← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အပိုင်း (၁၆၀) လက်ဖက်ရည်ဆက်သခြင်း (၃)

ဘေးအန္တရာယ်မှ လွတ်မြောက်သွားသော နန်းတွင်းသူတို့သည် တိတ်တဆိတ် ချွေးသုတ်လိုက်ကြ၏။ ထို့နောက် ထိုင်ဖုံတစ်လုံးကို သွက်လက်စွာ ပင့်မကာ ရှေ့သို့ ချဉ်းကပ်လာပြီး အခြား နန်းတွင်းအစေခံမလေး နှစ်ဦးက လက်ဖက်ရည်ခွက်များကို သယ်လာကာ ရှေ့သို့ တိုးလာကြလေသည်။

အရင်ဆုံး ကန်တော့ခံ လက်ဖက်ရည် ဆက်သရခံမည့်သူမှာ မယ်တော်ကြီးကျောက် ဖြစ်လေသည်။

ထုံးတမ်းစဉ်လာအရဆိုလျှင် သတို့သမီးသစ်သည် ဒူးတုပ်၍ လက်ဖက်ရည် ဆက်သရမည်ဖြစ်ပြီး အမျိုးသားကတော့ လက်အုပ်ချီ အရိုအသေပြုရုံမျှဖြင့် လုံလောက်လေသည်။

လီကျင့်သည် မထင်မှတ်ဘဲ ရှေ့သို့ တိုးလာပြီး လုမင်ယွိနှင့်အတူ ဒူးတုပ်ကာ ဦးချလိုက်လေသည်။

မယ်တော်ကြီးကျောက်သည် သည်တရားဝင်မြေးတော်အပေါ်တွင် နှစ်သက်သည်ဟု မဆိုနိုင်သလို၊ မနှစ်သက်ဟုလည်း မဆိုသာဘဲ သံယောဇဉ်က သာမန်မျှသာ။ သည်အခိုက်အတန့်တွင် လီကျင့်၏ အပြုအမူကြောင့် တစ်ချက် ကြောင်သွားပြီး ချက်ချင်း ပြုံးလျက် ဆိုလိုက်သည်။ “ဒုတိယမြေးတော်က ဘာလို့ ဒူးတုပ်ရတာတုန်း၊ မြန်မြန်ထတော့”

လီကျင့်သည် ရိုရိုသေသေ ဦး ၃ ကြိမ် ချလိုက်ပြီးနောက် ပြုံးလျက် ဖြေကြားလိုက်သည်။ “မြေးတော် မင်္ဂလာဆောင်ပြီး ဇနီးရတော့ စိတ်ထဲမှာ အရမ်း ပျော်နေတာ ထိန်းလို့တောင် မရဘူး။ အဘွားတော်ကို ဦး ၃ ကြိမ် ချတာက ဘာများ အရေးပါလို့လဲ။ အဘွားတော်သာ ပျော်မယ်ဆိုရင် မြေးတော် နောက်ထပ် ဘယ်နှခါဖြစ်ဖြစ် ဦးချဖို့ ဝန်မလေးပါဘူး”

မယ်တော်ကြီးကျောက်သည် နားယောင်လွယ်သူဖြစ်ရာ ဤကဲ့သို့သော စကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ရယ်မောလိုက်လေသည်။

ပင်မနန်းဆောင်ထဲမှ အေးစက်စက် အနေခက်ဖွယ် လေထုသည် ချက်ချင်းပင် လျော့ပါးသွားတော့သည်။

ထို့နောက် လုမင်ယွိသည် လက်ဖက်ရည်ခွက် တစ်ခွက်ကို ပင့်မကာ မယ်တော်ကြီးကျောက်၏ ရှေ့မှောက်သို့ ပို့ဆောင် ဆက်သလိုက်သည်။ “မြေးချွေးမက အဘွားတော်ကို လက်ဖက်ရည် ဆက်သပါတယ်”

မယ်တော်ကြီးကျောက်၏ တုံ့ပြန်မှုသည်လည်း လူတိုင်း၏ မျှော်လင့်ချက်ထဲတွင် ရှိနေပြီးဖြစ်ကာ လက်ဖက်ရည်ခွက်ကို လှမ်းယူရန် သဘောထား လုံးဝ မရှိခဲ့ပေ။

သို့သော် မယ်တော်ကြီးကျောက်သည် ခုနကပင် မျက်နှာပျက်ခဲ့ရပြီးဖြစ်ရာ သင်ခန်းစာ ရသွားဟန်ဖြင့် မည်သည့် ကြမ်းတမ်းသော စကားကိုမျှ မဆိုတော့ပေ။ ထိုအစား မျက်နှာချိုသွေးလျက် ပြုံးကာ ပြောလိုက်လေသည်။ “အိုက်ကျားက ဒီအသက်အရွယ် ရောက်နေပြီ၊ အပျော်ဆုံးကတော့ မြေးတွေက ချွေးမတွေ ခေါ်လာတာကို မြင်ရတာပဲ။ အိုက်ကျားက မင်းလည်း သားသမီးတွေ အမြန်ဆုံး မွေးဖွားပြီး လီမိသားစုအတွက် မျိုးဆက်တွေ ဖြန့်ကျက်ပေးနိုင်ဖို့ မျှော်လင့်နေတယ်။ အဲဒီအချိန်ကျရင် မင်းက လီမိသားစုရဲ့ ကျေးဇူးရှင်ပဲ၊ အိုက်ကျားကလည်း ဆုလာဘ်တွေ အများကြီး ချီးမြှင့်ရမှာပေါ့...”

သူမသည် တတွတ်တွတ်ဖြင့် မရပ်မနား ပြောဆိုနေလေသည်။

ထို လက်ဖက်ရည်ခွက်သည်လည်း တမင်တကာ လက်စွမ်းပြထားသည်မှာ ထင်ရှားပြီး အလွန်အမင်း ပူလောင်လျက် ရှိသည်။ ခေတ္တမျှ ကိုင်ထားလျှင် ကိစ္စမရှိသော်လည်း အချိန်ကြာမြင့်လာသောအခါ လက်ပူရုံမျှမက တည်ငြိမ်အောင် ကိုင်ထားနိုင်မည်လော ဆိုသည်မှာပင် မသေချာလှပေ။

အကယ်၍သာ တည်ငြိမ်အောင် မကိုင်ထားနိုင်ဘဲ လက်ဖက်ရည်ခွက် လွတ်ကျသွားခဲ့လျှင် ရေနွေးပူများက ဝတ်စုံပေါ်သို့ စင်ကျသွားပြီး အလွန်တရာ အရှက်ရ မျက်နှာပျက်ဖွယ် ဖြစ်သွားမည် ဖြစ်သည်။

ဤနည်းလမ်းသည် သဘာဝကျကျပင် အသစ်အဆန်း မဟုတ်ခဲ့ပေ။ သတို့သမီးသစ်ကို ဒုက္ခပေးသည့် သမားရိုးကျ လုပ်ရပ်တစ်ခုလည်း ဖြစ်၏။

ထိုစဉ်အခါက ပထမမင်းသားကြင်ရာတော် ဝင်ရောက်လာစဉ် မုန့်ကွေ့ဖေးသည် သည်နည်းလမ်းကို အသုံးပြုခဲ့ဖူးလေသည်။ ပထမမင်းသားကြင်ရာတော်သည် နေရာတွင်ပင် အရှက်တကွဲ ဖြစ်သွားခဲ့ပြီး လူများ၏ ပေါ်တင်နှင့် တိတ်တခိုး လှောင်ပြောင်ခြင်းကို အချိန်အတော်ကြာ ခံခဲ့ရလေသည်။

မျက်နှာအရေ ပိုပါးလွှာသူများ ဤကဲ့သို့သော ကိစ္စနှင့် ကြုံတွေ့ရလျှင် ဤ မကျေနပ်မှုကို တိတ်တဆိတ် မျိုချလိုက်ရုံသာ တတ်နိုင်ကြသည်။ သတ္တိ ပိုရှိသူများ ဤကဲ့သို့သော ကိစ္စနှင့် ကြုံတွေ့ရ၍ စိတ်ထဲတွင် မကျေမနပ် ဖြစ်လျှင်လည်း ကောင်းမွန်သော နည်းလမ်း မရှိဘဲ သည်းခံလိုက်ရုံသာ ရှိသည်။ သတို့သမီးသစ်တိုင်းသည် ဤအတွေ့အကြုံကို ဖြတ်သန်းကြရမြဲပင်။

လူတိုင်း၏ အကြည့်များသည် လုမင်ယွိ၏ ကိုယ်ပေါ်သို့ တစ်ပြိုင်နက် ကျရောက်သွားပြီး သူမ မည်သို့ တုံ့ပြန်မည်ကို ကြည့်ရှုနေကြသည်။

လီဟောက်၏ မျက်ဝန်းများသည် အနည်းငယ် မှောင်မိုက်သွားပြီး လုမင်ယွိကို စူးစိုက် ကြည့်နေလိုက်သည်။

သူ လုမင်ယွိရဲ့ စရိုက်ကို အရမ်း သိတာပေါ့၊ သူမက ဘယ်တော့မှ အောင့်အီး သည်းခံနေမှာ မဟုတ်ဘူး။ မယ်တော်ကြီးကျောက်က ဘယ်သူ့ရဲ့ မြှောက်ပင့်မှု ခံလိုက်ရလို့ လုမင်ယွိကို "အမြင်ကြည်" ချင်နေမှန်း မသိဘူး။ လုမင်ယွိရဲ့ စရိုက်နဲ့ဆိုရင် ဒီနေ့ ဘယ်လိုပုံစံမျိုးတွေ ဖြစ်အောင် ရန်ရှာမလဲ မသိဘူး။

