလေသည်။

ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့သည် မယ်တော်ကြီးကျောက်၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြသည်။ ထို့နောက်တွင် မုန့်ကွေ့ဖေး၊ ချင်ဖေးနှင့် စူးကျောင်းရုံတို့ ဖြစ်ကြသည်။ ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့သည် အခြားတစ်ဖက်တွင် ထိုင်နေကြသည်။ ထို့နောက်တွင် ပထမမင်းသားနှင့် ပထမမင်းသားကြင်ရာတော်တို့ ဖြစ်ကြသည်။

ပထမမင်းသားကြင်ရာတော်သည် နာမကျန်းမှု တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပိန်ကျသွားခဲ့သည်။ ယနေ့တွင်တော့ မျက်နှာကို ခြယ်သကာ သေသပ်စွာ ပြင်ဆင်ထားသဖြင့် ပင်ပန်းနွမ်းနယ်သော ရောဂါရုပ်သွင်ကို မမြင်တွေ့ရတော့ပေ။

ပထမမင်းသားကြင်ရာတော်၏ ဘေးနားတွင် လစ်လပ်သော နေရာ ၂ ခုကို ချန်ထားသည်။ ဤသည်မှာ မင်္ဂလာဆောင်ထားသော ဒုတိယမင်းသားနှင့် ဒုတိယမင်းသားကြင်ရာတော်တို့အတွက် ချန်ထားသော နေရာများ ဖြစ်သည်။

တတိယမင်းသား လီဟောက်၊ စတုတ္ထမင်းသား လီရှန်း၊ ပဉ္စမမင်းသား လီချန်တို့သည် အစဉ်လိုက် ထိုင်နေကြသည်။

အခြား သားသမီး မရှိသော ငယ်ရွယ်သည့် မောင်းမမိဖုရားငယ်တို့ကတော့ ထိုင်ခုံရရှိရန် အရည်အချင်း မမီဘဲ ဘေးတွင် ရပ်နေကြရသည်။

နန်းတွင်းအစေခံမလေးသည် နန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး မယ်တော်ကြီးကျောက်၏ နားနားတွင် တီးတိုးစကား အနည်းငယ် လျှောက်တင်လိုက်သည်။ မူလက ပြုံးရွှင်နေသော မယ်တော်ကြီးကျောက်၏ မျက်နှာသည် အနည်းငယ် မှောင်မိုက်သွားပြီး နှာခေါင်းကို အသာအယာ ရှုံ့လိုက်သည်။

ချောင်မိဖုရားခေါင်၏ နှလုံးသားသည် ထိတ်ကနဲ ဖြစ်သွားပြီး လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။

မယ်တော်ကြီးကျောက်သည် မျက်လုံးဒေါင့်မှ အကြည့်ဖြင့် ချောင်မိဖုရားခေါင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အပြုံးမမည်သော အပြုံးဖြင့် ယုံးကျားဧကရာဇ်ကို ပြောလိုက်၏။ “အိုက်ကျားက သူတို့နှစ်ယောက်ကို စောင့်ခိုင်းထားတာက သတို့သမီးသစ်ရဲ့ သည်းခံနိုင်စွမ်းကို ကြည့်ချင်လို့။ ဘယ်လိုမှ မထင်ထားမိဘူး။ သူတို့နှစ်ယောက်က နန်းဆောင်အပြင်မှာ ပြောလိုက် ရယ်လိုက်နဲ့၊ ဂါရဝပြုပြီး လက်ဖက်ရည်ဆက်သဖို့ကို နည်းနည်းလေးမှ အလျင်မလိုကြဘူး”

...