မယ်တော်ကြီးကျောက်ကတော့ ကောင်းတာ ခံရမှာ မဟုတ်တာ သေချာပေမဲ့ လုမင်ယွိလည်း အကြီးအကဲကို မရိုမသေဘူးဆိုတဲ့ နာမည်ဆိုး ရသွားလိမ့်မယ်။ ယုံးကျားဧကရာဇ်က အသိတတ်ဆုံး ပဲ။ ဒီကိစ္စကြောင့် ဒုတိယချွေးမအပေါ်မှာ စိတ်ထဲက မကျေမနပ် ဖြစ်သွားမှာ သေချာတယ်။

ချောင်မိဖုရားခေါင်သည် မထိန်းနိုင်တော့ဘဲ တိုးညှင်းသော အသံဖြင့် ဆိုလိုက်သည်။ “မူဟုပ် အရင် လုရှီရဲ့ လက်ဖက်ရည်ကို ယူလိုက်ပါဦး။ ပြီးမှ လုရှီကို ဖြည်းဖြည်းချင်း ဆုံးမပေါ့”

မယ်တော်ကြီးကျောက်သည် ပြုံးလျက် ဆိုလိုက်လေသည်။ “မိဖုရားခေါင်ကို ကြည့်ပါဦး။ ချွေးမကို ဘယ်လောက်တောင် စိတ်ပူနေလဲ။ အိုက်ကျား မှတ်မိသေးတယ်။ အဲဒီတုန်းက မိဖုရားခေါင် ဝင်လာတုန်းကလည်း ဒီလိုပဲ လက်ဖက်ရည် ဆက်သခဲ့ရတာ။ အဲဒီအချိန်တုန်းက မိဖုရားခေါင်က ငယ်သေးတယ်။ လုရှီလို တည်ငြိမ်နေတာမျိုးတော့ မရှိခဲ့ဘူး...”

တတွတ်တွတ်ဖြင့် နောက်ထပ် စာတစ်မျက်နှာစာမျှ ရှည်လျားသွားပြန်သည်။

ချောင်မိဖုရားခေါင်သည်လည်း မည်သို့မျှ မတတ်နိုင်တော့ဘဲ လုမင်ယွိကိုသာ လှမ်းကြည့်လိုက်ပြီး အနည်းငယ် သည်းခံလိုက်ရန် မျက်ရိပ်ပြလိုက်ရသည်။

...

လုမင်ယွိ၏ တုံ့ပြန်မှုသည် တစ်ဖန် လူတိုင်း၏ မျှော်လင့်ချက်မှ လွဲချော်သွားပြန်သည်။

ထို ပူလောင်လှသော လက်ဖက်ရည်ခွက်ကို သူမသည် တည်ငြိမ်စွာ ပင့်မထားလျက် လက်ဖက်ရည်ဆက်သသည့် ဟန်ပန်အတိုင်း ထိန်းထား၏။ ဤသို့ဖြင့် အမွှေးတိုင် တစ်တိုင်ခန့် အချိန် ကြာမြင့်သွားသော်လည်း လက်သည် တစ်စက်မျှ လှုပ်ရှားသွားခြင်း မရှိဘဲ ထိုက်တောင်ကြီးသဖွယ် တည်ငြိမ်နေသည်။

လက်ဖက်ရည်ခွက် လွတ်ကျသွားသည့် ရှက်ဖွယ်အခြေအနေမျိုး လုံးဝ မဖြစ်ပေါ်ခဲ့သလို အခက်တွေအောင်လုပ်ခံရခြင်းနှင့် သေးသိမ်ခြင်းတို့မှ နာကျင် ရှက်ရွံ့မှု အသွင်လည်း တစ်စိုးတစ်စိမျှ မတွေ့ရပေ။ သူမသည် စိတ်ဝင်စားဖွယ်ရာ အမူအရာကိုပင် ပြသထားပြီး အလွန် နစ်မျောစွာ နားထောင်နေခဲ့သည်။

မယ်တော်ကြီးကျောက်သည် အဓိပ္ပာယ်မရှိသော စကားများ မည်မျှပင် များပြားစေကာမူ ပြော၍ ကုန်ဆုံးသွားသည့် အချိန်တော့ ရှိသည်သာ။

ယုံးကျားဧကရာဇ်သည်လည်း သည်းမခံနိုင်တော့ဘဲ မယ်တော်ကြီးကျောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သူ ရှင်းယန်ဝမ်ကို ကတိပေးထားခဲ့တယ်လေ။ ချွေးမကို ကောင်းကောင်း ဆက်ဆံပါ့မယ်လို့။ အခုတော့ ကောင်းရော။ ချွေးမ ဝင်လာတာနဲ့ ကိုယ့်အမေအရင်းက မပြီးနိုင် မစီးနိုင် ဒုက္ခပေးနေတော့တာပဲ။ လုမင်ယွိက စိတ်ထားကောင်းလို့သာ တော်သေးတယ်။ ခုထိ ပြုံးပြုံးလေးနဲ့ နားထောင်နေတုန်းပဲ။

မယ်တော်ကြီးကျောက်သည် လုမင်ယွိ အရှက်တကွဲ ဖြစ်သွားသည်ကို မမြင်တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားတော့သည်။

သိုင်းလေ့ကျင့်ဖူးတဲ့ မြေးချွေးမဆိုတာက ဒီလိုမျိုး မုန်းစရာ ကောင်းတာပဲ။

မယ်တော်ကြီးကျောက်သည် လက်ကိုဆန့်ထုတ်၍ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ရုံသာ တတ်နိုင်တော့သည်။

မည်သို့ ဖြစ်သွားသည် မသိ။ မူလက ကောင်းမွန်နေသော လက်ဖက်ရည်ခွက်သည် မယ်တော်ကြီးကျောက် လှမ်းယူလိုက်သည့် အခိုက်တွင် ရုတ်တရက် အမှုန့်အမွှားများအဖြစ် ကြေမွသွားသည်။

လက်ဖက်ရည်ကြည် တစ်ခွက်လုံးသည် ဝေါခနဲ မယ်တော်ကြီးကျောက်၏ ကိုယ်ပေါ်သို့ အကုန်လုံး ကျဆင်းသွားလေသည်။

အားလုံး: “...”

ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်သက်တွင် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။

မယ်တော်ကြီးကျောက်သည် ကြိုတင်ကာကွယ်ချိန် မရလိုက်ဘဲ လက်ဖက်ရည်များဖြင့် တစ်ကိုယ်လုံး စိုရွှဲသွားကာ အလွန်တရာ အကျည်းတန်သော အခြေအနေသို့ ရောက်ရှိသွား၏။

ညာလက်သည် အနေရခက်စွာ လေထဲတွင် ဆန့်တန်းလျက် ရှိနေဆဲဖြစ်ပြီး လက်ထဲမှ လက်ဖက်ရည်ခွက်သည် အမှုန့်များ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အမှုန်အများစုမှာ လက်ဖက်ရည်များဖြင့် လွင့်ပါးသွားပြီး အချို့ကတော့ လေထဲတွင် တလွင့်လွင့် ကျဆင်းနေလေသည်။

ယုံးကျားဧကရာဇ်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး တုန်လှုပ်နေသော မယ်တော်ကြီးကျောက်ကို လျင်မြန်စွာ လက်ဖြင့် ထူမလိုက်သည်။ သူ၏ အကြည့်များသည် လုမင်ယွိထံသို့ စူးရှစွာ ကျရောက်သွားသည်။ “လုရှီ”

လုမင်ယွိသည်လည်း စိုးရိမ်တကြီး တောင်းပန်သော မျက်နှာထားဖြင့် ပြောလိုက်၏။ “ဖုဟွမ် ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ အာရှီ တမင်တကာ လုပ်တာ လုံးဝ မဟုတ်ပါဘူး။ အာရှီက မွေးရာပါ အားကြီးပြီး တစ်ခါတလေ မထိန်းချုပ်နိုင်ဘဲ လက်ထဲမှာ ကိုင်ထားတဲ့ အရာတွေက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတတ်ပါတယ်။ ဒီနေ့ အဘွားတော်ကို ဦးချ လက်ဖက်ရည်ဆက်သတော့ ချွေးမတော်က စိတ်လှုပ်ရှားပြီး တုန်လှုပ်နေတာနဲ့ အားနည်းနည်း လွန်သွားပြီး ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိလိုက်တာ ဖြစ်ပါလိမ့်မယ်။ အားလုံး အာရှီရဲ့ အမှားပါ၊ ဖုဟွမ်ကို အပြစ်ပေးဖို့ တောင်းဆိုပါတယ်”

ယုံးကျားဧကရာဇ်သည် မည်သို့သော စကားကို ဆက်လက် ဆိုနိုင်ဦးမည်နည်း။ မင်းက ဘယ်လိုတောင် ဒီလောက် မဆင်မခြင် ဖြစ်ရတာလဲ ဟု ဆိုရမည်လား။ သို့တည်းမဟုတ် မင်းရဲ့ အဘွားတော်က ကတ်သတ် ဒုက္ခပေးနေရင်လည်း ငြိမ်ငြိမ်ခံလိုက်ပေါ့၊ ဘာလို့ ပြန်ပြီး လက်တုံ့ပြန်ရတာလဲ ဟု ဆိုရမည်လားပင် မသိတော့ချေ။

မည်သို့ပင်ဖြစ်စေ လုမင်ယွိသည် ပွင့်ပွင့်လင်းလင်းပင် အမှားကို ဝန်ခံလိုက်ပြီး ဖြစ်သည်။