အပိုင်း (၁၅၉) လက်ဖက်ရည်ဆက်သခြင်း (၂)

ပြောလိုက်သည့်စကားက အလွန်ပင် ကောက်ကျစ်လှ၏။

သတို့သမီးသစ်က လက်ဖက်ရည် လာရောက် ဆက်သသည်ကို ပင်ပမနန်းဆောင်ထဲသို့ ဝင်ခွင့်မပြုဘဲ အပြင်တွင် ရပ်စောင့်ခိုင်းထားသည်။ ရှင်းရှင်းလင်းလင်း ဆိုရလျှင် ဤသည်မှာ သတို့သမီးသစ်ကို အာဏာပြချင်နေခြင်းပင်။ မယ်တော်ကြီးကျောက်၏ ပါးစပ်ဖျားသို့ ရောက်သောအခါတွင်တော့ "သတို့သမီးသစ်ရဲ့ သည်းခံနိုင်စွမ်းကို ကြည့်ရှုခြင်း" ဟူ၍ ဖြစ်သွားလေသည်။

ချောင်မိဖုရားခေါင်သည် ကြားလိုက်ရသောအခါ ဒေါသစိတ်များ တဖွားဖွား ထွက်ပေါ်လာသော်လည်း ထူးကဲလှသော မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းကို အားကိုး၍သာ နေရာတွင်ပင် အမူအရာ မပျက်ယွင်းအောင် ထိန်းထားရလေသည်။

ယုံးကျားဧကရာဇ်ကတော့ တရားမျှတသော စကားတစ်ခွန်းကို ဆိုလိုက်သည်။ “သတို့သမီးသစ်က တံခါးဝကို လက်ဖက်ရည်ဆက်သဖို့ ရောက်နေပြီ။ စည်းကမ်းတွေ သတ်မှတ်ချင်ရင်တောင်မှ သူ့ကို အရင် ဝင်လာခိုင်းပြီးမှ ပြောသင့်တာပေါ့” နန်းဆောင်ထဲ ဝင်ခွင့်မပေးဘဲ နန်းဆောင်အပြင်မှာ စကားပြောပြီး ရယ်မောနေလို့ဆိုပြီး အပြစ်တင်တာကတော့ နည်းနည်း လွန်လွန်းနေပြီ။

လုရှီကို နန်းဆောင်အပြင်ဘက်မှာ ကြောက်ရွံ့တုန်လှုပ်နေစေချင်တာလား။

မယ်တော်ကြီးကျောက်သည် မကျေမနပ် ဖြစ်သွားပြီး ယုံးကျားဧကရာဇ်ကို တစ်ချက် စွေကြည့်လိုက်ပြီး “အရှင်မင်းကြီးက အိုက်ကျားကို အပြစ်တင်နေတာလား”

ယုံးကျားဧကရာဇ်သည် မည်သို့သော စကားကို ဆက်လက် ဆိုနိုင်ဦးမည်နည်း။

မုန့်ကွေ့ဖေးသည် အခွင့်ကောင်းကို ယူ၍ မီးလောင်ရာ လေပင့်ရန် ကြံရွယ်လျက် ဖြည်းညင်းစွာ လက်ကိုင်ပဝါဖြင့် ပါးစပ်ကို ကာလိုက်ပြီး ပြုံးကာ ပြောလိုက်၏။ “မယ်တော်ကြီးက လုရှီကို မတွေ့ဖူးသေးတော့ လုရှီရဲ့ စရိုက်ကို မသိသေးဘူးပေါ့။ အဲဒီတုန်းက မိဖုရားခေါင်ကြီး ဖွင့်တဲ့ နန်းတွင်းစားသောက်ပွဲမှာ လုရှီက လူပုံအလယ်မှာတင် စူးကျောင်းရုံကို အရှက်ခွဲရဲတယ်လေ။ မိဖုရားခေါင်ကြီးရဲ့ မျက်နှာကိုတောင် အဖတ်မလုပ်ခဲ့ဘူး။ သတ္တိက တော်တော် ကြီးတာနော်”

ချင်ဖေးသည် နူးညံ့စွာ ပြုံးလိုက်ပြီး အမူအရာမပျက် မီးထိုးပေးလိုက်သည်။ “လုရှီက စစ်သူကြီးမျိုးနွယ်ရဲ့ သမီး ပဲလေ၊ မယုံနိုင်စရာ ခွန်အားတွေ ရှိတယ်၊ ဒီလောကထဲက ယောက်ျားတော်တော်များထက် မနိမ့်တဲ့ သိုင်းပညာအရည်အချင်းရှိတယ်။ အရည်အချင်းရှိပြီး စွမ်းရည်ရှိတဲ့ လူတွေက စရိုက် နည်းနည်း ကြီးတာကတော့ ရှောင်လွှဲလို့ မရပါဘူး”