မယ်တော်ကြီးကျောက်သည် ဤကဲ့သို့ အကျည်းတန်သော အခြေအနေတွင် ဒေါသထွက်ရန် အချိန်ပင် မရလိုက်ဘဲ နန်းတွင်းသူ နှစ်ဦးကို တွဲကာ အဝတ်အစားလဲရန် ထွက်ခွာသွားသည်။ ချင်ဖေးသည် ချက်ချင်း ထရပ်လိုက်ပြီး မယ်တော်ကြီးကျောက်ကို ကူညီ တွဲလျက် ထွက်ခွာသွားလေသည်။

မုန့်ကွေ့ဖေး၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းသွားသည်။

မယ်တော်ကြီးကျောက် မျက်နှာပျက်တာကို မြင်ရတော့ သူလည်း ကြည့်လို့ ကောင်းသားပဲ။ ဒါပေမဲ့ လုမင်ယွိက ဒီလောက်တောင် စွမ်းရည်ထက်မြက်တာက တကယ်ကို ကြောက်စရာ ကောင်းတယ်။

စူးကျောင်းရုံ၏ နှလုံးသားသည်ကား ပိုလို့ပင် တုန်လှုပ်သွားလေသည်။

တွေ့လား။ လုမင်ယွိဆိုတာ ဒီလို စရိုက်မျိုးပဲ။ ဘယ်သူ သူ့ကို ရန်စရဲလဲ။ သူက နေရာမှာတင် အရှက်ခွဲပစ်မှာ။ နောက်နေ့အထိတောင် စောင့်နေမှာ မဟုတ်ဘူး။

ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် အလွန်တရာ ကျေနပ်သွားပြီး ချွေးမဖြစ်သူကို ကြည့်သော အကြည့်များသည် အတော်ပင် နူးညံ့သွားသည်။ သူမသည် ကိုယ်ကိုလှည့်ကာ ချွေးမအတွက် ကြားဝင် ပြောဆိုပေးလိုက်သည်။ “အရှင်မင်းကြီး စိတ်ဆိုး ပြေတော်မူပါ။ လုရှီက တကယ်ကို မွေးရာပါ ခွန်အားကြီးတာပါ၊ ကျွန်မမျိုးမလည်း တွေ့မြင်ဖူးပါတယ်”

“သူက ပေါင် ၃၊ ၄ ရာ လေးတဲ့ ကုလားထိုင်ကိုတောင် မနိုင်တာ။ သာမန် လက်ဖက်ရည်ခွက်လေး တစ်လုံးကို လက်ထဲမှာ ဒီလောက် အကြာကြီး ကိုင်ထားရတော့။ ကိုင်ပြီး ဖျက်ဆီးမိသွားတာကလည်း ဖြစ်တတ်တာပါပဲ။ သူက တမင်တကာ လုပ်တာ မဟုတ်ပါဘူး၊ မရည်ရွယ်ဘဲ အမှားလုပ်မိတာပါ။ အရှင်မင်းကြီးက သူ့ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါ”

ယုံးကျားဧကရာဇ်သည် မိခင်အရင်းကို မည်မျှပင် စိတ်ပူပန်စေကာမူ အကျိုးအကြောင်း ဆင်ခြင်ရပေဦးမည်။

ထို့အပြင် ချွေးမ ဝင်ရောက်လာသည့် ဒုတိယနေ့တွင် ယောက္ခထီး လုပ်သူက ချွေးမကို အပြစ်ပေးလိုက်လျှင် နန်းတော်အပြင်သို့ သတင်း ပေါက်ကြားသွားပါက မည်သို့ သဘော သက်ရောက်မည်နည်း။

ပါးစပ်ကတော့ ချွေးမကို သမီးအရင်းလို ဆက်ဆံမယ်လို့ အကြိမ်ကြိမ် ပြောထားခဲ့တာ။ ရှင်းယန်ဝမ်သာ နန်းတော်ထဲကို ရောက်လာခဲ့ရင် သူ ဒီ ဧကရာဇ်က ဘယ်လို မျက်နှာနဲ့ အရင်းနှီးဆုံး အရေးပါတဲ့ အမတ်ကြီးကို တွေ့ရမှာလဲ။

ယုံးကျားဧကရာဇ်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အသံကို လျှော့ကာ မိန့်တော်မူလိုက်ရတော့သည်။ “တော်ပြီ။ မရည်ရွယ်ဘဲ မှားတာဆိုမှတော့ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့။ မယ်တော်ကြီး အဝတ်အစားလဲပြီး ပြန်လာတဲ့အထိ စောင့်၊ မယ်တော်ကြီးကို တောင်းပန်ပြီး လက်ဖက်ရည် တစ်ခွက် ပြန်ဆက်သလိုက်”

လုမင်ယွိသည် ပြုံးလျက် ဟုတ်ကဲ့ ဟု ဖြေကြားလိုက်သည်။

ချောင်မိဖုရားခေါင်သည် ထပ်ပြီး ဆိုလိုက်လေသည်။ “နှစ်ယောက်လုံး ဒူးထောက်မနေကြနဲ့တော့။ အရင် ထလိုက်ကြဦး”

ချွေးမကို စိတ်မပူလျှင်တောင်မှ မိမိ၏ သားတော်ကိုတော့ စိတ်ပူသည် မဟုတ်ပါလား။

...

အပိုင်း (၁၆၁) တန်ပြန်တိုက်ခိုက်ရေး(၁)

လုမင်ယွိသည် ချက်ချင်းဆိုသလို ခေါင်မိဖုရားခေါင်၏ စေတနာကို ပြန်လည်တုံ့ပြန်လိုက်လေသည်။ "မူဟုပ်ကို ကျေးဇူးတင်ပါတယ်"

လီကျင့်က ထရပ်ပြီးသားဖြစ်နေကာ လုမင်ယွိကို တွဲထူပေးလိုက်လေသည်။

ဟွေ့အန်းကုန်းကျူသည် ထိုမြင်ကွင်းကို မျက်လုံးထဲတွင် မြင်လိုက်ရသည်တွင် သူမ၏ နှုတ်ခမ်းများက မသိမသာ ကွေးတက်သွားတော့၏။

အာ့တိကတော့ ဒီအတိုင်းကို အံသြစရာကောင်းနေတော့တာပဲ။ သူမကတော့ ဘယ်လိုပဲကြည့်ကြည့် လုမင်ယွိမှာ ဘာကောင်းကွက်ကိုမှမမြင်ပါဘူး။ ဒါပေမဲ့ အာ့တိကတော့ သူ့ကိုပဲ တစ်သတ်မှတ်တည်း ရွေးချယ်နေတာဆိုတော့ အစ်မကြီးတစ်ယောက်အနေနဲ့ သူမကလဲ ဝင်ပြောဖို့ အခွင့်အရေးမရှိဘူးလေ။

မူဟုပ်ကလဲ ဒီနေ့ ပါးစပ်ပိတ်ထားဖို့ စကားနည်းနည်းပဲပြောဖို့ သတိပေးထားတယ်။ သူကလဲ လယ်ယာတစ်ကွက်ပေးမယ်လို့ ကတိပေးထားတယ်။ ဒါကြောင်မလို့ပဲ သူမမှာ အောင့်အီးပြီး အသံမထွက်ပဲနေနေရတာ။

ဘယ်သူကမှ ခိုင်ခန့်မာကျောသည့် သံချောင်းကို ဆွဲမနှုတ်ရဲကြခြင်းဖြစ်သည်ဟူသည့် အချက်က. သက်သေပြနေတော့၏။

အခြေအနေကို အကဲခတ်ကြည့်ပြီးနောက်တွင် မုန့်ကွေ့ဖေးကပင် အလိုက်တသိ ပြောနေသည့်စကားကို ရပ်ထားလိုက်တော့သည်။ မိမိကိုယ်ကို ငုံးကောင်လေးတစ်ကောင်လို တွေးထင်နေသည့် စူးကျောက်ရုံဆိုလျှင်တော့ ပြောရန်မလိုတော့ချေ။

လုမင်ယွိက မယ်တော်ကြီးကျောက်ကိုတောင် ပြန်ခံပြောရဲတာ။ သူတို့လို မိဖုရားငယ်တွေကတော့ ကိုယ့်အရှက်ကိုမခွဲတာပဲ ကောင်းပါတယ်။

အခိုက်အတန့်အတွင်းတွင် ပင်မခန်းဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

လုမင်ယွိကတော့ နည်းနည်းလေးမှ နေရခက်သလိုမဖြစ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် မတ်တပ်ရပ်ကာ ဘေးတွင်နေလိုက်ပြီး နှုတ်ခမ်းထောင့်တွင်တော့ အပြုံးတစ်ခုကို ဆောင်ထားလျှက် အလွန်ပွင့်ပွင့်လင်းလင်းရှိသည့် ဟန်ပန်ဖြစ်နေတော့သည်။

လီကျင့်သည် သူမကို ခပ်တိုးတိုးလေး နှစ်သိမ့်စကားပြောလိုက်၏။ "ဘွားတော်က သဘောထားကြီးပါတယ်။ လူငယ်တွေအပေါ်မှာလည်း အမြဲတမ်း သဘောကောင်းပြီးသနားတတ်တယ်။ မင်း ခုနကတည်းက မရည်ရွယ်ဘဲ အမှားလုပ်မိသွားတာ အဘွားတော်က မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး"

အားလုံး "..."

ယုံးကျားဧကရာဇ်၏ နှုတ်ခမ်းထောင့်သည် မသိမသာတွန့်ကွေးသွားပြီး သူ၏ ဒုတိယသားတော်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

...

မယ်တော်ကြီးကျောက်သည် ဝတ်ရုံတော်ကို လဲလှယ်ပြီးနောက်မှ သတိပြန်ဝင်လာလေတော့၏။

"ဒီလုမင်ယွိ" မယ်တော်ကြီးကျောက်သည် ဒေါသကြောင့် တဆတ်ဆတ်တုန်နေတော့သည်။ "တကယ့်ကို သတ္တိတွေရှိပြီး ရမ်းကားလွန်းလှချည်လား! အိုက်ကျားကိုတောင်မှ ဒီလိုလုပ်ရဲရတယ်လို့! "

ချင်ဖေးကလဲ သူမကို အသံတိုးတိုးဖြင့် နှစ်သိမ့်ရတော့သည်။ "ယိမူ အရင်ဆုံး စိတ်လျှော့ပါအုံး။ လုမင်ယွိက ခေါင်းမာပြီး ယဥ်ပါးအောင် ဆုံးမရခက်တယ်ဆိုတာ လူတိုင်းသိနေတဲ့ကိစ္စပဲလေ။ အရင်တုန်းကလဲ ကျွန်မ ယွိမူကို အကြံပေးခဲ့ဖူးတယ်လေ။ လက်ဖက်ရည်ကို အေးအေးဆေးဆေး ကမ်းခွင့်ပေးလိုက်ပါ။ သူ့ကို သွားမစပါနဲ့လို့။ အခုတော့ တကယ်ပဲ ... သူ့မှာ ကြောက်ရွံ့ရိုသေစိတ် တစ်စက်ကလေးမှမရှိဘဲ လူပုံအလယ်မှာ ယိမူကို အရှက်ခွဲရဲတယ်"

ဒါသည် နှစ်သိမ့်ခြင်း လုံးဝမဟုတ်ဘဲ မီးလောင်ရာလေပင့်ပြီး အနာပေါ် ဆားဖြူးနေခြင်း ဖြစ်လေသည်။

မယ်တော်ကြီးကျောက်၏ မျက်လုံးများထဲတွင် ဒေါသရိပ်တို့ ဖြတ်ပြေးသွားပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်တော့၏။

ချင်ဖေးကတော့ စိတ်ထဲတွင်ပဲ ကြိတ်ပြီးဝမ်းသာလို့နေတော့သည်။

မင်းသားကြင်ရာတော်တွေက တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြတော့မှာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တစ်ခြား မြေးချွေးမတော်တွေကို မယ်တော်ကြီးကျောက်က သဘောကျသွားလို့ မဖြစ်ဘူး။ ပိုပြီး တင်းမာလေလေ ကောင်းလေပဲ။ အကောင်းဆုံးကတော့ မယ်တော်ကြီးကျောက်က လုမင်ယွိကို အရိုးထဲစွဲအောင် မုန်းသွားပြီး နောက်ဆိုရင် ကျောက်ယွီကိုပဲ တစ်ဖက်သတ် ချစ်ခင်နေဖို့ပဲလိုတယ်။

ချင်ဖေးသည် သူမ၏ စိတ်ထဲတွင် အကြံအစည်လေးများချမှတ်ကာ မယ်တော်ကြီးကျောက်ကို "နှစ်သိမ့်စကား" ထပ်မံပြောဆိုပြန်သည်။ မယ်တော်ကြီးကျောက်ကတော့ ဒေါသအမျက်ချောင်းချောင်း ထွက်လာမှသာ သူမ၏ စကားကို ရပ်တန့်ထားလိုက်တော့သည်။

အနားတွင်ခစားနေသည့် နန်းတွင်းအပျိုတော်လေးက အသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ "ထိုက်ဟုပ်ညန်ညန် (မယ်တော်ကြီး) အရှင်မင်းကြီးနဲ့ တခြားမိဖုရားငယ်တွေအားလုံး ပင်မခန်းဆောင်ထဲမှာ စောင့်ဆိုင်းနေကြပါသေးတယ်!"

လက်ဖက်ရည်ကမ်းဖို့ စောင့်နေသေးတယ်။ အခုမှ အသစ်ဝင်လာတဲ့ မြေးချွေးမတော်ကလဲ ရှိနေသေးတယ်လေ။

မယ်တော်ကြီးကျောက်၏ မျက်လုံးများထဲက မီးပွားများမှာ လွင့်ပျံမတတ်ဖြစ်သွားပြီး ခက်ထန်မာကျောစွာဖြင့် ပြောလိုက်လေသည်။ "ချင်ဖေး အိုက်ကျား ပင်မခန်းဆောင်ကို သွားဖို့ပြင်ဆင်ပေး"

ချင်ဖေးကလဲ နူးနူးညံ့ညံ့လေး ပြန်ဖြေကာ မယ်တော်ကြီးကျောက်၏ လက်မောင်းကိုတွဲပြီး ပင်မခန်းဆောင်ဆီသို့ ထွက်ခွာလာလေတော့သည်။

မယ်တော်ကြီးကျောက်သည် ပင်မခန်းဆောင်ဆီသို့ ဝင်ရောက်လာသည်နှင့် ယုံးကျားဧကရာဇ်က ကိုယ်တိုင်ထကာ ကြိုဆိုလေသည်။ ကျန်ရှိနေသည့် မိဖုရားငယ်များနှင့်မင်းသားများ မင်းသမီးများအားလုံးကလဲ တပြိုင်တည်းထရပ်ကာ ကြိုဆိုလိုက်ကြလေသည်။ ဒီလို ခမ်းနားထည်ဝါလှသည့် ကြိုဆိုမှုမျိုးက မယ်တော်ကြီးကျောက်၏ စိတ်နှလုံးထဲက ဒေါသမီးကို အနည်းငယ် ငြိမ်းအေးသွားစေတော့သည်။

"မူဟုပ် ကျေးဇူးပြပြီးတော့ ထိုင်ပါအုံး" ယုံးကျားဧကရာဇ်က မယ်တော်ကြီးကျောက်ကို နေရာတွင်ထိုင်ရန် တွဲထူပေးရင်း နူးညံ့ညင်သာသည့် လေသံဖြင့် မိန့်ကြားလိုက်လေသည်။ "လုရှီက မရည်ရွယ်ဘဲ မှားသွားတာပါ။ သူ့ကို ဆူထားပြီးပါပြီ။ မူဟုပ်လဲ လူငယ်တွေနဲ့ ပြိုင်ပြီးအငြင်းပွားမနေပါနဲ့တော့"

သားအကြောင်းကို အမေလောက် သိသူ မရှိပေ။

မယ်တော်ကြီးကျောက်သည် အထိန်းအကွပ်မဲ့ သောင်းကျန်းရုံသာ တတ်သည်ဟုတော့ မထင်စေလိုချေ။ ထိုသို့ ပြုမူခြင်းမှာ ယုံးကျားဧကရာဇ် စိတ်ကြည်လင်ပြီး မိခင်အပေါ် သိတတ်လိမ်မာသည့် အခြေအနေမျိုးတွင်သာ ရှိလေသည်။ ယုံကျားဧကရာဇ်သည် မျက်နှာတော် အမှန်တကယ် တင်းမာလာသည့် အချီန်တွင်တော့ မိဖုရားကြီးကျောက်သည် ချက်ချင်းဆိုသလို ပျော့ပျောင်းသွားတတ်တော့၏။

ဒီလို အလိုက်သင့်နေထိုင်တတ်သည့် နည်းလမ်းသည် လောကကြီးထဲတွင် ကျိုးကြောင်းမဲ့ ပြဿနာရှာတတ်သည့် မိခင်တိုင်း လေ့လာသင်ယူသင့်သည့် အရည်အချင်းသာ ဖြစ်တော့၏။

မယ်တော်ကြီးကျောက်က မတရားခံလိုက်ရသည့်ရုပ်ဖြင့် ယုံးကျားဧကရာဇ်ကို လှမ်းကြည့်လိုက်ကာ အင်းဟု ပြန်ဖြေလိုက်တော့သည်။

ယုံးကျားဧကရာဇ်သည် အမှန်ပင် စိတ်ထဲတွင် မကျေမလည် ဖြစ်နေတော့၏။

ကောင်းကောင်းမွန်မွန် လက်ဖက်ရည်ကမ်းတဲ့ပွဲကို ဒီအခြေအနေထိရောက်အောင် လုပ်ပစ်ရတယ်လို့။

အရာအားလုံးကလဲ မယ်တော်ကြီးကျောက်ကပဲ စတင်ခဲ့တာ။ တကယ်လို့ မယ်တော်ကြီးကသာ ခွင့်မလွတ်ဘဲ ဆက်ပြီးတင်းမာနေမယ်ဆိုရင် ကျန်းကလဲ ဒေါသထွက်မိတော့မှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ မယ်တော်ကြီးကလဲ နာကျင်ခံစားရပြီး အလျှော့ပေးလိုက်တဲ့ပုံရလာတော့ ကျန်းရဲ့စိတ်ကလဲ ပြန်ပြီးပျော့ပျောင်းသွားတာပေါ့။

ထို့နောက်တွင်တော့ အသစ်စက်စက် ဝင်ရောက်လာသည့် ချွေးမတော်အပေါ် အနည်းငယ် မကျေမနပ်ဖြစ်သလို ခံစားမိလေတော့သည်။

ဘယ်လိုပဲဖြစ်ဖြစ်လေ။ မယ်တော်ကြီးကျောက်က လူကြီးတစ်ယောက် အသက်အရွယ်ကလဲ ကြီးနေပါပြီ။ လူငယ်တစ်ယောက်အနေနဲ့ လူကြီးကို ပျော်အောင် ချော့မြူလိုက်တယ်လို့ပဲ သဘောထားလိုက်ပေါ့။ လူပုံအလယ်မှာ လူကြီးကို အရှက်ခွဲသင့်တယ်ဆိုတဲ့ ကျင့်ဝတ်မျိုး ဘယ်မှာရှိလို့လဲ"

ယုံးကျားဧကရာဇ်သည် မယ်တော်ကြီးကျောက်ကို နေရာတွင် ထိုင်ခိုင်းလိုက်ပြီး တွဲကူပေးလိုက်ပြီးနောက် သူကိုယ်တိုင်လဲ လိုက်ထိုင်လိုက်လေသည်။

လုမင်ယွိသည် အကြည့်တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် ယုံးကျားဧကရာဇ်၏ စိတ်ထဲတွင် မည်သို့တွေးတောနေသည်ကို ချက်ချင်းသိရှိလိုက်၏။

သြော်!