စူးကျောင်းရုံသည်ပင် ဝင်ရောက် ရောနှောလိုက်သည်။ “ကျွန်မမျိုးမ အမြင်အရတော့ လုရှီက ဒါကို မယ်တော်ကြီးကျောက် မြင်အောင် တမင်တကာ လုပ်ပြနေတာပဲ”

ချောင်မိဖုရားခေါင်သည် မပြုံးနိုင်တော့ဘဲ ဒေါသကြောင့် တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်လာသည်။ သူက လုမင်ယွိကို အစကတည်းက သိပ်ပြီး သဘောမကျခဲ့ဘူး။ ဒါပေမဲ့ အခု လုမင်ယွိက လီကျင့်နဲ့ လက်ထပ်ပြီး သူမရဲ့ ချွေးမ ဖြစ်လာပြီ။ သူမတို့ တစ်ဖက်တည်း ဖြစ်သွားပြီ။ မယ်တော်ကြီးကျောက်က လုမင်ယွိကို ဒုက္ခပေးတာက သူမနဲ့ လီကျင့် သားအမိနှစ်ယောက်ကို ဒုက္ခပေးနေတာပဲ။

မုန့်ကွေ့ဖေး၊ ချင်ဖေး၊ စူးကျောင်းရုံတို့က တစ်ယောက်မှ ကောင်းတဲ့လူ မဟုတ်ဘူး၊ တစ်ယောက်တစ်ပေါက် မီးလောင်ရာ လေပင့်လုပ်နေကြတယ်။ စကားတွေထဲမှာ လှုံ့ဆော်မှုတွေချည်းပဲ။ တကယ်တမ်း ပြောရရင် မယ်တော်ကြီးကျောက်ရဲ့ လက်ကို သုံးပြီး လုမင်ယွိရဲ့ ထင်ပေါ်ကျော်ကြားမှုကို အပြင်းအထန် ဖိနှိပ်ချင်နေကြတာ။

ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်ကို အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်သူ ဖြစ်ရာ ချောင်မိဖုရားခေါင်၏ မျက်နှာရိပ် မျက်နှာကဲ ပြောင်းလဲသွားသည်ကို မြင်သည်နှင့် ချက်ချင်း မိန့်တော်မူလိုက်သည်။ “အပြင်မှာ လူရှိလား။ ဒုတိယမင်းသား ဇနီးမောင်နှံကို ဝင်လာဖို့ ခေါ်လိုက်”

ယုံးကျားဧကရာဇ်က စကားတစ်ခွန်း ဆိုလိုက်သည်နှင့် လူတိုင်း နှုတ်ဆိတ်သွားကြသည်။ မယ်တော်ကြီးကျောက်ပင် မည်သည့်စကားမျှ မဆိုတော့ပေ။ ဟွန့်၊ မြေးချွေးမ ဝင်လာတာ၊ သူ့လို ဘွားတော်ယောက္ခမကြီးက နည်းနည်းပါးပါး ဒုက္ခပေးချင်တာက သာမန်ကိစ္စလေးပဲ။ သူ့ရဲ့ မျိုးဆက်က အကြီးဆုံး။ နေရာက အမြင့်မြတ်ဆုံးပဲ။ ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ၊ အောင့်အီး သည်းခံရမှာပဲ။

ခဏအကြာတွင် မင်္ဂလာဆောင်ထားသော ဒုတိယမင်းသားနှင့် ဒုတိယမင်းသား ကြင်ရာတော်တို့သည် ပင်ပမနန်းဆောင်ထဲသို့ ဝင်ရောက်လာကြသည်။