ဘာပဲဖြစ်ဖြစ်လေ သူက လီဟောက်ရဲ့ အဖေအရင်းပဲ။ သားအဖနှစ်ယောက်စလုံးက ကိုယ့်အမေအပေါ်ထားတဲ့ သဘောထားခြင်းကတော့ တပုံစံတည်းပဲ။ ကိုယ့်အမေ မှားနေရင်တောင် တခြားသူတွေက ရိုရိုသေသေနဲ့ အလျှော့ပေးရမယ်ပေါ့လေ။

ချောင်မိဖုရားခေါင်သည် အပြုံးဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ "လုရှီ အဘွားတော်ကို မြန်မြန်လက်ဖက်ရည်ကမ်းလိုက်လေ" ထို့နောက်တွင်တော့ မယ်တော်ကြီးကျောက်ဘက်သို့ လှည့်ကာ ထပ်မံလျှောက်တင်လိုက်ပြန်သည်။ "လုရှီက ငယ်ငယ်လေးကတည်းက သာမန်လူတွေထက် အားအင်ကြီးမားတယ်။ မူဟုပ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ မလေးမစား လုပ်တာမဟုတ်ပါဘူး။ မူဟုပ်လဲ သူနဲ့ပြိုင်မငြင်းနေပါနဲ့တော့"

မယ်တော်ကြီးကျောက်သည် နှာခေါင်းရှုံ့လိုက်လေတော့၏။

သို့သော်ငြား ဘာမှတော့ ပြောမလာချေ။

နန်းတွင်းအပျိုတော်လေးကလဲ လက်ဖက်ရည်ခွက် အသစ်တစ်ခွက်ကို ထပ်မံယူဆောင်လာခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ လက်ဖက်ရည်ခွက်သည် မပူတော့ချေ။ လုမင်ယွိက လက်ဖက်ရည်ကို ကမ်းပေးလိုက်သည့်အခါ မယ်တော်ကြီးကျောက်ကလဲ သူမကို ဆက်ပြီးဖိအားမပေးတော့ဘဲ လက်ဖက်ရည်ခွက်ကို မြန်မြန်လှမ်းယူလိုက်တော့သည်။ သို့သော်ငြား တစ်ငုံမှမသောက်ပဲ ဘေးတွင်သာ ချထားလိုက်လေသည်။

ထိုအမူအယာကို ကြည့်ရသည်မှာ နှုတ်ဆက်လက်ဆောင် ပေးအပ်မည့်အရေးကိုပင် ချန်လှပ်ထားချင်ဟန်တူသည်။

ယုံးကျားဧကရာဇ်က စိတ်ရှည်လက်ရှည်ဖြင့် သူ့အမေကို လှမ်းကြည့်လိုက်၏။ "မူဟုပ်က မြေးချွေးမတော်လေးအတွက် ကျောက်စိမ်းလက်ကောက်တစ်စုံ ပြင်ဆင်ထားတာ မဟုတ်ဘူးလား"

မယ်တော်ကြီးကျောက်သည် အလိုမကျဟန်ဖြင့် နန်းတွင်းအပျိုတော်ကို အမိန့်ပေးလိုက်သည်တွင် နန်းတွင်းအပျိုတော်ကလဲ ပိုးကတ္တီပါ ဗူးလေးတစ်လုံးကို မြန်မြန်ပင်ယူထုတ်လာခဲ့တော့သည်။

လုမင်ယွိက ပြုံးကာ ပိုးကတ္တီပါဗူးလေးကို လက်ခံယူလိုက်လေသည်။ "အဘွားတော်ရဲ့ စေတနာအတွက် မြေးချွေးမတော်က ကျေးဇူးတင်ပါတယ်"

ထိုပိုးသားဗူးလေးကို အားတက်သရောဖွင့်လိုက်ရင်း သူမက ပြုံးကာ ချီးကျူးစကားပြောလိုက်၏။ "မြေးတော်တောင် ဒီလောက် အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းလက်ကောက်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး!"

သူမသည် နေရာတွင်ပင် ချက်ချင်းပင် လက်ကောက်ကို ဝတ်ဆင်လိုက်ပြီး ကြည်နူးစွာပြုံးရယ်ကာ နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်ပြန်သည်။ "မြေးချွေးမတော်လေးက အဘွားတော်ကို ကျေးဇူးတင်ပါတယ်"

မယ်တော်ကြီးကျောက် "..."

ယုံကျားဧကရာဇ်၏ စိတ်အခြေအနေသည် ပိုလို့ပင် ရှုပ်ထွေးသွားလေတော့သည်။

လုမင်ယွိက လူဘုံအလယ်မှာ မျက်နှာပြောင် တိုက်ရဲတယ်ဆိုတာလည်း အံ့သြစရာမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက အခြေအနေကို ပြန်ထိန်းချုပ်နိုင်တဲ့ အရည်အချင်းရှိနေတာကို။

မယ်တော်ကြီးကျောက်သည် ရင်ထဲက ဒေါသတို့ကို မထုတ်ဖော်နိုင်တော့ဘဲ အပြုံးတစ်ခုကိုသာ အားသုံးကာ ညစ်ထုတ်လိုက်ရတော့သည်။ "ကြိုက်ရင်လည်း ဝတ်ထားလိုက်ပါ!"

မယ်တော်ကြီးကျောက်ကို လက်ဖက်ရည်ကမ်းပြီးနောက် လုမင်ယွိသည် ယုံကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့ကို ဆက်ပြီး လက်ဖက်ရည်ကမ်းလေသည်။

စိတ်အခြေအနေ ရှုပ်ထွေးနေသည့် ယုံးကျားဧကရာဇ်ကတော့ ချွေးမတော်၏ လက်ဖက်ရည်ကို လက်ခံလိုက်ကာ တစ်ငုံသောက်သုံးပြီး နှုတ်ဆက်လက်ဆောင် ပေးအပ်လိုက်၏။ ချောင်မိဖုရားခေါင်ကတော့ စိတ်အခြေအနေ ပိုမိုကောင်းမွန်ကာ သူမ၏ အပြုံးကလဲ အထူးတလည် ငြင်သာ သိမ်မွေ့နေတော့သည်။ "လုရှီ မင်းနဲ့အာ့ကျင့်တို့ လင်မယား ဖြစ်သွားကြပြီဆိုတော့ ပန်ကုံးက မင်းတို့နှစ်ယောက် သက်ဆုံးတိုင် ချစ်ခင်စည်လုံးပြီး တော်ဝင်မိသားစုအတွက် မျိုးဆက်သစ်တွေ မြန်မြန်မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်"

လုမင်ယွိကတော့ ရှက်ရွံ့တွန့်ဆုတ်နေမိသည့် အမူအယာ လုံးဝမရှိဘဲ အိန္ဒြေရရဖြင့် ပြန်ဖြေလိုက်၏။ "မူဟုပ်ရဲ့ ဆုံးမစကားတွေကို အာရှီ မှတ်သားလိုက်နာပါမယ်"

ထို့နောက်တွင်တော့ မုန့်ကွေ့ဖေးနှင့် တခြားသူများကို ဂါရဝပြုမည့်အလှည့် ရောက်လာသည်။

ဒီတစ်ကြိမ်တွင်တော့ ဦးညွတ်အရိုအသေပေးကာ လက်ဖက်ရည် ကမ်းရန်မလိုဘဲ အမျိုးသမီးတို့ ဓလေ့အတိုင်း ဒူးလေးကို အသာညွတ်ကာ အရိုအသေပေးရုံသာ လိုအပ်လေသည်။

လုမင်ယွိသည် သူမ၏ အရှိန်အဝါကို အစွမ်းကုန်ထုတ်ပြပြီး စတင်လှုပ်ရှားလိုက်သည်နှင့် မယ်တော်ကြီးကျောက်ကို အလဲထိုးနိုင်ခဲ့သည်။ မုန့်ကွေ့ဖေးသည် ယုံးကျားဧကရာဇ်ကို ကောင်းစွာနားလည်သူဖြစ်သဖြင့် ယနေ့တွင် နောက်ထပ် လှုပ်ခတ်မှုများ မဖြစ်ပွားသင့်တော့ကြောင်း သိလိုက်လေသည်။ ထို့ကြောင့် လုမင်ယွိကို အတော်အတန် ယဥ်ကျေးစွာဖြင့်ပြောလိုက်၏။ "ဟွမ်စစ်ဖေး ထပါ"

ထိုနောက်တွင်တော့ နန်းတွင်းအပျိုတော်ကို နှုတ်ဆက်လက်ဆောင် ပေးအပ်ခိုင်းလိုက်၏။ လက်ဆောင်သည် သိပ်လဲများပြားလှသည်ဟု မဆိုနိုင်သော်ငြားလည်း အဆင်ပြေသည့် အဆင့်တော့ရှိလေသည်။

ချင်ဖေးသည်လဲ ထိုနည်းတူပင် သူမက မယ်တော်ကြီးကျောက်ကို နောက်ကွယ်တွင် သွေးထိုးလှုပ်ဆော်ခဲ့သည်ကိုတော့ ထည့်မစဥ်းစားလေနှင့် လုမင်ယွိ ရှေ့မှောက်တွင် သဘောကောင်းပြီး ကြင်နာတတ်သည့်ဟန်ပန်ကို ပြသနေလေသည်။ ယောက္ခမအစစ်အမှန် ချောင်မိဖုရားခေါင်ထက်ပင် ပိုပြီးရင်းနှီးဖော်ရွေဟန် ပြုမူနေတော့၏။

ချင်ဖေးက လုမင်ယွိ၏လက်ကို လှမ်းဆွဲလိုက်ကာ တရစပ် ချီးကျူးစကား ပြောလေတော့သည်။ "... ဒီနှစ်တွေမှာ ကျွန်မလဲ ထူးချွန်ထက်မြက်တဲ့ သခင်မလေးတွေကို အများကြီးတွေ့ဖူးပါတယ်။ ဒါပေမဲ့ အာ့ဟွမ်စစ်ဖေးနဲ့ ယှဥ်ကြည့်မယ်ဆိုရင်တော့ တစ်ယောက်လောက်ကို ရွေးထုတ်ပြပါဆိုရင် တစ်ယောက်မှတောင် ရှိလောက်မှာမဟုတ်ဘူး"

လုမင်ယွိကလဲ ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "ချင်ဖေးကိုယ်တိုင်က ဒီလောက်ချီးကျူးနေမှတော့ ကျွန်မက ငြင်းဆန်နေရင် မရိုမသေ ဖြစ်သွားတော့မှာပေါ့။ ဒါ့ကြောင့် မျက်နှာပြောင်ပြောင်နဲ့ပဲ လက်ခံလိုက်ပါ့မယ်"

သိပ်ကောင်းတယ်။

အနောက်နန်းဆောင်က လူတွေအားလုံး အခုဆိုရင် သူမက အနိုင်ကျင့်လို့လွယ်ကူတဲ့ ပျော့ညံ့ညံလူ မဟုတ်မှန်း ကောင်းကောင်း သိသွားကြပြီပေါ့။ ဒီလိုဆိုရင်တော့ နောက်ပိုင်းကြရင် ဒုက္ခရှာမဲ့ကိစ္စတွေ အများကြီး နည်းသွားနိုင်လောက်တယ်။

...

အပိုင်း (၁၆၂) တန်ပြန်တိုက်ခိုက်ရေး (၂)

ထိုနောက်တွင်တော့ စူးကျောင်းရုံကို နှုတ်ဆက်ရမည့်အချိန် ရောက်လာခဲ့သည်။

ရန်သူများတွေ့ဆုံကြသည့်အခါ အင်မတန် ပြင်းထန်လာကြသည်။ ... ဒီလိုအခြေအနေမျိုးတော့ ဖြစ်မလာခဲ့ချေ။

လုမင်ယွိက စူးကျောင်းရုံကို စူးရှစွာ တစ်ချက်သာကြည့်လိုက်ပြီး စူးကျောင်းရုံမှာ ဦးရေပြားများ ထုံကျင်သွားကာ ကျောပြင်တွင် ချွေးအေးများထွက်လာလေတော့သည်။ မကြာမှီတွင် လုမင်ယွိက အရိုအသေပြကြာ နှုတ်ဆက်လိုက်လေသည်။ "စူးကျောင်းရုံကို ဂါရဝပြုပါတယ်"

ဒီအခေါ်အဝေါ်က မှားယွင်းချင်းမရှိသည်မှာ သေချာလေသည်။ အနောက်နန်းဆောင်၏ ကျင့်ထုံးအရဆိုလျှင် ဖေးအဆင့် သတ်မှတ်ခံရမှသာ ညန်ညန် (မိဖုရား)ဟူသည့် အခေါ်အဝေါ်ဖြင့် အခေါ်ခံရရန် အရည်အချင်းပြည့်မှီလေသည်။

ယခင်ဘဝကတေော့ လုမင်ယွိနှင့်လီဟောက်တို့ စေ့စပ်ပြီးနောက် ယုံးကျားဧကရာဇ်က စူးကျောင်းရုံကို ဖေးအဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။ ဒီဘဝတွင်တော့ လုအိမ်တော်က ဦးဆောင်မှုမရှိသဖြင့် ယုံကျားဧကရာဇ်က ထိုသို့မပြုလုပ်ခဲ့ချေ။ ယခုအချိန်အထိ စူးကျောင်းရုံက စူးကျောင်းရုံသာ ဖြစ်နေသေးသည်။

စူးကျောင်းရုံသည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ကာ ပြုံးပြီး ပြန်နှုတ်ဆက်လိုက်၏။ "အာ့ဟွမ်စစ်ဖေး မြန်မြန်ထပါ"

နန်းတွင်းကလူများသည် တွေ့ဆုံခြင်း လက်ဆောင်များကို ယူလာပေးကြလေသည်။

လုမင်ယွိကတော့ တစ်ချက်ပင် လှည့်မကြည့်ချေ။ သူမ၏နောက်က ချီယွင်ကသာ လက်ခံလိုက်လေသည်။ ဒီလို အေးစက်စက် သဘောထားကို လူအများကလဲ ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရ၏။

သို့သော်ငြား စူးကျောင်းရုံတို့ သားအမိကလွဲလျှင် ဘယ်သူကမှ ထိုကိစ္စကို အရေးတယူ မရှိခဲ့ကြချေ။ မည်သို့ဆိုစေ နန်းတော်ထဲတွင် စူးကျောင်းရုံသည် အထင်မြင်သေး ရှုံ့ချခံရခြင်းကို ကျင့်သားရနေခဲ့ပြီ ဖြစ်၏။

ထို့နောက်တွင်တော့ ရွယ်တူများအချင်းချင်း တွေ့ဆုံအရိုအသေ ပြုကြရသည်။

ယုံးကျားဧကရာဇ်တွင် သားတော်၅ပါးနှင့် သမီးတော်၂ပါးရှိပြီး အသက်အရွယ်အားဖြင့် လုမင်ယွိသည် ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့ကို အရင်ဆုံး တွေ့ဆုံအရိုအသေပြုရသည်။

ဟွေ့အန်းကုန်းကျူသည် အချိန်ကြာအောင် စိတ်ကို ထိန်းချုပ်ထားခဲ့ရပြီး ယခုအချိန်မှသာ စကားစပြောရန် အခွင့်အရေး ရရှိလာသဖြင့် ပြုံးတစ်ဝက် မပြုံးတစ်ဝက်ဖြင့် ပြောလာခဲ့သည်။ "အာ့တိနဲ့ အာ့မေ့တို့က ဒီနေ့ တကယ်ကို အစွမ်းပြလိုက်တာပဲ"

လုမင်ယွိထံက ဘာမှမထွက်လာသေးခင်တွင် လီကျင့်က ပြန်လည်ဖြေကြားလိုက်လေသည်။ "သတို့သမီးက အိမ်တော်ထဲဝင်ပြီး လူကြီးတွေကို လက်ဖက်ရည်ကမ်းတယ်။ ဆွေမျိုးတွေကို အသိအမှတ်ပြုပြီး အခေါ်အဝေါ် ပြောင်းလဲတယ်။ ရှောင်ယွိက အရာရာကို ပြည့်စုံအောင် လုပ်ခဲ့ပါတယ်။ ဟွမ်ကျဲက ရှောင်ယွိ အစွမ်းပြတယ်လို့ပြောတာ ဘာ အဓိပ္ပါယ် လဲ"

ဟွေ့အန်းကုန်းကျူ "..."

ဟွေ့အန်းကုန်းကျူသည် ဗိုလ်ကျစိုးမိုးတတ်သည့် အကျင့်ရှိခဲ့ပြီး သူမသည် ယခင်က ဒီလိုပြန်လည်ချေပခြင်းမျိုး တစ်ခါမှ မခံခဲ့ရဘူးချေ။ သူမကို ပြန်လည်ချေပသူက သူမ၏ မောင်အရင်းဖြစ်နေသည်ကိုတော့ ပြောဖွယ်ရန်ပင်မလိုချေ။

ဟွေ့အန်းကုန်းကျူ၏ မျက်ခုံးများသည် မြင့်တက်သွားပြီး ဝူဖုမာသည် တစ်ခုခုဖြစ်တော့မည်ကို သိလေတော့၏။ သူက ချက်ချင်းဆိုသလို ပြုံးကာ စကားစကို ဝင်ထောက်လိုက်လေသည်။ "ကုန်းကျူက ကျွန်တော်တို့ မင်္ဂလာဆောင်ပြီး လက်ဖက်ရည်ကမ်းခဲ့ရတဲ့နေ့ကို သတိရသွားတာနေမှာပါ။ အဲဒီ့နေ့ကမှ တကယ့်ကို ထူးထူးခြားခြား ဖြစ်သွားခဲ့တာ!"