မင်းသားဝတ်စုံနှင့် မင်းသားကြင်ရာတော်၏ ဝတ်စုံတို့သည် နန်းတွင်းရေးရာဌာနမှ အထူးတလည် ချုပ်လုပ်ပေးထားခြင်း ဖြစ်ပြီး ထူးထူးခြားခြား ပြောဆိုစရာ မရှိပေ။ ထိုစဉ်အခါက ပထမမင်းသားက ပထမမင်းသားကြင်ရာတော်ကို လက်ထပ်ပြီး ဒုတိယနေ့တွင် လက်ဖက်ရည် လာရောက် ဆက်သစဉ်ကလည်း ဤကဲ့သို့သော ဝတ်စုံမျိုးကိုပင် ဝတ်ဆင်ခဲ့ကြသည်။

သို့သော် အဘယ်ကြောင့်မှန်း မသိ၊ လီကျင့်နှင့် လုမင်ယွိတို့ လက်တွဲ ဝင်ရောက်လာသည့် အခါတွင် ပင်ပမနန်းဆောင်ကြီးသည် ရုတ်တရက် လင်းထိန်သွားသကဲ့သို့ ရှိလေသည်။

တစ်ဦးက ချောမောထူးကဲပြီး တစ်ဦးက နှစ်လိုဖွယ် ဆွဲဆောင်မှု ရှိသည်။

တစ်ဦးက အရပ်အမောင်း မြင့်မားပြီး တစ်ဦးက ကိုယ်ဟန် သွယ်လျလှပသည်။

တစ်ဦးက မျက်နှာထက်တွင် နူးညံ့သော အပြုံးပန်းများ ဝေဆာနေပြီး တစ်ဦးက ခပ်ဖျော့ဖျော့ ပြုံးယောင်သန်းနေသည်။

တစ်ဦးက အေးဆေးတည်ငြိမ်ပြီး တစ်ဦးက တည်ငြိမ် လေးနက်လှသည်။

အမှန်တကယ်ပင် ကောင်းကင်ဘုံက ဖန်တီးပေးထားသည့် လိုက်ဖက်ညီသော စုံတွဲတစ်တွဲပင်။

ယုံးကျားဧကရာဇ်သည် မျက်ဝန်းများဖြင့် ဝေ့ဝဲကြည့်ရှုလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် လုမင်ယွိကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။ တခြားလူတွေရဲ့ ပါးစပ်ဖျားကနေ ကြားရတာတွေက နည်းနည်း အဆင်ခြင်မဲ့ပြီး ရုန့်ရင်းလှတာပဲ။ ဥပမာ မုန့်ကွေ့ဖေးဆိုရင် လုမင်ယွိအကြောင်း ပြောတဲ့အခါတိုင်း "မဆင်မခြင် ရိုင်းစိုင်းတယ်" ဆိုတာမျိုး အမြဲ ညွှန်းပြောတတ်တယ်။ ချောင်မိဖုရားခေါင်ကလည်း အနာဂတ် ချွေးမအကြောင်း ချီးကျူးတဲ့အခါ စကားလုံးတွေက စိတ်ရင်းအမှန် မပါဘူး။ ဒါကြောင့်လည်း ယုံးကျားဧကရာဇ်က ဒီ ဒုတိယချွေးမအပေါ်မှာ နည်းနည်း စိတ်ဝင်စားမိနေတာ။

ဒီနေ့ တွေ့လိုက်ရတော့ လုမင်ယွိက ငါ ထင်ထားတာထက် ပိုလှပြီး ပိုထူးချွန်နေတယ်။ အထူးသဖြင့် အဲဒီ အေးဆေးတည်ငြိမ်တဲ့ အမူအရာက တကယ်ကို ချီးကျူးစရာ အကောင်းဆုံးပဲ။ ရှင်းယန်ဝမ် ရဲ့ သမီးတော် ဖြစ်ထိုက်တန်ပါပေတယ်။ ဒီလို အရှိန်အဝါမျိုးနဲ့တင် လျန်ရှီနဲ့ နန်းတော်ထဲ မဝင်ရသေးတဲ့ မုန့်ယွင်လော်နဲ့ ကျောက်ယွီတို့ထက် သာလွန်နေပြီ။

ယောက္ခထီးတစ်ဦးအနေဖြင့် ချွေးမဖြစ်သူကို အကြာကြီး စိုက်ကြည့်နေရန် မသင့်တော်ပေ။ ယုံးကျားဧကရာဇ်သည် တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။

မယ်တော်ကြီးကျောက်ကတော့ အတန်ကြာအောင် သေသေချာချာ အကဲခတ်ကြည့်ရှုနေပြီး အပြစ်ရှာလိုသော်လည်း တစ်ခဏအတွင်း ရှာမတွေ့သဖြင့် နှုတ်ဖွင့်ကာ ဆိုလိုက်၏။ “အိုက်ကျားက မနက်စောစောထပြီး မြေးချွေးမကို ဦးချ လက်ဖက်ရည်ဆက်သတာကို စောင့်နေတာ၊ ဒီလို တစ်ခါစောင့်လိုက်တာ တစ်နာရီကျော် ကြာသွားပြီ”

အမှန်တကယ်တွင် မိမိကိုယ်တိုင်က နန်းဆောင်ထဲသို့ ဝင်ခွင့်မပေးခဲ့ဘဲ ယခုမူ အချက်အလက်များကို လှည့်ဖြားကာ မင်္ဂလာဇနီးမောင်နှံသစ်တို့ နောက်ကျရသည်ဟု အပြစ်တင် မြည်တွန်တောက်တီးနေခြင်းပင်။

လီကျင့်သည် မိမိကိုယ်မိမိ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အပြည့်အဝ ပြုလုပ်ထားပြီးပြီဟု ထင်မှတ်ထားခဲ့သော်လည်း ဤအခိုက်အတန့်တွင် ဒေါသမီးများသည် မမျှော်လင့်ဘဲ ပြင်းထန်စွာ တောက်လောင်လာသည်။

လီကျင့်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး သူ၏ မင်္ဂလာဇနီးသစ်ဘက်မှ ကာကွယ် ပြောဆိုရန် ပါးစပ်ဟလိုက်စဉ် လုမင်ယွိက သူ့ထက် ဦးအောင် ပါးစပ်ဖွင့်ကာ တုံ့ပြန်လိုက်၏။ “မြေးချွေးမက စောစောကတည်းက ရောက်နေခဲ့တာပါ။ အဘွားတော်က မြေးချွေးမကို တွေ့ချင်တယ်ဆိုရင် ခေါ်ယူဖို့ အမိန့်တစ်ခွန်း ပေးလိုက်ရုံပါပဲ။ ဘယ်နန်းတွင်းအစေခံကများ ဒီလောက် သတ္တိတွေ ကြီးပြီးတော့ သတင်းကို ဖုံးကွယ်ထားရဲတာလဲ။ အဘွားတော်ကို တစ်နာရီကျော်တောင် အလဟဿ စောင့်ခိုင်းထားရတယ်လို့။ ဒီလို ယုတ်မာတဲ့ အစေခံမျိုးကိုတော့ ဘယ်လိုမှ ဆက်ထားလို့ မဖြစ်တော့ဘူး”

မယ်တော်ကြီးကျောက်: “...”

လုမင်ယွိသည် ယုံးကျားဧကရာဇ်ကို လှမ်းကြည့်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ဆိုလိုက်သည်။ “ဖုဟွမ်၊ အာရှီ(ချွေးမတော်)က သတို့သမီးသစ်မို့ တကယ်တော့ စကားများများ မပြောသင့်ပါဘူး။ ဒါပေမဲ့ အဘွားတော်ကို ယုတ်မာတဲ့ အစေခံက လိမ်လည်လှည့်ဖြားနေတာကို မျက်မြင်ကိုယ်တွေ့ မြင်နေရတော့ စိတ်ထဲမှာ တကယ်ကို ဒေါသထွက်ပြီး မခံမရပ်နိုင် ဖြစ်ရပါတယ်။ အဘွားတော်က မယ်တော်ကြီး တစ်ပါးအနေနဲ့ သာ့ဝေတိုင်းပြည်မှာ အဆင့်အတန်း အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်၊ လူတိုင်းက လေးစားရတဲ့သူပါ။ အနောက်နန်းဆောင်ထဲမှာလည်း အဘွားတော်ကိုပဲ အလေးမြတ်ဆုံး ထားရတာပါ”