ဟွေ့အန်းကုန်းကျူသည် ရယ်မောလိုက်ပြီး ချွဲနွဲ့ဟန်ဖြင့် သူမ၏ ဖုမာကို တစ်ချက်လှမ်းထုလိုက်လေသည်။

ဝူဖုမာသည် ခပ်ကြမ်းကြမ်းလေး လှမ်းထုခံလိုက်ရသဖြင့် အချိန်တော်တော်များများ ချောင်းဆိုးလိုက်ရပြီး လက်ဖြင့် သူ့ရင်ဘတ်ကို အုပ်လိုက်ရကာ အားလုံးကလဲ တစ်ဖန်ရယ်မောရတော့သည်။

ဝူဖုမာက မိမိကိုယ်ကို အနစ်နာခံလိုက်သဖြင့် အခြေအနေသည် မြန်မြန်ဆန်ဆန်ပင် ပေါ့ပါးသွားလေတော့သည်။

လုမင်ယွိသည် ဝူဖုမာကို အလွန်အထင်ကြီး လေးစားမိသွားလေတော့သည်။ ယခင်ဘဝက ဝူဖုမာနှင့်ဟွေ့ အန်းကုန်းကျူတို့သည် အမြဲတမ်း ချစ်ခင်ရင်းနှီးခဲ့ကြလေသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဝူဖုမာသည်လဲ အသက်တိုသူတစ်ဦး ဖြစ်ခဲ့၏။ လီချန် နန်းတက်ပြီးနောက် နွေရာသီအပန်းဖြေရန် တော်ဝင်စံအိမ်သို့ သွားရောက်ခဲ့ပြီး ဝူဖုမာကို အတူလိုက်ပါရန် ခေါ်ဆောင်ခဲ့လေသည်။ ဝူဖုမာသည် အရက်းအမြစ်မသိရသည့် ပြင်းပြင်းထန်ထန်ရောဂါတစ်ခု စွဲကပ်လာခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပင် သေဆုံးသွားခဲ့သည်။

...

သာ့ကောနဲ့ သာ့စောင်တို့ကို ဂါရဝပြုပါတယ်" လုမင်ယွိနှင့် လီကျင့်တို့သည် ပထမမင်းသားနှင့် ကြင်ရာတော်ကို အတူတကွ အရိုအသေပြုလိုက်ကြ၏။ ပထမမင်းသားကတော့ အစ်ကိုကြီး ပီသသည့်ဟန်ပန်ဖြင့် ကျယ်လောင်စွာရယ်မောလိုက်ပြီး လီကျင့်၏ ပုခုံးကို လှမ်းပုတ်ကာပြောလေသည်။ "အာ့တိကို ဂုဏ်ပြုပါတယ်။ စိတ်ထဲမှာ ထားရတဲ့ချစ်သူကို ဇနီးမယားအဖြစ် လက်ထပ်ပြီး ဆန္ဒပြည့်ဝသွားပြီ"

လီဟောက်၏ ရင်ဘတ်ထဲတွင်တော့ မြှားတစ်စင်းစိုက်ဝင်သွားသလို ခံစားလိုက်ရသော်ငြား သူ့မျက်နှာသွင်ပြင်ကတော့ ပြောင်းလဲမသွားချေ။

လီကျင့်သည် လီဟောက်ကို မကြည်ဘဲ ပထမမင်းသားကိုသာ ပြုံးပြပြီး ပြောလိုက်လေသည်။ "သာ့ကောနဲ့ သာ့စောင်တို့က ချစ်ခင်ကြင်နာကြတဲ့ ဇနီးမောင်နှံတွေပဲ။ ကျွန်တော်လဲ ရှောင်ယွိနဲအတူ သာ့ကောတို့ဇနီးမောင်နှံလိုမျိုး နေနိုင်ဖို့မျှော်လင့်တယ်"

ပထမမင်းသား၏ မျက်နှာပေါ်တွင် အနေရခက်သွားသည့်အမူအယာ မတွေ့ရသော်ငြား စိတ်ထဲတွင်တော့ မသိမသာ ဒေါသထွက်နေမိတော့သည်။

မဖွင့်သင့်သည့်အိုးကို တမင်တကာ ဖွင့်ပြနေသလိုပင်။

သူနှင့်ကြင်ရာတော်တို့သည် မူလက အလွန် ချစ်ခင်ရင်းနှီးခဲ့ကြလေသည်။ သို့သော်ငြား မနှစ်က ကြင်ရာတော် ကိုယ်ဝန်ပျက်ကျပြီးနောက် နန်းတွင်းအပျိုတော် ယန်ရှီမှာ ကိုယ်ဝန်ထပ်မံရရှိခဲ့ချိန်ကစပြီး ဇနီးမောင်နှံကြားက ချစ်ခင်တွယ်တာမှုသည် ယခင်ကလို မဟုတ်တော့ချေ။

လီကျင့်၏ "ချစ်ခင်ကြင်နာကြတဲ့ဇနီးမောင်နှံ"ဟူသည့် စကားရပ်သည် လှောင်ပြောင်သရော်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလို့ နေတော့သည်။

ပထမမင်းသားကြင်ရာတော်၏ အပြုံးကလဲ အများကြီး လျော့ပါးသွားတော့၏။

လီကျင့်ကတော့ ဂရုမထားဘဲ လုမင်ယွိကို ပြုံးကာ ပြောလိုက်လေသည်။ "ရှောင်ယွိ ဒါက စန်းတိ၊ စစ်တိ၊ ဝူတိ ပြီးတော့ ဒါက အာ့မေ့" ထို့နောက်တွင်တော့ သူသည် လီဟောက်နှင့် တခြားသူများကို ပြုံးပြကာပြောလိုက်လေသည်။ "မင်းတို့ရဲ့ အာ့စောင်ကို မြန်မြန်လာနှုတ်ဆက်ကြအုံးလေ"

အားလုံး "..."

ဟန်ဆောင်ပန်ဆောင် လုပ်သည့်နေရာတွင်တော့ လီကျင့်သည် ဆရာတစ်ဆူ ဖြစ်လေသည်။

ဒီနေရာတွင် လီဟောက်နှင့် လုမင်ဟွိတို့၏ "ဇာတ်လမ်း" ကို မသိသူ အဘယ်မှာ ရှိပါမည်နည်း။

လီဟောက်၏ စိတ်ထဲတွင် တွေးတောနေသည့်အရာကိုလဲ မည်သူမှ မသိနိုင်ပေ။ သို့သော်ငြား မျက်နှာပေါ်တွင်တော့ မူမမှန်သည့်အမူအယာ ဘာတစ်ခုမှမရှိချေ။ လီဟောက်က ပြုံးကာ လက်နှစ်ဖက်ကိုယှက်ပြီး "အာ့စောင်"ဟု ခေါ်ဝေါ်လိုက်လေသည်။

လုမင်ယွိကလဲ ပြုံးကာပြန်ဖြေလိုက်၏။

စတုတ္ထမင်းသား၏ မျက်လုံးများကတော့ လုမင်ယွိနှင့် လီဟောက်တို့အကြား ဝေ့ဝဲသွားလာနေတော့သည်။ စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းကို မမြင်တွေ့လိုက်ရသဖြင့် နှမြောတသဖြစ်သွားကာ အတူတူ လက်နှစ်ဖက်ယှက်ပြီး အာ့စောင်ဟု နှုတ်ဆက်လိုက်ကြလေတော့သည်။

ကျင့်အန်းကုန်းကျူနှင့် လီချန်တို့ကလဲ အတူတူလာရောက်ကာ နှုတ်ဆက်ကြသည်။

လုမင်ယွိက တစ်ယောက်ချင်း ပြန်နှုတ်ဆက်လိုက်ပြီး သူမ၏ အကြည့်များသည် လီချန်ပေါ်သို့ ကျရောက်သွားတော့၏။ လီချန်မှာ အကြောင်းအရင်းမရှိ တုန်လှုပ်သွားပြီး ရှင်းမပြတတ်သည့် အေးစက်မှုတစ်ခုက သူ၏ကျောပြင်တစ်လျှောက် ပြေးဆင်းသွားတော့သည်။

လုမင်ယွိက သူမ၏ အကြည့်ကို ပြန်ရုတ်သိမ်းထားလိုက်ကာ ခေါင်းလှည့်ပြီး အချက်ပြလိုက်၏။ သူမနောက်က နန်းတွင်းသူသည် ပိုးကတ္တီပါဘူးတစ်ချို့ကို သယ်ဆောင်ကာ ထွက်လာကြလေသည်။ "ဒါက ကျွန်မက မောင်တော်တွေနဲ့ နှမတော်နှစ်ကိုပေးတဲ့ တွေ့ဆုံခြင်းလက်ဆောင်ပါ။ တန်ဖိုးနည်းတယ်လို့တော့ မထင်ကြဖို့ မျှော်လင့်ပါတယ်"

လီဟောက်နဲ့ လီချန်တို့ကတော့ ဘာမှမပြောလိုက်ကြပေ။ စတုတ္ထမင်းသားကတော့ အလုအယက် ရယ်မောကာ ပြောလိုက်လေသည်။ "အာ့စောင်က အားနာလို့နေပါပြီ" ထို့နောက်တွင်တော့ သူသည် လူအများ၏ရှေ့မှာပင် ပိုးကတ္တီပါဘူးကို ဖွင့်ကြည့်လိုက်၏။ အတွင်းတွင် အကောင်းစား စာပေလေးမျိုး (စက္ကူ မှင် စုတ်တံ မှင်သွေးကျောက်တစ်တုံး) ထည့်သွင်းထားလေသည်။ စတုတ္တမင်းသားသည် အနည်းငယ် နှမြောတသဖြစ်သွားဟန်တူ၏။ "ရှင်းယန်ဝမ်အိမ်တော်မှာ ချွန်ထက်တဲ့လက်နက်ကောင်းတွေ အများကြီးရှိတာ။ ကျွန်တော်က အာ့စောင်က ကျွန်တော့်ကို ဓားကောင်းတစ်လက်လောက် လက်ဆောင်ပေးမယ်လို့ထင်ထားတာ!"