“အခု ဒီ ရှို့နဉ်နန်းဆောင်ထဲမှာတောင် အဘွားတော်ကို လိမ်လည်လှည့်ဖြားရဲတဲ့ နန်းတွင်းအစေခံ ရှိနေတယ်ဆိုရင်တော့ မြေးချွေးမ ဖြစ်နေရင်တောင်မှ ဘယ်လိုမှ ဒီတိုင်း ကြည့်နေလို့ မဖြစ်တော့ပါဘူး”

“ဖုဟွမ်ကို အမိန့်တော် ထုတ်ပြန်ပြီး ဒီ နန်းတွင်းအစေခံကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တောင်းဆိုပါတယ်”

ယုံးကျားဧကရာဇ်: “...”

တွေ့ပြီလား။ လူတစ်ယောက်ကို ထိန်းချုပ်ဖို့ မကြိုးစားခင် အရင် ချိန်တွယ်ကြည့်ရဦးမယ်။ လုမင်ယွိက နူးညံ့တဲ့ တယ်သီးတစ်လုံး မဟုတ်ဘူး၊ ဆူးချွန်တွေ အပြည့်နဲ့ သံလုံးတစ်လုံးပဲ။

အရှိန်အဝါထုတ်ပြနေသည့် လုမင်ယွိကို ကြည့်ရင်း ချောင်မိဖုရားခေါင်၏ ရင်ဘတ်ထဲတွင် ဆို့နင့်နေသည့် အလုံးကြီးက ရုတ်တရက် ပျောက်ကွယ်သွားပြီး အားရကျေနပ်သွားသည့် ခံစားချက်က အစားထိုးဝင်ရောက်လာတော့သည်။

မုန့်ကွေ့ဖေး၏ အပြုံးသည် တစ်ချက် ရပ်တန့်သွားသည်။ ချင်ဖေးသည် လက်ကိုင်ပဝါကို ထုတ်ယူကာ ဟန်ဆောင်ပန်ဆောင် ပါးစပ်ကို သုတ်လိုက်သည်။ စူးကျောင်းရုံသည် သည်မြင်ကွင်းကို မြင်ဖူးသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ထဲတွင် တစ်ချက်ပြီးတစ်ချက် အေးစက်လာသည်။ အရင်ဘဝတုန်းက လုမင်ယွိက သူ့ချွေးမအနေနဲ့ သူ့အတွက် ရှေ့ကနေ တိုက်ခိုက်ပေးခဲ့တယ်။ အရပ်ရှစ်မျက်နှာက ဒုက္ခပေးမှုတွေကို ရင်ဆိုင်ပေးခဲ့တယ်။ အခု လုမင်ယွိက ဒုတိယမင်းသားနဲ့ လက်ထပ်ပြီး ချောင်မိဖုရားခေါင်ရဲ့ ချွေးမ ဖြစ်သွားပြီ။ လုမင်ယွိရဲ့ စွမ်းရည် နဲ့ဆိုရင် နောင်ဆို လူတိုင်း သတိထားနေရတော့မှာပဲ။

ပထမမင်းသားကြင်ရာတော် လျန်ရှီသည်လည်း လုမင်ယွိကြောင့် တုန်လှုပ်သွားလေသည်။ ဪ၊ မြေးချွေးမတစ်ယောက် လုပ်ပြီးတော့၊ ကတ်သတ်ပြီး မုန်းစရာကောင်းတဲ့ အကြီးအကဲကို ဒီလိုမျိုး ရင်ဆိုင်လို့ ရတာကိုး။