ဆွေမျိုးများကို အသိအမှတ်ပြုသည့် မင်္ဂလာရှိသောနေ့ရက်တွင် ပေးအပ်သည့် တွေ့ဆုံခြင်းလက်ဆောင်တွင်လည်း ထည့်သွင်းစဥ်းစားရမည့် အချက်များရှိလေသည်။ ထူးထူးခြားခြား ဖြစ်ရန်မလိုအပ်ဘဲ အစဥ်အလာအတိုင်းဖြစ်ခြင်းက အကောင်းဆုံးပင်။ လက်နက်များ လက်ဆောင်ပေးသည့်ထုံးစံက မရှိချေ။

စတုတ္ထမင်းသားလေးက သာမန်ကာလျှံကာ ပြောလိုက်သယောင်ရှိသော်ငြား ထိုစကား၏နောက်ကွယ်တွင် အဓိပ္ပါယ် များစွာ ပါဝင်နေသည်ကိုတော့ သေသေချာချာလေး သုံးသပ်မှသာ သိနိုင်ပေမည်။

လုမင်ယွိကလဲ ခပ်ဖွဖွလေးပြုံး လိုက်၏။ "စစ်တိက လက်နက်တွေ ကြိုက်တယ်ဆိုရင် ၂ရက်ပြီးသွားတဲ့အခါ ဒုတိယမင်းသားအိမ်တော်ကို ကြွခဲ့ပါ"

စတုတ္ထမင်းသားကလဲ ပြုံးရယ်ကာဖြင့် ပြန်ဖြေလိုက်လေသည်။

လုမင်ယွိက ထပ်မံပြုံးကာ ပြောလိုက်၏။ "ဒါပေမဲ့ လက်နက်ကောင်းတွေ ယူသွားချင်တယ်ဆိုရင်တော့ ဒီက အာ့စောင်ကို လက်စွမ်းလေးနည်းနည်း ပြရလိမ့်မယ်။ ကျွန်မရဲ့ စမ်းသပ်မှုကို မကျော်နိုင်ဘူးဆိုရင်တော့ ယူသွားနိုင်မှာမဟုတ်မှာ စိုးရိမ်မိတယ်"

စတုတ္ထမင်းသားသည် သိမ်မွေ့သည့် ငြင်းပယ်မှုနှင့် တွေ့ကြုံလာရသော်ငြား ရှက်ရွံ့ဒေါသထွက်သည့် အမူအယာမပြဘဲ ပြုံးကာ ပြောလိုက်လေသည်။ "နောက်တနေ့ ကျွန်တော် အိမ်တိုင်ရာရောက် အနှောက်အယှက် လာပေးတဲ့အခါ အာ့စောင်က ကျွန်တော့်ကို နှင်မထုတ်ရင်ရပါပြီ"

လီကျင့်ကလဲ အေးအေးလူလူ ပြုံးလိုက်လေသည်။ "လာချင်ရင်လဲ လာပေါ့။ ဒါပေမဲ့ ငါ့ကို တစ်ခွန်းပြောဖို့တော့ မမေ့နဲ့။ မင်းက ငါ မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ခိုးသွားရဲတယ်ဆိုရင်တော့ မင်းတို့ရဲ့ အာ့ကောဖြစ်တဲ့ငါက မျက်နှာသာမပေးဖူးလို့ မပြောနဲ့နော်"

ထိုစကား ထွက်လာသည်နှင့် အားလုံးက ရယ်မောလိုက်ကြတော့သည်။

အလွန်သဟဇာတဖြစ်သည့် မြင်ကွင်းလေးဖြစ်နေတော့၏။

ဒီအချိန်ရောက်ရှိလာမှ ယုံးကျားဧကရာဇ်ထံတွင် စစ်မှန်သည့် အပြုံးအရိပ်အယောင်တစ်ခု ပေါ်ထွက်လာတော့၏။ "အားလုံးတွေ့ဆုံပြီး အရိုအသေပြုပြီးကြပြီဆိုတော့ နောက်ဆိုရင် မိသားစုတစ်ခုတည်း ဖြစ်သွားကြပြီ။ ကျန်းက မင်းတိုဇနီးမောင်နှံ သင့်မြတ်ကြဖို့ မျှော်လင့်တယ်။ မင်းတို့ညီအစ်ကိုမောင်နှမတွေလဲ ချစ်ခင်ကြဖို့ မျှော်လင့်တယ်"

အားလုံးကလဲ တပြိုင်တည်း ပြန်ဖြေလိုက်ကြ၏။

ယုံးကျားဧကရာဇ်သည် အသစ်ဝင်ရောက်လာသည့် ချွေးမတော်လေးကို လှမ်းကြည့်လိုက်ကာ "လုရှီ"

လုမင်ယွိက ပြုံးကာဖြင့် ပြန်ဖြေလေသည်။ "အာ့ရှီ ရှိပါတယ်"

ယုံးကျားဧကရာဇ်သည် နွေးနွေးထွေးထွေး မိန့်တော်မူလေသည်။ "ကျန်းက အဲဒီ့နေ့က ရှင်းယန်ဝမ်ဆီကို ကိုယ်တိုင် စေ့စပ်ကြောင်းလမ်းခဲ့တယ်။ ရှင်းယန်ဝမ်က ဒီမင်္ဂလာကိစ္စကို သဘောတူပြီးခဲ့တဲ့နောက် မင်းအတွက် စိုးရိမ်ပူပန်ခဲ့မိတယ်။ ကျန်းကိုယ်တိုင် ပြောခဲ့ဖူးတယ်။ မင်းတရားဝင် ဝင်ရောက်လာပြီးတဲ့နောက်မှာ မင်းကို သမီးအရင်းလို သဘောထားပါမယ်လို့လေ"

"ဒီစကားတွေကို ကျန်းစိတ်ထဲမှာ အမြဲတမ်း မှတ်ထားပါတယ်"

"ဒီနေ့ မင်းက လက်ဖက်ရည်ကမ်းခဲ့ပြီး ကျန်းကို ဖုဟွမ်လို့ခေါ်ခဲ့ပြီး ကျန်းကလဲ မင်းကို ချွေးမတော်အဖြစ် အသိအမှတ်ပြုလိုက်ပြီး နောင်တစ်ချိန်မှာ ဘာမတရားမှုပဲ ခံစားရပါစေ ကျန်းကို လာပြောလို့ရတယ်။ ကျန်းက မင်းအတွက် တာဝန်ယူဖြေရှင်းပေးမယ်"

ယုံးကျားဧကရာဇ်သည် အမြှော်အမြင်ကြီးမားပြီး စစ်ရေးစွမ်းရည်ထက်မြက်ကာ ကြီးကျယ်သည့် ရည်မှန်းချက်များနှင့် ဗျူဟာများ ပိုင်ဆိုင်ထားသည့် မျိုးဆက်တစ်ခုက ပညာရှိ ရှင်ဘုရင်တစ်ပါး ဖြစ်လေသည်။

သူသည် ရှင်ဘုရင်ကောင်းတစ်ပါးဖြစ်သလို သားကောင်းတစ်ဦး ဖခင်ကောင်းတစ်ဦးလဲ ဖြစ်လေသည်။ ချွေးမတော်များအပေါ် ဆက်ဆံရာတွင်လည်း တတ်နိုင်သမျှ တရားမျှတပြီး ဘက်မလိုက်မိစေရန် အစွမ်းကုန် ကြိုးပမ်းတတ်လေသည်။ လုမင်ယွိသည် ယခင်ဘဝက ယုံကျားဧကရာဇ်၏ မျက်နှာသာပေးခြင်းကို များစွာရရှိခဲ့ပြီး ဒီယောက္ခမအပေါ်တွင်လည်း အလွန်ရိုသေလေးစားကာ ချစ်ခင်ရင်းနှီးခဲ့သည်။

လုမင်ယွိသည် ယုံးကျားဧကရာဇ်၏ သဘောသဘာဝကို ရှင်းရှင်းလင်းလင်း သိရှိနားလည်သောကြောင့်ပင်။ ယနေ့ လက်ဖက်ရည်ကမ်းသည့် အခမ်းအနားတွင် သူမ၏ ထက်မြက်မှုကို အနည်းငယ် ဖော်ထုတ်ပြသခဲ့ခြင်းပင်။

အကယ်၍ ယုံးကျားဧကရာဇ်ကသာ သဘောထားသေးသိမ်ပြီး အမြင်ကျဥ်းမြောင်းသူဖြစ်ခဲ့လျှင် ချွေးမတော်၏ ရိုသေမှုမရှိသည့်အပေါ် အမျက်တော်ထွက်မည်မှာ မလွဲရှောင်သာပေ။ ယုံကျားဧကရာဇ်သည် သူ့စိတ်ခံစားချက်ကို မြန်မြန် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လူအများ၏ရှေ့တွင်ပင် ဒီစကားကို ပြောကြားလာခြင်းက သူ့ရင်ခွင်သည် မည်မျှကျယ်ပြန့်ကြောင်း ထင်ရှားစေလေသည်။

ယုံးကျားဧကရာဇ်၏ တစ်ခုတည်းသော အားနည်းချက်မှာ အတွင်းရေးကိစ္စများနှင့် ပတ်သက်လာလျှင် တွေဝေတတ်ပြီး ဘက်လိုက်မှုရှိကာ ခင်ပွန်းကောင်းတစ်ယောက် မဟုတ်ခြင်းပင် ဖြစ်လေသည်။

လုမင်ယွိသည် မျက်လုံးများကိုပင့်ကာ ယုံးကျားဧကရာဇ်ကို လှမ်းကြည့်လိုက်လေသည်။ "ဖုဟွမ် မိန့်ကြားတဲ့စကားတွေကို အာ့ရှီ အားလုံး မှတ်သားထားပါတယ်"

...

All Chapters