ပထမမင်းသားတို့သည်လည်း အံ့အားသင့်သော မျက်နှာထားများ ဖြစ်သွားကြသည်။ သတို့သမီးသစ် ဝင်လာတာ တည်ငြိမ်ပြီး ရိုကျိုးနေရတာတောင် မလုံလောက်တာ။ ဒီ လုမင်ယွိကတော့ တကယ်ကို လျှာစောင်းထက်ပြီး မယုံနိုင်စရာကောင်းလောက်အောင် သတ္တိကောင်းနေပါလား။ သူက မယ်တော်ကြီးကျောက် နေရာမှာတင် ရန်တွေ့တာတို့၊ ယုံးကျားဧကရာဇ် ဒေါသထွက်တာတို့ကို မကြောက်ဘူးလား။

လူအများ၏ ရှုပ်ထွေးသော အကြည့်များကို ရင်ဆိုင်ရင်း လုမင်ယွိသည် အနည်းငယ်မျှပင် လိပ်ပြာမလုံခြင်း၊ ကြောက်ရွံ့ခြင်း မရှိဘဲ မျက်ဝန်းနက် တစ်စုံသည် စူးရှတော့မတတ် တောက်ပနေသည်။ သူမသည် ယုံးကျားဧကရာဇ်ကို သည်အတိုင်း စိုက်ကြည့်ရင်း ယောက္ခထီး၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။

မယ်တော်ကြီးကျောက်သည် ဤအချိန်တွင် နောက်ဆုံး၌ သတိပြန်ဝင်လာပြီး ဒေါသထွက်ရန် ပြင်လိုက်လေသည်။

ယုံးကျားဧကရာဇ်က နက်ရှိုင်းသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ကာ “လုရှီ ပြောတာလည်း အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို ကိစ္စသေးသေးလေးကို ဒီလောက် ကြီးကြီးကျယ်ကျယ် လုပ်စရာမလိုပါဘူး။ အရင်ဆုံး ဦးချပြီး လက်ဖက်ရည် ဆက်သလိုက်တာက ပိုကောင်းမယ်”

မယ်တော်လည်း တော်လောက်ပြီ မဟုတ်လား။ အရမ်း အရုပ်ဆိုးသွားရင် ဘယ်လို အဆုံးသတ်မှာလဲ။ အပြင်ကို သတင်း ပေါက်ကြားသွားရင်ရော ကောင်းမှာလား။

မယ်တော်ကြီးကျောက်၏ သတ္တိရှိမှု အားလုံးသည် သူ၏ သားတော်ထံမှ လာခြင်း ဖြစ်လေသည်။

ယုံးကျားဧကရာဇ်လည်း စိတ်မသက်မသာ ဖြစ်သွားသည်ကို မြင်သောအခါ မယ်တော်ကြီးကျောက်သည် တဖွားဖွား ထွက်ပေါ်လာတော့မည့် ဒေါသမီးများကို အတင်း ဖိနှိပ်လိုက်ရပြီး ခက်ထန်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီး ပြောတာ မှန်တယ်။ အရင် လက်ဖက်ရည် ဆက်သလိုက်”

ပင်ပမနန်းဆောင်ထဲတွင် အမှုထမ်းနေကြသော နန်းတွင်းသူများ အားလုံးသည် ဘေးအန္တရာယ်မှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သက်ပြင်းချလိုက်ကြသည်။ ဘုရား။ ဘုရား။ ဒီ အသစ်ဝင်လာတဲ့ ဒုတိယမင်းသား ကြင်ရာတော်က အရမ်း ထက်မြက်ပြီး အာဏာပြင်းလိုက်တာ။ တော်တော် စွမ်းဆောင်နိုင်တာပဲ။ ဒီလောက် ရန်စလို့ မကောင်းတဲ့ လူမျိုးကို သူတို့တွေ အမှုထမ်းတဲ့အခါ တော်တော် သတိထားရတော့မယ်။ မတော်တဆ တစ်ခုခု ဖြစ်သွားလို့ အဆူခံရပြီး အပြစ်ပေးခံရမှာမျိုး မဖြစ်အောင်လို့။

...

All Chapters